အပိုင်း ၁၈၁
Viewers 32k

Chapter 181

ဖုချောင်ကို ဝိုင်ပို့ခြင်း




ဒုတိယသခင်ကြီးကျန့်က ယခုတွင် တရားရုံးတော်၌ တော်ဝင်အမတ်တစ်ယောက်အနေဖြင့် ဧကရီမယ်တော်ကြီးထံမှ တန်ဖိုးထားခံနေရခြင်း ဖြစ်ကာ မည်သည့်ဘက်ကိုမှ ခိုင်ခိုင်မာမာ မဆက်သွယ်ထားပေ။ ကျန်းကျန့်နှင့် ကျန့်ရီတို့ နှစ်ယောက်လုံးသာ ကြိုတင်ပြင်ဆင်ထားပါက ဟုန်ကျန်း ဆားလွင်ပြင်ကို လွှဲယူနိုင်ရန်အတွက် လူမှန် ရှာတွေ့နိုင်ပေလိမ့်မည်။


သို့ရာတွင် ကျန်းကျန့်က ထိုကဲ့သို့သော ပစ္စည်းအမျိုးအစားများကို သိပ်မသိသဖြင့် များများစားစားမပြောပေ။


ကျန့်ရီနှင့် ကျန်းကျန့်တို့ ဟုန်ကျန်း ဆားလွင်ပြင်အကြောင်း ပြောကြပြီးနောက် ရှန်းအန်ရှင်း၏ ကိစ္စများကို ဆက်ပြောကြသည်။ 


"ကျန်းမိသားစုကို သွေးထိုးလိုက်တာ ရှန်းအန်ရှင်းပဲ"


"သူလား" ကျန်းကျန့်က အံ့သြသွားလေသည်။ ရှန်းအန်ရှင်း သူ့အပေါ် ဝန်ခံလာခဲ့ပြီးနောက်တွင် ဘယ်တော့မှ ထပ်မတွေ့ခဲ့ရတော့။ ထိုသူက ဤကိစ္စမျိုးကို လုပ်ဆောင်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားပါပေ။


"ဖုန်ကျင်းယွမ်လည်း ဝင်ပြီး ကြိုးကိုင်ထားတာ ဖြစ်ရမယ်" 


ကျန့်ရီက ထပ်ပြောလိုက်သည်။ မူလအစတွင် ကျန့်ရီ လွန်စွာ ဒေါသထွက်မိလေသည်။ သူက မည်သည့်စကားမှ မပြောခဲ့သော်လည်း ရှန်းအန်ရှင်းကို တိတ်တိတ်လေး သင်ခန်းစာပေးရန် စိတ်ဆုံးဖြတ်ထားခဲ့သေးသည်။ သို့သော်လည်း နောက်ဖြစ်လာသည်မှာ...


နောက်ပိုင်းတွင် ဖုန်ကျင်းယွမ်နှင့် ရှန်းအန်ရှင်းတို့ ရန်ဖြစ်နေသည်ကို တွေ့ခဲ့ရပြီးနောက် ရှန်းအန်ရှင်းက ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောလိုစိတ် မရှိသည်ကို မြင်ခဲ့ရကာ ထိုသူက သိသိသာသာပင် စိတ်နှင့်ကိုယ်နှင့် ကပ်နေပုံလည်း မပေါ်ပေ။ သူက အနည်းနှင့်အများ ခန့်မှန်းနိုင်ပြီးသား ဖြစ်သည်။


ခန့်မှန်းကြည့်လိုက်ပြီးနောင် ရှန်းအန်ရှင်းအပေါ် နောက်ထပ်ကိစ္စများ ဆက်လုပ်ရန် မဖြစ်နိုင်တော့ချေ။ သို့သော်ငြား ရှန်းအန်ရှင်းနှင့် ပူးပေါင်းဆောက်ရွက်မှုများကို ဆက်လုပ်ရန်လည်း မဖြစ်နိုင်တော့ပေ။


ကျန်းကျန့်က ဤရက်များတွင် သူ့အနာဂါတ်အကြောင်း စဥ်းစားနေခဲ့သဖြင့် ထိုကိစ္စကို မေ့လုနီးပါး ဖြစ်သွားရသည်။ ကျန့်ရီ ပြောသောစကားကို ကြားပြီးနောက် အကြံအနည်းငယ် တွေးမိလာကာ ကျန့်ရီ၏ ချဥ်းကပ်မှုကို သဘောတူခဲ့သည်။


လက်ရှိတွင် သူက ရှန်းအန်ရှင်းနှင့် လုံးဝ အဆက်အဆံ မလုပ်လိုတော့သလို သူဘာကြောင့် လုပ်ခဲ့သည်ကိုလည်း မရှာဖွေချင်တော့ပေ။


"ကျန်းမိသားစုက လူတွေအတွက်တော့... အခု မင်းကို စောင့်ကြည့်နေကြတဲ့သူတွေ ရှိသေးတယ်ဆိုတော့ သူတို့အပေါ် ဘာမှ လုပ်လို့ မဖြစ်တော့ဘူး... ဒါပေမယ့် မင်း သူတို့ကို တခြားရွာသားတွေဆီ လွှဲပေးလို့ရပါတယ်... ဒါဆိုရင် သူတို့ မင်းနဲ့ ဝေးဝေး နေကြလိမ့်မယ်..." 


ကျန့်ရီက ပြောလိုက်သည်။


မတိုင်ခင်က ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့ကို စစ်မေးရန်အတွက် သူခေါ်ထားခဲ့သေးသော်လည်း သူတို့ကို အမြဲတမ်း မဖမ်းထားနိုင်သဖြင့် လွှတ်ပေးခဲ့ရသည်။


သူ အစက ဒီလူတွေကို ဝေးဝေး ပို့လိုက်ချင်ပေမယ့် တစ်ယောက်ယောက်က သူတို့နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး ရေးကြီးခွင်ကျယ် ထပ်လုပ်လာခဲ့ရင်ရော... စဥ်းစားကြည့်ပြီးနောက် သူတို့ကို ဟယ်ချောင်စီရင်စုထဲမှ နောက်ထပ် ရွာတစ်ရွာတွင် အခြေချခိုင်းလိုက်ပြီးနောက် မျက်ခြေမပြတ် စောင့်ကြည်ထားသည်က အကောင်းဆုံးဖြစ်မည်ဟု တွေးမိသည်။


"သူတို့ကို ချောင်းထုန်ကိုပဲ ပို့လိုက်ပါ" 


ကျန်းကျန့်က ပြောလိုက်သည်။ လတ်တလောတွင် ဟယ့်ရှီရွာအပြင် ချောင်းထုန်ရွာ၌ သူ့လူအများဆုံး ရှိသဖြင့် သူတို့ကိုသာ ချောင်းထုန်ရွာသို့ သွားပို့လိုက်ပါက ကျန်းမိသားစုကို မျက်ခြေမပြတ် ကြည့်ရှုနိုင်ပေမည်။


"ဒါဆို ဒီလိုပဲ လုပ်ကြတာပေါ့" ကျန့်ရီက ပြောလိုက်သည်။ ထိုကိစ္စကို စာရင်းရှင်းလိုက်ပြီးနောက် တစ်ယောက်ယောက်ကို လွှတ်ကာ လုပ်ဆောင်စေသည်။


ကျိုးမောင်ဟယ် ရုတ်တရက် ရောက်ရှိလာမှုကြောင့် ဆက်ဖြစ်လာသည့် ပြဿနာများကို ဖြေရှင်းလိုက်ပြီးနောက် ကျန့်ရီနှင့် ကျန်းကျန့်တို့က ဖုချောင်တွင် ချင်ဖုန့်အဆောက်အဦး ဆောက်လုပ်ရေးအကြောင်း ပြောလိုက်ကြပြီး ကျန်းကျန့် ယခင်က လုပ်ထားခဲ့သည့် ပေါင်းခံဝိုင်အကြောင်း ပြောခဲ့ကြသည်။ 


ကျန့်မိသားစုတွင် အထူးအရက်ချက်လုပ်သူတစ်ယောက် ရှိသည်။ ထိုအကြောင်းကို အလုပ်ရုံထဲတွင် လက်မှုပညာသည်များကို ပြောပြခဲ့ပြီးနောက် ထိုလက်မှုပညာသည်များ အလုပ်များကုန်ကြပြီး ပေါင်းခံဝိုင်အချို့ကိုပင် ပြုလုပ်ပြီးထားကြလေပြီ။


"မင်းနည်းလမ်းအတိုင်း လုပ်ထားတဲ့ ပေါင်းခံဝိုင်က တကယ် မူးယစ်ပြီးတော့ အရသာကလည်း ကောင်းတယ်... ဒါပေမယ့် ကရားလေးတစ်ခုလောက်ရဖို့ ဝိုင်တွေအများကြီး ပေါင်းခံရတယ်... ဒီဝိုင်လုပ်ဖို့ ကုန်ကျတာတွေက တကယ်မြင့်တာပဲ" ကျန့်ရီက ထိုအကြောင်းကို တွေးလိုက်ပြီးနောက် သက်ပြင်းယဲ့ယဲ့ချလိုက်မိသည်။


ထိုဝိုင်က အမှန်ပင် ဝိုင်ကောင်းတစ်မျိုး ဖြစ်သော်လည်း နည်းလမ်းက ကျယ်ပြန့်လွန်းလှပြီး လူတိုင်းက လုပ်နိုင်သည်မှာ... အစေ့အဆန်များစွာ ကုန်ကျသွားနိုင်ပေသည်။


တချီတွင် အစားအစာ လုံလုံလောက်လောက်ပင် မရှိသူများစွာ ရှိသေးပေသည်။ ဤဝိုင်အကြောင်း ပျံ့နှံ့သွားပါက တရားရုံးတော်က သေချာပေါက်ပင် အရက်ကို တားမြစ်ရန် အမိန့်ချပေလိမ့်မည်။ 


"ဒါက ချင်ဖုန့်အဆောက်အအုံရဲ့ လျှို့ဝှက် နည်းစနစ် ဖြစ်ပြီးတော့ လျှို့ဝှက်ထားဖို့လည်း လိုသေးတယ်... ဒီဝိုင် ထုတ်ပြီးသွားရင် နေ့တိုင်း သတ်မှတ်ထားတဲ့ ပမာဏပဲ ထုတ်ပြီး အများကြီး မလုပ်ရဘူး..." 


ကျန်းကျန့်က ပြောလိုက်သည်။ "ဒါပေမယ့် အဲ့ဒီမတိုင်မီ ဧကရီမယ်တော်ကြီးကို အရင်ဆုံးဆက်သဖို့ လိုတယ်"


ဧကရီမယ်တော်ကြီးက ဝိုင်သိပ်မကြိုက်လှသော်လည်း ၎င်းက ပစ္စည်းကောင်း ဖြစ်သည်။ ထို့ကြောင့် ဘောစ့်ကြီးကို မျက်နှာလို မျက်နှာရ လုပ်ရန်အတွက် အနည်းငယ် ဆက်သရန် လိုသေးသည်။


"မင်းက သူ့အကြောင်း တကယ် သိတာပဲ.." 


ကျန့်ရီက ကျန်းကျန့်ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူက ကျန်းကျန့်ကို ထိုအရာရှိများ၏ ချည်ကြိုးငင်မှုများကို သတိပြုမိမည် မဟုတ်ဟု အမြဲတွေးထားခဲ့သည်။


"ငါက ငါသိသင့်တာ မှန်သမျှ သိတယ်... ဒီလိုမျိုးတွေ လုပ်လေ့ မရှိလို့သာ" 


ကျန်းကျန့်က ပြောလိုက်သည်။ သူက လှည့်ကွက်များစွာ သိသော်လည်း စိတ်မရှည်တတ်လွန်းသဖြင့် ၎င်းတို့ကို မစဥ်းစားခဲ့ခြင်းသာ ဖြစ်သည်။


ကျန့်ရီနှင့် ကျန်းကျန့်က အချိန်အကြာကြီး စကားပြောခဲ့ကြပြီး ကောင်းကင်ကြီး မဲမှောင်လာမှသာ စကားဝိုင်း ပြီးလုနီးပါး ဖြစ်သွားသည်။ ကျန့်ရီက ကောင်းကင်ကို ကြည့်လိုက်ပြီးနောက် ဤနေရာတွင် ညအိပ်လိုက်မည် ဖြစ်ကြောင်း သူ့လူများကို မှာလိုက်သည်။


"ခဏလေး" စကားပြန်ပါးမည့် ကောင်လေး ထွက်သွားခါနီးတွင် ကျန့်ရီက ရုတ်တရက် တားလိုက်သည်။ "အိမ်ပြန်ရောက်လို့ သခင်မကို ရှာပြီးရင် မနက်ဖြန် ကလေးကို ခေါ်ပြီး ဟယ့်ရှီရွာကို လာလည်ချင်ရင် လာခဲ့လို့ ရတယ်လို့ ပြောလိုက်"


"ဟုတ်ကဲ့ပါ... သခင်လေး" စကားပါးမည့် ကောင်လေးက ပြန်ဖြေလိုက်ပြီးနောက် ချက်ချင်း ထွက်ခွာသွားလေသည်။


ကျောက်မိသားစုတွင် အိမ်အလွတ်များစွာ ရှိသဖြင့် ကျန်းကျန့်က ကျန့်ရီနေရန်အတွက် အခန်းတစ်ခန်းကို သန့်ရှင်းခိုင်းလိုက်လေသည်။


ကျန်းကျန့်ဆောက်ထားသော ထိုအိမ်များမှာ အလွန် သပ်ရပ်လှပြီး မည်သည့် သစ်များမှ မရှိဘဲ သာမန်သာ လုပ်ထားခြင်း ဖြစ်သော်လည်းအုတ်များဖြင့် ဆောက်လုပ်ထားသည့်အတွက် နံရံများက ထူထဲလှပြီး ကောင်းမွန်စွာ ကာရံထားပေသည်။ ၎င်းတို့က ဆောင်းရာသီတွင် နွေးထွေးလှပြီး နွေရာသီတွင် အေးသဖြင့် အထဲတွင် နေရသည်မှာသက်တောင့်သက်သာ ရှိလှပေသည်။


ကျန့်ရီက အခန်း၏ အပြင်အဆင်ကို သိပ်မကြိုက်လှသော်လည်း အိပ်ရာဝင်ပြီးနောက် အတော်လေး ကောင်းကောင်း အိပ်ပျော်သွားပြီး အိပ်ရေးလွန်သွားလိုက်သေးသည်။ အဆုံးတွင် ဆိပ်ကမ်းဘေးမှ လေ့ကျင့်သံများကြောင့် နိုးလာပြီး အိပ်ရာမှ ထွက်လာခဲ့သည်။


ကျောက်မိသားစုက နိုးနေကြပြီးသား ဖြစ်ပြီး အပြင်ရောက်နေကြပေပြီ။ သို့သော်လည်း ထမင်းချက်လီနှင့် ရှောင်ရို့တို့က သူထလာမည်ကို စောင့်နေကြပြီး သူ့အတွက် ပူနွေး၍ အရသာရှိသော ဟင်းပွဲများ ပြင်ဆင်ပေးကြသည်။ အခြားသော လူအနည်းငယ်ကလည်း သူတို့ဘေးတွင် စောင့်ဆိုင်းနေကြပေသည်။


မနက်စာအတွက် ဟင်းနှစ်ပွဲသာ ရှိပြီး တစ်ပွဲက ဘန်းမုန့်ကြော်များ ဖြစ်ကာ အခြားတစ်မျိုးက ဖြူဖွေးနေသော ဆန်ပြုတ် ဖြစ်သည်။ ထို့အပြင် ပဲကြော်၊ မုန်လာဥချဥ် စသည့် အရံဟင်းခွက် ခုနစ်မျိုး၊ ရှစ်မျိုးလောက်လည်း ပါသေးသည်။ 


ကျန့်ရီက အလွန်အမင်း စိတ်ကျေနပ်ပုံဖြင့် စားသောက်နေပြီး တည်ခင်းထားသော ဟင်းပွဲများကို အပြောင်ရှင်းလုနီးပါး စားသောက်ခဲ့သည်။ စားသောက်ပြီးနောက် သူက လတ်လတ်ဆတ်ဆတ် ကြော်ထားသော မုန့်လက်ကောက်ကြော်များကို ယူလိုက်ပြီး သူ့လူများကို ခေါ်ကာ သင်္ဘောဆိပ်သို့ စိမ်ပြေနပြေ ထွက်သွားလေတော့သည်။


ထိုအချိန်၌ ရောင်နီလာခါစသာ ဖြစ်သေးသော်လည်း ကျင်းကျန့်ကိုယ်ရံတော် လုပ်ငန်းမှ လူများမှာ အလုပ်များနေကြလေပြီ။ သူတို့က အလွန်အလုပ်များ နေဟန် ရှိသော်လည်း အရာအားလုံးကို စနစ်တကျ လုပ်ဆောင်သွားကြသည်။ သူတို့ သွားလိုက်လာလိုက် လုပ်နေကြသည်ကို ကြည့်နေသော ကျန့်ရီမှာ အမှန်ပင် စိတ်အေးလက်အေး ဖြစ်နေပြီး ပျော်ရွှင်နေပေသည်။


ကျောင်းက ယခုထက်ထိ မဖွင့်ရသေးသော်လည်း အနီးအနားတွင် ကလေးများက လာရောက်ကစားနေကြလေပြီ။ အချို့မှာ သစ်ကိုင်းလေးများ ထုတ်ယူလာကြပြီး မြေပေါ်တွင် ရေးခြစ်နေကြပေသည်။


မနေ့က ကျောက်ကျင်းကောတစ်ယောက် မိန်းကလေးများနှင့် ကောလေးများကို စာသင်ပေးစဥ်က ကျန်းကျန့် ပြောပြခဲ့ဖူးသည့် ဟာသတစ်ခုကို ပြောပြခဲ့သဖြင့် ထိုမိန်းကလေးတို့က ထိုဟာသကို ယောကျ်ားလေးအချို့အား ဂုဏ်ယူဝံ့ကြွားစွာ ပြန်လည် ပြောပြနေခဲ့ကြသည်။


 "တစ်ခါတုန်းက သူ့အဖေနဲ့အမေ ကျောင်းပို့လာလို့ ရောက်လာတဲ့ ယောကျာ်းလေးတစ်ယောက် ရှိတယ်တဲ့... ပထမတစ်ရက်မှာ သူ့ဆရာက သူ့ကို "တစ်"လို့ သင်တယ်တဲ့... နောက်တစ်ရက်ကျ "နှစ်"ကို သင်ပေးတယ်... တတိယရက်ကျတော့ "သုံး"တဲ့။ နောက်တော့ အဲ့ကောင်လေးက ကျောင်းမသွားချင်တော့ဘဲ သူ့မိဘတွေကို သူအားလုံး တတ်သွားပြီလို့ ပြောခဲ့တယ်တဲ့...


နောက်ပိုင်းကျ သူ့အဖေက မျိုးရိုးအမည် ဝမ်(တစ်သောင်း) ရှိတဲ့ လူတစ်ယောက်ကို ညစာဖိတ်ကျွေးချင်တော့ သူ့ကို ဖိတ်စာရေးခိုင်းတယ်တဲ့... ဒါပေမယ့် ကောင်လေးက သုံးရက်ရှိတာတောင် မပြီးနိုင်သေးဘူး... သူ့အဖေက အရမ်းထူးဆန်းလိုက်တာပေါ့... ဒါနဲ့ သူ့သားကို လာမေးရော... အဲ့တော့ကျ သူ့သားက နာမည်က အရမ်းခက်တာပဲလို့ အထွန့်တက်တယ်တဲ့... သူက သုံးရက်ရေးတာတောင် တစ်သောင်း မပြည့်နိုင်သေးဘူးတဲ့လေ"


ကလေးများက တဝါးဝါး ရယ်ကြပြီး နားထောင်နေသည့် ကျန့်ရီကလည်း ရယ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။


ဤနေ့တွင်လည်း ကျန်းကျန့်က သူ့လူများကို ပုံမှန်အတိုင်း လေ့ကျင့်ပေးနေပြီး သင်္ဘောဆိပ်မှ ကိစ္စအချို့ကို ဖြေရှင်းပေးနေသည်။ သူလှည့်ကြည့်လိုက်သောအခါ ကျောမှီဝါးထိုင်ခုံလေးတစ်ခုထက်၌ လဲလျောင်းနေပြီး ခြေထောက်များ အပေါ်တင်ထားကာ ကလေးတစ်အုပ် ဝိုင်းရံလျက် ပုံပြင်ပြောပြနေသည့် ကျန့်ရီကို တွေ့လိုက်ရသည်။


ကျန့်ရီက စာအုပ်များဖတ်ဖူးပြီး မြောက်မှ တောင်သို့ ကူးလူးသွားလာနေသူ ဖြစ်၍ အလွန် ဗဟုသုတရှိပြီး စကားပြောလည်း ကောင်းသည်။ ထိုကလေးများက ပုံပြင်များစွာကို သူ့ထံမှ စွဲမက်ဖွယ်ကောင်းစွာဖြင့် နားထောင်ရပြီးနောက် လေးစားမှုပြည့်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။


"အတန်းစဖို့ အချိန်ကျပြီ" 


ကျန်းကျန့်က အချိန်ကိုကြည့်၍ ကလေးများကို ပြောလိုက်သဖြင့် ခပ်မြန်မြန်ပင် ပြေးသွားကြလေသည်။


"ဒီကလေးတွေက မင်းကို ကြောက်ကြပုံပဲ" ကျန့်ရီက ပြုံးဖြီးလျက် ထိုအခြေအနေကို သဘောကျနေသည်။


သူက တိုက်ခိုက်နေလေ့ ရှိသဖြင့် သူကို မကြောက်ကြပါက ထူးဆန်းနေပေလိမ့်မည်။ ထိုကလေးများအားလုံးက သူ့ကို လာကြည့်ကြလေ့ရှိပေသည်။ ကျန်းကျန့်က ပြုံးလျက် ပြန်ဖြေလိုက်သည်။


 "သခင်လေးကျန့်... မင်းဇနီး ရောက်နေပြီ" 


ကျန့်မိသားစုသင်္ဘောက ဆိပ်ကမ်းနားသို့ ရောက်ရှိလာလေပြီ


ကျန့်ရီက ပြုံးလိုက်ပြီး ချက်ချင်းပင် ကျောမှီဝါးထိုင်ခုံမှ ထ၍ အဝတ်များကို ဆွဲဖြန့်နေသည်။


 "သွားစို့... မင်းရဲမရီးကို သွားကြိုကြရအောင်"


ကျန့်ရီက အမှန်ပင် ကျန်းကျန့်ထက် သိပ်မကြီးလှပေ။ သူက တစ်နှစ် နှစ်နှစ်မျှ စောမွေးရုံသာ ဖြစ်သည်။ သို့သော်လည်း ကျန့်ရီက စောစော လက်ထပ်ခဲ့သဖြင့် အကြီးဆုံးသားက ခုနစ်နှစ်ပင် ရှိနေလေပြီ။ အကြီးဆုံးသားအပြင် နောက်ထပ် သမီးတစ်ယောက်နှင့် သားတစ်ယောက်လည်း ရှိသေးသည်။ သမီးဖြစ်သူက လေးနှစ်ဖြစ်ကာ အငယ်ဆုံးသားက နှစ်နှစ်အရွယ် ဖြစ်သည်။


ထိုကလေးများအားလုံးကို ကျန့်ရီ၏ ဇနီးသည်မှ မွေးဖွားထားခဲ့ခြင်း ဖြစ်သည်။ ကျန့်ဟူက ဟယ့်ရှီရွာသို့ ရောက်လာချိန်တွင် သူမ၏ ကလေးသုံးယောက်ကိုပါ ခေါ်လာခဲ့သည်။ 


ကျန့်ဟူက သခင်လေး၊ သခင်မလေး သုံးယောက်လုံးကို ခေါ်လာခဲ့သောကြောင့် ဤတစ်ကြိမ်၌ အစေခံများစွာ ပါလာသည် ရောက်လာကြသူ များစွာ ရှိနေပြီး စုစုပေါင်း ကျန့်မိသားစု၏ အစေခံ သုံးဆယ်လေးဆယ် လောက်က ဆိပ်ကမ်းတွင် ရပ်နေခဲ့ကြလေသည်။


ကျန်းကျန့်က ယခင်က ကျန့်ဟူကို တစ်ခါမှ မတွေ့ဖူးသဖြင့် သူမကို တွေ့ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ အမျိုးသမီး ဆွေမျိုးများကို ကြုံရာကျပန်း ကြည့်၍ မကောင်းသဖြင့် သူက သူမကို တစ်ချက်သာ ကြည့်လိုက်သည်။ ကျန့်ဟူက ကြည့်ကောင်းပြီး သိမ်မွေ့ပုံရသည်ဟု ခံစားရသည်မှ လွဲ၍ မည်သည်ကိုမှ မပြောနိုင်ပါပေ။


ကျန်းကျန့်က အခြားသူများ၏ အမျိုးသမီး ဆွေမျိုးများနှင့် ထိတွေ့ဆက်ဆံရန် မလိုသဖြင့် ကျန့်ဟူ ရောက်လာခြင်းက ကျန်းကျန့်အပေါ် သက်ရောက်မှု မရှိ

ပေ။ သို့သော်လည်း ကျောက်လျူနှင့် ကျောက်ကျင်းကောတို့အတွက်မူ ကွဲပြားသည်။ သူတို့က ကျန့်ဟူကို ဧည့်ခံကြရမည် ဖြစ်သည်ကြောင့်ပင်။