အပိုင်း ၃၈
Viewers 27k

Chapter 38

 

ထို့နောက် ချီကျားကျစ် ကားတံခါးကိုဆောင့်ပိတ်ကာ ထိုကောင်လေးစီသို့ လျှောက်သွားခဲ့သည်။

 

ချီရှင်းချန် သူ့ကိုတားချိန်မရလိုက်ပေ။ သို့သော်လည်း ရန်ဖြစ်ကြမည်ကို စိုးရိမ်မိသောကြောင့် သူကားပေါ်မှဆင်းကာ ချီကျားကျစ်နောက်သို့ ကပျာကယာပြေးလိုက်သွားလိုက်ရသည်။

 

ချီကျားကျစ် ကောင်လေးစီသို့ ပြေးသွားလိုက်ပြီးနောက် အံ့သြတကြီးမေးလိုက်သည် 

 

" မင်းလားမင်းကအတန်းကိုမပြန်ဘဲ ဘာလို့လမ်းပေါ်လျောက်ပြေးနေရတာလဲ…"

 

ကောင်လေးထံမှ မည်သည့်စကားမှ ထွက်မလာဘဲ ကျောပိုးအိတ်ကို ပိုက်လျက် ချီရှင်းချန်နှင့်ချီကျားကျစ်ကိုသာ ကြည့်နေခဲ့သည်။

 

ချီရှင်းချန်မှာမူ အနည်းငယ်အံ့ဩသွားရသည်။ ထိုကောင်လေးမှာ ယခင်ကသူနှင့်ဆုံဖူးသကဲ့သို့ ရင်းနှီးနေသယောင်ပင်။

 

ချီကျားကျစ်မှ မည်သူဆိုသည်ကို သိနေသည့်အတွက် ချီရှင်းချန် မေးလိုက်မိသည်

 

 " ကျားကျစ် သူဘယ်သူလဲဆိုတာ မင်းသိလား…"

 

" ငါတို့က တစ်တန်းထဲပဲလေသူကအခန်းသုံးက.."

 

" တစ်တန်းထဲသားချင်းဆိုတော့လည်း ဒါကိုမေ့လိုက်ကြရအောင်လေ…" ချီရှင်းချန် ဝင်ရောက်ဖြန်ဖြေပေးလိုက်သည်

 

 " ကားကောလူကော ထိခိုက်သွားတာမှမဟုတ်တာရန်မလုပ်နေနဲ့တော့…"

 

" ဘယ်ရမလဲ…" ချီကျားကျစ် နှာခေါင်းရှူံ့ကာ ထိုကောင်လေးဘက်သို့ ကြည့်လိုက်ပြီး " ဟေးး ငါမင်းကိုမေးနေတယ်လေဘာလို့လမ်းလည်ခေါင်မှာ လျောက်ပြေးနေတာလဲလို့မင်းအနေလား…"

 

" မင်းနဲ့ဘာဆိုင်လို့လဲ…" ‌ထိုကောင်လေးမှ နောက်ဆုံးတွင် ပြောလာခဲ့သည်။

 

" ငါနဲ့ဘာဆိုင်လို့လဲ ဟုတ်လား…"

 

ကောင်လေး၏စကားများမှာ ချီကျီကျား၏ဒေါသကို တိုက်ရိုက်ပင်ဆွပေးနိုင်ခဲ့သည်။ ထို့ကြောင့် ချီကျားကျစ် လက်ကိုဆန့်ကာ ကောင်လေး၏ပခုံးပေါ်သို့ ပုတ်လိုက်ပြီး " မင်းကသာ ကားကိုမကြည့်ဘဲ ခေါင်းငုံ့ပြီးလမ်းကူးနေတာလေမင်းကားတိုက်ခံရပြီးသေရင်တောင် ကားသမားအပြစ်မဟုတ်ဘူးနားလည်လား…"

 

ကောင်လေးမှ ချက်ချင်းဆိုသလို အနောက်သို့ဆုတ်ကာ ချီကျားကျစ်၏လက်ကိုရှောင်လိုက်ပြီး " ငါဘယ်လိုသေသေ မင်းကိစ္စမဟုတ်ဘူး…"

 

ထိုစကားကြောင့် ချီကျားကျစ် ပို၍ပင်ဒေါသထွက်သွားရကာ သူဆက်လက်သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူ၏အပေါ်ဝတ်အင်္ကျီကိုချွတ်ကာ ခါးတွင်ပတ်လိုက်ပြီး ဆွဲထိုးရန်ပြင်လိုက်လေသည်။

 

ချီရှင်းချန် ယခုအချိန်တွင် နားလည်သွားခဲ့လေပြီ။ သူ့ဝမ်းကွဲညီငယ်၏ဒေါသဖြင့်ဆိုပါက သူလူတစ်ယောက်ကို ထိုးပစ်ချင်သည့်အချိန်၌ ချက်ချင်းထိုးပစ်လိုက်မည်သာဖြစ်သည်။

 

သို့သော်လည်း မလုပ်ခဲ့ဘဲ လမ်းကူးချိန်တွင်ကားကြည့်ရန်ပင် သတိပေးခဲ့လေသည်။ ချီကျားကျစ်၏စကားများမှာ နားဝင်ဆိုးလှသော်လည်း စေတနာပါခဲ့သည်။

 

ကြည့်ရသည်မှာ ချီကျားကျစ် ထိုကောင်လေးနှင့်သူငယ်ချင်းဆက်ဆံရေးကို အလေးထားသည့်ပုံပင်။

 

တစ်ဖက်တွင်မူ ထိုကောင်လေးမှာ ချီကျားကျစ်၏စေတနာကို အသိအမှတ်မပြုရုံသာမက ပို၍ပင်စော်ကားနေခဲ့သည်။ ထို့ထက်ပိုသည်မှာ သူ၏စိတ်အခြေအနေမကောင်းမှုကြောင့် ကိုယ့်ကိုကိုယ်အန္တရာယ်ဖြစ်စေချင်သည့်ပုံပင်။

 

သို့တိုင်အောင် ချီရှင်းချန် ပြသနာမဖြစ်စေသောကြောင့် ချီကျားကျစ်၏လက်ကိုဆွဲကာ ပြောလိုက်ရသည် " တော်ပြီ တော်ပြီ စကားမများကြနဲ့တော့…"

 

" မရပါဘူးငါသူ့ကိုဒူးထောက်ပြီး အဘိုးလို့ခေါ်လာတဲ့အထိကို ရိုက်ပစ်မှရမှာ…"

 

" ငါ့မှာ မင်းကိုစောင့်နေရလောက်အောင် အချိန်မရှိနေဘူး…" ချီရှင်းချန် ပင်ပန်းချင်ဟန်ဆောင်လိုက်ရသည် " တစ်ရက်လုံးလေယာဉ်စီးလာရတော့ တကယ်ကိုမောပန်းနေပြီ…"

 

" ဒါဆိုလည်း…"

 

ချီကျားကျစ် ချီရှင်းချန်နှင့်ကောင်လေးတို့ကို တလှည့်စီကြည့်လိုက်မိသည်။ အဆုံး၌ သူ၏ဒေါသကိုဖွင့်ထုတ်ခြင်းမှာ အစ်ကိုဖြစ်သူလောက် အရေးပါမနေသည့်အတွက် လက်သီးကိုပြန်ချကာ အလျော့ပေးလိုက်သည် 

 

" အခုတော့ လွှတ်ပေးလိုက်တာပေါ့နောက်ကျရင် ကန့်လန့်တိုက်နေမယ်မကြံနဲ့ငါမင်းကိုကျောင်းရောက်မှ ကောင်းကောင်းသင်ခန်းစာပေးဦးမယ်…"

 

ချီကျားကျစ် အပေါ်ဝတ်အင်္ကျီပြန်ဝတ်လိုက်ပြီးနောက် ကောင်လေးကိုသတိပေးကာ အိမ်ပြန်ရန်ပြင်လိုက်သည်။

 

ချီရှင်းချန်မှာမူ ထိုကောင်လေး၏စိတ်အခြေအနေကို စိုးရိမ်မိသည့်အတွက် ချီကျားကျစ်ကို နားချလိုက်သည် " ကျားကျစ် နောက်ကျနေပြီမင်းတို့ကတစ်တန်းထဲသားချင်းတွေပဲဟာသူ့ကိုပြန်လိုက်ပို့ပေးလိုက်ရအောင်…"

 

" ကော ဘာလို့အပြင်လူကို ငါ့ထက်အလေးပေးနေတာလဲ…"

 

" မလိုပါဘူး…"

 

ချီကျားကျစ်၏ဆန္ဒပြခြင်းမဆုံးလိုက်ခင်မှာပင် ကောင်လေးမှ လှည့်ထွက်သွားခဲ့သည်။

 

ထိုသို့ပြောလာမှတော့ ချီရှင်းချန်ကူညီချင်လျှင်ပင် မတတ်နိုင်တော့ပေ။ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းသာယမ်းလိုက်ရကာဒိုင်နိုဆောတစ်ကောင်ကဲ့သို့ ပေါက်ကွဲနေသည့် ချီကျားကျစ်ကိုဆွဲခေါ်လာပြီး ကားထဲဝင်လိုက်ကြရသည်။

 

အိမ်သို့ပြန်ရောက်ချိန်၌ ချီရှင်းချန် ထမင်းဝိုင်းကြီးကြောင့် ထိတ်လန့်သွားရလေသည်။

 

စားပွဲရှည်ကြီးတစ်ခုလုံးတွင် ဘယ်မှညာအထိ ဟင်းပွဲများအပြည့်ဖြစ်နေခဲ့သည်။

 

" ဘာလို့ဟင်းတွေဒီလောက်အများကြီးလုပ်ထားတာလဲ…" ချီရှင်းချန် ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ချေ " ကျွန်တော်တို့ ဒါတွေအားလုံးကုန်အောင်စားနိုင်ပါ့မလား…"

 

" အဖေက ဘတ်ဂျက်ခရီးသွားကြမယ်ကိုကြည့်ပြီး နင်အပြင်မှာအများကြီးခံစားလာရမယ်ဆိုပြီး တွေးနေလို့လေဒါကြောင့် နင့်ကိုကောင်းကောင်းလေးကျွေးချင်ခဲ့တာ…"

 

ချီယွီကျီး ချီရှင်းချန်၏ကျောကိုတွန်းလိုက်ပြီး " သွား လက်သွားဆေးချည်ဦးကျဲမင်းအတွက် ဟင်းချိုထည့်ထားပေးမယ်…"

 

ချီရှင်းချန် အစ်မဖြစ်သူပြောသည့်အတိုင်း လက်သွားဆေးလိုက်သည်။ သူပြန်ရောက်လာပြီးနောက် ထမင်းဝိုင်း၌ထိုင်ချလိုက်ချိန်တွင် သူ့နေရာ၌ဟင်းချိုတစ်ခွက်ရှိနေသည်ကို မြင်လိုက်ရသည်။

 

မည်သည့်ဟင်းချိုဖြစ်ကြောင်း သူမပြောနိုင်သည့်အတွက် ချီရှင်းချန် တစ်ဇွန်းခပ်ကာသောက်လိုက်သည်။

 

"......"

 

ဤသည်မှာ သူသောက်ဖူးသမျှထဲတွင် အနံဆုံးဟင်းချိုတစ်ခွက်ဟု ဆိုနိုင်ပေမည်။

 

အထဲတွင် ဘာပါသည်ကို မသိနေသော်လည်း... မဟုတ်မှလွဲရော မမလေးမှ သူ့ဘာသာအရင်မြည်းမကြည့်ခဲ့လေဘူးလား

 

ချီရှင်းချန် ပန်းကန်လုံးကို တိတ်တဆိတ်ချလိုက်ချိန်တွင် သူ၏မျက်လုံးထောင့်မှ ချီယွီကျီး သူ့ဘက်သို့ခိုးကြည့်နေသည်ကို မြင်လိုက်ရသည်။

 

အစ်မဖြစ်သူ၏မျှော်လင့်တကြီးစောင့်ဆိုင်းနေမှုကို စိတ်မပျက်စေသည့်အတွက် ချီရှင်းချန် ပန်းကန်လုံးကိုယူကာ တကျိုက်တည်းအကုန်မော့သောက်ပစ်လိုက်သည်။

 

ညစာစားပြီးချိန်မှတော့ ချီယွီကျီးမှ သူ့ကိုအတင်းဆွဲခေါ်ကာ စကားအတော်ကြာပြောခဲ့ကြသည်။ အိပ်ရာဝင်ချိန်သို့ရောက်သွားချိန်၌ ဟင်းချိုမှတန်ခိုးပြခြင်းကြောင့် ဖြစ်နိုင်ပေမည် ချီရှင်းချန် အိပ်ရာပေါ်တွင်လဲလျောင်းနေရင်း အိပ်ငိုက်လာကာ ချီကျားကျစ်ကို မေးရန်အကြောင်းအား မေ့လျော့သွားခဲ့သည်။

 

လူငယ်ကွန်မြူနစ်အဖွဲ့မှ အင်တာဗျူးရန်အတွက် မနက်ဆယ်နာရီ နော်ရာ၏လေ့ကျင့်ရေးအခန်းထဲတွင် ချိန်းဆိုထားသည်ဖြစ်ရာ ချီရှင်းချန် အအိပ်လွန်နေမည်ကို စိုးရိမ်သောကြောင့် တုလန်ရှင်းမှ မနက်ခုနစ်နာရီထဲကပင် ဖုန်းများဆက်တိုက်ခေါ်နေခဲ့သည်။

 

" ဒရိုင်ဘာကို နောက်နာရီဝက်နေရင် လာကြိုဖို့လွှတ်ပေးလိုက်မယ်ရေမသောက်မိစေနဲ့မဟုတ်ရင် ကင်မရာထဲမှာကြည့်ကောင်းမှာမဟုတ်ဘူးမနက်စာထည့်ပေးလိုက်ဖို့ ငါ့လက်ထောက်ကိုလည်း မှာပြီးသွားပြီဆိုတော့ လမ်းမှာပဲစားလိုက်ချည်အချိန်ကိုမဖြုန်းတီးနဲ့…"

 

ချီရှင်းချန်မှာ ယခုမှနိုးလာခြင်းဖြစ်သည့်အတွက် တုလန်ရှင်း၏စကားအရှည်ကြီးကို မနည်းပင်ကမန်းကတန်းစစ်ကြည့်လိုက်ရသည်။

 

ဒရိုင်ဘာမှလာခေါ်မည် ဆိုသည်မှာ သူ့အတွက်ကုမ္ပဏီမှာ ကားစီစဉ်ပေးသည်ကို ဆိုလိုနေခြင်းပင်။

 

လက်ထောက်မှမနက်စာဝယ်ပေးလိုက်မည် ဆိုသည်မှာလည်း သူ့အတွက် ကုမ္ပဏီမှပြင်ဆင်ပေးမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

 

တစ်နှစ်ခွဲခန့်ကုန်လွန်ပြီးနောက် ချီရှင်းချန် နောက်ဆုံးတွင် အနုပညာရှင်တစ်ယောက်နှင့်ထိုက်တန်သောအခွင့်အရေးများကို ရရှိခဲ့ပြီဖြစ်ပြီး ၎င်းအရာအားလုံးမှာ ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်တွင် သူပို၍ကျော်ကြားလာရခြင်းကြောင့်သာ ဖြစ်ပေသည်။

 

မဟုတ်ပါက မူလကိုယ်၏ပုံစံဖြင့်သာဆိုလျှင် ချီမိသားစု၏အထောက်အပံ့မပါပါက နှစ်ပေါင်းအတော်ကြာသည်အထိ မှားယွင်းစွာဆက်ဆံခံနေရဦးမည်ပင်။

 

ချီရှင်းချန် တုလန်ရှင်းပြောသည့်အချိန်ထက် ဆယ်မိနစ်ခန့်စော၍ ထွက်လာခဲ့သည်။ ကုမ္ပဏီကိုနေရပ်လိပ်စာပေးရချိန်က မူလကိုယ်မှာ အနီးအနားရှိသာမန်အိမ်ရာတစ်ခုကိုသာ ပေးခဲ့လေသည်။

 

ချီရှင်းချန် ချိန်းဆိုထားသည့်နေရာသို့ရောက်ချိန်၌ ကားမှာအချိန်အနည်းငယ်စောင့်ဆိုင်းနေပြီးပြီသည်။ သူ့အတွက် ကုမ္ပဏီမှ ပြင်ပေးထားခဲ့သည့်ကားမှာ သာမန်စီးပွားရေးလုပ်ငန်းသုံးကားတစ်စီးသာဖြစ်ပြီး ပိုင်ရဲ့၏ဇိမ်ခံကားကြီးနှင့်ယှဉ်လိုက်ပါက မတူညီသောကမ္ဘာနှစ်ခုကဲ့သို့ ကွာခြားလှသည်။

 

ချီရှင်းချန် ကားတံခါးကိုဖွင့်လိုက်ချိန်၌ ကားဒရိုင်ဘာနှင့်လက်ထောက်တို့မှာ မနေနိုင်ဘဲ အံ့ဩတကြီးပါးစပ်ဟမိသွားကြသည်။

 

" ဘုရားရေ…" လက်ထောက်မှာ မယုံကြည်နိုင်အောင်ဖြစ်နေရသည် " ဘတ်ဂျက်ခရီးသွားကြမယ်ကိုကြည့်တုန်းက မင်းကိုအရမ်းကြည့်ကောင်းတယ်လို့ တွေးထားမိတယ်ဆိုပေမယ့် အပြင်မှာပိုတောင်ကြည့်ကောင်းနေမယ်လို့ တကယ်ကိုမထင်ထားမိဘူး ကြည့်စမ်း….အိုးး အားနာလိုက်တာ ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့တောင် မေ့သွားတယ်မင်းထက်သုံးနှစ်ကြီးတယ်အခုချိန်ကစပြီး မင်းရဲ့လက်ထောက်တစ်ယောက်ဖြစ်လာမှာဆိုတော့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦးနော်…"

 

ချီရှင်းချန် တိတ်တဆိတ်တွက်ချက်ကြည့်လိုက်သည်။ အကယ်၍သာ အန်းရန်တက္ကသိုလ်ပြီးပြီးချင်း အလုပ်ဝင်ခဲ့သည်ဆိုပါက သူမဤအနုပညာလောကတွင် ကျင်လည်သည်မှာ တစ်နှစ်သာရှိဦးမည်ဖြစ်သောကြောင့် အတွေ့အကြုံများစွာ မရှိနိုင်သေးပေ။

 

သို့တိုင်အောင် အလုပ်သင်တစ်ဦးကို လက်ထောက်အဖြစ်ပို့ပေးခြင်းထက်တော့ ကောင်းနေသေးသည်။ ချီရှင်းချန် အနေဖြင့်အလုပ်အတော်များများကို သူ့ဘာသာလုပ်ကိုင်နိုင်ပြီး လက်ထောက်လိုအပ်သည့်နေရာဟူ၍ အနည်းငယ်သာရှိနေသည်ပင်။

 

ဒရိုက်ဘာမှာမူ ပို၍အသက်ကြီးကာ သူ၏မျိုးရိုးနာမည်မှာချင်ဖြစ်သည်။ မိတ်ဆက်လိုက်ကြပြီးနောက် လက်ထောက်အန်းရန်မှ ချီရှင်းချန်ထံမနက်စာဘူးကို ပေးလာခဲ့သည်။ အထဲတွင်ပါသည်မှာ ကြက်ဥပြုတ်နှစ်လုံး၊ ခရမ်းရောင်ကန်စွန်းဥပြုတ်ဘူးသေးတစ်ဘူး၊ ချယ်ရီခရမ်းချဉ်သီးအချို့နှင့် ဟင်းသီးဟင်းရွက်ပြုတ်အနည်းငယ်တို့ဖြစ်သည်။

 

ချီရှင်းချန် ယမန်နေ့ညတွင် အများကြီးစားခဲ့ရသည်ဖြစ်ရာ ပင်ပန်းနေပြီဖြစ်သောကြောင့် မနက်စာပေါ့ပေါ့ပါးပါးစားချင်သည်နှင့် အတော်ဖြစ်သွားခဲ့သည်။ သူဘူးကိုယူကာ အန်းရန်ထံ သာမန်ကာလျှံကာမေးလိုက်လေသည် " ရှင်းကျဲက အစ်မကို ဝိတ်ထိန်းတဲ့အစားအသောက်တွေ ပြင်ခိုင်းခဲ့တာလား…"

 

" ဟင့်အင်း .." အန်းရန်မှ ပြုံးလျက်ဖြေလာခဲ့သည်

 

 " ငါမင်းရဲ့ကိုယ်ရေးအချက်အလက်တွေကို မနေ့ကကြည့်ခဲ့တော့ မင်းကိုယ်အလေးချိန်ကအဆင်ပြေပေမယ့် အဆီပါဝင်မှုကတော့ အတော်လေးမကောင်းနေတာမလို့ ကိုယ်တိုင်ပဲပြင်လာခဲ့လိုက်တာ…"

 

သူမမှာ အလွန်တွေးခေါ်ပုံပင်။ ထို့ကြောင့် ချီရှင်းချန် ဆက်မေးလိုက်သည် " ဒါဆိုရင် ကုမ္ပဏီရောက်တဲ့အချိန်ကြရင်ကော ကျွန်တော်ဘာအရင်လုပ်ရမှာလဲရှင်းကျဲကိုအရင်သွားတွေ့ရမှာလား ဒါမှမဟုတ် မိတ်ကပ်ပြင်ဖို့ပဲတိုက်ရိုက်သွားရမှာလား…"

 

မေးလိုက်ပြီးနောက် ချီရှင်းချန် အန်းရန်၏အမူအယာကို တစ်ချက်ကြည့်လိုက်သည်။

 

အန်းရန်မှာမူ သဘာဝကျစွာ ပြန်ဖြေလာခဲ့သည် " ဟင် ဒါကိုအရင်ထဲကမဆွေးနွေးခဲ့ဘူးလားဒီလိုဆိုရင်တော့ အခုပဲဖုန်းခေါ်ပြီးမေးရမယ်ထင်တယ်ခဏစောင့်ဦးနော်…"

 

ထိုအခါမှ ချီရှင်းချန် လုံးလုံးလျားလျား စိတ်သက်သာရာရသွားခဲ့သည်။

 

သူဤကဲ့သို့မေးခွန်းများပတ်မေးနေခြင်းမှာ အန်းရန်နှင့်တုလန်ရှင်းတို့အကြားရှိ ဆက်ဆံရေးကိုသိချင်နေခြင်းကြောင့်ပင်။ ပုံမှန်အားဖြင့် အေးဂျင့်တစ်ယောက်မှာ လစာအတွက် အနုပညာကြေးများကို ရာခိုင်နှုန်းဖြင့်ရရှိခြင်းဖြစ်ပြီး လက်ထောက်မှာမူ ကုမ္ပဏီမှခန့်အပ်ကာ လစာပေးရခြင်းမျိုး ဖြစ်လေရာ ထိုအလုပ်နှစ်ခုမှာ လုံးလုံးကွာခြားနေသောစနစ်နှစ်မျိုးဖြစ်သည်။

 

သို့တိုင်အောင် အေးဂျင့်များမှ လက်ထောက်များကို သူတို့လက်အောက်ခံအဖြစ် လူယုံမွေးခြင်းမျိုးမှာ မရှိသည့်အရာမဟုတ်ချေ။ ထိုမှသာ သူတို့၏အနုပညာရှင်များကို အမြဲတမ်းစောင့်ကြည့်နေနိုင်မည်ဖြစ်သည်။

 

အကယ်၍သာ အန်းရန်မှာ တုလန်ရှင်း၏လူယုံတစ်ဦးဖြစ်နေပါက ချီရှင်းချန်၏လှုပ်ရှားမှုများမှာ ကန့်သတ်ခံထားရမည်ဖြစ်ပြီး သူ့အတွက်အချို့သောအရာများကို လုပ်ကိုင်ရန်ခက်ခဲသွားနိုင်သည်။

 

ကံကောင်းစွာဖြင့် သူမတို့အကြားတွင် နက်ရှိုင်းသောဆက်ဆံရေးမျိုး မရှိနေခဲ့သည့်အတွက် ချီရှင်းချန် သူ၏မနက်စာကို အေးအေးဆေးဆေးစားလိုက်လေသည်။

 

မနက်ရှစ်နာရီ ချီရှင်းချန် နော်ရာသို့ရောက်ရှိလာချိန်တွင် တုလန်ရှင်းမှာ သူ့ကိုမိတ်ကပ်ပြင်ရန်အခန်းထဲတွင် စောင့်ဆိုင်းနေသည်။

 

ချီရှင်းချန် ဝတ်ဆင်လာသောရိုးရှင်းသည့်အနက်ရောင်ဝတ်စုံကိုကြည့်ကာ တုလန်ရှင်း၏နှုတ်ခမ်းများ ကော့တက်သွားပြီး ပြောလိုက်သည်

 

 " မင်းကအတော်လေးတော့ သိထားပုံပဲ…"

 

ဤကဲ့သို့ တရားဝင်အဖွဲ့အစည်းနှင့် အင်တာဗျူးဖြေရာတွင် အလေးအနက်ထားကာ စည်းကမ်းကျကျဝတ်ဆင်ရမည်ဟူသည့်အချက်မှာ လူမှုဆက်ဆံရေးအနည်းငယ်ရှိသောသူသည်ပင် သိသောအချက်တစ်ခုဖြစ်သည်။

 

တုလန်ရှင်းမှာ လက်ရှိနေရာတွင် ကြာကြာရှိမနေနိုင်တော့မည်ကို ကြိုသိနေသည့်အတွက် ချီရှင်းချန် သူမကိုအရေးစိုက်မနေဘဲ ခပ်လေးလေးသာ ပြန်ဖြေလိုက်သည်

 

 " မိတ်ကပ်ပြင်လို့ရပြီနော် ပြင်နေရင်းနဲ့ ဇာတ်ညွှန်းပေးမယ်ဆိုတာ ပေးပါဦး…"

 

တုလန်ရှင်း သိသိသာသာပင် ချီရှင်းချန်၏အပြုအမူကို မကျေနပ်သောကြောင့် အေဖိုးစာရွက်များကို မိတ်ကပ်ပစ္စည်းများတင်ထားသည့်စားပွဲပေါ်သို့ ဘမ်းခနဲပစ်တင်လိုက်သည်။

 

စာရွက်ပေါ်တွင် သတင်းထောက်မှ မေးချင်သောမေးခွန်းများပါဝင်နေပြီး ဒိန်းမတ်နိုင်ငံ၏လမ်းမပေါ်တွင် ဖျော်ဖြေပြခဲ့ရသောရည်ရွယ်ချက်၊ အဘယ့်ကြောင့်သူဆက်ကပ်ပညာကိုလေ့လာဖို့ရွေးချယ်ခဲ့ရသည်နည်း၊ တရုတ်နိုင်ငံရဲ့ ရိုးရာအမွေအနှစ်တွေကနေ သူ့ဘဝထဲကို ဘာတွေယူလာပေးနိုင်မည်နည်း၊ အနာဂတ်တွင် မည်သို့လုပ်ကိုင်ရန်ကြံရွယ်ထားသည်နည်း စသဖြင့် ထိုကဲ့သို့မေးခွန်းများမှလွဲ၍ အခြားမလိုအပ်သည့်အရာများ မပါဝင်ခဲ့ပေ။

 

အချို့သောမေးခွန်းများမှာ ဖြေရန်လွယ်ကူလှပြီး အချို့မှာမူ ခက်ခဲလှသည်။ ထို့ကြောင့် ချီရှင်းချန်အနေဖြင့် အမြဲတမ်း ကောင်းမွန်သောအင်အားတစ်ခုအဖြစ်သာမှတ်ယူထားရမည်ဖြစ်ကာ လူငယ်အဖွဲ့၏ရှေ့ဆောင်လမ်းပြတစ်ဦးအနေဖြင့် နေထိုင်ရမည်ပင်။

 

ဇာတ်ညွှန်းကိုဖတ်ပြီးချိန်၌ သူ၏မိတ်ကပ်မှာလည်း ပြီးလုပြီးခင်ဖြစ်နေပြီဖြစ်ရာ ချီရှင်းချန် ဖုန်းကိုထုတ်၍ အချိန်ကိုကြည့်လိုက်သည်။

 

သို့သော်လည်း ပိုင်ရဲ့ထံမှ စာပြန်လာသည်ကို မြင်လိုက်ရချိန်၌ ချီရှင်းချန် အံ့ဩသွားခဲ့ရလေသည်။

 

ပိုင် : [ မနေ့ည သန်းခေါင်အချိန်လောက်ကမှ လေယာဉ်ဆိုက်တယ် ]

 

ချီရှင်းချန် ခဏမျှတိတ်ဆိတ်သွားခဲ့ရပြီး တစ်စုံတစ်ရာမှာ ပျောက်ဆုံးနေသလို ခံစားလိုက်ရသည်။

 

ပိုင်ရဲ့က ညလယ်ခေါင်ကြီးလေယာဉ်ဆိုက်လို့ သူအိပ်နေတာကို အနှောင့်အယှက်ပေးမိမှာစိုးတဲ့အတွက် သူ့စာကိုမပြန်တာများလား

 

ဒါမှမဟုတ် ပင်ပန်းပြီးအိပ်ပျော်သွားလို့များ

သူ့စာကိုမမြင်လိုက်တာကြောင့် စာပြန်မရေးတာလား

 

ဘာလို့သေချာမပြောရတာလဲနော်

 

လူကိုလာခန့်မှန်းခိုင်းနေတာလားဟင်….

 

ချီရှင်းချန် မျက်ခုံးတစ်ချက်ပင့်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် စာနှစ်စောင်မှာ ထပ်မံထွက်ပေါ်လာသည်။

 

ပိုင် : [ ဒီမှာက လိုင်းမကောင်းလို့ စာကတန်းလန်းဖြစ်သွားတာ…]

 

ပိုင် : [ အချိန်ကနောက်ကျနေပြီဆိုတော့ မင်းအိပ်ပျော်နေမယ်ထင်လို့ အဲဒီအချိန်တုန်းက စာပြန်မပို့လိုက်တော့တာပဲ…]

 

အိုးးး ဒါဆို ဒီလိုမျိုးဖြစ်သွားခဲ့တယ်ပေါ့ချီရှင်းချန် ဖုန်းကိုအောက်ပြန်ချကာ အကြည့်ပြန်လွှဲလိုက်သည်။

 

" မစ်စတာချီ… " ထိုအချိန်၌ မိတ်ကပ်ပြင်ပေးသည့်သူမှ ချီရှင်းချန်ကိုရုတ်တရက်ခေါ်လာသည်။

 

" အမ်…" ချီရှင်းချန် လန့်သွားရသည့်အတွက် ကပျာကယာဖုန်းကိုပိတ်ချလိုက်မိသည်။

 

" နှုတ်ခမ်းနီဆိုးပေးတော့မှာမလို့ မရယ်ပါနဲ့တော့…"

 

" အာကျွန်တော်ရယ်မနေပါဘူး…"

 

ကြိုတင်ပြင်ဆင်ထားသောအဖြေများဖြင့် အင်တာဗျူးမှာ အလွန်ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။

 

မည်သည့်ရည်ရွယ်ချက်ကြောင့် ဒိန်းမတ်နိုင်ငံ၏လမ်းမပေါ်တွင် ဖျော်ဖြေရသည်နည်းဟု မေးလာချိန်တွင် ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်ကိုလည်း ထုတ်လွှင့်ပြီးပြီဖြစ်သောကြောင့် ဖုံးကွယ်နေရန်မလိုဘဲ အမှန်အတိုင်းသာ ဖြေပေးလိုက်သည်

 

 " ပရိုဂရမ်ရိုက်နေတုန်းက ခရီးသွားဖို့ ပိုက်ဆံမရှိလို့ပိုက်ဆံနည်းနည်းရှာရအောင် ဖျော်ဖြေပေးခဲ့တာပါ.."

 

" နိုင်ငံရပ်ခြားမှာ လူတွေအများပြီးဝိုင်းကြည့်နေတာဆိုတော့ ရှက်မိတာမျိုးကော မဖြစ်ခဲ့ဘူးလား…"

 

" ဟင့်အင်း…" ချီရှင်းချန် ပြုံးလျက်ဖြေလိုက်သည်

 

 " ကျွန်တော်က ကိုယ်တတ်တဲ့အတတ်ပညာနဲ့ချွေးကျတဲ့အထိ ပိုက်ဆံရှာတာပဲဟာဒီအတွက် ဂုဏ်ယူမိပါတယ်.."

 

သတင်းထောက်မှ ခေါင်းငြိမ့်ပြလာပြီး သိသိသာသာပင် ချီရှင်းချန်၏အဖြေကို ကျေနပ်နေခဲ့သည်။ ချီရှင်းချန်မှာမူ ပိုင်ရဲ့ကိုသာ တိတ်တဆိတ်ကျေးဇူးတင်လိုက်ရလေသည်။

 

အင်တာဗျူးမှာ တစ်နာရီပင် မကြာလိုက်ချေ။ သတင်းထောက်များအား ကားစီသို့ပြန်ပို့လိုက်ပြီးနောက် ဆိုဖာပေါ်သို့ ထိုင်ချလိုက်ချိန်တွင် သူ၏နောက်ကျော၌ ချွေးများရွှဲနစ်နေသည်ကို သတိပြုမိသွားသည်။

 

တုလန်ရှင်းသည်လည်း ထိုအရာကို မြင်သွားသည့်အတွက် ပြောလာခဲ့သည် " အစိုးရအဖွဲ့အစည်းတွေနဲ့ ပထမဆုံးတွေ့ဆုံရတဲ့အချိန်မှာ စိတ်လှုပ်ရှားတာ ပုံမှန်ပါပဲမင်းခုနကလုပ်သွားတာ အရမ်းကောင်းတယ်ချီရှင်းချန် ငါမင်းကို အထင်သေးခဲ့မိပြီ.."

 

ထိုစကားမှာ သူ၏လုပ်ဆောင်နိုင်ခြင်းအတွက် အကောင်းဘက်မှချီးမွန်းသောစကားဖြစ်ကာ တုလန်ရှင်းကဲ့သို့သောလူထံမှ ထွက်လာခဲလှသောကြောင့် ချီရှင်းချန် ပြုံးပြလိုက်သော်လည်း ပြန်မပြောလိုက်မိချေ။

 

" ကောင်းပြီမင်းကောင်းကောင်းနားပြီးပြီပဲ..ဇာတ်ညွှန်းကိုကြည့်လို့ရပြီ…"

 

" ဟုတ်ကဲ့…" ချီရှင်းချန် ဇာတ်ညွှန်းကိုယူကာ ပထမဆုံးစာမျက်နှာသို့ လှန်ကြည့်လိုက်သည်။

 

တစ်စက္ကန့်အတွင်းမှာပင် ဇာတ်လိုက်များ၏အမည်များမှာ မြင်ကွင်းထဲသို့ ရောက်လာသောကြောင့် ချီရှင်းချန်၏ခေါင်းထဲတွင် အချက်ပေးသံ တစီစီမြည်သွားခဲ့လေသည်။

 

ဇာတ်ညွှန်းအမည် : သမုဒ္ဒရာနှလုံးသား

 

အဓိကဇာတ်ဆောင်များ : ထောင်ထောင် ဖုန့်ချင်းယွမ်