Chapter 164
- အင်ပါယာ တရားရုံးတော်၏ ဆုလာဘ်
စီရင်စုမြို့တော်မှ ချင်ဖုန့်အအောက်အအုံက အချိန်အတော်ကြာကတည်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီ ဖြစ်၍ သူ့အနေဖြင့် ဆက်လက်စောင့်ကြပ်ပေးရန် မလိုတော့။ ဖုချောင်မြို့မှ ချင်ဖုန့်အဆောက်အအုံက အချိန်တစ်ခုလောက်အထိ ဖွင့်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် သူက ဟယ့်ရှီရွာမှာသာ နေ၍ ကိုယ်ရံတော် လုပ်ငန်းကို ကြည့်ရှုပေးနေသည်။
ကိုယ်ရံတော် လုပ်ငန်းက လူများ ထပ်ခန့်တော့မည် ဖြစ်၍ သူလည်း စစ်ဆေးပေးရန် ရောက်လာခဲ့သည်။
မတိုင်မီက ကျန်းကျန့်မှာ သူ့လက်အောက်တွင် စာသင်သားများ မရှိခဲ့သော်လည်း ယခုတွင်မူ စာသင်သားများ ခေါ်ယူနိုင်ပြီ ဖြစ်သော်ငြား ကိုယ်ရံတော်များကိုသာ အဓိက ခေါ်ယူနေဆဲ ဖြစ်သည်။
သူက ကိုယ်ရံတော် အစောင့်အကြပ်တစ်ယောက် ငှားရမ်းရာတွင် အနီးအနား၌ မိသားစုရှိသည့် ဒေသတွင်း လူများကိုသာ ရှာနေခဲ့သည်။ ဤခေတ်က ခေတ်သစ်မှာကဲ့သို့ မဟုတ်သဖြင့် မှတ်ပုံတင်ကဒ်လည်း မရှိလေရာ အပြင်လူများကို စိတ်ချလက်ချ မခန့်ရဲပေ။
ကျန်းကျန့်က အလွန် အလုပ်ရှုပ်နေသော်လည်း သူသွားသမျှ နေရာတိုင်း ကျောက်မင်ကျူးလေးကို ခေါ်သွားတတ်သည်။
သူမလေးက ပထမဆုံး ကလေး ဖြစ်ပြီး သူကလည်း အတော်အတန် အသက်အရွယ်ရလာခဲ့ပြီ ဖြစ်၍ ထိုကလေးလေးကို အလွန် ချစ်ပေသည်။
ထိုအကြောင်းကြောင့် အမြဲတမ်း အလွန် အင်အားပြည့်နေတတ်သည့် ကျောက်မင်ကျူးလေးမှာ ရုတ်တရက် ဖျားနာသွားသဖြင့် ကျန်းကျန့်က အလွန် စိုးရိမ်သောက ရောက်သွားလေတော့သည်။
ကျောက်မင်ကျုးက အလွန်လိမ်မာသော ကလေးလေး ဖြစ်ပြီး ဂရုစိုက်ရလွယ်သည်။ အတိတ်တွင် သူမက ငိုနေခဲ့လျှင်တောင် တစ်ယောက်ယောက်က ပွေ့ချီကာ ချော့မြူပေးလိုက်လျှင် အဆင်ပြေသွားလေ့ရှိသည်။ သို့သော်လည်း ဤတစ်ကြိမ်၌ ကျောက်ကျင်းကောနှင့် ကျန်းကျန့်တို့က သူမကို တစ်လှည့်စီ ပွေ့ချီပေးကြပါသော်လည်း သူမက မသက်မသာ ဖြစ်နေပုံ ပေါ်နေဆဲပါပင်။
ထိုမျှမကသေး သူမက အဖျားအနည်းငယ် ဝင်နေပုံရကြောင်း ကျန်းကျန့် တွေ့လိုက်ရသည်။
ကလေး ဖျားနေပြီ...
ခေတ်သစ်တွင် ကလေး၏ အပူချိန်ကို တိုင်းရန်အတွက် သာမိုမီတာ ရှာရလွယ်ပြီး စစ်ဆေးရန် ဆေးရုံသို့ သွားနိုင်သော်လည်း ဤနေရာ၌ ဘာမှ မရှိပေ။
မယုံကြည်ရသည့် သတင်း အချက်အလက် အမျိုးအစားများစွာ အပြည့်ရှိနေသည့် ပိုင်တုပင် မရှိပါပေ။
ကျန်းကျန့်က ချက်ချင်းဆိုသလို ပူပင်သောက ရောက်လာခဲ့သည်။
"ဘာလုပ်ကြမလဲ... မင်ကျူးက အရမ်း မသက်မသာ ဖြစ်နေသလိုပဲ"
ကျောက်ကျင်းကောသည်လည်း လုံးလုံး အတွေ့အကြုံ မရှိသူသာ ဖြစ်သည်။ ကျန်းကျန့် ပူပန်လာသောအခါ သူက ပို၍ပင် ပူပင်သွားပြီး နှစ်ယောက်လုံး ဗျာများနေကြတော့သည်။ သဘာဝကျကျပင် ကျောက်လျူလည်း စိုးရိမ်စိတ် ဝင်သွားလေတော့သည်။
ဤရက်များအတွင်း လူအိုကြီး တစ်ယောက်၏ သြဇာအာဏာများ ရလာခဲ့ပြီး အခုလေးတင် အဝတ်အစားသစ်များ ဝတ်ကာ လယ်ကွင်းများကို "စစ်ဆေး" ရာမှ ပြန်လာခဲ့သည့် ကျောက်ဖူကွေ့သည်ပင် သူ့လက်များကို ပွတ်တိုက်ကာ စိုးရိမ်မကင်း ဖြစ်လာလေတော့သည်။
"ဒါက... ဒါက... ငါရဲ့ ကလေးနှစ်ယောက် ကျင်းဟူနဲ့ ကျင်းကောတို့ ငယ်ငယ်တုန်းက ဒီလိုကိစ္စမျိုး မကြုံခဲ့ဖူးဘူး"
"သူတို့ မဖြစ်တာ မဟုတ်ဘဲ ရှင်မသိလို့ပေါ့"
ကျောက်လျူက ကျောက်ဖူကွေ့ကို တစ်ချက် ကြည့်လိုက်သည်။ သူမမွေးထားသည့် ကလေးနှစ်ယောက်သည်လည်း ငယ်စဥ်က မသက်မသာ ဖြစ်ရသည့် အတွေ့အကြုံများ ရှိခဲ့ဖူးသော်လည်း ထိုအချိန်က ပိုက်ဆံများများ မရှိသဖြင့် သူတို့မှာ တောင့်ခံရုံသာ တတ်နိုင်ကြပြီး ရက်အနည်းငယ်အကြာ ပြန်ကောင်းသွားတတ်ကြသည်။ သို့သော်လည်း သူမက ထိုအချိန်က ဘာဖြစ်ခဲ့သည်ကို မမှတ်မိတော့ပေ။
ထို့အပြင် ဤဟယ့်ရှီရွာထဲမှ ကလေး အချို့က ဖျားနာကြပြီးသည့် နောက်တွင်ပင် ရှင်သန်နိုင်ခဲ့ကြသည့်အချိန်တွင် အချို့က အသက် မရှင်ခဲ့ကြ။ ကျောက်လျူ ပို၍ တွေးမိလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်သည်။
"စီရင်စုမြို့ကို သွားရအောင်" ကျန်းကျန့်က တွေဝေမှု မရှိဘဲ ပြောလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သမားတော်နှင့် သွားပြသည်က အကောင်းဆုံး ဖြစ်သည်။
ကျန်းကျန့်က သူ့သမီးလေးကို ပွေ့ကာ စီရင်စုမြို့သို့ အလျင်စလို သွားခဲ့သည်။ စီရင်စုမြို့ကို ရောက်သောအခါ သမားတော်ဆီသို့ အလောတကြီး သွားလေသည်။
"ကလေး နေမကောင်း ဖြစ်နေတာလား... ဘယ်လို လက္ခဏာတွေ ပြလဲ... အော့အန်တာတွေ ရှိလား... ဒီလို ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ" သမားတော်က ကျန်းကျန့်လက်ထဲမှ ကလေးကို ကြည့်၍ မေးလိုက်သည်။
တရုတ်တိုင်းရင်းဆေးက အကြည့်၊ အနံ့နှင့် မေးခွန်းများပေါ်တွင် အခြေတည်ထားသည်။ ကလေးငယ်လေးများ၏ သွေးကြောကို စမ်းသပ်ရန် ခက်ခဲသဖြင့် မိဘများ၏ အဖျား ဖြတ်တောက်မှုကိုသာ အားထားနေရပေသည်။
"ဒီနေ့မှစတာပါ... အရမ်း အီနေပြီးတော့ ကိုယ်လေးကလည်း နည်းနည်း ပူနေတယ်" ကျန်းကျန့်က ကျောက်မင်ကျူး၏ အဖျားရောဂါ လက္ခဏာများကို ပြောပြလိုက်သည်။
"တစ်နေ့ပဲ ရှိသေးတာဆိုတော့ အအေးမိလို့ အီနေတာ နေမှာ... သူ့ကို အရင် ကြည့်ပေးလိုက်မယ်" သမားတော်က ပြောလိုက်သည်။ သူက ကလေးများကို အထူးကုသပေးသည့် ကလေးအထူးကု မဟုတ်ပေ။ ထိုမျှလောက် ငယ်ရွယ်သော ကလေးများက သိသာထင်ရှားသည့် လက္ခဏာများ မရှိဘဲ ဆေးများကို အရမ်းကာရော တိုက်လိုက်၍မရ။
"ဆရာ... သူ့မှာ အဖျားလည်း ရှိနေတယ်" လက်ရှိတွင် ကျန်းကျန့်က ထိုကိစ္စကို အစိုးရိမ်ဆုံး ဖြစ်သည်။
သမားတော်က ကျောက်မင်ကျူး၏ နှဖူးလေးကို သပ်ကာ ပြောလိုက်သည်။ "အဆင်မပြေတာ မရှိပါဘူး... အရမ်းကြီးမပူပါဘူး... သူ စားနိုင်ရင် အဆင်ပြေတယ်"
"စားနိုင်ပေမယ့် နည်းနည်းပဲ စားတယ်" ကျန်းကျန့်က ပြောလိုက်သည်။
"မင်းရဲ့ကလေးက နေမကောင်း ဖြစ်နေတယ်... ငါတစ်ချက် ကြည့်ကြည့်မယ်" ထိုအခိုက်မှာပင် အတော်လေး အိုမင်းနေသည့် အမျိုးသမီးကြီး တစ်ယောက်က ရုတ်တရက်ပင် အခန်းထဲသို့ ဝင်လာခဲ့သည်။
ကျန်းကျန့်က တုံ့ဆိုင်းမှု အလျင်းမရှိ ခေါင်းငြိမ့်ပြလိုက်ပြီး ထိုသူကို တစ်ချက် ကြည့်ပေးခွင့် ပြုလိုက်သည်။
ထိုအမျိုးသမီးက တစ်ခဏမျှ ကြည့်ပြီးနောက် ကျန်းကျန့်အား ကျောက်မင်ကျုး၏ ပါးစပ်လေးကို ဟခိုင်းလိုက်လေသည်။
ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအဘွားကြီး မြင်နိုင်ရန် ကျောက်မင်ကျူး၏ ပါးစပ်လေးကို ဟပေးလိုက်လေသည်။ ထို့နောက် ထိုအမျိုးသမီးကြီး ပြောသည့်စကားကို ကြားလိုက်ရသည်။
"ဘာမှ မဟုတ်ပါဘူး... သွားပေါက်နေတာ... သူ သွားနဲ့ ကြိတ်နိုင်ဖို့ အစာမာမာလေး လုပ်ပေးလိုက်"
သွားပေါက်နေတာလား... ကျန်းကျန့်က သေချာကြည့်လိုက်သည့်အခါ ကျောက်မင်ကျုး၏ သွားဖုံးလေးက အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ၎င်းကို တွေ့လိုက်ရမှသာ စိတ်အေးလက်အေး ဖြစ်သွားလေတော့သည်။
ကျောက်ကျင်းကောနှင့် အခြားသူများကလည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြလေသည်။
ကလေးက သွားပေါက်ရုံသာ ဖြစ်၍ စိတ်ပူစရာ မလိုတော့ပေ။ ကျန်းကျန့်က ကျောက်မိသားစုကို ကျောက်မင်ကျူးစားရန်အတွက် ဂျုံမှုန့်ကောင်းကောင်းနှင့် သကြားများ ဝယ်ရန် အစေ့အဆန်ဆိုင်သို့ ခေါ်သွားပေးပြီးနောက် ပြန်လာခဲ့ကြသည်။
ထိုအချိန်လေးအတွင်းမှာပင် ကျန့်မိသားစုနှင့်လည်း တွေ့ခဲ့သေးသည်။
ဟယ်ချောင်စီရင်စု၌ နေရာတိုင်းတွင် ကျန့်မိသားစု ရှိသည်ဟု ဆိုရပေမည်။ ကျန်းကျန့်က မြို့ကို အပြေးရောက်လာပြီး သမားတော်နှင့် သွားတွေ့ခဲ့သည်။ သဘာဝကျကျပင် လူတစ်ယောက်က ထိုအကြောင်းကို ကျန့်ရီထံ တင်ပြခဲ့သဖြင့် ကျန့်ရီက မေးမြန်းရန်အတွက် လူလွှတ်ခဲ့သည်။
ကျန့်ရီက ကလေးက သွားပေါက်ရုံသာ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ မနေနိူင်ဘဲ ရယ်မောမိသွားလေသည်။ သူက ၎င်းကို ချက်ချင်းပင် ဘေးပို့ထားလိုက်ပြီးနောက် သူ့လူများကို မေးလိုက်သည်။ "ကျိုးမောင်ဟယ်ကို မျက်ခြေပြတ်သွားတယ်လို့ ပြောချင်တာလား"
အရာရှိကျိုးက ယန့်ကျီမြစ်၏ တောင်ဘက်ပိုင်းကို လာနေပြီ ဖြစ်ကြောင်း ဒုတိယသခင်ကြီးကျန့်ထံမှ အကြောင်းကြားစာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းအပြင် ဒုတိယသခင်ကြီးကျန့်က ကျန့်ရီအား အရာရှိကျိုးကို မျက်စိဒေါက်ထောက် ကြည့်ထားရန် ပြောခဲ့သေးသည်။
အရာရှိကျိုးက အင်ပါယာ တရားရုံး အပြင်ဘက်မှ အမှုကိစ္စများကို ရှင်းလင်းခြင်း မရှိပေ။ ဒုတိယသခင်ကြီးကျန့်က ထိုသူ သဘောမတွေ့သည့် တစ်ဦးတည်းသော အရာရှိ မဟုတ်လေရာ ကျန့်ရီက အစ ပထမတွင် များစွာ စိတ်ပူခြင်း ရှိမနေ။ သိုသော်လည်း ထိုအရာရှိကျိုးက အလွန် မနာလိုတတ်ပြီး အပြစ်ရှာတတ်ကြောင်း ကြားသိခဲ့ရသည့်အတွက် ဖုချောင်တွင် ချင်ဖုန့် အဆောက်အအုံ ဆောက်လုပ်ရေးကို ယာယီ အနားပေးထားလိုက်ရသည်။
သူက အရာရှိကျိုးမှာ ဖုချောင်တွင် ချင်ဖုန့် အဆောက်အအုံကို ဆောက်လုပ်နေသည့် အချက်ကို အသုံးပြုပြီး ဒုတိယ ဦးလေးကို တိုက်ခိုက်လာမည်အား မလိုချင်ခဲ့။ သူတို့ကို ငွေအလွဲသုံးစား လုပ်သည် သို့မဟုတ် လာဘ်ထိုးထားသည် ဟူ၍လည်း မခံစားရစေချင်။
ကောင်းကင်ဘုံနှင့် မြေကြီးတို့၏ အသိစိတ်ကြောင့် သူတို့၏ ကျန့်မိသားစုက ဒုတိယဦးလေးထံမှ အကျိုးအမြတ် များစွာ ရခဲ့သော်လည်း ဒုတိယဦးလေးက အရာရှိတစ်ယောက် အနေဖြင့် ရိုးသားကာ သန့်ရှင်းသည်။ အဆုံးတွင် သူ့မိသားစုက ငွေရှိပြီး အလိုကြီးရန်အတွက်ကား နိုင်ငံရေးအရ အခွင့်အလမ်းကောင်းများကို ယူဆောင်လာပေးနိုင်မည် မဟုတ်ပေ။
ကျန့်ရီက ထိုအရာရှိကျိုး တော်ဝင်စစ်ဆေးမှူအတွင်း ပြဿနာလာရှာမည်ကို စိုးရိမ်သဖြင့် အလုံးစုံ အာရုံစိုက်ထားရသည်။ သို့သော်လည်း ရလဒ်အနေဖြင့် တစ်ယောက်ယောက်က ထိုအရာရှိကျိုး ရုတ်တရက် ပျောက်သွားကြောင်း ပြောလာသည်ကို ကြားသိလိုက်ရသည်။
ဒီ... သူက တိတ်တဆိတ် လှည့်ပတ်သွားမလို့လား...
ကျန့်ရီက ၎င်းကို တစ်ခဏမျှ တွေးလိုက်သော်လည်း မည်သည့် ရလဒ်မှ ထွက်မလာသဖြင့် အင်ပါယာဝန်ကြီးဌာနမှ သတင်းများကိုသာ ပိုပြီး အာရုံစိုက်ထားသည်။
သူက မည်သည့် အမှားမျှ လုပ်မထားသဖြင့် စုံစမ်းစစ်ဆေးခံရမည်ကို မကြောက်ပေ။
ကျန်းကျန့်က ကျောက်မင်ကျုးလေးကို ဟယ့်ရှီရွာသို့ ပြန်ခေါ်လာပြီးနောက် ကျောက်မင်ကျုးလေး ကိုက်နိုင်ရန် တစ်ခုခု ရှာပေးလိုက်သည်။
ယခုလက်ရှိတွင် ရာသီဥတု အေးနေသဖြင့် ကျောက်မင်ကျုးက အဝတ်များစွာ ဝတ်ထားရသဖြင့် သူမ၏ ပါးစပ်ထဲ ပစ္စည်းများ ထည့်ပေးရမည်ကို သူပျော်မနေခဲ့ပေ။ သူမကိုယ် သူမ နာကျင်အောင် လုပ်မိမည်ကို စိုးရိမ်နေခဲ့သည်။
ထိုအကြောင်းကို တွေးမိသွားသောအခါ ကျန်းကျန့်က သူ့လက်ကို ပြောင်စင်အောင် ဆေးကြောလိုက်ပြီး ကျောက်မင်ကျုး ကိုက်ရန် ထည့်ပေးလိုက်သည်။
ကိုက်ရန်အတွက် ကျန်းကျန့်က လက်ထည့်ပေးလိုက်သဖြင့် ကျောက်မင်ကျုးက အမှန်ပင် တအီအီ ဖြစ်မနေတော့။
သူမက သွားမပေါက်သေးသော်လည်း အားအနည်းငယ် ပါနေသည်။ ကျန်းကျန့်၏ လက်က အသားမာများ ပြည့်နေသဖြင့် သူမက သူ့ကို ကိုက်လျှင်တောင် မနာကျင်စေပေ။ အများဆုံး သူ့လက်ကို ယားကျိကျိ ဖြစ်စေရုံသာ။
ကျန်းရှောင်မိန်က ကျန်းကျန့်ကို လာရှာသောအခါ အတော်လေး ပြောင်းလဲသွားခဲ့သည့် သူမ၏အစ်ကိုကြီးက သူ့လက်ကို ကျောက်မင်ကျုးလေး ကိုက်ကာ ကစားနိုင်ရန် ထည့်ပေးထားကြောင်း တွေ့လိုက်ရသည်။
ကျောက်မင်ကျုးလေးကို ကြည့်ကာ သူမ၏ ငယ်ဘဝကို ရုတ်တရက် အမှတ်ရသွားလေသည်။ ထိုအချိန်က သူမ၏ အစ်ကိုကြီးမှာ သူမကို ဂရုစိုက်ပေးခဲ့ပြီး သူမအပေါ် ကောင်းပေးခဲ့သည်။ သူက အမြဲတမ်း တိတ်ဆိတ်နေတတ်သော သူ့အနောက်သို့ လိုက်ရမည်ကို သူမ မပျော်မရွှင် ဖြစ်သွားမည် စိုးသဖြင့် သူမကိုပင် ကြီးပြင်းမလာစေချင်ခဲ့ပေ။
"ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ" ကျန်းကျန့်က မေးလိုက်သည်။
ကျန်းရှောင်မိန်က ခေါင်းကိုငုံ့ထားပြီး အနည်းငယ် ရှက်ရွံ့နေသော်လည်း တဖြည်းဖြည်း ခေါင်းမော့လာကာ ပြောလိုက်သည်။
"ကျွန်မ ကျန်းပိုင်ကို လက်ထပ်ချင်တယ်"
"ကျန်းပိုင်လား" ကျန်းကျန့်က ကြက်သေသေသွားပြီးနောက် တစ်ခဏမျှ စဥ်းစားလိုက်သောအခါ သူ ဝယ်လာခဲ့သည့် အုတ်ဖုတ်သမား သားအဖမှ သားဖြစ်ကြောင်း သိလိုက်ရသည်။
သူက ထိုသားအဖကို ငွေဖြင့် ဝယ်လာခဲ့သော်လည်း သူတို့ကို အုတ်များများ ဖုတ်ရန်အတွက် တွန်းအားပေးရန် ဆုချီးမြင့်ခဲ့သည်။
ထိုအဖေနှင့်သားက သူတို့၏ ဆုကြေးများကို စုထားပြီး များမကြာမီပင် သူ့ထံသို့ ရောက်လာကြကာ သူတို့ကိုယ်သူတို့ ပြန်ရွေးလိုကြချင်နေကြသော်လည်း သူ့အတွက် အလုပ်ဆက်လုပ်ပေးရန် ဆန္ဒရှိကြောင်း ပြောခဲ့သဖြင့် သူ သဘောတူပေးခဲ့သည်။
သို့သော်လည်း ကျန်းရှောင်မိန် ကျန်းပိုင်ကို သဘောကျသွားမည်ဟု ထင်မထားခဲ့ပေ။
ကျန်းရှောင်မိန် ကျန်းမင်ကို အရင်က သဘောကျပုံရခဲ့ကြောင်းကိုလည်း မှတ်မိသွားခဲ့သည်။ သို့သော်လည်း သူ့ထံတွင် လုပ်စရာ များစွာ ရှိသဖြင့် ထိုအရေးကို ဂရုမစိုက်နိုင်သေး။
"ဟုတ်တယ်... သူပါ" ကျန်းရှောင်မိန်က ခေါင်းငုံ့ထားသည်။
သူမက ကျန်းမင်ကို သဘောကျခဲ့ဖူးသော်လည်း သူ့ကို သဘောကျရသည်မှာ သူ၏ နောက်ခံကောင်းမှုကြောင့်သာ ဖြစ်သည်။ သူမက ကျန်းမင်နှင့် အဆက်အဆံ မရှိသဖြင့် သူ့ကို လက်ထပ်ချင်သည်လားလည်း မသေချာပြန်။
သို့သော်လည်း ဤရက်များအတွင်း အုတ်ဖိုတွင် နေ့တိုင်း အလုပ်လုပ်ရသောအခါ ကျန်းပိုင်နှင့် မျက်လုံးချင်းဆုံခဲ့ရသည်။
ထိုကျန်းပိုင်က အုတ်ဖုတ်သည့် အတတ်ပညာ ရှိသဖြင့် အနာဂါတ်တွင် ငွေပြတ်လပ်မည် မဟုတ်ပေ။ သူ့အလုပ်ကလည်း တစ်ကြိမ်လျှင် လပေါင်းများစွာ ခရီးထွက်နေရသည့် ကျန်းမင်ထက်လည်း ပိုကောင်းသည်။ သူမကသာ ကျန်းပိုင်ကို လက်ထပ်လိုက်ပါက သူတို့ အမြဲတမ်း အတူရှိနိုင်ပေမည်။
"မင်းသူ့ကို လက်ထပ်ချင်ရင် လက်ထပ်လို့ ရတယ်... ဒါပေမယ့်... ငါ့အမေရဲ့ မွေးနေ့ပွဲ ပြီးတဲ့ အထိ စောင့်ဦး" ကျန်းကျန့်က ပြောလိုက်သည်။ သူသည်လည်း အုတ်ဖိုတွင် တစ်နေ့လုံး အလုပ်လုပ်နေသည့် ထိုလူငယ်လေးအပေါ် အမြင်ကောင်း ရှိသည်။ မည်သည့်အရာမှ မရှိပါက သူက အတော်လေး ရိုးသားပြီး အလုပ်လုပ်ချင်စိတ်လည်း ရှိပေသည်။
သူက ဟယ့်ရှီရွာတွင် အုတ်ဖို တစ်ခုသာ ဆောက်ခဲ့သော်လည်း မကြာမီပင် မလုံလောက်တော့သဖြင့် ဘေးရွာသို့သွားကာ နောက်ထပ် အုတ်ဖိုတစ်လုံး ဆောက်လိုက်ပြီး ကျန်းပိုင်၏ အဖေကို ကြီးကြပ်ခိုင်းထားခဲ့သည်။
အုတ်ဖိုနှစ်ခုက အရွယ်အစား အတူတူသာ ဖြစ်သော်လည်း ရလဒ်အနေဖြင့် ကျန်းပိုင်က အုတ်များ ပိုဖုတ်ရသည်။ သူက စားချိန်နှင့် အိပ်ချိန်မှ လွဲ၍ အချိန်အားလုံးကို အုတ်ဖိုတွင်သာ အသုံးပြုခဲ့သည်ဟု ဆိုရပေမည်။
ကျန်းကျန့်က ထိုသူနှင့် ပတ်သက်၍ ပြဿနာ မရှိဘဲ ကျန်းရှောင်မိန် သူ့ကို လက်ထပ်လိုကလည်း လက်ထပ်နိုင်သည်။ သူ အာရုံမထားပေ။ ဤအချိန်တွင် သူက ကျောက်လျူ၏ မွေးနေ့ပွဲ အရင် ပြီးသွားရန်ကိုသာ အာရုံစိုက်ထားသည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ လက်ထပ်စဥ်က မင်္ဂလာ ဧည့်ခံပွဲကို စည်ကားသိုက်မြိုက်အောင် မလုပ်နိုင်ခဲ့။ အဆုံးတွင် သူတို့က မိတ်ဆွေနှင့် ဆွေမျိုး အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုတွင်မူ ကွဲပြားသွားခဲ့လေပြီ။
ထိုအချိန်တွင် ကျန်းကျန့်က မရေတွက်နိုင်သော လူပေါင်းများစွာ ရှိနေပြီ ဖြစ်၍ ကျောက်လျူ၏ မွေးနေ့ပွဲကျင်းပရန် လူတစ်အုပ်ကြီး ဖိတ်နိုင်လေပြီ။