အပိုင်း ၄၅၇
Viewers 62k

အခန်း ၄၅၇

ငရဲကမ္ဘာမှ...အနက်ရောင်ဆံနွယ်ရှည်...


ကျွီ...


သံတံခါးကို နောက်တစ်ကြိမ်ပြန်လည်ဖွင့်လိုက်သောကြောင့် အရင်ကကဲ့သို့ပင် မြည်သံတစ်ခုထွက်ပေါ်လာသည်။နန်ကုန်းဝူချယ် အသက်ရှုရပ်မတက်ပင် ခံစားနေရသည်။သို့သော်လည်း တံခါးပွင့်သွားပြီး အလင်းရောင်လေးဝင်ရောက်လာသည်နှင့် ပြန်လည်၍ ခွန်အားများ ရရှိလာသည်။


ရုတ်တရက် သူထိုလှောင်အိမ်လိုနေရာမျိုးထဲမှ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။သို့သော် သူ့၏ ခန္ဓာကိုယ်က ရွေ့လျားခြင်းမရှိပေ။သူ့၏ ခွန်များပြန်လည်ရရှိလာသော်လည်း သူလှုပ်ရှားနိုင်ခြင်းမရှ်ိသေးပေ။တောင်တစ်တောင်လို ဖိအားများ သူ့အပေါ်သို့ သက်ရောက်လာပြန်ပြီး သူအလုအယက် အသက်ရှုရန် ကြိုးစားလိုက်ရသည်။


နန်ကုန်းဝူချယ်၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ကမန်းကတန်းဖင်ထိုင်ချလိုက်ကာ တွားသွားရန် ကြိုးစားလိုက်သည်။


ထိုအချိန်၌ ရေခဲတမျှအေးစက်ရှုပ်ထွေးနေသော ဆံစများက သူ့၏ လည်ပင်းကို လာထိသလို ခံစားလိုက်ရ၏။သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ရာ ရေခဲတမျှ အေးစက်လှသော အကြည့်ဖြင့် စိုက်ကြည့်နေသည့် မျက်နာတစ်ခုကို မြင်လိုက်ရ၏။ထိုမျက်နာက အမူအရာကင်းမဲ့နေပြီး အကြည့်များက အေးစိမ့်လှသည်။


အနက်ရောင်ဆံပင်ရှည်များက လိုက်ကာတစ်ခုသဖွယ် ဖြာကျနေပြီး သူမ၏ အသားအရည်က သွေးမရှိဟု ထင်ရလောက်အောင် ဖြူဖျော့နေလေသည်။နန်ကုန်းဝူချယ် အော်ငိုချင်စိတ်ပင်ပောက်သွားသည်။


"ဒီအမျိုးသမီးက ဘာလို့သူနောက် လိုက်နေတာလဲ...သူက ချောမောနေလို့လား..."


သူတကယ့်ကို ငိုချချင်နေသော်လည်း မျက်ရည်ထွက်မလာပေ။သူ ရပ်တန့်လိုက်ပြီးနောက် အသက်ပင်ရဲရဲမရှုရဲပဲ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။သူ့၏ အကြည့်များက ထ်ိုအမျိုးသမီး၏ အနက်ရောင်မျက်ဝန်းများနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ၌ သူမက ပါးစပ်ကို ဖွင့်ဟလိုက်ပြီး လျှာဖျားလေးထုတ်၍ နှုတ်ခမ်းသပ်လိုက်သည်။


"မင်းဘာလုပ်ဖို့လဲ..."


နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်ထသွားသည်။သူ ရှိသမျှအားကုန်သုံး၍ ထိုစကားများကို အော်ပြောလိုက်သည်။သို့သော် ထိုအမျိုးသမီးက သူ့စကားများကို ဂရုမစိုက်ပေ။သူမ၏ လျှာဖျားက သူ့၏ မျက်နာကိုလာထိလေသည်။အေးစက်လှသော ရေခဲတုံးတစ်တုံး နန်ကုန်းဝူချယ်၏ မျက်နာပေါ် ဖြတ်သွားသလို ခံစားလိုက်ရသည်။


နန်ကုန်းဝူချယ် အံ့အားသင့်သွားသည်။သူအလွန်အမင်းစွံ့အသွားပြီး ခံစားချက်များ အတွေးများ ရှုပ်ထွေးသွားလေသည်။


"သူအခု အတင်းအဓမ္မအနမ်းခံလိုက်ရတာလား...ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ...မင်းရဲ့ စိတ်ထားနဲ့ အပြုအမူက အေးစက်နေတယ်မဟုတ်ဘူးလား..."


ထိုအမျိုးသမီး၏ အနက်ရောင်အမျှင်တန်းတစ်ချို့ ထွက်ပေါ်လာပြီးနောက် နန်ကုန်းဝူချယ်၏ အရေပြားထဲ စိမ့်ဝင်သွားကာ သူ့၏ ခန္ဓာကိုယ်ကို တင်းကျပ်သွားစေသည်။အချိန်အတော်ကြာပြီးနောက် သူမက မတ်တပ်ထရပ်လိုက်သည်။သူမ၏ ခြေဖဝါးက ကြမ်းပြင်မှနေ၍ တဖြေးဖြေးမြင့်တက်လာပြီး လျှပ်စီးတန်းကဲ့သို့ အလျှင်နှုန်းဖြင့် ပြေးထွက်သွားလေသည်။


သူမ ထွက်သွားပြီးသည်နှင့် အခန်းတံခါးက ပြန်လည်ပိတ်ကျသွားလေသည်။နန်ကုန်းဝူချယ်၏ မျက်နာ၌ စိတ်ပျက်မှုများ ပြည့်နှက်နေသည်။သူ ထိုနေရာမှာပင် လဲလျောင်းနေပြီး တိတ်တဆိတ် ငိုကြွေးနေမိ၏။


"သူမက ဘာလုပ်ချင်နေတာလဲ..."


.....


 သဘောင်္ပော်မှ အမျိုးသမီး၏ အေးစက်လှသော အကြည့်များကြောင့် ပုဖန်စိတ်ထဲ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်လာသည်။နောက်ဆုံးတော့ ကြောက်ရွံ့ရခြင်း၏ အရင်းအမြစ်ကို သူရှာတွေ့သွားလေပြီ။သူမက အလွန်ကြောက်စရာကောင်းလှသည်။


အနက်ရောင်သင်္ဘောကြီးက အရှေ့သို့ ဆက်လက်၍ ရွေ့လျားလာသည်။ထိုသင်္ဘောအတွက် လမ်းကြောင်းဖွင့်ပေးသော လှိုင်းများက ကျွန်းကိုစတင်၍ ဖုံးလွှမ်းလာလေ၏။ဆံပင်အနက်နှင့် အမျိုးသမီးက သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေသည်။သူမစီမှ ဖြာထွက်နေသော အော်ရာများကလည်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်း၏။


ဝှိုက်တီက ချက်ချင်းပင် ပုဖန် ဘေးနားသ်ို့ ပြန်ရောက်လာခဲ့သည်။


အမျိုးသမီးဆီမှ အော်ရာများ ပြန့်နှံလာသည်နှင့် ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့၌ရှိသော ခွန်အားများအားလုံးကို စုစည်းထားပြီး ထိုအမျိုးသမီးကို ကြည့်နေလိုက်သည်။အိပ်နေသော ပုစွန်ပိစိကလည်း သူ့၏ ခန္ဓာကိုယ်ကို တွန့်ကွေးလိုက်သည်။


"ဟား...ဟား...ဟား...ဟား...ငါရပြီကွ..."


နတ်ဆိုးလက်သည်းချီသစ်သီးကိုရရှိသွားသော နတ်ဘုရားအဆင့် ပညာရှင်က ဝမ်းသာအားရဖြင့် ဟစ်အော်လိုက်သည်။သူပျော်ရွှင်စွာဖြင့်ပင် ခုန်ပေါက်နေလေ၏။သို့သော်လည်း တခြားသူများ၏ ထူးဆန်းသော အမူအရာကို သတိပြုမိသွားပြီး သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားလေသည်။


နန်ကုန်းရွှမ်ဟယ်က အစောပိုင်းတည်းကပင် သူ့၏ အော်ရာများကို သိမ်းဆည်းပြီး အဝေး၌ ပုန်းအောင်းနေလေသည်။သူက ထိုအနက်ရောင်သင်္ဘောကြီးကို ကြောက်ရွံ့စွာကြည့်နေပြီး အသက်ပင် ရဲရဲမရှုရဲပေ။သူ့၏ နှလုံးသားကလည်း ပြင်းထန်စွာ ခုန်လှုပ်နေသည်။


"ဒါ ငရဲကမ္ဘာသင်္ဘောပဲ...တကယ့်ကို ငရဲကမ္ဘာသင်္ဘောပဲ..."


သူ့၏ နှလုံးသားက ရေခဲတွင်းနက်ကြီးထဲ နစ်မြှုပ်သွားသလိုပင် ခံစားလိုက်မိသည်။လျှို့ဝှက်နယ်မြေထဲ၌ ကြောက်စရာအကောင်းဆုံး တစ်ခုတည်းသောအရာမှာ ငရဲကမ္ဘာသင်္ဘောပင်ဖြစ်သည်။


လျှို့ဝှက်နယ်မြေထဲမှ မည်သူပင်ဖြစ်ပါစေ သူတို့ ငရဲကမ္ဘာသင်္ဘောထဲသို့ ဝင်ရောက်သွားလိုက်သည်နှင့် သူတို့၏ သေခြင်းတရားက မဝေးတော့ဘူးဖြစ်သည်။ထိုအကြောင်းကို နဂါးမြို့ဟောင်းတိုက်ကြီးမှ လူများအားလုံး သိကြသည်။ငရဲကမ္ဘာသင်္ဘောထဲကို ဝင်သွားပြီးနောက် ပြန်လည် ထွက်လာနိုင်သည့်လူဟူ၍ အနည်းစုသာရှိသေးသည်။


လျှို့ဝှက်နယ်မြေတစ်ခုစီတိုင်း၌ ငရဲကမ္ဘာသင်္ဘောရှိသည်။သို့သော် တစ်ချိန်တည်းမှာပင် မည်သည့် လျှို့ဝှက်နယ်မြေမှာမှ ငရဲကမ္ဘာသင်္ဘောမရှိဟုလည်းထင်ရပေသည်။


ထိုငရဲကမ္ဘာသင်္ဘောကိုတွေ့လိုက်ရသောအခါ၌ နန်ကုန်းရွမ်ဟယ် သတိလစ်လု မတက်ပင်ဖြစ်နေမိသည်။ထိုအမျိုးသမီး သူ့ကို သတိမထားမိစေရန်အတွက် သူ့၏ အော်ရာများကို သေချာစွာသိမ်းဆည်းလိုက်သည်။သူမသေချင်သေးပေ။


နတ်ဆိုးလက်သည်းချီသစ်သီးကို ရခဲ့သောကြောင့် အားပါးတရ ရယ်မောနေသူမျက်ဝန်းများက ပြူးကျယ်လာသည်။


အရှေ့သို့ တဖြေးဖြေးရွက်လွှင့်လာသော အနက်ရောင် သင်္ဘောက လေထဲသို့ ပျံတက်သွားပြီး မျောလွင့်နေ၏။


အမျိုးသမီး၏ အေးစက်လှသော အကြည့်များက သစ်သီးရသွားသည့် သူဆီသို့ ရောက်ရှ်ိလာပြီး ပါးစပ်ဖျားမှ စကားလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည်။ထို့နောက်သူ့၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး မြေပြင်ပေါ်၌ သွေးအိုင်တစ်ခုဖြစ်သွားလေသည်။ဒီဘေးဆိုးမှ မည်သူမှ မလွတ်မြောက်နိုင်ပေ။အားလုံး သေရပေလိမ့်မည်။


နန်ကုန်းရွှမ်ဟယ်က အော်ဟစ်လိုက်သည်။ပတ်ဝန်းကျင်၌ ရှိနေသော သူများလည်းထိုအသံကြောင့် လန့်ဖြန့်သတိဝင်သွား၏ ။ထို့နောက် အခြားတစ်ဖက်စီသို့ ထွက်ပြေးလိုက်ကြသည်။မည်သူမှ မသေချင်ကြသေးပေ။ခါးထိအောင်ရှည်သော အမျိုးသမီး၏ ဆံနွယ်များက ရေဘဝဲလက်များကဲ့သို့ပင် ဖြန့်ကျက်လွင့်မျောနေသည်။


ဖောက်...ဖောက်...ဖောက်...ဖောက်...


မြောက်များလှစွာသော သိုင်းပညာရှင်များ၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာကွဲသွားပြီး သွေးအိုင်ငယ်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။နန်ကုန်းရွှမ်ဟယ်၏ အော်ရများက မြင့်တက်လာပြီး သူ့နောက်ကျောဘက်ရှိ သံကြိုးနှစ်ချောင်းက ပြင်းထန်စွာ လှုပ်ရမ်းလာလေသည်။


သူ ထိုကပ်ဘေးဆိုးမှ လွတ်မြောက်ရန် အားတင်းတောင့်ထံထားသောကြောင့်သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။သို့သော် သူ့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ဆုတ်ဖြဲခြင်းတော့ မခံလိုက်ရပေ။သူ အလွန်အမင်းတုန်လှုပ်နေပြီး အနောက်သို့ အနည်းငယ်မျှပင်လှမ်းမကြည့်တော့ပဲ အဝေးသို့ ပျံသန်းထွက်ပြေးသွားလိုက်သည်။


ပုဖန်၏ သွေးများ ဆူပွက်နေသလို ခံစားလိုက်မိသည်။ထိုသွေးများက သူ့၏ အရေပြားမှာပင် ဖောက်ထွင်း ထွက်ပေါ်ချင်နေသည်။ပုဖန်၏ နှလုံးသားက တုန်ယင်နေသည်။သူသက်ပြင်းရှည် တစ်ချက်မှုတ်ထုတ်လိုက်သည်။ထိုအမျိုးသမီးက အလွန်ကြောက်စရာကောင်းလှသည်။


သို့သော်လည်း သူ့၏ သွေးများက ဆူပွက်ပြီးနောက် လျှင်မြန်စွာပင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ပုဖန်အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်ပြီး လေထဲ၌ မျောလွင့်နေသော ထိုအနက်ရောင် သင်္ဘောကိုကြည့်လိုက်သည်။


ထိုဆံပင်ရှည်နှင့် အမျိုးသမီးကလည်းထူးဆန်းအံ့သြဖွယ်ကောင်းသည်။သူမ၏ အနင်ရောင်မျက်ဝန်းများကပုဖန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေလေ၏။ထိုအမျိုးသမီးဆီမှ အကြည့်များကြောင့် သူ့ကိုယ်သူ အဝတ်အစားဗလာဖြင် ရပ်နေသည်ဟုပင် ခံစားမိလေသည်။


"အဲ့ဒါက နင်ပဲ ... သလင်းကျောက်အရင်းအမြစ် ခရမ်းအနှစ်သာရကို ငါ့ဆီကို ပေးလိုက်..."


ကြောက်မက်ဖွယ်ရာ အသံတစ်ခု သူ့၏ စိတ်ထဲ၌ ထွက်ပေါ်လာသောကြောင့် ပုဖန် ထိတ်လန့်တုန်လှုပ်သွားမိသည်။ကျွန်းတစ်ခုလုံး တစ်စစီပြိုကွဲသွားသလို ကျယ်လောင်သော အသံနှင့်အတူ တိုက်ခိုက်မှုတစ်ခု သူ့ရှိရာဆီသို့ ဦးတည်လာနေသည်ကို ပုဖန် ခံစားလ်ိုက်မိသည်။


ဝှိုက်တီ၏ မျက်ဝန်းများက ဖျက်ခနဲ တောက်ပသွားသည်။သူ ပုဖန်ရှေ့မှ ကာကွယ်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း ထိုအမျိုးသမီး၏ လက်ညှိုးကလေး ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် သူ မြေပြင်ပေါ် လဲကျသွားပြီး အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပေ။


"ငါ့ဆီက်ိုပေး..."


ထိုအမျိုးသမီး၏ အသံက ပို၍မာကြောလာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များ ပါဝင်နေလေသည်။အနက်ရောင်အလင်းတန်းများကဲ့သို့သော သူမဆီမှနေ၍ မီးလျှံနက် အလုံးလေးများ ထွက်ပေါ်လာသည်။


ထိုမီးလျှံများက ပုဖန်ဆီသို့ မျောလွင့်လာပြီး သူ့ကို ဝါးမြိုရန် ကြိုးစားလိုက်သည်။ပုဖန်၏ နှလုံးသားက တင်းကျပ်သွားသည်။သူ ရွှေရောင်မီးတောက်တစ်ခုကို ပါးစပ်အပြည့် မှုတ်ထုတ်လိုက်လေသည်။သူ့၏ ရွှေရောင်မီးတောက်က ကောင်းကင်ပေါ်သို့ မြှင့်တက်သွားသည်။သို့သော် မီးလျှံနတ်များ၏ ဖိနှိမ့်ခြင်းကို ခံလိုက်ရလေသည်။


"ဒါ ဘယ်လို မီးတောက်အမျိုးအစားလဲ..."


ပုဖန် အံ့အားသင့်သွားသည်။သူ့၏ ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကို ဖိနှိမ့်နိုင်သည့် မီးလျှံမျိုး ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။


"နင် အဲ့ဒါကို မပေးဘူးဆိုရင်တော့ သေလိုက်တော့..."


ထိုအမျိုးသမီး၏ နဖူးထက်၌ သေးငယ်လှသော အရာလေး တစ်ခုပေါ်လာပြီး အော်ရာများ ထုတ်လွင့်လာသည်။ထိုမှ ပေါက်ကွဲထွက်လာသော အော်ရာများက ပုဖန်၏ နှလုံးသားကို တင်းကျပ်သွားစေသည်။


ဝီ


စနစ်ဆီမှ အနည်းငယ် အသံ ထွက်ပေါ်လာပြီးနောက် ပုဖန်၏ နားထဲ၌ ဆူညံသည့်ဝီခေါ်သံတစ်ခုကို ကြားလိုက်ရပြီး ခွေးငပျင်း၏ သန်းဝေသည့်အသံကိုပါ ကြားလိုက်ရသည်။


"ဒီရင်းနှီးနေတဲ့ အော်ရာက ဘာလဲ..."


"ပုဖန်ကောင်လေး မင်းရဲ့ သခင်ခွေးက ခဏလေးပဲ အိပ်ရသေးတယ် ...ဒါကို မင်းက ငရဲကမ္ဘာက တစ်ယောက်ယောက်ကို သွားပြီး ရန်စထားပြီးပြီလား ..."


 ခန့်ထည်သော်လည်း နူးညံ့လှသည့် အသံတစ်ခုထွက်ပေါ်လာသည်။