အခန်း(၁) အိမ်ထောင်ရေး
တုံးအသော အိုမီဂါသည် ထိုနေ့တွင် အယ်လ်ဖာတစ်ဦးနှင့် တွေ့ဆုံရမည်ဖြစ်သည်။
သတင်းကို သူ့အဖေက သူ့ကို ပြောပြခဲ့သည်။
သူ့အဖေက ဒါဟာ မဟာမိတ်အိမ်ထောင်ရေးတစ်ခုဖြစ်ဟည်ဟု ဆိုလေ၏။
အိုမီဂါက သူ့အဖေကို “ မဟာမိတ်အိမ်ထောင်ရေး” က ဘာကိုဆိုလိုတာလဲဟု မေးမြန်းခဲ့ပြီး သူ့အဖေက “ မဟာမိတ်အိမ်ထောင်ရေး” ဆိုသည်က အယ်လ်ဖာတစ်ယောက်နှင့် မိသားစုတစ်ခုကို ထူထောင်ခြင်းပါဟု ပြောပြခဲ့လေသည်။
မိသားစုတစ်ခုထူထောင်တာ၊ ဟမ်။ ထိုစကားလုံးများကို ကြားလိုက်ရသောအခါ အိုမီဂါလေး၏မျက်လုံးများ တောက်ပလာခဲ့လေသည်။ သူက အယ်လ်ဖာတစ်ယောက်နဲ့ မိသားစုတစ်ခု ဖြစ်လာတော့မှာလား။ မိသားစုဆိုတာက တစ်ယောက်ယောက်နဲ့ အတူတူ စားသောက်မယ်၊ အိပ်မယ်... ဒါဆို မိုးရွာတဲ့နေ့တွေမှာ သူ မိုးကြိုးပစ်သံကို ထပ်ပြီးကြောက်နေစရာ မလိုတော့ဘူးပေါ့။ သူ အလွန်ပျော်သွားလေသည်။ သူ ကလေးဘဝတုန်းက ပြင်းထန်သည့်အဖျားတစ်ခုရှိခဲ့ပြီး သူ့တုံ့ပြန်မှုသည် လူတော်တော်များများထက် နှေးကွေးသွားခဲ့လေသည်။ ပထမတော့ သူ့အဖေသည် စိတ်ရှည်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထိုစိတ်ရှည်မှုသည် ပျောက်ကွယ်သွားခဲ့လေ၏။
အဖေ၊ ညီလေးနဲ့ မိထွေးတို့ကသာ မိသားစုတစ်ခုလိုပါပဲ။ ပြီးတော့ သူက အပိုလေးတစ်ခုပေါ့။
ထို့ကြောင့် သူ့တွင် သူငယ်ချင်းအများကြီးမရှိသလို သူ့စကားကို နားထောင်ပေးမည့်သူလည်း မရှိခဲ့ပါချေ။ သို့သော် မကြာခင်မှာတော့ သူ့ကိုယ်ပိုင်မိသားစုလေး ရှိလာတော့မည်။ သူ သူ့ခရီးဆောင်အိတ်ကို ပျော်ရွှင်စွာထုပ်ပိုးနေခဲ့လေ၏။
ရှန့်အိမ်သည် အလွန်ကြီးမားလှသည်။ အိုမီဂါသည် အိမ်တော်ထိန်းအဘိုးအိုတစ်ဦးနောက်မှ လိုက်သွားပြီး သုတ်သုတ် သုတ်သုတ်နှင့် လမ်းလျှောက်လာပြီး လှည့်ပတ်ကြည့်ရှုရန် သူ့လည်ပင်းလေးကို ဆန့်တန်းထားလေသည်။
ပန်းခြံထဲတွင် အပြာရောင်ပန်းပင်များစွာရှိပြီး သက်ဝင်လှုပ်ရှားနေသော ငှက်ကလေးတစ်ကောင်သည် ဝင်ပေါက်နားရှိ သစ်ပင်ပေါ်တွင် ၎င်း၏အတောင်ပံများကို ခတ်လိုက်၏။ လက်ဆွဲသေတ္တာကို လူသွားလမ်းတစ်လျှောက် ဆွဲသွားပြီး ဂလုတ် ဂလုတ် အသံမြည်နေလေ၏.....
အိုမီဂါအား ဧည့်ခန်းမကြီးထဲသို့ ဦးဆောင်ကာ ခေါ်သွားလေကာ " ခဏလောက်စောင့်ပါ၊ လူကြီးမင်းက သူမကြာခင် လာခဲ့မယ်လို့ ပြောပါတယ်" အိမ်တော်ထိန်းသည် သူ့ကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလာ၏။
" ဟုတ်၊ ကောင်းပါပြီ "
ထို့နှင့် သူ နှစ်နာရီလောက် စောင့်နေခဲ့ရလေသည်။
တစ်ဖက်တွင် အယ်လ်ဖာသည် နောက်ဆုံးတွင် သူ့အလုပ်ကို ချထားလိုက်လေတော့၏။
သူသည် အမှန်တကယ် စာကြည့်ခန်းထဲတွင် ရှိနေခဲ့သည်။ လွန်ခဲ့သည့် နှစ်နာရီက ရွှီမိသားစုမှ တစ်စုံတစ်ဦးအား ပေးပို့လာခဲ့သည်ဟု အိမ်တော်ထိန်းက သူ့အား သတင်းပေးလာခဲ့၏။ သူနှင့်ဆက်ဆံရာတွင် ပုံမှန်ပြသနေကျ မောက်မာမှု အရိပ်အမြွက်တစ်ခုမျှပင် မပါဘဲ ချော့မော့ဖားယားမှုများပြည့်နေသည့် စာတစ်စောင်ကိုလည်း ပေးပို့ခဲ့သေးသည်။
သူက ရိုးရှင်းမှုကို နှစ်သက်ကြောင်း သူဘယ်မှာကြားခဲ့မှန်းမသိဘဲ နောက်တစ်နေ့တွင် သူ့သားအရင်းကိုတောင် ပို့လာခဲ့သေးသည်။
ကျစ်
ရှန့်ကျစ်သည် ဤကိစ္စကို များစွာစိတ်၀င်စားခြင်းမရှိချေ။ စိတ်ခံစားချက်များကြောင်း၊ ရိုးသားမှုများအကြောင်းပြောရလျှင် ထိုအရာများ အားလုံးသည် သူ့လိုလူနှင့် သိပ်မသက်ဆိုင်ပါပေ။
ဒါပေမယ့် သူတကယ်ပဲ အဲဒီအရွယ် ရောက်နေပြီဖြစ်ပြီး မိသားစုသည် သူ့ကို ဖိအားပေးနေခဲ့သည်။ သူ့ဘေးနားတွင် တစ်စုံတစ်ယောက်ကို လိုအပ်နေခဲ့သည်။
ဒီလူက ဘယ်သူဖြစ်မလဲဆိုတာအတွက်လား။ ရွှီမိသားစုကဖြစ်နေပါစေ၊ ၀မ်မိသားစု ဒါမှမဟုတ် ကျန်းမိသားစုဖြစ်ပါစေ ရှန့်ကျစ် ဂရုမစိုက်ပါ။
အဆုံးကျ၊ အချစ်က သူ့အတွက် မဖြစ်နိုင်ပါ။
ဤတစ်သက်တာတွင် ဘယ်တော့မှ ချစ်မိလိမ့်မည်မဟုတ်ပါချေ။
အိမ်တော်ထိန်းသည် ရှန့်ကျစ်ကို နှစ်အတော်ကြာအောင် ပြုစုစောင့်ရှောက်ခဲ့ပြီး လူကြီးမင်း၏ လျစ်လျူရှုမှုကို မြင်လိုက်ရသဖြင့် သူ့တွင် သူ့ကိုယ်ပိုင်အစီအစဉ်ရှိနေခဲ့၏။ အိုမီဂါသည် ဧည့်ခန်းမကြီးထဲတွင် နှစ်နာရီနီးပါး စောင့်နေခဲ့ရပြီး အိမ်တော်ထိန်းသည် တည်ငြိမ်နေခဲ့ပြီး အလျင်မလိုခဲ့ချေ၊ လက်ဖက်ရည်ပူပူကိုတောင် တစ်ခါမှ အစားမထိုးပေးခဲ့ချေ။
ဤအချိန်၌ အိုမီဂါသည် ဧည့်ခန်းမကြီးထဲတွင် ထိုင်နေတုန်းပင်။ လက်ဆွဲသေတ္တာကို ဘေးနားတွင် သပ်သပ်ရပ်ရပ် ထားထားပြီး မတ်မတ်ထိုင်နေကာ၊ နာခံမှုရှိရှိ ပြုမူနေသော်ငြား သူ့မျက်လုံးများသည် လှည့်ပတ်နေလေ၏။
သူ့ခင်ပွန်းသည်က ဘယ်လိုပုံစံရှိမလဲ။ ခေါင်းငုံ့ထားပြီး သူလက်ပတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သုံးဆယ့်နှစ်ကြိမ်မြောက် ညှိလိုက်၏။ ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် ခင်ပွန်းဖြစ်သူအပေါ် အထင်ကြီးစရာအမြင်ကောင်းတစ်ခု ထားခဲ့ချင်သည်။
လွတ်နေသည့် ဧည့်ခန်းမကြီးကို လှည့်ပတ်ငေးကြည့်ရင်း သူ တိတ်တဆိတ် စတင်လေ့ကျင့်နေခဲ့လေ၏။
"မင်္ဂလာပါ လောင်ကုန်း၊ ကျွန်တော့်နာမည်က ရွှီခယ့် ပါ၊ ခယ့်လဲ့က ခယ့် ပါ~" မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ဒါက အရမ်းတက်ကြွလွန်းနေလား။
"မင်္ဂလာပါ၊ ကျွန်တော်က ရွှီခယ့်ပါ" ဒါဆို ဘယ်လိုလဲ။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ အရမ်းလေးနက်လွန်းတယ်။
"လူကြီးမင်း" အိမ်တော်ထိန်းသည် အယ်လ်ဖာအတွက် တံခါးဖွင့်ပေးလိုက်၏။
ရှန့်ကျစ်သည် နောက်ဆုံးတွင် ဖြည်းညှင်းစွာ အေးအေးဆေးဆေး ရောက်လာခဲ့သည်။
ခပ်လှမ်းလှမ်းမှ စင်္ကြံတစ်ခုကို ဖြတ်ပြီး အယ်လ်ဖာသည် ရုပ်ပုံသေးသေးလေးတစ်ခုကို တွေ့လိုက်ရလေသည်။
အိုမီဂါသည် တရားဝင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အယ်လ်ဖာထံ ကျောခိုင်းကာ မတ်တပ်ရပ်နေလေပြီး သူ့ ခေါင်းကို ခါယမ်းနေကာ တစ်ခုခုကို ညည်းတွားရင်း၊ တစ်ခါတရံ ဒုက္ခရောက်နေသကဲ့သို့ ခေါင်းလေးကို စောင်းကာ၊ တစ်ခါတစ်ရံ လက်သီးဆုပ်လေးများကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလေ၏...
' သူ့မှာ စွမ်းအင်နည်းနည်းရှိတာပဲ ' အယ်လ်ဖာသည် မသိစိတ်ကနေ တွေးမိလိုက်၏။
မဟုတ်ဘူး၊ တကယ်တမ်းကျ၊ သူက ဆူညံနေတာပါ။
"အဟမ်း" အယ်လ်ဖာသည် ရည်ရွယ်ချက်ရှိရှိနှင့် အသံပြုလိုက်ပြီး သူ့အမူအရာကို လေးလေးနက်နက် ထားလိုက်၏။ စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ဖို့ လိုအပ်တယ်။
"လောင်ကုန်းလား" အိုမီဂါသည် လန့်သွားပြီး အလိုလို လှည့်ကြည့်လိုက်၏။ သူသည် ယခင်က ဓာတ်ပုံတွေထဲမှာသာ မြင်ဖူးခဲ့သည့် အယ်လ်ဖာကို ချက်ခြင်းမြင်လိုက်ရပြီး သူ့မျက်လုံးများက ရွှင်မြူးမှုနှင့် တောက်ပသွားလေ၏။ "လောင်ကုန်း၊ လောင်ကုန်း "
အိုမီဂါ၏ မျက်လုံးများသည် ကြယ်များဖြင့် ပြည့်နှက်နေလေ၏။ သူ ပြုံးနေခဲ့ပြီး မျက်လုံးများသည် ကွေးညွတ်နေကာ ပြေးလာခဲ့လေသည်။
သူ့၏ နူးညံ့သောလက်ကလေးသည် အယ်လ်ဖာ၏လက်ကို ဂရုတစိုက်ဆုပ်ကိုင်လိုက်၏။ "လောင်ကုန်း၊ အခုကစပြီး ကျွန်တော်တို့က မိသားစုပဲနော်"
Translated by အုန်းသာကူ