Chapter 95 End
Viewers 9k

အပိုင်း(၉၅)ဇာတ်သိမ်းပိုင်း


"သူမက ကိုယ့်ဆီက ဖိတ်ကြားလွှာတစ်ခုလာပေးတာ" လိန်ဖန်က ပြောလိုက်သည်။


"ဘာဖိတ်ကြားလွှာလဲ"


"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်က သိုင်းလောကခေါင်းဆောင်ဟောင်း ချင်ဟောင်ထန်အသတ်ခံခဲ့ရကတည်းက သိုင်းလောကအသိုင်းအဝိုင်းထဲမှာ ခေါင်းဆောင်တစ်ယောက် မရှိတာကြာခဲ့ပြီလေ။ ဒီတစ်ခေါက် အထွေထွေညီလာခံတစ်ခုခေါ်ယူပြီးတော့ ခေါင်းဆောင်သစ်တစ်ယောက်ရွေးချယ်ဖို့ကို ဓားဝိညာဉ်တောင်ကုန်းက စီစဉ်ခဲ့တယ်။"


'အိုး..ငါ သိပြီ။ ဒီတော့ သူက ပြဿနာမရှာတော့ဘူးပေါ့။ လင်ရှန်း သက်သာရရသွားတဲ့ သက်ပြင်းတစ်ခုဟင်းခနဲ ချလိုက်သည်။ ဒါပေမယ့် ချက်ချင်းပင် သူမတစ်ခုခုကိုနားလည်သွားခဲ့သည်။ " သိုင်းလောကခေါင်းဆောင်ဟောင်းနာမည်က ဘယ်သူလို့ ရှင်ပြောလိုက်တာ"


"ချင်ဟောင်ထန်"


လင်ရှန်း တုန်လှုပ်သွားပြီးတော့ သူမပါးစပ်က 'O'ပုံစံလို ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ကာ- "ချင်ဟောင်ထန်... ချင်ယု.... အဲဒါဆို သူတို့က......"


" မင်းပြောတာ မှန်တယ်" လိန်ဖန်က ခေါင်းညိတ်လိုက်သည်။ "လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက ကျီဟောင်လင်းက ချင်ဟောင်ထန်တို့တစ်မိသားစုလုံးကို အဆိပ်ခပ်ပြီးတော့ သတ်ပစ်လိုက်ခဲ့တာ။ သူမက ချင်ဟောင်ထန်ရဲ့နို့စို့အရွယ်သားလေးကို ခေါ်သွားပြီးတော့ သူမ ကလေးအဖြစ်နဲ့မွေးစားလိုက်ခဲ့တာ။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ချင်ယုနောက်ဆုံးတော့ သူ့မိဘတွေအတွက် လက်စားချေနိုင်ခဲ့တယ်။"


ဒီအကြောင်းတွေကိုကြားလိုက်ရပြီးနောက် လင်ရှန်း နက်ရှိုင်းစွာသက်ပြင်းချလိုက်သည်။ ကျီပိုင်ယုက သူမတို့တစ်တွေနဲ့ကျောက်လှိုဏ်ဂူထဲမှာ တိုက်ခိုက်နေကြတုန်း ဘာကြောင့် သူ့ရဲ့ဓားရှည်ကို ဘက်ပြောင်းလဲလိုက်လဲ ဆိုတာ သူမ တကယ်ကြီးမသိရှိခဲ့ပေ။ အခုတော့ နှစ်တွေအကြာကြီးတိတ်ဆိတ်ငြိမ်သက်စွာနဲ့ သူ စိတ်ဒုက္ခခံလာခဲ့လဲဆိုတာ သူမ နားလည်သွားခဲ့တော့ သူမ သူ့အား လေးစားအားကျ၍ မနေနိုင်ဘဲဖြစ်သွားတော့သည်။


"အဲဒါဆို ရှင် အဲဒီညီလာခံကို သွားမှာလား။" လင်ရှန်းမေးလိုက်ခဲ့သည်။ သိုင်းပညာစွမ်းရည်ပေါ်မူတည်ရရင် လိန်ဖန်က ချင်ယုထက်တော့ သေချာပေါက်နောက်ကောက်ကျမနေခဲ့ပေ။


လိန်ဖန်က သူ့ခေါင်းကိုခါရမ်းလိုက်ကာ- "ကိုယ်မင်းကို ပြောပြီးသားပဲမဟုတ်လား။ ကိုယ့်မှာ တော်ဝင်ခြံဝန်းနဲ့ရော ကျန်းဟူ(သိုင်းလောက)နဲ့ရော နောက်ထပ်မဆက်သွယ်ချင်တော့ဘူး။ ကိုယ်လုပ်ချင်တာအားလုံးက......." သူ ဒီအပိုင်းကုရောက်သွားချိန်မှာတော့ သူရပ်ပစ်လိုက်ကာ လင်ရှန်းကို ကြည့်ရှုလိုက်ခဲ့သည်။


လင်ရှန်း၏မျက်နှာက ချက်ချင်းလက်ငင်းပင် အနီရောင်တောက်တောက်သို့ ပြောင်းလဲလို့သွားခဲ့သည်။ သူမနှလုံးသားက ပေါက်ကွဲထွက်တော့မလို ကဆုန်ပေါက်နေကာ- သွားပြီ! ငါတို့ လက်ထပ်ပြီးတာ တော်တော်တောင်ကြာနေပြီပဲ ၊ သူက ငါ့တစ်ယောက်တည်းကိုပဲ စိုက်ကြည့်ပြီး မရှိမဖြစ်လိုအပ်နေတုန်းပဲကိုး..ငါ ဘယ်နားသွားနေလိမ့်ရမလဲ! အား... ရှက်ဖို့ကောင်းလိုက်တာ!"


လင်ရှန်း ရှက်ကိုးရှက်ကန်းဖြင့် ထွက်ပြေးဖို့ကြိုးစားလိုက်ခဲ့သည်။ ဒါပေမယ့် လိန်ဖန်က သူမလက်ကို ဆွဲဖမ်းလိုက်ခဲ့သည်။


"သွားရအောင်။ ကိုယ် မင်းကို နေရာတစ်ခုကို ခေါ်သွားပေးမယ်"


"ညနေစာစားချိန်တောင်ရောက်တော့မယ်လေ။ ရှင် ကျွန်မကို ဘယ်ကိုခေါ်သွားမလို့လဲ" လင်ရှန်း နောက်ထပ်နောက်ထပ် မေးခွန်းမေးလို့မပြီးသေးခင်မှာပဲ လိန်ဖန်က အိမ်တော်အပြင်ဘက်သို့ သူမကိုဆွဲခေါ်လို့သွားခဲ့သည်။


ညနေခင်းပိုင်းရောက်ခါ နေလုံးကြီးက ငုပ်လျိုးဝင်စပြုနေလေသည်။ ငုတ်လျိုးသွားသည့်နေလုံးက မိုးကုတ်စက်ဝိုင်းတွင် အနီရောင်သို့ပြောင်းသွားသည်၊ နေဝင်ဆည်းဆာရောင်အလင်းတန်းက အိမ်ခေါင်မိုးအုတ်ကြွပ်ပြားတွေဆီမှ ပြန်ကုန်ထွက်ကာ မြို့ငယ်လေးကို အလွန်နှစ်သက်ကြည်နူးဖွယ်ရာကောင်းအောင်လို့ ပြုလုပ်နေတော့သည်။


သူတို့တစ်တွေ ဒီနေရာကိုရောက်ရှိလာတာ သုံးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဝေးတစ်နေရာမှ မြောက်ဘက်တန်းတန်းဆီသို့ တည်ငြိမ်အေးချမ်းသော ဒီနေရာလေးကို ရှာဖွေရန် ခက်ခဲကြမ်းတမ်းစွာဖြင့် အချိန်ကြာမြင့်စွာ သူတို့တစ်တွေခြေကျင်လျှောက်လှမ်းခဲ့ရသည်။


သူတို့တွေ ကျဉ်းမြောင်းသည့်ကျောက်တုံးလမ်းကြောင်းလေးကို အတူလျှောက်လှမ်းလာခဲ့ကာ ကျန့်နန်ရဲ့မြစ်ကျဉ်းလေးကို ဖြတ်ကျော်သွားခဲ့သည်။ ဒီနေရာကို ဖြတ်ကျော်လိုက်ရင်တော့ အိမ်ခြေအမြောက်အများရှိနေလေသည်။ ချိန်မြန်သောဟင်းလျာရနံ့လေးက လေထုကိုဖြတ်ကျော်ကာ သင်းကြိုင်လို့လာခဲ့သည်။


လင်ရှန်း ကြည့်လိုက်တော့ နေဝင်ဆည်းဆာနီရောင်ခြည်က ကြည်လင်သည့်မြစ်ရေတိမ်တိမ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအရောင်က လှိုင်းကြက်ခွတ်ကာ အလင်းရောင်လဲ့လဲ့လေးဖြစ်ပေါ်နေခဲ့သည်။ ထိုအရာက မျက်စိထဲတွင် အရမ်းစိတ်ချမ်းမြေ့စေလေသည်၊ လင်ရှန်း မှင်တက်ကာရပ်တန့်မိသွားသည်။ သူမက အိမ်ပြန်ပြီး ထမင်းစားဖို့ကို အလျင်မလိုခဲ့ပေ။ ရှုမြင်ကွင်းက ပန်းချီကားတစ်ချပ်သဖွယ် ဆွဲဆောင်ညို့ငင်နေတော့သည်။


လမ်းအဆုံးမှာတော့ ဆောက်ထားတာမကြာသေးတဲ့ ကျောက်တံတားလေးတစ်ခုရှိနေသည်။ ဒီတံတားက လွန်ခဲ့တဲ့လအနည်းငယ်က သိုင်းပညာခန်းမဆောင်က လှူဒါန်းထားခဲ့တာဖြစ်သည်။ လက်ရှိမှာတော့ နေဝင်ချိန်က အနီရောင်သို့ ဆေးခြယ်လိုက်ခဲ့သည်။


လိန်ဖန်က လင်ရှန်းကိုဆွဲကာ တံတားဆီသို့ခေါ်ဆောင်သွားခဲ့ပြီး တံတားအလယ်တွင် မတ်တပ်ရပ်လိုက်ခဲ့သည်။ သူတို့ရပ်နေတဲ့နေရာကနေ မြစ်၏အဆုံးသတ်ကို ရှင်းလင်းစွာမြင်နိုင်လေသည်။ ခပ်လှမ်းလှမ်းတွင် နေဝင်ဆည်းဆာရောင်ခြည်က ကောင်ကင်နှင့်မြစ်ပြင်တွင် အတူတကွရောယှက်၍ လင်လက်နေခဲ့သည်။ မိုးကောင်းကင်နှင့် မြစ်က ဘယ်လိုမျိုးလဲဆိုတာ ပြောပြဖို့ခက်ပေသည်။ ထိုကဲ့သို့ဖြစ်ပေါ်နေအောင် တစ်စုံတစ်ယောက်ပြုလုပ်ထားသလို ရင်သပ်ရှုမောဖွယ်အလွန်ကောင်းနေလေသည်။


လင်ရှန်းတစ်ယောက် သူမကိုယ်သူမ အိမ်မက် မက်နေသလို ခံစားရလိုက်သည်။ တံတားအလယ်ခေါင်က ကျောက်ပြားပေါ်တွင် ကျေးဇူးတင်ထိုက်ဖွယ်ရာ စကားလုံးသုံးလုံးကို သတိထားလိုက်မိသွားကာ သူမ အတွေးထဲနစ်မြုတ်သွားခဲ့တော့သည်။


"သုံးဘဝတံတား......" သူမ လေသံဖျော့ဖျော့လေး တီးတိုးရေရွတ်လိုက်ခဲ့သည်။


"မင်း နံမည်ကို ကြိုက်ရဲ့လား" လိန်ဖန်က မေးလိုက်သည်။ သူ့အသံက ကောင်းကင်နှင့်မြစ်ကြောင့် ဆေးခြယ်ခံထားရတဲ့အသံလိုမျိုးဖြစ်နေခဲ့သည်။ သူမ တွေဝေမိန်းမောသွားသလို ခံစားလိုက်ရသည်။ နေဝင်ဆည်းဆာက သူမပါးပြင်ကို အနီရောင်ဆိုးလိုက်ခဲ့သည်။


"ဘာဖြစ်လို့ အဲဒီနာမည်ကို ကိုယ်ပေးခဲ့လဲ မင်းသိချင်လား။ အဲဒါကဘာဖြစ်လို့လဲဆိုတော့ ....." သူမလက်ကလေးကို ကိုင်ပြီးတော့ သူရပ်တန့်လိုက်ခဲ့သည်။ လက်ဖဝါးပြင်ပေါ်က အပူတွေက ချက်ချင်းပင် နှလုံးသားထဲသို့ ကူးပြောင်းသွားခဲ့သည်။ သူမ ခိုင်မြဲစွာမတ်တပ်ရပ်နေဖို့ အနိုင်နိုင်ဖြစ်လာခဲ့လေသည်။


လိန်ဖန်က သူမအား သူ့လက်မောင်းထဲသို့ဆွဲသွင်းလိုက်ကာ သူ့လက်ချောင်းတွေက သူမပုခုံးပေါ်ကို ကျနေတဲ့ဆံနွယ်လေးကို သပ်ပေးလိုက်သည်။ သူဖြည်းညင်းစွာဖြင့် ရေရွတ်လိုက်ခဲ့သည်။ "ဘာ့ကြောင့်လဲဆိုတော့ ကိုယ် အထိမ်းအမှတ်တစ်ခုကို လုပ်ချင်လို့ပဲ။ ဘဝသုံးခု...ထာဝရ....ကိုယ်တို့တွေ ဘယ်တော့မှမခွဲတော့ဘူး......"


ထိုအခိုက်အတန့်တွင်တော့ လင်ရှန်းတစ်ယောက် သူမနှလုံးသားက မိုးကုတ်စက်ဝန်းဆီသို့ စီးဆင်းနေသည့် လှပလွန်းသည့်မြစ်ရေပြင်သဖွယ် ကူးပြောင်းသွားသလို ခံစားလိုက်ရသည်။


အမြဲထာဝရ... ရှင်နဲ့ကျွန်မ... ကျွန်မတို့ ဘယ်တော့မှ မခွဲဘူး!


........


TheEnd...


Tar ရဲ့ပထမဆုံး ဘာသာပြန်တဲ့ novelလေးကို ဖတ်ရှုပေးလို့ စာဖတ်သူအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော်။


နောက်ထပ် ရင်ဘတ်ကြီး ထပ်တူကျတဲ့ Novel ကောင်းလေးတွေနဲ့ ပြန်တွေ့ပါမယ်ရှင့်။


ဒါပြီးရင် Buy Me Coffee Chapter အလွတ်လးတွေ ထည့်ထားပါတယ်နော်❤️❤️❤️

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်❤️