Chapter 122
သူက မြို့တော်သို့ မရောက်မီက ကျန်းကျန့်မှာ ကျန့်ရီလက်အောက်ရှိ တစ်ဦးတည်းသော မန်နေဂျာဖြစ်သည်။သူ့အဆင့်အတန်းက ဤလုပ်သက်ကြာသည့် အမှုထမ်းထက် ပိုမကောင်းသော်ငြား အိမ်တော်ထိန်းကြီးက သူ့အား"သခင်ကြီး"ဟုခေါ်လာသည်။
“ခဏလောက်ပါ.."ကျန်းကျန့်က အိမ်တော်ထိန်းအား ပြုံးပြလိုက်ပြီး ဖုန်ချန့်လင်အားကြည့်ကာ သူ့ပါးအား လက်နှင့်ပုတ်လိုက်၏။
ဖုန်ချန့်လင်ရှေ့တွင် ကျန်းကျန့်မျက်နှာအေးစက်သွားပြီး သူ့အသံက ပို၍ပင်အေးစက်သွားသည်။
"မင်းထပ်ပြီး ပေါက်ကရလျှောက်ပြောနေအုံးမယ်ဆိုရင် မင်းကိုဘယ်လိုလုပ်မလဲ ကြည့်နေလိုက်"
ကျန်းကျန့်၏ခွန်အားနှင့် အိမ်တော်ထိန်းက"သခင်ကြီး"ဟုခေါ်လိုက်ခြင်းက ဖုန်ချန့်လင်အား မလှုပ်ရဲစေကာ သူ့တစ်ကိုယ်လုံး တောင့်သွားရသည်။
“အို့..."
ကျန်းကျန့်က ခပ်တိုးတိုးရယ်လိုက်ပြီး ဖုန်ချန့်လင်အား လွှတ်ပေးလိုက်ကာ ကျောက်ကျင်းကောကိုဆွဲရင်း အိမ်တော်ထိန်းနောက်လိုက်သွားလိုက်သည်။မကြာမီ ကျန့်မိသားစုအိမ်တော်မှ နောက်တစ်ယောက်ထွက်လာကာ အပြင်ဘက်ရှိကုန်သည်များအား ရထားလုံးများနေရာချရန်ကူပေးလိုက်ပြီး ကုန်သည်များအား အထဲခေါ်သွားလိုက်သည်။
ကုန်သည်အများအပြား ဝင်သွားကြသော်ငြား ဖုန်ကျင်းယွမ်၊ဖုန်ချန့်လင်နှင့် ရှန်းအန်ရှင်းတို့က ထိုနေရာတွင် နေခဲ့ကြသည်။
ရှန်းအန်ရှင်းက အံ့သြသွားသော်ငြား ဖုန်ချန့်လင်မျက်နှာက မည်းမှောင်နေပြီဖြစ်သည်။
ဖုန်ကျင်းယွမ်က ဤတစ်ကြိမ် သူ့သားအားရိုက်ပစ်ချင်သော်လည်း သူ့သားက မျက်နှာပျက်ထားပြီးဖြစ်၍ ပိုပြီးအရှက်ရဖွယ်များလုပ်ရန်က သူတို့အတွက် မကောင်းလှပေ။
သူက သူ့သားအား စူးစိုက်ကြည့်ရင်း သူ့သား၏အဝတ်ပြဲများအား ကြည့်လိုက်သည်။ဖုန်ကျင်းယွမ်က အံတင်းတင်းကြိတ်ရင်း ဆိုသည်:
"မင်းအဲ့ဒီမှာ ရပ်ပြီးဘာလုပ်နေတာလဲ..အိမ်အမြန်ပြန်လေ"
သူက သူ့သားအား အထဲခေါ်ကာ အခြားသူများနှင့်မိတ်ဆက်ပေးချင်သော်ငြား ယခု မဖြစ်နိုင်တော့။
ဤသို့စဥ်းစားနေရင်း ဖုန်ကျင်းယွမ်က ရှန်အန်ရှင်းအား စိုက်ကြည့်ပြီး အပြုံးမဲ့စွာဆို၏။
"သခင်လေးရှန်းက တကယ်ကို ဖမ်းထားနိုင်တာပဲ..."
ထိုလူ ကျန်းကျန့်က မမျှော်လင့်ထားစွာ ကျန့်မိသားစုနှင့်သိလေ၏။ရှန်းအန်ရှင်းက အထောက်အပံ့တစ်ခု ရှာထားတာလား။
ထိုအချိန် ရှန်းအန်ရှင်းသည်လည်း ရောနေ၏။သူ့တွင် ယခင်က ကျန်းကျန့်အပေါ် ထင်မြင်ချက်ကောင်းကောင်းရှိသော်ငြား ကျန်းကျန့်၏နောက်ခံက နည်းနည်းနိမ့်သည်ဟု တွေးမိသည်။သို့သော် ယခု...ကျန်းကျန့်၏ဇာတ်မြစ်က ဘာများလဲ။
ရှန်းအန်ရှင်းက သူ၏ဦးလေးကျင်းလာနေသည်အား မြင်သော် မည်သို့လုပ်ရမည်မသိဖြစ်သွားသည်။
သူက စိတ်ထိန်းလိုက်ရင်း ဦးလေးကျင်းနောက်လိုက်သွားကာ ကျန့်မိသားစုအိမ်တော်သို့ ဝင်လိုက်သည်။
ထိုအချိန် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က ကျန့်ရီနှင့်ဆုံပြီးနေ၏။
“မနေ့က..ငါမင်းကို ပွဲတက်တဲ့အခါ အလေးပေးဖို့လိုတဲ့အရာကို ပြောဖို့မေ့သွားတာ...အဝတ်ကောင်းကောင်းလေးဝတ်လာဖို့ မင်းကိုမပြောလိုက်ရဘူး..ငါ့ရဲ့ပေါ့ဆမှုကြောင့်ပါ"
ကျန်းကျန့်အား တွေ့သည်နှင့် ကျန့်ရီက အပြုံးလေးနှင့်ဆိုလာ၏။သူ့စိတ်က အလွန်ကောင်းမွန်နေ၏။
ကျန်းကျန့်က ကျန့်ရီအား ထူးဆန်းသည့်နှယ် ကြည့်လိုက်သည်။
ကျန့်ရီက ချောင်းဖွဖွဆိုးရင်း အပြုံးလေးနှင့်ဆိုလာ၏:"ကတ်တွေကို တင်ပြလိုက်တော့လေ..သူတို့အရမ်း သဘောကျနေကြတယ်"
ဤတစ်ခေါက် ကျန့်ရီ မြို့တော်ကိုသွားချိန် ဧကရီမယ်တော်ကြီးဆီက မျက်နှာသာရရန်အတွက် ကတ်တွေကို အသုံးပြုချင်ခဲ့သည်။သို့ပေမဲ့ အလုပ်ဖြစ်ပါ့မလားဆိုသည်က သူသေချာမသိပါချေ။
ဧကရီမယ်တော်ကြီး သဘောမကျပါက သူကြိုတင်ပြင်ဆင်ထားသည့် ကတ်တွေအားလုံးက အသုံးမဝင်ပါချေ။
ထို့ကြောင့် ကျန့်ရီ ယခင်က ဖိအားများစွာ ခံစားနေခဲ့ရသည်။သို့ပေမဲ့ ယခုအချိန်မှာ အရာအားလုံးက ပြီးသွားပြီဖြစ်၏။
ကျန့်ရီမြို့တော်ထဲဝင်ပြီးသည်နှင့် ကတ်တွေအကြောင်း သခင်ကျန့်ကို ပြောပြခဲ့ပေမဲ့ ပထမရက်အနည်းငယ်မှာ သခင်ကျန့်အနေဖြင့် ၎င်းကို ပြရန် အခွင့်အရေးမရှိခဲ့ပါချေ။လွန်ခဲ့သော ရက်အနည်းငယ်က ဧကရီမယ်တော်ကြီးက လုပ်ငန်းကိစ္စရပ်အချို့ကို ဆွေးနွေးရန်ဆိုသောအခါမှ ယန့်ကျီမြစ်တောင်ဘက်မှ အလွန်စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ရခဲ့ကြောင်း ပြောပြနိုင်ခဲ့သည်။
ထိုအချိန်တွင် ဧကရီမယ်တော်ကြီးက ဘာမှပြန်မပြောပေ။သခင်မကျန့်ကိုရှာဖို့ လူတွေကို စေလွှတ်ပြီး မင်းသမီးဇီယီ အခုတလော ပျင်းနေသဖြင့် နန်းတော်ထဲကို ရယ်ရွှင်စရာအချို့ ယူလာပေး၍ သူမကို အဖော်ပြုပေးရန်ပြောကာ နန်းတော်ထဲသို့ဖိတ်ခေါ်ခဲ့သည်။
ယခင်ဧကရာဇ်၏ညီမတော် မင်းသမီးဇီယီက ယခင်ဧကရာဇ်နှင့် သူမကြား အသက်ကွာခြားမှုကြောင့် ဧကရာဇ်နှင့် ဧကရီမယ်တော်ကြီးတို့လက်ထဲမှာ ကြီးပြင်းလာခဲ့သည်။ယခုအခါတွင် ခင်ပွန်းသည်ကို ရွေးချယ်ရန် အရွယ်ရောက်နေပြီ ဖြစ်သောကြောင့် ခင်ပွန်းတစ်ယောက်ကို စတင်ရွေးချယ်ရန် လိုအပ်နေပြီ ဖြစ်ပြီး ယင်းက သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
ဧကရီမယ်တော်ကြီးက သူမကို နားလည်နိုင်သည့်အတွက် သူမ ကစားရရန် လူတွေကို စိတ်ဝင်စားစရာ တစ်ခုခု လုပ်ခိုင်းလိုက်သည်။ နန်းတော်ထဲဝင်ပြီးနောက် ကျန့်မိသားစုမှ ဒုတိယသခင်မက မင်းသမီးဇီယီနှင့်အတူ ဖဲရိုက်သည်။
နန်းတော်တွင် မင်းသမီးဇီယီအနေဖြင့် အရာများစွာဖြင့် ကစားနိုင်သော်လည်း သစ်သားတုံးများ နှင့် အရုပ်များကို သူ ငြီးငွေ့နေသည်။
ဤမင်းသမီးဇီယီက အရည်အချင်းမပြည့်မီပေ။ သူမကချိတ်ကိုးကွင်းနှင့် ကစားရန် နေနေသာသာ၊ စာအုပ်ဖတ်ရသည်ကိုပင် မကြိုက်။ အရင်တုန်းက ငြီးငွေ့လာသည့်အခါ အချုပ်အလုပ်သာ လုပ်နိုင်ခဲ့ပေမဲ့ ယခု. . .
မော်ဒန်ခေတ်လူများသည် ကမ္ဘာအကြောင်းလေ့လာရန် မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာများ ရှိကြသော်လည်း သူများတွေနှင့် ဖဲကစားရန် လူအများအပြားက ၎င်းကို အသုံးပြုနေကြဆဲဖြစ်သည်။ယင်းက ဖဲချပ်များ၏ဆွဲဆောင်မှုကိုပြသနေ၏။ဤခေတ်လူများဆိုလျှင် ပို၍သာကဲပေလိမ့်မည်။
ဤခေတ်တွင် မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပြူတာများကို မဆိုနှင့်၊ အပြန်ပြန်အလှန်လှန် ကစားရသည့်အရာဆိုသည့်တိုင် ဖျော်ဖြေရေး နည်းပါးလွန်းလှသည်. . .
အံ့ဩစရာမရှိပါဘဲ မင်းသမီးဇီယီက ဖဲချပ်များကို စွဲစွဲမြဲမြဲ စွဲလန်းသွားခဲ့သည်။ထိုနေ့က သူမ ထမင်းပင်မစားချင်ပေ။
ဧကရီမယ်တော်ကြီးက သူမ အလွန်စိတ်ပါဝင်စားကြောင်း ကြားသိရသောအခါ သူကိုယ်တိုင်လာရှုစားခဲ့သည်။ ထို့နောက်တွင်စိတ်ဝင်စားစရာကောင်းသော ကစားနည်းများနှင့်အတူ ဇီးသစ်ခွများ၊ ဝါးများ၊ ဂန္ဓမာများနှင့် စီခြယ်ထားသော လက်ရာမြောက်သော ကတ်ပြားများကို သူ မြင်တွေ့ခဲ့ရသည်။
ကျန်းကျန့်က ဖဲကစားနည်းများစွာကို ပံ့ပိုးပေးခဲ့ပြီး ကျန့်ရီက ၎င်းတို့အား လုံလောက်သော နာမည်ကောင်းပေးခဲ့သည်။
ဥပမာအားဖြင့်၊ မြေရှင်ကိုတိုက်ခိုက်ခြင်းကစားနည်းတွင် သူသည် ရည်ညွှန်းချက်များစွာကို စစ်ဆေးပြီး နောက်ဆုံးတွင် စာပေအမည်ကို ထည့်သွင်းခဲ့သည်။
ဧကရီမယ်တော်ကြီနှင့် မင်းသမီးဇီယီတို့၏ ပထမဆုံးသော အရာမှာ မြေရှင်ကိုတိုက်ခိုက်ခြင်းကစားနည်းဖြစ်ပြီး သူတို့ နှစ်ဦးစလုံး ပျော်ရွှင်စွာ ကစားခဲ့ကြသည်။သူတို့ အလွန်ပျော်နေကြသဖြင့်သခင်မကျန့်မနေ့ညက နန်းတော်မှ မထွက်ခွာနိုင်ခဲ့ဘဲ သူမသည် နန်းတော်ထဲတွင် တစ်ညလုံးနေခဲ့ရသည်။
သခင်မကျန့်တစ်ယောက် ဤမနက်မှာ ပြန်လာပြီး သူမပြန်ရောက်သည်နှင့် ဧကရီမယ်တော်ကြီးက ကတ်တွေကို အလွန်နှစ်သက်ပြီး သူတို့ကိုလုပ်သည့်လူတွေ၏ ဉာဏ်ပညာကို ချီးကျူးကြောင်း သခင်ကျန့်နှင်ကျန့်ရီကို အသိပေးခဲ့သည်။
ဤကတ်က ဧကရီမယ်တော်ကြီးဆီက သံသယဖြစ်ဖွယ်မရှိအောင် နှစ်သက်ခံခဲ့ရသည်။ ဤနည်းဖြင့် ကျန့်ရီ ယခုအချိန်တွင် သဘာဝအတိုင်း စိတ်ကောင်းဝင်နေသည်။
ထို့ကြောင့် သူ့လူတွေကို အပြင်မှာ စောင့်နေခိုင်းပြီး ကျန်းကျန့်ကို ကြိုတင်သတိထားချက်တချို့ ရှင်းပြရန် လာခိုင်းခဲ့သည်။ ကျန်းကျန့်နှင့် ကျောက်ကျင်းကောအတွက် အဝတ်အစားတွေ ပြင်ဆင်သည်ကမူ မနေ့ကတည်းက သူ မှာထားပြီးဖြစ်သည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကောအတွက် အဝတ်အစားများကို အစေခံမှ လျင်မြန်စွာ ပေးအပ်ခဲ့သည်။တောက်တောက်ပြောင်ပြောင်ကြီးမဟုတ်ပေမဲ့ အထည်က အလွန်ကောင်းပြီး ဝတ်၍ကောင်းသည်။
ကျန်းကျန့် နှင့် ကျောက်ကျင်းကော သူတို့၏အဝတ်အစားများကိုပြောင်းပြီးနောက် ကျန့်ရီ အရာအချို့ကို ရှင်းပြခဲ့သည်။
ဤအကြိမ်ဖိတ်ကြားခံရသူအားလုံးသည် ကုန်သည်များဖြစ်သောကြောင့် သတိထားစရာအချက်များစွာမရှိပေ။
ထို့ကြောင့် ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ တစ်ခုပြီးတစ်ခု မှတ်သားပြီးနောက်တွင် ကုန်သည်များ ဤနေရာကို ရောက်နေပြီဖြစ်ကြောင်း တစ်စုံတစ်ဦးမှ အသိပေးလာခဲ့သည်။
"သွားရအောင်"
ကျန့်ရီက ကျန်းကျန့်ကို ထိုကုန်သည်များရှိရာ ခြံဝင်းဆီသို့ ဦးတည်ခေါ် သွားခဲ့သည်။
ထိုကုန်သည်များအားလုံးက ကျန်းကျန့်ကို မသိကြသော်လည်း အများစုမှာ ကျန့်ရီကို သိကြသည်။
လွန်ခဲ့သောနှစ်များစွာက ကျန့်မိသားစုသည် မြို့တော်နှင့် ဟယ်ချောင်စီရင်စုတို့တွင် စီးပွားရေးလုပ်ခဲ့သည်။ကျန့်မိသားစု၏ ဒုတိယသခင်ဖြစ်သူ တော်ဝင်စာမေးပွဲဖြေဆိုပြီး ရုံတော်ထဲသို့ ဝင်ခွင့်ခံယူပြီးနောက် သူတို့ ကြီးပွားချမ်းသာလာပြီး သူတို့၏လုပ်ငန်းသည် ပိုမိုကြီးမားလာခဲ့သည်. . .
ကျန့်ရီကိုတွေ့သောအခါ တစ်ယောက်ပြီး တစ်ယောက် စကားပြောရန် ထွက်လာကြပြီး ကျန့်ရီ အနားမှာရှိနေသည့် ကျန်းကျန့်ကလည်း မျက်စိဖမ်းစားခံလိုက်ရသည်။
ဤကျန်းကျန့် နှင့် ကျန့်ရီက အလွန်ရင်းနီးနေပုံရသည်၊ဖြစ်နိုင်သည်က . . . သူက ယန့်ကျီမြစ်တောင်ဘက်က ကုန်သည်ကြီးတစ်ဦးပေလော။
ယခုတစ်ကြိမ်တွင် နန်းတွင်းရေးရာ ဝန်ကြီးဌာနက (ရှေ့မှာအိမ်ထောင်စုထိန်းသိမ်းဌာန လို့ရေးထားမိပါတယ် 😁)တော်ဝင်ကုန်သည်တစ်ဦးကို ရှာဖွေနေသော်လည်း ရာထူးအရေအတွက်မှာ မများပြားလှပေ။ ရုတ်တရက် ပြိုင်ဖက်အသစ်တစ်ယောက် ထွက်ပေါ်လာသည်. . .
ဤလူများသည် အနည်းငယ်စိုးရိမ်နေကြသော်လည်း ကျန်းကျန့်ကိုမျက်နှာချင်းဆိုင်လိုက်သောအခါ အားလုံးက ပြုံးပြကြသည်။
ဖုန်ကျင်းယွမ်အတွက်လည်း ထိုသို့ပါပင်။ သူ့စိတ်ထဲမှာ ခံစားချက်တွေ ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ၊ ဤအချိန်မှာ သူ ပြုံးနေ၏။
ကျန်းကျန့်က သူ့မျက်နှာပေါ်တွင် အမြဲလိုလို အပြုံးမပျက် ရှိနေသည်။ သူက ရှိနေသူများကို ပြုံးပြပြီး မန်ဒရင်းလို ချောချောမောမော ပြောတတ်သည့် လူတွေကို စကားပြော၏။
သူဝတ်စားဆင်ယင်ပုံက ထိုပိုးမွေးသလိုအမွေးခံထားရသူများနှင့် မတူဘူးဆိုသည်ကို သတိပြုမိရန်က လွယ်ကူ၏။ သူ့မှာ ထူးခြားသည့် ဟန်ပန်အမူအရာရှိသည်ကို တွေ့လိုက်ရသောအခါ လူတွေက သူ့ဇာစ်မြစ်ကို စပြီး မှန်းဆကြသည်။
သူ့အသားအရည်က ကြည့်လိုက်ရုံနှင့် ရာသီဥတုဒဏ်ကို ခံထားရပုံရသည်. . . ယန့်ကျီမြစ်၏တောင်ဘက်တွင် ပင်လယ်ကုန်သည် အများအပြားသည် စီးပွားရေးလုပ်ရန် ထွက်သွားကြသည်။ သူတို့အားလုံး ရာသီဥတုဒဏ်ခံကြရသည်။
ဒီလူ . . . သူက ပင်လယ်ကုန်သည်လား။
လူတိုင်းသည် ကျန်းကျန့်အကြောင်း အမျိုးမျိုးသော ထင်ကြေးများ ပေးရင်း တစ်ယောက်ပြီး တစ်ယောက် ပြောဆိုနေကြသည်။ ထိုလူများနှင့် ဆက်သွယ်ပြောဆိုနေစဉ် ကျန်းကျန့်က ကျောက်ကျင်းကောကို သေချာ အာရုံစိုက်နေသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူ လိုက်လျောညီထွေ မဖြစ်နိုင်ပေ။ကျောက်ကျင်းကော ၎င်းကို မကိုင်တွယ်နိုင်မှာကို သူ စိုးရိမ်နေမိသည်။
ကျောက်ကျင်းကော ၎င်းကိုတကယ်လည်း မကိုင်တွယ်နိုင်ခဲ့ပါချေ။သူသည်ကိုရောက်ပြီးနောက်မှာ လမ်းပျောက် သွားသလို ခံစားခဲ့ရပြီး သူ့လက်တွေ၊ ခြေတွေကို ဘယ်မှာထားရမှန်းမသိတော့ပေ။
ကျန်းကျန့် မျက်နှာပျက်သွားအောင် လုပ်၍မဖြစ်ဟုတွေးကာ တည့်တည့်မတ်တပ်ရပ်လိုက်ပြီး ရင်ဘတ်ကိုကော့ပြီး ဗိုက်ကိုချပ်ထားလိုက်သည်။
ကျန်းကျန့်က သူ့ကို စစ်တပ်ပုံစံ မတ်တပ်ရပ်နိုင်အောင် လေ့ကျင့်ပေးခဲ့သည်ကိုကျေးဇူးတင်ရမည်ပင်။သူ ရပ်ထားသည်ကမတ်လွန်းသည့်အတွက် ဘယ်သူမှ သူ့ကိ မနှိမ့်ချဝံ့ပါချေ။
ကျန်းကျန့် ရုတ်တရက် စိတ်အေး သက်သာရှိသွားသည်။
သို့သော် ကျန့်ရီက ကျောက်ကျင်းကောကို အံ့သြစွာ ကြည့်လိုက်သည်။ကျန်းကျန့်ကဲ့သို့ပင် ကျောက်ကျင်းကောက အနည်းငယ် ကွဲပြားသည်။ သူတို့ သည်နေရာကို ရောက်သည့်အခါ ကျောက်ကျင်းကော မျက်နှာပျက်သွားမှာကိုလည်း သူ စိုးရိမ်ခဲ့သည်။အစေခံတစ်ယောက်ကိုပင် သူ့ကိုစောင့်ကြည့်ရန် ပြောခဲ့ပေမဲ့ ဖြစ်ပျက်ခဲ့သည်က . . . ကျောက်ကျင်းကောက အလွန်ကောင်းမွန်စွာပြုမူခဲ့သည်။
ကျန့်ရီသည် ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ သူ၏အကူအညီကို မလိုအပ်ကြောင်း သိရှိပြီးနောက်တွင် သူသည် စိတ်အေးသာသာနှင့် ကိုယ့်အလုပ်ကိုယ် ဆက်လက်လုပ်ဆောင်ခဲ့သည်။
အခြားတစ်ဖက်တွင် ကျန်းကျန့် လူများနှင့်စကားပြောပြီးနောက် ကျောက်ကျင်းကောကို ထောင့်သို့ခေါ်သွားခဲ့သည်။ သူက တော်ဝင်ကုန်သည်ရာထူးအတွက် တိုက်ပွဲဝင်ရန် မရည်ရွယ်ထားပေ။အဘယ်ကြောင့် ဤလူများနှင့် ပေါင်းသင်းဆက်ဆံပြီး တစ်ချိန်လုံး အနှောက်အယှက်အဖြစ်ခံရမည်နည်း။
သူ ကျောက်ကျင်းကောကို သစ်သီးစားရန် အနီးနားက မဏ္ဍပ်ကို ခေါ်သွားန၍လည်းရသည်။
ဟယ့်ရှီက ယန့်ကျီမြစ်၏တောင်ဘက်တွင်တည်ရှိပြီး မြင်နိုင်သောအသီးများမှာ များစွာရှိသည်—မက်မွန်သီး၊တရုတ်ဇီးသီး၊ ဂျပန်ဇီးသီး၊တည်သီးစသဖြင့်။ ရွာက အသီးအနှံတွေလည်းရှိပေမဲ့ ကျောက်ကျင်းကော တစ်ခါမှမမြင်ဖူးသည့် မြောက်ပိုင်းအသီးအနှံတွေလည်း ရှိပါသေးသည်။
လိမ္မော်သီးနှင့် ပန်းသီးတွေကိုပင် သူ တစ်ခါမှ မမြင်ဖူးပေ. . .အမှန်တွင် ဟယ်ချောင်စီရင်စုမှာ သူတို့ကိုဘယ်သူမှမစိုက်ပျိုးကြချေ။
ကျန်းကျန့် သူ့ကို မဏ္ဍပ်ထဲ ခေါ်သွားပြီးနောက် စားပွဲပေါ်ရှိ သစ်သီးမျိုးစုံကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"စားကြည့်"
ကျန်းကျန့် လိမ္မော်သီးတစ်လုံးယူကာ သူ့အတွက် အခွံနွှာလိုက်သည်။
"ဒါက စားလို့ရလား"
ကျောက်ကျင်းကော အနည်းငယ်စိုးရိမ်သွားသည်။
"လူတွေစားဖို့ ဒီမှာထည့်ထားတာ မဟုတ်ဘူးလား"
ကျန်းကျန့်က ပြုံးပြီးပြောသည်။
ကျန်းကျန့် ပြောသည်ကိုကြားပြီးမှ ကျောက်ကျင်းကောက လိမ္မော်သီးကို စားလိုက်သည်။
လိမ္မော်သီးက အနည်းငယ်ချဉ်ပေမဲ့ သူ့လက်ရှိအကြိုက်နှင့် ကိုက်ညီ၏. . .
ကျောက်ကျင်းကော၏ မျက်လုံးများ တောက်ပလာသည်။
"သခင်ကျန်း"
ထိုအချိန်တွင် ရှန်းအန်ရှင်းလည်း ရောက်လာသည်။ သူက ကျန်းကျန့်ကို ပြုံးပြပြီး သူ့ကို ကျေးဇူးတင်စကားဆိုပါတော့၏။
"သခင်ကျန်း ကျေးဇူးတင်ပါတယ်...ခင်ဗျားကြာင့်သာ မဟုတ်ရင်ကျွန်တော့်ရဲ့ဂုဏ်သိက္ခာ...."
ဖုန်ချန့်လင်က ၎င်းကို လူသိရှင်ကြားပြောခဲ့သည်။ကျန်းကျန့် အပေါ်မှာ သက်ရောက်မှု အနည်းငယ်ရှိပေမဲ့ ကြီးကြီးမားမား မဟုတ်ပါချေ။သို့ပေမဲ့ ယင်းက သူ့ကို အနာဂတ်မှာ လူတွေကို မျက်နှာချင်းမဆိုင်နိုင်အောင်ဖြစ်စေမှာသေချာသည်။
"ရပါတယ်...သူကလည်း ငါ့ကို အဲ့အကြောင်းပြောနေတာပဲ"
ကျန်းကျန့်က ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်ဖို့ လိုနေသေးပါတယ်ဗျာ...သခင်ကျန်းကြောင့် မဟုတ်ရင်ကျွန်တော် ဒုက္ခအကြီးအကျယ်ရောက်မှာ"
ရှန်းအန်ရှင်းက ထပ်ပြောလိုက်သည်။
ကျန်းကျန့်ကို စိုက်ကြည့်နေသော သူ့အကြည့်က ကျန်းကျန့်အပေါ် ပို၍ပင် ချစ်ခင်မှုဒီဂရီတိုးလာခဲ့သည်။
ကျောက်ကျင်းကော ရှန်းအန်ရှင်း၏ အပြုအမူကို ကြည့်ပြီး သူ့ပါးစပ်ထဲမှ လိမ္မော်သီးများသည် ချဉ်လွန်းပြီး အရသာလုံးဝမရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ ထိတ်လန့်တုန်လှုပ်သွားသည်ကိုလည်း ခံစားလိုက်ရသည်။
ရှန်းအန်ရှင်းက သူ့ထက်သာလွန်သည်။ ဟယ်ချိုးရှန့် နှင့် နှိုင်းယှဉ်ပါက သူက အနည်းဆုံး အလုပ်နှင့် ၀င်ငွေရှိပြီး လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့နှင့် နှိုင်းစာလျှင် သူ၏ ဂုဏ်သတင်းမှာ သန့်ရှင်းသည်။ ဒါပေမဲ့ ရှန်းအန်ရှင်း ကကော. . .ရှန်းအန်ရှင်းက ချမ်းသာသည်၊ ပညာတတ်ပြီး သူ့ထက် ရုပ်ရည်ပိုကြည့်ကောင်းသည်. . .
"လူမြင်ကွင်းမှာ သူဘာမှ မလုပ်နိုင်ပါဘူး"
ကျန်းကျန့်က ပြောလိုက်သည်။
"ဒါပေမဲ့ အဲဒါက ကျွန်တော့်ကို ကြည့်ရဆိုးစေဦးမှာပဲလေ"
ရှန်းအန်ရှင်းက ကျန်းကျန့်ကိုကြည့်ပြီး ခေါင်းငုံ့လိုက်ကာ မျက်နှာမှာ နီရဲနေလေသည်။
"မင်း ယောက်ျားဖြစ်ချင်ရင် အရမ်းကြီး မရှက်နဲ့"
ရှန်းအန်ရှင်း၏ အနှီပုံစံကို မြင်ပြီးနောက် ကျန်းကျန့်က သူ့ကို သတိပေးလိုက်သည်။
ရှန်းအန်ရှင်းအသွင်အပြင်က အမျိုးသမီးမဆန်သော်လည်း သူ၏ကိုယ်ရည်ကိုယ်သွေးမှာ အနည်းငယ် ကပ်တပ်တပ်နိုင်သည်။ အဆုံးတွင် သူသည် ကျောက်ကျင်းကော နှင့် ကွဲပြားခြားနား သည်။
ကျောက်ကျင်းကော စေ့စပ်ပွဲ ပျက်သွားသောအခါတွင် သူသည် ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်သာရှိသေးပြီး လက်ရှိလောက် အရပ်မရှည်ပေ။ကျောက်ဖုကွေ့က သူ့ကို တစ်စုံတစ်ယောက်အတွက် အလုပ်လုပ်ဖို့ ခေါ်သွားသည့်အခါ စပါးပျိုးခင်းမှာ ပျိုးစိုက်ရန် သူ့ဘောင်းဘီရှည်နှင့် အဝတ်အစားတွေကို ဆွဲတင်ရန် သူ မတွန့်ဆုတ်ခဲ့ပါချေ. . .
ထိုအချိန်တွင် ရွာတွင် သူ့ကို စနောက်ကျသော အလုပ်မရှိအကိုင်မရှိယောကျာ်းသားများနှင့် သူ့ခန္ဓာကိုယ်ကို အခြားသူများအား ပြသလျှင် လက်ထပ်ရန် မဖြစ်နိုင်ကြောင်းသူ့ကိုပြောကြသည့် အသက်အရွယ်တူ ယောက်ျားလေးများ ရှိသည်။ ဒါပေမဲ့ သူ ခါတိုင်းလိုပဲ အလုပ်လုပ်တုန်းမဟုတ်ဘူးလား...
ကျောက်ကျင်းကော သူလက်ထပ်သင့်သည်ဟု အမြဲတွေးပြီး သူဒုက္ခရောက်နေချိန်မှာ ထိုထဲမှာပဲပိတ်မိနေတတ်သည်။ဒီရှန်းအန်ရှင်း ...သူက နည်းနည်းတော့ ပိုကြမ်း(သန်မာ)တယ် မဟုတ်ဘူးလား... တစ်ယောက်ယောက်က သူ့ကိုတစ်ခုခုအော်ရင် သူက ပြန်မအော်နိုင်ဘူးလား...
သူက အလွန်အားနည်းပြီး သူ့ကိုယ်သူ စိတ်မကောင်းဖြစ်ရန်ပဲ စိတ်အားထက်သန်နေတတ်သော်လည်း သူ့ဂုဏ်သတင်းအတွက် စိုးရိမ်နေဆဲဖြစ်သည်. . . ဖုန်မိသားစုက သူ့ကို အလေးအနက်မထားဘဲ သူ့မိသားစုကံကြမ္မာကို မက်မောခဲ့သည်က အံ့သြစရာ မဟုတ်ပါချေ။အမှန်တွင် သူသာ ပိုပြီး ပွင့်လင်းမြင်သာလျင် ကောတစ်ယောက်မဆိုနှင့်၊ မိန်းမဖြစ်လျှင်ပင် ဘယ်သူကမှ သူ့ကို အနိုင်ကျင့်ဝံ့မှာ မဟုတ်ပါချေ။