Chapter 131
ကျန်းရှောင်မိန်အား ဝယ်ယူခြင်း
ယနေ့တွင် ကျန်းရှောင်မိန်က အတိတ်ကနှင့် အမှန်ပင် ကွဲပြားနေခဲ့လေသည်။
ကျန်းကျန့် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာစဥ်က ကျန်းရှောင်မိန်မှာ ဟယ့်ရှီရွာတွင် စင်ကြယ် လှပ၍ နာမည်ကျော်လှသော မိန်းမလှလေး တစ်ယောက် ဖြစ်ခဲ့သည်။ သူမ၏ လက်များနှင့် မျက်နှာတို့မှာ ဖြူစင် သန့်ရှင်းနေတတ်ပါသော်လည်း ဤအခိုက်တွင်... သူမ၏ ဆံပင်များက ရှုပ်ထွေးနေပြီး လက်များကလည်း ပိုကြမ်းလာကာ အတော်လေး ဝိတ်ကျသွားခဲ့လေသည်။ သူမက ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်မျှသာ ရှိသေးသဖြင့် ဆက်ပြီး ဖွံ့ဖြိုးနေသင့်ပါသော်လည်း ယခုတွင်မူ သူမ၏ မူလ အဝတ်အစားတို့မှာ သူမ၏ ကိုယ်နှင့်စာလျှင် အတော်လေးကြီးကာ ပွယောင်းနေပုံပေါ်လေသည်။
ကျန်းကျန့်က ကျန်းရှောင်မိန်၏ ပုံစံကို ကြည့်ကာ သူမ၏ အခြေအနေကို စောစော သတိမပြုမိခဲ့သည့်အတွက် နောင်တရသွားခဲ့သည်။ သို့သော်လည်း သူက လပေါင်းများစွာ မရှိခဲ့သည့်အတွက်ကြောင့် သူမ၏ အခြေအနေကို ဂရုစိုက်ပေးချင်လျှင်တောင် လုပ်နိုင်မည် မဟုတ်။ ယခင်က အဖြစ်အပျက်များကို တွေးနေမည့်အစား ယခုလက်ရှိတွင် မည်ကဲ့သို့ ဖြေရှင်းပေးရမည်ကိုသာ တွေးတောသင့်ပေသည်။
ကျန်းရှောင်မိန်ကို ပြန်သွားခွင့်ပြုလိုက်ရန် သေချာပေါက် မဖြစ်ပေ။ သူသာ ခွင့်ပြုလိုက်ပါက သူပြန်မလှည့်ခင်မှာပင် ကျန်းမိသားစုထံမှ ထပ်ပြီး ရောင်းစားခံရပေလိမ့်မည်။
ကျန်းရှောင်မိန်က သူအသုံးပြုခဲ့သည့် လှည့်ကွက်များကို မသုံးနိုင်ပေ။ ပြီးနောက် ယခုလောလောဆယ်တွင် သူမ လုပ်နိုင်မည့် မည်သည့် နည်းလမ်းမှ ရှိမနေပါပေ။
ထိုအကြောင်းကြောင့် သူက ကျန်းရှောင်မိန်အား ကျန်းမိသားစုထံမှ ခေါ်ထုတ်လာချင်ခဲ့သည်။
ကျန်းကျန့် သည် ကျန်းမိသားစုမှ ကျန်းရှောင်မိန်ကို ခေါ်ထုတ်လာနိုင်မည့် အကောင်းဆုံး နည်းလမ်းမှာ ကျန်းရှောင်မိန်အတွက် ယောကျာ်းတစ်ယောက် ရှာပေးခြင်း ဖြစ်ကြောင်း သိနေပေသည်။ သူ့လက်အောက်တွင် လက်မထပ်ရသေးသူ များစွာ ရှိနေသည်။ သူသာ ကျန်းရှောင်မိန်ကို ထိုလူများထဲမှ တစ်ယောက်နှင့် လက်ထပ်ပေးလိုက်ပါက သူတို့အားလုံး ကျေနပ်ကြပေလိမ့်မည်။ သူက သူတို့ထဲမှ တစ်ယောက်ကို ရွေးချယ်ကာ ထိုသူအား ကျန်းရှောင်မိန်ကို လက်ထပ်ရန်အတွက် ကျန်းအိမ်သို့ တင်တောင်းငွေ သွားပေးခိုင်းလိုက်ရုံသာ ဖြစ်သည်။ ကျန်းမိသားစုက ယခုတွင် ငွေပြတ်လပ်နေသည့်အတွက် သေချာပေါက် သဘောတူကြပေလိမ့်မည်။
သို့သော်လည်း ၎င်းက ရှေးခေတ် ဖြစ်ပြီး ခေတ်သစ်ကာလ မဟုတ်ပေ။ ခေတ်သစ်တွင် လက်ထပ်ခြင်းက မလွယ်ကူလှပေ။ ကွာရှင်းခြင်းနှင့် ပြန်လည်လက်ထပ်ခြင်းတို့ကလည်း အတော်လေး ဖြစ်ပွားကြသည်။ သို့သော် ယခုခေတ်တွင် တစ်ယောက်ယောက်ကို လက်ထပ်ခြင်းက အခြေခံအားဖြင့် တစ်သက်တာ စာချုပ် ဖြစ်သည်။ သူကသာ ကျန်းရှောင်မိန်အတွက် ထိုဆုံးဖြတ်ချက် ချပေးပြီး သူမကို လက်ထပ်ရန်အတွက် ထောက်ပံ့ပေးခဲ့ပါက လက်တွေ့တွင် ကျန်းရှောင်မိန်က သူရွေးပေးသည့်လူကို မကြိုက်ခဲ့ပါလျှင် ၎င်းကို သည်းခံရန်အတွက် သူမကိုယ်သူမ တွန်းအားပေးနေရပေမည်။
ကျန်းကျန့်က အခြားသူများ၏ အိမ်ထောင်ရေးကို စီစဥ်ပေးရမည် မဆိုထားနှင့် စီစဥ်ထားသော လက်ထပ်ပွဲများကိုပင် သဘောမကျပေ။
"မင်းမှာ အခု ရွေးစရာ နှစ်ခု ရှိတယ်" ကျန်းကျန့်က ကျန်းရှောင်မိန်အား ကြည့်လိုက်သည်။
"ဘာများလဲ"
ကျန်းရှောင်မိန်က အမှတ်တမဲ့ မေးလိုက်မိပြီး ကျန်းကျန့်ကို မလွယ်ကူဟန်ဖြင့် ကြည့်လိုက်သည်။ ထိုအချိန်မှာပင် ကျန်းကျန့်က သူမကို စိုက်ကြည့်နေသည့်အတွက် သူမကို အနည်းငယ် ကြောက်လန့်သွားစေသည်။
"အရင်ဆုံး... မင်းကြိုက်တဲ့ ယောကျ်ားတစ်ယောက်ကို မြန်မြန်လေး ရွေးလိုက်... ငါ မင်းကို သူနဲ့ လက်ထပ်ပေးမယ်... ရွာထဲမှာ မင်းကြိုက်နေတဲ့သူ ရှိလား.... ဒါမှမဟုတ်... မင်းမှာ ဟယ်ချွန်းရှန့် ဖြစ်ဖြစ် ကျန်းမင်ဖြစ်ဖြစ် သူတို့အပေါ် အမြင်ကောင်းရှိလား... သူတို့ကို မင်းအတွက် မေးပေးရမလား" ကျန်းကျန့်က ပြောလိုက်သည်။
ကျန်းရှောင်မိန်က အနည်းငယ် ပျာယာခတ်သွားလေသည်။ ရွာထဲမှ လူများက စောစော လက်ထပ်ကြသည့်အတွက် သူမသည်လည်း လက်ထပ်ဖို့အကြောင်း တွေးထားပြီးသား ဖြစ်သည်။ သူမသည်လည်း သူမ သိနေသည့် ယောကျ်ားအချို့အပေါ် ခံစားချက်ကောင်း ရှိပါ၏။ ဥပမာအားဖြင့် ရွာလူကြီး၏ မိသားစုမှ ကျန်းမင်ကို သူမ အလွန် သဘောကျသည်။ သို့သော်လည်း ဤအခြေအနေများ အောက်တွင် ရုတ်တရက် လက်ထပ်လိုက်ရခြင်းကိုမူ မသက်မသာ ခံစားရပေသည်။
သူမက ကျန်းမင်ကို သဘောကျပေမယ့် ကျန်းမင်ကရော သူမအပေါ် အပြန်အလှန် အနေနဲ့ အမြင်ကောင်း ရှိပါ့မလား...
"ဒုတိယ ရွေးချယ်စရာက ကျောက်ကျင်းကောကို ကျန်းမိသားစုဆီ သွားပြီး မင်းကို ဝယ်ဖို့ ပြောခိုင်းရမလား... ပြီးရင် အရောင်းစာချုပ် လုပ်ခိုင်းလိုက်မယ်... ဒါပေါ့... နောက်ကျရင် အရောင်းစာချုပ်ကို မင်းပဲ သိမ်းထားရမှာ... စိတ်ချထားလို့ရတယ်... ပြီးရင် မင်းလက်ထပ်ချင်တဲ့အခါကျ ဒီမိသားစုထဲကနေပဲ လက်ထပ်လို့ ရတယ်" ကျန်းကျန့်က ပြောလိုက်သည်။
"အစ်ကိုကြီး..." သူမ၏ အစ်ကိုကြီး အလွန် သဘောထားကြီးသည်ကို တွေ့ရသောအခါ ကျန်းရှောင်မိန်မှာ အနည်းငယ် ဆွဲခွာခံလိုက်ရသလိုပါပင်။ ရှေ့မှာ သူမကို လက်ထပ်ပေးမယ် ဆိုရင်လည်း နောက်ကွယ်မှာ ဒီလို တိတ်တိတ်လေး လုပ်ပေးရမှာပါပဲ... သူမရဲ့ အစ်ကိုကြီးက ကျောက်မိသားစုအိမ်ကို လက်ထပ်ပြီး ဝင်သွားရတာ အခုတော့ ဒုက္ခရောက်ရရှာပြီ... ဒါက မကောင်းလောက်ဘူးမလား...
သူမသည်လည်း သူမ၏ အစ်ကိုကြီးက ပြင်ပတွင် ငွေအချို့ ရခဲ့သည်ကို သိနေပါသော်ငြား ငွေစ ငါးဆယ်က သေးငယ်လှသည့် ပမာဏ မဟုတ်ပေ။ ၎င်းက မြေနှစ်ဧကမျှ ဝယ်ယူနိုင်ပေသည်။
"မင်း ဘာလုပ်ချင်လဲ" ကျန်းကျန့်က ထပ်မေးလိုက်သည်။
"အစ်ကိုကြီး... အစ်ကို့မှာ ငွေရှိရဲ့လား" ကျန်းရှောင်မိန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
ကျန်းကျန့်က ကျန်းရှောင်မိန် ထိုအကြောင်းကို စိုးရိမ်နေမည်ဟုပင် မတွေးမိခဲ့သဖြင့် ပြောလိုက်သည်။ "ငွေရှိပါတယ်" ပြီးနောက် သူ့ဘေးမှ အထုပ်နှစ်ထုပ်ကို ဖွင့်ပြလိုက်သည်။
ကျောက်လျူနှင့် ကျောက်ကျင်းကောတို့အတွက် အဝတ်အစားများအပြင် အထုပ်များထဲ၌ ကျောက်မိသားစုထံ ပေးရန် ရည်ရွယ်ထားခဲ့သည့် ငွေစ ရာချီနှင့် တောက်ပြောင်နေပြီး ရွှေဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာ အချို့လည်း ပါဝင်နေပေသည်။
ကျန်းရှောင်မိန်မှာ တစ်ခဏမျှ ကြက်သေသေသွားလေသည်။ အဘွားကြီးကျန်းက သူမကို ငွေ မပြဖူးသဖြင့် ယခင်က သူမလက်ထဲ အများဆုံး ရှိခဲ့သည်မှာ ကြေးပြား အချို့သာ ဖြစ်သည်။ သူမက ထိုမျှလောက် များပြားသော ငွေများကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"အစ်ကိုကြီး ကျွန်မကို ဝယ်လိုက်ပါ" ကျန်းရှောင်မိန်က ချက်ချင်းဆိုသလို ပြောလိုက်သည်။
ကျန်းကျန့်သည်လည်း ၎င်းက အကောင်းဆုံး နည်းလမ်း ဖြစ်မည်ဟု တွေးမိသည်။
"အရင်ဆုံး ကောင်းကောင်း စားပြီး အနားယူလိုက်... မနက်ဖြန် ငါမင်းကို ဝယ်ပေးမယ်"
"ကျေးဇူးတင်ပါတယ်... အစ်ကိုကြီး" ကျန်းရှောင်မိန်က ပြောလိုက်သည်။
ယခင်က ကျန်းကျန့်၏ မြန်ဆန်လွန်းသော ပြောင်းလဲမှုများကို တွေ့ရပြီးနောက် ကျန်းရှောင်မိန်မှာ သူ့အား အနည်းငယ် ကြောက်ရွံ့လာခဲ့ပါသော်လည်း ထိုအခိုက်တွင်... သူမ၏ အစ်ကိုကြီးက ထိုမျှလောက်ထိ ကြောက်ဖို့မကောင်းကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရလေသည်။
ကျောက်မိသားစု၏ အိမ်က သေးငယ်လှသည် ဖြစ်ရာ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က ကျန်းကျန့်နှင့် ကျန်းရှောင်မိန်တို့ကြား စကားဝိုင်းကို အတိုင်းသား ကြားနေရသည်။ သူတို့က ကျန်းကျန့် ကျန်းရှောင်မိန်အား "ဝယ်ယူ"ရာ၌ ငွေသုံးမည့်အပေါ် အဆင်မပြေ မဖြစ်ကြ။
ကျောက်ကျင်းကောက ပြောစရာ မလိုအောင်ပင် ကျန်းကျန့် မည်မျှ ချမ်းသာနေမှန်း အတိအကျသိနေခဲ့သည်။ ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့မှာ စားပွဲပေါ်မှ ငွေများက ကျန်းကျန့်၏ ပိုင်ဆိုင်မှုများဟု တွေးနေကြသော်လည်း ကျန်းကျန့်က ၎င်းတို့ကို အမြတ်အစွန်းအဖြစ် ရရှိခဲ့သည်ကိုလည်း သိနေကြသဖြင့် သူ ထိုငွေများကို အကုန်သုံးပစ်ချင်နေလျှင်တောင် ငွေသုံးခြင်းကို တားရန် အခွင့်မရှိပါပေ။
"ကျင်းကောကို ကလေးရမယ်လို့ မထင်ထားဘူး" ကျောက်လျူက ဟင်းပွဲများကို ပြင်ဆင်နေရင်း သူမ၏ မျက်လုံးများကို တဖျတ်ဖျတ်ခတ်ကာ မျက်ရည်များ မကျမိစေရန် ကြိုးစားနေရှာသည်။
"အခုက စပြီး ငါတို့ရဲ့ နေ့ရက်တွေ ပိုကောင်းလာတော့မှာ" ကျောက်ဖူကွေ့က ဆိုသည်။ ကြက်သတ်နေသော သူ့အမူအယာက အလွန် သပ်ရပ်ပြီး လုံးဝ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းမျိုး မရှိပေ။
"ကျန်းကျန့်ကို မြို့တော်က မှင်စာလိုဟာတွေနဲ့ ချိတ်မိသွားမှာ စိုးနေရတာ... ဒါပေမယ့် အခုတော့ စိတ်ချနိုင်ပါပြီ... သူနဲ့ ကျင်းကောက အရမ်း အဆင်ပြေနေကြတာပဲ" ကျောက်လျူက ထပ်ပြောလိုက်သည်။
"အင်း အင်း" ကျောက်ဖူကွေ့က ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မ ဘဝတော့ ပြည့်စုံသွားပြီ"
"အင်း..အင်း" ကျောက်ဖူကွေ့က ဆက်ပြီး ခေါင်းညိမ့်နေပြန်သည်။
"ရှင်နဲ့ စကားပြောရတာ ကောင်းကို မကောင်းဘူး" ကျောက်လျူက ပြောလိုက်ပြီးနောက် မနက်ဖြန်တွင် အခြားသော ရွာသားများကို ပြောပြနိုင်တော့မည် ဖြစ်ကြောင်း တွေးတောနေလေသည်။
"အပြင်ထွက်ပြီး မဟုတ်တရုတ်တွေ လျှောက်ပြောမနေနဲ့... လီမိသားစုမှာ ဈာပန ရှိနေတာနော်" ကျောက်ဖူကွေ့က ပြောလိုက်သည်။
ကျောက်လျူက အလွန် ပျော်ရွှင်သွားရသဖြင့် လီယွမ်အကြောင်း မေ့သွားခဲ့ရသည်ကို သဘောပေါက် သွားသည့်အခါမှသာ ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။
စားသောက်ဖွယ်ရာများကို နေ့လည်စာအဖြစ် သတ်မှတ်ရပေမည်။ ဟယ့်ရှီရွာထဲမှ လူများက နေ့လည်စာကို ကြုံရာကျပန်း စားကြသော်လည်း ကျောက်မိသားစု၏ အစားအစာများက အလွန်အမင်း ကြီးကျယ်လှပေသည်။
ကြက်သား တစ်ဝက်ကို ပြုတ်ကာ ကျန်တစ်ဝက်ကို နှပ်ထားသည်။ ကျောက်လျူက ရေစည်ပိုင်းအတွင်း မွေးထားသည့် ငါးကြင်းဖြူတစ်ကောင်ကိုလည်း အကြေးခွံများ ထိုးကာ ပေါင်းလိုက်ပြီးနောက် ကြက်စွပ်ပြုတ်ထဲသို့ ထည့်၍ ကြက်သားနှင့်အတူ ထည့်ပြုတ်လိုက်သည်။ ငါးစွပ်ပြုတ်ကို ပျစ်ချွဲလာစေရန် ပြောင်းကော်မှုန့်အချို့ကိုလည်း ထည့်လိုက်လေသည်။
လက်ရှိတွင် ဆောင်းရာသီ ရောက်ရှိနေပြီ ဖြစ်ရာ မြောက်ပိုင်း၌ စားစရာ အသီးအရွက်များစွာ မရှိပါသော်လည်း ဟယ့်ရှီရွာတွင် မြောက်များစွာသော အသီးအရွက်များ ရှင်သန်ကြီးထွားနေကြလေသည်။ အနည်းဆုံး မုန်လာဥဖြူ၊ ပဲကြီးများ၊ ပန်းဂေါ်ဖီနှင့် ဟင်းနုနွယ် အစရှိသည့် အသီးအရွက်စိမ်းများက ရာသီဥတု လုံးလုံးမအေးခဲသွားသည်အထိ ပေါက်ရောက်ကြဦးမည်ပင်။
အသီးအရွက်များကို ရေထဲသို့ ထည့်ကာ ချက်ပြုတ်လိုက်ပါက ထိုမျှလောက် အရသာ ရှိမည် မဟုတ်ပါသော်လည်း ရွာသား တစ်ယောက်ယောက်ကသာ ၎င်းကို ဆီထဲတွင် ထည့်၍ မွှေကြော်ကြော်လိုက်ပါက...
ကျောက်လျူက အသီးအရွက်များကို မွှေကြော်ကြော်လိုက်ပြီး မုန်လာဥများကို တောက်တောက်စင်း၍ နှပ်လိုက်သည်။ ပြီးနောက် အပင်ပေါက်ကာစ ဖြစ်သော ကြက်သွန်ဖြူမြိတ်များကို အပိုင်းပိုင်းလေးများ လှီးကာ ကြက်ဥနှင့် မွှေကြော်ကြော်ပေးလိုက်လေသည်။
ကြက်သားစွပ်ပြုတ်မှတပါး အခြားသော ဟင်းပွဲများအားလုံးကို မြန်မြန် ချက်ပြုတ်ပြီးစီးသွားသည်။ အိမ်ထဲမှ ဒယ်အိုးကြီး နှစ်လုံးကိုသာ မှီခိုနေရသော ကျောက်လျူမှာ မကြာမီပင် ဟင်းပွဲများစွာကို စားပွဲ အပြည့် ဖန်တီးလိုက်ပြီးနောက် စားသောက်ရန် လူတိုင်းကို ဖိတ်ခေါ်လိုက်လေသည်။
"အမေ... ကျွန်တော် ဗိုက်ဆာနေတာ ကြာပြီ" ကျောက်ကျင်းကောက ကျောက်လျူကို ဟင်းပွဲများ ကူညီပြင်ဆင်ပေးရန် သူမနောက်မှ မီးဖိုဆောင်ထဲသို့ ရောက်လာပြီးနောက် မေးလိုက်သည်။
"အမေ... ထမင်း ဘယ်မှာလဲ"
ကြက်စွပ်ပြုတ်အိုးတစ်အိုး... မွှေကြော် တစ်ပန်းကန်... ပြီးတော့... ကျောက်လျူ ထမင်းချက်ရန် မေ့သွားခဲ့လေပြီ...
ကျောက်လျူက တောင့်တင်းသွားပြီးနောက် ချက်ချင်း ပြောလိုက်သည်။ "အမေက သားကို အသီးအရွက်များများ စားနိုင်အောင် ဟင်းတွေ အများကြီး လုပ်ထားတာ.. မြန်မြန်လေး သွားစားပြီး သားအဖေနဲ့ ကျန်းကျန့်အတွက် ဝိုင်ငှဲ့ပေးလိုက်" ပြီးနောက် ကျောက်လျူက ချက်ပြုတ်ရန်အတွက် မြန်မြန်လေး ပြန်ဝင်သွားတော့သည်။
အစပိုင်းတွင် ကျန်းကျန့်က ကျောက်ဖူကွေ့ကို ဝိုင်ပေးခဲ့ပါသော်လည်း ကျောက်ဖူကွေ့က အကုန်မသောက်ခဲ့ဘဲ သိမ်းထားခဲ့သည်။
ထို့ကြောင့် ၎င်းကို ယခုဖွင့်လိုက်ချိန်တွင် ဝိုင်များမှာ ချဥ်သွားခဲ့လေပြီ...
ဝိုင်ကို အချိန်ပိုကြာကြာ သိမ်းထားလေလေ အနံ့အရသာ ပြည့်စုံလေလေ ဖြစ်သော်လည်း ၎င်းကို မဖွင့်မိရန် လိုပေသည်။
အဆုံးတွင် ကျောက်ဖူကွေ့က လက်ဖက်ရည် ပြင်းပြင်း တစ်အိုးခတ်ကာ ကျန်းကျန့်နှင့်အတူ အသီးအရွက်များ စားရင်း လက်ဖက်ရည် သောက်လိုက်ရသည်။ ကျောက်ကျင်းကောနှင့် ကျန်းရှောင်မိန်တို့မှာ ငါးစွပ်ပြုတ် တစ်ပန်းကန်စီ ဖြည့်ကာ တဖြည်းဖြည်း စားနေခဲ့ကြသည်။
ကျန်းကျန့်က မနက်စောစော ရောက်လာခဲ့သည် ဖြစ်၍ အလွန် ဆာလောင်နေပေသည်။ စားပွဲပေါ်တွင် ဟင်းများစွာ ရှိနေသော်လည်း ကျောက်လျူ ရောက်မလာသေး၍ လူတိုင်းက အလုတ်နည်နည်းသာ စားကြပြီး လက်ဖက်ရည် သောက်နေခဲ့ရသည်။ သူက စားလေလေ ပိုပြီးဗိုက်ဆာလာရလေလေသာ ဖြစ်သည်။ ကံအားလျော်စွာဖြင့် ထမင်းချက်ရန် အချိန်များစွာ မယူလိုက်ရပါသော်လည်း သံအိုးထဲမှ ထမင်းများမှာ အချိန်ကြာကြာ ချက်ထားခြင်း မဟုတ်၍ ထမင်းစေ့များက အနည်းငယ် မာနိုင်ဆဲ ဖြစ်သည်။
"ကျင်းကော များများစားနော်... သားက နှစ်ယောက်စာ စားရမှာ"
ကျောက်လျူ စားပွဲသို့ ရောက်လာသောအခါ ကျောက်ကျင်းကောကို များများ ပိုစားရန် တိုက်တွန်းလိုက်ပြီး ကျန်းရှောင်မိန်ကိုလည်း ကြက်ပေါင် တစ်ချောင်း ထည့်ပေးလိုက်သည်။
"ရှောင်မိန်... သမီးလည်း များများစားပိုစားပြီး အရင်က ဖြစ်ခဲ့တာတွေကို မေ့ထားလိုက်တော့"
"အမေ... ကျွန်တော် ဝနေပြီ" ကျောက်ကျင်းကောက ပြောလိုက်ပြီးနောက် ကျန်းရှောင်မိန်အား များများ ပိုစားစေခဲ့သည်။
ကျန်းရှောင်မိန်ကလည်း အတော်လေး စားနိုင်ခဲ့ပါသည်။ သူမက လွန်ခဲ့သည့် နှစ်ရက်အတွင်း နေမကောင်း ဖြစ်ခဲ့ပြီး အလုပ်လုပ်ချင်စိတ် မရှိခဲ့။ သို့သော်လည်း အဘွားကြီးကျန်းက သူမကို နှစ်ရက်တာ အစာငတ်ခံရလိမ့်မည်ဟု ပြောခဲ့သဖြင့် ထလာခဲ့ရသည်။ ပြီးနောက် သူမက ထိုနှစ်ရက်အတွင်း များများစားစား မစားခဲ့ရသဖြင့် အချိန်အတော်ကြာ ဆာလောင်နေခဲ့ရပေသည်။ ထို့အပြင် ကျောက်မိသားစု၏ အစားအသောက်များက အမှန်ပင် အရသာ ရှိလှသည်။
အတိတ်တွင် ကျန်းမိသားစု ချမ်းသာခဲ့စဥ်က အားလပ်ရက်များ၌ အသားစားနိုင်ခဲ့ကြပြီး ကြက်ဥများကိုလည်း အချိန်နှင့်အမျှ စားလေ့ရှိခဲ့ကြသည်။ သို့သော်လည်း အဘွားကြီးကျန်းမှာ အစားအသောက် ပြင်ဆင်ရာ၌ အချိန်များစွာ ကုန်ဆုံးတတ်သူ မဟုတ်ပေ။ ဥပမာအားဖြင့် သူမက ချက်ပြုတ်နေစဥ်အတွင်း ကြက်ဥများကို ပေါင်းခံအိုးထဲသို့ ထည့်ထားလိုက်သည်။ အသားအတွက်ကား ရေထဲသို့ ထည့်၍ ပြုတ်လိုက်သည်ချည်းသာ။
ကျန်းရှောင်မိန်မှာ ကြက်သားနှပ် သို့မဟုတ် ၎င်းနှင့်အလားတူ အစားအသောက်များကို ဘယ်တုန်းကမှ မစားခဲ့ဖူးပါချေ။ အစားအသောက်များများ စားလိုက်ပြီးနောက် ကျန်းရှောင်မိန်က သူမ၏ ပန်းကန်လုံးကို ချကာ ထိုမျှလောက် စားမိလိုက်သည့်အတွက်လည်း တိတ်တဆိတ် နောင်တရသွားခဲ့သည်။
ထိုအချိန်မှာပင် ကျန်းကျန့်က သူမအားနောက်ထပ် ကြက်သားတစ်တုံး ထပ်ထည့်ပေးလာခဲ့လေသည်။
"မင်း စားနိုင်ရင် များများစား" သူမက ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ် အရွယ်သာ ရှိသေးသည့် မိန်းမငယ်လေး ဖြစ်သည်။ သူမက တောက်တောက်ပပ ဝတ်ဆင်ကာ တက်ကြွ၍ ချစ်စဖွယ်ကောင်းနေသင့်ပေသည်။
ကျန်းရှောင်မိန်၏ မျက်ဝန်းအိမ်တို့မှာ ခါးသီးမှုများ ပြည့်နှက်သွားခဲ့လေသည်။
အကြောင်းအရင်းတစ်ရပ်အနေဖြင့် သူမက အတိတ်တွင် သူမ၏ အစ်ကိုကြီးအပေါ်၌ ကရုဏာသက်ပေးပြီး သူ့အား အချိန်နှင့်အမျှ တိတ်တဆိတ် ကူညီပေးတတ်ပါသော်လည်း သူမ၏ အစ်ကိုကြီးအပေါ် အလွန်ကြင်နာပေးခဲ့သည်တော့ မဟုတ်ခဲ့ပေ။ ဖော်ထုတ်ပြောပြရမည် ဆိုပါက အခြားအစ်ကိုနှစ်ယောက်အတွက်သာ ပိုလုပ်ပေးခဲ့သည်။ ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့၏ အဝတ်များစွာတို့မှာ သူမ ချုပ်ပေးထားခြင်းသာ ဖြစ်သည်။ သူမက ကျန်းချောင်ဝမ်၏ သားလေးကို ကူညီစောင့်ရှောက်ပေးခဲ့ပြီး ထိုသားလေး ကလေးဘဝကတည်းက အနှီးများ လျှော်ပေးခဲ့ရသည်။ သို့သော်လည်း ဖြစ်ရပုံမှာ ကျန်းချောင်ဝမ်က ငွေများကို လှည့်ထုတ်ကာ သူမအားရောင်းစားချင်နေခဲ့လေသည်။
လူတိုင်းက ပန်းကန်များ ပြောင်စင်သည်အထိ စားလိုက်ကြပြီးနောက် အားလုံး ကျေနပ်သွားခဲ့ကြလေသည်။
ကျောက်မိသားစု ပျော်ရွှင်နေကြစဥ်တွင် တစ်ဖက်ရှိ ကျန်းမိသားစုမှာ ပြောင်းပြန် ဖြစ်နေခဲ့သည်။
လျန်မိသားစု၏ အမေနှင့်သားမှာ ကျန်းကျန့်၏ လူများထံမှ ရွာထဲက ပစ်ထုတ်ခံလိုက်ရပြီး ကျန်းမိသားစုမှာ ကျန်းကျန့်၏လူများ ထိုသူတို့အား ခြိမ်းခြောက်နေသည်ကို ကြည့်ရုံသာ ကြည့်နိုင်ပြီး ကူညီမပေးနိုင်ခဲ့ကြပေ။ သူတို့မှာ လျန်ဟူက ကျန်းရှောင်မိန်ကို သူတို့၏ မိသားစုတွင်းသို့ လက်ထပ်ဝင်ရောက်ရန် နောက်ထပ် အခွင့်အရေး ပေးတော့မည် မဟုတ်ကြောင်း ပြောခဲ့သည်ကိုသာ ကြားလိုက်ရသည်။
ဒါဆို... သူတို့ ဘာလုပ်ကြမလဲ... ကျန်းရှောင်မိန်သာ မရှိရင် ငွေပြန်ဆပ်ဖို့ မြေဘယ်လောက်တောင် ရောင်းရမှာလဲ...
"အဖေနဲ့ အမေ ဒုတိယ အစ်ကိုကို အလိုမလိုက်သင့်ဘူး... သူ့မှာ ဘာလုပ်ရည်ကိုင်ရည်မှ ရှိတာ မဟုတ်ဘူး... ဒါတောင် ငွေအများကြီးရှာချင်နေတုန်းတဲ့... ငွေရှာရတာ အဲ့လောက်လွယ်နေလို့လား... ဒီလောက် လွယ်ရင် ကမ္ဘာပေါ်က လူတိုင်း သူဌေး ဖြစ်နေကြမှာပေါ့" ကျန်းချောင်ရှန့်က မနေနိုင်ဘဲ ပြောလိုက်လေသည်။
ဤမိသားစု၏ ပိုင်ဆိုင်မှုများအား အနာဂါတ်တွင် သူနှင့် ကျန်းချောင်ဝမ်တို့ ညီတူညီမျှ ခွဲဝေယူကြရမည်မှာ သေချာပေါက် ဖြစ်သည်။ အကယ်၍သာ ကျန်းချောင်ဝမ်က သူ့အကြွေးများကြောင့် မြောက်များစွာ ဆုံးရှုံးသွားခဲ့ရပါက သူရရှိမည့် ပမာဏကလည်း နည်းသွားပေလိမ့်မည်။
ကျန်းချောင်ဝမ်သည်လည်း သူ အမှားများ လုပ်ခဲ့သည်ကို သိနေသဖြင့် ထိုအကြောင်းကြောင့် သူ့ခေါင်းကို ငုံ့ထားပြီး တိတ်တိတ်လေးသာ နေခဲ့သည်။