Chapter 169
- အားလုံးကို အတူတကွ စုစည်းစေခြင်း
"ဘာတွေ လုပ်နေကြတာလဲ" ထိုအချိန်မှာပင် ကျောက်ကျင်းကောက အပြင်ဘက်မှ အလောတကြီး ပြေးလာခဲ့သည်။
ကျောက်ကျင်းကောက ယနေ့တွင် အုတ်ဖိုသို့ ရောက်သွားခဲ့ပြီး အုတ်များကို ရေတွက်နေဆဲ တန်းလန်းမှာပင် သင်္ဘောဆိပ်၌ တစ်ခုခု ဖြစ်နေကြောင်း တစ်ယောက်ယောက် သူ့ကို လာပြောခဲ့သည်။ သူက အလောတကြီး ပြေးလာခဲ့ပြီး ကျန်းကျန့်ကို ဝိုင်းထားသည့် အချိန်နှင့် အံကိုက်ကြုံလိုက်ရသည်။
"ရပ်လိုက်စမ်း" ကျောက်ကျင်းကောက ကျန်းကျန့်၏ အရှေ့တွင် ခပ်မြန်မြန် ဝင်တားလိုက်သည်။
အုတ်ဖိုက ဖုန်ထူလှပြီး ညစ်ပေသွားစေရန် လွယ်ကူသည်။ ထို့ကြောင့်ပင် သူက အဝတ်အစားသစ်များ အပေါ်၌ အပေါ်အင်္ကျီဟောင်းတစ်ထည် ဝတ်သွားခဲ့ခြင်း ဖြစ်သည်။ ယခင်အချိန်များတွင် သူက အုတ်ဖိုမှ ပြန်မလာခင် အပေါ်ဝတ်အင်္ကျီဟောင်းကို ချွတ်ခဲ့လေ့ ရှိသော်လည်း ဤတစ်ကြိမ်တွင် စိုးရိမ်ပူပန်နေသောကြောင့် မချွတ်ခဲ့ရသဖြင့် ဖုန်များ အလိမ်းလိမ်း ဖြစ်နေခဲ့သည်။
"မင်းက ဘယ်သူလဲ... ငါတို့ရဲ့ အလုပ်ကို နှောင့်ယှက်လို့မရဘူးလေ" ကျိုးမောင်ဟယ်က ကျောက်ကျင်းကော၏ ညစ်ပေနေသောပုံစံကို တွေ့သောအခါ သူ့မျက်နှာက အနည်းငယ် ပြေလျော့သွားလေသည်။
"ကျွန်တော်က သူ့ဇနီးပါ... သူ ဘာအပြစ်တွေ လုပ်ထားလို့ ဖမ်းရတာလဲ" ကျောက်ကျင်းကောက ထပ်မေးလိုက်သည်။
ဒီလူက ဒီကျန်းကျန့်ရဲ့ မိန်းမဆိုတာ တကယ်ကြီးလား... ကျိုးမောင်ဟယ် အေးခဲသွားပြီးနောက် ပြောလိုက်သည်။ "အဲဒီ ကျန်းကျန့်က မင်းကို နှိပ်စက်သေးတာလား... ဒါမှမဟုတ်..."
ကျိုးမောင်ဟယ်က နောက်ထပ် မေးခွန်းအနည်းငယ် မေးချင်သေးသော်လည်း ယောကျာ်းဖြစ်သူကို တရားစွဲချင်သည့် ဇနီးတစ်ယောက်က ကြိမ်ဒါဏ်တစ်ရာ အရိုက်ခံရမည် ဖြစ်ကြောင်း ရုတ်တရက် တွေးမိသွားသောအခါ မေးခွန်းမေးနေဆဲ တန်းလန်း ရပ်ပြီး ပြောလိုက်သည်။ "ကျန်းကျန့်ကို မြန်မြန် ခေါ်ထုတ်သွားကြ... သူ့ကို ဟယ်ချောင် စီရင်စုဆီ ခေါ်သွားကြ... ငါ ဟယ်ချောင် စီရင်စု တရားသူကြီးကို ဘာလို့ ဒီလူကို ကာကွယ်ပေးထားပြီး လူတွေကို တရားရုံးမှာ အယူခံ ဝင်ခွင့် မပြုတဲ့အကြောင်း မေးရဦးမယ်"
ကျိုးမောင်ဟယ်က ပြောလိုက်သည်နှင့် ရမန်အရာရှိများက ကျန်းကျန့်ကို လာရောက် ဖမ်းဆီးကြလေသည်။ သို့သော်လည်း စိုးရိမ်ပူပန်နေသော ကျောက်ကျင်းကောက ထိုလူများထဲမှ တစ်ယောက်ကို လက်မှ ကိုင်ဆွဲလိုက်ပြီး ပစ်လွှင့်လိုက်သည်။ ကျန်းကျန့်၏ နောက်သို့ အချိန်အတော်ကြာ လိုက်ခဲ့ပြီးနောက် သူ့အရည်အချင်းများက ပိုပို၍ ကောင်းလာသည်။
"ကျင်းကော" ကျန်းကျန့်က ခေါ်လိုက်သည်။
ကျောက်ကျင်းကောက ရုတ်တရက်ပင် သူ့လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ကျန်းကျန့်ကို ကြည့်လိုက်လေသည်။
"စိတ်လျှော့" ကျန်းကျန့်က ပြောလိုက်သည်။
ကျောက်ကျင်းကောက ယခုလေးတင် စိတ်လှုပ်ရှားနေသော်လည်း ကျန်းကျန့်၏ စကားများကို ကြားသောအခါ စိတ်ငြိမ်သွားလေသည်။
ကျောက်ကျင်းကောကို နှစ်သိမ့်ပေးပြီးသောအခါ ကျန်းကျန့်က ပြောလိုက်သည်။
"အရှင်ကျိုး... ကျွန်တော့်ကို ချည်စရာ မလိုပါဘူး... ကျွန်တော့်ဘာသာ သွားလို့ပါရတယ်... အရှင်ကျိုးကသာ အမှားနဲ အမှန်ကို ခွဲခြားမသိတဲ့ သူမျိုးမဟုတ်ဘဲ သန့်ရှင်းပြီး အကျင့်ကောင်းတဲ့ အရာရှိတစ်ယောက် ဖြစ်ဖို့ မျှော်လင့်ပါတယ်"
"မင်း" ကျိုးမောင်ဟယ်က ကျန်းကျန့်ကို ဒေါသတကြီး ကြည့်လိုက်သောအခါ ကျန်းကျန့်က ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်သွားနေပြီး သူ့ခြေလှမ်းများက သက်တောင့်သက်သာ ဖြစ် နေသည့်အပြင် ဖမ်းဆီးထားသော အကျဥ်းသားတစ်ယောက်နှင့် လားလားမှ တူနေပုံမပေါ်သည်ကို တွေ့လိုက်ရသည်။
ကျိုးမောင်ဟယ်က ကျန်းကျန့်၏ ဖြောင့်တန်းနေသော ကျောပြင်ကို တွေ့သောအခါ မနေနိုင်ဘဲ ဒေါသထပ်ထွက်သွားပြန်သည်။ သို့သော်လည်း သူက ဝတ်ရုံလက်ကို ခါကာ ကျန်းကျန့်နောက်မှ လိုက်ထွက်လာခဲ့သည်။
ကျောက်ကျင်းကောက သူတို့ထွက်သွားသည်ကို တွေ့သောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို ချာကနဲ လှည့်လိုက်ပြီး ဟယ်ချွန်းရှန်းကို ကြည့်၍ မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ"
"တော်ဝင် သံတမန် ပြောတာကတော့ ဘောစ့်က သားသမီးဝတ် မကျေပွန်တဲ့ ပြစ်မှုကို လုပ်ထားတယ်လို့ ပြောတာပဲ"
ဟယ်ချွန်းရှန့်က ပြောလိုက်သည်။ သူက စာရေးစာဖတ်နည်းကို စတင်သင်ယူ ခဲ့သော်လည်း မည်သည့် စာအုပ်ကိုမှ မဖတ်နိုင်သေးပေ။ ထို့ကြောင့် ထိုသားသမီးဝတ်မကျေပွန်သည့် ပြစ်မှုမျိုးဟူသည်ကို သူအမှန်ပင် မသိပါပေ။
"ကျင်းကော... အခုငါတို့ ဘာလုပ်ကြမလဲ"
ကျောက်လျူက စိုးရိမ်ပူပန်စွာ မေးလိုက်သည်။ သူမက ကျောက်မင်ကျုးကို တစ်ချိန်လုံး ပွေ့ထားခဲ့သည်။ ထိုသူများ ကျောက်မင်ကျုးကို နာကျင်အောင် လုပ်ကြမည် စိုးသဖြင့် သူမက နီးနီးနားနားသို့ မသွားရဲခဲ့သဖြင့် ယခုတွင် သူမက စိုးရိမ်ရလွန်း၍ ငိုချတော့မတတ် ဖြစ်နေသည်။
ကျောက်မင်ကျူးအတွက်ကား သူမက မလှုပ်မယှက် ဖြစ်နေခဲ့ပြီး ယခုတွင် မျက်နှာမဲ့သွားလေကာ မျက်ရည်များ တားမရဆီးမရ ကျဆင်းလာလေတော့သည်။
ထိုကလေးငယ်လေးက မိုးဖွဲဖွဲတွင် မိုးကြိုးပစ်သကဲ့သို့ ငိုတတ်ပြီး မျက်ရည်တစ်စက်မှ မကျဘဲ ငိုလေ့ ရှိသော်လည်း ဤတစ်ကြိမ်တွင် သူမက အငိုမရပ်နိုင်ဘဲ တရှုံ့ရှူု့ ငိုနေလေသည်မှာ အလွန်အမင်း သနားစရာ ကောင်းနေပုံ ပေါ်နေသည်။
ယခင်က ထိုကဲ့သို့သာ ဖြစ်ခဲ့ပါက ကျောက်ကျင်းကောက အလွန်အမင်း စိတ်ညစ်ညူးသွားပေလိမ့်မည်။ သူမက အသည်းကျော်လေး ဖြစ်နေသည့် ကျန်းကျန့်အတွက် ဆိုလျှင်ပင် ဆိုဖွယ်ရာပင် မရှိတော့။ သူက ချော့မြူပြီးသား ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ယခုတွင် ကျောက်ကျင်းကောက သူမကို ဂရုစိုက်ရန် အချိန်မရှိပေ။
"ကျွန်တော် စဥ်းစားဖို့လိုတယ်" ကျောက်ကျင်းကောက ပြောလိုက်ပြီးနောက် သူ့အမူအယာက စိတ်သောက ရောက်နေပုံပေါ်ပြီး မျက်နှာက ဖြူဖျော့သွားလေသည်။
အချိန်အတော်ကြာသည်အထိ ကျောက်ကျင်းကောက ကျန်းကျန့်၏ ဦးဆောင်မှု နောက်သို့ လိုက်ခဲ့လေသည်။ ဆုံးဖြတ်ချက်အားလုံးကို ကျန်းကျန့်ကသာ လုပ်ခဲ့ပြီး သူလုပ်ခဲ့သမျှက နားထောင်ရုံသာ။
သို့သော်လည်း ယခုတွင် ကျန်းကျန့်က ပါသွားခဲ့လေပြီ။
ကျောက်ကျင်းကောက စိတ်ရှုပ်ထွေးနေသည့် အခြေအနေတွင် ရှိနေပြီး သူ့ကျောရိုး ဆုံးရှူံးသွားသလို ခံစားနေရကာ မည်သည်ကို လုပ်သင့်သည် မည်သည်ကို လုပ်ရမည် ဟူသည့် အကြံဥာဏ်တစ်ခုမှ ထွက်မလာခဲ့ပေ။
သို့သော်ငြား သူ ရှာတွေ့သွားသောအခါ ချက်ချင်းပင် သူ့မျက်နှာသူ ဖြတ်ရိုက်မိသွားသည်။
ကျန်းကျန့်က သူလာကယ်မှာကို စောင့်နေတုန်းပဲလေ...
ထိုရိုက်ချက်က တဝူးဝူး ငိုနေသည့် ကျောက်မင်ကျုးကို တုန်ယင်သွားစေပြီး ကျောက်ကျင်းကောကိုလည်း အသိစိတ် ပြန်ရသွားစေသည်။
"ဟယ်ချွန်းရှန့်... ငါ့အတွက် လှေသွားပြင်ပေး... ငါ သခင်လေးကျန့်ကို သွားရှာမယ်... ပြီးတော့ ဟယ်ချွန်းရှန့်... မင်းကို ခိုင်းစရာ တစ်ခု ရှိသေးတယ်"
"ပြောပါ... မရီး" ဟယ်ချွန်းရှန့်က ချက်ချင်း ပြန်ဖြေလိုက်သည်။ ထိုလူများက ကျန်းကျန့်ကို လာဖမ်းခဲ့သော်လည်း သူက ထိုသူများကို မတားရဲခဲ့သဖြင့် အပြစ်ရှိစိတ် ဝင်လာခဲ့ရပြီး ယခုတွင် ကျောက်ကျင်းကောက သူ့ကို တစ်ခုခု ခိုင်းချင်နေခဲ့သောအခါ သူက အလွန် ဆန္ဒရှိနေခဲ့ပေသည်။
"ဟယ်ချွန်းရှန့်... မင်းအဖေကို ရှာပြီး ဟယ်ချိုးရှန့်ကို တရားစွဲခိုင်းလိုက်" ကျောက်ကျင်းကောက ပြောလိုက်သည်။ "မစိုးရိမ်နဲ့... ငါတခြားလူတွေ ရှာထားပြီး မင်းကို ဘာမှ မဖြစ်စေရဘူး... ဒီကိစ္စပြီးရင် လျော်ကြေးငွေလည်း ပေးမယ်"
ဟယ်ချွန်းရှန့်က ကြက်သေသေသွားသော်လည်း ခပ်မြန်မြန်ပင် တုံ့ပြန်လိုက်သည်။ ကျောက်ကျင်းကောက အာရုံတွေကို လမ်းကြောင်းလွဲဖို့ လက်ထပ်သွားတဲ့ သူ့ညီကောလေးကို တရားစွဲစေချင်နေတာပဲ...
သူ မြို့တော်မှ ပြန်လာပြီးနောက် အရင်ဆုံး သူ့လက်ထပ်ပွဲကို အရင် လုပ်ခဲ့ပြီး မကြာခင်မှာပင် ဟယ်ချိုးရှန့်ကို သူ့လိုပင် ကျင်းကျန့် ကိုယ်ရံတော် လုပ်ငန်းတွင် အလုပ်လုပ်နေသည့် ဘေးရွာမှ လူတစ်ယောက်နှင့် လက်ထပ်ပေးခဲ့သည်။
သူ့ညီလေးက အတော်လေး ကြည့်ကောင်းသော်လည်း နုနယ်လွန်းလှသည်။ သူက ယောက္ခမများကို ပြုစုပေးနိုင်မည် မဟုတ်ဟု တွေးမိဖြင့် ထိုလုပ်ဖော်ကိုင်ဖက်က အလုပ်ကောင်းကောင်း လုပ်နိုင်ပြီး သူ့မိဘနှစ်ဦးလုံးက သေဆုံးသွားပြီ ဖြစ်ကာ သူ့ညီလေးလိုပင် တဖြောင့်တည်း တွေးတတ်သူ ဖြစ်ကြောင်း သိလိုက်ရသည်။
"မရီး... စိတ်မပူပါနဲ့... ကျွန်တော် သွားလိုက်ပါ့မယ်"
"အလျင်လိုစရာ မလိုဘူး... ချိုးရှန့်နဲ့ အရင် ဆွေးနွေးလိုက်ပါဦး... ပြီးတော့ သင့်တော်တဲ့သူ ရှိရင် ချက်ချင်းလာပြောပေး... သူတို့မှာ လုပ်ချင်စိတ် ရှိရင် ငွေစတစ်ရာ ပေးမယ်" ကျောက်ကျင်းကောက ပြောလိုက်သည်။
"ကောင်းပါပြီ" ဟယ်ချွန်းရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့မိသားစုက ယခုတွင် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရခြင်းမှာ ကျန်းကျန့်ကြောင့်သာ ဖြစ်၍ ကျန်းကျန့်ကို ကယ်နိုင်ရန် သူ့အပိုင်းကို အကောင်းဆုံး လုပ်မည် ဖြစ်သည်။
ကျောက်ကျင်းကောနှင့် ဟယ်ချွန်းရှန့်တို့က အလျင်စလို စကားအချို့ ပြောကြပြီးနောက် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားကြပြီး စီရင်စုမြို့သို့ သွားလေတော့သည်။
သူက လှေကို စီရင်စုမြို့အနီးတွင် ရပ်ထားခဲ့ပြီး ကျန့်မိသားစုအိမ်သို့ လမ်းတလျှောက်လုံး ပြေးသွားခဲ့ပြီး တံခါးခေါက်လိုက်သည်။ ကျန့်ရီကလည်း ကျန်းကျန့် အဖမ်းခံရမည်ဟု မတွေးမိပေ။
"ကျောက်ကျင်းလား... ဘာဖြစ်လို့လဲ" ကျန့်ရီက ညစ်ပတ်ပေပွနေသော ကျောက်ကျင်းကောကို အံ့သြတကြီး ကြည့်လိုကွသည်။
ကျောက်ကျင်းကောက ကျန့်ရီရှေ့တွင် ဒူးထောက်ချကာ အရိုအသေပေးလိုက်သည်။ "သခင်လေးကျန့်... ကျန်းကျန့်က မျိုးရိုးအမည်ကျိုးလို့ ခေါ်တဲ့ တော်ဝင်သံတမန်တစ်ယောက်ဆီကနေ အဖမ်းခံလိုက်ရတယ်... သခင်လေးကျန့် သူ့ကို ကယ်ပေးဖို့ တောင်းဆို ပါတယ်"
"ဘာ" ကျန့်ရီက အံ့အားသင့်သွားလေသည်။ တော်ဝင်သံတမန်က ကျန်းကျန့်ကို ဖမ်းလိုက်တာလား...
တစ်ချိန်တည်းမှာပင် ဟယ်ချွန်းရှန့်က ဟယ်ချောင်စီရင်စုမှ လောင်းကစားအိမ်သို့ အပြေးသွားနေပြီး လောင်းကစားအိမ်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည့် သူ့အဖေကို တွေ့လိုက်ရသည်။
"ချွန်းရှန့်... နောက်ဆုံးတော့ ရောက်လာပြီပေါ့" အဖေဟယ်က သူ့သားကို မြင်သည့်အခါ စိတ်လှုပ်ရှားသွားလေသည်။
အမှန်တွင် လောင်းကစားအိမ်မှလူများက သူ့အပေါ် ကောင်းကောင်း ဆက်ဆံပေးကြပါသည်။ သူ့ကို ရိုက်လည်း မရိုက် ငေါက်လည်း မငေါက်ကြပေ။ သူက အသားငါးများ မစားရသော်လည်း လုံလုံလောက်လောက် စားနေရဆဲ ဖြစ်သည်။ ဤနေရာတွင် တစ်နှစ်မျှ နေခဲ့ရပြီးနောက် ကိုယ်အလေးချိန်ပင် တက်လာခဲ့သေးသည်။
သို့သော်လည်း သူ အမှန်ပင် အိမ်လွမ်းနေရပါ၏။
သူက အိမ်မှာ နေရသည်ကို မကြိုက်ခဲ့ပါသော်လည်း ယခုတွင် သူ့မိသားစုကို ပိုပို၍ လွမ်းလာခဲ့သည်။ အိမ်ကို အရမ်း လွမ်းနေချိန်တွင် သူ့သားကို တွေ့လိုက်ရသည်က လုံးဝ စိတ်အနှောက်အယှက် မဖြစ်မိပေ။
"အဖေ... အဖေ လုပ်စရာ တစ်ခု ရှိတယ်... ကောင်းကောင်း လုပ်ရင် အဖေ့ကို အိမ်ပြန်ခေါ်သွားပေးမယ်" ဟယ်ချွန်းရှန့်က ပြောလိုက်သည်။ သူက ယခုတွင် ဟယ့်ရှီရွာ၏ ဆိပ်ကမ်းတွင် အလုပ်လုပ်နေပြီ ဖြစ်၍ အာဏာ အနည်းငယ် ရှိနေသည်။ သူသာ သူ့အဖေကို လိုက်ကြည့်နိုင်သည့် လူတစ်ယောက်ကို ရှာလိုက်ပါက သူ့အဖေကလည်း လောင်းကစား သွားလုပ်တော့မည် မဟုတ်ဘဲ ပြဿနာလည်း ရှိတော့မည် မဟုတ်ပေ။
"ချွန်းရှန့်... မင်းပြောချင်တာ အကုန်ပြောလို့ရတယ်" အဖေဟယ်က ချက်ချင်း ပြောလိုက်သည်။
"ဒီလိုမျိုးလေ... " ဟယ်ချွန်းရှန့်က သူ့အဖေကို ဟယ်ချိုးရှန့်အား မည်သို့ တရားစွဲရမည့် အကြောင်း ပြောပြလိုက်သည်။
"ဒါက အလုပ်ဖြစ်ပါ့မလား" အဖေဟယ်က ကြက်သေသေသွားလေသည်။ အဖေဟယ်က အကြောင်းအရင်းအချို့ကြောင့် ဆိုးသွမ်းသူ ဖြစ်နေသော်လည်း သူ့သားအရင်းကိုမူ တရားမစွဲနိုင်ပါပေ။
အမှန်မှာ မည်သူကမှ သူ့ကို အကြွေးပြန်ဆပ်ရန်အတွက် တွန်းအားမပေးခဲ့ပါက ကြည့်ကောင်းလှသော သူ့သားလေး ချိုးရှန့်ကို ချစ်မြတ်နိုးနေဆဲသာ ဖြစ်ပေမည်။
"လူကယ်ဖို့အတွက်ပဲလေ" ဟယ်ချွန်းရှန့်က ပြောလိုက်သည်။ "အဖေ လုပ်ပေးရင် ကျောက်ကျင်းကောက ငွေစ တစ်ရာ ပေးမှာတဲ့"
ငွေစ တစ်ရာလား... အဖေဟယ်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားလေပြီး ရုတ်တရက် မေးလာခဲ့သည်။
"သူက လူတွေ ထပ်ရှာချင်သေးတာလား"
"ဟုတ်တယ်" ဟယ်ချွန်းရှန့်က ပြောလိုက်သည်။
"ဒီအလုပ်လုပ်ချင်ကြမဲ့ လူတွေ အများကြီး ရှိတယ်... ငါ သူတို့ကို ခေါ်လိုက်မယ်... သူတို့ကို ငွေစငါးဆယ် ပေးရုံတင် ရတယ်... မဟုတ်သေးဘူး... ငွေစနှစ်ဆယ်ဆို ရပြီ... ငါတို့ ကျန်တာကို ယူလိုက်ကြမယ်လေ"(🤣)
အဖေဟယ်က သူ့သားနှင့် ဆွေးနွေးလိုက်သည်။
မူလတွင် ဟယ်ချွန်းရှန့်က ထိုကိစ္စကို လုပ်ရန် စိုးရိမ်နေခဲ့ရသော်လည်း သူ့အဖေထံမှ စိတ်ရောကိုယ်ပါ နှုတ်ယူခံလိုက်ရပြီးနောက် ပြောစရာမဲ့သွားလေသည်။
စီရင်စုမြို့၌ ကျောက်ကျင်းကောနှင့် ဟယ်ချွန်းရှန့်တို့ နှစ်ယောက်လုံး အလုပ်ရှုပ်နေကြချိန်တွင် ကျောက်လျူက သူ့မြေးကို ထမင်းချက်လီနှင့် ရှောင်ရို့တို့လက်ထဲသို့ ထည့်ပေးထားခဲ့ပြီး ကျောက်ဖူကွေ့နှင့်အတူ ထွက်သွားသည်။
"ငါသူတို့ကို တစ်ယောက်ချင်းစီ သွားတောင်းပန်မယ်... ကန်တော့လိုက်မယ်... ကျန်းကျန့်ကို သက်သေခံပေးဖို့ ပြောရမယ်" ကျောက်လျူက ပြောလိုက်သည်။
"ကျန်းကျန့်က သူတို့ကို ဘာလုပ်ခဲ့လို့လဲ... ဘာလို့ ကျန်းကျန့်က အဖမ်းခံရမှာလဲ"
"ဖြေးဖြေးလျှောက်လေ... ငါတို့ လုပ်လို့ မရဘူး... တောင်းပန်လို့ မဖြစ်ဘူး" ကျောက်ဖူကွေ့က ကျောက်လျူကို တားလိုက်သည်။
"ဘာလို့ လုပ်လို့ မရတာလဲ" ကျောက်လျူက ပဟေဠိ ဖြစ်ဟန် မေးလိုက်သည်။
"ငါတို့က ငါတို့မိသားစု အဆင်ပြေနေတယ်လို့ အခြားသူတွေ တွေးအောင် လုပ်ရမှာလေ"
ကျောက်ဖူကွေ့က ပြောလိုက်သည်။ အခြားသူများကသာ ကျောက်မိသားစု အခြေအနေမကောင်းကြကြောင်း သိသွားကြပါက ထိုသူများမှာ လာကူပေးကြမည် မဟုတ်ပေ။ ၎င်းက သူ့သားသေဆုံးသွားပြီး ကျောက်လျူနေမကောင်း ဖြစ်သွားပြီးနောက် သူခံစားခဲ့ရသည့် ကိစ္စတစ်ခု ဖြစ်သည်။
ထို့ကြောင့် သူက လူအများကို ကျောက်မိသားစုက အဆင်ပြေနေသေးကြောင်း သိစေချင်နေခဲ့သည်။
ကျောက်ဖူကွေ့က စကားများများ မပြောသော်လည်း သူ့နှလုံးသားထဲတွင် အရာများစွာက ရှင်းလင်းသော ကြေးမုံပြင် တစ်ချပ်သဖွယ် ဖြစ်နေခဲ့သည်။
သူက ပထမဆုံး ကျောက်လျူကို ရွာလူကြီးအိမ်သို့ ခေါ်သွားခဲ့သည်။
"ရွာလူကြီး... ဒီတစ်ခေါက် ကျန်းမိသားစုက ကျန်းကျန့်ကို တရားစွဲချင်နေတာပါ... ဒါ ဟယ့်ရှီတစ်ရွာလုံးကို ဆန့်ကျင်လိုက်တာပါပဲ... ကျန်းကျန့်သာ မှားယွင်းစွပ်စွဲခံရပြီး ထောင်ကျသွားရင် ကျွန်တော်တို့လည်း နောက်ဆို ဒီနေရာက ပြောင်းသွားတော့မယ်... ဟယ့်ရှီရွာထက် ပိုပြီး စီးပွားရေး လုပ်လို့ကောင်းမဲ့နေရာကို ရှာလို့ရတယ်... ဒါဆို အဲ့ဒီမိသားစုကို မြင်နေရတော့မှာ မဟုတ်တော့ဘူး"
"မဟုတ်ပါဘူး... မလုပ်ကြပါနဲ့" ကျန်းဖျင်က ခပ်လာလော ဝင်တားလိုက်သည်။
ကျန်းကျန့်က လူပုံအလယ်တွင် ခေါ်သွားခံရခြင်း ဖြစ်သဖြင့် ကျန်းဖျင်ကလည်း ထိုအကြောင်းကို သိနေခဲ့သည်။ မူလတွင် သူက ထိုကိစ္စထဲတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ အဆုံးတွင် တစ်ဖက်လူမှာ တော်ဝင်သံတမန် ဖြစ်၍ သူကလည်း ဆန့်ကျင်ရန် မစွမ်းသာပေ။
သို့သော်လည်း ကျောက်ဖူကွေ့က ထိုသို့ ပြောလာခဲလေပြီ။
ကျောက်မိသားစုသာ ဒီကနေ ပြောင်းသွားရင် သူတို့ ဘာဖြစ်သွားမှာလဲ...