အပိုင်း၁၂၄
Viewers 33k

Chapter 124

Chapter 124

ထွက်ခွာရန် အဆင်သင့်ဖြစ်ခြင်း



သူက ဤငွေကို ယန့်ကျီမြစ်တောင်ဘက်မှာ ရောင်းရအောင် ကုန်ပစ္စည်းတွေဝယ်ဖို့ လုပ်နေ၏။ သို့သော် ယန့်ကျီမြစ်၏တောင်ဘက်သို့ မည်ကဲ့သို့ ကုန်စည်မျိုးများ ယူဆောင်သွားရမည်ဟု မတွေးခဲ့မိပေ။ သို့သော် ယခု ဤအရာများကို မြင်လိုက်ရသောအခါ အတွေးတစ်ခု ဝင်လာခဲ့သည်။ အရင်က သူတွေးခဲ့သည့် ဤသားမွေးတွေအပြင် ဆေးဖက်ဝင်အပင်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနှင့် လက်ဝတ်ရတနာတချို့ကိုလည်း ဝယ်သွား၍ရသည်။ဤအရာများသည် ဈေးကြီးပြီး ငွေတစ်သိန်းနှင့်ပင် များစွာမဝယ်နိုင်ပေ။ဤပစ္စည်းတွေကို ယန့်ကျီမြစ်တောင်ဘက်မှာ ဈေးကြီးကြီးနှင့် ရောင်းနိုင်၏။ ပြန်ရောင်းသည့်အခါကျိန်းသေပေါက် ပိုက်ဆံအများကြီးရနိုင်မည်ပင်။


ကျန်းကျန့် ဘာဝယ်ရမည်ဆိုသည်ကို တွေးပြီးသည့် နောက်မှာ သူက အိမ်တော် ဘဏ္ဍာတိုက်ကို သွားပြီးတော့ သူ့ပိုင်ဆိုင်မှုတွေကို တွက်ချက်၏။၎င်းကို တွေးပြီးသည်နှင့် သူ့လက်အောက်ငယ်သားအားလုံးကို ရိုးရိုးရှင်းရှင်းပဲခေါ်ပြီး သူတို့၏ ငွေသားဆုလာဘ်တွေကို ပေးခဲ့သည်။


ယခင်က သူ ထိုပင်လယ်ဓားပြများ၏ အသိုက်တွင် တိုက်ခိုက်သောအခါ သူနှင့်အတူ လိုက်ပါလာသူ တစ်ဦးစီအား ငွေငါးဆယ်စီ ပေးခဲ့သည်။သို့ပေမဲ့ ဒဏ်ရာရသူတွေက သူနှင့်အတူမလိုက်နိုင်ခဲ့သောကြောင့် သူလက်ထဲမှာ ငွေရှိသူတွေမှလွဲ၍ကျန်သူတွေကို ဒဏ်ရာရသူတွေကို ကျန့်ရီ ပေးခဲ့သည့် ငွေအနည်းငယ်ကို ထပ်ဖြည့်ပေးခဲ့သည်။ထို့ကြောင့် ဤတစ်ခါ ကျန်းကျန့် သူတို့ကို သူတို့၏ လစာနှင့် ဆုကြေးငွေ၏ တစ်စိတ်တစ်ပိုင်းပေးလိုက်သည်။


"မနက်ဖြန်...မင်းတို့ မြို့တော်မှာ ဈေးဝယ်ထွက်ပြီး အိမ်ပြန်ဖို့ တစ်ခုခုဝယ်လို့ရတယ်...ဒါပေမဲ့ မင်းတို့ သတိထားရမယ့်အချက်တစ်ခုရှိတယ်... မင်းတို့ငါ့ကိုဒုက္ခမပေးသင့်ဘူး"

ကျန်းကျန့်ကပြောလိုက်သည်။


ကျန်းကျန့်၏ လက်အောက်ငယ်သားများ အားလုံး တုံ့ပြန်ခဲ့ကြသည်။ကျန်းကျန့်ကို မကျေမနပ်ဖြစ်ခဲ့သည့် လျူဟိုင်ထုန်ပင်အလွန်နာခံနေ၏။


အစပိုင်းတွင် သူကျန်းကျန့်ကို မကျေမနပ်ဖြစ်ခဲ့ပြီး သူ့ကို ရန်စရန် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။သို့ပေမဲ့ ကျန်းကျန့်က က ပိုပိုပြီး အင်အားကြီးလာပြီး သူတို့ကြားက ကွာဟချက်ကျယ်လာသောကြောင့် ပြဿနာရှာသည်ကို ရပ်လိုက်၏။ သူသည် ကျန်းကျန့် ၏လက်အောက်ငယ်သားလက္ခဏာနှင့်ပင် လျင်မြန်စွာလိုက်လျောညီထွေဖြစ်လာပြီး အခြားသူများကဲ့သို့ပင် လုံ့လစိုက်ထုတ်လုပ်ဆောင်ခဲ့သည်။


လျူဟိုင်ထုန်သည် ချောင်းထုန်ရွာတွင် လူမိုက်ဖြစ်ခဲ့ဖူးသော အချိန်တွင် ကောင်းမွန်သော ဘဝနေထိုင်ပြီး ငွေကြေးများစွာ ပိုင်ဆိုင်ခဲ့သည်။သို့ရာတွင် နောက်ဆုံးမှာ သူက ကျေးလက်ကနေပင် မထွက်ဖူးသည့် သာမန်လူတစ်ယောက်ဖြစ်၏။သို့ပေမဲ့ ယခုမူ. . . မြို့တော်ကို ရောက်ပြီး လမ်းမှာ ပင်လယ်ဓားပြတွေကိုပင် တိုက်ခိုက်ခဲ့၏။ သူ့ဘဝက အဓိပ္ပါယ်ရှိလာသည်ဟု ခံစားရသည်။


ကျန်းကျန့်၏ လုယက် ရိုက်နှက်ခြင်းကို ခံရပြီးနောက် လျူဟိုင်ထုန် သူ့ကံကြမ္မာအတွက် သူ့ကိုယ်သူ ကြိတ်မှိတ်လက်ခံထားခဲ့သည်။သို့သော် သုံးလကြာပြီးနောက်တွင် သူသည် သူ၏လက်ရှိဘဝကို ပိုမိုကျေနပ်လာကာ ကျန်းကျန့်လက်အောက်တွင် အသက်မွေးဝမ်းကြောင်းတစ်ခုပြုလုပ်ရန် စီစဉ်နေခဲ့သည်။


အမှန်တွင် ကျန်းကျန့်က လျူဟိုင်ထုန်ကို မကြိုက်ပေမဲ့ ဤလူက ယခု အလွန်နာခံနေသောကြောင့် သူ့ကို မဆုံးမချင်တော့သည်က သဘာဝအတိုင်းပါပင်။


ဤတစ်ကြိမ်မှာ ကျန်းကျန့်က ထိုလူတွေကို ငွေ ၅၀ လောက်ပေးခဲ့သည်။တစ်ချို့က ပိုရသည်၊ တချို့က နည်း၏။သို့ပေမဲ့ ဤငွေက ဤလူတွေ မြို့တော်မှာ ပစ္စည်းတွေအများကြီးဝယ်ပြီး ပြန်သယ်လာရန် လုံလောက်၏။


အလွန်အလုပ်များခဲ့ပြီး ညစာစားပြီးသည်နှင့် လုံးဝကို မှောင်နေလေပြီ။


ကျောက်ကျင်းကောပဲဖြစ်စေ၊ကျန်းကျန့်ပဲဖြစ်စေ သူတို့က နေ့တိုင်း တချိန်လုံး လက်ရေးလှဖတ်ပြီး လေ့ကျင့်ခဲ့ကြသည်။


ကျန်းကျန့် ယခုအခါ ရိုးရာအက္ခရာများဖြင့် စာအုပ်များကို ဖတ်နိုင်နေပြီဖြစ်သည်။သို့ပေမဲ့ ရေးသည့်အခါ၌ အမှားအယွင်းတွေ ရှိတတ်ပါသေးသည်။ကျောက်ကျင်းကောကမူ ရာနှင့်ချီသည့် အက္ခရာတွေကို သင်ယူထားပြီးပြီဖြစ်သည်။ဤအခိုက်အတန့်တွင် မှောင်နေသော်လည်း ကျန်းကျန့် စာအုပ်များကို ထုတ်ကာ ကျောက်ကျင်းကောကို အက္ခရာအနည်းငယ်ကို သင်ကြားပေးပြီး အတူတကွ လေ့ကျင့်ခဲ့သည်။


ကျောက်ကျင်းကော ကျန်းကျန့်ကိုကြည့်ကာ အနည်းငယ်စိတ်ပျက်သွားသည်။ကျန်းကျန့်က ယခင်က သူပြောခဲ့သည့်စကားကို မေ့သွားပုံရသည်. . . သို့သော် အနည်းငယ်စိတ်ပျက်သွားသော်လည်း ကျောက်ကျင်းကော လျင်မြန်စွာ အပြင်းအထန်လေ့ကျင့်ခဲ့သည်။


သူက အလုပ်တွေလုပ်သည့်အခါ အမြဲတမ်း အာရုံစူးစိုက်မြန်တတ်သဖြင့် ကျန်းကျန့် သူ့စုတ်တံကို မချမချင်း သူ့ပတ်ဝန်းကျင်က အရာအားလုံးကို မေ့သွားခဲ့၏။


"နောက်ကျနေပြီပဲ"


"အိုး"

ကျောက်ကျင်းကောက သူ၏ စုတ်တံကို ချလိုက်ပြီး အိပ်ရာဝင်ရန် စီစဉ်လိုက်သည်။ သို့သော် ကျန်းကျန့်က ကတ်တစ်ထုတ်ကို ထုတ်ယူလိုက်သည်။


"လာ...ဖဲရိုက်ကြရအောင်"


ကျောက်ကျင်းကော ရုတ်တရက် ရှက်သွားရသည်။


နောက်ရက်အနည်းငယ်ကြာသောအခါ ကျန်းကျန့်၏လူတွေက မြို့တော်ကို အသုတ်လိုက်သွားပြီး ပစ္စည်းတွေအများကြီးဝယ်ခဲ့၏။ သူတို့ပိုက်ဆံတွေကနေ လှည့်စားခံရသူတွေပင် ရှိသေး၏။သို့ပေမဲ့ ကျန်းကျန့်က ၎င်းကို ဂရုမစိုက်ပါချေ။သူက အပြင်မထွက်ဘဲ အိမ်မှာ စာဖတ်နေသည်ပဲဖြစ်ဖြစ် ကျောက်ကျင်းကောကိုစနောက်နေသည်ပဲဖြစ်ဖြစ်ပြုတတ်သည်။အေးအေးဆေးဆေး နေထိုင်သော်လည်း အလွန်ပြည့်စုံသော ဘဝဖြစ်သည်။


သို့သော် သူ့အိမ်အနီးရှိ ရှန်းမိသားစုအိမ်တွင် ရှန်းအန်ရှင်းတစ်ယောက် အိပ်စက်ရန်နှင့် အစာစားရန် အခက်အခဲရှိနေသည်။ သူနှင့် ကျန်းကျန့်က အတူတူ မရှိနိုင်ဘူးဆိုသည်ကို သူသိပေမဲ့ ကျန်းကျန့် အကြောင်း တစ်ချိန်လုံး မတွေးဘဲမနေနိုင်ဖြစ်နေသည်။


ကျန်းကျန့်က ကျောက်ကျင်းကောအပေါ် အလွန်ကောင်း၏။ သူသာ သူနှင့်လက်ထပ်ခဲ့မည်ဆိုလျှင်. . . သူက ကျောက်ကျင်းကောထက် အရာရာတိုင်းက ပိုသာသဖြင့် ကျန်းကျန့်က သူ့ကို ပိုကောင်းအောင် ဆက်ဆံမှာ သေချာ၏။


ရက်အနည်းငယ်အကြာတွင် ရှန်းအန်ရှင်း မျက်တွင်းဟောက်ပက်ဖြစ်လာသည်။


"သခင် ဘာဖြစ်နေတာလဲ"

ရူမော့က စိတ်ဝင်တစား မေးသည်။


ရှန်းအန်ရှင်း ရူမော့ကိုကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။သူ့အစေခံလေးကလည်း ကျန်းကျန့်ကို သဘောကျပြီး ထိုအကြောင်းကို ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပေမဲ့ သူ့မှာ အခက်တွေ့နေရသည်။ဤလူက ဘာမှကို မမြင်နိုင်ပေ။


"ဘာမှမဟုတ်​ဘူး ရူမော့... လမ်းလျှောက်ထွက်ကြရအောင်"

ရှန်းအန်ရှင်းက ပြောလိုက်၏။


ရှန်းအန်ရှင်း သူ့အတွက် ရထားလုံး မပြင်ဆင်ခိုင်းဘဲ ရူမော့ နှင့် အတူ အိမ်မှ ထွက်လာပြီးနောက် ကျန်းကျန့်၏ အိမ်သို့ ဦးတည်သွားခဲ့သည်။


ကျန်းကျန့်၏​အိမ်အနီးသို့ သူရောက်လာသောအခါတွင် သူ၏အရှိန်သည် အလိုအလျောက် နှေးကွေးသွားပြီး ထိုအိမ်ကြီး၏အဝင်ဝကို ကျော်ဖြတ်ရန် အချိန်အတော်ကြာခဲ့သည်။ သို့သော် ထိုအချိန်တွင် ကျန်းကျန့်ကို မမြင်ရပေ။


အတန်ငယ် လမ်းပျောက်သွားသော ရှန်းအန်ရှင်းတစ်ယောက် ရှေ့သို့ ဆက်လက် လျှောက်သွားကာ ခဏအကြာတွင် သူသည် လမ်းကြားတစ်ခုသို့ လှည့်ကာ နောက်ဆုံးတွင် အိမ်၏ နောက်ဖေးလမ်းသို့ လှည့်သွားခဲ့သည်။


"သခင် ဘာလို့ ဒီကိုလာတာလဲ"


ရူမော့ အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။ မြို့တော်မှာ အိမ်တွေပတ်ပတ်လည်မှာ လမ်းတွေရှိ၏။ သူတို့ရှေ့က လမ်းက အလွန်ကျယ်ပြီး အနောက်ကလမ်းက အလွန်​ကျဉ်းသည်။ တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်က လက်ဆေးရေ သွန်ပစ်လိုက်လျှင် ထူးဆန်းတဲ့ အနံ့တစ်ခုတောင် ရှိနိုင်၏။


"ငါ ဒီကို အရင်က တစ်ခါမှ မရောက်ဖူးဘူးလို့ လမ်းပတ်လျှောက်နေတာ"

ရှန်းအန်ရှင်းက ဆိုလိုက်သည်။


ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် အိမ်ကြီး၏အနောက်တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ထိုသည်က ကျန်းကျန့်၏ အိမ်တော်ဖြစ်၏။


ရှန်းအန်ရှင်း အိမ်ရှေ့တံခါးတွင် မနေနိုင်သော်လည်း အိမ်အနောက်တံခါးတွင် အနည်းငယ်ကြာအောင်နေနိုင်သည်။


ရူမော့ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း ရှန်းအန်းရှင်း၏ အပြုအမူကို မြင်လိုက်ရသဖြင့် သူ့အာရုံများ ပြန်လည်ရောက်ရှိလာခဲ့သည်။

"သခင်လေး"


သူ့သခင်လေးက လက်ထပ်ပြီး ကလေးယူတော့မည်ဖြစ်သည်။ သူဘယ်လိုလုပ်. . .သူဘယ်လိုလုပ်. . .


"ငါ တစ်ချက်ကြည့်ရုံပါ"

ရှန်းအန်ရှင်းက ပြောလိုက်သည်။

သူ့အမေက သူနှင့် အိမ်ထောင်ရေးအကြောင်း ပြောပြီးပြီဖြစ်သဖြင့် သူ သည်အတိုင်းကြည့်နေရုံဖြစ်ပါ၏။


ခဏရပ်နေပြီးနောက် ရှန်းအန်ရှင်း ထွက်သွားတော့မည်ပြုသည်။ထိုအချိန်တွင် ကျန်းကျန့်အိမ်တော်၏ အိမ်နောက်ဖေးတံခါး ပွင့်လာပြီး အတွင်းထဲမှ လူများစွာ ထွက်လာသည်။


ထိုလူများထဲတွင် ခေါင်းဆောင်များ မှာ လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ယခင်က ပင်လယ်ဓားပြခေါင်းဆောင်များနောက်သို့ လိုက်ခဲ့ကြပြီး အဆင့်အတန်းအနည်းငယ်ရှိခဲ့ကြသည်။ သူတို့သည် အားနည်းခြင်းကို နှစ်သက်ကြပြီး လွယ်ကူသောဘဝကို သဘောကျကြကာ ပင်ပန်းသောအလုပ်ကို မုန်းတီးကြသော်လည်း ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်ခြင်း မရှိကြပေ။ သူတို့က တခြားမိန်းမတွေနှင့်ကောတွေကိုပင် ဂရုစိုက်ပေးကြသည်။ထို့အပြင် ၎င်းတို့သည် စာဖတ်တတ်ပြီး ဗဟုသုတများလည်း ရရှိခဲ့သည်။ကျန်းကျန့် ကယ်တင်ခဲ့သည့် အမျိုးသမီးနှင့် ကောတော်တော်များများက သူတို့ပြောစကားကို နားထောင်ခဲ့ကြသည်။


မှန်ပေသည်၊ မကြိုက်သူတွေလည်း ရှိ၏။ကျောက်ကျင်းကောက ဤလူတွေကို အနောက်ခြံဝန်းမှာ ပိတ်ထားပြီး ခြံရှေ့တံခါးသို့လာရာလမ်းကို သော့ခတ်ပြီးနောက် လျှိုချမ်ချမ်နှင့် ကျောက်လင်ရှီးတို့ အစပိုင်းမှာ အနည်းငယ် ဒေါသထွက်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အဖြစ်မှန်ကို လက်ခံခဲ့ကြသည်။


အမှန်တွင် ကျန်းကျန့်က သူတို့ကို တွေ့ရန် ဘယ်တော့မှ လာမှာ မဟုတ်ဘူး ဆိုသည်ကိုလည်း သူတို့ သိ၏. . .


သူတို့၏ ကနဦးအတွေးများကို စွန့်လွှတ်ပြီးနောက်ကျန်းကျန့်၏ ကိုယ်လုပ်တော်မဖြစ်ချင်တော့ကြဘဲ သူတို့သည် အိမ်နောက်ဖေးတွင် ငြိမ်းချမ်းစွာ နေထိုင်လာကြသည်။


ကျောက်ကျင်းကောက သူတို့ကို ပိတ်ထားသော်လည်း သူတို့ကို ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ။ သူတို့တောင်းလျှင် စားချင်သည့်အရာမှန်သမျှ ယူလာပေး၏။ နောက်ပိုင်းတွင်၊ လျှိုချမ်ချမ် တစ်လက်မလောက်ရပြီးနောက်တစ်မိုင်လိုချင်လာကာ ကျောက်ကျင်းကောအား မျက်နှာချေမှုန့်အနီ တောင်းဆိုလာသည်။


ဤတစ်ကြိမ်မှာ ကျောက်ကျင်းကောက သူတို့ကို မပေးဘဲ အပြင်ထွက်ပြီး ကိုယ့်အတွက်ကိုယ် ဝယ်၍ရသည်ဟု ပြောခဲ့၏။


ကျောက်ကျင်းကောမှာ ယခုလိုပြောရသည့် အကြောင်းအရင်းတစ်ခုရှိသည်။


ကျန်းကျန့်က ထိုအမျိုးသမီးများနှင့်ကောများကို ကယ်တင်ပြီးနောက်သူတို့၏ လက်ဝတ်ရတနာများနှင့် ငွေများကို မယူခဲ့သဖြင့် သူတို့က အမှန်တကယ်မှာ အတော်လေး ချမ်းသာကြ သည်။


အရင်က သူတို့က အလုပ်လုပ်သည့်အတွက် သူက အစားအသောက်ထောက်ပံခဲ့သည်။ယခုမူကား သူတို့က မျက်နှာချေနီကို အလိုရှိကုန်၏. . . သူတို့ ၎င်းအတွက် သူတို့ဘာသူတို့ပေးသင့်သည်။ ဘာပဲဖြစ်ဖြစ် သူပေးမှာ မဟုတ်ပေ။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့က သူ့တုံ့ပြန်မှုကို မြင်ချင်ရုံမျှဖြစ်သဖြင့် ထိုကဲ့သို့ ပြန်ကြားရသည့်အတွက် မအံ့သြကြဘဲ ကျောက်ကျင်းကော၏ တွန့်တိုခြင်းအကြောင်းကို ညည်းညူပြီးနောက် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင် ဝယ်ရန် တကယ်ထွက်လာခဲ့ကြသည်။

ယနေ့က ဒုတိယအကြိမ် ထွက်ကြခြင်းဖြစ်၏။


အပြင်ထွက်ပြီး မျက်နှာချေနီ ဝယ်ချင်သူတွေက သဘာဝအတိုင်း ငယ်ရွယ်သးတွေဖြစ်ကြသည်။ထိုသို့ဖြင့် သူတို့နှစ်ယောက် ဤတစ်ခေါက် အပြင်သွားသည့်အခါ လျှိုချမ်ချမ်နှင့် ကျောက်လင်ရှီးတို့နောက်မှာ ဒါဇင်နှင့်ချီသည့် လှပသော အမျိုးသမီးတွေပါလာကြသည်။


စျေးဝယ်ထွက်ကြခြင်းဖြစ်သည့်အတွက် သူတို့အားလုံး သူတို့၏ အကောင်းဆုံးအဝတ်အစားနှင့် လက်ဝတ်ရတနာတွေကို ဝတ်ဆင်ကြသည်။ နှုတ်ခမ်းများပေါ်ဝယ် မျက်နှာချေအနီကို နီရဲနေအောင်တင်ကာ ပန်းတွေထက် ပိုလှအောင်ပြင်ဆင်ထားကြသည်။


နောက်ဖေးတံခါးကနေ တွတ်ထိုးရင်းထွက်လာကြပြီး ရှန်းအန်ရှင်းနှင့် တွေ့၏။


ရှန်းအန်ရှင်း အိမ်ကြီးကို ကြည့်လိုက်ပြီးနောက် ထိုလူများကို ထပ်ကြည့်သည်။ သူ အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ကျန်းကျန့်ရဲ့အိမ်မှာ မိန်းမတွဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနိုင်မှာလဲ...


"ခဏ"


ရှန်းအန်ရှင်းက ထိုလူများကို တားလိုက်သည်။


"မင်းတို့ ဒီအိမ်ကထွက်လာတာ...ကျန်းကျန့်နဲ့ မင်းတို့ရဲ့ဆက်ဆံရေးကဘာလဲ"


ဒီလူတွေ ဘာကြောင့် ကျန်းကျန့်ရဲ့ အနောက်ခြံဝန်းမှာ နေနေကြတာလဲ... အဲဒါက အနောက်ခြံဝန်းလေ..


ကျောက်ကျင်းကောသည် ရှန်းအန်ရှင်းက အမှန်တကယ်တွင် ကောဖြစ်သည်ကို သတိမထားမိခဲ့သော်လည်း လျှိုချမ်ချမ်နှင့် ကျောက်လင်ရှီးတို့၏ မျက်လုံးများသည် သူ့ထက်အများကြီး သာလွန်သည်။အထူးသဖြင့် ကျောက်ကျင်းကော ကဲ့သို့သောကောကိုတွေ့ပြီးနောက်ဖြစ်၏။


သူတို့က ရှန်းအန်ရှင်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူက ကောတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်ပြီး ကျန်းကျန့်ကို စိတ်ဝင်စားကြောင်းကိုလည်း သူ့အမူအရာမှ မြင်နိုင်သည်။


လျှိုချမ်ချမ်၏မျက်လုံးတွေထဲမှာ မှိတ်တုတ်မှိတ်တုတ်လင်းလက်သွားပြီး ဆိုလိုက်သည်။


"ဒီိအိမ်နောက်ဖေးကထွက်လာရင် သခင်ကျန်း နဲ့ ငါတို့ဆက်ဆံရေးက ဘယ်လိုဖြစ်နိုင်မလဲ"


"ဟုတ်တယ်...ဒီအတိုင်း မေးတာမှန်တယ်မဟုတ်လား"


ကျောက်လင်ရှီးက ပြောသည်။


"မင်းတို့နဲ့ ကျန်းကျန့်....."

ရှန်းအန်ရှင်း သူ့စာကြောင်းတစ်ဝက်ဆုံးအောင် မဆက်နိုင်ဘဲ စိတ်မသက်မသာခံစားရသည်။


"ငါတို့က ကျန်းကျန့်​ရဲ့လူ"

လျှိုချမ်ချမ်က ပြုံးလိုက်သည်။


"ဘယ်လိုလုပ်...မင်းတို့ အကြောင်း ငါမကြားမိတာလဲ" ရှန်းအန်ရှင်းက ပြော၏။


ဒီလူက ကျန်းကျန့်နဲ့ အရင်ကတည်းက အဆက်အသွယ်ရှိခဲ့တယ်လို့ ခံစားရတယ်. . . ကျောက်လင်ရှီးက ချက်ချင်းပြောလိုက်သည်။


"ဒါပေါ့... မင်း ငါတို့အကြောင်း ဘယ်လိုလုပ်ကြားမှာလဲ... သူ့မိသားစုထဲက နာမည်မဲ့အမျိုးသမီးတွေအကြောင်း ဘယ်သူပြောမလဲ"


"မှန်တယ်...ငါတို့ရဲ့သခင်က သူအပြင်ထွက်တဲ့အခါ ကျင်းကောကိုပဲ ခေါ်သွားတာပဲ"

လျှိုချမ်ချမ်က သူ့ကို ကူလိုက်သည်။


ရှန်းအန်ရှင်း ၎င်းကိုယုံကြည်ရန် ပို၍ပင် ဝန်လေးလာသည်–


"မဟုတ်ဘူး ...ကျန်းကျန့်နဲ့ ကျောက်ကျင်းကောတို့ရဲ့ ဆက်ဆံရေးက သိပ်ကောင်းတာမဟုတ်လား"


"သူတို့က ချစ်ခင်ကြတယ်...ဒါပေမဲ့ မဒမ်က အရမ်းမနာလိုဖြစ်လို့ သခင်က ငါတို့ကို အနောက်ခြံဝင်းမှာ သော့ခတ်ထားတယ်"


ကျောက်လင်ရှီး သနားစရာကောင်းသောပုံစံဖြင့်ဆိုလိုက်သည်။


"သခင်က အရာရာမှာ မဒမ်စကားကိုပဲ နာထောင်တယ်... ကံကောင်းထောက်မစွာနဲ့ သူတို့က ငါတို့ကို မစွန့်ပစ်ခဲ့ဘူး"


လျှိုချမ်ချမ်က ထပ်ပြောလိုက်၏။

"သူက ငါတို့ကို တွေ့ဖို့ အများကြီး လာတာမဟုတ်ဘူး...ငါတို့ကို အမြဲတမ်း တစ်ယောက်တည်းနေခိုင်းတယ်"


"တကယ်တော့ မဒမ်က မနာလိုဖြစ်ရတာကို ကြိုက်ပေမဲ့ သူက ငါတို့အပေါ်အရမ်းကောင်းတယ်... အစားအသောက်နဲ့ အဝတ်အစားလည်း ပြတ်လပ်တာမျိုးမရှိဘူး... သူက ငါတို့ကို အပြင်ထွက်ခွင့်တောင် ပေးတယ်"

ကျောက်လင်ရှီးက ဆက်ပြောသည်။


ရှန်းအန်းရှင်း၏ မျက်နှာဖြူဖွေးလာသည်အထိ သူတို့နှစ်ဦးပြောခဲ့ကြသည်။


ရှန်းအန်ရှင်းသည် ကျန်းကျန့်က ကျောက်ကျင်းကော အပေါ်မှာ ကောင်းသည်ကို​သိသွားသည့်အတွက် ကျန်းကျန့်ကို အစပိုင်းမှာ သဘောကျခဲ့သည်။ဒါပေမဲ့ လက်စသတ်တော့ ...ဒါက အပေါ်ယံပဲလား.. တကယ်တမ်းကျ ကျန်းကျန့်မှာ ကျောက်ကျင်းကောကလွဲ၍ အမျိုးသမီး နဲ့ကော အများအပြားရှိသည်တဲ့လား...


အမှန်တွင် ရှန်းအန်ရှင်း၏အဖေက အချစ်ရူးတစ်ယောက်ဖြစ်၏။ သူ့အမေနှင့်လက်ထပ်ပြီး သူ့ကိုမွေးခဲ့သည်။ထို့နောက်မှာ သူ့အမေမှာ ကလေးမမွေးနိုင်တော့ပေမဲ့ သူက ကိုယ်လုပ်တော်တွေ မယူချင်ခဲ့သည့်အတွက် ရှန်းအန်ရှင်းက သားတစ်ယောက်အနေဖြင့် ကြီးပြင်းလာပါတော့သည်။


ထို့အတွက်ကြောင့် ရှန်းအန်ရှင်း၏ ငယ်စဉ်ကတည်းက နေထိုင်မှုပတ်ဝန်းကျင်သည် အလွန်ရိုးရှင်းသည်။ သူ့အဖေ၏ ကာကွယ်ပေးထားခြင်းခံရသည့် သူ့အမေကိုလည်း မနာလိုဖြစ်ခဲ့၏။ ယောက်ျားတော်တော်များများမှာ မယား သုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်လောက်ရှိသည်ကို သူသိပေမဲ့ အခုအချိန်အထိ သူ၎င်းကို သိပ်အလေးအနက်မထားခဲ့ပေ။


ရှန်းအန်ရှင်း လှည့်ပြီး ပြေးလုမတတ်ပင်။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြိုင်တူဆိုလိုက်ကြသည်။


"ကျောက်ကျင်းကောအတွက် ငါတို့တကယ် အလုပ်ကြိုးစားပြီးပြီ..."


သူတို့ ကျောက်ကျင်းကော၏ အချစ်ပြိုင်ဖက်ကိုသတ်ရန် ကူညီပေးခဲ့သည်။

သို့သော်လည်း ထွက်ပြေးသွားသော ဤသခင်ငယ်လေးသည် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးနေလေသည်. . .


သူ့အဝတ်အစားတွေကို ကြည့်လိုက်ရင် သူ့အိမ်အခြေအနေက တော်တော်ကောင်းနေရမယ်လို့ မင်းပြောနိုင်တယ်...ဒီလိုသာဆိုရင် ပင်မဇနီးရှိပြီးသား ယောက်ျားကို ဘာကြောင့် လိုချင်နေသေးတာလဲ...