အပိုင်း ၃၇
Viewers 27k

Chapter 37

 

ဖန်မိန်းကလေးအုပ်စုကိုစောင့်ရှောက်ရင်းမှ ချီရှင်းချန် သူ၏အရှိန်ကိုတမင်တကာ လျော့ချလိုက်ကာ သူတို့နှင့်စကားစမြည်ပြောရင်း လျှောက်လာလိုက်သည်။

 

" ကျွန်တော်အဆင်ပြေပါတယ်လေယာဉ်ပေါ်မှာတောက်လျောက်အိပ်ခဲ့တာဆိုတော့ ပင်ပန်းမနေပါဘူး…"

 

" ဒီကိုမိသားစုဝင်တွေကလာကြိုကြမှာပါသူတို့ကအခုကားပါကင်မှာစောင့်နေကြတာလေ…"

 

" နောက်ထပ်အလုပ်ထပ်မလုပ်သေးခင် ရက်အနည်းငယ်တော့အနားယူမှာပါစိတ်မပူပါနဲ့ ထပ်တော့မပျောက်သွားစေရပါဘူး…"

 

ကြယ်အလင်းတန်းများမှာ ချီရှင်းချန်ထိုမျှစိတ်ထားကောင်းပြီး သူတို့မေးသမျှဖြေပေးမည်ဟု မထင်ထားခဲ့ကြပေ။ သူတို့အားလုံး ပျော်ရွှင်စွာလိုက်လာလိုက်ကြသည်။

 

ဓာတ်လှေကားဝင်ပေါက်သို့ရောက်ချိန်တွင် ချီရှင်းချန် သူတို့ကိုပြောလိုက်သည်

 

 " ကဲ ကျွန်တော်ကဆင်းသွားရမှာဆိုတော့ မင်းတို့လည်းအိမ်ကိုစောစောပြန်ကြဦးပြန်တဲ့လမ်းမှာ ဘေးအန္တရာယ်ကင်းရှင်းကြပါစေနော်…"

 

" ဟုတ်ဟုတ် အစ်ကိုရောပဲ…"ကြယ်အလင်းတန်းများမှာ အလွန်ပင် ကောင်းမွန်စွာပြုမူကြသည်။

 

" ကောကော…" ထိုအချိန်တွင် မိန်းကလေးများထဲမှတစ်ဦးက ဘူးလေးတစ်ဘူးကို ထုတ်ယူလာကာ ပြောလိုက်သည် " အစ်ကို့အတွက်လက်ဆောင်ပါ…"

 

ပိုင်ရဲ့မှာ စာများနှင့်သူ၏တရားဝင်ဖန်ကလပ်များမှပေးသောလက်ဆောင်များမှ လွဲ၍အခြားကိုယ်ရေးကိုယ်တာလက်ဆောင်လက်ခံလေ့မရှိခြင်းကြောင့် ချီရှင်းချန်သည်လည်း သူ့အိုင်ဒေါ၏လမ်းစဉ်အတိုင်းကို လိုက်နာကာ ချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်

 

 " မင်းရဲ့ကြင်နာမှာကို ကျေးဇူးတင်ပေမယ့် လက်ဆောင်ကိုတော့ လက်မခံပါရစေနဲ့နော်…"

 

" ဒါကဈေးကြီးတာမျိုးမဟုတ်ပါဘူး…" ထိုမိန်းကလေးမှ ကမန်းကတန်းပြောလာခဲ့သည် " ဒါကညီမကိုယ်တိုင်လုပ်ထားတဲ့လက်ထိုးအရုပ်ကီးချိန်းလေးပါကောကောမယုံရင် တစ်ချက်ကြည့်လို့ရပါတယ်…"

 

သက်သေပြရန်အတွက် ထိုမိန်းကလေးမှ ဘူးကိုကပျာကယာဖွင့်ပြလိုက်သည်။

 

အမှန်တကယ်ပင် အထဲတွင် လက်ဖြင့်ထိုးထားသောအရုပ်ကီးချိန်းလေးတစ်ခုရှိနေခဲ့ပြီး မေးစေ့ချွန်ချွန် မျက်ရစ်တစ်ထပ်နှင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ၎င်းမှာချီရှင်းချန်၏ပုံတူအရုပ်အသေးစားလေးဖြစ်ကြောင်း သိနိုင်နေသည်။

 

ထိုအခိုက်တွင် ချီရှင်းချန်၏နှလုံးသားမှာ ပျော့ပြောင်းသွားရသည်

 

 " ဒါကို ဘယ်လောက်တောင်ကြာအောင်လုပ်ခဲ့ရတာလဲ…"

 

" တစ်ပတ်ကျော်လောက်ပါ…"

 

" ကောင်းပါပြီလေ…" ချီရှင်းချန် ခံစားသွားရသည်

 

 " ဒါဆိုရင် ဒီဟာကိုတော့လက်ခံလိုက်ပါ့မယ်ဒါပေမယ့်နောက်ကြရင်တော့ ထပ်မလုပ်ရတော့ဘူးနော်မင်းတို့ရဲ့အချိန်တွေကို စာလေ့လာဖို့နဲ့ အနားယူဖို့ပဲ ပိုပြီးသုံးကြရမယ်နော် ဟုတ်ပြီလားဘယ်လိုပဲဖြစ်ဖြစ် အားလုံးကိုတကယ်ကျေးဇူးတင်ပါတယ်နော်…"

 

ချီရှင်းချန် ကီးချိန်းကိုယူကာ သူ့လွယ်အိတ်၏ဘေးတွင်ချိတ်ထားလိုက်ခြင်းကြောင့် ကျန်သည့်ကြယ်အလင်းတန်းများမှာ ကမ္ဘာပြိုလောက်အောင် မနာလိုသည့်ငိုသံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

 

ချီမိသားစုမှာ လေဆိပ်တွင် သီးသန့်ကားပါကင်တစ်ခုရှိလေသည်။ ချီရှင်းချန် အချက်ပြမှုများနောက်ကိုလိုက်ကာ ၆၆၆နှင့်ဆုံးသော ချီယွီကျီး၏အတောင်ပံငယ်လေးများနှင့်ဘန်တလေ(Bentley)ကားလိုင်စင်ပြားကိုရှာဖွေလိုက်သည်။

 

နေရာသို့ရောက်ချိန်၌ ကားပါကင်တွင် ၆၆၆နှင့်ဆုံးသောကားသာမက ၇၇၇နှင့်ဆုံးသောကားလည်းရှိနေပုံပင်။

 

ချီယွီကျီးမှာ ကားကိုမှီ၍ သူမ၏မိတ်ကပ်ကို ပြန်ပြင်ရန်ပေါင်ဒါမှုန့်ဖြင့်ဖို့နေခဲ့သည်။ သီးသန့်ထုတ်လုပ်ထားသည့် ရှန်နယ်(Chanel)ဂျာကင်အတိုနှင့်စကပ်တိုကို ဒူးထိပါသည့်ဘွတ်ဖိနပ်နှင့်တွဲဖက်ဝတ်ဆင်ထားပြီး အခြေခံအားဖြင့် သူမ၏ခြေထောက်များကို နှစ်ဆရှည်လာပုံပေါ်နေခဲ့သည်။

 

ချီယွမ်ရှောင်မှာမူ သူမ၏ဘေးတွင်ရပ်ကာ ဖုန်းပြောလျက်ဖြင့် မြင့်မားသောကိုယ်ဟန်ကို ထုတ်ဖော်နေသည်။ သူ၏မီးခိုးပြာရောင်ရှပ်အင်္ကျီမှာမူ ဒုတိယကြယ်သီးအထိ လှစ်ဟထားခဲ့သည်။

 

စာရွက်စာတမ်းများကို ဖတ်ရှုနေရသည့်အတွက် အောက်သို့လျောဆင်းလာသော အနက်ရောင်မျက်မှန်ကိုင်းကိုပင် ပြန်မတင်နိုင်သေးသည်ဖြစ်ရာ ချီယွမ်ရှောင်အတွက် သီးသန့်လေထုတစ်ခု ထပ်ပေါင်းဖြစ်တည်နေပုံပင်။

 

ချီမိသားစု၏ဖခင်အိုကြီးမှာမူ အားလုံးထက်ပို၍ပင် သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကာ အနောက်တိုင်းဝတ်စုံကို လယ်သာရှုးဖိနပ်ဖြင့်တွဲဖက်၍ ဆံပင်များကို ကောင်းမွန်စွာဖီးသင်ထားသည်။ အဖေချီမှာ သက်လတ်ပိုင်းဦးလေးအရွယ်သို့ဝင်နေပြီဖြစ်သော်လည်း လွယ်ကူစွာပင် ရွယ်တူများကြား၌အချောဆုံးဦးလေးတစ်ယောက်ဖြစ်နေခဲ့သည်။

 

လူတိုင်းမှာ အကျအနဝတ်ဆင်ထားပြီး အကယ်၍သာ တစ်စုံတစ်ယောက်မှသူတို့ကိုမမှတ်မိခဲ့ပါက သူတို့မှာနိုင်ငံခေါင်းဆောင်ကို လာကြိုသည်ဟုပင်ထင်သွားနိုင်ပေမည်။

 

ချီရှင်းချန် သူဝတ်ဆင်ထားသည့်သက်တောင့်သက်သာဖြစ်သော လေကာအင်္ကျီနှင့်ဂျင်းဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီး ၁၀၀ရာခိုင်နှုန်းပင် နေရာနှင့်လိုက်ဖက်မှုမရှိပါကြောင်း ခံစားလိုက်ရသည်။

 

ထို့ကြောင့် ကိုးရိုးကားယားနိုင်စွာဖြင့် လည်ချောင်းကိုရှင်းကာ အဘယ့်ကြောင့်လူတိုင်းရောက်နေသည်လဲဟု မေးမည်အပြုတွင် သူ၏ဘေးမှ လန်ဘော်ဂီနီ (Lamborghini)ကားတံခါးမှ ရုတ်တရက်ပွင့်ဟလာခဲ့သည်။

 

ကားပေါ်မှ ခြေတံရှည်များနှင့် ဂျင်းဘောင်းဘီအပြဲကိုဝတ်ဆင်ထားပြီး အသက် ၁၇ ၁၈လောက်ရှိမည့်လူငယ်လေးတစ်ဦးဆင်းလာလေသည်။

 

ထိုလူငယ်လေးမှာ သူ၏ဆံပင်ကို ငွေမှင်ရောင်ဆိုးထားကာ ယနေ့တွင်ခေတ်အစားဆုံးဆံပင်ပုံစံဖြင့် အခြောက်မှုတ်ထားခဲ့သည်။ သူ၏မျက်ခုံးများမှာ ထင်းထွက်နေကာ လွှမ်းမိုးနိုင်စွမ်းရှိပြီး အဝတ်အစားများမှာ စတိုင်ကျနေသည်။ အလင်းရောင်အောက်တွင် ရောင်စဉ်ဖြာထွက်နေသော နားကပ်နှစ်ခုမှာ သူ၏ဘယ်ဘက်နားရွက်တွင် တည်ရှိနေခဲ့သည်။

 

မည်သူဖြစ်ကြောင်း ချီရှင်းချန်ပြန်စဉ်းစားနေစဉ်မှာပင် ထိုလူငယ်လေးမှ ပါးစပ်ကိုဖွင့်ကာ ခါးသီးနေဟန်ဖြင့် ပြောလာခဲ့သည်

 

 " ကော...ထွက်သွားတုန်းက ဘာလို့ ငါ့ကိုမပြောသွားတာလဲ…"

 

အိုးးး ချီရှင်းချန် မှတ်မိသွားလေပြီ။ ထိုသူမှာ မူလကိုယ်ရဲ့ဦးလေးမိသားစုမှ ဝမ်းကွဲညီငယ် ချီကျားကျစ်ပင်ဖြစ်သည်။

 

ချီကျားကျစ်၏ငိုသံပါကြီးကြောင့် ကျန်သူများလည်း သူတို့၏ရတနာလေးရောက်ရှိလာပြီဖြစ်ကြောင်းကို သိရှိသွားကြသည်။ ချီယွီကျီး သူမ၏ပေါင်ဒါဘူးကို ကပျာကယာဘေးဖယ်ကာ ချီကျားကျစ်ကို လှမ်းဆူလိုက်လေသည် 

 

" ကျားကျစ် နင့်အစ်ကိုကခရီးပန်းလာတာလေဒါကို အရင်ပြောမနေနဲ့တော့…"

 

ထိုသို့ပြောပြီးနောက် ချီယွီကျီး ချီရှင်းချန်ဘက်ကိုလှည့်ကာ သူမ၏အကြည့်ထဲတွင်စိုးရိမ်မှုများပါဝင်နေပြီး " ရှင်းရှင်း နင်ထပ်ပိန်သွားပုံပဲနော်…"

 

" မပိန်ပါဘူးကျွန်တော်လေ့ကျင့်ခန်းများများလုပ်ဖြစ်နေလို့ ကြွက်သားတွေကျစ်သွားတာကြောင့် ပိန်သလိုပေါက်နေတာပါဝိတ်ကဒီလောက်ကြီးမပြောင်းသွားပါဘူး…"

 

နောက်ပိုင်းအဆင့်များတွင် သူ့အတုအယောင်အိုင်ဒေါ၏မျက်စိဒေါက်ထောက်ကြည့်မှုကြောင့် ချီရှင်းချန်နဂိုစားနေသည်ထက်ပိုစားခဲ့ရသည်ဖြစ်ရာ မည်သို့များဝိတ်ကျသွားနိုင်ပါမည်နည်း

 

" ဒါဆိုလဲ ကောင်းပါပြီလေ…" ချီယွီကျီး၏မျက်ခုံးများမှာ ပြေလျော့သွားပြီး " ကျဲနင့်အတွက် စွပ်ပြုတ်နည်းနည်းပြုတ်ထားခဲ့တာ အခုလောက်ဆိုရင် အသင့်ဖြစ်လောက်ပြီပြန်သွားပြီးသောက်လိုက်ချည်…"

 

" အင်းးး ဒါနဲ့…" ချီရှင်းချန် မေးလိုက်မိသည် " ဘာလို့အားလုံးဒီကိုရောက်နေကြတာလဲ…"

 

" နင့်ကိုအိမ်ပြန်ဖို့လာကြိုတာလေ…"

 

ချီယွီကျီးမှာ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်းမှ ပြန်ဖြေလိုက်ပြီး အဖေချီနှင့်ချီယွမ်ရှောင်တို့သည်လည်း တပြိုင်နက်တည်းခေါင်းငြိမ့်လိုက်ကြသည်။

 

ချီရှင်းချန်၏နှလုံးသားမှာ ရေအိုင်တစ်ခုသဖွယ် ပျော်ကျသွားခဲ့ရပြီးသူပြုံးလိုက်မိသည်။

 

၆၆၆မှာ ချီယွီကျီး၏ကားဖြစ်ပြီး ၇၇၇မှာမူ ချီယွမ်ရှောင်၏ကားဖြစ်ကာ အိမ်ပြန်ချိန်ရောက်သောအခါ သူတို့လိုက်ဖက်ညီမှုကို ဆက်လက်ထိန်းမထားနိုင်ကြတော့ပေ။

 

ချီယွီကျီးမှ " ရှင်းရှင်း ကျဲရဲ့ကားပေါ်တက်နင့်ကိုငါကိုယ်တိုင်ပြန်မောင်းပို့ပေးမယ်…"

 

" သူမောင်းတာက ကြမ်းလွန်းတယ်…" ချီယွမ်ရှောင်မှပြောလိုက်သည် " ငါလောင်စွန်းကိုပါ ခေါ်လာတာမလို့ ငါနဲ့ပြန်လိုက်တာက ပိုကောင်းလိမ့်မယ်‌…"

 

လောင်စွန်းမှာ ချီမိသားစု၏ကားဒရိုက်ဘာများထဲတွင် အတည်ငြိမ်ဆုံးမောင်းနိုင်သူဖြစ်သည်။

 

" အမှန်ပဲယွမ်ရှောင်ရဲ့ကားပဲစီးလိုက်ပါ…" ချီယွမ်ရှောင်နှင့် တစ်ကားတည်းတွင် ရှိနေသော အဖေချီမှ ဝင်ပြောလိုက်သည်။

 

ချီယွီကျီး၏မျက်နှာငယ်လေးမှာ ချက်ချင်းဆိုသလို အုံ့မှိုင်းသွားပြီး ကမ္ဘာစစ်ဖြစ်ရန် နီးကပ်လာလေပြီ။

 

ချီရှင်းချန်မှာမူ သူတို့ကြောင့် ဦးရေပြားများပင် ထုံကျင်နေရပြီး တစ်ယောက်ကိုရွေးချယ်လိုက်ပါက ကျန်သည့်တစ်ယောက်မှာ မပျော်မရွှင်ဖြစ်သွားမည်ဖြစ်ရာ မည်သူကမှမရွေးရန် ဆုံးဖြတ်လိုက်သည် 

 

" ကျွန်တော်ကျားကျစ်ရဲ့ကားကိုပဲ စီးလိုက်ပါ့မယ်အသွားတုန်းက အသိမပေးမိခဲ့တော့ အပြန်လမ်းမှာ ရှင်းပြလို့ရသွားတာပေါ့…"

 

ဤသည်ကို ကြားလိုက်ရချိန်တွင် ချီယွီကျီး၏ မသာမယာဖြစ်နေသောအမူအယာမှာပျောက်ကွယ်သွားပြီး သူမ၏အခြေအနေမှာ တဖြည်းဖြည်းပြန်ကောင်းလာကာ ချီယွမ်ရှောင်မှလည်း " မင်းဘာလုပ်နေလဲဆိုတာကို နားလည်နေတာကောင်းတယ်…." ဟူသည့်အကြည့်တစ်ချက်ပေး၍ သူ၏ကားတံခါးကိုဖွင့်လိုက်လေသည်။

 

" ဒီလိုဆိုတော့လဲကောင်းပါပြီလေ.." ကျန်သည့်သူများလည်း လက်ခံသွားကြသည်။

 

ညနေ၆နာရီ ကားပိတ်ချိန်မှာ ကျော်လွန်သွားပြီဖြစ်သည့်အတွက် လမ်းမပေါ်တွင် ကားများများစားစားမရှိဘဲ ချီမိသားစု၏ကားသုံးစီးသည်သာ တန်းစီလျက်ဖြင့် အိမ်သို့ပြန်နေကြသည်။

 

အပြန်လမ်းတွင် ချီကျားကျစ်မှအရှေ့သို့စိုက်ကြည့်ကာ အေးစက်စွာပြောလာခဲ့သည် 

 

" ဘာကိုရှင်းပြမလို့နေဦး မတောင်းပန်ရဘူးနော်ငါ့ကိုတောင်းပန်လို့လဲ ဘာမှမထူးဘူး…"

 

ချီရှင်းချန် သီးသွားရသည်။

 

ချီကျားကျစ်မှာ ကျောင်းအိပ်ကျောင်းစားနေနေသည်ဖြစ်ရာ သူ၏အိမ်သို့ မကြာခဏလာမလည်နိုင်ခဲ့ပေ။ ထို့အပြင် ဤအချိန်၌ ချီရှင်းချန်မှာကူးပြောင်းလာရခြင်းကြောင့် ဂယောက်ဂယက်ဖြစ်နေခဲ့ရသည့်အတွက် သွေးရင်းအစ်မဖြစ်သူ ချီယွီကျီးကိုပင် စကားများများမပြောခဲ့လေရာ မူလကိုယ်၏သွေးဝေးဝမ်းကွဲအတွက်မူ ပို၍ပင်နည်းလိမ့်ဦးမည်။

 

မူလကိုယ်၏ပြန့်ကျဲနေသောမှတ်ဉာဏ်များအရဆိုလျှင် ချီကျားကျစ်မှာဆိုးရွားသောစိတ်ထားရှိသော်လည်း သူ့အပေါ်ကိုမူ အတော်လေးကောင်းစွာဆက်ဆံပေးခဲ့သည်။

 

အရေးကြီးဆုံးအချက်မှာ ဤချီကျားကျစ်သည်လည်း အမြှောက်စာတစ်ယောက်ဖြစ်နေခဲ့ခြင်းပင်။

 

အတိအကျအချက်အလက်များကို ချီရှင်းချန် ပြန်လည်မရှာဖွေရသေးသော်လည်း ကြည့်ရသည်မှာ ထောင်ထောင်၏မောင်ငယ်ဖြစ်သူနှင့် သက်ဆိုင်နေပုံရသည်။

 

ထို့ကြောင့် ဤညီအစ်ကိုကောင်းလေး၏ပုံစံမပြိုကွဲရစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။

 

ချီရှင်းချန်မှ " ဒါဆိုရင် မင်းစိတ်ပြေသွားအောင် ဘာလုပ်ပေးရမလဲ…"

 

" ဒါကိုတောင် မေးနေဖို့လိုသေးတာလား…"

 

ချီရှင်းချန် : "...."

 

" မေ့လိုက်တော့…" ချီကျားကျစ်နှာခေါင်းရှုံ့လိုက်ပြီး " မရိုးသားလိုက်တာနော်…"

 

မိဘမဲ့ဂေဟာမှသည် ဆက်ကပ်အဖွဲ့အထိ ချီရှင်းချန် ဆုံတွေ့ခဲ့ရသောကလေးများအားလုံးမှာ ဆင်းရဲသောနောက်ခံမှလာသူများသာဖြစ်နေသောကြောင့် သူဤကဲ့သို့ညီငယ်လေးမျိုးနှင့် ပေါင်းသင်းနိုင်ရန် တစ်ခါမှအခွင့်အရေးမရခဲ့ဖူးပေ။ ထို့ကြောင့် ချီရှင်းချန် မည်သို့ပြန်ဖြေရမည်ဆိုသည်ကို မသိနိုင်သဖြင့် ခေါင်းကိုသာ လျော့တိလျော့ရွဲဖြင့် ငြိမ့်ပြလိုက်ရသည်။

 

ပေါင်ပေါ်မှဖုန်းကိုမြင်လိုက်ရချိန်၌ ချီရှင်းချန်ရုတ်တရက်ဆို လောချိုးမန်နှင့်အခြားသူများမှာ ပြန်ရောက်ချိန်တွင် အန္တရာယ်ကင်းကြောင်းသတင်းပို့ရန် မှာကြားထားသည်ကို သတိရသွားခဲ့သည်။ သို့ဖြစ်ရာ ချီရှင်းချန် ကမန်းကတန်းဝီချက်ကိုဖွင့်ကာ လူတိုင်းကိုစာပြန်လိုက်ရသည်။

 

ပိုင်ရဲ့၏အလှည့်သို့ရောက်လာချိန်၌ ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် ရေးချလိုက်သည် [ ကျွန်တော်ရောက်ပါပြီအစ်ကိုကော ဟိုကိုရောက်နေပြီလား… ]

 

မေးခွန်းများကို ပြန်ဖြေပြီးသည့်နောက် တစ်ဖက်သူမှ သူ၏ဘေးကင်းကြောင်းစာကိုမြင်မြင်ချင်း အကြောင်းပြန်လာမည့်အခွင့်အရေးကို ကောင်းစွာလျော့ချနိုင်မည်ဟု သူထင်နေမိသည်။

 

ကံမကောင်းစွာဖြင့် ပိုင်ရဲ့မှလွဲ၍လူတိုင်းမှာ ဆယ်မိနစ်အတွင်းစာပြန်လာခဲ့ကြသည်။

 

လေယာဉ်မစိုက်သေးတာ ဖြစ်နိုင်ပေမည်ချီရှင်းချန် ထိုသို့တွေး၍ ဖုန်းကိုအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

 

တစ်စုံတစ်ခုသောအကြောင်းအရင်းကြောင့် ချီကျားကျစ်ရုတ်တရက် ဘရိတ်ကိုကြမ်းတင်းစွာဆောင့်နင်းလိုက်ရာ ချီရှင်းချန်၏ခန္ဓာကိုယ်မှာ အတွင်းခန်းထဲတွင် ပျံတက်သွားပြီး ခါးပတ်ကြိုးမှထိန်းထားပေးသည့်အတွက် ထိုင်ခုံနှင့်ခေါင်းကိုရိုက်မိသွားသည်။

 

" အစ်…."

 

ထိုင်ခုံမှာ မမာလှသော်လည်း ရိုက်မိသွားသည်ခံစားချက်မှာ များစွာသာယာဖွယ်ရှိမနေချေ။ ချီရှင်းချန်၏မျက်လုံးရှေ့တွင် အမဲရောင်အစက်အပြောက်များပေါ်လာကာ သူကြောင်အသွားရသည်။

 

လက်တစ်ဖက်မှာ ချီရှင်းချန်၏ခေါင်းနောက်သို့ရောက်ရှိလာပြီး ဆောင့်မိသွားသည့်နေရာတဝိုက်ကို ကြမ်းကြမ်းတမ်းတမ်းစစ်ကြည့်နေကာ ချီကျားကျစ်စိုးရိမ်တကြီးပြောလာခဲ့သည်

 

 " ကော..  ခေါင်းတော့မကွဲသွားပါဘူးနော်…"

 

" မကွဲပါဘူး.." ချီရှင်းချန် ခေါင်းကိုဖြည်းဖြည်းချင်းယမ်းကာ " နည်းနည်းမူးသွားရုံပါ အခုတော့အဆင်ပြေသွားပါပြီ…"

 

ချီကျားကျစ်မှာ စိတ်မချနိုင်သေးဘဲ သူ၏လက်ချောင်းများကို ချီရှင်းချန်၏ခေါင်းနောက်တွင် ဆက်လက်ပြေးလွှားစေလိုက်ပြီးနောက် သွေးမထွက်လာကြောင်း သက်သေပြနိုင်သည့်အချိန်မှသာ စိတ်ချသွားရကာ ချီကျားကျစ်၏ကြမ်းတမ်းသောပုံစံထွက်ပေါ်လာခဲ့သည် 

 

" ကော အနောက်ဘက်မှာ ကောကြိုက်တဲ့ချိုချဉ်ပျော့လေးတွေရှိတယ်စားရင်းနဲ့ငါ့ကိုခဏစောင့်ဦးနော်…"

 

ထိုသို့ပြောပြီးနောက် ချီကျားကျစ်ကားတံခါးကိုဖွင့်ကာ ထွက်သွားမည့်ပုံပေါ်နေသည့်အတွက် ချီရှင်းချန် ကပျာကယာသူ၏အင်္ကျီလက်ကိုဆွဲ၍ ရပ်တန့်လိုက်ရသည်

 

 " ဘာသွားလုပ်မလို့လဲ…"

 

" လမ်းဖြတ်ကူးတဲ့ကောင်ကို သင်ခန်းစာသွားပေးမလို့လေ…"

 

ချီရှင်းချန် ချီကျားကျစ်၏အကြည့်နောက်သို့လိုက်သွားလိုက်ရာ လမ်းလယ်ခေါင် လူသွားလမ်းမပေါ်တွင် ကျောင်းဝတ်စုံဖြင့်လူငယ်လေးတစ်ယောက်မှာ အိတ်ကိုပိုက်လျက် ခေါင်းကိုငုံ့ကာ ဖြည်းဖြည်းလျှောက်သွားနေသည်ကို မြင်လိုက်ရသည်။

 

" ဒီအတိုင်းထားလိုက်ပြီး အိမ်ကိုပဲပြန်ကြရအောင်ပါ.." ‌ချီရှင်းချန် ခေါင်းကိုယမ်းကာပြောလိုက်သည် " သူလည်း တစ်ခုခုတွေးနေမိတာတို့ နေမကောင်းနေတာတို့ကြောင့် နေမှာပေါ့…"

 

" ဒီအတိုင်းလွှတ်ပေးရမှာလားအိမ်မက်ထဲမှာပဲရမယ်…" ချီရှင်းချန် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး " သူကကောကို နာကျင်အောင်လုပ်ရဲမှတော့ ဒီလောင်ဇီကသူ့ကိုသေချာပေါက်ကို သတ်မှာ…"

 

......

 

စာရေးသူထံတွင် ပြောစရာရှိပါတယ်

 

တင်းးး အစ်ကိုကိုကာကွယ်မဲ့မိစ္ဆာကောင်ကြီး လိုင်းပေါ်ရောက်လာပါပြီ

 

မင်းတို့အားလုံးမရှုပ်သွားစေဖို့အတွက် ချီမိသားစုကနာမည်တွေအားလုံးကိုရှင်းပြပါ့မယ်

 

အဖေချီ : ချီရှောင်မင်

 

အစ်ကိုကြီး : ချီယွမ်ရှောင်

 

အစ်မကြီ : ချီယွီကျီး

 

ဝမ်းကွဲညီ : ချီကျားကျစ်

 

ငယ်သူငယ်ချင်းလေး : လျန်ကျင်း

 

ချီမိသားစုကို ဒီလူတွေနဲ့ဖွဲ့စည်းထားပြီးတော့ အမေချီကတော့ အရင်ကတည်းကဆုံးသွားပြီဖြစ်တဲ့အတွက် သူမအခန်းတွေက ပါမှာမဟုတ်ပါဘူးလူတိုင်းက ကိုယ့်ရဲ့ရှင်းရှင်းလေးကိုဆက်ပြီးအားပေးသွားကြမယ်လို့ မျှော်လင့်မိပါတယ်မကြာခင်မှာပဲ သူကဒရမ်မာတစ်ကားကို ရိုက်ကူးတော့မှာပါ