Chapter 165
- အင်ပါယာ တရားရုံးတော်၏ ဆုလာဘ်
ကျန်းကျန့်က အဆုံးတွင် ကျောက်လျူ၏ မွေးနေ့ပွဲကို ဦးဆောင်ကျင်းပပေးရန် ဆုံးဖြတ်လိုက်သည်။
ကျောက်လျူ၏ မွေးနေ့တွင် နေကပြင်းလှပြီး လေလည်း မတိုက်ပေ။ ဟယ့်ရှီရွာ၏ ဤဘက်ပိုင်းတွင် "အကြွေးနစ်ရင် ဆင်းရဲတယ်... လေတိုက်ရင် အေးတယ်" ဟု ဆိုရိုးစကား ရှိသည်။ လူတစ်ယောက်က အကြွေး မရှိလျှင် ဆင်းရဲသူ မဟုတ်ပေ။ လေမတိုက်လျှင် အေးလိမ့်မည် မဟုတ်ပေ။
ထိုနေ့တွင် နေက ပူနေပြီး လေကလည်း မတိုက်ပေ။ ဆောင်းရာသီ ရောက်လာပြီ ဖြစ်သော်လည်း ရာသီဥတုက နွေဦးနှင့် မကွာခြားပေ။
"တွေ့လား... ရှင်က ဘဝကောင်းကောင်းမှာ နေရတော့ ဘုရားရှင်ကတောင် ရှင့်ကို မျက်နှာသာပေးနေတယ်" ဟယ့်ရှီရွာသူ တစ်ယောက်က ကျောက်လျူကို ချီးမွမ်းလိုက်သည်။
ကျန်းကျန့်က မွေးနေ့ပွဲ လုပ်မည် ဖြစ်၍ ဟယ့်ရှီရွာထဲမှ ကျောက်လျူ၏ မိတ်ဆွေများက မနက်စောစောမှာပင် လာရောက် ကူညီပေးခဲ့ကြသည်။
ကျောက်လျူက အဝတ်အစားသစ်များ ဝတ်ထားပြီး ရွှေထည်လက်ဝတ်ရတနာများ ဆင်ယင်ထားကာ သူမ၏ မျက်နှာထက်တွင် အပြုံးကြီးကြီး ချိတ်ဆွဲထားခဲ့သည်။
"အိုး... ဒါတွေအားလုံး ကျန်းကျန့် လုပ်တာပဲလေ... ငါ့အရိုးကဖြင့် အခေါင်းထဲ ရောက်တော့မယ်... ငါ့အတွက် ပိုက်ဆံတွေ အများကြီး သုံးပေးချင်နေတုန်းပဲ... တကယ့်ကို..."
ကျောက်လျူ ထိုအကြောင်းကို ပြောခဲ့စဥ်က သူမက ကျောက်ကျင်းကောကို အတော်လေး စျေးကြီးလွန်းသည်ဟု နှစ်ကိုယ်ကြား ပြောခဲ့သေးသော်လည်း နှလုံးသားထဲတွင်မူ အလွန် ပျော်ရွှင်နေရပေသည်။ သူမ၏ မျက်နှာက အပြုံးများ ပြည့်နေသည်။ စားပွဲများအားလုံး ချခင်းထားပြီး ဧည့်သည်များ တဖွဲဖွဲဝင်လာသည်ကို မြင်ရသောအခါ ပျော်၍ပင် မဆုံးနိုင်တော့ပေ။ သူမ၏ ဘဝတွင် ထိုမျှလောက်ထိ မျက်နှာသာ မရခဲ့ဖူးပါပေ။
ကျောက်လျူက အလွန် ပျော်ရွှင်နေပါသော်လည်း ထိုအခိုက်တွင် မျက်နှာ ဖျော့ဖျော့နှင့် သက်လတ်ပိုင်းလူတစ်ယောက်က လှေပေါ်မှ ဆင်းလာခဲ့သည်။ ထိုသက်လတ်ပိုင်းလူက သက်တော်စောင့် နှစ်ယောက် ခြံရံထားပြီး ချမ်းသာသော ကုန်သည်တစ်ယောက်ပုံပေါ်နေသည်။ သူ ရောက်လာသောအခါ ဆိပ်ကမ်းမှ လူများကို မေးလိုက်သည်။
"ဒီနေရာမှာ ကျင်းကျန့် ကိုယ်ရံတော်လုပ်ငန်းဆိုတာ ရှိတယ်လို့ ကြားတယ်"
"ဟုတ်ပါတယ်" ကုန်ပစ္စည်းများ သယ်ပေးနေသူက ပြန်ဖြေလိုက်သည်။
"ဒီနေရာမှာ ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းဆိုတာ ရှိပါတယ်... ခင်ဗျားက သူတို့ကို ရှာနေတာလား... သူတို့က ဟိုနေရာကို စီးပွားရေးလုပ်ဖို့ ငှားထားတယ်" ပစ္စည်း သယ်သူက ပြောလိုက်ရင်းဖြင့် မနီးမဝေး နေရာမှ သတ္တုပြားဖြင့် "ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း"ဟု ရေးထားသော ဆိုင်လေး တစ်ဆိုင်ကို ညွှန်ပြပေးလိုက်သည်။
"သြော်" သက်လတ်ပိုင်းလူက ခေါင်းငြိမ့်၍ မေးလိုက်သည်။ "ဒီနေရာမှာ ချင်ဖုန့်အဆောက်အအုံလည်း ရှိတယ်လို့ ကြားတယ်"
ဒီလူက ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းကို ရှာနေတဲ့အပြင် ချင်ဖုန့်အဆောက်အအုံမှာလည်း သွားကစားချင်နေတာလား... ပစ္စည်းသယ်သူက ခပ်မြန်မြန် ပြောပြလိုက်သည်။
"ဟုတ်ပါတယ်... ခင်ဗျားသာ လမ်းပေါ်က ကောင်လေး တစ်ယောက်ကို ခေါ်ပြီး ကြေးပြား နည်းနည်းလောက် ပေးလိုက်ရင် ခေါ်သွားပေးပါလိမ့်မယ်... ကျွတ်ကျွတ်... ချင်ဖုန့်အဆောက်အအုံမှာ ဆိုရင် ကျွန်တော်ကြားထားတာ နန်းတော်မှာပဲ ရနိုင်တဲ့ ဟင်းပွဲတွေ ပြဇာတ်တွေ အများကြီး ရှိတယ်တဲ့... နေရာကောင်း တစ်ခုပဲ"
"ဘာ" သက်လတ်ပိုင်းလူ၏ မျက်နှာထား ပြောင်းလဲသွားသည်။ ဘယ်လိုလုပ်ပြီးတော့ လူတွေက နန်းတော်က ပစ္စည်းတွေ ထုတ်လာပြီးတော့ ကုန်သည်တစ်စု ပျော်ဖို့ အတွက် ပေးလိုက်ရလား... ဒါ တရားလွန်သွားပြီ...
ထိုသက်လတ်ပိုင်းလူ မျက်နှာမကောင်းသည်ကို တွေ့သောအခါ ပစ္စည်း သယ်သူက တုံ့သွားလေသည်။
"လူကြီးမင်း"
"ဘာမှ မဟုတ်ဘူး" သက်လတ်ပိုင်းလူက လက်ယမ်းပြလိုက်သည်။
ထိုသက်လတ်ပိုင်းလူက မြို့တော်မှ ရောက်လာသည့် တော်ဝင်သံတမန် ကျိုးမောင်ဟယ်ပါပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိုးမောင်ဟယ်မှာ ဟယ်ချောင် စီရင်စုတွင် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းဟူ၍ ရှိပြီး ထိုလုပ်ငန်း၏ တာဝန်ရှိသူက သူ့မိဘများကို ရိုက်နှက်ရုံသာမက သူ့မိဘများ အကူအညီမတောင်းနိုင်ရန် အရာရှိများကို လာဘ်ထိုးထားခဲ့သည်ဟု ပြောထားသည့် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
ကျိုးမောင်ဟယ်က လှည့်ပတ်စုံစမ်းလိုက်ရာ ထိုဟယ်ချောင်က ကျန့်မိသားစု၏ ပိုင်နက် ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အပြင် ကျန့်မိသားစုက ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းနှင့်အတူ ချင်ဖုန့် အဆောက်အအုံကို တည်ဆေက်ထားခဲ့သည်။ ၎င်းကို ဖွင့်ထားသည်က မကြာသေးသော်လည်း မရေတွက်နိုင်သော လူများက ထိုနေရာကို သိပြီးနေကြလေပြီ။
အဲ့ဒီချင်ဖုန့်အဆောက်အအုံက တစ်ခါ လာလည်ရင် ငွေဆယ်စ ကျသင့်တယ်တဲ့လား... ဒီလောက် ငွေအများကြီးနဲ့ဆို သာမန်လူတွေ တစ်နှစ်လောက် သုံးဖို့ လုံလောက်တယ်ကွ...
ဒီလို နေရာမျိုးက နေရာကောင်း ဟုတ်ပါ့မလား... ကျန့်မိသားစုက သူတို့ ဘာလုပ်နေမှန်း မသိကြဘူးလား...
ကျိုးမောင်ဟယ်က တစ်ချိန်လုံး ဧကရီ မယ်တော်ကြီးကို မျက်နှာချိုသွေးရန် ကြိုးပမ်းနေသည့် အရာရှိကျန့်ကို အမြင်မကြည်ပေ။ ထို့ကြောင့် ထိုအကြောင်းကို ကြားလိုက်ရသောအခါ ချက်ချင်းပင် လာရောက် ကြည့်ရှုရမည်ဟု ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။ သူက သူ့ပုံစံအမှန်ကို ဖုံးကွယ်ကာ ချင်ဖုန့်အဆောက်အအုံကို လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။
လူတွေ ဒီလောက် အများကြီး ချီးမွမ်းနေကြတဲ့ နေရာက အထဲမှာ ဘယ်လောက် စက်ဆုပ်စရာ လုပ်ရပ်တွေ လုပ်နေမှန်း မသိနိုင်ဘူးလေ... ဟယ်ချောင် စီရင်စု၏ ချင်ဖုန့်အဆောက်အအုံက ဝင်ပေါက်တစ်ခုထားထားပြီး သင်သာ ဝင်သွားချင်ပါက အရင်ဆုံး တံခါးဝမှာပင် ငွေစ နှစ်ဆယ် ပေးချေရမည် ဖြစ်သည်။ ဝင်သွားပြီးနောက် တိုကင်ပြားများ လဲလှယ်ခြင်းမှလွဲ၍ သုံးသမျှ အားလုံးကို ထိုငွေစ နှစ်ဆယ်မှ ဖြတ်တောက်မည် ဖြစ်ပြီး ကျန်ငွေကို ပြန်ပေးပေလိမ့်မည်။
ဒါက ချင်ဖုန့်အဆောက်အအုံကို လာကြတဲ့သူတွေအတွက် မှုလောက်စရာ မဟုတ်ဘူးလေ... ဘယ်သူကများ ငွေစ နှစ်ဆယ် မပါဘဲ ဒီနေရာကို လာကြပါ့မလဲ...
သို့သော်ငြား ကျိုးမောင်ဟယ်က သူကြားလိုက်ရသော စကားကို ထိတ်လန့်သွားလေသည်။
"ငွေစ နှစ်ဆယ်လား"
သူက ဆင်းရဲသော မိသားစုမှ မွေးဖွားလာခဲ့ရပြီး ချမ်းလည်း မချမ်းသာသဖြင့် အသားတစ်နပ်မျှ စားချင်လျှင်တောင် အလွန် သတိထားရသည်။ ဤတစ်ကြိမ်က အပြင်ထွက်လာရသည် ဖြစ်သောကြောင့် ငွေစများများ ပိုယူလာခဲ့သော်လည်း ငွေနှစ်ဆယ်လောက်ထိ မများပေ။
ဒီလူက သူ့ကို ငွေစ နှစ်ဆယ် တောင်းနေတယ်တဲ့လေ...
"လူကြီးမင်း... ငွေမပါရင် နောက်တစ်ကြိမ်မှ လာခဲ့ပါ" တံခါးဝမှ လူက ကျိုးမောင်ဟယ်ကို ပြုံးပြ၍ ပြောလိုက်သည်။
ကျိုးမောင်ဟယ်က ပိုက်ဆံရှိပုံမပေါ်သော်လည်း ကျန့်ရီက သူတို့ကို အဝတ်စုတ် ဝတ်ထားသူများကိုပင် ပြုံးပြနေရမည်ဟု မှာကြားထားသဖြင့် သူတို့၏ သဘောထားက ပြောင်မြောက်လှပေသည်။
ထင်မှတ်မထားစွာပင် သူတို့၏ ပိုက်ဆံတောင်းနေသော အမူအယာနှင့် ထိုကဲ့သို့သော သဘောထားက ကျိုးမောင်ဟယ်ကို ဤချင်ဖုန့်အဆောက်အအုံတွင် တစ္ဆေတစ်ကောင် ဖြစ်နေသည့်အလား ခံစားသွားရစေသည်။
သူက အံတင်းတင်းကြိတ်ကာ ငွေစနှစ်ဆယ် ထုတ်လိုက်ပြီး အထဲသို့ ဝင်သွားလေသည်။ သူက နောက်ထပ် ငွေများ မထုတ်လာခဲ့သဖြင့် သူ့အစောင့် နှစ်ယောက်မှာ အပြင်ဘက်တွင် ကျန်နေခဲ့ရသည်။
ချင်ဖုန့်အဆောက်အအုံက ဇိမ်ခံပစ္စည်းများ ပြည့်နေသည်။ ကျိုးမောင်ဟယ်က ဆင်းရဲနွမ်းပါးသော ဘဝတွင် နေထိုင်ခဲ့ရသော်ငြား သူက အမြင်ရှိသည်။ ထိုဇိမ်ခံပစ္စည်းများကို တွေ့သောအခါ သူပို၍ ဒေါသထွက်လာလေသည် များမကြာမီပင် ဟောခန်းထဲသို့ ရောက်သွားလေသည်။
ဟောခန်းက ကတ်များ ကစားကြသည့် နေရာ ဖြစ်သည်။ ဟောခန်းအလယ်တွင် စက်ဝန်းပုံ စားပွဲဝိုင်းများကို စက်ဝိုင်းပုံစံ စီစဥ်ထားပြီး အလယ်တွင် လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့ ထိုင်နေကြသည်။
မနက်စောစောသာ ဖြစ်နေသေး၍ ချင်ဖုန့်အဆောက်အအုံတွင် လူနည်းနည်းသာ ရှိသဖြင့် သူတို့က အလုပ်သိပ်များမနေဘဲ အခြားသူများကိုသာ ရောက်လာကြသော ဧည့်သည်များကို ကတ်များ ဝေပေးပြီး အတူ ကစားခိုင်းထားလိုက်သည်။ သူတို့နှစ်ယောက်က လတ်တလောတွင် ချင်ဖုန့်အဆောက်အအုံ၏ ကြော်ငြာ ဆိုင်းဘုတ်များ ဖြစ်ကြသဖြင့် သူတို့၏ စိတ်အခြေအနေပေါ် မူတည်၍ ထိုင်လိုက ထိုင်နိုင်ပြီး ကတ်များ ဝေလိုက ဝေနိုင်သည်။
"ဒါက အလုပ်ကောင်းပေမယ့် ငါတို့ အသက်ကြီးလာရင် လုပ်နိုင်တော့မှာ မဟုတ်ဘူး" လျူချမ်ချမ်က ပြောလိုက်သည်။
"ဘာတွေ စိုးရိမ်နေတာလဲ... ငါတို့က ငါတို့ရဲ့ကံကြမ္မာကို ကယ်တင်ပြီးသွားပြီပဲ"
ကျောက်လင်ရှီးက ပြောလိုက်သည်။ ဤချင်ဖုန့်အဆောက်အအုံက သူတို့ကို လစာများများ မပေးဘဲ တစ်လမှ ငွေနှစ်စသာ ပေးပါသော်လည်း ဧည့်သည်များ ဆုချသော ဆုငွေများအားလုံးကို သူတို့ ယူနိုင်ပေသည်။
ဤနေရာသို့ လာကြသော ဧည့်သည်များမှာ ရက်ရောကြသဖြင့် ဆုငွေများမှာလည်း ကြေးပြားများ မဟုတ်ဘဲ အားလုံးမှာ အခြေခံအားဖြင့် ငွေစများ ဖြစ်ကြသည်။ သူတို့အတွက် ငွေအမြောက်အများ စုဆောင်းနိုင်ရန် အချိန်ကြာကြာ မယူရနိုင်လောက်ပေ။ ထိုအကြောင်းကြောင့် သူတို့က သူတို့၏ စျေးကို မြှင့်၍ ဆုငွေ ပိုရနိုင်သည် ဟူသော အချက်ကို ရှာတွေ့သွားကြသဖြင့် အလွယ်တကူ အပြင်ထွက်မသွားလိုကြပေ။
"နင်ပြောတာ မှန်တယ်... အချိန်ကျလာရင် အမျိုးသမီး အိမ်ထောင်စု တစ်ခု ဆောက်ပြီး ကလေးတစ်ယောက်လောက် ရှာပြီး မွေးစားမယ်" လျူချမ်ချမ်က ပြောလိုက်သည်။
"မင်းက လက်မထပ်တော့ဘူးလား" ကျောက်လင်ရှီးက လျူချမ်ချမ်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ လျုချမ်ချမ် အရင်က လက်ထပ်ချင်ခဲ့တာပဲ မဟုတ်ဘူးလား...
"အခု နင့်ကို အမှန်တရား ပြောပြဖို့ မကြောက်တော့ဘူး" လျူချမ်ချမ်က ပြောလိုက်သည်။ "ငါဆောင်ကြာမြိုင်မှာ ရှိတုန်းက ဆေးတွေ အတိုက်ခံခဲ့ရလို့ ကလေးရနိုင်တော့မှာ မဟုတ်ဘူး"
၎င်းကပင် သူမက ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာချင်ပြီး လက်ထပ်ရန်အတွက် တစ်ခါမှ မစဥ်းစားခဲ့ဖူးသည့် အကြောင်းအရင်း ဖြစ်သည်။ သူမက ကလေး မရနိုင်သည့်အတွက် ကောင်းကောင်းမွန်မွန် လက်ထပ်နိုင်မည် မဟုတ်ပေ။ ဒါဆို သူမက ဘယ်လိုလုပ်ပြီး ဘဝကောင်းကောင်း ရပါတော့မလဲ...
ကိုယ်လုပ်တော် ဖြစ်ရုံက ကွာခြားသည်။ သူမက ယောကျ်ားတစ်ယောက်ကို ဆွဲဆောင်နိုင်ရန် ကြည့်ကောင်းပြီး သူမ၏ ကိုယ်လုပ်တော် အဖော်များနှင့်လည်း တိတ်တဆိတ် မိတ်ဖွဲ့နိုင်သည်။ သူမက ကလေး မရနိုင်ဟု ပြောလိုက်ရုံဖြင့် အဓိကဇနီးက သူမကို အနောက်ဆောင်တွင် ထားရန် သေချာပေါက် သဘောတူပေလိမ့်မည်။
ကျောက်လင်ရှီးက သူမ၏ စကားများကို ကြားသောအခါ ကြက်သေသေသွားသော်လည်း အဆုံးတွင် သူက သူမကို နှစ်သိမ့်မပေးခဲ့ဘဲ ပြောလိုက်လေသည်။
"ဒါဆို ပိုက်ဆံစုထား... ငါလည်း လက်ထပ်နိူင်မယ် မထင်ဘူး... ဒါကြောင့်မို့ နောက်ကျရင် ငါတို့ ရဲဘော်ရဲဘက် လုပ်ကြတာပေါ့"
သူတို့ ပြောနေရင်းမှာပင် သူတို့၏ နှလုံးသားက အနည်းငယ် လေးလံလာခဲ့သည်။ ထိုအချိန်မှာပင် တစ်ယောက်ယောက် အော်လိုက်သံကို ကြားလိုက်ရသည်။
"ကမ္ဘာကြီးက တကယ် စည်းကမ်းပျက်နေကြပြီ... ကမ္ဘာကြီးမှာ ကိုယ်ကျင့်တရားတွေ တစ်နေ့ထက် တစ်နေ့ ဆုတ်ယုတ်လာကြတာပဲ... ဒီမိန်းမတွေ ကောတွေက အိမ်မှာ ယောကျ်ားနဲ့ ကလေးတွေနဲ့ အတူနေရမဲ့အစား ယောကျာ်းတစ်အုပ်နဲ့ တွဲသွားဖို့ အပြင်ထွက်နေကြတယ်တဲ့... တကယ် သိက္ခါမဲ့လိုက်ကြတာ"
သူတို့က အသံလာရာသို့ ကြည့်လိုက်ကြချိန်တွင် သက်လတ်ပိုင်း လူတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ကြရသည်။
"ဒီအဘိုးကြီးက ဘယ်က ရောက်လာတာလဲ" လျူချမ်ချမ် မျက်မှောင်မကျုံ့မိဘဲ မနေနိုင်တော့ပေ။
"ဒီနေရာက လောင်းကစားလုပ်လို့ ရတဲ့ ပြည့်တန်ဆာအိမ်ပဲ မဟုတ်ဘူးလား... ဒီကျန့်မိသားစုကတော့... ဒီလိုကိစ္စမျိုးတွေပါ လုပ်မယ်လို့ မထင်ထားဘူး" ကျိုးမောင်ဟယ်က ဒေါသတကြီး ဖြစ်လာသည်။
ဤချင်ဖုန့်အဆောက်အအုံတွင် အချို့မိန်းမများက ယောကျာ်းအဝတ်အစားများ ဝတ်ကာ ယောကျ်ားများကို စနောက်ကျီစယ်နေကြလေသည်။ ဘာလို့များ "ချင်ဖုန့်အဆောက်အအုံ" ဆိုတဲ့ နာမည်ကို ဒီလို ညစ်ပတ်တဲ့ နေရာမျိုးအတွက် ပေးထားရပါလိမ့်...
ကျန်းကျန့်၏ စကားကြောင့် ချင်ဖုန့်တွင် အလုပ်လုပ်နေကြသည့် အမျိုးသမီးများမှာ အမှန်တွင် သူတို့၏ ဧည့်သည်များကို စကားများများ မပြောကြပေ။ သူတို့သိထားသည့်အတိုင်း မူလအစကတည်းက သူတို့သာ ဧည့်သည်များနှင့် ငြိသွားကြပါက သူတို့က နောက်ထပ်အလုပ်တစ်ခု ရှာရတော့မည် ဖြစ်ပြီး သူတို့ကိုလည်း သွားခွင့်ပေးလိုက်မည်ဟု ကျန်းကျန့်က ပြောထားခဲ့သည်။ ဘာသွားခွင့်ပေးတာလဲ... နှင်ထုတ်မှာလို့ ပြောချင်တာပဲ မဟုတ်ဘူးလား...
ထိုမိန်းမနှင့် ကောများမှာလည်း နှလုံးသားကြီးကြီး ရှိကြသော်လည်း တိကျသည့် ပစ်မှတ်မရှိဘဲနှင့် သူတို့က ဧည့်သည်များနှင့် မည်သည့်အရာကိုမှ မလုပ်ရဲပါပေ။ ပစ်မှတ်ရှိလျှင်ပင် မှန်ကန်သည့် တစ်ယောက်ကိုသာ ရှာဖွေရန် ရည်ရွယ်ထားကြသည်။ သူတို့သာ လှေနံ နှစ်ဖက် နင်းမိပါက လှေမှောက်သွားနိုင်သည် မဟုတ်ပါလား...
သေချာပေါက်ပင် သူတို့အများစုက ပစ်မှတ်ရှာလိုစိတ် မရှိကြတော့။ တစ်ယောက်ယောက် အနောက်ကို လိုက်ပြီး အခြားသူထံမှ ပိုက်ဆံတောင်းရသည်ထက် ပိုက်ဆံရနေသည့် အလုပ်က ပိုကောင်းသည်။ ထို့ကြောင့် ဤအချိန်တွင် မည်သူကမှ ဧည့်သည်များနှင့် အမှန်ပင် အီစီကလီ စနောက်နေခြင်း မရှိကြ။ သို့သော်လည်း ကျိုးမောင်ဟယ်၏ အမြင်တွင် ဤနေရာ၌ မိန်းမနှင့် ကောများ ရှိနေခြင်းက မှားယွင်းနေသည်။
"ဒီနေရာကို အထင်သေးနေပြီးမှ ဘာလာလုပ်နေသေးတာလဲ" လျူချမ်ချမ်က ဒေါသတကြီး ပြောလိုက်သည်။ သူမက အနာကို ဆွမိသွားသည် ဖြစ်၍ အလွန် ဒေါသထွက်နေသည်။
"ဟုတ်ပါ့... ဒီလိုနေရာမျိုးကို လာပြီး ဒီလိုမျိုး ဖြစ်နေတာတောင် ငါတို့ကို စိုက်ကြည့်နေသေးတယ်... ကျွတ်ကျွတ်" ကျောက်လင်ရှီက ဝင်ကူလိုက်သည်။
လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့မှာ သေချာပေါက်ပင် ဤနေရာ၏ အကျော်ကြားဆုံး လူများ ဖြစ်ကြပေသည်။ အခု ဟောခန်းထဲက ဘယ်ယောကျ်ားကများ သူတို့ကို မကြိုက်တဲ့သူ ရှိမှာလဲ...
သူတို့ ဒေါသထွက်သွားသည်ကို မြင်သောအခါ ယောကျ်ားသားများက ကျိုးမောင်ဟယ်ကို ချက်ချင်း ကြည့်လာကြပြီး တစ်ယောက်ပြီး တစ်ယောက် သူ့ကို ရှုတ်ချလာကြလေတော့သည်။
ကျောက်လင်ရှီးနှင့် လျူချမ်ချမ်တို့ကို ဧည့်သည်များအား မဆန့်ကျင်ရဟု ပြောထားခဲ့သဖြင့် သူတို့က ညစ်ညမ်းသော စကားလုံးများ မသုံးရဲပေ။ သို့သော်လည်း ဤနေရာရှိလူများမှာ ကွဲပြားလှသည်။ သူတို့က သူတို့၏ အတွေးများကို လျူချမ်ချမ်နှင့် ကျောက်လင်ရှီးတို့ရှေ့တွင် ရှင်းရှင်းလင်းလင်း ဖော်ထုတ်လာကြသဖြင့် ကျိုးမောင်ဟယ်နှင့် မျက်နှာချင်းဆိုင်မိချိန်တွင် လုံးဝ ယဥ်ကျေးမနေကြပေ။ ဤနေရာသို့ လာကြသူအများစုက ကုန်သည်များ ဖြစ်ကြသဖြင့် ဆဲဆိုကြသည့် အခြေအနေသို့ ရောက်လာသောအခါ...
"အရှက်ရစရာ ကောင်းလိုက်တာ... စော်ကားနေကြတာများ"
ကျိုးမောင်ဟယ်က ပိုပို၍ ဒေါသထွက်လာလေတော့သည်။ သူ့ပါးစပ်က အတော်လေး အာစောင်းထက်လှပြီး အင်ပါယာ တရားရုံးတော်တွင် ကျမ်းစာများကို ကိုးကားပြောဆိုကာ လူအများကို ပြောစရာမဲ့သွားစေတတ်သည်။
သို့သော်လည်း စာသင်သားက စစ်သားနှင့် တွေ့လိုက်ရသောအခါ ထို့ထက်ပို မရှင်းလင်းနိုင်တော့ပေ။