Chapter 167
- တော်ဝင် သံတမန် လာရောက်လည်ပတ်မှု
သူ့ဘဝက ထိုနေရာတွင် အသုံးဖြုန်းကြီး လက်ဖွာနေသော်လည်း သူ့မိဘများက အိမ်တွင် ဒုက္ခရောက်နေကြရသည်။ ကျိုးမောင်ဟယ်က ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ကျန်းကျန့် ဘယ်မှာလဲ"
"ဘယ်သူများလဲ" ကျန်းကျန့်က အိမ်အပြင်ဘက်တွင် ဧည့်သည်များကို နှုတ်ဆက်နေခြင်း ဖြစ်သည်။ ကျိုးမောင်ဟယ်ကို မြင်သောအခါ ချက်ချင်း ရောက်လာပြီး မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
ကျန်းကျန့်၏ ပုံစံကို တွေ့သောအခါ ကျိုးမောင်ဟယ်က ကျန်းမိသားစု၏ စကားများကို နက်နက်နဲနဲ ယုံကြည်သွားလေသည်။
"မင်းက မင်းမိဘနဲ့ ညီအစ်ကိုတွေပေါ် တာဝန်မကျေတဲ့သူပဲ... မင်းက လူဖြစ်ဖို့တောင် မတန်တော့ဘူး"
"ဘာတွေ လာပြောနေတာလဲ"
ကျန်းကျန့်က မျက်မှောင်ကျုံ့လိုက်သည်။ "ကျန်းမိသားစုက ခင်ဗျားကို ဒါတွေ လာပြောခိုင်းလိုက်တာလား"
"မင်းက ကျန်းမိသားစုကို သိသေးတယ်ပေါ့... သူတို့က မင်းရဲ့ မိဘတွေ ညီအစ်ကိုတွေ ဆိုတာ သိသေးရဲ့လား" ကျိုးမောင်ဟယ်က ဒေါသတကြီး မေးလိုက်သည်။
"တစ်ယောက်ယောက်... သူ့ကို နှင်ထုတ်လိုက်စမ်း" ကျန်းကျန့်က တုံ့ဆိုင်းမှု အလျင်းမရှိ ပြောလိုက်သည်။ ယနေ့က ကျောက်လျူ၏ မွေးနေ့ပွဲဖြစ်၍ အကျိုးအကြောင်းမသင့်သည့် လူတစ်ယောက်ကြောင့် ပျက်ဆီးမသွားစေချင်ပေ။
ကျန်းကျန့်၏ စကားများ ထွက်လာသောအခါ သူ့လူအချို့က ကျိုးမောင်ဟယ်နှင့် အစောင့်များကို ဆွဲထုတ်လိုက်ပြီး သူတို့သုံးယောက်ကို ပစ်ထုတ်လိုက်ကြသည်။
"မင်းတို့... ရပ်ကြစမ်း" ကျိုးမောင်ဟယ်၏ မျက်နှာက မဲမှောင်ပြီးရင်း မဲမှောင်လာသည်။ သူ့မှာ ဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် နေ့မျိုး ရှိလာမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး... ဒါပေမယ့်လည်း ကျန်းကျန့်ရဲ့ လူတွေက သူ့စကားကို ဘယ်လိုလုပ်ပြီး နားထောင်ပါ့မလဲ... သူတို့က သူ့ကို အပြင်ဘက်ကိုသာ ပစ်ထုတ်လိုက်ကြလေသည်။
ကျန်းကျန့်က ထိုလူများကို နှင်ထုတ်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာပြီး အတွင်းခန်းထဲသို့ ဝင်ကာ သီးခြားထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ကျောက်မိသားစုနှင့် ကျန့်ရီသာ ထိုနေရာတွင် ထိုင်နေကြလေသည်။
"ဘာဖြစ်တာလဲ" ကျန်းကျန့် ဝင်လာသည်ကို မြင်သောအခါ ကျန့်ရီက မေးလိုက်သည်။
"ဘာမှ မဟုတ်ဘူး... ပြဿနာ လာရှာတဲ့သူတွေကို ဖြေရှင်းနေတာ" ကျန်းကျန့်က ပြောလိုက်သည်။
ကျန်းချောင်ရှန့်က ပြင်ပတွင် သူ့အကြောင်း မကောင်းသတင်းများ ဖြန့်နေကြောင်း ကျန်းပေါင်နင်က သူ့ကို ပြောပြထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ပေါ်လာသူကလည်း စုန့်လီနှင့် အတူတူသာ ဖြစ်မည်ဟု သူခန့်မှန်းလိုက်ခြင်း ဖြစ်သည်။ သူက ထိုလူများကို မျက်လုံးထဲထည့်ရန်ပင် ပျင်းလွန်းလှသဖြင့် ထိုသူ့ကို ထားပစ်ခဲ့ခြင်းသာ ဖြစ်သည်။
ကျန်းကျန့်က ထိုကိစ္စကို အလေးအနက် မထားသော်လည်း ကျိုးမောင်ဟယ်ကမူ ဒေါသထွက်ရလွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက အဝတ်များကို ဖြန့်ကာ ဆိပ်ကမ်းသို့ သွားလိုက်ပြီး သူခေါ်လာသော လှေသမားကို ပြောလိုက်သည်။
"ဖုချောင်ကိုသွား... ငါ ဖုချောင်ကို သွားမယ်"
"သခင်ကြီး ဖုချောင်ကတော့ ဝေးလွန်းတယ်"
"ငါ့ကို ပို့ပေးမယ်ဆိုရင် ငွေတစ်စ ပေးမယ်" ကျိုးမောင်ဟယ်က ပြောလိုက်သည်။
"သခင်ကြီး မြန်မြန်လေး သေချာထိုင်လိုက်ပါ" လှေသမားက ချက်ချင်းပင် အပျော်လွန်သွားလေသည်။ ကျိုးမောင်ဟယ်က အနည်းငယ် စိတ်ငြိမ်သွားပြီ ဖြစ်သော်လည်း ငွေစအကြောင်းကို အနည်းငယ် စိတ်ပူနေဆဲပင်။
ကျိုးမောင်ဟယ်က ဟယ့်ရှီမှ ထွက်သွားပြီး ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့က သူထွက်သွားသည်ကို ကြည့်နေခဲ့ကြသည်။
"အဲ့လူက တော်ဝင် သံတမန် အစစ်လား" ကျန်းချောင်ဝမ်က မနေနိုင်ဘဲ မေးလိုက်မိသည်။
ကျန်းချောင်ရှန့်၏ အမူအယာကလည်း ရှုပ်ထွေးနေပေသည်။ ဒီလူက တကယ်ပဲ သူတို့ကို ကူညီနိုင်ပါ့မလား...
ကျန့်ရီက မတိုင်မီက မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သော ကျိုးမောင်ဟယ်တစ်ယောက် ဟယ်ချောင်စီရင်စုသို့ ရောက်လာကာ ပြန်ထွက်ခွာသွားသည်ကို မသိလိုက်ပေ။ သူက ထိုသူ့အကြောင်း စုံစမ်းရန် သူ့လူများအား ခိုင်းစေထားခဲ့သော်လည်း ကျိုးမောင်ဟယ်ကို သိသူ အနည်းငယ်သာ ရှိပြီး အခြားသူများက သူ့ကို မမှတ်မိကြလေရာ ကျိုးမောင်ဟယ် ဟယ်ချောင် စီရင်စုတွင် ထွက်ပေါ်လာပြီး ဟယ့်ရှီရွာသို့ ရောက်လာခဲ့သည်ကို မည်သူကမှ မသိခဲ့ကြပေ။
သေချာပေါက်ပင် ရှန်းအန်ရှင်းက ကျိုးမောင်ဟယ်ကို တမင်တကာ ခေါ်ထားခဲ့ခြင်း ဖြစ်သည်ကြောင့်ပင် သူသည်လည်း သိနေပေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျန့်ရီနှင့် တွေ့ခဲ့ရချိန်တွင် ကျန့်ရီ ပြောသော စကားများကို ကြားလိုက်ရသောအခါ ရှန်းအန်ရှင်း ဖြူဖျော့သွားလေသည်။ ကျန်းကျန့်၏ သမီးက သွားပေါက်ရုံသာ ဖြစ်သော်လည်း... ကျန်းကျန့် သူမကိုကျ စိုးရိမ်ပေးနေပြီး သူ့အတွက်ကျတော့ရော... ပြီးတော့ ဒါကလည်း ကျောက်ကျင်းကော စီစဥ်ထားတာပဲလား... ဒီရက်အတွင်း ကျန်းကျန့်က စီရင်စုမြို့ကို ရောက်မလာတာလဲ သူတားထားလို့ပဲလား... ကျန်းကျန့်နဲ့ ကျန့်ရီတို့က တစ်ခုခုကို သိနေကြတာလား... ကျန့်ရီ အဲ့စကားတွေ သူ့ကို ဘာလို့ ပြောလာတာလဲ...
"သခင်လေး... စားသောက်ဖို့ အချိန်ကျပါပြီ" ရှန်းအန်ရှင်း၏ အစေခံကောင်လေးက အပြင်ဘက်မှ ဝင်ရောက်လာပြီး ရှန်းအန်ရှင်းကို အသိပေးလိုက်သည်။
"ငါမစားချင်ဘူး... ဒါပဲ ထည့်ပေးလိုက်"
ရှန်းအန်ရှင်းက ပြောလိုက်သည်။ သူက တစ်နေ့လုံး အစား စားချင်စိတ် မရှိဘဲ နေထိုင်မကောင်း ဖြစ်နေရသည်။ သူက ခေါင်းကိုက်နေပြီး ရင်ဘတ်ကလည်း တင်းကျပ်နေကာ သူတစ်ယောက်တည်းသာ တိတ်တဆိတ်နေချင်နေသည်။
"သခင်လေး...သခင်လေးရဲ့ ကျန်းမာရေးက အရေးကြီးတယ်... နည်းနည်းလောက် စားပါဦးလား" ရှန်းအန်ရှင်း၏ အစေခံကောင်လေးက အလွန် စိုးရိမ်နေသည်။ယခင်က ကျန်းကျန့်ထံတွင် ကိုယ်လုပ်တော်များ ရှိကြောင်း သိလ်ုက်ရချိန်မှာလည်း သူ့မိသားစု သခင်လေးက ဖျားနာသွားခဲ့ပြီး အလွန် ပြောင်းလဲသွားခဲ့လေသည်။ ဒါပေမယ့် ဒီတစ်ခေါက်ကရော ဘာဖြစ်လို့များလဲ...
"ထွက်သွား" ရှန်းအန်ရှင်းက မင်တုံးကို ကောက်ယူကာ ပစ်လိုက်သည်။ ရှန်းအန်ရှင်းဘေးမှ အစေခံလေးက ဆက်ပြီး မတိုက်တွန်းရဲတော့ဘဲ ခပ်လောလော ထွက်သွားလိုက်ရသည်။
....
ကျောက်လျူ၏ မွေးနေ့ပွဲက အလွန် စည်ကားခဲ့သည်။
စားသောက်ပြီးက ကျန်းကျန့်က ကျန်နေသော အစားအသောက်များကို ထုပ်ပိုးကာ ယူသွားစေသည်။ ထို့နောက် သူ့လူများကို စားပွဲ၊ ကုလားထိုင်၊ ပန်းကန်နှင့် တူများ သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီး တစ်ခဏအကြာတွင် သူ့အိမ်က သန့်ရှင်းသွားခဲ့လေပြီ။
အိမ်၌ ပွဲကျင်းပနေစဥ်တွင် ကျောက်လျူက လုံးဝ လုပ်စရာ မလိုခဲ့ပေ။ ကျောက်လျူက စိတ်ခံစားချက်များ မြင့်တက်နေပြီး ကွမ်ရင်ရွှေရုပ်တုကို လက်ဖြင့် ပိုက်ကာ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
တစ်ခဏအကြာတွင် အခန်းထဲမှ ထပ်ထွက်လာပြီး ကျောက်ကျင်းကောကို သွားရှာပြန်သည်။ "ကျင်းကော... ဒီကွမ်ရင်ရုပ်တုကို အိပ်ရာ ခေါင်းရင်းမှာ ထားလိုက်... နောက်ဆိုရင် သား ဒီရုပ်တုကို များများ ပူဇော်သင့်တယ်" သူမက မြေးများ ထပ်လိုချင်နေပေသည်။
"အမေ..." ကျောက်ကျင်းကောက အကူအညီမဲ့ ဖြစ်သွားရလေသည်။
တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် မသင့်တော်ဟု ခံစားရ၍ထင် ကျောက်လျူက ထပ်ပေါင်း ပြောလိုက်ပြန်သည်။ "ခဏ... ထားလိုက်ပါတော့... တစ်ယောက်ယောက်က ဒီလောက်ကြီးတဲ့ ရွှေတုံးကြီးကို လာလုချင်နေမှ"
"အမေ... ကျင်းအကြီးကြီးတူးပြီး မြှုပ်ထားသင့်တယ်" ကျန်းကျန့်က ကျောက်လျူ၏ ပူပန်နေသော အသွင်အပြင်ကို တွေ့ရသောအခါ အကြံပေးလိုက်သည်။
"ဘာတွေ ဘာပြောနေတာလဲ... ဒါက နတ်ဘုရား ရုပ်တုလေ... မြှုပ်ထားလို့ ဘယ်ဖြစ်မလဲ" ကျောက်လျူက ချက်ချင်း ပြန်ချေပသည်။ သေချာစဥ်စားပြီးနောက် ပြန်ပြောလိုက်ပြန်သည်။ "ထားလိုက်ပါတော့... ငါတို့အိပ်ရာခေါင်းရင်းမှာ ထားတာပဲ ပိုကောင်းမယ်... ဘယ်သူကမှလည်း ငါတို့အိမ်ကို လာလုရဲမှာ မဟုတ်ပါဘူးလေ"
ကျန်းကျန့်: “. . .”
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့၏ အိပ်ရာဘေးတွင် ကွမ်ရင်ရွှေရုပ်တု တစ်ခု ရှိနေသည်။ ကျောက်မင်ကျုုးက ၎င်းကို မြင်သောအခါ လိုချင်နေပြီး သူမကို မပေးသော ကျန်းကျန့်ကို အာသာငမ်းငမ်း ကြည့်နေသည်။ သို့သော်လည်း ထိုအကြည့်က ကျန်းကျန့်၏ နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။
"ဒီနတ်ဘုရား ရုပ်တုက မင်းလေးထက်လေးတယ်... မရိုက်မိအောင် သတိထား" ကျန်းကျန့်က တစ်ခဏမျှ စဥ်းစားကြည့်လိုက်ပြီးနောက် ရွှေတုံး ငွေတုံးအချို့ကို သေသေချာချာ ဆေးကြောလိုက်ပြီး ကျောက်မင်ကျုးကို ပေးလိုက်သည်။
"ရော့ ဒီမှာ... ဒါတွေနဲ့ ဆော့ကြရအောင်လေ... အဖေက ဒါတွေနဲ့ ဘယ်လိုဆောက်ရမလဲ သင်ပေးမယ်"
ကျောက်ကျင်းကော: “. . .”
ကျောက်လျူ၏ မွေးနေ့ပွဲ ပြီးနောက် နောက်တစ်နေ့တွင် ကျန်းကျန့်က စီရင်စုမြို့သို့ သွားခဲ့သည်။
ကျန်းကျန့်က ချင်ဖုန့် အဆောက်အအုံတွင် ကျန့်ရီနှင့် တွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။ သူက စောစော သွားခဲ့သော်လည်း သူ ထိုနေရာသို့ ရောက်ရောက်ချင်းမှာပင် ချင်ဖုန့်အဆောက်အအုံမှ လူများ ပြောနေကြသည့် ဇာတ်လမ်းတစ်ပုဒ်ကို ကြားခဲ့ရပြီး အကြောင်းမှာ ယမန်နေ့က လူတစ်ယောက်က ချင်ဖုန့်အဆောက်အအုံကို ပြဿနာ လာရှာခဲ့သော်လည်း ဧည့်သည်များထံမှ ကြိမ်းမောင်းခံလိုက်ရသည် ဟူ၍ပင်။
စကားလုံးအချို့ကို နားထောင်ပြီးနောက် ကျန်းကျန့်က ကိစ္စရပ်တစ်ခုလုံးကို ရှင်းလင်းသွားခဲ့လေသည်။
"စာသင်သားဟောင်းတစ်ယောက်က မှားဝင်လာပုံပဲ..."
"ဟုတ်မယ်... အဲ့ဒီစာသင်သားဟောင်းကြီးက မိန်းကလေးလျုနဲ့ မစ္စတာကျောက်ကိုပါ ဒေါသထွက်အောင် လုပ်ခဲ့သေးတယ်" ကောင်လေးက အနည်းငယ် မကျေမနပ် ဖြစ်နေဆဲပင်။
ကျန်းကျန့်က ထိုကောင်လေး၏ ဒေါသထွက်နေသော အမူအယာကို မနေနိုင်ဘဲ ရယ်မောလိုက်သည်။ လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့က ဤချင်ဖုန့်အဆောက်အအုံတွင် ငါးနှင့် ရေကဲ့သို့ ပေါင်းစပ်နေပြီး ပရိတ်သတ်တစ်အုပ်ပါ ရှိနေသေးပေသည်။
ကျန်းကျန့်က တစ်ကြိမ်တွင် ကျန့်ရီထံသို့ ရောက်လာရခြင်းအကြောင်းမှာ သင်္ဘောကြီးများအချို့ကို မှာယူရန်အတွက် သင်္ဘောကျင်းတစ်ခုနှင့်အတူ သင်္ဘောအလုပ်သမားများကိုလည်း ရနိုင်သမျှ ရှာချင်နေသည့်အတွက်ကြောင့် ဖြစ်သည်။
ဝမ်ဟိုင်ရှန်းက ကနဦးတွင် လှေဆောက်တတ်သည်ဟု ပြောခဲ့သော်လည်း လှေငယ်လေးများကို မည်သို့ တည်ဆောက်ရန်သာ သိသည်။ အမှန်တွင် သူက သင်္ဘောကြီးများအား မည်သို့ တည်ဆောက်ရမည်ကို တစ်လုံးတစ်ပါဒမှ မသိပါချေ။ ဟယ်ချောင်စီရင်စုတွင် သင်္ဘောကြီးများ ဆောက်ပေးနိုင်သူ မရှိ။
"ငါတစ်ယောက်ယောက်နဲ့ ဆက်သွယ်ဖို့ ကူညီပေးနိုင်တယ်... မင်းလည်း စိတ်တိုင်းကျ ဆောက်လို့ ရတာပေါ့... ဒါပေမယ့် ဒီလို အလုပ်သမားတစ်ယောက်က ရှာဖို့ မလွယ်ဘူး... ဒီလို လက်သမားဆရာတွေအားလုံးက ပင်လယ်ကုန်သည်ကြီးတွေရဲ့ လက်ထဲမှာ တွေပဲ" ကျန့်ရီက ပြောလိုက်သည်။
အမှန်တွင် တချီ၌ ကုန်သည်များ ပင်လယ်မထွက်ရ ဟု တားမြစ်ထားသည့် ပင်လယ်တားမြစ်ချက် ရှိသည်။ ပင်လယ်ကုန်သည်တစ်ယောက် ဖြစ်လာခြင်းက အကျိုးအမြတ်များစွာ ရှိနေလေရာ ထိုစည်းမျဥ်းက အချည်းနှီးပင် ဖြစ်ရသည်။ ယန့်ကျီမြစ်၏ တောင်ဘက်တွင် ပင်လယ်ကုန်သည် အရေအတွက်က အလွန်များပြားလှသည်။ အမှန်မှာ ဟယ်ချောင်စီရင်စုက နေရာကောင်းတစ်ခု ဖြစ်နေပြီးသားပင် ဖြစ်သော်လည်း တောင်ဘက်ပိုင်းသို့ ပိုသွားလေလေ ပင်လယ်ကုန်သည်များကို ပို၍များများ တွေ့လာရလေလေ ဖြစ်သည်။
ဟယ်ရှင်း စီရင်စုနယ်မြေက ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ ထိုနေရာတွင် ကြီးမားသော ပင်လယ်ကမ်းနား ဧရိယာကြီးကို ပိုင်ဆိုင်ထားပြီး ကန့်သတ်ထားသည့် ပင်လယ်ဧရိယာကြီးကို တားဆီးထားသည့် ဟုန်ကျန်း ဆားလွင်ပြင် ရှိနေသောကြောင့်ပင်။
"ဒါက အဆင်ပြေပါတယ်" ကျန်းကျန့်က သဘောတူလိုက်သည်။ အချိန်တစ်ခုလောက်ထိ ကိုယ်ပိုင်သင်္ဘောကို မဆောက်နိုင်သေးသည်က ကိစ္စမရှိပေ။ တဖြည်းဖြည်းဖြင့် အလုပ်သမားများ ပိုရလာနိုင်ပေသည်။
ကျန်းကျန့်နှင့် ကျန့်ရီတို့ သဘောတူညီချက် လုပ်ပြီးသွားသောအခါ သူတို့ အိမ်ပြန်လာခဲ့ကြသည်။
ထိုအခိုက်မှာပင် ကျိုးမောင်ဟယ်က နေရာတိုင်းတွင် လူများ လိုက်ရှာနေခဲ့လေသည်။
သူက တော်ဝင်သံတမန် တစ်ယောက် ဖြစ်သော်လည်း သူနှင့်အတူ လူများစွာ မရှိပေ။ ကျန့်မိသားစုက ဟယ်ချောင်စီရင်စုတွင် ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီး အခက်အလက်များ ဖြန့်ကားထားသည့်အတွက် သူကလည်း ရေရှည်အတွက် မျှော်ကြည့်ရသည်။
ကျိုးမောင်ဟယ်ကို တရားရုံးတော်မှ အရာရှိအများစုက မနှစ်ခြိုက်ကြသော်လည်း အနည်းစုကတော့ သူ့ကို အလွန် လေးစားနေကြဆဲ ဖြစ်ပြီး စာသင်သားများစွာက သူ့ကို စံပြအဖြစ် သတ်မှတ်ထားကြကာ သူ့ပုံစံကို လေးစားကြပြီး သူ့လိုဖြစ်ချင်ကြသည်။ သူကလည်း အချင်းချင်း ပြောဆိုဆက်ဆံနိုင်သည့် လူများစွာ ရှိကာ သူတို့ အများစုမှာ ယန့်ကျီမြစ်၏ တောင်ဘက်မှလူများ ဖြစ်ကြသည်။
"တိုင်းပြည်ကတော့ ဖရိုဖရဲ ဖြစ်နေပြီ... အခု အင်ပါယာတရားရုံးတော်ကို ကောတစ်ယောက်က ထိန်းချုပ်နေမှတော့ အရာရှိတွေ အများစုက တရားရုံးတော်မှာ သူ့နောက်ကို လိုက်နေကြရင် အရှင်မင်းကြီးက ဘယ်လိုလုပ်ပြီး အုပ်ချုပ်ရေးရဲ့ အထိပ်အခေါင်နေရာမှာ ထားနိုင်ပါတော့မလဲ"
"ကျန့်မျိုးရိုးနဲ့လူက ဒါကို ကုန်သည်တွေဆီပေးနေမှတော့ နန်းတော်ထဲမှာ လိုအပ်နေတဲ့ပစ္စည်းတွေကို ပြင်ဆင်ထားတာပဲ ဖြစ်ရမယ်... ဒါပေမယ့် ဒါက ဘာအဓိပ္ပါယ်လဲ ဆိုတာ မသိကြဘူးမလား"
"အဲ့ကောကတော့ အရာရှိ ဂုဏ်ပုဒ်ကို ကုန်သည်တွေဆီ ပြန်ပေးရလောက်တဲ့အထိ တရားလွန်နေပြီ... သူ့ဘိုးဘေးတွေကို မေ့နေတော့တာများလား"
"ကျန့်မိသားစုက ဟယ်ချောင် စီရင်စုကို လက်တစ်ဖက်တည်းနဲ့ အုပ်စိုးနိုင်နေပြီ"
"အဲ့ဒီကျန်းကျန့်က တကယ် စက်ဆုပ်ဖို့ ကောင်းတာပဲ... သူ့မိဘရင်းတွေကိုတောင် ပစ်ထားနိူင်တာကို ယုံတောင် မယုံနိုင်ဘူး"
. . .
ကျိုးမောင်ဟယ်က သူနှင့် စိတ်တူကိုယ်တူများကို ရှာဖွေလိုက်ပြီး အချိန်တစ်ခဏမျှ စကားပြောလိုက်ပြီးနောက် သူကိုယ်တိုင်က ပိုပို၍ ဒေါသထွက်လာလေတော့သည်။ ထိုအချိန်၌ သူက ကျန်းကျန့်အပြင် သူ့နောက်ပါးမှ ကျန့်မိသားစုကို တစ်ကိုယ်တည်း မရင်ဆိုင်လိုပေ။
ကျိုးမောင်ဟယ်က ပတ်ဝန်းကျင်တွင် သူအသုံးပြုနိုင်မည့် လူအနည်းငယ်သာ ရှိသော်လည်း တော်ဝန်သံတမန်ဟူသော ဂုဏ်ပုဒ်က အမှန် ဖြစ်သည်။ သူက လိုအပ်လျှင် လိုအပ်သလို လူအမြောက်အများကို သဘာဝကျကျပင် ရွှေ့ပြောင်းနိုင်ပေသည်။
ဟယ်ချောင် စီရင်စုတွင်သာ ဆိုပါက ဟယ်ချောင်စီရင်စု၏ စီရင်စုတရားသူကြီးက သူ့ကိုပင် ဟန့်တားနိုင်ပြီး လူလေးယောက်ပင် ပေးမည် မဟုတ်သော်လည်း သူက ယခု ဖုချောင်တွင် ရှိနေပေသည်။ ဖုချောင်တွင်လည်း ကျန့်မိသားစု ရှိနေသော်လည်း သူရင်ဆိုင်ရန် မလွယ်ကူသည့် အခြားသော လူအနည်းငယ်လည်း ရှိနေသည်။
ထိုလူများမှာ ကျန့်မိသားစုနှင့် သူသေကိုယ်သေ ရန်ငြှိုးများ မရှိကြသဖြင့် သူတို့က မျက်နှာအပျက်ခံကာ ကျန့်မိသားစုကို တရားစွဲခြင်း ကိစ္စများ လုပ်ရန် မဖြစ်နိုင်ပါပေ။ သို့သော်လည်း သူတို့က ကျန့်မိသားစုကို ရင်မဆိုင်ရဲကြလျှင်တောင် မီးထဲသို့လောင်စာထည့်ရန် ဝန်မလေးကြပေ။
ရလဒ်အနေဖြင့် ဖုချောင်တွင် လည့်ပတ်သွားလာနေခဲ့သော ကျိုးမောင်ဟယ်က ထင်မှတ်မထားစွာဖြင့် ကူညီပေးရန် ကမ်းလင့်မှုများစွာ ရရှိခဲ့သည်။ သူက ထိုလူများကို မြို့၏ အရာရှိများနှင့် တွေ့ဆုံရန် ခေါ်ပေးသွားခဲ့ပြီး တော်ဝင်သံတမန် အဝတ်အစားများ ဝတ်ဆင်ပြီးနောက် တော်ဝင်သံတမန် တစ်ယောက်၏ ဟိတ်ဟန်များ ထွက်ပေါ်လာခဲ့လေသည်။
ကျိုးမောင်ဟယ်က နှောင့်နှေးခြင်း အလျင်းမရှိဘဲ ထိုလူများကို ဟယ်ချောင် စီရင်စုသို့ တည့်တည့်သာ ခေါ်သွားလေတော့သည်။
"ကျိုးမောင်ဟယ်က ဖုချောင်မှာ ပေါ်လာတယ်လို့ပြောချင်တာလား" ကျန့်ရီက သူ့ရှေ့မှ ကျန့်မိသားစု အစေခံလေးကို ကြည့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်... သခင်လေး" ထိုငယ်သားက ပြောလိုက်သည်။ "သခင်ကြီးဟူ ပြောသလိုဆိုရင် အရာရှိကျိုးက နေရာတိုင်းမှာ လူတွေ လိုက်ရှာနေပြီး တစ်ခုခု လုပ်ဖို့ ကြံနေတဲ့ပုံပါပဲ"
ကျန့်ရီက ခေါင်းငြိမ့်ပြလိုက်ပြီး ကျိုးမောင်ဟယ်ကို မျက်စိဒေါက်ထောက် ကြည့်ရန်အတွက် တစ်ယောက်ယောက်ကို ခိုင်းရန် ပြင်နေချိန်တွင် တစ်ယောက်ယောက်က ဝင်လာခဲ့လေသည်။
"သခင်လေးကျန့်... သခင်ကြီးဟူမိသားစုက တစ်ယောက်ယောက် လွှတ်လိုက်တယ်"
ကျန့်ရီ၏ ဇနီးက မျိုးရိုးအမည် ဟူဖြစ်ပြီး ဟူမိသားစု၏ လက်ရှိသခင်ကြီးက ကျန့်ရီဇနီးသည်၏ ဦးလေး ဖြစ်သည်။
ဟူမိသားစုနှင့် ကျန့်မိသားစုက စီးပွားဖက်များ ဖြစ်ကြပြီး ထူးခြားသော ဆက်ဆံရေးရှိကြသည်။ ကျန့်မိသားစုက ဟယ်ချောင်စီရင်စုတွင် အမြဲတမ်း နေခဲ့ကြပြီး ဟူမိသားစုက ဖုချောင်တွင်သာ နေခဲ့ကြသည်မှလွဲ၍သာ ဖြစ်သည်။
"အဲ့လူကို မြန်မြန် အထဲခေါ်လိုက်" ကျန့်ရီက ပြောလိုက်သည်။ သူက အမြဲတမ်းပင် လွန်စွာ ဂရုထားတတ်သည်။ သို့သော်လည်း ဤအခိုက်တွင် တစ်ခုခုမှားနေပြီမှန်း အာရုံရနေခဲ့လေသည်။
မကြာမိပင် တစ်ယောက်ယောက်က အပြင်ဘက်မှ အပြေးဝင်လာခဲ့သည်။
"သခင်လေးကျန့်... ကျွန်တော့်ရဲ့ သခင်ကြီးက သခင်လေးကို အမှာစကားပါးဖို့ လွှတ်လိုက်တာပါ" ထိုလူက အမောတကော ဖြစ်နေပြီး အကြိမ်အနည်းငယ် ဟောဟဲဆိုက်နေပြီးမှ ပြောလိုက်သည်။ "တော်ဝင်သံတမန်က ကျန့်မိသားစုနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားနေပုံပါပဲ... ဖုချောင်မှာ လူစုနေပြီး ဟယ်ချောင်စီရင်စုဘက်ကို တည့်တည့်လာနေပါတယ်"
"သူက ဟယ်ချောင်ကို လာနေတာလား" ကျန့်ရီက မျက်မှောင်ကျုံ့လိုက်သည်။
"သူက လမ်းတစ်ဝက် ရောက်နေမှာကိုတောင် စိုးရပါတယ်" ထိုငယ်သားက ပြောလိုက်သည်။
ပြီးတော့ ဘာလို့ ကျိုးမောင်ဟယ်က ရုတ်တရက်ကြီး ဟယ်ချောင် စီရင်စုကို လာချင်နေရတာလဲ... ကျန့်မိသားစုက သူနဲ့ ဘာမှ မပတ်သက်ဘူးလေ...
ကျန့်ရီက မျက်မှောင်ကျုံ့လိုက်ပြီး ကျိုးမောင်ဟယ် ဘာလုပ်တော့မည်ကို နားမလည်ပါသော်လည်း လူများ ခေါ်ချလာသည့် ကျိုးမောင်ဟယ်မှာ ဟယ့်ရှီသို့ သွားနေလေပြီ။
ကျိုးမောင်ဟယ်က အမှန်ပင် ကျန့်ရီကို လာရောက် ကိုင်တွယ်ခြင်း မဟုတ်ဘဲ ကျန်းကျန့်ကို ထိုးစစ်ဆင်လာခြင်း ဖြစ်နေသည်။
ကျန်းကျန့်က သားသမီးဝတ်မကျေပွန်တဲ့ ပြစ်မှုကို ကျုးလွန်ထားတာ... သူက အရင်ဆုံး ကျန်းကျန့်ကို ဖမ်းပြီးမှ ကျန့်ရီနဲ့ ရင်ဆိုင်ရမှာပဲ...