Chapter 133
ကျန်းရှောင်မိန်အား ဝယ်ယူခြင်း
နောင်တွင် ဖြစ်လာနိုင်သည့် ပြဿနာများ အားလုံးကို ရှောင်ရှားရန်အတွက် ကျန်းကျန့်က အရောင်းစာချုပ်ကို ရေးသားချိန်တွင် ထိုရောင်းချမှုကို ကျောက်ကျင်းကော၏ နာမည်အောက်ကသာ လုပ်ဆောင်ရန် ပြောခဲ့သည်။
သို့သော်လည်း သားသတ်သမားကျန်းက သူ့နာမည်ကို ထိုစာချုပ်ပေါ်တွင် မရေးချင်ခဲ့သဖြင့် အဆုံးတွင် ကျန်းချောင်ဝမ်ကသာ သူ့ညီမကို ရောင်းချရန် ရှေ့ထွက်လာရတော့သည်။ထိုစာချုပ်ကို ကျန်းချောင်ရှန့်က ရေးပေးခဲ့ခြင်း ဖြစ်လေသည်။
စာရွက်တွင် ရေးကာ လက်မှတ်ထိုးပြီးသည်နှင့် ကျန်းရှောင်မိန်မှာ ကျောက်ကျင်းကော၏ အစေခံ ဖြစ်လာပြီး ကျန်းမိသားစုနှင့် မည်သို့မှ သက်ဆိုင်တော့မည် မဟုတ်ပေ။
ကျန်းကျန့်က ငွေစငါးဆယ်ကို ပစ်ချပေးခဲ့ပြီး လှည့်မကြည့်ဘဲ ထွက်သွားခဲ့လေသည်။
ကျန်းကျန့်က ထိုအရောင်းစာချုပ်ကို ယခင်က ကတိပေးထားခဲ့သည့်အတိုင်း ကျန်းရှောင်မိန် လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"မင်း လက်မထပ်ခင် ဒါကို သေချာသိမ်းထား... ဒါမှ ဟိုလူတွေ မင်းကို လာပြန်မခေါ်ကြမှာ"
ကျန်းရှောင်မိန်က စာမဖတ်တတ်ပါသော်လည်း ၎င်းက သူမ၏ အရောင်းစာချုပ် ဖြစ်မှန်း သိနေသည်။ သူမက ထိုစာရွက်လေးကို ကိုင်ကာ မျက်ရည်များ ကျဆင်းလာလေတော့သည်။
ကျန်းရှောင်မိန်က အချိန်အတော်ကြာ ငိုနေခဲ့ပြီး ထိုနေ့တွင် ညစာစားကြသောအခါ အဆက်မပြတ် ရှိုက်နေဆဲ ဖြစ်သည်။သူမက ငိုနေသော်လည်း အစားစားသည့် အရှိန်က လုံးဝ နှေးကျမသွားခဲ့ပေ။
သူမလည်း မတတ်နိုင်ဘူးလေ... ကျောက်လျူရဲ့ အချက်အပြုတ်လက်ရာက အရမ်း အရသာရှိတာ...
ကျောက်လျူက ငါးကြင်းဖြူ အမျိုးအစားကွဲဖြစ်သည့် ငါးတစ်ကောင်ကို အထူးတလှယ် ဖမ်းထားခဲ့သည်။ ဟယ့်ရှီရွာသားများက ၎င်းကို ပေါင်းထုန်ငါး သို့မဟုတ် ခေါင်းကြီးငါးဟုလည်း ခေါ်သည်။
ကျောက်လျူက တိုဖူးကို ငါးခေါင်းနှင့် ချက်လိုက်ပြီး ကျန်သော ငါးအသားကို ချိုချဥ်နှပ်ထားလိုက်သည်။ ထို့အပြင် သူမက ကျောက်ဖူကွေ့အား စီရင်စုမြို့သို့ သွား၍ ဝယ်ခိုင်းထားသည့် ဝက်သားဖြင့် အသားနှပ်လိုက်သေးသည်။
အမှန်တွင် ကျောက်လျူက အသီးအရွက် ဟင်းများစွာကိုလည်း ချက်ထားခဲ့ပါသေးသည်။ သူမနှင့် ကျောက်ဖူကွေ့တို့က ချက်ပြုတ်ရင်း ဟင်းပွဲပြင်ဆင်ရင်း အလုပ်များနေခဲ့ကြသဖြင့် ကျန်းအိမ်သို့ ပျော်စရာကိစ္စလေးများ သွားမကြည့်ခဲ့ကြ။
သို့သော်လည်း ကျန်းရှောင်မိန်၏ မျက်လုံးထဲတွင် တည်ခင်းထားသော အသားဟင်းနှစ်ပွဲကိုသာ မြင်နေရသည်။
သူမက များများ မစားခဲ့သော်လည်း အသားများကိုသာ စားခဲ့သည်။ သူမရဲ့ ပါးစပ်ထဲက အသားတုံးလေးက ဘယ်လောက် အရသာ ရှိလိုက်လဲ... ဒါပေမယ့် အသီးအရွက် တစ်လုတ်လောက် စားလိုက်ရင် အသားအရသာက ပျောက်သွားရော...
ပြီးတော့ ဒီငါးကလည်း အရသာ ရှိမှရှိ... အဘွားကြီးကျန်းမှာ ငါးကို ပေါင်းနေစဥ် ဆီထည့်ရန် နှမျောလွန်းသူ ဖြစ်သော်လည်း ကျောက်လျူချက်သော ငါးဟင်းမှာ မည်သို့နည်း... သူမက ငါးခေါင်းကို ဆီနှင့်ကြော်ထားပြီး ငါးဟင်းထဲတွင်လည်း ဆီထည့်ထားရုံသာမက ချိုချဥ်ဆောစ့်ကိုလည်း ထည့်ထားခဲ့သေးသည်။
ကျန်းကျန့်မှာ ကျန်းရှောင်မိန်တစ်ယောက် စားသောက်ရင်း မျက်ရည် တရှုံ့ရှုံ့ လုပ်နေသည်ကို ကြည့်ကာ အဆီပေါသည့် အသားတစ်တုံး ထည့်ပေးလိုက်သည်။ သိသာထင်ရှားစွာပင် ကျန်းရှောင်မိန်က အဆီများသော အသားကို ပိုကြိုက်ပေသည်။
ကျောက်ကျင်းကောအတွက်မူကား... ကျန်းကျန့်က အသားကို ဖြတ်ကာ အဆီများအားလုံးကို ဖယ်ထုတ်လိုက်ပြီးနောက် သူ့ပန်းကန်ထဲ ထည့်ပေး၍ ပြောလိုက်သည်။ "မင်းက ငါးကို ပိုစားသင့်တယ်"
ကျောက်လျူက ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့လေသည်။ "ကျင်းကောက ကလေးရှိနေတော့ အကြိုက်တွေပါ ပြောင်းသွားတာလား" သူက အဆီများတဲ့ အသားတွေကို မကြိုက်တော့လို့များလား...
"အင်း..."
ကျောက်ကျင်းကောက ပြန်တုံ့ပြန်လိုက်သော်လည်း သူက အမှန်တကယ်တွင် အဆီများသော အသားကို ကြိုက်လှပါသော်လည်း ကျန်းကျန့်က စားခွင့်မပြုသည့်အကြောင်းကိုတော့ မပြောခဲ့ပေ။ သို့သော်ငြား ကျန်းကျန့်က အဆီများသော အသားများ စားခွင့်မပြုခဲ့သော်လည်း နေ့တိုင်းပင် သူက ငါးနှင့် အသားများ ပေးခဲ့သည်။ ဟယ့်ရှီတစ်ရွာလုံးတွင် မည်သူကမှ ထိုကဲ့သို့ စားနိုင်ကြမည် မဟုတ်ပေ။ ကောင်းသည်လား ဆိုးသည်လား မပြောတတ်ပါသော်လည်း သူ အမှန်ပင် အဆီများသော အသားကို ယခင်ကကဲ့သို့ သိပ်မကြိုက်တော့ပေ။
"အမေ အဖေ နောက်ဆို ကြက်တွေ ဘဲတွေ ငါးတွေ ပိုပြီး ပြင်ဆင်ထားရတော့မယ်... ကျွန်တော်တို့ရဲ့ ကြက်တွေ ဘဲတွေကို မရောင်းနဲ့တော့... အားလုံး ကိုယ့်ဘာသာပဲ စားလိုက်ကြရအောင်" ကျန်းကျန့်က ဆိုလေသည်။ သူအတွေးအရ ကြက်သား၊ ဘဲသားနှင့် ငါးတို့ကို စားခြင်းက ကျန်းမာရေးအတွက် ပိုကောင်းစေမည်ဟု တွေးမိပေသည်။
"ဒီလောက်များတဲ့ ကြက်တွေ ဘဲတွေကို ဘယ်လိုလုပ်ပြီး အမေတို့ဘာသာ အကုန်စားနိုင်ပါ့မလဲ" ကျောက်လျူက တုန်လှုပ်သွားလေသည်။
"တစ်နေ့တစ်ကောင်ပေါ့" ကျန်းကျန့်က ပြောလေသည်။
ဒီ... ဘယ်သူက ကြက်တွေ ဘဲတွေကို နေ့တိုင်းစားကြလို့လဲ... ကျန်းကျန့် ဤတစ်ခေါက် ထွက်သွားစဥ်က ငွေအချို့ ပြန်ယူလာခဲ့ပါသော်လည်း ကျန်းရှောင်မိန်ကို ဝယ်ယူရန် ငွေစငါးဆယ် သုံးလိုက်ရသည့်အတွက် ကျန်ငွေက ငွေစတစ်ရာထက် မပိုနိုင်တော့။ ကြက်သားနဲ့ ဘဲသားတွေ နေ့တိုင်းစားဖို့ကတော့...
ကျန်းရှောင်မိန်၏ အရေးကို ဖြေရှင်းနေရသဖြင့် ကျန်းကျန့်က ကျောက်လျူအား ဤတစ်ကြိမ်၌ သူ ငွေအမြောက်အများ ရလာခဲ့သည်ကို မပြောခဲ့ရသေးပေ။ ကျောက်ကျင်းကောအတွက်မူကား... သူက တစ်နေ့လည်လုံး အိပ်မောကျနေခဲ့သည်လေ...
ကျောက်လျူက ပူပန်နေပါသော်လည်း ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့က ပြန်လာခါစ ဖြစ်ပြီး ကျန်းရှောင်မိန်လည်း ရှိနေသေးသည့်အကြောင်း စဥ်းစားမိသွားသောအခါ ဆက်မမေးတော့ပေ။
သူမ၏သား ထွက်သွားခဲ့စဥ်က ကောင်းကောင်း မစားသောက်ခဲ့ရသည်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ ကျန်းရှောင်မိန်ကလည်း ဆင်းရဲပင်ပန်းခဲ့ရသည်။ ကြက်သားနှင့် ဘဲများကို ရက်အနည်းငယ်လောက် စားခြင်းက မှုလောက်စရာ မဟုတ်ပေ။
ထိုညတွင် ကျန်းရှောင်မိန်က ကျန်းကျန့် ကျန်းမိသားစုကို ဆောက်ခိုင်းထားခဲ့သည့် အိမ်တွင် နေထိုင်ရန် နေရာချထားပေးခံလိုက်ရသည်။
ကျန်းကျန့် တစ်ကိုယ်တည်း နေထိုင်ခဲ့သည့်အိမ်မှာ အချိန်အတော်ကြာ လစ်လပ်နေသော်လည်း မည်သည့် ပစ္စည်းမှ ဝယ်ရန် မလိုဘဲ ကျန်းရှောင်မိန် ချက်ချင်း ဝင်နေရန် အသုံးပြုနိုင်ဆဲ ဖြစ်သည်။
တစ်နေ့လုံး ဟိုလှည့်သည်လှည့်နှင့် ပြေးလွှားရပြီးနောက် ကျန်းကျန့်မှာ ပင်ပန်းလွန်းလှသဖြင့် တစ်နေ့လုံး အိပ်ထားပြီး၍ အိပ်မပျော်နိုင်သေးသော ကျောက်ကျင်းကောအနားသို့ ဝင်မလဲမီ ကိုယ်လက်ဆေးကြောရန်အတွက် ရေသွားခပ်ရသေးသည်။
ကျန်းကျန့်၏ လက်ကို သူ့ဗိုက်ပေါ်တွင် တင်လိုက်ပြီးနောက် ကျောက်ကျင်းကောက သမ်းဝေကာ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့လေသည်။
ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က လူကြီးများ ဖြစ်၍ ခပ်ကြာကြာ မအိပ်ကြဘဲ နောက်တစ်နေ့မနက် အရုဏ်ဦး အချိန်တွင် နိုးလာကြပြီး ဆန်ဆေးရန်အတွက် မြစ်ဆိပ်သို့ သွားလေသည်။
ဟယ့်ရှီရွာထဲမှ လူများက စောစောထကြသဖြင့် ကျောက်ဖူကွေ့နှင့် ကျောက်လျူကို တွေ့သောအခါ အားလုံးက နှုတ်ဆက်လာကြသည်။ အချို့လူများက ဤတစ်ကြိမ်တွင် ကျန်းကျန့် ငွေမည်မျှ ရလာသည်ကို မေးမြန်းလာကြပြီး အခြားသူများက ပြောကြသည်။
"မနေ့က ကျန်းကျန့် ပြန်လာတော့ ဘာကိုမှ ယူမလာခဲ့ဘူး ထင်တယ်နော်... ဒီတစ်ခေါက် ခရီးက သိပ်အဆင်မပြေလှဘူး ထင်တယ်"
ကျောက်လျူကိုယ်တိုင်က ကျန်းကျန့်အကြောင်း စိုးရိမ်နေရပါသော်လည်း အခြားလူများက ထိုသို့ ပြောလာကြသည့်အခါ ချက်ချင်းပင် စိတ်မချမ်းမမြေ့ ဖြစ်သွားလေသည်။
"အဆင်တော့ သိပ်မပြေပါဘူး... လီယွမ်ကလေးကလည်း သွားရှာပြီလေ..."
"ဒါပေမယ့် ကျန်းကျန့်က ပိုက်ဆံသုံးရတာ အရမ်းကြိုက်တာ... သူပြန်လာတော့ ကျွန်မအတွက် လက်ဝတ်လက်စားတွေ အများကြီး ဝယ်လာပေးတယ်လေ"
"ပြီးတော့လည်း သူက ကျင်းကော နေ့တိုင်းစားဖို့အတွက် ကြက်တွေ ဘဲတွေ သတ်ဖို့ ပြောခဲ့သေးတယ်... သူ့ကို မိုက်ရူးရဲဆန်တယ်လို့ ဘယ်လိုများ ပြောနိုင်ပါဦးမလဲ... ကြက်တွေ ဘဲတွေ နေ့တိုင်းစားရဖို့ လှည့်စားမဲ့သူတော့ မရှိလောက်ပါဘူး"
သူမက ကျန်းကျန့်အကြောင်း တစ်ခဏမျှ ပြောခဲ့ပါသော်လည်း ထိုလူများ ကျန်းကျန့် ငွေများများ မရှာနိုင်ခဲ့သည်ကို သိသွားကြမည် စိုးသဖြင့် ထပ်မပြောရဲတော့ဘဲ ကျောက်ကျင်းကောဘက်သို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကျင်းကော ကလေး ရှိနေတာ အမှန်ပဲရှင့်... သူက သူ့ကိုယ်သူ အရမ်း ဂရုစိုက်နေရတာလေ... သူစားရတာ မကြိုက်တာ မှန်သမျှ ကျန်းကျန့်ဆီကို ပေးလိုက်တာပဲ... ငါ့ကျင်းကောလေးက တစ်ခါမှ အစားမရွေးခဲ့ဖူးပါဘူးအေ"
"မနေ့က သူ့ခြေထောက်ကို ဆေးဖို့ ရေဆိုရင် ကျန်းကျန့်ကို အိမ်ထဲထိ ခပ်ခိုင်းတာလေ"
"ပြောစမ်းပါဦး... ငါတို့ရွာထဲမှာ ကိုယ်ဝန်ဆောင်နေတဲ့ ဘယ်သူကများ သူ့ထက် ပို နုနယ်နေမှာလဲ"
. . .
ကျန်းကျန့် အိမ်ထဲမှ ထွက်လာသောအခါ ကျောက်လျူ ကြွားဝါနေသည်ကို ကြားလိုက်ရပြီးနောက် သူ့နှလုံးသားလေးက ရုတ်တရက် ပျော်ရွှင်လာခဲ့ရလေသည်။
ကျောက်လျူသည် ကျန်းကျန့်ကို တွေ့သောအခါ အနည်းငယ် ရှက်ရွံ့သွားလေသည်။ သာမန် ယောကျ်ားသားများက အိမ်တွင် မိန်းမများအတွက် တစ်ခုခု လုပ်ပေးရန် ဆန္ဒရှိကြလျှင်တောင် ပြင်ပတွင် မျက်နှာပျက်ရမည် စိုးကြသဖြင့် ထုတ်မပြောချင်ကြပါပေ။
"အမေ... ကျင်းကောက မနုနယ်ပါဘူး... ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ကျွန်တော် လုပ်သင့်တာပါ"
ကျန်းကျန့်က ကျောက်လျူကို ပြုံးပြလိုက်သည်။
ကျောက်လျူက ချက်ချင်းပင် ဝမ်းသာပီတိ ဂွမ်းဆီထိသွားပြီး ကျေနပ်အားရနေသော မျက်နှာဖြင့် ဘေးမှ လူများကို ကြည့်လိုက်လေသည်။
ဘေးပတ်လည်မှ လူများ: “. . .”
ဘာတွေ ဒီလောက် ဂုဏ်ဆာနေရတာလဲ... ကျန်းကျန့်က ကျောက်ကျင်းကော ကျေနပ်အောင် ပိုက်ဆံတွေ အများကြီး သုံးပေးခဲ့တာပဲ ဖြစ်ရမယ်...
ရွာသားများမှာ တိတ်ဆိတ်သွားပြီး နှလုံးသားထဲတွင် နာကျင်သွားခဲ့ရလေသည်။
ထိုအချိန်မှပင် ကျောက်လျူက ကျန်းကျန့်အား မေးလိုက်လေသည်။
"ကျန်းကျန့် ဘာလို့ စောစောထလာတာလဲ... ထပ်မအိပ်တော့ဘူးလား"
"ဟယ်ချွန်းရှန့် လာနှိုးတာလေ... ကျွန်တော်တို့သင်္ဘောရောက်ပြီလို့ ပြောတယ်" ကျန်းကျန့်က ပြောလိုက်လေသည်။
“သင်္ဘောလား... ဘာလို့ မမြင်တာလဲ" ကျောက်လျူက သံသယ အပြည့်ဖြင့် မေးလိုက်သည်။ သူတို့ကလည်း မြစ်ဘေးမှာပဲကို ဘာလှေမှ မမြင်ပါဘူး...
"တူးမြောင်းရဲ့ ဟိုဘက်မှာလေ" ကျန်းကျန့်က ကျောက်တဟူ မိသားစုအိမ် ရှိရာဘက်သို့ ထိုးပြလိုက်လေသည်။
လှေပေါ်တွင် ပစ္စည်းများစွာ ပါသည့်အတွက် မနေ့က သေသေချာချာ စဥ်းစားလိုက်ပြီးနောက် ဟယ်ချွန်းရှန့်နှင့် အခြားသူများကို ယနေ့ ခရီးထွက်လာပြီး သင်္ဘောအား ဤနေရာသို့ တန်း၍ ရွက်လွှင့်လာခဲ့ရန် ပြောခဲ့လေသည်။
"ဘာလို့ အဲ့နေရာမှာလဲ... လမ်းမှားသွားတာများလား... မင်းသွားပြီး လှေကို ဒီဘက် ပြန်လှည့်ဖို့ ပြောလိုက်လေ" ကျောက်လျူက ပြောလိုက်သည်။
ကျန်းကျန့်က တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ "မရဘူး... တူးမြောင်းက အရမ်း သေးလွန်းတယ်"
တူးမြောင်းက သေးလွန်းနေတယ်လား...
ကျောက်လျူက သူမ၏ ဘေးမှ တူးမြောင်းကို ကြည့်ကာပဟေဠိ ဖြစ်သွားလေသည်။ ဒီတူးမြောင်းက မသေးပါဘူး... လှေသုံးစင်းလောက် ဘေးချင်းယှဥ် ဖြတ်သွားရင်တောင် ပြဿနာ ရှိမှာ မဟုတ်လောက်ဘူး...
ကျောက်လျူ တွေဝေစဥ်းစားနေစဥ်မှာပင် ဟယ့်ရှီရွာထဲမှ ကျန်းကျန့်၏ လူများအားလုံး ရောက်ချလာပြီး ချောင်းထုန်ရွာနှင့် စီရင်စုမြို့တွင် နေထိုင်ကြသူများပါ ရောက်လာခဲ့ကြသည်။
ထိုလူများ ကျန်းကျန့်နှင့် ထွက်သွားကြပြီးနောက် သူတို့၏ အရှိန်အဝါကလည်း ပြောင်းလဲသွားကြလေသည်။ သူတို့က ကောင်းကောင်း စားသောက်ကြရသည့်အတွက် သူတို့အားလုံး အလွန်သန်မာလာခဲ့ကြလေသည်။ ယခုတွင် အတူတကွ မတ်တပ်ရပ်နေကြသည့်အတွက် လူအများကို ဖိအားအကြီးကြီး ပေးနေကြပြီး ပြောစရာ မလိုအောင်ပင် ကျန်းကျန့်ကို တွေ့သောအခါ သူတို့၏ ပါးစပ်များကို ဖွင့်ကာ တညီတညွတ်တည်း အော်ဟစ်လာခဲ့ကြလေသည်။
"ဘောစ့်ကို နှုတ်ဆက်ပါတယ်"
သူတို့၏ အသံများက ကျယ်လွန်းသည့်အတွက် ကျောက်လျူကို ထိတ်လန့်သွားစေသည်။
"အင်း... အင်း" ကျန်းကျန့်က သူတို့ကို ခေါင်းငြိမ့်ပြလိုက်ပြီး မြစ်ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
"မင်းတို့ သွားနှင့်ကြ"
"ဟုတ်ကဲ့ဘောစ့်" လူတိုင်းက တညီတညွှတ်တည်း တုန့်ပြန်လိုက်ကြပြီးနောက် ဟယ်ချွန်းရှန့်က အော်ဟစ်လိုက်လေသည်။
"ပြေးမယ်... သွားကြစို့" ဟယ်ချွန်းရှန့်၏ စကားအဆုံးတွင် ထိုလူများမှာ ထိုအကွာအဝေးဆီသို့ အစဥ်လိုက်အတိုင်း ပြေးသွားကြလေသည်။
ကျောက်လျူက ထိုမြင်ကွင်းကြောင့် လွှမ်းမိုးခံလိုက်ရသော်လည်း မကြာမီပင် ပို၍ ဂုဏ်ယူဝံ့ကြွားလာလေတော့သည်။ သူတို့တွေက ကျန်းကျန့်ရဲ့ လူတွေပဲ... ဒါပေမယ့် မြစ်ဆီကို ပြေးသွားပြီး ဘာလုပ်ကြမလို့လဲ...
"အမေ... အဲ့ဘက်ကို ကျွန်တော်နဲ့အတူတူ သွားကြည့်ကြမလား" ကျန်းကျန့်က မေးလိုက်လေသည်။
"အမေ ဆန်ဆေးနေတာ" ကျောက်လျူက ပြောလိုက်လေသည်။
"အဒေါ်... ကျွန်တော့်အမေရဲ့ ဆန်တွေကို ပြန်ယူသွားပေးလို့ရမလား"
ကျန်းကျန့်က ကျောက်လျူလက်ထဲမှ ဝါးဇကာလေးကို ယူလိုက်ပြီး ဆန်ဆေးနေသည့် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ယောက်ကို ပေးလိုက်သည်။
ဤကာလများတွင် လူများက ဆန်ဖွပ်သောအခါ အခွံများစွာ ကျန်နေခဲ့ကြသဖြင့် ဆန်ဆေးရန်အတွက် ရေထဲတွင် စိမ်ထားပြီး စပါးခွံများ မျောပါသွားစေရန် လုပ်ပေးရသည်။
"သြော်..." ထိုအမျိုးသမီးက ပြန်ဖြေလိုက်ပြီး ကျန်းကျန့်၏ လက်ထဲမှ ဝါးဇကာကို အမှတ်တမဲ့ လှမ်းယူမိသွားသည်။
"ကျေးဇူးပါ" ကျန်းကျန့်က ပြောလိုက်သည်။
ဤကျေးလက်ဒေသတွင် လူအချို့ကသာ လေးလေးနက်နက် ကျေးဇူးတင်စကား ပြောတတ်ကြသည်။ အထူးသဖြင့် ယခုလောလောဆယ် ကျော်ကြားနေသည့် ကျန်းကျန့်ပင်... ဝါးဇကာ ကိုင်ထားသည့် အမျိုးသမီးမှာ တစ်ခဏမျှ ကြက်သေသေသွားလေသည်။ ကျန်းကျန့် ကျောက်လျူနှင့် ထွက်သွားလေပြီကို တွေ့လိုက်ရသောအခါ သူမဘေးမှ လူများကို ပြောလိုက်လေသည်။
"နင်တို့ရော ကြားလိုက်လား... ကျန်းကျန့် ငါ့ကို ကျေးဇူးတင်သွားတယ်"
"ငါလည်း ကြားလိုက်တယ်" သူမဘေးမှ ယောကျ်ားတစ်ယောက်က ပြောလေသည်။
ကျန်းကျန့်က လုံးဝကြောက်စရာ ကောင်းမနေပေ။ အမှန်တွင် သူက ယုံကြည်ရသည်ဟု လူအများကို ခံစားရစေရန် လုပ်နိုင်သူ ဖြစ်သည်။
ပထမတွင် သူတို့က ကျောက်လျူ၏ စကားများအရ ကျန်းကျန့် ကျောက်ကျင်းကောအား မည်မျှ ချစ်မြတ်နိုးပြီး သူတို့အပေါ် မည်မျှ ကောင်းကြောင်းကြားခဲ့ရသော်လည်း သူမက ကြွားဝါ ပြောဆိုနေသည်ဟုသာ တွေးခဲ့ကြသော်လည်း ကျန်းကျန့်က ယခုတွင် ပြုံးပြနေခဲ့သည်။ ကျောက်လျူ မလိမ်ခဲ့ဘူး ထင်တယ်...
"သူတို့အားလုံး မြစ်ဘက်ကို သွားကြတာ... ဘာရှိမယ် ထင်လဲ"
"ငါတို့လည်း သွားကြည့်ရအောင်လေ"
"ကောင်းပြီလေ... သွားကြည့်ကြတာပေါ့"
. . .