အခန်း(၂)
Viewers 3k

အခန်း(၂) စာအုပ်က ဇောက်ထိုးဖြစ်နေတယ် 




အိုမီဂါလေးက သူ့ကို ဆုပ်ကိုင်လိုက်သည့်အခါ ထူးဆန်းသည့် ခံစားချက်ကို ရလိုက်ပြီး အယ်လ်ဖာက ရေနွေးပူ လောင်သွားသလို ဖြစ်သွားလေတယ်။


သူ့လက်ချောင်းများ ကောက်ကွေးသွားပြီး သူ့၏ ပထမဆုံး တုံ့ပြန်မှုကတော့ သူ့လက်ကို ပြန်ရုတ်လိုက်ဖို့ပင်။


ငယ်ရွယ်စဉ်ကတည်းက အယ်လ်ဖာသည် မိသားစု၏ လေးလံသည့် ဝန်ထုပ်ဝန်ပိုးကို စောစောစီးစီး ထမ်းရွက်ခဲ့ရသည်။ သူ့အောက်မှာရှိသည့် လူများကို ထိန်းချုပ်နိုင်ဖို့အတွက် သူသည် တစ်နေ့တာလုံး အေးစက်သည့်မျက်နှာထားကို ထိန်းထားရသည့် အလေ့အထကို မွေးမြူထားခဲ့ရ၏။ အချိန်ကြာလာသည်နှင့်အမျှ လူများစွာက သူ့တွင် အုံ့မှိုင်းသည့်ကိုယ်ရည်ကိုယ်သွေးရှိသည်ဟု ဆိုကြလေ၏။ သူနှင့်ဆုံသည့်အခါမှာတောင် လူများက သူ့ကို ရှောင်ရှားဖို့ လမ်းလွှဲသွားဖို့သာ ရွေးချယ်ကြသည်။


သို့သော်လည်း အိုမီဂါကတော့ သူ့ကို လုံး၀ မကြောက်သည့်ပုံပေါ်ပြီး သူ့ကို စိတ်မသက်မသာဖြစ်စေ၏။ 


"လွှတ်၊ မင်းဘာလုပ်နေတာလဲ " အယ်လ်ဖာ၏ လေသံက တင်းမာသွားလေ၏။


" ဟမ် " အရူးလေးက မျက်တောင်လေး တဖျတ်ဖျတ်ခတ်လိုက်၏။


"ဒါပေမယ့်၊ ဒါပေမယ့် စုံတွဲတွေက လက်ကိုင်ထားလို့ရတယ်လေ " သူ့အယ်လ်ဖာက သူ့ထက်တောင် ပိုတုံးအတဲ့ပုံပေါက်ပြီး စုံတွဲတွေ လက်ကိုင်ထားလို့ရမှန်းတောင် မသိဘူးလား။ အရူးလေးသည် တခဏလောက် တွေးနေပြီး အယ်လ်ဖာကို လေးလေးနက်နက် စိုက်ကြည့်နေလေ၏။ သူ့လက်များ၏ လှုပ်ရှားမှုသည် အယ်လ်ဖာ၏ လက်ကောက်ဝတ်ကို ကိုင်ထားရာမှနေ လက်ချောင်းများကို ချိတ်ဆက်သည့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။


"ခင်ဗျား" အရူးလေးက အယ်လ်ဖာကို လက်ညှိုးထိုးပြပြီးနောက် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြလိုက်ပြီး " ကျွန်တော်တို့က လက်ထပ်ပြီးပြီလေ " 


အယ်လ်ဖာ : အဓိပ္ပါယ်တော့ရှိသားပဲ။ 


အချိန်တွေကုန်လွန်သွားခဲ့လေပြီး အယ်လ်ဖာက သူ့အသိပြန်ဝင်လာသည့်အခါမှာတော့ သူ အိုမီဂါနှင့် တစ်နေ့ခင်းလုံး အချိန်ဖြုန်းနေခဲ့ပြီးသွားပြီဖြစ်‌လေ၏။ 


အကြောင်းရင်းမှာ စုံတွဲများသည် အတူတူ သူတို့၏ အိမ်အသစ်နှင့် ရင်းနှီးသင့်သည်ဟု အိုမီဂါက ပြောခဲ့လို့ပဲဖြစ်‌သည်။


" လောင်ကုန်း " 


" လောင်ကုန်း " 


" လောင်ကုန်းရေ " 


အိုမီဂါသည် အလွန်ဆူညံနေသဖြင့် ရှန့်ကျစ်က သူ့နောက်ကနေ တိတ်တဆိတ် လိုက်သွားခဲ့၏။


" လောင်ကုန်း၊ ဒီအခန်းက ဘာလဲ " 


" စာကြည့်ခန်း " အယ်လ်ဖာက စကားလုံး နှစ်လုံးကိုသာ ပြောလိုက်၏။


"ဒါဆို လောင်ကုန်း၊ ကျွန်တော် အချိုပွဲလုပ်ပြီးရင် ခင်ဗျားကို လာရှာလို့ရလား။ ခင်ဗျားအလုပ်လုပ်နေတုန်း အနှောက်အယှက်ဖြစ်မှာလား"


"မင်း လာလို့ရတယ်၊ ပြီးတော့ အဲ့လိုမဖြစ်ပါဘူး" အယ်လ်ဖာသည် သူ့စကားများကို မျိုချလိုက်ပြီး အရူးလေး၏ အတောမသတ်နိုင်သည့် စကားများကို တားလိုက်၏။


" လောင်ကုန်း၊ ကျွန်တော်တို့ အိပ်ခန်းက ဘယ်မှာလဲ" 


အယ်လ်ဖာသည် သူ့အား စာကြည့်ခန်းနှင့် ဆန့်ကျင်ဘက် အခန်းထဲသို့ ခေါ်သွားလိုက်၏။


" ဒီမှာ " 


"ဝိုး " အယ်လ်ဖာ တံခါးဖွင့်လိုက်သည်နှင့် အိုမီဂါ၏ မျက်လုံးများ တောက်ပသွားလေတော့၏။ ရွှီမိသားစု၌ သူ့မိထွေးစီစဉ်ပေးထားသည့် အိပ်ခန်းသည် သေးပြီး ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ဆန့်ပြီး အလင်းရောင် လုံလုံလောက်လောက် မရပါချေ။


သို့သော် ဤအခန်းကတော့ အလွန်ကြီး၏။ ပြတင်းပေါက်ကြီးသည် အဝေးမှ မြစ်ကို မျက်နှာမူနေပြီး နေဝင်ချိန်သည် ပြတင်းပေါက်ပေါ်တွင် နွေးထွေးသည့် အဝါရောင် တောက်တောက်ကို ဖြာထွက်နေလေ၏။


ယောက်ျားတစ်ယောက်ရှိတာ အရမ်းကောင်းတာပဲဟု သူတွေးနေလေ၏။


"လောင်ကုန်း၊ ဝူးဝူး၊ လောင်ကုန်းက အရမ်းကောင်းတာပဲ" အိုမီဂါသည် ရုတ်တရက် ခုန်တက်လာလေ၏။


ဇဝေဇဝါဖြစ်နေသည့် အယ်လ်ဖာသည် အလိုအလျောက် လှမ်းလိုက်ပြီး အိုမီဂါ၏ကြီးမားသည့် ပွေ့ဖက်မှုကို ဖမ်းဆုပ်လိုက်လေ၏။


ရှန့်ကျစ် သူ့လက်များကို ကြည့်လိုက်၏ : ...


ပြသနာက သူ့ကိုယ်ပိုင်လက်ပဲ ဖြစ်ရမယ်။ နေ့ခင်းပိုင်းပဲရှိသေးပြီး သူ့ကိုယ်ပိုင် အတွေးတွေတောင် ရှိလာနေပြီ။


"ချောင်းဆိုး၊ ချောင်းဆိုး၊ မင်းပစ္စည်းတွေ အရင် နေရာချထားရအောင် " အယ်လ်ဖာ၏ နားရွက်များ အနည်းငယ်နီရဲလာလေ၏။


" ကောင်းပါပြီ " 


အယ်လ်ဖာသည် စာကြည့်ခန်းထဲတွင် အချိန်အတော်ကြာအောင် တစ်ယောက်တည်း ထိုင်နေခဲ့ပြီး သူ့လက်ချောင်းများကို ကောက်ကွေးကာ ကျန်နေခဲ့သော နွေးထွေးမှုကို ပွတ်သပ်နေလေ၏။


အကာအကွယ်မရှိဘဲနဲ့ အိုမီဂါတစ်ယောက် ဘယ်လိုဖြစ်လာတာလဲ။ သူ စကားပြောနေတာ အရမ်းများပြီး သူတွေးနေသမျှ အရာတိုင်းကို သူ့မျက်နှာမှာ ရေးထားတာပဲ။


သူ့အကွာအဝေးကို ဘယ်လိုထိန်းသိမ်းရမှန်းမသိဘဲ သူစိမ်းတစ်ယောက်နဲ့တောင် နီးနီးကပ်ကပ်နေနိုင်လိုက်သေးတယ်။


သူက အားလုံးကို သီးသန့်မထားတာဘဲ ဟု ရှန့်ကျစ် ကောက်ချက်ချလိုက်၏။


သူတို့နှစ်ယောက် ညစာအတူတူစားခဲ့ကြလေ၏။ အိုမီဂါလေးသည် သူ့မျက်နှာတွင် မြင်သာသည့် အမှတ်အသားတစ်ခုနှင့် အချိန်အတော်ကြာအောင် ရှုပ်ပွနေခဲ့လေ၏။


ပေပွပြီး ညစ်ပတ်နေတဲ့ပုံပေါက်နေတာ။ အရမ်းရုပ်ဆိုးတာပဲ။


အယ်လ်ဖာသည် လှည့်သွားပြီး ရေချိုးခန်းကို သွားလိုက်ကာ မျက်နှာသုတ်ပုဝါကို ရေနွေးနွေးလေးနှင့် စွတ်လိုက်၏။


" မင်း မျက်လုံးတွေ မှိတ်ထား " အယ်လ်ဖာ၏ အသံက အေးစက်နေဆဲပင်။ 


နုံအမိုက်မဲသည့် အရူးလေးသည် နားမလည်သော်လည်း သူ့မျက်လုံးများကို နာနာခံခံမှိတ်ထားလိုက်လေ၏။ သူသည် အပြစ်ကင်းစွာ သူ့ခေါင်းလေးကို မော့ထားရင်း သူ့မျက်တောင်လေးများသည် တဖျတ်ဖျတ်ခတ်နေလေ၏။


ဝိုး၊ ငါတို့နမ်းတော့မှာလား။ ဒီနေ့ ငါ့လောင်ကုန်းက ပွေ့ဖက်ရုံတင်မကဘူး နမ်းပါနမ်းပေးသေးတယ်။ မိုက်မဲတဲ့အရူးလေးသည် သိချင်နေသော်လည်း သူ့အိမ်ထောင်ဖက်က မျက်နှာသုတ်ပုဝါနဲ့ ဘာလုပ်နေတာလဲ။


အယ်လ်ဖာ၏ လှုပ်ရှားမှုများသည် နူးညံ့သိမ်မွေ့နေခဲ့သည်။ သူသည် အရူးလေး၏ မျက်နှာပေါ်ကို မျက်နှာသုတ်ပဝါကို တင်လိုက်ပြီး လက်တစ်ဖက်ကို ခေါင်းနောက်ဘက်မှာ ထားလိုက်ပြီး တခြားလက်တစ်ဖက်က သူ့မျက်နှာကို သုတ်ပေးနေလေ၏။ အိုမီဂါလေးသည် အမှန်တကယ်ပင် ရုန်းကန်ခုခံခြင်းမရှိဘဲ ကျေနပ်နေကာ သူ့ကိုလုပ်ခွင့်ပေးထားလိုက်ပြီး ခေါင်းကို သာသာလေး လှုပ်နေလေ၏။


အယ်လ်ဖာသည် အရူးလေး၏မျက်နှာကို အမြန်သန့်ရှင်းပေးလိုက်ပြီးနောက် မျက်နှာသုတ်ပုဝါကို လက်ဆေးစင်ဆီသို့ ပြန်ယူသွားလိုက်၏။


အရူးလေးသည် မျက်လုံးများကို ဆက်မှိတ်ထားသော်လည်း အယ်လ်ဖာ၏ လှုပ်ရှားမှုကို ခဏတာလောက် မကြားရတော့ချေ။


ဟမ်။


ဒါပဲလား။ 


သူ့မျက်လုံးများကို သတိထားပြီး ဖွင့်လိုက်ပြီး ပြုံးနေပုံရသည့် အယ်လ်ဖာ၏ မျက်လုံးများနှင့်သာ ဆုံလိုက်ရလေ၏။


" မင်း ဘာတွေ တွေးနေတာလဲ။ စားကြစို့ " 


အယ်လ်ဖာသည် အနိုင်ရသွားသလို ခံစားလိုက်ရပြီး အခုဆို အိုမီဂါက သူတို့ကို လိုက်လျောမည်မဟုတ်ကြောင်း သိထားရမည်ဟု တွေးနေလေ၏။


သူ မိုက်မဲတဲ့ အိမ်ထောင်ဖက်ကို မနမ်းချင်ဘူး။


အရူးလေးသည် နည်းနည်း ပင်ပန်းနေလေ၏။ နေ့လည်ခင်းတစ်ခုလုံး ဈေးဝယ်ထွက်ခဲ့ပြီး၊ ပစ္စည်းများကို သပ်သပ်ရပ်ရပ်စီပြီး၊ အတူတူ တီဗီကြည့်နေရင်း မသိလိုက်ဘဲ အိပ်ပျော်သွားလေ၏။


အယ်လ်ဖာသည် သူ့ကို သူ့လက်မောင်းတွေထဲ သယ်သွားလိုက်လေသည်။


အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အယ်လ်ဖာသည် အရူးလေးကို ကုတင်ပေါ်တင်လိုက်၏။


"လောင်ကုန်း၊ ခင်ဗျားဘယ်ဘက်မှာ ဒါမှမဟုတ် ညာဖက်မှာအိပ်ရတာကို ကြိုက်လား" အရူးလေးသည် သူ့ကို ပွေ့ချီထားသည့်အချိန်တွင် နိုးလာပြီး အယ်လ်ဖာကို နူးညံ့သည့် အသံလေးနှင့် မေးလိုက်၏။ သူ့၏ဖျော့ဖျော့လေးရှက်သွေးရဲနေသည့် မျက်နှာလေးကို အယ်လ်ဖာ၏ ရင်ဘက်ကို မှီပြီး ပွတ်သပ်နေလေ၏။


" ကိုယ် " အယ်လ်ဖာသည် မူလက အရူးလေးကို လှဲချပေးပြီး သူ့အခန်းသို့ ပြန်သွားဖို့ ရည်ရွယ်ထားခဲ့လေသည်။ သို့သော် သူ ခေါင်းငုံ့လိုက်သည့်အခါမှာတော့ အရူးလေး၏လက်သည် သူ့အဝတ်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရလေ၏။ " ဘယ်ဘက်မှာ " 


ထိုနေ့မွန်းလွဲပိုင်းတွင် အယ်လ်ဖာသည် လက်ထောက်မှ ပေးလာခဲ့သည့် အိုမီဂါနှင့်ပတ်သက်သည့်အကြောင်း အချက်အလက်ကို အမှန်တကယ်ကြည့်ရှုခဲ့လေသည်။


အိုမီဂါ ငယ်ငယ်တုန်းက သူ့မအေကွဲအစ်ကိုသည် သူ့ကို သိုလှောင်ခန်းတစ်ခုထဲတွင် မတော်တဆ သော့ခတ်ထားခဲ့ဖူးလေ၏။ နောက်နေ့မတိုင်ခင်အထိ သူ့ကို ရှာမတွေ့ခဲ့ကြချေ။ ထိုအချိန်အတွင်း၌ အရူးလေးသည် အဖျားကြီးလာပြီး နိုးလာသောအခါ သူ့တုံ့ပြန်မှုသည် သာမန်လူထက် နှေးကွေးသွားသလို ဖြစ်သွားခဲ့ရလေသည်။ သူသည် အမှောင်ကိုလည်း ပိုကြောက်လာခဲ့ပြီး တစ်ယောက်တည်း အိပ်သည့်အခါတွင် မလုံခြုံဘူးဟု လွယ်လွယ်ကူကူ ခံစားရလေသည်။


"ကောင်းပါပြီ" အယ်လ်ဖာ၏ တုံ့ပြန်မှုကို ကြားပြီး အရူးလေးသည် ပျော်ရွှင်သွားကာ ညာဘက်ကို လှိမ့်သွားလိုက်ပြီး " ကျွန်တော် အိပ်တဲ့အခါ တကယ် တကယ်ကောင်းကောင်းနေပါ့မယ်လို့ ကျွန်တော်...ကျွန်တော် ကတိပေးပါတယ်" အရူးလေးက သူ့ကို အာမခံလေ၏။


"အမ်း" အယ်လ်ဖာ လှဲချလိုက်ပြီး ကုတင်ဘေးစားပွဲပေါ်ရှိ မဂ္ဂဇင်းတစ်စောင်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်၏။


အရူးလေးသည် မကြာမီ အိပ်မောကျသွားပြီး စောင်ခြုံထားပြီး သူ့ခေါင်းလေးသည်လည်း စောင်ထဲမြှုပ်နေကာ ပွယောင်းနေသော ထိပ်ကလေးကိုသာ ပေါ်နေခဲ့လေသည်။ 


အနည်းငယ်အေးသွားသလို ခံစားလိုက်ရသော အိုမီဂါလေးသည် နွေးထွေးမှုရင်းမြစ်ကို အလိုလိုရှာဖွေရင်း အယ်လ်ဖာ၏ခါးပေါ်တွင် သူ့၏ပျော့ပျောင်းသည့် လက်ကို တင်လိုက်လေ၏။ အိပ်မက်မက်နေသလိုနှင့် အိုမီဂါလေးသည် တိုးတိုးလေး ညည်းညူရင်း ခြေထောက်ကိုလည်း မြှောက်လိုက်လေ၏။


အရမ်းနွေးတာပဲ။ သူ မီးဖိုကြီးတစ်လုံးကို ဖက်ထားတာလား။ ငိုက်မျဉ်းနေသည့် အခြေအနေတွင် အိုမီဂါသည် အိပ်ချင်မူးတူးနှင့် မျက်လုံးဖွင့်လိုက်၏။


"ဟမ်" အယ်လ်ဖာက အရမ်းကို ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်နေတာပဲ။ စာအုပ်တစ်အုပ်ကိုင်ထားဆဲဖြစ်ပြီး မအိပ်သေးဘူး။


ဒါပေမယ့် စာအုပ်က ဘာလို့ ဇောက်ထိုးဖြစ်နေတာလဲ။


♡ー ပြဇာတ်တိုလေး ー♡



အယ်လ်ဖာရဲ့ အတွင်းစိတ် အတွေးများ : ငါ့အိမ်ထောင်ဖက်က ငါ့ကိုပွေ့ဖက်နေတယ်။ ငါ့အိမ်ထောင်ဖက်ရဲ့ တစ်ချို့က တချို့က ငါ့အပေါ်မှာရောက်နေတယ်။ ငါ့အိမ်ထောင်ဖက်က အရမ်းနူးညံ့တယ်~


Translated by အုန်းသာကူ