Chapter 162
- ကျန်းမိသားစုနှင့် တော်ဝင် သံတမန်
ရှန်းအန်ရှင်းက ကျန့်ပေါင်နင် စီစဥ်ပေးသည့် လှေပေါ်သို့ တက်သွားလိုက်သည်။
ကျန့်ပေါင်နင်က အမျိုးသမီးနှင့် ကောများစွာတို့အတွက် ပုံများ ဆွဲပေးခဲ့ဖူးလေရာ အမျိုးသမီးနှင့် ကောများအပေါ် အပြုအမူကောင်းများ ရှိပေသည်။ ရှန်းအန်ရှင်း စိတ်အခြေအနေ ကောင်းပုံမရသဖြင့် ဟာသအချို့ပြောပြခဲ့သည်။ ရယ်စရာစကားများ တစ်ခုပြီးတစ်ခု ပြောခဲ့သည့်တိုင် ရှန်းအန်ရှင်းက သူ့ကို စကားပြန်မပြောပေ။
ရှန်းအန်ရှင်းက ပုံမှန်မဟုတ်သည့် ဖြစ်တည်မှု ရှိသော်လည်း လူအားလုံးအထက်မှ ငယ်ရွယ်သော ကောတစ်ယောက် ဖြစ်၍ ကျန်းပေါင်နင်ကလည်း သူ့ရှေ့တွင် မည်သည့်စကားမှ မပြောရဲတော့ပေ။ ထိုသူက သူ့စကားကို မကြားချင်တော့သည့်ပုံပေါ်နေသဖြင့် သူ့ပါးစပ်ကို ပိတ်ထားလိုက်သည်။
ကျန်းပေါင်နင် စကားရပ်သွားချိန်မှာပင် ရှန်းအန်ရှင်းက ရုတ်တရက် မေးလိုက်သည်။
"ခင်ဗျားပြောကြည့်... ဒီရက်တွေမှာ ကောတွေ အပြင်ကို တစ်ယောက်တည်း အပြင်ထွက်ဖို့ မလုံခြုံဘူးမလား"
"ကျွန်တော်တို့ ရွာမှာတော့ အဆင်ပြေပါတယ်... နေရာအများစုနဲ့ ရင်းနှီးနေတော့လေ... ဒါပေမယ့် ဝေးဝေးသွားရင်တော့ ဂရုစိုက်ဖို့ လိုသေးတာပေါ့" ကျန့်ပေါင်နင်က ပြောလိုက်သည်။
"ခုကာလမှာ လူတွေက အဝေးတွေ ထွက်ရတာ သိပ်မကြိုက်ကြဘူး... ဒါပေမယ့် ခရီးဝေးသွားရတာက အန္တာရယ်များ နေလို့ပဲ မဟုတ်ဘူးလား... အမျိုးသမီးတွေနဲ့ ကောတွေထားလိုက်ဦး... ယောကျ်ားတွေအတွက်လည်း အတူတူပဲ... မနေ့တုန်းက ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းမှာ ကျန်းမျိုးရိုးနဲ့ စီးပွားရေးသမားတစ်ယောက်ကို တွေ့ခဲ့ရသေးတယ်... သူ အရင်က ခရီးဝေးထွက်သွားတော့ ဓါးပြတွေနဲ့ တွေ့ခဲ့ရသေးတယ်တဲ့... ကံကောင်းလို့ လွတ်လာခဲ့ရတာပဲ... ဒါကြောင့် လူတွေအများကြီးက သူတို့ကို စောင့်ရှောက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို ပိုက်ဆံပေးခေါ်ဖို့ ဆန္ဒရှိနေကြတာလေ"
"တကယ်လား" ရှန်းအန်ရှင်းက မျက်မှောင်ကျုံ့လိုက်သည်။
"ဟုတ်တယ်ဗျ" ကျန့်ပေါင်နင်က ပြောလိုက်ပြီးနောက် သူ့အတွေးထဲသို့ အခြားကိစ္စတစ်ခု ဝင်ရောက်လာခဲ့သည်။
"ကျွန်တော် ပြောပြမယ်... ကျွန်တော်တို့ရဲ့ ဘောစ့်ကတောင် အရမ်း ဂရုစိုက်တတ်တာ... အရင်တစ်ခေါက် ဆရာကျောက်ကို မြို့တော် ခေါ်သွားတုန်းက အချိန်တိုင်းပဲ လူတွေအများကို အနောက်က လ်ုက်ခိုင်းခဲ့တာလေ... ဆရာကျောက်ရဲ့ အရည်အချင်းနဲ့ဆို သာမန်လူတွေ သူ့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
"ခင်ဗျားပြောတဲ့ ဆရာကျောက်က ကျောက်ကျင်းကောကို ပြောချင်တာလား" ရှန်းအန်ရှင်းက မေးလိုက်သည်။
"ဟုတ်တယ်လေ... ကျောက်ကျင်းကောပဲ" ကျန့်ပေါင်နင်က ခေါင်းငြိမ့်ပြလိုက်သည်။
ရှန်းအန်ရှင်းက လက်သီးကျစ်ကျစ် ဆုပ်ထားပြီး လက်သည်းများက အရေပြားကို ထိုးမိသည်ထိ ခပ်နက်နက် စိုက်ထားလေသည်။
သူ ကျောက်ကျင်းကောထံသို့ သွားသည့်အချိန်တိုင်း ကျန်းကျန့်က အပြင်တွင် စောင့်ပေးနေတတ်ကြောင်းကိုလည်း ရုတ်တရက် အမှတ်ရသွားလေသည်။ ကျောက်ကျင်းကောကို ကာကွယ်ပေးဖို့ သူတို့တွေကို စီစဥ်ပေးထားတာ ကျန်းကျန့်များလား...
ကျန်းကျန့်က သူ့အပေါ် ထူးမခြားနား ဆက်ဆံသော်လည်း ကျောက်ကျင်းကောအပေါ်တွင်မူ အလွန် ကြင်နာနေသည်။
ဘာလို့ ကျောက်ကျင်းကောကျ ကာကွယ်ပေးခံရနေပြီး သူ့အတွက်ကျ ဘယ်သူမှ တွေးမပေးကြတာလဲ...
ရှန်းအန်ရှင်း၏ အမူအရာက မနေ့ညက ဖြစ်ခဲ့သည့် ကိစ္စများကို တွေးမိသွားသောအခါ တွန့်ချိုးသွားလေသည်။
ယမန်နေ့က ကျန်းကျန့်ထံမှ အငြင်းခံလိုက်ရပြီးနောက် သူက အလွန် ဝမ်းနည်းရလွန်း၍ ဟယ်ချောင်တဝိုက် လျှောက်သွားရန် ကြံရွယ်ထားခဲ့သည်။
ထင်မှတ်မထားစွာပင် လူနှစ်ယောက်ထံမှ အိမ်အလွတ်တစ်လုံးထဲသို့ ဆွဲခေါ်သွားခံခဲ့ရသည်။
နောက်ပိုင်း ဖြစ်လာသည့် ကိစ္စရပ်များက သူ့အတွက် အိမ်မက်ဆိုးကြီးအလားပါပင်။
ရှန်းအန်ရှန်း မနေ့က ဖြစ်ခဲ့သည့် ကိစ္စများကို သတိရမိသွားသောအခါ သူ့တစ်ကိုယ်လုံး တွန့်ကွေးသွားပြီး မကြာမီပင် စိတ်ငြိမ်သွားလေသည်။
ဒီကိစ္စကို ရှာမတွေ့နိုင်လောက်ပါဘူး... မတွေ့လောက်ပါဘူး...
သူက ရုပ်ပိုင်းဆိုင်ရာအရ သိပ်များများ မခံစားလိုက်ရသော်လည်း ထိုမနက်တွင် အိမ်အလွတ်ထဲ၌ နိုးလာခဲ့သောအခါ သူသေသွားရန်ကိုပင် မျှော်လင့်မိသည်။ ထို့နောက် သူ ကျန်းကျန့်ကို တွေးမိသွားသည်။
သူ ကျန်းကျန့်ကို တွေ့ချင်သည်။ သူ လမ်းမလျှောက်နိုင်လုနီးပါး ဖြစ်သွားသော်လည်း ဟယ့်ရှီရွာသို့ ရောက်လာကာ ကျန်းကျန့်ကို လာတွေ့ခဲ့သည်။ သို့သော်လည်း ရလဒ်အနေဖြင့်... ကျန်းကျန့်က သူ့ကို လျစ်လျူရှုထားသည်။
ရှန်းအန်ရှင်းက မိန်းမောနေပြီးနောက်တွင် သူ့အမုန်းများက ပိုပို၍ ပြင်းထန်လာလေတော့သည်။
သူကြီးပြင်းလာသည်နှင့် မပျော်ရွှင်ဖွယ် အခိုက်အတန့်များ ရှိလာခဲ့သော်လည်း ယေဘုယျအားဖြင့် အလွန် ချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်ချည်းသာ။ ယခင်က ဖုန်မိသားစု သူ့ကို သိက္ခါချရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် ရှောင်လွဲနိုင်ခဲ့ဆဲသာ ဖြစ်သည်။ ကျန့်ရီကိုလည်း နောက်ခံအဖြစ် ရရှိခဲ့သည့်အတွက် နောက်ထပ်အနှောက်အယှက်များ မရှိတော့ပေ။
သဘာဝကျကျပင် သူက ၎င်းကို လက်မခံနိုင်ခဲ့ပေ။
သူကဘာလို့ ဒီလိုမျိုးတွေ ခံစားနေရတာလဲ...
လူတိုင်းက တပျော်တပါး နေထိုင်နိုင်ကြတဲ့ အချိန်မှာ ဘာလို့ သူကျ ဒီလောက် ကံမကောင်းရတာလဲ...
ရှန်းအန်ရှင်းက ပိုပြီးတွေးလေလေ ပိုပြီး ခက်ခဲလာခဲ့ရလေလေပင်။ ထို့နောက် တုံ့ခနဲ ဖြစ်သွားလေသည်။
ကိစ္စတွေက ဘာလို့ ဒီလောက် တိုက်ဆိုင်နေရတာလဲ... သူ့ခံစားချက်တွေကို ကျန်းကျန့်ဆီ ပြောပြပြီးမှ ဒီလိုကိစ္စတွေ ဘယ်လိုလုပ်ပြီးများ ကြုံခဲ့ရတာလဲ... ဒီလူနှစ်ယောက်က.... မတော်တဆမှ မဟုတ်ဘဲ တမင်သက်သက် ချုံခိုတိုက်ခံရတာပဲလေ...
ပြီးတော့ ဒီလိုကိစ္စအမျိုးကို သူ့ကို မနာကျင်စေဘဲ ဘယ်သူက လုပ်ပါ့မလဲ... သူ့ရဲ့ ပိုင်ဆိုင်မှုတွေ လုယက်ရုံတင်မကဘူး...
ရှန်းအန်ရှင်းက ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားသည်။ ကျောက်ကျင်းကော...
သူ မြို့တော်မှာ ရှိခဲ့စဥ်က ကျန်းကျန့်အပေါ် အနည်းငယ် စိတ်ဝင်စားခဲ့သည့်အတွက် ကျောက်ကျင်းကောက သူ့ကို အထင်လွဲမှားစေရန် လျူချမ်ချမ်နှင့် ကျောက်လင်ရှီးကို ခိုင်းစေခဲ့သော်လည်း ဤတစ်ကြိမ်မှာလည်း... ကျောက်ကျင်းကောပဲ ဖြစ်နိုင်လား...
ကျောက်ကျင်းကောက သူ့ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာလား... အဆုံးတွင် ဤကိစ္စများ ဖြစ်လာရသည့်အတွက် သူနှင့် ကျန်းကျန့်တို့မှာ ပို၍ မဖြစ်နိုင်တော့ပေ။
ရှန်းအန်ရှင်းက ကျောက်ကျင်းကောကို အစကတည်းက မနာလို ဖြစ်ခဲ့ရသော်လည်း ယခုတွင်မူ ကျောက်ကျင်းကောအပေါ် နင့်သီးလှသော ဒေါသအာဃာတတရားများ ဖြစ်ပေါ်လာသည်။ ကျောက်ကျင်းကောက သူ့ကို မနာကျင်ခဲ့စေရင်တောင် အဲ့လူက ကျန်းကျန့်ဆီကနေ တပျော်တပါး ကာကွယ်ပေးခံနေရတဲ့ အချိန်မှာ သူကဘာလို့ ဒီလောက်ထိ ကံမကောင်းရတာလဲ...
ပြီးတော့ ကျန်းကျန့်ကတောင်...
ထိုအခိုက်မှာပင် ရှန်းအန်ရှင်းက ကျန်းကျန့်ကို အမုန်းပွားလာလေတော့သည်။
ကျန်းကျန့်သာ သူ့အပေါ် အေးစက်မနေခဲ့ရင် သူကလည်း အပြင်မှာ တစ်ယောက်တည်း လျှောက်သွားနေမိမှာ မဟုတ်ဘူး...
ပြီးတော့လည်း ကျန့်ရီနဲ့ ကျန်းကျန့်က ဒီလောက်ထိ အင်အားကြီးလွန်းလို့ ဟယ်ချောင်စီရင်စုတစ်ခုလုံး သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာတောင် ဖြစ်လုနီးနီးဖြစ်နေမှတော့ ဒီကိစ္စက သူတို့နဲ့ လုံးဝ မဆိုင်တာ တကယ် ဖြစ်နိုင်ပါ့မလား...
ရှန်းအန်ရှင်းက ခေါင်းကို ငုံ့ထားပြီး အမုန်းများ ပြည့်နေသည့် မျက်လုံးတစ်စုံကို ဖုံးကွယ်ထားခဲ့သည်။
ဖြစ်ပျက်ခဲ့သမျှ ကိစ္စများ ပြီးနောက် သူက ကျန်းကျန့်ထံမှ အကူအညီတောင်းချင်ခဲ့သော်လည်း ကျန်းကျန့်က သူ့ကို ကူညီမပေးခဲ့။ ယခုတွင်မူ အမုန်းတရားများသည်သာ သူ့ကို ပိုတိုးပွားလာစေခဲ့လေသည်။
ကျန့်ပေါင်နင်က ရှန်းအန်ရှင်း၏ အတွေးများကို မသိသည့်အတွက် လှေကို ဟယ်ချောင် စီရင်စု၏ သင်္ဘောဆိပ်တွင် ရပ်ခိုင်းလိုက်ပြီး ကမ်းပေါ်တက်သွားသည်။ ထို့နောက် သူက ရှန်းအန်ရှင်းကို ကြည့်၍ ပြောလိုက်လေသည်။
"သခင်လေးရှန်း... လှေထိုးသားတစ်ယောက်ကို ခေါ်ပြီး ကျန့်မိသားစုအိမ်ကို ပို့ပေးဖို့ လိုသေးလား"
"တော်ပြီ" ရှန်းအန်ရှင်းက ကျန်းပေါင်နင် နောက်မှ လိုက်၍ လှေပေါ်မှ ဆင်းလိုက်ချိန်တွင် ရုတ်တရက် လူတစ်ယောက်က ကျန့်ပေါင်နင်ထံ ပြေးလာခဲ့သည်။ "ကျန့်ပေါင်နင်"
သူ့ထံ ပြေးလာသူမှာ စုန့်လီ ဖြစ်ပြီး ကျန်းပေါင်နင်က ထိုသူမှာ သူ့အား ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းမှ ထွက်ရန်အတွက် ထပ်ပြီး တိုက်တွန်းလာခြင်း ဖြစ်မည်ဟု တွေးမိသဖြင့် လူအုပ်ထဲသို့ ပြေးသွားပြီး ခြေယောင်ဖျောက်လိုက်သည်။
ဒီကောင် စုန့်လီက စိတ်အနှောက်အယှက် ဖြစ်အောင် အမြဲလုပ်နိုင်နေတာ သူအမြဲပဲ ပုန်းနေရတော့မှာလား...
စုန့်လီ သူတို့ထံ ရောက်လာချိန်တွင် ကျန့်ပေါင်နင်က ပျောက်ကွယ်သွားလေပြီ။ သူက ဒေါသအပြည့်ဖြင့် လက်သီးကျစ်ကျစ်ဆုပ်ကာ အံကြိတ်ထားသည်။
ထို့နောက် သူက ကျန့်ပေါင်နင်နှင့် အတူ ရောက်လာသော ရှန်းအန်ရှင်းကို ပစ်မှတ်ထားလိုက်လေသည်။ "ညီအစ်ကို... ဒီကို စီးပွားရေး လာလုပ်တာလား"
ရှန်းအန်ရှင်းက စုန့်လီကို အာရုံမစိုက်ဘဲ လှည့်သွားလိုက်ပါသော်လည်း စုန့်လီက ရှန်းအန်ရှင်းကို ဆက်နေရန် တိုက်တွန်းချင်နေခဲ့လေသည်။
"ညီအစ်ကိုရေ... ကျွန်တော် ပြောမယ်... ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းက ကျန်းကျန့်ဆိုတဲ့လူက လူကောင်း မဟုတ်ဘူးဗျ... သူ့ကို သွားမရှာနဲ့ဦး... ဂရုစိုက်... လူလှည့်စားတာ မခံရစေနဲ့"
လမ်းလျှောက်နေသော ရှန်းအန်ရှင်း ရပ်သွားလေသည်။
စုန့်လီ၏ ဇနီး သူမ၏အိမ်သို့ ပြန်သွားပြီးနောက် သူ့ဘဝက ပို၍ ခက်ခဲလာခဲ့သည်။ သူက ဤရက်များအတွင်း ခက်ခဲသော နေ့ရက်များကို ကျော်ဖြတ်နေခဲ့ရပြီး ကျန်းကျန့်နှင့် ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းကို ပိုပိုပြီး မုန်းတီးလာခဲ့လေသည်။ အခွင့်အရေး တစ်ခု ရှိနေပုံရသည်ကို မြင်လိုက်ရသောအခါ သူ မရေတွက်နိုင်အောင် ပြောပြီးသွားသော စကားကိုပင် ထပ်ခါထပ်ခါ ပြန်ပြောလေတော့သည်။
"ကျန်းကျန့်က လူကောင်း မဟုတ်ဘူး... သူက သူ့ရဲ့မိဘရင်းတွေကိုတောင် ပြန်ရိုက်တတ်တဲ့သူ" စုန့်လီက ကျန်းချောင်ရှန့် သူ့အား ပြောပြခဲ့သည့် စကားကိုပင် ထပ်ပြောလိုက်သည်။
ရှန်းအန်ရှင်း ကြက်သေသေသွားလေသည်။
သူ တစ်ချိန်လုံး ကျန်းကျန့်နှင့် ပတ်သက်၍ ကောင်းသည့်အရာများကိုသာ ကြားခဲ့ရပြီး သူ့အကြောင်း စုံစမ်းရန် ဟယ့်ရှီရွာသို့ သွားခဲ့စဥ်မှာပင် မည်သူကမှ ကျန်းမိသားစုအကြောင်း မပြောပြခဲ့သဖြင့် သူကလည်း ထိုအကြောင်းနှင့် ပတ်သက်၍ လုံးဝ မသိခဲ့ရပါပေ။
"ခင်ဗျား ပြောနေတာ အမှန်ပဲလား" ရှန်းအန်ရှင်းမှာ ကျန်းကျန့်က ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်နေခဲ့သည်ကို မယုံကြည်ခဲ့ပေ။
"သေချာတာပေါ့ဗျာ... အဲ့ဒီကျန်းကျန့်က လူကောင်းတစ်ယောက် မဟုတ်ဘူး... ကျွန်တော့်ကို မယုံရင် ကျန်းချောင်ရှန့်နဲ့ တွေ့ဖို့ ခေါ်သွားပေးလို့ ရတယ်နော်... သူက ကျန်းကျန့်ကြောင့် ရှင်သန်နေထိုင်ဖို့တောင် ခက်ခဲသွားရတဲ့ ကျန်းကျန့်ရဲ့ ညီလေ" စုန့်လီက ပြောလ်ုက်သည်။
ရှန်းအန်ရှင်းက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စုန့်လီကို ကြည့်၍ ပြောလိုက်သည်။ "သူ ဘယ်မှာလဲ"
ကျန်းချောင်ရှန့်က စီရင်စုမြို့တွင် နေထိုင်နေသည်။
သူ့သမီးလေးက မွေးကတည်းက အလွန် ချူချာခဲ့ပြီး သူမကိုယ်သူမ မထူထောင်နိုင်သည်အထိ ဖြစ်ခဲ့ရသော်လည်း ရှင်သန်နိုင်ခဲ့သည်။
ကျူးရှုဖန်ကရော... သူမက အရာများစွာ ပြတ်လပ်နေပါသော်လည်း သူမ၏ သမီးလေးကိုမူ အမှန်ပင် ချစ်မြတ်နိုး၍ သူမကို ကောင်းကောင်း စောင့်ရှောက်ပေးသည်။
သို့သော်လည်း သူမက ကလေးကို သေချာ ပြုစုပေးပါသော်လည်း ကလေးက ချူချာနေဆဲ ဖြစ်ကာ အပြင်းအထန် ချောင်းဆိုးနေခဲ့လေသည်။
ကျူးရှုဖန်က အလွန် ထိတ်လန့်သွားပြီး လွန်ခဲ့သည့် ရက်ပိုင်းလောက်တွင် ညကြီးသန်းခေါင် ကလေးချီကာ သူမ၏ ကလေးကို သမားတော်နှင့် ပြရန်အတွက် စီရင်စုမြို့သို့ ရောက်လာခဲ့သည်။
ကျန်းချောင်ရှန့်က ကျန်းကျန့်ကို ပေးရန်အတွက် ကျူးရှုဖန်ထံမှ ငွေဆယ်စ ယူသွားကတည်းက ကျူးရှုဖန်မှာ သူမ၏ ငွေများကို မျက်စိဒေါက်ထောက် ကြည့်ထားပြီး သူမ အသက်သေမည်ဆိုလျှင်တောင် သူ့ကို ကြေးတစ်ပြားမှ မပေးနိူင်ဟု ငြင်းဆိုလိုက်မည် ဖြစ်သည်။ သူမက ကျန်း ချောင်ရှန့်နှင့် လက်ထပ်ထားသည့်အတွက် ကျန်းမိသားစုက သူမကို ကျွေးမွေးရမည်မှာ သဘာဝကျပေသည်။
သို့သော်ငြား သူမက ထိုအချိန်၌ ကြေးတစ်ပြား သုံးရန်ကိုပင် မလိုလားသော်လည်း သူမ၏ သမီး နေမကောင်း ဖြစ်လာသောအခါ သူမကို ကုသပေးရန်အတွက် ငွေအကုန် ထုတ်သုံးလိုက်ရသည်။
သူမ၏ သမီးလေး နေပြန်ကောင်းလာသောအခါ သူမ၏ ငွေများလည်း ကုန်သွားခဲ့လေပြီ။
ထို့ကြောင့် ကျူးရှုဖန်က အိမ်မပြန်လိုတော့ဘဲ စီရင်စုမြို့တွင်သာ နေလေသည်။ ကျန်းချောင်ရှန့်ကို အလုပ်ရဖို့ လောဆော်နေရင်းဖြင့် သူမသည်လည်း ကိုယ်ပိုင် အလုပ်တစ်ခု ရှာကာ နို့ထိန်း သို့မဟုတ် အခြားတစ်ခုခု ဖြစ်လာရန် စဥ်းစားနေခဲ့သည်။
သူမ၏ သမီးလေးက ကျန်းမာရေး မကောင်းသဖြင့် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးရန် လိုသည်။ ကျုးရှုဖန်က ပိုက်ဆံရှာရန် လိုအပ်သည်ဟု ခံစားရသဖြင့် စိတ်အေးအေးထား၍ သူမ၏ သမီးလေးကို ကောင်းကောင်း ပျိုးထောင်ပေးရုံသာ တတ်နိုင်လေတော့သည်။
ထို့ကြောင့် လက်ရှိတွင် မိသားစုဝင် သုံးယောက်သားက စီရင်စုမြို့တွင် ကျန်းချောင်ရှန့် ငှားထားသော အိမ်ဟောင်းလေးထဲ တိုးဝှေ့နေကြရသည်။
ရှန်းအန်ရှင်းနှင့် စုန့်လီတို့ ရောက်လာသောအခါ ကျန်းချောင်ရှန့်က အလျင်စလို ချက်ပြုတ်နေချိန်တွင် ကျုးရှုဖန်က ငိုနေသော ကလေးကို ချော့မြှူနေလေသည်။
အခန်းက ညစ်ပတ်ရှုပ်ပွနေပြီး အညစ်အကြေးနှင့် ဆီးအနံ့များလည်း နံဟောင်နေလေသည်။
ရှန်းအန်ရှင်းက အလွန် နေရခက်နေပြီး ထိုအနံ့ကို ရသောအခါ တန်းပြီး အန်ထုတ်လိုက်လေသည်။ တံခါးဝတွင် ရပ်ကာ ရွံရှာစိတ်များ ဖြစ်နေပြီး အထဲကို ဝင်မသွားချင်ခဲ့ပေ။
အပြင်ဘက်မှ ပွက်လောရိုက်နေမှုက ကျန်းချောင်ရှန့်ကို သဘာဝအလျောက် အချက်ပေးနေသဖြင့် အပြင်ကို လှမ်းကြည့်လိုက်ရာ စုန့်လီနှင့် ရှန်းအန်ရှင်းကို တွေ့လိုက်ရသည်။ စုန့်လီက အဆင်ပြေသော်လည်း ရှန်းအန်ရှင်းကမူ...
ရှန်းအန်ရှင်း၏ အဝတ်သစ်များကို စုန်ချီဆန်ချီ ကြည့်လိုက်ပြီးနောက် ကျန်းချောင်ရှန့်၏ နှလုံးသား နွေးထွေးလာခဲ့သည်။
သင်္ဘောဆိပ်တွင် အလုပ်လုပ်ခဲ့စဥ်က ကျန်းချောင်ရှန့်၏ အမြင်အာရုံက အလွန် ကောင်းခဲ့သဖြင့် ရှန်းအန်ရှင်းက အလွန် ချမ်းသာမည်ကို သဘာဝကျကျပင် တွေ့နေရသဖြင့် သူ့ကို မျက်နှာချိုသွေးရပေမည်။
ထို့နောက် ရှန်းအန်ရှင်းက ကျန်းကျန့်၏ အကြောင်းများကို စုံစမ်းချင်နေကြောင်း ကြားလိုက်ရသည်။
ကျန်းချောင်ရှန့်က တုံ့ဆိုင်းမနေဘဲ သူ ယခင်က စုန့်လီကို ပြောခဲ့သည့်အတိုင်းပင် ရှန်းအန်ရှင်းကို ထပ်ပြောလိုက်သည်။
ထိုနေ့တွင် ရှန်းအန်ရှင်း ကျန့်မိသားစုအိမ်သို့ ပြန်လာသောအခါ အတော်လေး နောက်ကျနေခဲ့လေပြီ။