Chapter 36
ပုံသေဧည့်သည်တော်ခြောက်ယောက်နှင့်
ခရီးစဉ်လေးနေရာအတွင်းမှ
ယာယီဧည့်သည်များမှာ ရသစုံရှိုးတစ်ခုလုံး၏ရိုက်ကူးရေးကို
အောင်အောင်မြင်မြင်ပြီးဆုံးအောင်
ရိုက်နိုင်ခဲ့ကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင်
ပရိသတ်များအတွက် လက်ဆောင်ပေးမည့်အစီအစဉ်သို့သွားရမည့်အချိန်၌
ပြောစရာမလိုအောင်ပင် ပိုင်ရဲ့၏လက်ဆောင်မှာ မဲအများဆုံးဖြစ်ပြီး ဒုတိယတစ်ခုမှာမူ လုံးဝမမျှော်လင့်ထားသူဖြစ်နေခဲ့သည်။
ဤသည်မှာ
အမှန်တကယ်ကို ချီရှင်းချန်၏လက်ဆောင်ဖြစ်နေလေသည်။
သူတို့နှစ်ဦးလုံးသီးခြားဆုကြေးကိုယ်စီရရှိခဲ့ကြသော်လည်း
အံ့ဩစရာကောင်းသည်မှာ ခရီးစဉ်တစ်လျောက်လုံးတွင် ထိုပိုက်ဆံကို အသုံးမပြုခဲ့ကြချေ။
နောက်ဆုံးအလည်အပတ်ပြီးဆုံးသွားချိန်တွင်
လူတိုင်းကို မှတ်ချက်ပေးခိုင်းရန်အတွက် သီးခြားစီအင်တာဗျူးလိုက်ကြသည်။
ချီရှင်းချန်၏အလှည့်တွင်
လက်ထောက်ဒါရိုက်တာမှ မေးလိုက်သည်
" ရှောင်ရှင်းရှင်း
မင်းရဲ့သီးသန့်ဆုကြေးကို
ဘယ်လိုသုံးဖို့စီစဉ်ထားလဲ…"
" နျိုပမ်းမြို့က
ကလေးတွေကိုလှုသွားမှာပါ…"
ပိုင်ရဲ့၏အလှည့်တွင်လည်း
လက်ထောက်ဒါရိုက်တာမှ တူညီသောမေးခွန်းကို မေးလာပြန်သည်။
" နျိုပမ်းမြို့က
ကလေးတွေကို လှုမှာ…"
သူတို့နှစ်ဦးစလုံး၏အတွေးများမှာ
တစ်ထပ်တည်းကျနေသောကြောင့်
ထိုအပိုင်းကိုပြသချိန်တွင်
CP ဖန်များမှာ သကြားလုံးကြီးကြီးတစ်လုံးစားလိုက်ကြရလေသည်။
သူတို့မထွက်ခွာခင်ညတွင်
ပရိုဂရမ်အဖွဲ့မှ ရိုးရာအတိုင်းပွဲတစ်ခုကျင်းပပေးခဲ့ကြသည်။
ဒါရိုက်တာကျောက်မှ ၎င်းအတွက်ဟိုတယ်တစ်ထပ်လုံးကို
ဘိုကင်တင်ပေးထားပြီး ထုတ်လုပ်သူများနှင့်ရင်းနှီးမြုပ်နှံသူများအားလုံးလည်း
တက်ရောက်ခဲ့ကြသည်။
ပိုင်ရဲ့မှာ
ထိုကဲ့သို့သောအရာမျိုးကိုသဘောမကျသည့်အတွက်
ရိုးရှင်းစွာကိုင်တွယ်ခဲ့သည်။
ချီရှင်းချန်မှာမူ သူ၏ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်သောကြောင့်
ထောင့်တစ်ထောင့်တွင်ထိုင်ကာ
လူတိုင်း၏စကားဝိုင်းများနှင့်လုပ်ဆောင်မှုများကို
တိတ်တဆိတ်လေ့လာနေလိုက်သည်။
အရက်သုံးဝိုင်းခန့်ပြီးဆုံးသွားပြီးနောက်
လူတိုင်း၏မျက်နှာပေါ်တွင်
မူးယစ်နေသောအမူအယာများထွက်ပေါ်လာကြသည်။
ဒါရိုက်တာကျောက်မှ ချီရှင်းချန်ကို လက်ပြ၍ " ရှင်းရှင်း ဒီကိုလာပါဦး…"
ချီရှင်းချန်
နာနာခံခံဖြင့် သွားလိုက်ပြီးနောက် ဒါရိုက်တာကျောက်နှင့်သူ၏ဘေးမှ
ရင်းနှီးမြုပ်နှံသူ ဥက္ကဋ္ဌဝူအတွက် အရက်ငှဲ့ပေးလိုက်သည်။
" အိုးးး
ဒီကလေးက အတော်လေးအမြင်ရှိတာပဲ…"
ဥက္ကဌဝူမှမေးလိုက်သည်
" သူပွဲဦးထွက်တာဘယ်လောက်ကြာပြီလဲ…"
" ပွဲဦးထွက်တာ
တစ်နှစ်ကျော်ပြီဆိုပေမယ့်
မကြာသေးမီကမှ သူ့မျက်နှာကိုပြနိုင်မဲ့အခွင့်အရေးရခဲ့တာလေ…"
ဒါရိုက်တာကျောက်မှ ချီရှင်းချန်အတွက်ဖြေပေးလိုက်သည်
" သူကအတော်လေးကို
ဉာဏ်ကောင်းပြီးပါးနပ်တာလေ…
ပြီးတော့ ခက်ခဲမှုတွေကိုလည်း သည်းခံနိုင်တယ်…သူ့ရဲ့လက်မှုအတတ်မှာလည်း ဆရာတစ်ဆူဆိုတော့ နောက်ကြရင် သေချာပေါက်အမှားအယွင်းဖြစ်မှာမဟုတ်ဘူး…"
ချီရှင်းချန်
ဒါရိုက်တာကျောက်ထံသို့
ကျေးဇူးတင်နေသည့်အကြည့်တစ်ချက်ပေးလိုက်သည်။
လူသိများသောရသစုံရှိုးဒါရိုက်တာနှင့်
စာရေးသူတစ်ဦးအနေဖြင့်
ဒါရိုက်တာကျောက်၏စကားများမှာ
ပံ့ပိုးမှုနှင့်လမ်းညွှန်မှုဟု
မှတ်ယူနိုင်ပေမည်။ ရသစုံရှိုးရိုက်ကူးခြင်း၏ပထမဆုံးအကြိမ်မှာပင်
ဤကဲ့သို့စိတ်ထားကောင်းသောဒါရိုက်တာကိုတွေ့ဆုံရသည့်အတွက်
ချီရှင်းချန် အလွန်တရာကျေးဇူးတင်နေမိသည်။
ဒါရိုက်တာကျောက်အမှန်တကယ်တွေးနေသောအရာကိုမူ
ချီရှင်းချန်သိမနေခဲ့ချေ။
ဒါရိုက်တာကျောက်၏စိတ်ထဲတွင်တွေးနေမိသည်မှာ
ဤနတ်ဆိုးလေး၏အနာဂတ်မှာ
အလွန်ဖြောင့်ဖြူးနေသည့်အတွက်
သူသာယခုအချိန်တွင် ချီရှင်းချန်နှင့်ဆက်ဆံရေးကောင်းတစ်ခုကို
တည်ဆောက်နိုင်ခဲ့ပါက နောက်တစ်ချိန် သူချီရှင်းချန်ကိုငှားရမ်းရန်
လိုအပ်လာပါက အလွယ်တကူမျက်နှာလိုက်၍ ငှားနိုင်မည်ဖြစ်သောကြောင့်
မကောင်းပေဘူးလားဟူ၍ တွေးနေမိခြင်းဖြစ်သည်။
ဥက္ကဌဝူနှင့်ခွက်ရေအနည်းငယ်သောက်ပြီးနောက်
ဥက္ကဌဝူ၏လက်ထောက်နှင့်
ဆက်သွယ်နိုင်မည့်အချက်အလက်များ
လဲလှယ်လိုက်ကြသည်။ ထို့ကြောင့် ချီရှင်းချန် အနည်းငယ်မူးနောက်နောက်ဖြစ်လာသည့်အတွက်
လေကောင်းလေသန့်အနည်းငယ်ရှုရန်
ဝရန်တာရှိရာသို့ပြန်လာခဲ့သည်။
ညလေအေးများမှာ
သူ၏မျက်နှာပေါ်သို့လာရောက်တိုက်ခတ်နေသည့်အတွက်
ချီရှင်းချန်ပို၍ပင် မူးဝေလာရသည်။ ထိုအချိန်၌ အနောက်မှသူ့ကိုတစ်စုံတစ်ယောက်က
လှမ်းခေါ်လာခဲ့သည်
" ရှင်းရှင်း
နင်လား…"
" ကျွန်တော်ပါ…"
ချီရှင်းချန် မေးလိုက်သည် " ကျီယုကျဲ… အစ်မကော ဒီမှာလေညင်းလာခံတာလား…"
" မဟုတ်ပါဘူး
ငါကနင့်ကိုလာရှာတာ…"
လျိုကျီယု
သူမ၏နောက်မှဝဲကျနေသောဂါဝန်စကို
ဆွဲယူကာ ချီရှင်းချန်ဘေးမှလက်ရန်းပေါ်တွင်
မှီလိုက်ပြီး " ရှင်းရှင်း ငါအခုချိန်မှာ နင့်ကိုမပြောရသေးတာတစ်ခုရှိပေမယ့်
နောက်ကျရင် မပြောနိုင်လိုက်မှာကို ပိုကြောက်နေမိတာ…"
" ဘာများလဲ…"
" ငါနင့်ကိုတောင်းပန်ပါတယ်…
ပြီးတော့ ကျေးဇူးလည်းတင်တယ်…"
လျိုကျီယု၏အကြည့်များမှာ
ရိုးရှင်းနေခဲ့သည်
" အဲဒီညတုန်းကသာ
နင်မကူညီခဲ့ရင် ငါအခုဒီနေရာရပ်နေနိုင်မှာတောင်
မဟုတ်ဘူး…နင်ကငါ့ကိုကယ်ခဲ့တဲ့သူဖြစ်ပေမယ့်
အရင်တုန်းကငါနင့်ကို အရမ်းဆန့်ကျင်မိတာလေ…ငါနင့်ရဲ့စိတ်ကောင်းကိုတောင်
ငါ့ရဲ့ပုတ်သိုးနေတဲ့နှလုံးသားနဲ့ယှဉ်ပြီး
နင်ကအန္တရာယ်ကျနေတဲ့လူတစ်ယောက်ကို
လစ်လျုရှုမယ်လို့ တွေးနေမိခဲ့တာ…ငါတကယ်ပဲ အရမ်းကိုအားနာမိပါတယ်…"
ဖြစ်ပျက်ခဲ့သည်များမှာ
ရက်သတ္တပတ်ပေါင်းများစွာပင်
ကြာမြင့်နေပြီဖြစ်သောကြောင့်
ချီရှင်းချန်မေ့ထားလိုက်သည်မှာ
ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ချီရှင်းချန် လျိုကျီယုကို နှစ်သိမ့်ပေးလိုက်သည်။
" မဟုတ်တာ
ရှင်းရှင်း နင်ငါ့ကိုနှစ်သိမ့်ပေးဖို့မလိုပါဘူးဟာ…ကျေးဇူးပြုပြီး ငါတောင်းပန်တာကို လက်ခံပေးပါနော်…"
အခြေအနေမှာဤသို့ဖြစ်နေသည့်အတွက်
ချီရှင်းချန်ပြုံးလိုက်ပြီး
" ကောင်းပါပြီ ကျီယုကျဲ… ကျွန်တော်လက်ခံပါတယ်…"
" ဒါဆိုရင်
ငါတို့…" လျိုကျီယု စမ်းမေးကြည့်လိုက်သည်
" ငါတို့နောက်ကြရင်
သူငယ်ချင်းကောင်းတွေလုပ်လို့ရနိုင်မလားဟင်…"
ချီရှင်းချန်
ခေါင်းငြိမ့်ပြလိုက်ပြီး
" ဒါပေါ့ လုပ်လို့ရပါတယ်…"
" ဟုတ်ပြီ…
ဒါဆိုအခုကစပြီးငါတို့သူငယ်ချင်းကောင်းတွေလုပ်ကြမှာနော်…
ဒါပေမယ့်တိတ်တိတ်လေးပေါ့…ငါသာလိုင်းပေါ်မှာအဆဲခံရရင်
နင်ကူပြောပေးတာတို့ ပြန်တိုက်ပေးတာတို့မလုပ်ရဘူးနော်…
မဟုတ်ရင်နင့်ကိုပါအမှုပတ်လာလိမ့်မယ်…"
သူမ၏လှပသောအခြားတစ်ဖက်ကို
ထုတ်ဖော်ပြသလိုက်ချိန်တွင်
လျိုကျီယုမှာ အမှန်တကယ်ကို ထောင်ထောင်ထက်ပို၍ရိုးသားနေသည့်အတွက်
ချီရှင်းချန် ရင်ထဲထိရှသွားရသည်။
ထို့ကြောင့်
ချီရှင်းချန် ယဉ်ကျေးစွာပြန်ဖြေလိုက်သည်
" ကောင်းပါပြီဗျာ…"
လျိုကျီယုနှင့်အချိန်ခဏမျှစကားပြောဆိုလိုက်ပြီးနောက်
သူမ၏အသိုင်းအဝိုင်းစီသို့
ပြန်သွားရမည်ဖြစ်သည့်အတွက်
မပြန်ခင် " နင်လိုတာရှိရင်ငါ့ကိုဖုန်းသာကောက်ခေါ်လိုက်နော်…"
ဟုပြောကာ လျိုကျီယုပြန်ထွက်သွားခဲ့သည်။
ချီရှင်းချန်မှာမူ
လုံလောက်အောင်လေမရသေးချေဟု
ခံစားနေရသည့်အတွက် ထိုနေရာတွင်သာ ဆက်ရပ်နေခဲ့ပြီး ခဏအကြာတွင် သူ၏နောက်သို့ လူတစ်ယောက်ရောက်လာခဲ့သည်။
အနက်ရောင်အနောက်တိုင်းဝတ်စုံဖြင့်ပိုင်ရဲ့မှာ
ချီရှင်းချန်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး
" မင်းမူးနေတာလား…"
ဟုမေးလာခဲ့သည်။
" နည်းနည်းပါ…"
ပိုင်ရဲ့အနားသို့တိုးကပ်သွားချိန်၌
သူ့ဖန်လေး၏အသားအရေနှင့်
မျက်နှာအမူအယာမှာ ပုံမှန်အတိုင်းသာရှိနေသော်လည်း
မျက်လုံးမှာမူ ယခင်ကဲ့သို့ကြည်လင်မနေဘဲ အုံ့မှိုင်းကာ အရည်လဲ့နေခဲ့သည်။
" ငါ့နောက်လိုက်ခဲ့…
ငါဟိုတယ်ကိုပြန်ခေါ်သွားပေးမယ်…"
ပိုင်ရဲ့မှပြောလိုက်သည်။
" မလိုတော့ပါဘူး…ကျေးဇူးပါ ကျွန်တော်လည်း တော်တော်လေးအမူးပြေနေပါပြီ…
လေနည်းနည်းလောက်ထပ်ခံလိုက်ရင်
အဆင်ပြေသွားပါလိမ့်မယ်…"
ပိုင်ရဲ့
ချီရှင်းချန်၏ဆုံးဖြတ်ချက်ကိုလေးစားကာ
" အမ်းးး…"
ဟူ၍သာပြန်ဖြေလိုက်သည်။
ညဘက်အချိန်
မြို့ထဲတွင်တိတ်ဆိတ်နေခြင်းမှာ
ရှားပါးလှသည့်အတွက် ချီရှင်းချန် မနေနိုင်ဘဲ မေးလိုက်မိသည် " ကျွန်တော့်မှာမေးစရာတစ်ခုရှိတယ်…"
" ပြော…"
ယခင်တစ်ခေါက်
ပိုင်ရဲ့ သူ၏ဖန်များနှင့်သူ့ကိုမိတ်ဆက်ပေးစဉ်က
လုပ်ဖော်ကိုင်ဖက်ဟု သုံးခဲ့သည်အား ချီရှင်းချန်မှတ်မိနေသည့်အတွက်
အံတင်းတင်းကြိတ်ကာ မေးလိုက်လေသည် " မနက်ဖြန်ပြီးရင်ကော…ကျွန်တော်တို့တွေ လုပ်ဖော်ကိုင်ဖက်အဖြစ်တည်ရှိနေဦးမှာလား…"
လုပ်ဖော်ကိုင်ဖက်အဖြစ်လား…
ပိုင်ရဲ့ခပ်ဖွဖွရယ်လိုက်မိသည်။
သူ၏ဖန်လေးမူးနေသည်ကို
စိတ်ပူမိသောကြောင့် ပိုင်ရဲ့ လမ်းတစ်လျောက်လုံး အနောက်မှတိတ်တိတ်ကလေးကပ်လိုက်လာကာ
အနှောင့်အယှက်မပေးမိစေရန်အလို့ငှာ
အသံတစ်ချက်မပြုရဲခဲ့ပေ။
ယခုအချိန်မှာမူ
လျိုကျီယု၏ကြောင်တောင်တောင်မေးခွန်းကို
ချီရှင်းချန်မှ သူ့အားမေးလာသောအခါ ပိုင်ရဲ့အမှန်တကယ်ကို ရယ်ချင်လာသောကြောင့် နှုတ်ခမ်းကိုဖိထားလိုက်ရသည်
" မဖြစ်နိုင်ဘူး…"
အငြင်းခံလိုက်ရသည့်အတွက်
ချီရှင်းချန် ကြောင်အသွားရသည် " တောင်းပန်ပါတယ်…ကျွန်တော်အရမ်းအလျင်စလိုလုပ်မိ…"
" မင်းကလုပ်ဖော်ကိုင်ဖက်မဟုတ်ဘူးလေ.."
ပိုင်ရဲ့ကြားဖြတ်ပြောလိုက်သည်
" မင်းကကိုယ့်ရဲ့ဖန်…
ကိုယ့်ရဲ့သူငယ်ချင်းပဲ…"
အရက်ကြောင့်ထုံဝေနေသည့်သူ၏အာရုံကြောများမှာ
တောင့်တင်းသွားရသဖြင့်
ချီရှင်းချန် အချိန်မီ မတုန့်ပြန်လိုက်နိုင်ပေ။
ချီရှင်းချန်၏
ကြောင်တောင်တောင်အကြည့်ကြောင့်
ပိုင်ရဲ့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
" ဘာလဲ
မင်းက ကိုယ့်ရဲ့အိုင်ဒေါနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလား…
ဒါမှမဟုတ် နံရံကျော်တက်ဖို့ပြင်နေတာများလား…"
........
" ငါလေးက
နံရံကျော်မတက်ချင်နေပါဘူးနော်…"
ချီရှင်းချန်
အိပ်ရာပေါ်တွင်ထိုင်ချလိုက်သည်နှင့်
ပွင့်ထွက်သောနွေဦးစမ်းချောင်းတစ်စင်းကဲ့သို့
ဟစ်ကြွေးလိုက်သည်။
အချိန်တစ်ခုခန့်ကြာပြီးနောက်
သူ့အပေါ်သို့ကျဆင်းလာသည့်အလင်းရောင်မှာ
အလွန်တောက်ပနေကာ မျက်လုံးမဖွင့်နိုင်အောင်လုပ်နေခဲ့သည်။
ချီရှင်းချန် မျက်လုံးကိုအုပ်ကာ ဘေးဘက်သို့လှည့်လိုက်ရသည်။ လိုက်ကာစများမှ တားဆီးမထားနိုင်သည့်နေရောင်ကို
မြင်လိုက်ရသည့်အချိန်မှသာ
ချီရှင်းချန် ယမန်နေ့ညမှာ ကုန်ဆုံးသွားပြီး မိုးစင်စင်လင်းနေပြီဖြစ်ကြောင်းကို
သိလိုက်ရသည်။
အတုအယောင်အိုင်ဒေါ၏ကျေးဇူးတော်ကြောင့်
ချီရှင်းချန် တစ်ညလုံးတွင် တူညီသောအိမ်မက်တစ်ခုသာ မက်ခဲ့ရသည်။ အိမ်မက်ထဲတွင် သူ၏အစစ်အမှန်အိုင်ဒေါမှ
" မင်းနံရံကိုကျော်တက်ခဲ့တာလား…
နံရံကိုကျော်တက်ခဲ့တာလား…
နံရံကျော်ခဲ့လား.."
စသည်ဖြင့် ဆက်တိုက်ဆိုသလို ထပ်ခါတလဲလဲမေးမြန်းနေခဲ့သည်။
သူကဘယ်လိုလုပ်ပြီး
နံရံကျော်တက်ရဲမှာလဲနော်…မနေ့ညတုန်းက သူ့အတုအယောင်အိုင်ဒေါကို ထိုမေးခွန်းမေးခဲ့သည်မှာလည်း
သူနဲ့အဆက်အသွယ်ပြတ်ကာ
အချိန်နှင့်အမျှဇာတ်ကြောင်းအသွားအလာကို
လိုက်မမီနိုင်မှာစိုးသောကြောင့်သာဖြစ်သည်။
အစမှအဆုံးအထိ
သူချစ်ရသူမှာ ပိုင်ရဲ့တစ်ဦးသာဖြစ်သည်။
ချီရှင်းချန်
သူ၏ပူဆွေးနေသောခံစားချက်များဖြင့်
အိပ်ရာထဲမှာ တွားသွားကာထွက်လာရပြီး သွားတိုက်နေစဉ်အတွင်း ဖုန်းကိုဖွင့်ကြည့်လိုက်သည်။
ဖုန်းပွင့်သွားချိန်တွင်
တင်းခနဲဟူသောအသံနှင့်အတူ
အသိပေးချက်အချို့အတွဲလိုက်ပေါ်လာခဲ့သည်။
၎င်းတို့မှာ ဝီချက်မှစာဆယ်စောင်နှင့် ဖုန်းသုံးကောပင်ဖြစ်လေသည်။
ဝီချက်များထဲမှတစ်စောင်မှာ
ချီယွီကျီးထံမှဖြစ်ပြီး
ယနေ့ညတွင် သူမချီရှင်းချန်ကို လေဆိပ်တွင်လာကြိုမည်ဟု ရေးထားသဖြင့် သူ " ကောင်းပါပြီ…" ဟုသာ စာပြန်လိုက်သည်။
ကျန်သည့်စာများမှာမူ
ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်၏ဧည့်သည်များထံမှဖြစ်ကာ
လောချိုးမန်မှ ဟောင်ကောင်သို့သွားရမည်ဖြစ်ပြီး
ထောင်ထောင်နှင့်လျိုကျီယုတို့မှာမူ
ဘရန်းပွဲတစ်ခုအတွက် ရှန်ဟိုင်းတွင်ပွဲသွားတက်ရမည်ဖြစ်သည်။
ကျန်းယွင်ဖေးမှာ ဟမ်တျန့်ရိုက်ကူးရေးစတူဒီယိုစီသို့
ချက်ချင်းသွားရမည်ဖြစ်ကာ
ပိုင်ရဲ့မှာမူ ဝါရှင်တန်သို့သွားရန်အတွက် ပြင်ဆင်နေရသည်။
လူတိုင်းသွားမည့်နေရာနှင့်ခရီးစဉ်များမှာ
မတူညီသည့်အတွက် အချင်းချင်းနှုတ်ဆက်ရန် ခက်ခဲမည်စိုးသောကြောင့် လူတိုင်းမှလိုက်မပို့ဘဲနှင့်
ဝီချက်တွင်သာ စာပို့ရန်သဘောတူလိုက်ကြသည်။
ထို့နောက်
ချီရှင်းချန် အယောက်စီတိုင်းကိုစာပြန်ကာ ကောင်းသောခရီးဖြစ်ပါစေကြောင်း
ဆုမွန်ကောင်းပါးလိုက်သည်။
အားလုံးအခြေကျသွားသည်နှင့်
ချီရှင်းချန် ဖုန်းကောသုံးခုကို ဖွင့်ကြည့်လိုက်သည်။
၎င်းတို့မှ
အမှန်တကယ်ပင် တုလန်ရှင်းထံမှဖြစ်လေသည်။
သူမဘာလို့
သူ့ကိုရှာနေရတာလဲ… ချီရှင်းချန် သူ၏ပါးစပ်ထောင့်မှသွားတိုက်ဆေးများကို
သုတ်ပစ်လိုက်ပြီး ဖုန်းပြန်ခေါ်လိုက်သည်။
" ရှင်းကျဲ…"
တုလန်ရှင်း၏အသံမှာ
အလျင်လိုနေပုံပင်
" မင်းကမနက်အစောကြီးကို
ဘာတွေဒီလောက်အလုပ်များနေရတာလဲ…ဖုန်းကကော ဘာလို့မကိုင်နိုင်တာလဲ…"
" တောင်းပန်ပါတယ်
ကျွန်တော်အခုမှအိပ်ရာနိုးလို့ပါ…"
" နောက်တစ်ခါကြ
အိပ်ရင်ဖုန်းကိုပိတ်မထားပါနဲ့…"
တုလန်ရှင်းမှ
အနုပညာရှင်များအနေဖြင့်
အချိန်နှင့်တစ်ပြေးညီအရာတိုင်းကို
သိရှိနေရန်အတွက် ဖုန်းကိုအမြဲဖွင့်ထားသင့်ကြောင်း
အဓိကထားကာ ဟိုဟိုဒီဒီအကြောင်းအရာအချို့ကို
ကရားရေလွှတ်တတွတ်တွတ်ပြောနေခဲ့သည်။
သို့သော်လည်း သူမ၏အသံမှာမူ ယခင်ကလောက် မတင်းမာနေတော့ချေ။
သိသိသာသာပင်
ချီရှင်းချန်၏ကျော်ကြားမှုမှာတိုးလာပြီး
အနေအထားမှာလည်း ပြောင်းလဲသွားပြီဖြစ်သောကြောင့်
တုလန်ရှင်း ဤရွှေပင်ငွေပင်အသစ်ကြီးကို ကောင်းမွန်စွာဆက်ဆံနိုင်ရန်
အပြည့်အဝပြင်ဆင်ထားသည့်ပုံပင်။
" အင်း…"
ချီရှင်းချန် တုံ့ပြန်လာသည့်အတွက် တုလန်ရှင်း ဆက်ပြောလိုက်သည်
" မနက်ဖြန်ကြရင်
ကုမ္ပဏီကိုစောစောလာခဲ့ချည်…လူငယ်ကွန်မြူနစ်အဖွဲ့က မင်းနဲ့အင်တာဗျူးအတိုလေးလုပ်ဖို့
ချိန်းဆိုထားတယ်… ငါမင်းအတွက် စာစောင်
တွေလည်း
လက်ခံထားပြီးပြီ တစ်ချက်လောက်ကြည့်လိုက်ဦး…"
လူငယ်ကွန်မြူနစ်အဖွဲ့လား…သတင်းထုတ်လွှင့်မှုအကြောင်း
ပြောရန်မဆိုထားနှင့် အစိုးရပိုင်မီဒီယာမှဆင်းလာကာ
သူ့ကိုလာအင်တာဗျူးရုံဖြင့်ပင်
သူအမှန်တကယ်ကိုပင် ဒုက္ခရောက်ရသည်ဖြစ်ရာ မည်မျှစိတ်ဖိစီးဖို့ကောင်းနေသည်နည်း…
ထို့အပြင်စာစောင်တွေကိုလည်း
လက်ခံထားသေးသည်…
ချီရှင်းချန်
အစပိုင်းတွင်နားမလည်နိုင်ခဲ့သော်လည်း
သုံးစက္ကန့်လောက်အကြာတွင်
သဘောပေါက်သွားခဲ့သည်။
တုလန်ရှင်းမှာ ဇာတ်ညွှန်းစာစောင်တွေကို ဆိုလိုခြင်းဖြစ်ရပေမည်။
သူ
ဒရမ်မာတစ်ကားရိုက်ရတော့မှာပဲ…
မည်သို့ပင်ဆိုစေကာမူ
တုလန်ရှင်း၏လက်ထဲရှိအရင်းအမြစ်များမှာ
အကန့်အသတ်ဖြင့်သာဖြစ်ပြီး
အခွင့်အလမ်းများမှာ အချို့သောလူစုအတွက်မဟုတ်နေချေ။
ထို့ကြောင့် ချီရှင်းချန် တချို့တစ်လေကို သာမန်မျှသာတုံ့ပြန်လိုက်ပြီးနောက်
ပိုင်ဆိုင်မှုများကို
ထုတ်ပိုးကာ အိမ်ပြန်ခရီးကိုစတင်လိုက်သည်။
သူ၏လေယာဉ်မှာ
ညနေ၆နာရီတွင် ဆင်းသက်မည်ဖြစ်သည်။
ချီရှင်းချန်
လက်ဆွဲသေတ္တာကိုတွန်းကာ ထွက်ပေါက်မှထွက်လာပြီးနောက်
မြေအောက်ကားပါကင်သို့သွားသည့်ဓာတ်လှေကားရှာဖွေနေစဉ်အတွင်း
ရုတ်တရက်ဆိုသလို မိန်းကလေးတစ်ယောက်မှ သူ၏နာမည်ခေါ်သံကိုကြားလိုက်ရသည်
" အားးးးးးး
ရှင်းရှင်း.. ရှင်းရှင်း…"
ချီရှင်းချန်၏ခြေလှမ်းများရပ်တန့်သွားရသည်။
မိန်းကလေး၏အသံမှာ
ရင်းနှီးမနေဘဲ ၎င်းမှာ ချီယွီကျီးကော တုလန်ရှင်းပါ ဟုတ်မနေချေ။ ထို့အပြင် တုလန်ရှင်းသည်လည်း သူ့ကိုလာကြိုမည်ဟု မပြောထားခဲ့ပေ။
အော်သံထွက်ပေါ်လာသည့်နေရာသို့ကြည့်လိုက်ချိန်တွင်
မိန်းကလေးဆယ်ယောက်ခန့်မှာ
သူ့ထံသို့ခြေလှမ်းစိပ်စိပ်ဖြင့်
လာနေသည်ကို မြင်လိုက်ရသည်။ သူတို့၏လက်ထဲတွင်မူ မီးအလင်းပြားများနှင့် အားပေးရန်ဆိုင်းဘုတ်များကို
ကိုင်ဆောင်ထားကြသည်။
၎င်းတို့အားလုံးတွင်
သူ၏အမည်ကို ရေးထိုးထားလေသည်။
" ကောကော
ညီမတို့က အစ်ကို့ရဲ့ကြယ်အလင်းတန်းလေးတွေပါ…အခုပဲလေယာဉ်ကဆင်းလာတာဆိုတော့
ပင်ပန်းနေမှာပေါ့နော်…"
" ဝိုးးးးး
ပစ္စည်းတွေအများကြီးပဲနော်…
အစ်ကို့လက်ထောက်က ဘယ်အချိန်လာကြိုမှာတဲ့လဲ…"
" ကောကော
ဒါပြီးရင်ကော ဘာခရီးစဉ်ရှိသေးလဲ… အစီအစဉ်တွေဘာတွေ ရှိပြီလားဟင်…"
မိန်းမပျိုလေးများမှာ
သူ့ကိုလုံးဝပင်ဝိုင်းဖွဲ့ထားကြကာ
ချီရှင်းချန် သူတို့၏မေးခွန်းများဖြင့် နစ်မြုပ်နေရသည်။
ယခင်အချိန်များတွင်
သူပိုင်ရဲ့၏ဖန်အဖွဲ့တွင်ရှိစဉ်အခါက
ပွဲရှိချိန်တိုင်း ဖန်ကလပ်၏ခေါင်းဆောင်မှ ဖန်များကိုလေဆိပ်သွားရောက်ကြိုဆိုရန်နှင့်
လိုက်ပို့ပေးရန်ပြင်ဆင်ပေးလေ့ရှိသည်။
ချီရှင်းချန်
သူ့ကိုယ်တိုင်တစ်ခါမှမလုပ်ဖူးသော်လည်း
ကိုယ်တိုင်ကြုံလိုက်ရချိန်တွင်
သူ၏စိတ်မှာ လုံးဝဗလာဖြစ်သွားရကာ အနည်းငယ်မယုံကြည်နိုင်အောင်
ဖြစ်သွားရသည်။
သူ့ကို
လေဆိပ်မှာလာကြိုတဲ့ဖန်တွေရှိနေတယ်…
ချီရှင်းချန်အတွက်
ဝေ့ပေါ်တွင် ဖန်သုံးသောင်းမှတစ်သိန်းအထိ
တိုးလာစဉ်အခါက လိုင်းပေါ်မှသာ ဖြစ်သည့်အတွက် မည်သို့မျှမနေခဲ့သော်လည်း ယခုအချိန်တွင်မူ အချိန်နှောင်းမှ သူသဘောပေါက်သွားခဲ့သည်။
သူသည်အိုင်ဒေါတစ်ယောက်ဖြစ်ခဲ့သည်ပဲ…
အမှန်တကယ်ကိုပင်
လူအများကြီးရှိနေကာ သူတို့ယခင်ကတစ်ခါမျှမဆုံဖူးသည့်တိုင်အောင်
လူတိုင်းမှာသူ့ကိုသာ စဉ်းစားပေးနေကြဆဲဖြစ်သည်။
ချီရှင်းချန်
စက္ကန့်အနည်းငယ် ကြောင်အနေပြီးနောက် အလျင်အမြန်အရှေ့သို့ တိုးသွားလိုက်သည်
" လာလာ
ထွက်ပေါက်မှာ မပိတ်နေကြနဲ့နော်…"
" ဟုတ်ကဲ့ပါ
ကောကော…"
ကြယ်အလင်းတန်းများမှာ
နာနာခံခံဖြင့်လိုက်လာကာ
သူ၏ဘေးတွင်ရှိနေခဲ့သည်။