Chapter 166
တော်ဝင် သံတမန် လာရောက်လည်ပတ်မှု
စီးပွားရေးသမားများက အသံကျယ်ကြပြီး သူတို့၏ ဒေသိယစကားများနှင့် ရွှတ်ခနဲ ရွှတ်ခနဲ ဆဲဆိုနေကြလေသည်။ သူတို့ကလည်း ကျိုးမောင်ဟယ် ပြောသမျှကို နားမလည်ပေ။
ကျိုးမောင်ဟယ်က ဤနေရာမှ လွတ်မြောက်နိုင်ရန် ဆုံးဖြတ်လိုက်သော်လည်း သူထွက်သွားရန် ပြင်နေစဥ်မှာပင် ကောင်လေးတစ်ယောက်နှင့် တည့်တည့်တိုးသွားသည်။
"ဆရာ... အပြင်ကို ထွက်သွားပေးပါ" ချင်ဖုန့်အဆောက်အအုံမှ လူငယ်လေးက ကျိုးမောင်ဟယ်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ပထမအကြည့်တစ်ချက်မှာပင် ထိုသူက ပြဿနာ လာရှာနေသည့်ပုံပေါ်နေသဖြင့် ထိုသူကို တတ်နိုင်သမျှ မြန်မြန် အပြင်ထုတ်ပစ်ရပေမည်။
ကျိုးမောင်ဟယ်က မျက်နှာပြောင်တိုက်ကာ ဆက်နေလိုခြင်း မရှိသဖြင့် အင်္ကျီလက်ကို ခါ၍ ထွက်သွားလေသည်။
သူက မြန်မြန် လျှောက်သွားနေပြီး သိပ်မကြာခင်မှာပင် သူ့နောက်ပါးမှ လူတစ်ယောက် အော်ခေါ်လိုက်သံကို ကြားလိုက်ရရသည်။
"ဆရာ... ဆရာ့ငွေကို ပြန်မယူတော့ဘူးလား"
ကျိုးမောင်ဟယ်က ခြေလှမ်း ရပ်သွားလေသည်။ အံတင်းတင်းကြိတ်ကာ ပြန်လှည့်လာခဲ့သည်။
"ငွေလား"
"ဆရာက ချင်ဖုန့်အဆောက်အအုံမှာ ဘာငွေမှ မသုံးခဲ့တော့ ဝင်ကြေး ငွေတစ်စ နှစ်စက လွဲလို့ ကျန်တာကို ပြန်ပေးမှာပါ"
တံခါးဝမှ လူငယ်လေးက ပြုံးလျက်သား ပြောနေသည်။
လူငယ်လေးက တလေးတစား ပြောနေသော်လည်း ကျိုးမောင်ဟယ်ကမူ စော်ကားနှိမ့်ချခံရသလို ခံစားလိုက်ရသည်။ သို့သော်လည်း ငွေအတွက်ကမူ... ငွေပြန်ယူလိုက်ပြီးနောက် ကျိုးမောင်ဟယ်က လှည့်ထွက်သွားလေသည်။
ထိုအချိန်တွင် ကျန့်ရီမှာ လေးလံလှသော ကွမ်ရင် ရုပ်တုကို ကိုင်ကာ ကျောက်လျူထံ ပေးလိုက်သည်။
"လေးလိုက်တာ" ကျောက်လျူက ကွမ်ရင်ရုပ်တုကို လက်ဖြင့် မထားရင်း ပြောလိုက်သော်လည်း သူမ၏ မျက်လုံးများက ဝင်းလက်သွားလေသည်။ ထို့နောက် တစ်ယောက်ယောက်ကို စားပွဲ မြန်မြန် ထုတ်ခိုင်းလိုက်ပြီး ကွမ်ရင်ရုပ်တုကို တင်ထား၍ အခြားသူများကို ပြထားလိုက်သည်။
တန်ဖိုးမကြီးသော ကွမ်ရင်မယ်တော် ရွှေရုပ်တုမှာ အနီရောင်စ လွှမ်းထားသော စားပွဲပေါ်တွင် တင်ထားခံလိုက်ရသည်။ ကျောက်လျူက ၎င်းကို သူ့ထံမှ ရသည့် လက်ဆောင်ဟု အခြားသူများအား ပြောနေသည်ကို ကြည့်ကာ ကျန့်ရီက သူ့နှာခေါင်းကို ကူကယ်ရာမဲ့ဟန်ဖြင့် ပွတ်လိုက်လေသည်။ သူ့ဘဝတွင် ထိုကဲ့သို့ အဖိုးနည်း လက်ဆောင်ကို တစ်ခါတည်းသာ ပေးခဲ့ဖူးပြီး ၎င်းကို လူသိရှင်ကြား အကြွားခံလိုက်ရသေးသည်။
သခင်လေးကျန့်က အပြင်ဘက်တွင် မနေလိုတော့သဖြင့် ကျန်းကျန့်ကို ခေါ်ကာ အိမ်ထဲသို့ ဝင်သွားသည်။ "ကျန်းကျန့်... မင်းကို သတင်းကောင်း ပြောဖို့ ရှိတယ်"
"ဘာများလဲ" ကျန်းကျန့်က သိလ်ုစိတ် ပြင်းစွာဖြင့် မေးလိုက်သည်။
"မင်းပဲ အနာချုပ်ဖို့ နည်းကို ပေးခဲ့တာလေ... တစ်ယောက်ယောက်က ကြိုးစားကြည့်လိုက်ပြီးတော့ အသုံးဝင်တယ်ဆိုတာကို အတည်ပြုပြီးသွားပြီ... ဒါကြောင့် ဧကရာဇ်က မင်းကို ဆုချီးမြှင့်လိုက်တယ်" ကျန့်ရီက ပြောလိုက်သည်။
"အဲ့သတင်းကို ငါ့ရဲ့ ဒုတိယဦးလေးဆီက ရလာတာ... ဆုကတော့ အခု လမ်းမှာပဲ ရှိဦးမယ် ထင်တယ်"
ကျန့်ရီသာ မပြောပါက ကျန်းကျန့်လည်း မေ့သွားလောက်ပြီပင်။ ထိုအကြောင်းကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားရသည်။
"ဆုက ဘာလဲ"
"ဆုငွေလောက်ပဲလို့ ကြားတာပဲ... ငါ့ဦးလေးကလည်း အသေးစိတ် မသိဘူး" ကျန့်ရီက အနည်းငယ် ရှက်ရွံ့သွားသည်။ ကျန်းကျန့်က သာမန်ပြည်သူတစ်ယောက်သာ ဖြစ်၍ သူ့ကို ဆုအမြောက်အများ ပေးရန် မဖြစ်နိုင်ပေ။
"ဒါပေမယ့်... ဒီဆုရခဲ့ရင်တောင် မင်းရဲ့အခြေအနေက နောက်ဆို ကွဲပြားသွားတော့မှာ"
ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်သည်။ ကျန့်ရီ ပြောသည့်စကားက မှန်သည်။ ထိုဆုနှင့်ဆိုလျှင် သူ့စီးပွားရေးကလည်း ပိုကောင်းလာပေတော့မည်ပင်။
ကျန်းကျန့်က အင်ပါယာ တရားရုံးတော်မှ ဆုလာဘ်ကို အတော်လေး မျှော်လင့်နေသည်။ ထိုဆုက ငွေများစွာ ပါမည် မဟုတ်သော်လည်း အမှတ်သညာတစ်ခု ဖြစ်သည်။
ဤခေတ်တွင် ဧကရာဇ်က သာမန်လူများ၏ မျက်လုံးထဲတွင် ထူးခြားပြောင်မြောက်လှသူ ဖြစ်သည်။ သူက ဧကရာဇ်ထံမှ ဆုချီးမြင့်ခံလိုက်ရသည့်အတွက် ကုန်သည်ငယ်လေးများနှင့် သာမန်လူများအမြင်တွင် ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းက ကွဲပြားနေပေလိမ့်မည်။
ဟယ်ရှင်းစီရင်စုနယ်မြေတဝိုက်မှ အရာရှိများအတွက်မူကား... သူသာ ဧကရာဇ်ထံမှ ဆုချီးမြင့်ခံလိုက်ရကြောင်း သိသွားကြပါက ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းမှ သင်္ဘောများ ရွက်လွှင့်လာချိန်၌ ပိုက်ဆံတောင်းရန်အတွက် အမျိုးမျိုးသော အကြောင်းပြချက်များ ပေးလာကြတော့မည် မဟုတ်ပေ။
ကျန်းကျန့်က ကျန်းရီ၏ ပြောစကားကို ကြားလိုက်ရသောအခါ အလွန်ပျော်သွားပြီးနောက် ကျန့်ရီက မေးလိုက်သည်။
"ကျန်းကျန့်... ဘာလို့ ရှန်းအန်ရှင်းနဲ့ ဖုန်ကျင်းယွမ်ကို မင်းနဲ့ ခေါ်မလာချင်တဲ့အကြောင်း အလေးထားပြီး ရှင်းပြနေရတာလဲ"
"ငါ သူတို့ နှစ်ယောက်ကို မကြိုက်ဘူး" ကျန်းကျန့်က ပြောပြလိုက်သည်။
ပြောစရာမလိုအောင်ပင် ဖုန်ကျင်းယွမ်က ဆိုးဝါးသော ရည်ရွယ်ချက်များ ရှိပေသည်။ သို့သော်လည်း ရှန်းအန်ရှင်းအတွက်မူ ကျန်းကျန့်က သူနှင့် အဆက်အဆံ ထပ်မလုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။
"ငါလည်း သူတို့ကို မကြိုက်ဘူး" ကျန့်ရီက ပြောလိုက်သည်။
"ဖုန်ကျင်းယွမ်က ပေါင်းရသင်းရလွယ်ပေမယ့် သူငါ့ဆီက တစ်ခုခု လိုချင်နေတာလေ... ရှန်းအန်ရှင်းကတော့ သူလက်လျော့လိုက်ပြီလို့ ငါထင်ထားတာ... ဒါပေမယ့် တကယ့်တကယ်ကျ..." ကျန့်ရီက ရှန်းအန်ရှင်းအား မည်သို့ အကဲဖြတ်ရမည်ကို မသိတော့ပေ။ သူက မူလတွင် ထိုသူက ယှဥ်ပြိုင်လိုစိတ် ပြင်းထန်သည်ဟု တွေးမိသဖြင့် သူနှင့် စီးပွားရေးအတူလုပ်ရန်သာ ဖြစ်နိုင်မည်ဟု တွေးခဲ့သည်။ သို့သော်လည်း ဆက်ဖြစ်လာသည်မှာ...
လတ်တလောတွင် ကျန့်အိမ်တော်မှ လူများက ထိုသူ အချစ်နာကျနေခြင်း ဖြစ်မည်ဟု ပြောနေကြသည်။ ထိုသို့ မဟုတ်ပါက သူတစ်နေ့လုံး ငေးကြောင်နေမည် မဟုတ်ပေ။
ကျန်းကျန့်ကို ကြည့်လိုက်ပြီးသောအခါ ကျန့်ရီက ကျန်းကျန့်တစ်ယောက် သူ ရှန်းအန်ရှင်းကို ထပ်ပြီး မမြင်ချင်တော့သည်ကို သိနေသည်လားဟု သိချင်မိသွားသည်။ သူက ရှန်းအန်ရှင်းအား ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ အကြောင်းကို တမင်သက်သက် ပြောပြခဲ့ဖူးသည်။ ရှန်းအန်ရှင်းသာ လက်မလျှော့နိုင်သေးပါက သူသည်လည်း လုပ်ငန်းပါတနာကို ပြောင်းလဲရပေတော့မည်။
သူတို့နှစ်ယောက်က ထိုအကြောင်းကို ထပ်မပြောလိုကြတော့ပေ။ ထိုအခိုက် မွေးနေ့ပွဲ စတင်ခဲ့လေပြီ။
ကျေးလက်တွင် မည်သည့် ပွဲကို သွားရပါစေ လက်ဆောင် အဖြစ်ပေးရန် ငွေနှင့် ပစ္စည်းအချို့ ယူလာတတ်ကြသည်။ အမှန်မှာ သူတို့က ပွဲရှင်မိသားစုကို တစ်နည်းနည်းဖြင့် ကူညီပေးလိုသောကြောင့်ပင်။ မိသားစုအများစုက ပွဲတစ်ခု ကျင်းပလျှင် မိသားစု၏ ပိုင်ဆိုင်မှု ပစ္စည်းအကုန် အသုံးပြုလိုက်ရသောကြောင့် ဖြစ်သည်။ သို့သော်ငြား ကျန်းကျန့်က ကျောက်လျူ၏ မွေးနေ့ပွဲအတွက် ငွေလက်ခံခြင်း မရှိခဲ့။
သူတို့က လက်ဆောင်မပေးရဘဲ အလကား စားနိုင်ကြပြီး ဝိုင်နှင့် အစားအသောက်ကောင်းများလည်း ပါသည်။ ထို့ကြောင့် လူတိုင်းက ကျောက်လျူကို ကြည့်မိကြသောအခါ အမျိုုးမျိုးသော မြှောက်ပင့်စကားများကို ပြောလာခဲ့ကြသည်။ ကျောက်လျူမှာ မျက်နှာပန်းပွင့်လှသဖြင့် နားရွက်သို့ တက်ချိတ်တော့မတတ် ပြုံးဖြီးနေလေတော့သည်။
ထိုအချိန်မှာပင် ချင်ဖုန့်အဆောက်အအုံမှ ထွက်ခွာလာခဲ့သော ကျိုးမောင်ဟယ်မှာ အစောင့်နှစ်ယောက်နှင့်အတူ ဟယ့်ရှီသို့ ရောက်လာခဲ့သည်။ သူက ဟယ့်ရှီတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ကျိုးမောင်ဟယ်က လှေတစ်စီးငှားကာ ရောက်လာခဲ့ပြီး ရောက်လာလာချင်းမှာပင် အလွန်ကြီးကျယ်လှသော သင်္ဘောဆိပ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
ဟယ်ချောင်စီရင်စုမှ သင်္ဘောဆိပ်များမှာ ဤတစ်ခုထက် အတော်လေး ပိုဆိုးသော်လည်း ဤမျှလောက် ကြီးမားသော သင်္ဘောဆိပ်ကို တည်ဆောက်ခဲ့သူမှာ စီးပွားရေးသမားတစ်ယောက် ဖြစ်နေသည်။
ကျိုးမောင်ဟယ်က စီးပွားရေး သမားများကို မကြိုက်ပေ။ ထိုလူများမှာ အမြတ်ကြီးစားကာ သူတို့ကိုယ်သူတို့ ချမ်းသာလာရန်အတွက် စျေးနှုန်းများ ဆွဲတင်ထားကြသည်။ သူတို့က ချမ်းသာကြပါသော်လည်း အခြားသူများ၏ သေရေးရှင်ရေးကို အာရုံမထားကြပေ။ သူတို့က ပိုးဟပ်များထက်ပင် သာ၍ ဆိုးသေးသည်။ ပြီးနောက် ထိုကြီးကျယ်လှသော ဆိပ်ကမ်းကြီးကို မြင်သောအခါ သာမန်လူများထံမှ ပိုက်ဆံများ ညစ်ထားခြင်း ဖြစ်မည်ဟု တွေးလိုက်လေသည်။ ကျန်းကျန့်အပေါ် ကျိုးမောင်ဟယ်၏ အထင်အမြင်က ပို၍ပင် ဆိုးလာသည်။
ထိုနေ့က ကျောက်လျူ၏ မွေးနေ့ ဖြစ်သည့်အတွက် ကျန်းကျန့်၏ လူများစွာက ကျောက်မိသားစုအိမ်သို့ ရောက်နေကြပြီး သင်္ဘောဆိပ်တွင် လူနည်းနေသည်။ ထိုလူများက လုပ်စရာ များစွာ ရှိနေသဖြင့် မည်သူကမှ ကျိုးမောင်ဟယ်ကို ဂရုစိုက်ရန် အချိန်မရှိကြဘဲ သူ့ကိုလည်း မည်သူကမှ စကားလာမပြောကြပေ။
ကျိုးမောင်ဟယ်က အနီးအနားကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယောက်ယက်ခတ်နေကြသည့် ထိုမြင်ကွင်းကို သူပို၍ ကြည့်လေလေ ပိုပြီး စိတ်အလိုမကျ ဖြစ်လာလေလေပင်။ ထို့နောက် ရွာထဲသို့ ဝင်သွားလိုက်သည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်က ကျန်းမိသားစုထံ ရောက်လာခဲ့ပြီး ထိုသူမှာ ရှန်းအန်ရှင်း၏ သက်တော်စောင့် ဖြစ်သည်။ ထိုလူက ကျန်းချောင်ရှန့်၏ လက်ထဲသို့ စာတစ်စောင် ကမ်းပေးလိုက်သည်။
ကျန်းချောင်ရှန့်က ထိုစာကို ဖတ်ပြီးသွားသောအခါ လူတစ်ကိုယ်လုံး စိတ်တက်ကြွလာခဲ့သည်။
"သခင်လေးရှန်း စာထဲမှာ ရေးထားတာ တော်ဝင်သံတမန်က ဟယ့်ရှီကို သွားနေပြီတဲ့"
"တကယ်လား" ကျန်းချောင်ဝမ်က အနည်းငယ် ပျော်ရွှင်သွားသော်လည်း မကြာမီပင် စိုးရိမ်စိတ် ဝင်သွားပြန်လေသည်။ "ငါတို့ ကျန်းကျန့်ကို တကယ် တရားစွဲနိုင်ပါ့မလား"
"ဒါပေါ့... ငါတို့ စွဲနိုင်တာပေါ့... ဘာလို့ မရရမှာလဲ" ကျန်းချောင်ရှန့်က ပြောလိုက်ပါသော်လည်း အဆုံးတွင် အနည်းငယ် မလွယ်ကူဟု ခံစားနေရဆဲ ဖြစ်သည်။
ရှန်းအန်ရှင်း၏ ထပ်ကာ ထပ်ကာ တိုက်တွန်းမှုတို့ကြောင့်သာ မဟုတ်ခဲ့ပါက ကျန်းကျန့်ကို ဘယ်တော့မှ တရားစွဲရဲမည် မဟုတ်ပေ။ အဆုံးတွင် ယခုလက်ရှိ၌ ကျန်းကျန့်က အခြားသူများ လိုက်မယှဥ်နိုင်သော နေရာတွင် ရောက်နေခဲ့လေပြီ။
ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းက ကိုယ်ရံတော်ချည်း သက်သက်ပင် လူနှစ်ရာ သုံးရာခန့်ရှိနေပြီး လူပေါင်းများစွာ ပါရှိနေလေရာ သူတို့၏ မိသားစုကိုသာ သတ်ပစ်ချင်ပါက ပုရွတ်ဆိတ်တစ်ကောင်ကို ချေမွပစ်လိုက်သကဲ့သို့ လွယ်ကူနေလေပြီ။
"ငါတို့ ကောင်းကောင်း မွန်မွန် နေနိုင်ပါ့မလား"
အဘိုးကြီးကျန်းက သက်ပြင်းချလိုက်သည်။ ကျန်းကျန့်၏ သဘောထားက အလွန် သိသာထင်ရှားနေသည်။ သူတို့သာ သူ့ကို ပြဿနာမရှာသ၍ သူကလည်း သူတို့ကို ပြဿနာ လာရှာမည် မဟုတ်ပေ။
ထို့ကြောင့် သူတို့ကသာ အေးအေးဆေးဆေး နေနိုင်သ၍ ရှင်သန်နေနိုင်ဆဲ ဖြစ်သည်။
"အခုရော ကောင်းကောင်းမွန်မွန် နေရလို့လား... ဘယ်တုန်းကများ နေကောင်းရက်ကောင်း ရခဲ့လို့လဲ"
အဘွားကြီးကျန်းက လက်မခံချင်ပေ။ သူတို့၏ မိသားစုက အဝတ်အစား၊ အစားအသောက် လုံလုံလောက် မရရှိသော်လည်း ကျန်းကျန့်က အစားကောင်းအသောက်ကောင်းများ စားသောက်နိုင်ပေသည်။ ထ်ုအကြောင်းကို စဥ်းစားမိသည်နှင့် သူမက သည်းမခံနိုင်တော့သဖြင့် တစ်ညလုံးပင် အိပ်မပျော်ခဲ့ရ။
သူမ ကျန်းကျန့်ကို ကံဆိုးမိုးမှောင်ကျအောင် လုပ်ရမှ ဖြစ်မယ်...
ကျန်းမိသားစုက စိုးရိမ်နေခဲ့ကြသော်လည်း ကျန်းကျန့်ကို တရားစွဲရန်အတွက် ထပ်ပြီး သဘောတူလိုက်ကြပြန်သည်။
ရှန်းအန်ရှင်း လွှတ်လိုက်သောလူက သူတို့အား တော်ဝန် သံတမန်၏ ပုံစံကို ပြောပြထားသည်။ ကျန်းချောင်ရှန့်က ရှန်းအန်ရှင်း သူ့ကို ပေးထားသည့်စာကို ဖွက်လိုက်ပြီး သူ့အင်္ကျီအဝတ်စုတ်များထဲသို့ ထည့်ကာ ထွက်လာခဲ့သည်။ သူက အဝေးတစ်နေရာမှ ကျိုးမောင်ဟယ်ကို ကြည့်ကာ ထိုသူက တော်ဝင် သံတမန် ဖြစ်ရမည်ဟု ဆုံးဖြတ်မိသဖြင့် ယိုင်တိယိုင်တိုင် လျှောက်လာပြီး ထိုသူ့ရှေ့သို့ လဲကျသွားလေသည်။
"ဘာဖြစ်သွားတာလဲ ညီငယ်လေး" ကျိုးမောင်ဟယ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်" ကျန်းချောင်ရှန့်က မြေပေါ်မှ ထနိုင်ရန်အတွက် ရုန်းကန်လိုက်ရပြီး ခြောက်ကပ်ကပ် ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် ဗိုက်ဆာနေရုံပါ"
"ဗိုက်ဆာနေတာလား" ကျိုးမောင်ဟယ်၏ မျက်လုံးများထဲ၌ စာနာစိတ်များ ဖြတ်ပြေးသွားခဲ့သည်။ ထိုစဥ်မှာပင် ထလာသော ကျန်းချောင်ရှန့်က လဲကျသွားပြန်သည်။
ကျန်းချောင်ရှန့်မှာ ငယ်ရွယ်စဥ်ကပင် အကြီးဆုံးကျန်းက သူ့ကို အနိုင်ကျင့်ကြောင်း လီဆယ်တိုင်ကြားချက်များ လုပ်နိုင်ခဲ့သည်။ ယခုတွင် အသေအချာ ပြင်ဆင်ထားခဲ့သဖြင့် သဘာဝကျကျပင် ပို၍ ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့လေရာ ကျိုးမောင်ဟယ်မှာ ချက်ချင်းဆိုသလိုပင် ယုံကြည်သွားခဲ့လေသည်။
"ညီငယ်လေး... မင်းအိမ်က ဘယ်မှာလဲ... ငါမင်းကို ကူပြီး လိုက်ပို့ပေးပါရစေ" ကျိုးမောင်ဟယ်က ပြောလိုက်သည်။
ကျိုးမောင်ဟယ်က ကျန်းချောင်ရှန့်နောက်သို့ တဖြည်းဖြည်း လိုက်လာကြပြီး ကျန်းမိသားစုအိမ်ဆီသို့ ရောက်လာခဲ့သည်။
ကျန်းမိသားစုအိမ်က ကြည့်ရမဆိုးသော်လည်း အိမ်ထဲက လူများအားလုံး ညစ်ပတ်နေကြပြီး အဝတ်စုတ်များ ဝတ်ထားကာ အလွန်အမင်း သနားစရာ ကောင်းနေပုံပေါ်နေသည်။ ထိုအခိုက်မှာပင် အဘွားကြီးကျန်းနှင့် ကျန်းချောင်ဝမ်တို့က ခါးခါးသီးသီး ငိုနေကြဆဲ ဖြစ်သည်။
"ငါ့သားလေး... အဆင်ပြေရဲ့လားကွယ်... သူ မင်းကို ဘယ်နေရာတွေ ထပ်ရိုက်လိုက်ပြန်တာလဲ"
"ကျွန်တော့်ကို ရိုက်တာ သူမဟုတ်ဘူး... သူ့လက်အောက်ကလူတွေ ကျွန်တော့်ကို မကြိုက်လို့ ရိုက်လွှတ်လိုက်ကြတာ"
"သူက ဘာတွေ အမိန့်ပေးထားလို့လဲမှ မသိတာ... သူက ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ... မင်းက သူ့ညီလေးပဲလေ... သူ ဘာလို့များ ငါတို့ကို အသက်ရှင်ဖို့ လမ်းတောင် မပေးနိုင်ရတာလဲ"
"အမေရယ် သူက အမေ့ကိုတောင် ရိုက်သေးတာပဲ"
. . .
ကျိုးမောင်ဟယ် ဤတစ်ကြိမ်တွင် ဟယ့်ရှီရွာသို့ ရောက်လာခဲ့ခြင်းမှာ ကျန်းကျန့်၏ မိဘများကို လာရှာခြင်း ဖြစ်သည်။ သို့သော်လည်း ထင်မှတ်မ
ထားစွာပင် သူတို့ကို တွေ့လိုက်ရလေပြီ။
တစ်ခဏမျှ နားထောင်ပြီးနောက် သူမေးလိုက်သည်။ "ခင်ဗျားတို့က ကျန်းကျန့်နဲ့ ဘာတော်လဲ"
"အဲ့ဒီကျန်းကျန့်က ကျွန်မရဲ့သားပါ" အဘွားကြီးကျန်းက ငိုယိုနေသည်။
သူက ဤနေရာသို့ ရောက်လာလာချင်း ကျန်းမိသားစုကို တွေ့လိုက်ရမည်ဟု ထင်မထားမိပေ။ ကျိုးမောင်ဟယ်က အခြေအနေ အသေးစိတ်ကို ချက်ချင်း မေးမြန်းလိုက်သည်။
"အဲ့ဒီကျန်းကျန့်က ကျွန်မရဲ့ အကြီးဆုံးသားပါ... သူမမွေးခင်တစ်ရက်မှာပဲ သူ့အဖေက စစ်ထဲ ဝင်သွားခဲ့ရတယ်... ကျွန်မက သူနဲ့ ကျန်ခဲ့ရပြီး ဘဝက အရမ်းကို ခက်ခဲရတော့ သူ့အပေါ် သိပ်မကောင်းမိဘူး" အဘွားကြီးကျန်းက ကျန်းချောင်ရှန့် သူမကို ထပ်ကာထပ်ကာ ပြောပြထားခဲ့သည့်အတိုင်း ပြောနေခဲ့သည်။
"သူက မကောင်းတဲ့ရက်မှာ မွေးလာပြီး အထီးကျန်ခဲ့တယ်... ကျွန်မက သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး... ဒါပေမယ့်လည်း သူ ကျွန်မအပေါ် အညှိုးတရားတွေ ရှိနေမှာစိုးလို့ ပျိုးထောင်ပေးခဲ့ပါတယ်... သူက သူ့ညီတွေကို ဦးစားပေးလို့ ဆိုပြီး ကျွန်မကို မကျေမနပ် ဖြစ်နေခဲ့တာ"
"ဘယ်လောက်တောင် စရိုက်ပျက်လိုက်လဲ"
ကျိုးမောင်ဟယ်၏ မျက်နှာက ချက်ချင်းပင် အလွန်အမင်း ကြည့်ရဆိုးလာနေသည်။ သားတစ်ယောက်က သူ့မိဘများ အမှား တစ်ခုခု လုပ်ခဲ့လျှင်တောင် မိဘများကို အပြစ်မပြောသင့်ပေ။ ကလေးများက သူ့မိဘများကို နာခံရပေမည်။ ဒါပေမယ့် ကျန်းကျန့်ကရော... သူ့မိဘနဲ့ ညီတွေကို ထိခိုက်အောင် လုပ်ရုံတင်မကဘူး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲပေးဖို့ ဖိအားပေးတဲ့ အပြင် ညီမ ဖြစ်သူကိုပါ အတင်းအကျပ် ခေါ်သွားပြီး မိဘတွေကို ထောက်ပံ့ပေးဖို့ ငြင်းဆန်နေတယ်... ရေးချစရာ ကိစ္စတွေမှ အများ အများကြီးပဲ...
ပိုပြီး စိတ်ပျက်စရာ ကောင်းတာက ကျန်းမိသားစုဘက်က တရားမျှတမှု လိုချင်နေပေမယ့် အကူအညီမတောင်းနိုင်ရှာဘူး...
"ဒီနေ့က သူ့ယောက္ခမရဲ့ အသက်ငါးဆယ်ပြည့် မွေးနေ့ဆိုတော့ ကျွန်တော်တို့က လွဲပြီး တစ်ရွာလုံး အဖိတ်ခံခဲ့ရတယ်... ဒါကြောင့်မို့ ကျွန်တော်က အသီးအရွက်ရိုင်းတွေ သွားတူးတာ... ဒါပေမယ့်ကျောက်မိသားစုနဲ့ တအား နီးသွားလို့ သူ့လက်အောက်ကလူတွေ ရိုက်တာ ခံလာခဲ့ရတယ်" ကျန်းချောင်ဝမ်က ထပ်ပြောလိုက်ပြီး သူ့မျက်နှာပေါ်မှ အနီရောင် အမှတ်များကို ပြသလိုက်သည်။
သူက သေချာပေါက် ကျန်းကျန့်၏ လူများထံမှ အရိုက်ခံလာရခြင်း မဟုတ်ဘဲ ဟွမ်မင်ထံမှသာ ဖြစ်သည်။ သူက စီးပွားရေး ထပ်လုပ်မည်ဟု ပြောမိသဖြင့် ဟွမ်မင်ထံမှ အရိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ကျိုးမောင်ဟယ်မှာ ဒေါသထွက်နေပြီးသား ဖြစ်သည်။ သူက ခြေလှမ်းပြင်ကာ ကျောက်မိသားစုအိမ်သို့ သွားလေတော့သည်။
အိမ်ကို ကျောက်မိသားစု၏ ဆိပ်ကမ်းနှင့်အတူတွဲဆောက်ထားခြင်း ဖြစ်၍ ရှာရလွယ်သည်။ ကျိုးမောင်ဟယ်က မကြာမီပင် ထိုနေရာသို့ ရောက်လာပြီး ဝင်ပေါက်တွင် စားပွဲများစွာ ရှိနေပြီး ၎င်းတို့ပေါ်တွင် ကြက်၊ ဘဲ၊ ငါးမျိုးစုံ ရှိနေကာ လူများစွာက စားသောက်နေကြသည်ကို တွေ့လိုက်ရလေသည်။ အထဲသို့ ကြည့်လိုက်သောအခါ အဝတ်စနီဖြင့် ဖုံးထားသော စားပွဲတစ်ခုပေါ်တွင် ရွှေရောင် ကွမ်ရင်မယ်တော် ရုပ်တုနှင့် အခြား ပစ္စည်းများ ရှိနေခဲ့လေသည်။