Chapter 163
- ကျန်းမိသားစုနှင့် တော်ဝင် သံတမန်
သူက စိတ်လွတ်နေပြီး ကျန့်မိသားစု၏ အစေခံမလေးအချို့ကိုပင် တိုက်မိသွားခဲ့သေးသည်။ ဖုန်ကျင်းယွမ်က ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာထက်တွင် မည်သည့်အရိပ်အယောင်မှ မပြသော်လည်း သူ့မျက်လုံးများထဲတွင် ထောင်လွှားမှု အချို့ ဖြတ်ပြေးသွားခဲ့လေသည်။
ရှန်းအန်ရှင်းက တစ်ချိန်လုံး ကျန်းကျန့် ၏ နှလုံးသားမဲ့မှုကိုသာ တွေးနေပြီး ကျန့်ရီကို စိတ်ပျက်လက်ပျက် ဖြစ်သွားစေခဲ့သည်။
ထို့နောက်တွင်...
"ဒီနေ့ သခင်လေးရှန်းရဲ့ အခြေအနေအကြောင်းကို လူတွေ ပိုသိအောင် ပြောထားလိုက်... ဒီလိုသာ ဆက်ဖြစ်နေရင် မကြာခင် အောက်ခြေလွတ်ပြီး ရေထဲကို ပြုတ်ကျသွားလိမ့်မယ်"
ဖုန်ကျင်းယွမ်က သူ့ဘေးမှလူကို ပြောလိုက်သည်။
အစပိုင်းတွင် ဖုန်ကျင်းယွမ်က ရှန်းအန်ရှင်းကို မျက်လုံးထဲ ထည့်မထားခဲ့။ မတိုင်မီက ကျန့်ရီ သံသယ မဝင်စေရန်အတွက် ရှန်းအန်ရှင်းကို သည်းခံထားရန်သာ ဆန္ဒရှိခဲ့သည်။
သို့သော်ငြား သူကလည်း ရှန်းအန်ရှင်းကို ဘဝကောင်းကောင်းကောင်းတွင် နေထိုင်ရန် ခွင့်မပြုထားနိုင်ပေ။
အဝေးတစ်နေရာမှ ရှန်းအန်ရှင်းကို ကြည့်ကာ ဖုန်ကျင်းယွမ်က အထင်အမြင်သေးဟန်ဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။
မကြာသေးခင် မြို့တော်မှာ ရှိခဲ့စဥ်က ရှန်းအန်ရှင်းမှာ အတင်းအဖျင်းတစ်စလေးကိုပင် တောင့်မခံနိုင်သဖြင့် ထိုအချိန်က အသက်ရှင်ချင်စိတ်ပင် မရှိခဲ့ပေ။
ဖုန်ကျင်းယွမ်က မူလတွင် ရှန်းအန်ရှင်းအကြောင်း ကောင်းကောင်းသိနေသဖြင့် ရှန်းအန်ရှင်း သူ့ကိုယ်သူ သတ်သေသွားမည်ဟု တွေးခဲ့သော်လည်း သူအတွေးမှားသွားခဲ့မည်ဟု ထင်မထားခဲ့ပေ။
ရှန်းအန်ရှင်းက အမှန်ပင် နောက်ကလိုက်ကာ ပိုးပန်းခံရသည့်ကိစ္စကို အလွန့်အလွန် အလေးထားသည်။
သူက ယောကျ်ားတစ်ယောက်အဖြစ် ပျိုးထောင်ခံခဲ့ရသော်လည်း သူ့အမေ၏ စကားလုံးများနှင့် သင်ကြားပေးမှုများက သူ့ကိုယ်သူ ကောတစ်ယောက်ဟုသာ အမြဲတမ်း တွေးစေခဲ့သည်။ ချိုးဖျက်ခံလိုက်ရပြီးနောက်တွင် သူ့အပေါ် ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ရသည်။
ပထမတွင် ကောင်းကင်ကြီး ပြိုကျလာသည်ကို တွေ့ရှိလိုက်ရသောအခါ ကျန်းကျန့်အား သူ့ကို နှစ်သိမ့်ပေးစေချင်ခဲ့သော်လည်း ကျန်းကျန့် သူ့ကို လျစ်လျူရှုထားပြီးနောက် သူ့အတွေးများက အလုံးစုံ ပြောင်းလဲသွားခဲ့လေသည်။
သူက ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့သဖြင့် လူတိုင်းကို ဆိုးဝါးသော ဘဝများ ရှိရန် လိုလားနေခဲ့သည်။
ဖုန်ကျင်းယွမ်က ဤတစ်ကြိမ်တွင် ယန့်ကျီမြစ်၏ တောင်ဘက်ပိုင်းသို့ သူနှင့်အတူ လူများ ခေါ်လာခဲ့ပြီး ရှန်းအန်ရှင်းလည်း ထို့အတူပင်။ သူက ကျန့်ရီနှင့် အလုပ်လုပ်နေသဖြင့် သူ့အဖေ၏ မိတ်ဆွေဟောင်းများနှင့် ရင်းနှီးသော ဆက်ဆံရေးကို ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။
ရလဒ်အနေဖြင့် ကိစ္စတစ်ခုကို သိခဲ့ရလေသည်။
မြို့တော်မှ ကျော်ကြားလှသော အရာရှိကျိုးက ယန့်ကျီမြစ်၏ တောင်ဘက်ပိုင်းသို့ လာနေသည်။
ငယ်စဥ်ကတည်းက မြို့တော်တွင် နေခဲ့ရသည့် ရှန်းအန်ရှင်းက အရာရှိကျိုးအကြောင်းကို ကောင်းကောင်းသိနေသည်။ သူသည်လည်း အရာရှိကျိုးက အပြစ်ရှာတတ်ဆုံးဖြစ်ကာ ဧကရီမယ်တော်ကြီး၏ အမှုထမ်းများကို မုန်းတီးပြီး ကျန့်မိသားစုနှင့် အချိန်အတော်ကြာကတည်းက ပြဿနာရှိခဲ့ကြောင်း သိခဲ့သည်။
ကျန့်ရီ၏ ဒုတိယဦးလေး ဖြစ်သည့် အရာရှိကျန့်က လောင်းကစားအတွက် ကတ်များ ချပြလိုက်သည့်အခါ သူ့ကို အလွန်အမင်း ဒေါသထွက်သွားစေပြီး ထို့ကြောင့်ပင် အရာရှိကျိုးက ကျန့်များကို အညှာအတာမရှိ ဆွဲချချင်နေခဲ့သည်။
သေချာပေါက်ပင် ဧကရီမယ်တော်ကြီးက သူ့ကို အလွန် မုန်းတီးနေခဲ့သဖြင့် သူက အရာရှိကျန့်၏ တင်ပြမှုတွင် မပါဝင်ခဲ့ရုံသာမက ဧကရီမယ်တော်ကြီးကို အရှင်ကျန့်အား ကရုဏာသက်သွားစေပြီး တိတ်တိတ်လေးပင် ထောက်ပံ့လိုက်သေးသည်။
"အရှင်ကျိုး..." ရှန်းအန်ရှင်းက ရေရွတ်လိုက်ပြီးနောက် သူ့ဘေးမှ လူများကို ကြည့်ကာ အရှင်ကျိုးရောက်လာမည့် အချိန်အား စုံစမ်းပေးကြရန် ပြောလ်ုက်သည်။
"သခင်လေး... သူ့အကြောင်းကို ဘာလို့ စုံစမ်းချင်နေရတာလဲ" ရှန်းအန်ရှင်း၏ အစေခံငယ်လေးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဘာလို့ မေးခွန်းတွေ ဒီလောက်အများကြီး မေးနေရတာလဲ... မေးသာ မေးလိုက်စမ်းပါ" ရှန်းအန်ရှင်းက ပြောလိုက်သည်။
ရှန်းအန်ရှင်း၏ မျက်နှာပေါ်၌ အမူအယာမရှိလေဘဲ ထိုကဲ့သို့ ပြုမူနေပုံကို တွေ့သောအခါ အစေခံငယ်လေးက မေးခွန်းများ ဆက်မမေးရဲတော့ပေ။
ရှန်းအန်ရှင်းက ကောင်လေးကို နှင်လွှတ်လိုက်ပြီးနောက် လှဲချကာ နောက်တစ်နေ့မနက် အပြင်ဘက်တွင် နေရောင်တောက်ပလာသည်အထိ အိပ်ခဲ့သည်။ ထိုအချိန်မှာပင် အစေခံကောင်လေးက သတင်းရှာတွေ့ပြီးသား ဖြစ်နေသည်။
"အဲ့ဒီအရှင်ကျိုးက ယန့်ကျီမြစ်ရဲ့ တောင်ဘက်ပိုင်းကို လာနေပါပြီ... သူက အခု ဝမ်ဟယ်စီရင်စုမှာပါ... ဒီနေရာရောက်ဖို့ နှစ်ရက်လောက်ပဲ လိုပါတော့တယ်"
"တကယ်ပဲလား" ရှန်းအန်ရှင်းက မေးလိုက်သည်။
"သခင်လေး... ဒါကို ကျန့်မိသားစုရဲ့ အစေခံတစ်ယောက်ဆီက ကြားခဲ့တာပါ... သခင်လေးကျန့်က သူ့ကို အသေအချာ အာရုံစိုက်နေပြီးတော့ လူတွေကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားတယ်လို့ ကြားခဲ့တယ်" ကောင်လေးက ပြောလိုက်သည်
"သြော်..." ရှန်းအန်ရှင်းက ခေါင်းငြိမ့်ပြလိုက်ပြီး စုတ်တံနှင့် စာရွက်ကို ဆွဲယူကာ စာတစ်စောင် ချရေးလိုက်ပြီး အခြားအစေခံ တစ်ယောက်ကို လွှဲပေးလိုက်သည်။
"ဒီစာကို အရာရှိကျိုးဆီ သွားပေးလိုက်... အပြင်ထွက်လို့ ကျန့်မိသားစုက မေးရင် အရာရှိကျိုးဆီ သွားတယ်လို့ မပြောနဲ့... မြို့တော်ကို စာသွားပို့ချင်တယ်လို့ ပြော... လမ်းမှာလည်း ဂရုစိုက်ဦး... မင်းနောက်ကို ဘယ်သူမှ လိုက်မလာစေနဲ့"
"ဟုတ်ကဲ့ပါ... သခင်လေး" ထိုလူက ဖြေလိုက်ပြီးနောက် စာကိုယူ၍ ထွက်သွားတော့သည်။
ရှန်းအန်ရှင်းနှင့် ဖုန်ကျင်းယွမ်တို့ကြားတွင် ကျန့်ရီက ပထမလူကို ပို၍ စိတ်အေးလက်အေး ရှိသည်။ ရှန်းအန်ရှင်းက နည်းလမ်းများ အတွေ့အကြုံများ လစ်လပ်နေပါသော်လည်း အနည်းဆုံးတော့ လူဆိုးမဟုတ်သည့်အတွက် အပြန်အလှန်အနေဖြင့် ဖုန်ကျင်းယွမ်ကို ပို၍ စိတ်မချ ဖြစ်ရသည်။
ဖုန်ကျင်းယွမ်ကသာ သူ့လူများကို လွှတ်လိုက်ပါက ကျန့်ရီမှာ သူတို့ကို မျက်စိဒေါက်ထောက် ကြည့်ရန်အတွက် သေချာပေါက် လူများ လွှတ်လိုက်မည် ဖြစ်သော်လည်း ရှန်းအန်ရှင်း လူတစ်ယောက် လွှတ်လိုက်သောအခါ သူဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ရှန်းအန်ရှင်းအကြောင်းကို အနည်းနှင့်အများ တွေးမိသောအခါ အနည်းငယ် ပြဿနာ ရှိနေခဲ့သည်။
သူက ရှန်းအန်ရှင်း တိုးတက်လာမည်ကို မျှော်လင့်ခဲ့သဖြင့် ရှန်းအန်ရှင်းနှင့်အတူ ပူးပေါင်းခဲ့သော်လည်း ရလဒ်အနေဖြင့် ရှန်းအန်ရှင်း ယန့်ကျီမြစ် တောင်ပိုင်းသို့ ရောက်လာပြီးနောက် မည်သည့် စီးပွားရေးမှ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေသည်ကို မတွေ့ရပေ။ ကျန့်ရီက ရှန်းအန်ရှင်းအကြောင်း ရုတ်တရက် တွေးမိသွားသော်လည်း ဆက်မတွေးတော့ပေ။ ထိုအစား ကျန်းကျန့် ယောက္ခမ၏ မွေးနေ့ နီးလာပြီ ဖြစ်ကြောင်း တွေးမိသွားသည်။
ကျန်းကျန့်က ကျောက်ကျင်းကောကို များစွာ အလေးထားပြီး ကျောက်လျူနှင့် ကျောက်ဖူကွေ့တို့ကိုလည်း ထို့နည်းအတူပါပင်။ ဤတစ်ကြိမ်က ကျောက်လျူ၏ မွေးနေ့ ဖြစ်သည့်အတွက် သူ သေချာပေါက် သွားကာ လက်ဆောင်ကောင်းလေးများ ပို့ပေးရမည်ပင်။ ကျန့်ရီက သူ့အကြီးအကဲများကို လက်ဆောင်များ ပေးလေ့ ရှိပြီး အားလုံးက လက်ရေးလှများ၊ ပန်းချီ စုတ်ချက်များ၊ ကျောက်စိမ်းများ အစရှိသဖြင့် ဖြစ်ကြသော်လည်း နောက်တွင် ကျောက်လျူက ထိုပစ္စည်းများကို သဘောကျမည် မဟုတ်ဟု တွေးမိပေသည်။
"တစ်ယောက်ယောက် ခေါ်ပြီး ကွမ်ရင်မယ်တော် ရုပ်တုကို ရွှေအတိနဲ့ လုပ်ခိုင်းလိုက်" ကျန့်ရီက သူ့လူများကို ပြောလိုက်သည်။
ဖုချောင်မှ ချင်ဖုန့် အဆောက်အအုံက အချိန်တစ်ခဏအထိ ဖွင့်ဦးမည် မဟုတ်သဖြင့် ကျန်းကျန့်က ကျောက်လျူ၏ မွေးနေ့ပွဲကို ဂရုတစိုက် ပြင်ဆင်ပေးနေသဖြင့် ဟယ့်ရှီရွာကို ယခင်ကထက်ပို၍ သက်ဝင်လှုပ်ရှားလာစေသည်။
ကျန်းကျန့်၏ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းက ဟယ့်ရှီရွာကို ပြောင်းလဲမှုများစွာ ယူဆောင်လာပေးခဲ့သည်။
ဟယ့်ရှီရွာသားများစွာက သင်္ဘောဆိပ်တွင် အလုပ်ရကြသည့်အတွက် ရွာသားများ၏ ဘဝက ပိုမိုကောင်းမွန်လာပြီး ထိုအကြောင်းကြောင့်ပင် သူတို့က ကျန်းကျန့်ကို ပိုပို၍ ကျေးဇူးတင်လာကြပေသည်။
သူတို့က ကျန်းကျန့်အပေါ် ပို၍ ကျေးဇူးတင်လာကြသည့်အတွက် ကျန်းမိသားစုအပေါ် ဖော်ရွေမှု လျော့နည်းလာလေတော့သည်။
"အဘွားကြီးကျန်း... အခု ကျောက်လျုရဲ့ ဘဝကတော့ အရမ်းကို ကောင်းနေပြီပဲ... ရှင် ကျန်းကျန့်ကို မောင်းထုတ်လိုက်တာ သနားစရာပဲနော်"
"ဟုတ်ပါ့... ရှင်ကတော့ အနာဂါတ်က ရွှေရောင်တောက်နေတဲ့ မသေမျိုးတွေဆီကနေ အလင်းပြခံရသူကို မောင်းထုတ်လိုက်မိတာကိုး"
"ဟုတ်ပါတယ်လေ... ရှင်တို့ရဲ့ မိသားစုက အခု... ကျန်းကျန့်သာ ရှင်တို့နဲ့ အတူ ရှိနေရင် ရှင်တို့ရဲ့ ဘဝက ဒီလောက်ထိ ခက်ခဲနေပါ့မလား"
……
ဟယ့်ရှီရွာသားများက အဘွားကြီးကျန်းကို ပြောဆိုနေကြလေသည်။
အဘွားကြီးကျန်းက ထိုစကားများကို ကြားသောအခါ အလွန် ဒေါသထွက်တတ်သူ ဖြစ်ခဲ့ပါသော်လည်း ဤအခိုက်တွင် သူမ၏ ခေါင်းကို ငုံ့ကာ အိမ်ကို မြန်မြန် ပြန်သွားခဲ့လေသည်။
အိမ်ပြန်ရောက်သောအခါ အဘွားကြီးကျန်းက ကျန်းချောင်ရှန့်ကို ချက်ချင်း ကြည့်လိုက်သည်။
"ချောင်ရှန့်... သားပြောတာ အမှန်ပဲလား... အမေတို့ကို တော်ဝန်သံတမန်နဲ့ တွေ့ပြီး တိုင်ကြားမှာကို ကူညီပေးမဲ့ မျိုးရိုးမြင့်သခင်လေး တစ်ယောက် ရှိတယ်ဆိုတာ အမှန်ပဲလား"
"ဟုတ်တယ်... အမေ" ကျန်းချောင်ရှန့်က ပြောလိုက်သည်။ "အဲ့ဒီ မျိုးရိုးမြင့် သခင်လေးက ကြင်နာတတ်ပြီးတော့ ကျွန်တော်တို့ကို ကူညီပေးဖို့ ဆန္ဒရှိနေတယ်"
"ဒါပေမယ့်... တရားဝင်တိုင်ကြားဖို့က..." အဘွားကြီးကျန်းက ရမန်တွင် တိုင်ကြားရန် သွားခဲ့စဥ်က တံခါးဝမှာပင် ငြင်းဆန်ခံလ်ုက်ရသည်ကို တွေးမိသွားသောအခါ အနည်းငယ် ကြောက်လန့်နေလေသည်။
အရာရှိအားလုံးက အချင်းချင်း ကာကွယ်ပေးတယ်လို့ ပြောကြတာဆိုတော့ တော်ဝန် သံတမန်ကလည်း ကျန်းကျန့် ဘက်တော်သား ဖြစ်နိုင်လောက်လား...
ကျန်းကျန့်က ငွေအမြောက်အများ ရှိတယ်ဆိုတော့ တော်ဝင်သံတမန် တစ်ယောက်ကို လာဘ်ထိုးဖို့ မခက်ခဲလောက်ဘူးမလား...
"အမေ... အဲ့ဒီ တော်ဝန်သံတမန်က လူဆိုးတွေကို မုန်းတီးပြီးတော့ လက်စားချေရတာလည်း ကြိုက်တယ်ဆိုပဲ... သခင်လေးက ကျွန်တော်တို့ကို ကူညီပေးမယ်လို့ ပြောတယ်" ကျန်းချောင်ရှန့်က ဆိုသည်။ ထိုလူက ထိုကဲ့သို့သော တောင်းဆိုမှုကို ပြုခဲ့သည့်အချိန်တွင် ကျန်းကျန့်သိသွားပြီး သူ့ဘဝ ဆုံးရှုံးသွားရမည်ကို ကြောက်သဖြင့် မသွားရဲခဲ့ပေ။
သို့သော်လည်း ဂုဏ်မြင့်လှသည့် သခင်လေးက ထပ်ကာ ထပ်ကာ တိုက်တွန်းနေပြီး ထိုတော်ဝန်သံသမန်က ကျန့်မိသားစုကို အလွန် မုန်းတီးနေသည်ဟု ပြောခဲ့သဖြင့် သူက လက်ခံလိုက်သည်။
ကျန်းကျန့်က သူ့မိဘတွေကို ဒီလောက် ကျေးဇူးကန်းနေတာ... ဒါကြောင့်မို့ သူတို့က သူ့ကို သားသမီးဝတ်မကျေပွန်မှုနဲ့ တရားစွဲလို့ ရတာပဲလေ...
တစ်ခါက ကျန်းမိသားစုမှာ ကျန်းကျန့်ကို တရားစွဲရန် အကြံရဖူးသော်လည်း မအောင်မြင်ခဲ့။ သို့သော်လည်း ယခုတွင် ထိုအကြံ ထပ်ပြီး ရလာခဲ့ကြပြန်သည်။
သူတို့က ကျန်းကျန့်ကို တရားစွဲနိုင်ပြီး သူ့ငွေများ ရလာနိုင်သရွေ့ အနာဂါတ်တွင် သူတို့မိသားစုက အစားကောင်းအသောက်ကောင်းများ စားသောက်နိုင်ပေလိမ့်မည်။
လက်ရှိတွင် ဟယ်ရှီရွာသားအများစုက ကျန်းကျန့်ဘက်တွင် ရှိနေကြပြီး ကျန်းမိသားစု၏ ဆွေမျိုးအချို့ကပင် သူတို့ကို အရေးမလုပ်ကြတော့ပေ။ ဤရွာထဲတွင် နေရာတိုင်း၌ ကျန်းကျန့်၏ မျက်လုံးများ ရှိနေသည်ဟု ပြော၍ ရပေသည်။
ထိုလူများထံမှ အတွေ့ခံရမည်ကို စိုးရိမ်နေသည့် ကျန်းမိသားစုက သူတို့၏ ပစ္စည်းများကို ထုပ်ပိုးကာ စီရင်စုမြို့သို့ ညတွင်းချင်း သွားကြတော့သည်။
ကျေးလက်တွင် ရှိစဥ်က ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့မှာ အချင်းချင်း အဆင်မပြေ ဖြစ်ကြပုံပေါ်သော်လည်း ယခုတွင် ဘုံရန်သူ ရှိနေပြီ ဖြစ်၍ အတော်လေး တည့်ရှုနေကြပေသည်။
တစ်မိသားစုလုံးက ထပ်ပြီး ချစ်ခင်တွယ်တာကြပုံဖမ်းနေကြရင်းဖြင့် စီရင်စုမြို့သို့ ရောက်သွားကြသည်။
ဤရက်များအတွင်း ကျန်းမိသားစုက ဆိုးဝါးသော အခြေအနေ ရှိခဲ့သည်။
မည်သူကမှ အဝတ်လျှော်ရန် အချိန်မရှိသည့်အတွက် သူတို့အားလုံးက နံဟောင်နေသည့် အဝတ်စုတ်များ ဝတ်ထားကြသည်။
ရှန်းအန်ရှင်းက ထိုကဲ့သို့သော လူစားများနှင့် နီးနီးကပ်ကပ် မဆက်ဆံဖူးလေရာ သူတို့ကို တွေ့မိသည့်အခိုက်၌ မနေနိုင်ဘဲ ရွံရှာစိတ်ဝင်သွားလေသည်။ သို့သော်လည်း သူပို၍ မုန်းတီးရသည်မှာ ကျန်းကျန့်နှင့် အတော်လေး တူညီနေသည့် မျက်နှာများ ဖြစ်သည်။
ရှန်းအန်ရှင်းသည်လည်း ထိုသူများ ပြောသည့်စကားများက သေချာပေါက် အမှန် မဟုတ်မှန်း သိနေပါသော်လည်း ကျန်းကျန့်နှင့် ကျောက်ကျင်းကောကို သင်ခန်းစာပေးရန် စိတ်အားထက်သန်နေဆဲ ဖြစ်သည်။
ထိုအချိန်မှာ သူတစ်ခုခု မလုပ်လိုက်ရပါက ရူးသွားနိုင်လောက်သည်။
ယခုတွင် ပုံရိပ်အမျိုးမျိုး ဖြတ်ပြေးနေပြီး ထိုပုံရိပ်များမှာ ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ နောင်တရသွားပုံများ ဖြစ်ကာ ကျန်းကျန့်က သူ့ထံမှ ယူသွားသည့် အရာအားလုံး ရှိနေပြီး သူက ကျန်းကျန့်နှင့် အတူတကွ သေဆုံးရန်ကိုပင် စိတ်ကူးယဥ်နေလေသည်။
မည်သည့် အခြေအနေတွင်မဆို ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ တစ်တီတူးနေကြသော မြင်ကွင်းကို ထပ်မမြင်လိုတော့။ သူတို့အတူတကွ ရှိနေကြပါက သူ့နှလုံးသားကို ဓါးထက်ထက်နှင့် ထိုးနေသကဲ့သို့ ခံစားရသည်။
"သခင်လေးရှန်း... ဒါက တော်ဝင် သံတမန်လေ... ကျွန်တော်တို့ သူ့ကို သွားမတားရဲဘူး... ကျွန်တော်တို့ သူ့ကို တားဖို့ ကြိုးစားလိုက်ရင် သူ ကျွန်တော့ကို တိုက်ခိုက်ပြီး ကျွန်တော်တို့ရဲ့ ဘဝကို ဆုံးရှုံးသွားလိမ့်မယ်" ကျန်းချောင်ဝမ်က ပြောလိုက်သည်။
"ဟုတ်တယ်... သခင်လေးရှန်း... ကျွန်တော်တို့ မိသားစုမှာ လူအိုတွေ ကလေးတွေလည်း ရှိသေးတယ်" ကျန်းချောင်ရှန့်ကလည်း ပြောလိုက်သည်။
ရှန်းအန်ရှင်းက လူနှစ်ယောက်သားကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သော်လည်း ပထမတွင် သူက မတုံ့ပြန်နိုင်ခဲ့ဘဲ ထိုလူများက ပိုပို၍ ပြောဆိုလာကြလေတော့သည်။ သို့သော်လည်း နောက်တွင် သူတို့က အမှန်မှာ ငွေရချင်ရုံသာ ဖြစ်သည်ဟု နားလည်သွားလေသည်။
သူပိုပို၍ စက်ဆုပ်လာသော်လည်း ထိုသူများ၏ အဝတ်စုတ်များကို တွေ့မိသွားသောအခါ ၎င်းက သာမန်သာ ဖြစ်သည်ဟု တွေးမိသွားလေသည်။ သူက ငွေဆယ်စ ထုတ်ပေးလိုက်သည်။
"ဒါအရင်ယူထားလိုက်... မနက်ဖြန်ကျရင် ခင်ဗျားတို့ကို ငွေစ နှစ်ရာ ယူလာပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်"
ကျန်းချောင်ရှန့်က ခပ်လောလော ကျေးဇူးတင်လိုက်သည်။
ထိုအခိုက်မှာပင် ကျန်းချောင်ရှန့်က သခင်လေးရှန်းသည်လည်း ကျန်းကျန့်ကို မုန်းတီးနေသဖြင့် ကျန်းကျန့်ကို ရင်ဆိုင်ရန်အတွက် သူတို့ကို အသုံးချလိုခြင်း ဖြစ်မည်ဟု သိလ်ုက်ရသည်။
သို့သော်လည်း သူက ဂရုမစိုက်ပေ။
ကျန်းကျန့်ကို ကံဆိုးမိုးမှောင်ကျအောင် လုပ်နိုင်သရွေ့ အခွင့်ကောင်း ယူခံရလည်း ဘာအရေးလဲ...
ဒီသခင်လေးက မြို့တော်က ဆိုတော့ ကျန်းကျန့်ကို ဆွဲချဖို့အတွက် သူတို့ကို ကူညီပေးဖို့ နည်းလမ်းတစ်ခု တကယ်ပဲ ရှိနေလောက်တယ်...
ကျန်းချောင်ရှန့် ထိုသို့ ဖြစ်သွားသည်ကို မြင်သောအခါ ရှန်းအန်ရှင်းက သူ့ကိုပို၍ မုန်းတီးလာလေတော့သည်။ သူက ထရပ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ ဒီပိုက်ဆံနဲ့ အစားအသောက်တွေ ဝယ်လို့ရတယ်... ဒါပေမယ့် အဝတ်အစားသစ်တွေ ဝယ်ပြီး မလဲလိုက်ကြနဲ့"
ကျန်းချောင်ရှန့်က ခေါင်းငြိမ့်ပြလိုက်ပြီး ခပ်မြန်မြန် ဖြေလိုက်သည်။
သူထိုအကြောင်း ပို၍ တွေးလေလေ ပို၍ စိတ်အားထက်သန်လာလေလေ ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ တော်ဝင်သံတမန်က စာတစ်စောင်ကို သူ့စားပွဲပေါ်သို့ ပစ်လွှင့်လိုက်လေသည်။
"ဘယ်လောက် ရက်စက်တတ်တဲ့လူတွေလဲ... ဒီကမ္ဘာပေါ်မှာ ဒီလို ဖောက်ပြားတတ်ပြီး ကျေးဇူးမသိတတ်တဲ့သူတွေ ရှိသေးတာလား"
"ဟယ်ချောင် စီရင်စုမှာ ကျန့်မိသားစုက ကောင်းကင်ကို လက်ဝါးကြီး အုပ်ထားမှတော့ ဒီလူတွေက ဘယ်လိုလုပ်ပြီး အကူအညီတောင်းဖို့ နည်းလမ်းရှိပါ့မလဲ"
...
စာရေးသူမှာ ပြောစရာ ရှိပါတယ်...
မနေ့က အပိုင်းမှာ လူအတော်များများ ဒေါသထွက်သွားကြပြီးတော့ မကောင်းတဲ့ မှတ်ချက်တွေ ချန်ထားခဲ့ကြတယ်... ဒါကတော့ ရှင်းပြချက်ပါ...
ပထမအနေနဲ့... ရှန်းတွေ့ကြုံရတာတွေက မယားငယ်တစ်ယောက် ဖြစ်လာဖို့ တွေးတဲ့အတွေးနဲ့ လုံးမဝမသက်ဆိုင်ပါဘူး... ဒါကြောင့်ဖို့ လူတိုင်းကို ဒီအကြောင်းကြောင့် သူကဒါနဲ့ တန်တာပဲလို့ မတွေးကြစေချင်ဘူး... "မယားငယ်မက လိုတွေ ဖြစ်ရမှာ... " ဒါမှမဟုတ် "ဇာတ်လိုက်တွေက လုပ်လိုက်ရမှာ" စသဖြင့် ဒီအရာနှစ်ခုက တစ်ခုနဲ့ တစ်ခု မသက်ဆိုင်ပါဘူး... အစကနေ အဆုံးထိ ဇာတ်လိုက်တွေက သူနဲ့ ဘာမှ မသက်ဆိုင်တဲ့အတွက် အချင်းချင်း ဘာမှလုပ်စရာ မလိုပါဘူး...
ဒီကိစ္စက တကယ်တော့ အရိပ်အယောင် တစ်ခုသာ ဖြစ်ပြီး သူက ကျန်းကျန့်နဲ့ ကျောက်ကျင်းကောတို့ကို မသိခင်ကတည်းက ဖုန်ကျင်းယွမ်နဲ့ ကတောက်ကဆ ဖြစ်ထားကြပြီးသားပါ... ကျန်းကျန့်ကို သူမကြိုက်ခင်ကတည်းက ဖုန်ကျင်းယွမ်က သူ့ကို အရင်က အန္တရာယ်ပေးဖူးတဲ့ ဖုန်ချန့်လင်ရဲ့ အဖေ ဖြစ်ခဲ့တာပါ... (ကျန်းကျန့်က ကယ်ခဲ့ပါတယ်)
အစကနေအဆုံးထိ သူနဲ့ မသက်ဆိုင်ဘဲ မြို့တော်မှာ ဖြစ်တဲ့ ကိစ္စကို ရေးကတည်းက အရိပ်အယောင် ပြထားပြီးသားပါ...
ကျန်းကျန့်ကလည်း သူ့ကို ဂရုစိုက်ဖို့ သတိပေးခဲ့ပါသေးတယ်...
**
ဒုတိယတစ်ချက်အနေနဲ့ ဒါက မိန်းကလေးတွေ မလုံ့တလုံ ဝတ်လို့ ပစ်မှတ်ထားခံရတယ်ဆိုတဲ့ သဘောထားနဲ့ လုံးဝ မသက်ဆိုင်ပါဘူး...
ဒါက သူ့ကို တမင်သက်သက် ဒုက္ခပေးဖို့ ကြိုးပမ်းတာပါပဲ...
သူကောဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် အရေးမပါတော့ဘူး... ဖုန်က သူနဲ့ အာဃာတ ဖြစ်ပြီးနောက်မှာ သူ့ကို နာကျင်စေဖို့ ကြိုးစားမှာပဲမလား...
**
နောက်ဆုံးတစ်ချက်က ဒါဟာ ကံကြမ္မာကို ဆုံးဖြတ်ပေးတဲ့ ဇာတ်ရုပ်ပါပဲ...
ဖုန်ကျင်းယွမ်က သူ့ကို အန္တရာယ်ပေးဖို့ သူ့နည်းလမ်းကို အသုံးပြုခဲ့တဲ့အတွက် ရှန်းအန်ရှင်းကလည်း သတိထားခဲ့တယ်... ရှန်းအန်ရှင်း သတိမထားခဲ့ရင်လည်း တခြားနည်းလမ်းကို သုံးဦးမှာပါပဲ...