Chapter 143
လက်ထပ်ခွင့် တောင်းဆိုမှု ကျရှုံးသွား
သင်္ဘောက စိုစွတ်နေပြီး သူတို့ နေရသည့် နေရာကလည်း သေးလွန်းနေသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူတို့ ဖုချောင်သို့ လာသောအခါ ကျန်းကျန့်က ကျောက်ကျင်းကောကို တည်းခိုခန်းတွင် နေရန် ခေါ်သွားခဲ့သည်။
ထိုနေ့တွင် တည်းခိုခန်းသို့ ပြန်ရောက်လာသောအခါ ကျန်းကျန့်က ကျောက်ကျင်းကောကို စီးပွားရေးက ပုံမှန်အတိုင်းဟုသာ ပြောခဲ့ပြီး ငါးများများနှင့် အသားနည်းနည်း စားရန် တိုက်တွန်းနေသည်။ သူက ရတနာဆိုင်တွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခွန်းမှ မဟခဲ့ပေ။ သို့သော်ငြား သူတို့ အခန်းထဲသို့ ပြန်ရောက်ကာမှ ရုတ်တရက် ပြောလိုက်လေသည်။
"ကျင်းကော... ကိုယ်မင်းကို ပြောစရာ ရှိတယ်"
"ဘာလဲ" ကျောက်ကျင်းကောက မေးလိုက်လေသည်။
ကျန်းကျန့်က လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ဒူးထောက် ထိုင်ချလိုက်သည်။
ကျောက်ကျင်းကောကလည်း ကျန်းကျန့်နှင့်အတူ ဒူးထောက်ချလာခဲ့လေသည်။
"ခင်ဗျား... ခင်ဗျား ဘာလုပ်နေတာလဲ"
ကျန်းကျန့်က သူ့ရှေ့ကို ဘာလို့ ရုတ်တရက်ကြီး ဒူးထောက်လာပါလိမ့်... ဒါက... ဒါက... ကျောက်ကျင်းကော ရုတ်တရက် ထိတ်လန့်သွားလေသည်။
ကျန်းကျန့်: “. . .” မူလက ကောင်းနေတဲ့ လေထုလေးကတော့ သွားပါပြီ...
ကျန်းကျန့်က သက်ပြင်းချလိုက်သည်။ "ကျင်းကော... မတ်တပ်ရပ်ပါ... ကိုယ် ဒူးထောက်ချနေတာ မဟုတ်ပါဘူး... တွေ့လား... ဒူးတစ်ဖက်ပဲ ထောက်ထားတာ"
ကျောင်းကျင်းကောမှာ ရုတ်တရက်ပင် အနည်းငယ် နေရခက်လာပုံ ပေါ်သဖြင့် ကျန်းကျန့်ကသာ ကျောက်ကျင်းကောအား ကိုယ်တိုင် ထူမပေးလိုက်ရသည်။ ထို့နောက် ပြောလိုက်သည်။
"ကိုယ့်အတွက် ကောင်းကောင်း ရပ်ပေးထား ဒူးမထောက်နဲ့"
ကျောက်ကျင်းကောက နေရခက်နေသေးသော်လည်း ဆက်ပြီး ဒူးမထောက်ရဲတော့ပေ။ ကျန်းကျန့်က ဘာတွေ ပြောဖို့ ကြိုးစားနေတာလဲ... ဘာလို့ သူ ဒူးထောက်နေပါလိမ့်...
ကျန်းကျန့်က ဒူးတစ်ဖက် ထောက်ထားပြီး ကျောက်ကျင်းကောကို ပြောလိုက်သည်။
"ကျင်းကော... ကိုယ့်ကို လက်ထပ်မလား"
ကျောက်ကျင်းကောက အနည်းငယ် ရှုပ်ထွေးသွားပါသော်လည်း ချက်ချင်း ပြောလိုက်သည်။
"အင်း"
"ကိုယ် မင်းကို ချစ်တယ်... ကိုယ့်ရဲ့ ကျန်တဲ့ ဘဝတလျှောက်လုံး မင်းနဲ့ အတူ ရှိချင်တယ်"
ကျန်းကျန့်က ကျောက်ကျင်းကော၏ လက်ကလေးကို နမ်းလိုက်ပြီးနောက် လက်စွပ်ဝတ်ပေးလိုက်သည်။ ထို့နောက် ထရပ်ကာ ကျောက်ကျင်းကောကို နောက်ထပ် လက်စွပ် တစ်ကွင်း ပေးလိုက်သည်။
"ကျင်းကော... ကိုယ့်ကို ဝတ်ပေး"
ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်ပြီး ကျန်းကျန့် သူ့လက်ကို လက်စွပ်ဝတ်ပေးသည့် ပုံစံကို အတုယူလိုက်လေသည်။
ကျန်းကျန့်က ကျောက်ကျင်းကောကို ထပ်ပြီး အနမ်းပေးလိုက်ပြန်သည်။ သူ အလွန် စိတ်ကောင်းဝင်နေခဲ့သည်။ ကျန်းကျန့်က လက်စွပ်လည်း မဝယ်ခဲ့ရသလို လက်ထပ်ခွင့်လည်း မတောင်းခဲ့ရဟု ရုတ်တရက် သတိရမိသွားသဖြင့် လက်စွပ်နှစ်ကွင်း ဝယ်ပြီးနောက် ပန်းထိမ်ဆရာထံ သွားကာ လက်စွပ်များပေါ်တွင် စာလုံးများ ရေးထွင်းခိုင်းခဲ့သည်။ တစ်ကွင်းကို "ကျင်း"ဟု ထွင်းကာ နောက်တစ်ကွင်းကို "ကျန့်"ဟု ထွင်းခိုင်းခဲ့သည်။ အစောပိုင်းတွင် "ကျန့်"ဟု ထွင်းထားသော လက်စွပ်ကို ကျောက်ကျင်းကော၏ လက်၌ ဝတ်ပေးခဲ့ပြီး "ကျင်း"ဟု ထွင်းထားသော ကျန်တစ်ကွင်းကိုမူ သူ့လက်တွင် ဝတ်ဆင်လိုက်လေသည်။
လက်ထပ်ခွင့်တောင်းဆိုမှု အောင်မြင်သွားသည့်အချိန်တွင် ကျန်းကျန့်က ချိုမြိန်စရာလေးများ ပြုလုပ်ချင်ပါသော်လည်း ကျောက်ကျင်းကောက ရုတ်တရက် မေးလာသည်။
"ကျန်းကျန့်... ကလေးကို ခင်ဗျားရဲ့ မျိုးရိုး ယူစေချင်လား... ဒါက ကိစ္စမရှိပါဘူး... ကျွန်တော့်မိဘတွေ ကျွန်တော့်ကို တိတ်တိတ်လေး ပြောပြထားပြီးသား" ကျန်းကျန့်က ဒူးထောက်ပြီး သူ့ကို လက်ထပ်ချင်လားလို့ မေးတာက ကလေးကို သူ့မျိုးရိုးနာမည် ပေးချင်လို့များလား...
အမှန်တွင် ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က ထိုကိစ္စကို များများစားစား ဂရုမစိုက်ခဲ့ကြ။ သူတို့က သူ့ကို ကျန်းကျန့်နှင့် လက်ထပ်စေချင်ခဲ့ရုံသာ ဖြစ်သည်။
ကျန်းကျန့်: “. . .”
ကျန်းကျန့်က သူ့ထံတွင် ထိုသို့သော သဘောထားမျိုးမရှိကြောင်း အချိန်ယူကာ ရှင်းပြလိုက်ရပြီးနောက် ကျောက်ကျင်းကောကို အကူအညီမဲ့ဟန်ဖြင့် ကြည့်ကာ လက်ထပ်ခွင့်တောင်းခြင်းက ကျရှုံးသွားလေပြီဟု ရုတ်တရက် သိလိုက်ရသည်။ သူက တကယ် အများကြီး တွေးမိသွားတာပဲ... ကျောက်ကျင်းကောက သူ့ကို လက်ထပ်ပြီးသွားပြီလေ... ဒါတွေနဲ့ ဘာများ လုပ်မလို့လဲ.. သူ့မှာ အချိန်ရှိရင် မီးလင်းဖိုတွေ များများ မှာပြီး ကျင်းကောကို ထပ်စားလိုက်ရမှာ...
ကျန်းကျန့်က သူတွေးထားသည့်အတိုင်း လုပ်ဆောင်လိုက်ပြီး ကျောက်ကျင်းကောကို ထပ်စားလိုက်သည်။ ဤတစ်ကြိမ်၌ သူက ကျောက်ကျင်းကောထက်အရင် အိပ်မောကျသွားခဲ့သည်။
ကျောက်ကျင်းကောက အိပ်မပျော်နိုင်ခဲ့ပေ။ သူက...အလွန် ပျော်ရွှင်နေလေသည်။ ကျန်းကျန့်က ပထမတွင် သူ့အား ထိတ်လန့်သွားစေသော်လည်း နောက်ပိုင်း ကျန်းကျန့် ရှင်းပြပေးပြီးသွားသောအခါ ပျော်ရွှင်လာခဲ့သည်။ အမှောင်ထဲတွင် လက်စွပ်ကို ချွတ်ကာ လက်စွပ်၏ အတွင်းပိုင်းကို ထိလိုက်သည်။ သေချာပေါက်ပင် ထိုနေရာ၌ စကားလုံးလေး တစ်လုံးကို တွေ့လိုက်ရသည်။ ၎င်းက ကျန်းကျန့်၏ နာမည်မှ "ကျန့်" ဖြစ်လေသည်။
ကျန်းကျန့်က သူနှင့် လက်စွပ်ဆင်တူ ဝတ်ထားပြီး တစ်ယောက်ချင်းစီ၏ နာမည်များ ရေးထိုးထားခြင်း ဖြစ်နိုင်ပေသည်။ ကျောက်ကျင်းကောက လက်စွပ်ကို ချွတ်ထားရမည်အား တွန့်ဆုတ်နေသဖြင့် မြန်မြန် ပြန်ဝတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အနည်းငယ် ရှုပ်ထွေးသွားရသည်။ ကျန်းကျန့်က သူ့ကို ချစ်တယ်လို့လည်း ပြောခဲ့သေးတယ်... ဒါပေမယ့် "ချစ်တယ်" ဆိုတာ ဘာအဓိပ္ပါယ်ပါလိမ့်...
ကျန်းကျန့်က မနေ့က လက်စွပ်နှစ်ကွင်း ဝယ်ခဲ့ပြီး တစ်ကွင်းကို ကျောက်ကျင်းကောအား လက်ထပ်ခွင့်တောင်းရန် စီစဥ်ထားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် လက်ထပ်ခွင့်တောင်းမည့်အကြောင်း စဥ်းစားမိသောအခါ တူညီသော အဖြစ်အပျက်ကို သတိရမိသွားသည်။
သူ့ညီအစ်ကိုရဲဘော်များထဲမှ တစ်ယောက်က ချစ်သူကောင်မလေးအကြောင်း ပြောနေခဲ့ပြီး လက်ထပ်မည့်အရေးကိုလည်း တစ်နေ့လုံး စဥ်းစားနေခဲ့သည်။ ရလဒ်အနေဖြင့် ထိုရဲဘော်က ထိုအကြောင်း ပြောနေခြင်းကို ရပ်လိုက်ပြီး သူကောင်းကောင်း မလုပ်နိုင်ခဲ့ဟု တွေးနေခဲ့လေသည်။ အချိန်အတော်ကြာပြီးနောက်တွင် ရလဒ်အနေဖြင့် သူ့အပေါ် အလွန်ကောင်းခဲ့သော မိန်းကလေးက လက်ထပ်မည့်အကြောင်း ပြောသည့်အချိန်တိုင်း ထိုအကြောင်းကို မပြောချင်တော့ပေ။
သူ့ညီအစ်ကိုရဲဘော်က နားမလည်နိုင်ခဲ့ဘဲ အချိန်အကြာကြီးနေမှ ထိုကိစ္စကို မေးမိသွားသည်။ ထို့နောက် ထိုမိန်းကလေးက ပြောခဲ့သည်မှာ သူမကို ယခုထိ လက်ထပ်ခွင့်မတောင်းသေး၍ သူ့ကို လက်ထပ်ရန် အလျင်မလိုခြင်း ဖြစ်သည်ဟူ၏။
လက်ထပ်ခွင့်တောင်းရန် ဒူးထောက်ခြင်းက လူအများကို ပျော်ရွှင်စေပုံရသည်... ထို့ကြောင့် ကျန်းကျန့်က ညအချိန်တွင် တံခါးပိတ်ကာ အိပ်ရာထဲတွင် မချော့မော့ခင် ကျောက်ကျင်းကောကို စနောက်ရန်အတွက် လက်စွပ်ကို ထိုကဲ့သို့ ထုတ်ပေးမည်ဟု တွေးထားခဲ့သည်။ သူက ကျောက်ကျင်းကော ရှက်နေသည်ကို လွန်စွာ သဘောကျခဲ့ပါသော်လည်း အဆုံးတွင် တစ်ခုခုမှားယွင်းသွားခဲ့ရသည်မှာ သံသယ ဖြစ်စရာပင် မလိုပေ။ သို့သော်ငြား ရလဒ်က အလွန်ကောင်းသွားသည့်ပုံပင်။ နောက်တစ်နေ့တွင် ကျောက်ကျင်းကောက သူ့လက်ထဲမှ လက်စွပ်ကြောင့် ရင်ထဲထိသွားပုံပေါ်သည်ကို တွေ့လိုက်ရသောအခါ ကျန်းကျန့်မှာ ကျောက်ကျင်းကော ဤလက်စွပ်ကို အလွန်သဘောကျနေခြင်း ဖြစ်မည်ဟု သိလိုက်ရသည်။
ကျောက်ကျင်းကောက ထိုလက်စွပ်ကို အမှန်ပင် သဘောကျနေပြီး လူတိုင်းက သူ့လက်ချောင်းထက်မှ လက်စွပ်ကို တွေ့မြင်နိုင်ကြရန် ဆန္ဒရှိနေပါသော်ငြား ကြွားဝါရမည်ကိုလည်း ရှက်ရွံ့နေသေးသည်။ ထို့အပြင် အခြားသူများ သူ့လက်ပေါ်မှ လက်စွပ်ကို မြင်ရုံဖြင့် အသုံးမဝင်နိုင်သေးပေ။ အခြားသူများက ကျန်းကျန့်၏ လက်မှ လက်စွပ်ကို တွေ့မြင်နိုင်ကြရန် မျှော်လင့်မိသည်။ သူတို့က အတူတူ ဝတ်ထားကြတာလေ... ကျောက်ကျင်းကောက မျက်မှောင်ကျုံ့ထားပြီး အလေးအနက် ဖြစ်နေပုံပေါ်နေသည်။ လက်တစ်ဖက်က လက်စွပ်ကို တမင်သက်သက်သော်လည်းကောင်း အမှတ်တမဲ့သော်လည်းကောင်း ပွတ်သပ်မိနေခဲ့သည်။
ဟယ်ချွန်းရှန့်၊ ကျန်းမင်နှင့် အခြားသူတို့မှာ သူ့ကို မျက်နှာချင်းဆိုင်မိစဥ် ရှင်းမပြနိုင်သော ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့ အတူရှိကြတာ တော်တော်လေး ကြာနေပေမယ့်လည်း အခုတလော ပိုပိုပြီး ဟိတ်ဟန်ထုတ်လာကြသလိုပဲလို့...
ဟယ်ချွန်းရှန့်နှင့် အခြားသူများ ကျောက်ကျင်းကောကို တွေ့သောအခါ သူတို့အားလုံး နှုတ်ဆက်လိုက်ကြပြီး မြန်မြန် ထွက်ပြေးကုန်ကြလေသည်။
ကျောက်ကျင်းကော: “. . .”
ကျောက်ကျင်းကော၏ စိတ်ကို အခြားသူများ မမြင်နိုင်သော်လည်း ကျန်းကျန့်ကမူ မြင်နေရသည်။ ထို့ကြောင့် ၎င်းကို တွေ့သောအခါ မနေနိုင်ဘဲ ရယ်မောမိသွားလေသည်။
မူလတွင် လက်စွပ်ဝတ်ထားရသည်က အဆင်မပြေဘဲ သက်တောင့်သက်သာလည်း မရှိဟု ခံစားရသဖြင့် ပြန်ရောက်သည်နှင့် ချွတ်ပစ်လိုက်မည်ဟု တွေးထားခဲ့ပါသော်လည်း.... ယခုတွင် တစ်ချိန်လုံး ဝတ်ထားသည်က ပိုကောင်းမည်ဟု သူခံစားလိုက်ရသည်။
ကျန်းကျန့်က ဤခေတ်၏ အဖိုးတန် ပစ္စည်းများကို စိတ်မဝင်စားပေ။ သူ့အမြင်တွင် ထိုစျေးကြီးလှသည့် ခေတ်ဟောင်း လက်ရေးမူ၊ ပန်းချီ၊ ကြွေထည်နှင့် ကျောက်စိမ်းတို့က ရွှေနှင့် ငွေလောက် မကောင်းပေ။ သူက ရေဆွဲအိမ်သာ တစ်လုံးကို ငွေစတစ်ထောင်ဖြင့် မျက်တောင်မခတ်စတမ်း ဝယ်ယူနိုင်ပါသော်လည်း ကျောက်စိမ်းပန်းကန်ကို ငွေစတစ်ထောင်ဖြင့် ဝယ်ယူရန်ကိုကား... ၎င်းက ပန်းကန်လုံးတစ်လုံးသာ ဖြစ်ပြီး ကျောက်စိမ်းက ကြွေထည်ထက် ပိုမကောင်းနိုင်ပေ။ အဆုံးတွင် ကျန်းကျန့်က ဇိမ်ခံအသုံးအဆောင်ပစ္စည်းများ မဝယ်ဘဲ လက်တွေ့ကျကျ သုံးနိုင်မည့် ပစ္စည်းများ အထူးသဖြင့် မီးသွေးကိုသာ အဓိက ဝယ်ယူခဲ့သည်။ ထို့အပြင် သူက စျေးကြီးသည့် မီးသွေးများကို မဝယ်ဘဲ အချိန်ကြာကြာ အသုံးခံပြီး ငွေစအနည်းငယ်သာ ကျသင့်သည့် မီးသွေးများကိုသာ ဝယ်ခဲ့သည်။
ထို့ကြောင့် ကျန်းကျန့်က ဤတစ်ခေါက်တွင် ဖုချောင်၌ ပစ္စည်းများစွာ ဝယ်ယူခဲ့သော်လည်း အဆုံးတွင် ငွေများများ မသုံးခဲ့ရပေ။
ဟယ်ချောင်စီရင်စုသို့ ပြန်ရောက်သည့်အချိန်တွင် နှစ်သစ်ကူးရန် ဆယ်ရက်သာ လိုတော့ပြီး ဟယ့်ရှီရွာသားများကလည်း နှစ်သစ်ကူး ပစ္စည်းများ စတင်ဝယ်ယူနေပေပြီ။ ဤနေရာရှိ လူများအတွက်စားစရာမှာ အဓိကအားဖြင့် မျှစ်ခြောက်များ၊ ငါးဆားနယ်နှင့် ပင်လယ်ရေညှိတို့ ဖြစ်ကြပေသည်။ တစ်ချိန်တည်းမှာပက် အချို့လူများက ဝက်သားများကို ဆားနယ်ကာ ကြက်များ ပြင်ဆင်ထားလေ့ ရှိသော်လည်း ထိုမျှလောက်သာ ဖြစ်သည်။
တစ်ဖက်တွင် လူအများစုက ငွေမရှိကြသော်လည်း အခြားတစ်ဖက်တွင် စိုက်ခင်းထဲ၌ ရာသီစာ အသီးအရွက်များစွာ ရှိကြသဖြင့် အခြားပစ္စည်းများ သိုလှောင်ထားရန် မလ်ုအပ်ပေ။
နှစ်သစ်နီးကပ်လာပြီ ဖြစ်၍ ရွာက လူငယ်များ စုစည်းကာ ငါးဖမ်းထွက်ကြမည် ဖြစ်ပြီး ငါးများ ဖမ်းမိလာပြီးနောက် တစ်ရွာလုံး ဝေမျှပေးမည် ဖြစ်သည်။ နှစ်သစ်ကူး ဆုတောင်းပွဲအတွက် ကြက်၊ ငါးနှင့် အသားများ ရှိရပေမည်။ ငါးများကို ခွဲဝေပြီးနောက် နှစ်သစ်ကူးပြီးချိန်တွင် အလည်အပတ်ရောက်ရှိလာမည့် ဧည့်သည်များအတွက် သိမ်းဆည်းထားနိုင်ပေသည်။
ကျန်းကျန့်က သင်္ဘောသားများဖြင့် ပြန်ရောက်လာချိန်တွင် ဟယ့်ရှီရွာသားများက ငါးဖမ်းနေကြပြီး ကျောက်ဖူကွေ့လည်း ထိုနေရာတွင် ရှိနေသည်။ ထို့ကြောင့် ကျောက်ဖူကွေ့ ပြန်လာသောအခါ ငါးအပြည့်ထည့်ထားသော တောင်းတစ်တောင်း ပြန်ယူလာခဲ့သည်။
"ဒီတစ်ခေါက် ရွာက ငါးဖမ်းထွက်ဖို့အတွက် ကျန်းကျန့်ရဲ့ ငါးဖမ်းလှေ ငှားထားတော့ ငါတို့မိသားစုကို ငါးတွေအများကြီး ခွဲပေးခဲ့တာလေ"
ကျောက်ဖူကွေ့က သူ့လက်ထဲမှ ဝါးခြင်းတောင်းလေးကို ချကာ စိတ်ကောင်းဝင်နေခဲ့သည်။ အတိတ်တွင် နှစ်တိုင်း သူနှင့် ကျောက်ကျင်းကောတို့ သွားရောက် ကူညီပေးပြီး အလုပ်များများ လုပ်ခဲ့ရသော်လည်း အဆုံးတွင် ယနေ့ ရရှိခဲ့သည် ငါးပမာဏ၏ တစ်ဝက်ပင် မပြည့်ချင်ပေ။
"သူတို့က ကျန်းကျန့်ကို မျက်နှာသာပေးနေတာလေ"ကျောက်လျူက ပြောလိုက်ပြီးနောက် စည်ပိုင်းထဲတွင် ငါးအရှင်အချို့ ထည့်လိုက်ကာ ကျန်နေသေးသော ငါးများကို ကျောက်ဖူကွေ့အား သတ်ပေးရန် ပြောလိုက်လေသည်။
ငါးများကို သတ်လိုက်ပါက အချို့ကို ချက်ချင်း ချက်ပြုတ်နိုင်ပြီး အချို့ကိုမူ လိုသလောက် တည်ခင်းနိုင်ပေသည်။
"ငါးကို ထမင်းချက်လီကိုပဲ ချက်ခိုင်းလိုက်ပါ... အဖေနဲ့ ကျွန်တော်က ဝယ်လာတဲ့ ပစ္စည်းတွေကို ရှင်းလင်းရေး လုပ်ရဦးမယ်" ကျန်းကျန့်က ပြောလိုက်သည်။
ကျောက်ဖူကွေ့နှင့် ကျောက်လျူတို့က တစ်ချိန်လုံး အလုပ်လုပ်လက်စရှိသဖြင့် ကျန်းကျန့်က ထမင်းချက်လီနှင့် ရှောင်ရို့တို့ကို ပြန်ခေါ်လာပြီး ကျန်းရှောင်မိန်ကလည်း ကူညီပေးရန် ရှိနေသော်လည်း အလုပ်အများစုကို သူတို့ ကိုယ်တိုင်လုပ်ရန် ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့က အသက်မငယ်တော့ဘဲ အစောပိုင်း နှစ်များတွင် လောကဓံကို ကြုံဆုံလာခဲ့ရသည်။ ထို့ကြောင့် ကျန်းကျန့်က သူတို့ကို တားမြစ်တတ်ပြီး တတ်နိုင်သမျှ အလုပ်နည်းနည်းသာ လုပ်နိူင်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ ထမင်းချက်လီနှင့် ရှောင်ရို့တို့က လခပေးထားခြင်း ဖြစ်၍ ငါးကိုင်ခြင်းက သူတို့အတွက် အမှန်ပင် မှုလောက်စရာ မဟုတ်ပါပေ။
ကျန်းကျန့်သည် ကျောက်ဖူကွေ့နှင့် ထွက်သွားပြီးနောက် ကျောက်လျူက သူမ၏သားနှင့် စတင်ပြောဆိုလေတော့သည်။ ထို့နောက် ပထမဆုံးအကြိမ်အဖြစ် ကျောက်ကျင်းကောလက်တွင် ဝတ်ထားသည့် လက်စွပ်ကို တွေ့လိုက်ရလေသည်။
"ကျင်းကော... ဒါက သားအတွက် ကျန်းကျန့် ဝယ်ပေးထားတာလား" ကျောက်လျူက မေးလိုက်သည်။
"ဟုတ်တယ်" ကျောက်ကျင်းကောက စိတ်အခြေအနေ ကောင်းနေဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ နောက်ဆုံးတော့ လက်စွပ်အကြောင်း မေးလာတဲ့သူ ရှိပြီကွ... "ကျန်းကျန့်က ဆင်တူ လက်စွပ်နှစ်ကွင်း ဝယ်ပြီး သူလည်း တစ်ခုကို ဝတ်ထားတယ်... ပြီးတော့ ကျွန်တော်တို့ နာမည်ကို လက်စွပ်အထဲမှာ ထွင်းထားသေးတယ်"
ကျောက်ကျင်းကောက ကျောက်လျူကို လက်စွပ်အကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောပြခဲ့ပြီးနောက် မကြာမီမှာပင် ဘေးနားမှ ရွာသားများမှာ သူ့ကို ကြည့်မနေကြဘဲ သူ့လက်ထဲမှ လက်စွပ်အား ကြည့်နေကြသည်ကို တွေ့လိုက်ကြရလေသည်။ ကျောက်ကျင်းကောက ကိုယ့်ကိုကိုယ် ပီတိဖြစ်နေမှူကို မပေါ်လွင်စေရန် တခစ်ခစ် မရယ်မောမိအောင် ထိန်းထားရပြီး အရှင်သခင်ကြီး တစ်ယောက်သဖွယ် ဟိတ်ဟန်ကြီးနေလေသည်။
ကျန်းကျန့်က ဖုချောင်မှ ပြန်ဝယ်လာသော ပစ္စည်းများကို နေရာချထားပြီးနောက် သူဝယ်ထားသော မြေကို စတင် စီစဥ်ဆောင်ရွက်ပြီး သူ့လူများကို စတင် လေ့ကျင့်ပေးလေသည်။ သူက နေ့တိုင်းတွင် သူ့လူများကို လေ့ကျင့်မှု မျိုးစုံ လုပ်ရန် ခေါ်သွားခဲ့ပြီး ဓါးပြများထံမှ ကယ်လာသော အမျိုးသားများကို မြေကို အဆင့်မြှင့်တင်ရန် ခိုင်းခဲ့သည်။ အမျိုးသမီးများနှင့် ကောများအတွက်ကား အချိန်တစ်ခုအထိ ချည်ထည်များ ရက်ကာ အဝတ်များ ချုပ်ကာဖြင့် ခိုင်းစေရပေမည်။
နှစ်သစ်ကူး နီးကပ်လာသည့်တိုင် ကျန်းကျန့်က အနားမယူရသေးသဖြင့် ဟယ့်ရှီရွာသားများမှာ သူ့ကို လက်ဖျားမခါဘဲမနေနိုင်ကြပေ။ တစ်ချိန်တည်းမှာပင် ပိုပိုများလာသော လူများက ကျန်းကျန့်အကြောင်း မေးလာကြပြီး အဖွဲ့ထဲသို့ ဝင်ရန် မျှော်လင့်နေကြသည်။