အပိုင်း၁၄၄
Viewers 31k

Chapter 144

Chapter 144

နှစ်သစ်ကူးအတွက် အိမ်ပြန်ခြင်း



ကျန်းကျန့်က သူတို့ကို မငြင်းခဲ့​ပေ။ တစ်​ယောက်ပြီးတစ်​ယောက် စစ်​ဆေး​မေးမြန်းပြီး​နောက် လူ​ပေါင်း ဒါဇင်ကို ခန့်ထားလိုက်သည်။ အရာရာတိုင်းက တဖြည်းဖြည်း လမ်း​ကြောင်းမှန်​ပေါ် ​ရောက်လာ​နေပေသည်။


ထို့နောက် ကျန်းကျန့် တချီသို့ ​ရောက်လာပြီး​နောက် ကြုံဆုံရသည့် ပထမဆုံး နှစ်သစ်ကူး ​ရောက်လာခဲ့​လေပြီ။


ကျန်းကျန့်က တစ်ကိုယ်တည်း​နေခဲ့စဥ်တွင် နှစ်သစ်၏ အ​ရေးကြီး​မှုကို များစွာ အ​ရေးမစိုက်ခဲ့​​​ပေ။ သူက အရသာရှိ​သော ဟင်းချက်များ ဝယ်စားရုံကလွဲ၍ အခြားမလုပ်ခဲ့​သော်လည်း ​ကျောက်လျူကမူ နှစ်သစ်ကူးကို များစွာ အ​လေးထားသည်။ သူက ပထမဆုံး ဘုရားရှင်ကို ပူ​ဇော်ခဲ့ပြီး​နောက် ဘိုး​ဘေးများကို ကန်​တော့ကာ အဆုံးတွင် ကြီးကျယ်ခမ်းနားလှ​သော နှစ်သစ်စားပွဲကြီးကို ပြုလုပ်​လေ​တော့သည်။


နှစ်သစ်အကြိုညတွင် ကျန်းကျန့်က သူ့လက်​အောက်ငယ်သားများအား မည်မျှပင် ဖျစ်ညှစ်ရန် ကြိုးစားပါ​စေ သူတို့ကို အားလပ်ရက်တစ်ရက် ​ပေးခဲ့ပြီး တစ်​နေ့လုံး အိမ်မှာပဲ ​နေခဲ့​လေသည်။


ကျန်းကျန့်က မတိုင်မီက ကန်​တော့ပွဲများကို အာရုံမထားပါ​သော်လည်း နှစ်သစ်ကူးညစာ စားပွဲကို ​စောင့်​​မျှော်နေဆဲ ဖြစ်သည်။ ​ကျောက်လျူနှင့် ထမင်းချက်လီတို့ ချက်ထား​​သော ဟင်းပွဲများမှာ သူ့ကို စိတ်မပျက်​စေရ​ပေ။ အထူးသဖြင့် ဝက်​ခေါင်းနှပ် ဖြစ်သည်။ ၎င်းက အလွန်အမင်း ​မွှေးကြိုင်​နေ​​သည်ကို ​တွေ့ခဲ့ရသည်။


ကျန်းကျန့်က ဝက်​ခေါင်းသားအတုံး​လေးများကို ​အောင်​အောင်မြင်မြင် စားနိုင်ခဲ့ပါ​သော်လည်း ​ကျောက်ကျင်း​ကောအား ဝက်နားရွက် တစ်ခုသာ ​ပေးခဲ့သည်။ ​ကျောက်ကျင်း​ကောက အသားမျိုးစုံကို စားဖူးခဲ့ပြီး ကြက်ဘဲနှင့် ငါးများလည်း မပြတ်လပ်သဖြင့် သူ့ကို အသားများများ စားခွင့်မပြုထား​ပေ။ ဝက်နားရွက်ကိုသာ တတိတိ ကိုက်ဝါးခိုင်းထားသည်။


"ဒီနှစ်​တော့ ငါတို့မိသားစုရဲ့ ဘဝက ပိုပိုပြီး ​​ကောင်းလာတာပဲ" ညစာစားပြီး​နောက် ကျန်း​ရှောင်မိန်၊ ထမင်းချက်လီနှင့် အခြားသူများ ပြန်သွားကြ​သောအခါ ကျန်းကျန့်၊ ​ကျောက်ကျင်း​ကော၊ ​ကျောက်ဖူ​ကွေ့နှင့် စိတ်ခံစားချက်များ ပြည့်နှက်ကာ ​ပြောဆို​နေသည့် ​ကျောက်လျူတို့သာ ကျန်​နေ​လေ​တော့သည်။


"​နောက်ဆို ပိုပိုပြီး ​ကောင်းလာဦးမှာပါ" ကျန်းကျန့်က ​ပြောလိုက်သည်။


'"နောင်များမှာလည်း ပိုပိုပြီး ​​ကောင်းလာမှာ" ​ကျောက်ဖူ​ကွေ့က ​ပျော်ရွှင်စွာဖြင့် သံ​ယောင်လိုက် ​ပြောလိုက်ပြီး​နောက် အနီ​ရောင်စာရွက်ဖြင့် ထုတ်ထား​သော စက္ကူအိတ်​လေးတစ်ခုကို ရုတ်တရက် ထုတ်ယူလာပြီး ကျန်းကျန့်ကို ​​ပေးလိုက်သည်။


"ဒါက ဘာလဲ" ကျန်းကျန့်က အနည်းငယ် အံ့အားသင့်သွားသည်။ ဒါက နှစ်သစ်ကူး မုန့်ဖိုးလား... သူ့အရွယ်ဆို နှစ်သစ်ကူးအကြို မုန့်ဖိုး​​ပေးစရာ မလို​တော့ဘူး​လေ...


"စာအိတ်​နီ​လေ" ​ကျောက်ဖူ​ကွေ့က ဆိုသည်။ "ဒါက မင်းတို့ လက်ထပ်ပြီး ပထမဆုံး နှစ်သစ်ကူးဆို​တော့ မင်းကို အနီ​ရောင် စာအိတ်တစ်အိတ် ​ပေးချင်လို့" စကား​ပြောပြီး​နောက် ​နေရခက်စွာဖြင့် သူ့ပါးစပ်ကို တင်းတင်းပိတ်ထား​လေသည်။ စာအိတ်ထဲမှ ​ငွေမှာ စင်စစ်တွင် ကျန်းကျန့် သူ့ကို ​ပေးထား​သော​ငွေသာ ဖြစ်သည်။


ဆယ်စုနှစ်များစွာ စာအိတ်နီမရခဲ့ဖူး​သော ကျန်းကျန့်မှာ ရုတ်တရင် စာအိတ်နီတစ်ခု ရခဲ့ပြီး ထိုခံစားချက်မှာလည်း... အင်း... ဆိုး​တော့ မဆိုးပါဘူး​လေ...




ဟယ့်ရှီရွာက နှစ်သစ်ကူးအကြိုညကို မအိပ်ဘဲ ​စောင့်ကြသည့် ဓ​လေ့မျိုး မရှိဘဲ ညနက်သန်း​ခေါင်အချိန်ကိုပင် မသိခဲ့ပါ​ပေ။ ထို့​ကြောင့် ​​ယေဘုယျအားဖြင့် နှစ်သစ်ကူးအကြို ညစာစားပြီး​နောက် လူတိုင်းက အိပ်ရာ ဝင်သွားကြမည် ဖြစ်သည်။ သို့​​​သော်လည်း နှစ်သစ်ကူး ပထမရက်တွင် လူတိုင်းက ​စော​စောထကြ​လေသည်။


ကျန်းကျန့်က​ ​ကျောက်ကျင်း​ကောကို အခန်းထဲသို့ ပြန်​ခေါ်သွားခဲ့ပြီး သူ့လက်ထဲမှ စာအိတ်နီကို ဖွင့်ကြည့်လိုက်သည်။ ဖွင့်ပြီး​နောက် ​၎င်းက ​ငွေစ မဟုတ်ဘဲ ​ရွှေဖြစ်​နေသည်ကို ​တွေ့လိုက်ရသည်။


​ကျောက်ဖူ​ကွေ့နှင့် သူ့ဇနီးတို့ကို သူ​ပေး ထားဖူးသည့် ​ပိုက်ဆံအားလုံးမှာ ​ငွေများသာ ဖြစ်သဖြင့် ​ကျောက်ဖူ​ကွေ့တစ်​ယောက် စီရင်စုမြို့သို့ သွားကာ သူ့ကို ​ပေးရန်အတွက် လဲလှယ်ခဲ့ခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလိုက်သည်။ ကျန်းကျန့်က ၎င်းကို ​ဘေးတွင် ထားလိုက်ပြီး ​ရှေး​ခေတ်သို့ ကူး​ပြောင်းလာရသည်ကလည်း သိပ်မဆိုးဟု ထပ်ပြီး ခံစားလိုက်ရသည်။ ဤ​နေရာ၌ ​အခက်အခဲများ ရှိ​နေ​သော်လည်း အနည်းဆုံး​တော့ သူ့မှာ မိသားစု ရှိ​နေ​သေးသည်။


ထိုညတွင် ကျန်းကျန့်က ​ကျောက်ကျင်း​ကော​အ​ပေါ် မည်သည်ကိုမှ မလုပ်ခဲ့​​သော်လည်း သူ့ဗိုက်​လေးကို ထိကာ နှစ်​ယောက်လုံးအိပ်​မောကျသွားသည်အထိ အ​​တော်ကြာကြာ စကား​ပြောခဲ့​လေသည်။


​နောက်တစ်​နေ့တွင် ​ဗျောက်အိုးများ၏ အသံ​ကြောင့် နိုးလာခဲ့ကြသည်။ ဤ​ခေတ်တွင် ​ဗျောက်အိုးများ ရှိ​နေပြီ ဖြစ်​သော်လည်း ဟယ့်ရှီရွာသားအများစုက ၎င်းကို မဝယ်ရန် မတတ်နိုင်ကြ​ပေ။ ယခင်နှစ်များတွင် ​ကျောက်တဟူ၏ မိသားစုကသာ ​ဗျောက်အိုးများ ​ဖောက်ခဲ့​သော်လည်း ယခုနှစ်တွင် ​ကျောက်မိသားစုက ပိုများ​သော ​ဗျောက်အိုးများ ​​ဖောက်​ပေလိမ့်မည်။


သူတို့ကို နိုးထလာ​စေသည်က ​ဗျောက်အိုးများ၏ အသံ ဖြစ်သည်။


ကျန်းကျန့်က အ​တော်​လေး ​နောက်ကျ​နေ​လောက်ပြီဟု ​တွေးမိသဖြင့် ဆူညံသံများ ကြား​သောအခါ အပြင်ဘက်ကို လှမ်းကြည့်လိုက်ပါ​သော်လည်း ​​ကောင်းကင်ကြီးက မဲ​မှောင်​နေဆဲ ဖြစ်​ကြောင်း ​တွေ့လိုက်ရသည်။ သူ တစ်ခဏမျှ ​ပြောစရာစကား မရှိ ဖြစ်သွား​လေသည်။


"​ဗျောက်အိုးကို ​စော​စော ​ဖောက်​​လေ​လေ မိသားစုက ဒီနှစ်မှာ ပိုပြီး ကြွယ်ဝချမ်းသာလာ​လေ​လေပဲတဲ့... အ​ဖေက အိပ်​တောင်မအိပ်ခဲ့ဘူး ထင်တယ်"​ ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


"ကိုယ်သွားကြည့်လိုက်ဦးမယ်" ကျန်းကျန့်က ​ကျောက်လျူ သူ့အတွက် လုပ်​ပေးထားသည့် ဂွမ်းကပ်ဘောင်းဘီနှင့် ဂွမ်းကပ်အ​ပေါ်ထပ်အင်္ကျီတို့ကို ဝတ်လိုက်ပြီး တံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။ ထို့​နောက် ​ကျောက်ဖူ​ကွေ့က ပိုးစာကိုင်းတစ်ခုအား မီးညှိ​နေသည်ကို ​တွေ့လိုက်ရ​လေသည်။ သူက ​ဗျောက်အိုးများနှင့် ခပ်လှမ်းလှမ်းတွင် ရပ်​နေပြီး ဒုတိယတစ်ခုကို မီးထွန်း​တော့မည့်ပုံပါပင်။ သို့​​သော်လည်း ​အေး​နေပြီး ​လေကလည်း တိုက်ခတ်နေ​သော​ကြောင့် ပိုးစာကိုင်းက မကြာမီပင် မီးပြန်ငြိမ်းသွားသဖြင့် ​ဗျောက်အိုးကို မီးမညှိခင် ၎င်းကို အနီးအနားရှိ မီးပုံ၌ မီးပြန်ညှိလိုက်ရသည်။


"အ​ဖေ... ကျွန်​တော် လုပ်လိုက်မယ်" ကျန်းကျန့်က ​ပြောလိုက်သည်။ ဤ​ခေတ်မှ ​ဗျောက်အိုးများက ​နောက်ပိုင်းမျိုးဆက်များ​လောက် မ​ကောင်းပေ။ ​ကျောက်ဖူ​ကွေ့က ထိုသို့ လုပ်​နေ​သော်လည်း ဒုတိယတစ်ခုကို မီးညှိနိုင်ရန်အတွက် အချိန်မည်မျှ ကြာလိမ့်မည်ကို မသိပါ​​ပေ။


​ကျောက်ဖူ​ကွေ့က ကျန်းကျန့်ကို ​တွေ့လိုက်ရသည့်အတွက် အလွန် စိတ်သက်သာရာရသွားသည်။ သူက ပိုးစာကိုင်းကို ကျန်းကျန့်ထံသို့ ​ပေးလိုက်ချင်​သော်ငြား ကျန်းကျန့်က ​ဗျောက်အိုး​ဖောက်ရန် သူ သုံး​နေသည့် ပိုးစာကိုင်းကို ယူမည့်အစား ​နေရာလွတ်တွင် ရှိ​နေသည့် ​ဗျောက်အိုးကို သွားယူလိုက်ပြီး မီးထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်​လေသည်။


​ကျောက်ဖူ​ကွေ့: “. . .” သူဒီနည်းကို ဘာလို့ မစဥ်းစားမိပါလိမ့်...


​ကျောက်ဖူ​ကွေ့က မီးထဲတွင် ​ပေါက်ကွဲ​နေသည့် ​ဗျောက်အိုးကို ​တွေ့လိုက်ရချိန်တွင် အနည်းငယ် တုံးအသွားသည်ဟု ခံစားချက်ရလိုက်သည်။ သူတို့ အချင်းချင်း နီးကပ်​မ​နေကြလျှင်​တောင် ပုံကြီးချဲ့ မြင်​တွေ့နိုင်ဆဲ ဖြစ်သည်။


​ကျောက်ဖူ​ကွေ့: “ . . .”


မည်သို့ပင်ဆို​စေကာမူ အဆုံးတွင် သူတို့က ကျန်းကျန့် ဝယ်လာခဲ့​သော ​ဗျောက်အိုးများအားလုံးကို ​ဖောက်ပြီးသွား​လေပြီ။ သူတို့ဘက်မှ ​ဗျောက်အိုး​ဖောက်သံများ ပြီးဆုံးသွားပြီး မကြာမီမှာပင် ​ကျောက်တဟူ၏ မိသားစုအိမ်မှ ​ဗျောက်အိုး​ဖောက်သံများကို ကြားလိုက်ရသည်။


နှစ်သစ်ကူး ​ရောက်ရှိလာ​ချေပြီ။


ဤနှစ်တွင် ဟယ့်ရှီရွာ၌ နှစ်ကြိမ် နှင်းကျခဲ့ပါ​သော်လည်း ​မြေပြင်​ပေါ်၌ နှင်းများ ရှိမ​နေခဲ့​ပေ။ ​နောက်တစ်​နေ့တွင် နှင်းများ အရည်​ပျော်သွားပြီး ဟယ့်ရှီရွာသားများအ​ပေါ် ၎င်း၏ သက်​ရောက်မှုက မိုးထက် မ​သေးနိုင်ပါ​ပေ။


နှစ်သစ်ကူးပြီး​နောက် ရာသီဥတုက အလွန်​ကောင်း​နေသည်။ လနှစ်သစ်ကူး၏ တတိယ​နေ့တွင် ကျန်းကျန့်က သူ့လူများအားလုံးကို ပြန်​ခေါ်ကာ သူတို့၏ ​လေ့ကျင့်​ရေးကို ပြန်ဆက်​စေခဲ့သည်။ ​ခေတ်သစ်တွင် ထိုကဲ့သို့​သော အပြုအမူမျိုးကို လူသားချင်းစာနာခြင်းမရှိဟု ​ပြောကြမည် ဖြစ်​သော်လည်း ဤ​ခေတ်တွင်မူ မည်သူကမှ ထိုအ​ကြောင်းနှင့် ပတ်သက်၍ တစ်ခုခု မှား​နေ​ကြောင်း

မ​တွေးခဲ့ကြ​​ပေ။


အမှန်တွင် ကျန်းကျန့်က သူ့လူများကို နှစ်သစ်အတွက် အဝတ်သစ်တစ်စုံ ​ပေးခဲ့​လေသည်။


ထို့ကြောင့် လနှစ်ကူး၏ တတိယ​နေ့မှာပင် ဟယ့်ရှီရွာ၏ ဤဘက်ပိုင်း၌ တစ်ထပ်တည်း တူသည့် အပြာရင့်​ရောင် ဝတ်စုံများ ဝတ်ထားသည့် လူတစ်စုက "တစ်၊ နှစ်၊ သုံး​၊ ​လေး" ဟု ​အော်ကာ ရွာ၏ လမ်းတ​​လျှောက် ​ပြေးလွှား​နေကြသည်ကို မကြာခဏ ​တွေ့နိုင်ပေမည်။


ထိုလူများထဲမှ အများစုမှာ ဟယ့်ရှီရွာမှ မဟုတ်ကြဘဲ သူတို့အများစုမှာ ကျန်းကျန့် ဝယ်ထား​​သောမြေတွင် အလုပ်လုပ်​နေကြပြီး ပင်လယ်ဓါးပြထံမှ ကယ်တင်ခံထားရသူများ ဖြစ်ကြ​ပေသည်။ အချိန်တစ်ခု​လောက်ထိ ဟယ့်ရှီရွာက ယခင်ကထက် ပို၍ အသက်ဝင်​နေခဲ့​လေသည်။


ကျန်းကျန့်က သူ့လူများကို ​​လေ့ကျင့်​နေပြီး သူ့ထံတွင် လုပ်စရာ မရှိပါက ​ကျောက်ကျင်း​ကောကို စစ်​ဆေးရန်အတွက် အိမ်အတွင်းသို့ ဝင်သွားလိမ့်မည် ဖြစ်သည်။ ​နောက်ပိုင်းတွင် ​ကျောက်ကျင်း​ကောက အိမ်ထဲတွင် မ​နေချင်​တော့ဘဲ ထိုအစား ​ကျောက်မိသားစုအိမ်အနီးမှ​မြေကို ဆွ​ရန်သာ ကူညီ​ပေးချင်ခဲ့သည်။


ပထမတွင် ကျန်းကျန့်က အနည်းငယ် စိုးရိမ်​နေပြီး ထိုသို့ မလုပ်​စေလိုပါ​​ပေ။ သို့​​သော်လည်း ​နောက်ပိုင်းတွင် ရွာထဲမှ ကိုယ်ဝန်ရှိ​နေသည့် မိန်းမတစ်​ယောက်က ​မြေတူးဆွ​နေဆဲ ဖြစ်​ကြောင်း ​တွေ့လိုက်ရ​သောအခါ​ ​ကျောက်ကျင်း​ကောကို ထိုသို့ မလုပ်ရန် မတားခဲ့​တော့​ပေ။ သို့သော်လည်း ​ကျောက်ကျင်း​​ကော သူ့အိမ်​ဘေးမှ ​မြေကို ဆွ​ပေးပြီးသွားပြီး ကျန်းကျန့်ဝယ်ထားသည့် ​နောက်ထပ်​မြေ​နေရာသို့ သွားချင်သည်ဟု ​ပြော​​သောအခါ ကျန်းကျန့်ထံမှ အ​တားခံလိုက်ရ​လေသည်။


"ကျင်း​ကော... ဘာမှ လုပ်စရာ မရှိရင် အုတ်ဖုတ်တဲ့ ​နေရာမှာ ကိုယ့်ကို ကူပြီး စီမံ​ပေးပါလား"


ကျန်းကျန့် ​ခေါ်လာသည့် လက်မှုပညာသည် နှစ်​ယောက်က ပထမဆုံး အုတ်ဖိုတစ်ခု ​ဆောက်ပြီးသွားပြီး အရည်အ​သွေး မမီသည့် ထုတ်ကုန် တစ်သုတ်ကို ဖုတ်ပြီးသွားခဲ့ပြီ ဖြစ်ကာ ၎င်းတို့ အများစုကို ရွာထဲက က​လေးများက ယူသွားကြ​လေသည်။ ထိုက​လေးများမှာ ​ကျောက်တုံးတစ်တုံးဖြင့်ပင် အချိန်အ​တော်ကြာ က​စား​လေ့ရှိကြ​သဖြင့် ရှားပါးလှ​သော အုတ်များကို ရလာကြ​​​သောအခါ ထိုအုတ်များကို ဘီးပုံစံ ထွင်း၍ ​ဆော့ကစားချင်ကြ​လေသည်။ သို့​သော်ငြား ​ကောင်း​ကောင်းမွန်မွန် ပြုလုပ်ထားသည့် အုတ်စိမ်းများမှာ ဘီးများ ဖြစ်​အောင် အ​ရောင်တင်၍ ရ​သော်လည်း အညီအမျှ အပူ​ပေးထားခြင်း မဟုတ်သည့် ထိုတဝက်တပျက် အနီ​ရောင်အုတ်များမှာ မပြုလုပ်နိုင်ပါ​ပေ။ အဆုံးတွင် သူတို့က အုတ်ကျိုးအချို့ကိုသာ ရရှိခဲ့ကြသည်။ ရလဒ်အ​နေဖြင့် ထိုအုတ်ကျိုးများမှာလည်း ရွာသားများထံမှ ​ကောက်ယူခံလိုက်ရ​လေသည်။ သူတို့က ၎င်းကို ရွှံ့​စေးဖြင့် ​ရောကာ ကြက်ခြံနှင့် ဝက်ခြံများ တည်​ဆောက်ရန် ရည်ရွယ်ထားကြခြင်းပင်။


"​ကောင်းပြီ​လေ... ကျွန်​တော် ကြည့်​ပေးမယ်" ​ကျောက်ကျင်း​ကောက ​ခေါင်းငြိမ့်ပြကာ ချက်ချင်း ထွက်သွား​လေ​တော့သည်။


​ကျောက်ကျင်း​ကောက အုတ်ဖိုထံ သွား​နေစဥ် ကျန်းကျန့်က သူ့လူများ ​လေ့ကျင့်​နေသည်ကို မျက်စိမလွှဲစတမ်း ​စောင့်ကြည့်​နေ​သည်။ သူက လူတစ်စုကို ရှာ၍ တူး​မြောင်း​​ဘေးမှ ​မြေကို တူးကာ ​လှေ​ပေါင်းများစွာ ဆိုက်ကပ်နိုင်သည့် ​လူလုပ်​လှေဆိပ်တစ်ခု လုပ်ရန် ခိုင်း​စေထားသည်။


၎င်းက စီမံကိန်း အကြီးကြီးဖြစ်​သော်လည်း ​နှောင့်​နှေးမ​နေဘဲ ကုန်ကျငွေကလည်း ကျန်းကျန့်​မျှော်မှန်းထားသည်ထက်ပင် ​လျော့နည်းနေ​သေးသည်။


ထိုလုပ်ငန်းစဥ် လျင်မြန်စွာ ဖြစ်​ပေါ်လာရခြင်း၏ အ​ကြောင်းရင်းမှာ ကျန်းကျန့်က ဟယ့်ရှီရွာနှင့် ​ဘေးရွာမှ လူများကို ကူညီလုပ်ကိုင်​ပေး​​စေရန်အတွက် ​ငွေ​ပေး​ချေကာ ငှားရမ်းခဲ့​ခြင်း​ကြောင့် ဖြစ်သည်။


ကျန်းကျန့်က လူတစ်​ယောက်အတွက် ​​ကြေးပြား20နှင့် ထမင်းတစ်နပ် ကမ်းလှမ်းခဲ့သည်။ ကျန်းကျန့် အဆိုပြုထား​သော ထိုအ​ခြေအ​နေက ဟယ့်ရှီရွာသားများနှင့် ​ဘေးရွာတစ်ဝိုက်မှလူများကို ဆွဲ​ဆောင်မိသွား​စေပြီး လူတိုင်းက သူ့အတွက် အလုပ်လုပ်​ပေးရန် အလုအယက် ဖြစ်လာကြ​လေသည်။


​ကြေးပြားနှစ်ဆယ်က ဝက်သား ကီလိုဝက်ကိုသာ ဝယ်နိုင်ပါ​သော်လည်း လူအများစုက ​ကျေးလက်တွင် ​ငွေရနိုင်မည့်​​နေရာမရှိကြပါ​ချေ။ ထို့​အပြင် ယခုအချိန်က အ​ညှောင့်ထွက်စ ကောက်ပဲသီးနှံများကို ကြည့်ကာ စိတ်​အေးလက်​အေး ဖြစ်ရမည့် အချိန်လည်း မဟုတ်​ပေ။ ရိတ်သိမ်းစရာလည်း ရှိ​မ​နေဘဲ ဤအချိန်က ​နွေဦးကာလ အစာပြတ်လပ်ချိန် ဖြစ်​ပေသည်။ ​မြေတူးရုံမျှဖြင့် ​ထမင်းတစ်နပ် စားရမည့်အပြင် ကြေးပြားနှစ်ဆယ်လည်း ရနိုင်​သေးသဖြင့် အ​တော်​​လေး ​ကောင်းမွန်​ပေသည်။ အနီးအနားမှ ရွာသားများကလည်း အချင်းချင်း အ​ပြေး​ပြောဆိုလုနီးနီး ဖြစ်ကာ ကျန်းကျန့်အတွက် အလုပ်​လုပ်​ပေးရန် တိုး​ဝှေ့​နေကြ​​လေသည်။


တစ်​​​နေ့ကို ​ငွေစ​လေးစ သုံးရုံမျှဖြင့် လူ​ပေါင်းနှစ်ရာကို ငှားရမ်းနိုင်ပြီး ထိုလူနှစ်ရာကလည်း အလုပ်ဖြုတ်ခံရမည်ကို ​ကြောက်သဖြင့် ကြိုးစားပမ်းစား အလုပ်လုပ်ကြသည်။ထို့​ကြောင့် သူဆန္ဒရှိ​နေလျှင်​တောင် ​သ​င်္ဘောဆိပ် ​ဆောက်လုပ်​ရေးကို အရှိန်​နှေးသွား​စေရန် ခက်ခဲ​နေ​လေသည်။


ကျန်းကျန့်က အနီးအနားရွာက ရွာသားများကို ငှားရန်အတွက် ​ငွေသုံးခဲ့သဖြင့် ​ကျောက်ကျင်း​ကောကလည်း တစ်ထပ်တည်းပင် လုပ်​ဆောင်ခဲ့​လေသည်။


​နောက်ထပ်များစွာ​​သော အုတ်ဖိုများကိုလည်း တည်​ဆောက်ပြီး ဖြစ်၍ ​ပိုများ​သော စမ်းသပ်ချက်များကို လုပ်​ဆောင်နိုင်​​တော့မည် ဖြစ်သဖြင့် ပိုများ​သော အုတ်များကိုလည်း ဖုတ်နိုင်​ပေမည်။ သို့​သော် ထိုနည်းဖြင့် ထင်းနှင့် အုတ်များမှာ မလုံ​လောက်နိုင်​သေး​ပေ။


​ကျောက်ကျင်း​ကောက ရွာထဲမှ အမျိုးသမီးများ၊ ​ကောများနှင့် က​လေးများကို အုတ်ဖုတ်ရာတွင် ကူညီ​စေခဲ့သည်။ သူတို့ မည်မျှ လုပ်ထားသည့်အ​​ပေါ် မူတည်၍ ​ပေး​ချေမည် ဖြစ်ပြီး ​ကောင်း​ကောင်း မလုပ်ပါကလည်း ​ငွေ​ပေးမည် မဟုတ်​ပေ။ တစ်ချိန်တည်းမှာပင် ထင်းများကိုလည်း ဝယ်ယူ​နေခဲ့သည်။ ဤနည်းဖြင့် ချက်ချင်းလက်ငင်းပင် အုတ်နှင့် ထင်းများ ပြတ်လပ်မှု မရှိ​တော့​​ပေ။ ဟယ့်ရှီရွာ၌ ထင်းများစွာ မရနိုင်သဖြင့် လူအချို့က ပြင်ပသို့ ထင်းဝယ်ထွက်ကာ ​ကျောက်ကျင်း​ကောထံ ပြန်​ရောင်းကြသည်။ အမြတ်​​ငွေကို သူတို့က ရရှိ​ပေသည်။


မသိလိုက်မသိဘာသာဖြင့်ပင် ကျန်းကျန့် ဤ​နေရာသို့ ​ရောက်လာခဲ့သည်မှာ တစ်နှစ်ပြည့်သွား​လေပြီ။ ကျန်းမိသားစုအ​ကြောင်း လူများက ​ပြောဆို​နေကြသည်ကို နားစွန်နားဖျားကြားမှသာ ရုတ်တရက် သတိရမိသွားခြင်း ဖြစ်သည်။ ကျန်းကျန့်အတွက် စိတ်ပျက်စရာ ​ကောင်း​သော လူများကို ငှားရမ်းရန် မဖြစ်နိုင်​လေရာ ကျန်းများကို မငှားချင်ခဲ့ဖြင့် သံသယဖြစ်စရာ မလို​အောင်ပင် ကျန်းမိသားစုကို ပို၍​ပေါက်ကွဲသွားကြ​စေသည်။


ထိုအခိုက်မှာပင် ကျန်းမိသားစု၌ တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။


ပထမတွင် ကျန်းမိသားစုသည် သူတို့၏ ​မြေများကို ​ရောင်းချစဥ်က ထို​ငွေမှာ အ​ကြွေး​ပေးရန်အတွက်နှင့် ကျန်း​ချောင်ရှန့် စီရင်စုမြို့တွင် အလုပ်ရှာရာ၌ အကူအညီပြုရန် ဖြစ်သည်။ ကျန်း​ချောင်ရှန့်က သူ့မိသားစုထံမှ ​​ငွေ​တောင်းခဲ့သည့်အတွက် ကျန်း​ချောင်ဝမ်ကလည်း စီးပွား​ရေးလုပ်ရန် ​ငွေစ​​လေးဆယ် ​တောင်းခဲ့ခြင်း ဖြစ်သည်။ ​နောက်ပိုင်းတွင် ကျန်း​ချောင်ဝမ်က ​​ငွေများအားလုံးကို ဆုံးရှုံးခဲ့ရပြီး ကျန်း​ချောင်ရှန့်ကလည်း စီရင်စုမြို့တွင် အလုပ်ရခဲ့ပြီဟု ​ပြောခဲ့ပါ​သော်လည်း... အိမ်ကို ​​ကြေးတစ်ပြားမှ ပြန်ယူမလာခဲ့ဖူး​ပေ။


နှစ်သစ်၏ အစပိုင်းမှာပင် ကျန်း​ချောင်ဝမ်နှင့် ကျန်း​ချောင်ရှန့်တို့ကြား အငြင်းပွားမှုတို့က ပိုပိုပြီး ပြင်းထန်လာချိန်တွင် ကျန်း​ချောင်ဝမ်က ကျန်း​ချောင်ရှန့်​နောက် လိုက်ကြည့်လိုက်​သောအခါ... ကျန်း​ချောင်ရှန့်က အလုပ်လုံးဝ မသွားသည်ကို ​​တွေ့လိုက်ရ​လေသည်။ သူက အခန်းငယ်​လေးထဲတွင်သာ ပုန်း​နေပြီး တစ်ခါမှ အပြင်ထွက်မလာခဲ့​ပေ။


ကျန်း​ချောင်ရှန့်က စီရင်စုမြို့တွင် အလုပ်လုံးဝ ရှာ၍မရခဲ့ပုံပါပင်။ သို့​သော်လည်း သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းတို့က လယ်ထဲတွင် အလွန်အလုပ်များ​နေကြသဖြင့် သူသာ အလုပ်မရှာနိုင်ပါက သူ့ကို လယ်ထဲတွင် အလုပ်လုပ်​စေချင်ကြ​ပေလိမ့်မည်။ ထိုသို့မဟုတ်လျှင် ရွာသားများက သူ့အား အထူးတဆန်း ကြည့်လာကြမည်ကို ​တောင့်မခံနိုင်ပါ​ပေ။


သူက တစ်ခဏမျှ အချိန်ဆွဲထားချင်ခဲ့သည်။ ထိုမှသာ သူလုပ်နိုင်သည့် အလုပ်များ ရှာရန်အတွက် အချိန်ပိုရမည် ဖြစ်သည်။ ထိုအ​ကြောင်းကို ​တွေး​တောကြည့်ပြီး​နောက် အဆုံးတွင် ထိုနည်းလမ်းအတိုင်း လိုက်ကာ အလုပ်ရှာ​တွေ့ပြီဟု လိမ်ညာ၍ သားသတ်သမားကျန်းထံမှ ပိုက်ဆံ​တောင်းလာခဲ့သည်။ ထို့​နောက်တွင် သူက စီရင်စုမြို့တွင်​နေကာ ​အလွယ်တကူ အလုပ်ရှာနိုင်မည် ဖြစ်သည်။


ကျန်း​ရှောင်ရှန့်က ဆန္ဒရှိသည့်အတိုင်း ​ငွေရခဲ့​သော်လည်း ​နောက်ပိုင်းတွင် ​သေလမ်းဆုံးသို့ ​လျှောက်ရ​တော့မည် ဖြစ်​ကြောင်း ​တွေ့လိုက်ရ​လေသည်။


သူက လိမ်ညာကာ အလုပ်ရှာ​တွေ့ပြီဟု ​ပြောခဲ့သည်။ သို့​သော်လည်း လမ်းများတွင် လျှောက်ကာ အလုပ်မရှာနိုင်​ပေ။ မဟုတ်ရင် ဟယ့်ရှီရွာသား​တွေ ဒါမှမဟုတ် သူ့ကို သိ​နေတဲ့ သူ​တွေ သူ့ကို မြင်သွားကြရင် သူဘယ်လိုလုပ်ရပါ့...