Chapter 132
ကျန်းရှောင်မိန်အား ဝယ်ယူခြင်း
"အခု ညီမလေးကို အဲ့ကောင် ကျန်းကျန့်က ခေါ်သွားပြီ... နှစ်ရက်အတွင်း အကြွေးဆပ်ရမဲ့ အချိန် ရောက်တော့မယ်... အဖေနဲ့ အမေ ကျွန်တော် ခွဲထွက်ချင်တယ်" ကျန်းချောင်ရှန့်က ရုတ်တရက် ကောက်ပြောလိုက်သည်။
"ခွဲထွက်မယ်..." သားသတ်သမားကျန်းက ကြက်သေသေသွားလေသည်။
"အမေနဲ့ အဖေ... ကျွန်တော်တို့သာ မိသားစုကို ဒုတိယအစ်ကိုဆီကနေ ခွဲထွက်ပြီးလို့ အမေတို့ ကျွန်တော့်နောက် လိုက်မယ် ဆိုရင် ကောင်းကောင်းမွန်မွန် နေရလိမ့်မယ်... မဟုတ်ရင် အားလုံးအတူတူ လေပဲစားကြရတော့မယ်"
ကျန်းချောင်ရှန့်က ပြောလိုက်သည်။ မိသားစု မခွဲထွက်ခင် ကျန်းချောင်ဝမ်အား အကြွေးဆပ်နိုင်ရန် ကူညီပေးလိုက်ပါက နောက်ပိုင်းတွင် သူ့အတွက် ဘာကိုမှ ရနိုင်တော့မည် မဟုတ်ဟု ခံစားရသည်။ သူက မိသားစုကို အခုချက်ချင်း ခွဲလိုက်ပြီး ကျန်းချောင်ဝမ်ကိုလည်း သူ့ဝေစုကို ရောင်းချကာ အကြွေးဆပ်ခိုင်းလိုက်မည်။
"မရဘူး... ကျန်းချောင်ရှန့်... နင်က အတော် ကြောက်စရာ ကောင်းတာပဲ... နင်က နင့်အစ်ကိုကို သတ်ဖို့လုပ်နေတာ"
ဟွမ်မင်က ရုတ်တရက်ဆိုသလို ခုန်ထွက်လာခဲ့လေသည်။ လက်ရှိတွင် မိသားစု ခွဲလိုက်ရမည် ဆိုပါက ကျန်းချောင်ဝမ် ရမည့် မြေများမှာ ရောင်းချ၍ အကြွေးဆပ်ပြီးသွားလျှင် မည်သည်မှပင် ကျန်တော့မည် မဟုတ်ဟု ခန့်မှန်းနိုင်ပေသည်။ နောက်ဆို သူတို့ ဘယ်မှာ သွားနေကြရတော့မလဲ...
"သူနဲ့ အတူ တစ်မိသားစုလုံး ဆွဲချရတော့မှာလား... ငွေစတစ်ရာ့သုံးဆယ်က နည်းတဲ့ ပမာဏမှ မဟုတ်တာ" ကျန်းချောင်ရှန့်က ပြောလိုက်သည်။
"ငါတို့ မိသားစုက ငွေမတတ်နိုင်တော့လို့လား.. ကျန်းချောင်ရှန့်... နင်က တော်တော့်ကို ရက်စက်နေတာပဲ" ဟွမ်မင်က မြေပေါ်သို့ ထိုင်ချကာ ငိုယိုလေတော့သည်။ "မိသားစု ခွဲချင်ရင် ရတယ်လေ... မနက်ဖြန် ငါ့ကိုယ်ငါ အိမ်တံခါးမှမှာ ချိတ်ထားပြီး လူတိုင်းကို နင်က နင့်ရဲ့ ကိုယ်ဝန်သည်မရီးကို သေအောင် တွန်းအားပေးခဲ့တယ်လို့ သိအောင် လုပ်ဦးမှာ"
ဒါပေါ့... ဟွမ်မင်ကတော့ ဘယ်သေချင်ပါ့မလဲ... သို့သော်ငြား သူမက လူအများကို သူမ၏ သေခြင်းတရားနှင့် ချိန်းခြောက်နေဆဲ။
ကျန်းချောင်ဝမ်က အလွန် ပျင်းရိတတ်သော်လည်း သူ့ဇနီးအပေါ် ကောင်းပေးနေဆဲ ဖြစ်သည်။ ထပ်ရှိသေးသည်မှာ ဤအချိန် မိသားစုကို ခွဲလိုက်ရပါက သူ့ဘဝ ပြီးဆုံးသွားလိမ့်မည် ဖြစ်ကြောင်းကိုလည်း သိနေခဲ့သည်။ သူက ကျန်းချောင်ရှန့်ကို တန်း၍ လက်သီးနှင့် ထိုးလိုက်ပြီး ကျန်းချောင်ရှန့်ကလည်း ကျန်းချောင်ဝမ်ကို ပြန်ရိုက်သည်။ ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့က စတင် တိုက်ခိုက်ကြလေတော့သည်။
ကျူးရှုဖန် ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ မျက်နှာ တည်တည်ဖြင့် သူမ၏ အခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူမက ကျန်းချောင်ရှန့်ကို လက်ထပ်မိသည့်အတွက် နောင်တရနေသည်။ သို့သော်လည်း ကြီးထွားနေသော သူမ၏ ဝမ်းဗိုက်ကို ကြည့်လိုက်မိသည့်အခါ ကျူးရှုဖန်မှာ တောင့်ခံရုံသာ တတ်နိုင်လေတော့သည်။
လူများက တစ်ကိုယ်ကောင်းဆန်တတ်ကြပြီး သူမကလည်း သူမ၏ ကလေးကို ဂရုစိုက်ရဦးမည်ပင်။ ကျူးရှုဖန်က အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် ပစ္စည်း အနည်းငယ် ထုပ်ပိုးကာ သားသတ်သမားကျန်းကို သားနှစ်ယောက်အား ခွဲထုတ်ပေးရန်အတွက် သူမ၏ မိသားစုကို တွန်းအားပေးစေရန် ရည်ရွယ်၍ သူမမိသားစုအိမ်သို့ ပြန်သွားခဲ့လေသည်။ သူမကလည်း ကျန်းချောင်ဝမ်နှင့် ဟွမ်မင်တို့ကို ထပ်ပြီး မလိုချင်တော့ပေ။
သို့သော်ငြား သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့ကမူ သူတို့နောက်သို့ လိုက်နိုင်ကြသည်။ အကြောင်းမှာ သူတို့နှစ်ယောက်လုံးက အချိန်အကြာကြီး အလုပ်ဆက်လုပ်ရန် ခွန်အားရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ကျန်းမိသားစုက ပွက်လောရိုက်နေခဲ့ကြပြီး မကြာမီမှာပင် ဘေးပတ်လည်မှ လူများအား အရှုပ်တော်ပုံကို လာကြည့်ကြရန် ဆွဲဆောင်မိသွားလေသည်။ လူများမှာ ကျန်းမိသားစု၏ ထိုပြဇာတ်ကို ကြည့်ကာ ခံစားချက်အမျိုးမျိုး ဖြစ်နေကြသည်။
"အရင်က ကျန်းကျန့် မိသားစုထဲ ရှိနေတုန်းက သူတို့ ကောင်းကောင်း မွန်မွန် နေခဲ့ရသေးတယ်... အခု ကြည့်စမ်းပါအုံး... ဘယ်လောက်ကြာသေးလို့လဲ..."
"တကယ်တော့ ငါအရင်ကတည်းက ပြောချင်နေတာ... ကျန်းမိသားစုရဲ့ သားသုံးယောက်ထဲမှာ အကြီးဆုံးသား တစ်ယောက်တည်းကပဲ အလုပ်လုပ်နိုင်တာ"
"နောက်ဆို ကျန်းမိသားစု ပြိုလဲသွားမှာကိုတောင် စိုးရိမ်ရတယ်...
"အဲ့ဒီကျန်းကျန့်က... သူက တကယ် ကောင်းချီးပေးခံရတာပဲလို့ ပြောလို့ ရတယ်"
"ကျန်းကျန့်က ကောင်းချီးပေးခံရတယ်ဆိုတာလည်း မှန်ချင်မှ မှန်မယ်... ဒီတစ်ခေါက် ထွက်သွားတုန်းက အန္တရာယ်နဲ့ ကြုံခဲ့ရသေးတယ်မလား"
"သူတို့ ပင်လယ်ဓါးပြတွေနဲ့ တွေ့ပြီး လီယွမ် သေသွားတယ်လေ"
"အပြင်ကို ထွက်သွားကြတဲ့ သူတွေ ဘာပစ္စည်းမှ ပြန်ယူမလာနိုင်ကြဘူး... သူတို့ ပိုက်ဆံ ရှာမလာနိုင်မှာကို စိုးရိမ်မိပါရဲ့"
"ယောကျ်ားတွေ အတွက်ကတော့ မြေဝယ်ပြီး စိုက်ပျိုးရေး လုပ်တာ အကောင်းဆုံးပဲ... လက်တွေ့ကျကျ အလုပ်လုပ်တတ်ဖို့ လိုတယ်... စီးပွားရေး လုပ်တဲ့အခါ ပိုက်ဆံတွေ အကုန်လုံးကိုလည်း မတော်တဆ ဆုံးရှုံးသွားနိုင်တယ်လေ"
. . .
ကျေးလက်တွင် လူများက ပိုက်ဆံကို တိုးတိုးတိတ်တိတ် သိမ်းထားရမည်ဟု ယုံကြည်ကြပြီး ထိုသို့ မလုပ်ပါက တစ်ယောက်ယောက်က လာခိုးနိုင်ပေသည်။ ထိုအကြောင်းကြောင့် ကျန်းမင်နှင့် အခြားသူများက ပိုက်ဆံမြောက်များစွာ ရခဲ့ကြသော်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ စကားတစ်ခွန်းမှ မဟခဲ့ကြသဖြင့် ရွာထဲမှ လူများမှာ ကျန်းကျန့်၏ ခရီးစဥ်က အဆင်ပြေခဲ့မည်မဟုတ်ဟု ယုံကြည်နေခဲ့ကြသည်။
ကျန်းကျန့်သည်လည်း ကျန်းမိသားစု အရေးကိစ္စများအကြောင်း ကြားခဲ့သည်။ ကျန်းဖျင်၏ အိမ်က ကျန်းမိသားစုနှင့် မဝေးလေရာ ကျန်းမင်က ကျန်းမိသားစု၏ အခြေအနေကို မြင်သောအခါ ကျန်းကျန့်ထံ ရောက်လာပြီး ထိုအကြောင်းကို ခရေစေ့တွင်းကျ ပြောပြပေးခဲ့သည်။
"ဒီလူတွေကတော့..."ကျန်းကျန့်က အေးတိအေးစက် နှာမှုတ်လိုက်သည်။
အကြောင်းအရင်းတစ်ချက်အရ ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့ ကိုယ်၌က ထိုမျှလောက်ထိ ဆိုးသွမ်းရန် မလိုအပ်ပါသော်လည်း ထိုသူတို့မှာ အဘွားကြီးကျန်းထံမှ သံသယမရှိ အလိုလိုက်ခံထားရခြင်းပါပင်။
လယ်ထဲတွင် လုပ်စရာ အလုပ်များစွာ ရှိသော်လည်း အဘွားကြီးကျန်းမှာ ထိုသူတို့အား တစ်ခါမှ အလုပ်မခိုင်းခဲ့ဘဲ သူ(ကျန်းကျန့်)တစ်ယောက်တည်းကိုသာ လုပ်ခိုင်းခဲ့သည်။ ခေတ်သစ်တွင် အချို့မိသားစုများက မိန်းကလေးများထက် ယောကျ်ားလေးများကို ပိုလိုချင်ကြပြီး သူတို့၏ သားများ လုပ်စရာ မရှိချိန်တွင် မိန်းကလေးများကို ခိုင်းစေကြသည်။ သူတို့၏ အတွေးများက ထိုကဲ့သို့ ဖြစ်နေကြသော်လည်း ထိုမိသားစုမျိုးထဲတွင် ပျိုးထောင်ခံရသော မိန်းကလေးများမှာ အလွန် လုပ်ရည် ကိုင်ရည် ရှိကြပေသည်။ ဒါပေမယ့် သူတို့ပျိုးထောင်ထားတဲ့ သားတွေကရော... အဖုံးဖွင့်ထားတဲ့ ဆီပုလင်းသာ မြေပေါ် မှောက်ကျသွားရင် ဘာမှလုပ်လို့ ရတော့မှာ မဟုတ်ဘူး...
အိမ်တွင် အလုပ်ကြိုးစားတဲ့ အကြီးဆုံးကျန်းမရှိဘဲနဲ့ ဒီလူတွေနဲ့ မိသားစုက ဘယ်လိုလုပ် အသက်ရှင်ကြမှာလဲ...
တချို့ အရာတွေက စောစော အဆုံးသတ်သွားတာ ပိုကောင်းတယ်...
ကျန်းကျန့်က ကျန်းမင်ကို ကြည့်လိုက်သည်။
"မင်း မျက်စိဒေါက်ထောက် ကြည့်ထား... ရန်ဖြစ်လို့ ပြီးလောက်တဲ့ အချိန်ကျရင် ငါ့ကို လာပြော"
"ကောင်းပါပြီ" ကျန်းမင်က ချက်ချင်း ပြေးသွားလေသည်။
ကျန်းကျန့် ပြန်လှည့်ကြည့်လိုက်သောအခါ ကျန်းရှောင်မိန်က ကျန်းမင် ထွက်သွားသည့်ဘက်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဤရွာငယ်လေးထဲတွင် မိသားစုနှစ်စုက တိုက်ရိုက် သွေးသားတော်စပ်မှု မရှိသရွေ့ မျိုးရိုးနာမည် တူသူများ လက်မထပ်ရသည့် ဥပဒေမျိုး မရှိပေ။ ကျန်းမိသားစုနှင့် ကျန်းဖျင်၏ မိသားစုက မသက်ဆိုင်ပေ။
ကျန်းရှောင်မိန်သာ သူ့ကို ကြိုက်ရင်... ကျန်းကျန့်က သူတို့နှစ်ယောက် ပိုမို နီးကပ်သွားစေနိုင်မည့် အခွင့်အရေး အချို့ ဖန်တီးပေးပြီး နှစ်ယောက်သား သင့်တော်မတော် ကြည့်သင့်သည်ဟု တွေးလိုက်သည်။
ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့က သားသတ်သမားကျန်းနှင့် ကျန်းမိသားစု၏ ဆွေမျိုးမိတ်ဆွေအချို့ လာရောက် ဝင်ခွဲလိုက်သည့်အခါမှသာ ရပ်သွားကြသည်။ ကျန်းကျန့် ရောက်လာရန် အချိန်ကျပေပြီ။
ကျန်းကျန့်က ဒီကို ဘာလာလုပ်တာလဲ...
ကျန်းချောင်ဝမ် ကျန်းကျန့်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသတကြီး ကြည့်လာခဲ့သည်။ အဘွားကြီးကျန်းသည်လည်း ခုန်ထွက်လာချင်ပါသော်လည်း ကျန်းကျန့်နောက်တွင် လူများစွာ ရှိနေခဲ့လေသည်။
ကျန်းမင်က ငယ်စဥ်ကတည်းက ကောင်းမွန်သော မိသားစုအခြေအနေတွင် ပျိုးထောင်ခံထားရပြီး လွန်စွာ လိုက်လျောညီထွေနေတတ်သူ ဖြစ်သည်။ သူက စာအုပ်အချို့လည်း ဖတ်ဖူးပြီး ပြဇာတ်ရုံကိုလည်း မကြာခဏ သွားဖူးသည်။ ကျန်းကျန့် ကျန်းအိမ်ထဲသို့ ဝင်လာသည်နှင့် အကောင်းဆုံးခုံကို ရွှေ့လာပေးလေသည်။
"ဘောစ့်... ထိုင်ပါ"
ကျန်းကျန့်က ကြက်သေသေသွားပြီးနောက် ထိုင်ချကာ သူ့လူများကို ဝေ့ဝဲ ကြည့်လိုက်သည့်နောက်တွင် သူ့ရှေ့မှ အနာတရများ ဖူးယောင်ဒဏ်ရာများနှင့် ကျန်းမိသားစုကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့ကိုယ်သူ မြေအောက်ဂိုဏ်မှ ဘောစ့် တစ်ယောက်ဟုပင် ခံစားသွားရလေသည်။
"ခင်ဗျားတို့က ရှောင်မိန်ကို ရောင်းမလို့ဆို... ဟုတ်သလား" ထိုမိသားစုက စကားမပြောသဖြင့် ကျန်းကျန့်ကသာ စပြောလိုက်ရသည်။
"ဘာရောင်းတာလဲ... ငါတို့က သူ့အတွက် ခင်ပွန်းတစ်ယောက် ရှာပေးတာ... သူ့ကို စီရင်စုမြို့ဆီ လွှတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်းလိုက်စမ်းပါ" အဘွားကြီးကျန်းက ပြောလေသည်။
"အပြောကတော့ ချိုနေတာပဲ" ကျန်းကျန့်က ရယ်မောလိုက်လေသည်။
"ကျန်းကျန့် မင်းရဲ့ ညီမကို ပြန်လွှတ်ပေးတာ ကောင်းမယ်နော်... မဟုတ်ရင် ငါက ရမန်ကို သွားပြီး မင်းက ပြန်ပေးဆွဲပြီး လူကုန်ကူးတယ်လို့ တရားစွဲလိုက်မှာ"
ကျန်းချောင်ဝမ်က အလွန် စိတ်လှုပ်ရှားနေပြီး မတ်တပ်ရပ်ပြီး သတိပေးနိုင်ရန်အတွက် သူ့ကိုယ်သူ တွန်းအားပေးလိုက်ရသည်။
ကျန်းရှောင်မိန်သာ ပြန်ရောက်မလာပါက သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က သူ့အား ကျန်းချောင်ရှန့်ထံမှ အမှန်ပင် မိသားစုခွဲထုတ်လိုက်မည်ကို စိုးရိမ်နေရသည်။ သူတို့ မခွဲထွက်လျှင်တောင် ကျန်းရှောင်မိန်ကို ရောင်းမည့်ငွေများ မရှိပါက အနာဂါတ်တွင် သူတို့၏ မိသားစုက သေချာပေါက် ခက်ခဲရပေတော့မည်။
"ကျန်းကျန့်... အရင်ကတော့ မင်းကို တရားစွဲမှာကို မကြောက်လောက်ပေမယ့် အခုကရော... မင်း အရင်ကပြောခဲ့သလို ရမန်ကို သွားပြီး အသတ်ခံဖို့ စိတ်ရှိသေးရဲ့လား... အခုတော့ ပထမဆုံး ကံဆိုးရမဲ့သူက ကျောက်မိသားစုနဲ့ ကျောက်ကျင်းကော ဖြစ်သွားမှာပဲ"
ကျန်းချောင်ဝမ်က ဆက်ပြောလေလေ သူမှန်သည်ဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ သူက ကျန်းကျန့်အား ယခင်ကလောက် မကြောက်မိတော့။
"သူ့ကို သွားရိုက်လိုက်" ကျန်းကျန့်က ကျန်းမင်အား ပြောလိုက်သည်။
ကျန်းမင်က ထသွားပြီး ကျန်းချောင်ဝမ်၏ မျက်နှာကို ရိုက်ကာ နောက်ထပ် ကန်ချက်တစ်ချက်ပင် အဆစ်ပါလိုက်သေးသည်။ ဒီလူရဲ့ စိတ်က မသန့်ရှင်းဘူး... ပထမဆုံး သူက ငွေတွေကို လိမ်ထုတ်သွားတဲ့အပြင် အခု သူ့ညီမအရင်းကိုတောင် ရောင်းချင်နေသေးတယ်... သူက တကယ့်ကို လူ မဟုတ်တော့ဘူး...
ရန်ပွဲကို ဖျန်ဖြေရန် သုတ်သီးသုတ်ပျာ ပြေးလာသော ရွာလူကြီးမှာလည်း ရှက်ရွံ့မှုအပြည့် ဖြစ်သွားလေသည်။ ဒါက... ဘာလို့ သူ့သားကလည်း လူဝင်ရိုက်နေရတာလဲ...
"ပြောစရာ ရှိရင်ရင်..." ကျန်းဖျင်က ပြောလိုက်သည်။
"အဖေ ကျွန်တော်တို့ စကားကောင်းကောင်း ပြောနေကြတာပါ"
ကျန်းမင်က ကျန်းချောင်ဝမ်အား ခပ်ပြုံးပြုံးဖြင့် လွှတ်ပေးလိုက်သည်။
ရမန်ရုံးတော်ကို သွားမည်ဟု ကြွေးကြော်နေသော ကျန်းချောင်ဝမ်မှာ စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
ကျန်းကျန့်က သူ့မိသားစုကို အလွန်အမင်း စိတ်ပျက်နေပြီးသားဖြစ်၍ ထိုလူများကို အချိန်ကုန်ခံကာ စကားပြောမနေတော့ပေ။
"ဟုတ်တယ်... ငါက အရင်လို မဟုတ်တော့ဘူး... ငါက အမြင်ကျယ်တဲ့သူ မဟုတ်ဘူးဆိုတော့... ဒီတစ်ခါ မင်းကို စကားပြောဖို့ လာခဲ့တာပဲ"
ကျန်းကျန့်က ထိုင်ခုံတွင် ထိုင်နေဆဲ ဖြစ်သော်လည်း ကျန်းမိသားစုက ရပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့က ကျန်းကျန့်မှာ သူတို့အား အထင်သေးရှုတ်ချနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ကျန်းကျန့်က ဆက်ပြောလိုက်သည်။
"မင်းတို့က ကျန်းရှောင်မိန်ကို ရောင်းမလို့မလား... တစ်ခြားသူထက် ငါ့ဆီ ရောင်းတာ ပိုကောင်းမယ်... ဒါပေမယ့် ပြီးရင်တော့ ငါ့လိုပဲ သူက မင်းတို့နဲ့ ဘာမှ သက်ဆိုင်မှာ မဟုတ်တော့ဘူး... မင်းတို့နဲ့ ရေစက် ဖြတ်ရမယ်"
"နင်က ကျန်းရှောင်မိန်ကို ဝယ်ချင်တာလား" အဘွားကြီးကျန်းက ခေါင်းမော့၍ ပြောလိုက်သည်။
"ငွေစနှစ်ရာ... နင်ငါ့ကို ငွေစနှစ်ရာ ပေးရမယ်"
"မင်းတို့ ကျန်းချောင်ဝမ်နဲ့ ကျန်းချောင်ရှန့်ကို ရိုက်လိုက်ကြ" ကျန်းကျန့်က ပြောလိုက်သည်။
ကျန်းမင်က အင်္ကျီလက်ကို ဆွဲတင်ကာ ဟယ်ချွန်းရှန့်နှင့်အတူ ရှေ့တက်လာခဲ့လေသည်။
ကျန်းဖျင်: “. . .”
"ငွေစ ငါးဆယ်... ခင်ဗျားတို့ ရောင်းချင်ချင် မရောင်းချင်ချင် ရောင်းရမှာပဲ" ကျန်းကျန့်က တိုက်ရိုက်ပင် ပြောလိုက်သည်။
အမှန်မှာ ကျေးလက်တွင် ကလေးတစ်ယောက်ကို ပျိုးထောင်ရာ၌ ထိုမျှလောက် မကုန်ကျပါပေ။ တူတစ်စုံလောက် တိုးလာရုံသာ ဖြစ်သည်။ ထို့အပြင် ကလေးက အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ်သို့ ရောက်လာသောအခါ အလုပ်စလုပ်နိုင်မည် ဖြစ်သည်။
ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့က ဘယ်တုန်းကမှ အလုပ်မလုပ်ခဲ့ရပါသော်လည်း ကျန်းရှောင်မိန်ကမူ ငယ်စဥ်ကတည်းက ချက်ပြုတ်ခြင်းနှင့် အဝတ်လျှော်ဖွပ်ရာတို့၌ အဘွားကြီးကျန်းကို ကူညီပေးခဲ့ရသည်။ နောက်ပိုင်းတွင် သူမက အိမ်ရှိ ကြက်ဘဲများကို တာဝန်ယူရသဖြင့် လယ်ကွင်းထဲ၌ အလုပ်လုပ်စရာ မလိုခဲ့ပေ။ ထို့ကြောင့် ကျန်းရှောင်မိန်ကို ပျိုးထောင်ရာ၌ ကျန်းမိသားစုက သေချာပေါက် ငွေစ ငါးဆယ် ကုန်ကျမည် မဟုတ်ပေ။
ယခုလက်ရှိတွင် အဘွားကြီးကျန်းမှာ စျေးကို ထပ်တိုးလိုက်ချင်ပါသော်လည်း သူမ၏ သားနှစ်ယောက်အား မည်သို့ ရိုက်ခွင့် ပေးနိုင်ပါမည်နည်း။
"ရောင်းမှာလား မရောင်းဘူးလား"ကျန်းကျန့်က မေးလိုက်သည်။
အဘွားကြီးကျန်းက နောက်ဆုံးတွင် သဘောတူလိုက်လေသည်။ "ရောင်းမယ်"
ကျန်းကျန့် ထိုစကားများကို ကြားသောအခါ ကျန်းမင်ကို ပြောလိုက်သည်။ "ရပြီ... မင်းတို့ ရပ်တော့"
ရွာလူကြီး ကျန်းဖျင်က ထိုလူများ နောက်ဆုံးတွင် အတိုက်အခိုက် ရပ်သွားကြသည်ကို မြင်သောအခါမှသာ သက်ပြင်းချလိုက်လေသည်။ ထိုအချိန်မှာပင် ကျန်းကျန့်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
"ရွာလူကြီး... ဒီကိစ္စမှာ သက်သေခံ လုပ်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ"
ကျန်းဖျင်: “. . .”
ဒီကျန်းမိသားစုက ကိုင်တွယ်ဖို့ မလွယ်ဘူး... ကျန်းရှောင်မိန်ကို သူတို့ဆီက ဝယ်လိုက်လို့ သူ့ဆီမှာ စာရွက်စာတမ်း မရှိရင် သေချာပေါက် လှည့်ဖျားပြီးတော့ အကြွေးကို ငြင်းဆန်မှာ အသေအချာပဲ... ဒါကြောင့် သူက အရောင်းစာချုပ် လိုချင်နေတာ...
ကျန်းကျန့်က ဤတစ်ကြိမ်တွင် အရောင်းစာချုပ်အကြောင်း မပြောခဲ့သော်လည်း ကျန်းဖျင်က ၎င်းကို မြင်ဖူးထားပြီးသား ဖြစ်နေသည်။ သူက ကျန်းမိသားစုနှင့် ဆွေးနွေးကာ ကျန်းကျန့်နှင့် အတည်ပြုလိုက်ပြီးနောက် အရောင်းစာချုပ်ကို ခပ်မြန်မြန် ချရေးလေတော့သည်။
၎င်းမှာ ဤသို့ ဖြစ်သည်။
"ကျန်းချောင်ဝမ်တွင် ရှောင်မိန် အမည်ရသည့် ဆယ့်ခြောက်နှစ်အရွယ် ညီမတစ်ယောက် ရှိပြီး သူ(မ)က သူ(မ)ကိုယ် သူ(မ) ကျောက်ကျင်းကောထံမှာ အစေခံ အဖြစ် ရောင်းချရန် ဆန္ဒရှိနေပါသည်"
ထိုသို့လည်း ပြောထားသေးသည်။ "ရောင်းစျေးက ငွေစ ငါးဆယ်ဖြစ်ပြီး... ပြဿနာ တစ်ခုခု ရှိလာခဲ့ပါက ကြားခံလူကသာ လူကို စီမံခန့်ခွဲပါမည်... ထိုသူ(ကြားခံလူ)ဟာ ဝယ်သူနှင့် မည်သို့မှ သက်ဆိုင်မည် မဟုတ်ပါ... အခြားသော သက်သေခံနည်းလမ်းများ မရှိသဖြင့် စာချုပ်ကို ရောင်းသူက လက်မှတ်ထိုးပြီး ဝယ်သူက ထိန်းသိမ်းထားပါမည်"
ရောင်းချသူ: ကျန်းချောင်ဝမ်
ကြားခံလူ: ကျန်းဖျင်၊ ဟယ်ချွန်းရှန့်
စာရေးသူ: ကျန်းချောင်ရှန့်
......
စာရေးသူမှာ ပြောစရာ ရှိပါတယ်...
အရောင်းစာချုပ်ပုံစံကို ပိုင်တုကနေ ရှာ copy paste လုပ်ပြီး ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်...
ရှေးခေတ်မှာ ချိန်တွယ်ဖို့အတွက် နည်းလမ်း ဆယ့်ခြောက်မျိုး ရှိပေမယ့် ဒီဝတ္ထုအတွက် ငွေဆယ်စ= တစ်ကျင်း= ငါးရာဂရမ် ဆိုပြီး တစ်သတ်မှတ်တည်း လုပ်ထားလိုက်ပါတယ်
နောက်ဆုံးတော့ ငွေစအကြောင်း ပြောရအောင်...
ဒီဝတ္ထုက စိတ်ကူးယဥ်အမျိုးအစား ဖြစ်ပေမယ့် မင်နဲ့ ချင်မင်းဆက်ကို ကိုးကားထားတာ ဖြစ်ပါတယ်... အမှန်တော့ မင်နဲ့ ချင် မျိုးဆက်မှာ ငွေ(silver)တွေအများကြီးမှ အများကြီး ရှိတဲ့အတွက် လယ်သမား မိသားစုကတောင် ပိုက်ဆံရှာနိုင်ပါတယ်... လယ်သမားတွေ အပြင် အရာရှိများစွာကလည်း အိမ်ထဲမှာ ငွေချောင်းတွေ သန်းချီပြီး မြှုပ်ထားနိုင်ကြပါတယ်... ဆားကုန်သည်တွေက ပိုပြီး ငွေရှာနိုင်ကြပါသေးတယ်... တောင်ဘက်က ဆားကုန်သည်ကြီးတွေအတွက်တော့ ပြောစရာတောင် မလိုလောက်ပါဘူးနော်... အဲ့အချိန်တုန်းက တစ်ကမ္ဘာလုံးက ပိုက်ဆံတွေအားလုံးက တရုတ်ကို စီးဆင်းနေကြတဲ့အချိန်ပါ..
ဒါကြောင့် ကျန်းကျန့်က လက်ရှိမှာ တကယ် ကြွယ်ဝသေးတာ မဟုတ်ပါဘူး... မိသားစုအသုံးစရိတ်အတွက် တစ်နှစ်ကို ငွေစ တစ်သိန်းလောက်သုံးတဲ့ ချမ်းသာတဲ့ ကုန်သည်တွေ ရှိနေပါသေးတယ်... ဒါပေမယ့် ကုန်သည်ကြီးတွေ အရာရှိကြီးတွေ ဘယ်လောက် ချမ်းသာသာ သာမန်လူတွေက ဆင်းရဲနေကြတုန်းပါပဲ..🥲