အပိုင်း၂၀
Viewers 9k

Chapter 20


🐹အခန်း ၂၀ ဝူယိလေးက အာကာသစွမ်းရည်ကို လွှမ်းမိုးသွားတယ်


အခန်းလေးအတွင်း၌ မျှော်လင့်ချက်မဲ့သည့် အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာသည်။


“ခွေးသူတောင်းစား..”


ရှဲ့ကျွင်းတို့သည် မျက်ရည်များစီးကျလျက် အော်ဟစ်ဆဲရေးကြလေသည်။


သို့သော်လည်း မုန့်ကွမ်းယောင်မှာ အလွန်အကြင်နာမဲ့လှသည်။ ခန်းခန်းသည် သူ၏စွမ်းရည်အား အသုံးပြုနိုင်စွမ်း မရှိသည်ကို မြင်သည့်အခါတွင် သူ၏ စိတ်အာရုံအား လျှော့ချကာ နာနာ၏ အဝတ်များအား ဆုတ်ဖြဲဖို့ပြင်လေသည်။


အချိန်မှာပင် ခန်းခန်းသည် ရုတ်တရက် အလွန်လျှင်မြန်လာပုံရသည်။ အခွင့်အရေးကို အမိအရ ဖမ်းယူကာဖြင့် ခန္ဓာကိုယ်တွင်းရှိ စွမ်းရည်လက်ကျန်အား အပြည့်အဝ အသုံးပြုကာ အသန်မာဆုံးသော စိတ်တိုက်ခိုက်မှု ပြုလေသည်။ သူမေ့မျောမသွားမီတွင် ရှောင်ဝူယိအား စကားပြောခဲ့သေးသည်။ 


“ကိုကို.. ပြေးတော့...”


ရှောင်ဝူယိ သူ၏စိတ်ထဲတွင် ထိုစကားအား ကြားသည့်အခါ နီရဲနေသည့် မျက်လုံးများမှာ မျက်ရည်များ ကျဆင်းလုမတတ်ပင်။ ခန်းခန်း မေ့မျောလာသည်နှင့်အတူ မုန့်ကွမ်းယောင်သည်လည်း ရုတ်တရက် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပြီး စွမ်းအင်စက်ကွင်းအတွင်း ချုပ်နှောင်ထားသည့်လူများအားလုံး လျော့ရဲသွားသည်။


သို့သော်လည်း မုန့်ကွမ်းယောင်မှာ နောက်ဆုံးအသက်တစ်ရှိုက်အား ဆုပ်ကိုင်ထားဆဲဖြစ်သည်။ လက်ထဲတွင် အမြုတေဆုပ်ကိုင်ထားပြီး အလျင်အမြန် ပြန်လည်သက်သာလာသည်ကြောင့် အနက်ေရာင်စွမ်းအင်စက်ကွင်းမှာ ပြန်လည်တင်းကြပ်သွားပြန်သည်။


ကလေး ၄ ယောက်၏ အစီအစဉ်မှာ ပျက်သုန်းသွားလေပြီ။


“အားးးး မိစ္ဆာကြီး.. ဘာဖြစ်လို့ မသေသေးတာလဲ..”


နာနာသည် သတိလစ်မေ့မျောသွားသည့် အစ်ကိုဖြစ်သူနှင့် လွတ်မြောက်နိုင်စွမ်းမရှိသည့် လူများအား ကြည့်လိုက်သည်။ မျှော်လင့်ချက်မဲ့စွာဖြင့် ငိုကြွေးလို့နေပြီး သူမ၏ ကံကြမ္မာအား လက်ခံကာဖြင့် မျက်လုံးများ ပိတ်လိုက်တော့သည်။


မုန့်ကွမ်းယောင်သည် သူ၏ပါးစပ်ထောင့်တွင် စီးကျနေသည့် သွေးစက်အား ထိလိုက်ပြီးနောက် ဆိုးယုတ်စွာ ပြုံးလိုက်သည်။ မုန့်ကွမ်းယောင်သည် နာနာအား ဂရုမစိုက်တော့ဘဲ မေ့မျောနေသည့် ခန်းခန်းဆီသို့ တိုက်ရိုက်သွားလေသည်။ သူ၏ ဩဇာအာဏာအား ကြိမ်ဖန်များစွာ ထိပါးစော်ကားနေသည်ကြောင့် သူ၏ သည်းခံနိုင်စွမ်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။


လက်တစ်ချက် ဝှေ့လိုက်ပြီးနောက် ခန်းခန်း၏ လည်ပင်းတွင် စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုစက်ကွင်းသည် တဖြည်းဖြည်းချင်း တင်းကြပ်လာပြီး ခန်းခန်း၏မျက်နှာမှာ ခရမ်းရောင်ပြောင်းလာကာ ပြင်းပြင်းထန်ထန် တွန့်လိမ်လာသည်။


ရှဲ့ကျွင်းတို့သည် ထိုမြင်ကွင်းအား အစမှ အဆုံးထိတိုင် အံကြိတ်လျက်ဖြင့် ကြည့်နေကြသည်ကြောင့် ပါးစပ်မှ သွေးများစီးကျလာသည်။ သို့သော်လည်း သူတို့၏ ခြေလက်များအား ချုပ်နှောင်ခံထားရသဖြင့် ရုန်းကန်နိုင်စွမ်း မရှိသည်ကြောင့် သူတို့၏ အမုန်းတရားနှင့် အမျက်ဒေါသကို ဖောက်ထုတ်နိုင်မည့် နည်းလမ်းမရှိချေ။


“ခွေးသူတောင်းစား.. လူ့ငနွားကောင်.. မင်းသေလိုက်ပါတော့..”


“အားးးးးးးးး ကိုကို!!!!!”


ဤတစ်ကြိမ်တွင် ရှောင်ဝူယိသည် သေလုမျောပါး ဖြစ်နေသည့် ခန်းခန်းအားကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံး ဒေါသများ ပြည့်လာသည်ကြောင့် အပြင်းအထန် ရုန်းကန်လေသည်။


ထို့နောက်တွင် သူ၏ သွေးထဲမှ တစ်စုံတစ်ခု နိုးထလာသကဲ့သို့ စွမ်းအားတစ်ခုသည် ချုပ်နှောင်ထားမှုအား ချိုးဖြတ်လိုက်သည်။


ထို့နောက် လူအားလုံး၏ ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်မှာပင် ရှောင်ဝူယိသည် စွမ်းအင်ကွင်းအား ဖယ်ရှားအား သူ၏လက်အား ဆွဲထုတ်လိုက်ပြီးသည်နှင့် စက်ကွင်းတစ်ခုလုံး ဆုတ်ပြဲသွားလေသည်။


ရှောင်ဝူယိကိုယ်တိုင်ပင် အဖြစ်အပျက်များကို နားမလည်နိုင်ချေ။ တစ်စက္ကန့်မျှ အေးခဲနေမိသော်လည်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ရှောင်ဝူယိသည် သူ၏လက်ဖြင့် စက်ကွင်းအား ထိန်းချုပ်ကာ မုန့်ကွမ်းယောင်ရှိရာသို့ လမ်းလျှောက်သွားလေသည်။


မုန့်ကွမ်းယောင်၏ ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်လုံးများအောက်မှာပင် ရှောင်ဝူယိသည် မုန့်ကွမ်းယောင်အား စွမ်းအင်ကွင်းဖြင့် ချည်နှောင်လိုက်သည်။


သူ၏ကိုယ်ပိုင်စွမ်းရည်အား ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် မုန့်ကွမ်းယောင် ကြောက်စိတ်မွှန်လာသည်။ စွမ်းရည်အား ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားသော်လည်း သူ့အား ချုပ်နှောင်ထားသည့် စက်ကွင်းမှာ တင်းကြပ်သထက် တင်းကြပ်လို့လာသည်။


မုန့်ကွမ်းယောင် ကြောက်ရွံ့မှုအား စတင်ခံစားလာမိသည်။ သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ခွေးသေကောင် တစ်ကောင်ကဲ့သို့ ပြန်လည်ချုပ်နှောင်ထားခံရသောကြောင့် ချွေးအေးများစီးကျလာလေသည်။


ရှောင်ဝူယိသည် မုန့်ကွမ်းယောင်အား ချည်နှောင်ပြီးသည်နှင့် ချက်ချင်းပင် ခန်းခန်း၏ လည်ပင်းမှ စင်ကွင်းအား ဆွဲဖြုတ်လိုက်သည်။ ထိုအခါမှ ခန်းခန်း ပုံမှန်အသက်ပြန်ရှူလာနိုင်ပြီး နီမြန်းနေသည့် မျက်နှာမှာလည်း တဖြည်းဖြည်းချင်း လျော့ကျလာသည်။


မရှေးမနှောင်းမှာပင် ရှောင်ဝူယိသည် စက်ကွင်းအား လွယ်လင့်တကူ ဆုတ်ဖြဲကာဖြင့် ရှဲ့ကျွင်းတို့အား လွှတ်ပေးလိုက်သည်။ သို့သော်လည်း အဖြစ်အပျက်များအား နားမလည်နိုင်ခင်မှာပင် ခန်းခန်း၏ အခြေအနေမှာ ရုတ်တရက် ဆိုးဝါးလာလေသည်။


“ကိုကို.. ထပါဦး..”


နာနာသည် ခန်းခန်း၏ ကျစ်ကျစ်တောက်ပူနေသည့် ခန္ဓာကိုယ်အား ခံစားမိသဖြင့် ကြောက်လန့်တကြား ကျယ်လောင်စူးရှစွာ ငိုကြွေးလေသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် အလျင်စလို ရောက်လာကြပြီး ရှေးဦးသူနာပြုနည်းဖြင့် ပြုစုပေးကြသည့်တိုင် အခြေအနေမှာ ပိုကောင်းမလာခဲ့ချေ။ သူတို့အားလုံး စတင်စိုးရိမ်လာမိကြပြီး နဖူးမှ ချွေးတစက်စက် စီးကျလာသည်။


အဆုံးတွင် ရှဲ့ကျွင်းသည် မူလတန်းကျောင်းအပြင်မှ ဝူဝမ်ယွီ၏ အော်ဟစ်သံအား ကြားလိုက်ရသဖြင့် ရုတ်တရက် တစ်စုံတစ်ခုအား သတိရမိသွားပုံပင်။ ရှဲ့ကျွင်းသည် သူနှင့်အတူ အမြဲတမ်း သယ်ဆောင်လျက်ရှိသည့် အမြုတေများအား ခန်းခန်း၏လက်ထဲသို့ အလျင်စလို လွှဲပြောင်းပေးလိုက်သည်။


ကုန်ခမ်းလုဆဲဆဲဖြစ်သည့် စွမ်းအားများ ပြန်လည်ဖြည့်တင်းလာသည်။ ခန်းခန်း၏ ခန္ဓာကိုယ် အပူချိန်မှာလည်း စတင်ကျဆင်းလာပြီး စက္ကန့်ပိုင်းအကြာတွင် တည်ငြိမ်လာလေသည်။


ထိုအခါမှသာ လူတိုင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်ကြသည်။ ဤသည်မှာ မှားယွင်းသည့် အချက်ပြမှုတစ်ခုသာ ဖြစ်သည်။


ဝူဝမ်ယွီနှင့်အဖွဲ့ အခန်းငယ်လေးအား ရှာတွေ့ချိန်တွင် လူအုပ်ကြီးသည် ကောင်ငယ်လေးတစ်ယောက် နံဘေးတွင် ပတ်လည်ဝိုင်းကာ ထိုင်နေကြသည်ကို မြင်လိုက်ရသည်။ မြေပြင်ပေါ်တွင် ဝက်တစ်ကောင်ကဲ့သို့ ကြိုးတုပ်ချည်နှောင်ထားခြင်းခံရသော လူတစ်ဦးလည်း ရှိနေလေသည်။


“ဘာတွေဖြစ်ခဲ့တာလဲ..”


စစ်ပွဲတစ်ပွဲ ဆင်နွှဲခဲ့ရသည်နှင့် တူနေသော လူအုပ်အားမြင်သည့်အခါ ဝူဝမ်ယွီတို့သည် သိလိုစိတ်ဖြင့် ရှေ့သို့အလျင်အမြန် တိုးသွားကြသည်။ လူတိုင်း၏ လည်ပင်းတွင် လည်မျိုညှစ်ထားခံရသည့် အမှတ်အသား ထင်းထင်းများ ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုလူများကြားတွင် မြေပြင်ပေါ်တွင် ထိခိုက်ဒဏ်ရာများစွာဖြင့် လဲလျောင်းနေသည့် ကောင်ငယ်လေးတစ်ဦး ရှိနေလေသည်။


ဆေးကျောင်းသားများစွာသည် အလျင်အမြန် ရှေ့သို့တက်လာကြပြီး ခန်းခန်း၏ ဒဏ်ရာများအား အရေးပေါ်ကုသမှု ပေးလေသည်။ ရှဲ့ကျွင်း၏ ညွှန်ကြားချက်အရ သူတို့သည် ဂရုတစိုက်ဖြင့် ပြုမူနေကြပြီး ခန်းခန်းလက်ထဲရှိ အမြုတေများအား မထိရဲကြချေ။


မူလက ခန်းခန်းအား စောင့်ကြည့်လျက်ရှိသော နာနာတို့သည် ကျောင်းအုပ်ယွမ် ပွေ့ချီထားသည့် တောက်တောက်အား မြင်သည့်အခါ ချက်ချင်းပင် စိတ်လှုပ်ရှားကာ ပြေးသွားကြပြီး ပျော်ရွှင်မှုကြောင့် မျက်ရည်များ ကျဆင်းလာသည်။


“ကောင်းလိုက်တာ.. တောက်တောက်.. နင်လည်း သက်သာသွားပြီလား..”


ကျောင်းအုပ်ယွမ်သည် သူ၏နံဘေးသို့ ရောက်ရှိလာသည့် မုန်လာဥဖြူနှင့်တူသည့် ကလေးများအား စိတ်မကောင်းစွာဖြင့် ကြည့်လိုက်သည်။ ကျောင်းအုပ်ယွမ်သည် ကလေးများနှင့် ပိုမိုအဆင်ပြေစွာ ပြောဆိုနိုင်ရန်အတွက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။


ဝူဝမ်ယွီသည် ရှောင်ဝူယိ၏ ခန္ဓာကိုယ်ပေါ်ရှိ ချည်နှောင်ထားခြင်းခံရသည့် အရာများအား ကြည့်လိုက်ကာ နာကျင်ခံစားမိသည်။ ချောမွေ့သည့် အရေပြားပေါ်မှ အနီရောင် အမှတ်များသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်အား ကြုံတွေ့ခဲ့မှု၏ အမှတ်အသား ဖြစ်လေသည်။


“ငါ မနာပါဘူး ရှောင်ယွီ မေ့မေ့..”


ရှောင်ဝူယိသည် ဝူဝမ်ယွီအား နှစ်သိမ့်လိုက်ပြီး ချီးကျူးမှုကိုပင် ခံယူလိုက်သေးသည်။


“ဟမ်းစတားစစ်သည်တော်နဲ့ သူ့လူတွေက ဗီလိန်ကြီးကို အတူတူ အနိုင်ယူပစ်ခဲ့တာလေ..” (˘ ˘ ˘)


“အန်တီလို့ ခေါ်စမ်း..”


ဝူဝမ်ယွီသည် ရှောင်ဝူယိအား ဂရုတစိုက်နှင့် ဆေးလိမ်းပေးနေသည်။ ဟမ်းစတားစစ်သည်တော်၏ ချစ်စဖွယ် စကားလုံးလေးများမှာ တစ်ဘက်နားမှဝင်ကာ တစ်ဘက်နားမှ ထွက်သွားလေသည်။


ခန်းခန်းနှင့် အခြားသူများ၏ ဒဏ်ရာများအား ကုသမှုပြုပြီးနောက်တွင် လူတိုင်းသည် အဖြစ်အပျက် တစ်ခုလုံးအား ရှင်းရှင်းလင်းလင်း နားလည်သွားပြီဖြစ်သည်။ နာနာနှင့် ကောင်လေးနှစ်ယောက် ထံမှတဆင့် ဝက်တစ်ကောင်ထက်ပင် ယုတ်ညံ့သည့် မုန့်ကွမ်းယောင်အကြောင်း သိရှိလိုက်ရသည်။ တကယ်တမ်းတွင် ထိုလူ့ငနွားမှာ ရှန်းယန်မူလတန်းကျောင်း၏ ဆရာတစ်ယောက်ဖြစ်သည်။


ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာချိန်တွင် မုန့်ကွမ်းယောင်သည် သူ၏စွမ်းရည်အား အသုံးချကာ ရွာ၏ ရှင်သန်သူများအား ကျောင်းအတွင်း ပိတ်လှောင်ထားခဲ့သည်။ အရွယ်ရောက်ပြီး သူများမှာ သူ၏အစေခံများ ဖြစ်လာပြီး သူ့အတွက်ရိက္ခာရှာဖွေပေးရသည်။ သို့သော်လည်း သူ စိတ်မကျေနပ်သည့်အခါ ထိုလူများအား ကိုယ်အင်္ဂါများ ဖျက်ဆီးကာ သတ်ဖြတ်ပစ်တတ်သည်။ အသက်ရှင်သန်ခဲ့သည် ကလေးများအားလုံးမှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး အကြောင်းမဲ့သက်သက်နှင့် သူ၏ ဆော့ကစားဖို့ရန်နှင့် နှိပ်စက်ညှင်းပန်းဖို့ရန် အသုံးချခံများ ဖြစ်ခဲ့ရသည်။


ကျောင်းအုပ်ယွမ်သည် ကလေးများ ပြန်ပြောင်းပြောပြသည့် ယုတ်ညံ့လွန်းသော အဖြစ်အပျက်များကို နားထောင်ပြီးနောက် မုန့်ကွမ်းယောင်အား အလွန်ရွံရှာမိလေသည်။ တစ်ချိန်တည်းမှာပင် ကလေးများ ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် အလွန်အမင်း ဝမ်းနည်းလာမိသည်။ အထူးသဖြင့် ကျောင်းအနောက်ဘက် တောင်ခြေရှိ ရွာသားများနှင့် ကလေးများ၏ အလောင်းများအား မြင်တွေ့ပြီးသည့်နောက်တွင် သူတို့အားလုံးသည် မုန့်ကွမ်းယောင်အား အကြိမ်တစ်ထောင်ခန့် ပိုင်းဖြတ်ချင်မိသည်။


“ဆရာဆိုတဲ့ အဆင့်အတန်းထဲမှာ ဘယ်လိုလုပ်ပြီး သားရဲထက်တောင် နိမ့်ကျတဲ့ မင်းလိုကောင်စားမျိုး ရှိနေရတာလဲ..”


ပညာဉာဏ်နှင့်ပြည့်စုံပြီး ယဉ်ကျေးသူတစ်ဦးဖြစ်သည့် ကျောင်းအုပ်ယွမ်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့တက်ကာ မုန့်ကွမ်းယောင်အား ကန်လေသည်။


“တိရစ္ဆာန်ကောင်..”


မုန့်ကွမ်းယောင်သည် ရေနွေးပူမကြောက်သည့် ဝက်သေတစ်ကောင်ကဲ့သို့ နောင်တအနည်းငယ်မျှပင် မရှိချေ။ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလျက်နှင့် ရူးသွပ်စွာ ရယ်မောလေသည်။


“ငါ့ကို မုန်းတယ်ပေါ့.. အဲဒါဆို ဘာဖြစ်လို့ တစ်ခါတည်း မသတ်ပစ်တာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် လောင်ဇီက အားရအောင် ပျော်ခဲ့ပြီးပြီ.. ကမ္ဘာပျက်ကပ် မတိုင်ခင်ကတည်းက ဒါကို လုပ်ချင်ခဲ့တာ.. ဒါပေမဲ့လည်း ကံဆိုးတာက အဲဒီအချိန်တုန်းက မိဘတွေက နီးနီးကပ်ကပ် စောင့်ကြည့်နေခဲ့ကြတယ်လေ.. ငါ့ရဲ့ စွဲလမ်းမှုကို ဖြေဖျောက်ဖို့ ကလေးတွေကို ခိုးကြောက်ခိုးဝှက် လုပ်ရုံပဲ တတ်နိုင်ခဲ့တယ်လေ.. နေ့တိုင်းနေ့တိုင်း မိဘတွေ သေသွားဖို့ကို ငါ့မှာ ဆုတောင်းခဲ့ရတာ.. ကမ္ဘာပျက်ကပ်က တကယ်ကြီး ဖြစ်လာခဲ့မယ်လို့ ဘယ်သူက ထင်ထားမိမှာတုန်း.. ဟားဟားဟား.. အခုတော့ မိဘတွေ သေသွားရုံတင် မကဘဲ ဘုရားသခင်က အဲဒီကလေးတွေနဲ့ ကစားဖို့အတွက် ငါ့ကို စွမ်းရည်တွေပါ ပေးခဲ့သေးတယ်လေ.. ဟားဟားဟား..”


“ဒီကမ္ဘာပျက်ကပ်ကတော့ တကယ့်ကို ကြီးမြတ်တာပဲ..”


“အနာဂတ်မှာ ကမ္ဘာကြီးက စွမ်းရည်ပိုင်ရှင်တွေအတွက် ဖြစ်လာလိမ့်မယ်.. သန်မာတဲ့သူက ဘုရင်ဖြစ်လာပြီး ကျန်တဲ့သူတွေ အားလုံးက အမြှောက်စာလေးတွေပဲ.. ဒီလောင်ဇီက ကလေးတွေ လူကြီးတွေ နည်းနည်းပါးပါးလောက်နဲ့ ကစားတော့ကော ဘာအရေးလဲ..”


မုန့်ကွမ်းယောင် ထိုစကားများအား ပြောစဉ်တွင် သူ၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ နက်ရှိုင်းစွာ စွဲထင်နေသည်။ နာနာနှင့် တောက်တောက်တို့သည် ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်ကာဖြင့် တိတ်တဆိတ် မျက်ရည်များ ကျဆင်းလို့နေသည်။


ထိုစကားများကို ကြားသည့်အခါ ရှဲ့ကျွင်းသည် ဒေါသမထိန်းနိုင်တော့ဘဲ မုန့်ကွမ်းယောင်၏ မျက်နှာအား အချက်ပေါင်းများစွာ ရိုက်လေသည်။ မုန့်ကွမ်းယောင်သည် ရိုက်နှက်ခံရမှုကြောင့် သွား ၇ ချောင်း၊ ၈ ချောင်းခန့် ဆုံးရှုံးလိုက်ရပြီး ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်လာသည်။


“သေခြင်းဆိုး..”


မုန့်ကွမ်းယောင်သည် ရိုက်နှက်ခံရခြင်းကြောင့် စကားမပြောနိုင်သော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် နောင်တမဲ့သည့် အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။


စွမ်းရည်ပိုင်ရှင်များဖြစ်ကြသည့် ရှဲ့ကျွင်း၊ လျှိုတာ့ရှန်နှင့် ဝူဝမ်ယွီတို့မှအပ ကျန်လူများမှာ သာမန်လူများ ဖြစ်ကြသည့်အတွက် ထိုစကားများသည် သူတို့အပေါ် သက်ရောက်မှု ကြီးမားလေသည်။


စွမ်းရည်ပိုင်ရှင်များမှာ ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်ကဲ့သို့သော လူမျိုးများဖြစ်လျှင် လူသားများနှင့် ကမ္ဘာကြီးအတွက် ကောင်းမွန်သည့်အရာဖြစ်သည်။ သို့သော်လည်း မုန့်ကွမ်းယောင်ကဲ့သို့ ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းသည့် လူများသာဆိုလျှင် ဤကမ္ဘာပျက်ကပ်သည် မိစ္ဆာများအတွက် သုခဘုံတစ်ခု ဖြစ်လာပေလိမ့်မည်။


ကမ္ဘာကြီးတစ်ခုလုံးအား ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ကမ္ဘာပျက်ကပ်အတွင်း လူဆိုးမည်မျှလောက် စွမ်းရည်နိုးထလာပြီး သူတို့၏ ဆိုးယုတ်သည့်စိတ်အား လောင်စာထည့်လိုက်သလို ဖြစ်လာမည်ကို မသိနိုင်ပေ။


ထိုအကြောင်းအား တွေးမိသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်။


အနာဂတ်မှာ မုန့်ကွမ်းယောင်ပြောသည့်အတိုင်း ဖြစ်လာခဲ့မည်ဆိုလျှင် ကမ္ဘာကြီးသည် အမှောင်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဆုံးကိုပင် မြင်နိုင်မည် မဟုတ်ဘဲ သာမန်လူများ ရှင်သန်နိုင်ရန်မှာလည်း မဖြစ်နိုင်ပေ။


ကျောင်းသားများ၏ တိတ်ဆိတ်မှုနှင့် ကြောက်ရွံ့နေမှုအား မြင်သည့်အခါ ကျောင်းအုပ်ယွမ်သည် ကလေးများ၏ စိတ်အခြေအနေ တည်ငြိမ်လာစေရန်အတွက် ချက်ချင်းမတ်တတ်ရပ်လာသည်။


“မကောင်းတဲ့လူတစ်ယောက်ရဲ့ စကားတွေကြောင့် ဦးနှောက်ဆေးမခံရစေနဲ့.. ရှဲ့ကျွင်း.. တာ့ရှန်နဲ့ ရှောင်ယွီတို့ကိုပဲကြည့်လေ.. မင်းတို့ ကြောက်သေးရဲ့လား..”


ရှောင်ဝူယိသည်လည်း အခြားသူများအား နှစ်သိမ့်ပေးရန် သူ၏လက်ကလေးအား မြှောက်လိုက်သည်။


“ဒယ်ဒီက ပြောထားတာ လူကောင်းလေးလုပ်ရမယ်တဲ့.. ငါကလည်း လူကောင်းလေးပါနော်.. ကောင်းတဲ့ ဟမ်းစတားတွေက လူတွေကို လျှောက်လျှောက် မကိုက်ပါဘူး.. အဲဒါကြောင့် အားလုံးပဲ မကြောက်ပါနဲ့နော်.. ငါက အားလုံးကို ကာကွယ်ပေးမှာပါ..”


ထိုချစ်စဖွယ် စကားလေးများအား ကြားသည့်အခါတွင် လူတိုင်း၏စိတ်ကို ဖုံးလွှမ်းထားသည့် အရိပ်မည်းမှာ ပျောက်ကွယ်သွားပြီး မုန့်ကွမ်းယောင်အား မုန်းတီးရွံရှာမှုအပြည့်နှင့် ကြည့်လိုက်ကြသည်။


ကမ္ဘာပေါ်တွင် လူဆိုးထက် လူကောင်းက ပိုများပေသည်။


မုန့်ကွမ်းယောင်အား နောက်တစ်ချက် ရိုက်လိုက်ပြီးနောက် ရှဲ့ကျွင်းသည်လည်း ပြောလာသည်။


“ငါ့ရဲ့ လူအိုကြီးကလည်း လူကောင်းတစ်ယောက် ဖြစ်ရမယ်လို့ ပြောခဲ့တယ်.. အဲဒါကြောင့် မင်းလိုကောင်ကို ရိုက်တာက ညှိနှိုင်းမှုတစ်ခု မဟုတ်ဘူး..”


အဆုံးတွင် မုန့်ကွမ်းယောင်အား မည်သို့စီရင်ကြမည်ကို ဆွေးနွေးကြလေသည်။ ထိုကဲ့သို့သော တိရစ္ဆာန်ကောင်မျိုးကို သတ်ဖြတ်ပစ်မည်ဆိုလျှင် လွန်စွာသက်ညှာရာရောက်ပေမည်။ ထိုနည်းလမ်းသည် သူတို့၏ အမုန်းတရားများအား ချေဖျက်နိုင်လိမ့်မည် မဟုတ်ချေ။


ထိုအချိန်မှာပင် လျှိုတာ့ရှန် မတ်တတ်ရပ်လာပြီး ယခုထိတိုင် နောင်တရပုံမရှိဘဲ နှုတ်ခမ်းထောင့်တွင် ခပ်ညစ်ညစ် အပြုံးတစ်ခု ချိတ်ဆွဲထားသည့် မုန့်ကွမ်းယောင်အား ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်လိုက်သည်။ လျှိုတာ့ရှန်ကဲ့သို့သော ကြင်နာပြီး ရိုးသားလှသည့် လူမျိုးအတွက် ဤကဲ့သို့ ရက်စက်လာရန်မှာ လွန်စွာရှားပါးလွန်းလှသည်။


“ဒီကမ္ဘာပေါ်မှာ မွေးဖွားလာတာကိုပါ ဒီခွေးမသား နောင်တရသွားစေနိုင်မယ့် နည်းလမ်း ငါ့မှာရှိတယ်..”


ထိုသို့ပြောပြီးနောက် လျှိုတာ့ရှန်သည် ခြစ်တစ်ခုအား ထုတ်ယူပြီးနောက် သစ်သားပိုင်းတစ်ခုအား သွေးလေသည်။ ထိုသစ်သားပိုင်းအား ပုစဉ်းရင်ကွဲ၏ တောင်ပံကဲ့သို့ ထွင်းဖောက်မြင်ရသည်အထိ ထွင်းလိုက်သည်။


“ငါ့ရဲ့ လူအိုကြီးက သင်ပေးခဲ့တာလေ..”


“ငါက လူတွေကို အရေခွံ မဆုပ်ဖူးဘူး..”


အားလုံး : “...” ရိုးသားတွေလူတွေက တကယ်ကြီး ပိုကြောက်စရာကောင်းတာနော်.. 😰


ဤအချိန်တွင် ခန်းခန်းသည်လည်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည့်အတွက် လျှိုတာ့ရှန်၏ စကားများကို ကြားမိပုံရသည်။ သူ၏ဒဏ်ရာများအား ဂရုမထားဘဲနှင့် လျှိုတာ့ရှန်ရှိရာသို့ လျှောက်သွားလိုက်သည်။ လျှိုတာ့ရှန်၏ အင်္ကျီစအား လက်ဖြင့်ဆွဲပြီးနောက် မုန့်ကွမ်းယောင်အား မကျေနပ်စွာဖြင့် ကြည့်လိုက်သည်။


“အစ်ကိုကြီး.. သားကိုလည်း ပေးလို့ရမလား..”


ခန်းခန်းပြောပြီးသည့်နောက်တွင် နာနာနှင့် အခြားကောင်လေး နှစ်ယောက်လည်း ရောက်ရှိလာကြသည်။ သူတို့ နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။


ကျောင်းအုပ်ယွမ်၏ ချီထားခြင်းခံရသော တောက်တောက်သည်လည်း ရုန်းကန်လာပြီး နာနာတို့အဖွဲ့ထဲ ပါဝင်လိုဟန်ရှိသည်။