ပိတ်ရက်နှစ်ရက်ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး နောက်မှာတော့ ထယ်ယောင်း ကျောင်းပြန်တက်ရမည့် တနင်္လာနေ့ရောက်လာပြီဖြစ်၏။
အရာအားလုံးက ပုံမှန်ပင်ဖြတ်ကျော်သွားခဲ့ပြီး တစ်ခုတည်းသော ထူးခြားချက်မှာ ဟျွန်းယောင်းက သူပို့ထားသည့်စာများအား စာပြန်ဖို့ထား ဖတ်ပင်မဖတ်ထားခဲ့ခြင်းပင်။
အတန်းထဲရောက်သည်နှင့် သူ့ဘေးခုံရှိခုံ၌ လွယ်အိတ်တစ်လုံးအား တွေ့လိုက်ရလျှင် ဟျွန်းယောင်းရောက်နေပြီဟု အလိုလိုသိလိုက်ရသည်။
ထယ်ယောင်း တိတ်တဆိတ်ထိုင်ရင်း စာတစ်အုပ်တစ်အုပ်ထုတ်ကာဖြင့် ဟျွန်းယောင်းကို စောင့်နေလိုက်သည်။
ကြည့်ရတာ သူ့သားလေးက စိတ်ကောက်နေပုံပင်။
"ပတ်ဟျွန်းယောင်း မင်းယောက်ျားဆို စကားတည်ရမယ်နော်"
"ပါးစပ်ပိတ်ထား "
ဟျွန်းယောင်း ဘတ်စကတ်ဘောကို အရှိန်ဖြင့်ပစ်ထုတ်ရင်း အတန်းထဲ ပြန်သွားဖို့ ဝန်လေးနေမိသည်။
"အတန်းစပြီပဲ မင်းမသွားသေးဘူးလား"
"ခဏနေမှ လိုက်လာမယ်"
ဟျွန်းယောင်းက ခပ်ဟဟရယ်ရင်း သူ့အတန်းဖော်ကို တုန့်ပြန်ကာ သူ့ကိုလှောင်ပြုံးပြုံးသွားသည့် အနှီကတုံးဆံတောက်ကေဖြင့် ကျောင်းသားအား စိုက်ကြည့်လိုက်မိသည်။
ပြိုင်ပွဲမှာ ကံဆိုးစွာပင် ဟျွန်းယောင်းရှုံးသွားခဲ့ပါ၏။
ပြိုင်ပွဲဆိုသည့်အတိုင်း အနိုင်အရှုံးနှင့်ဒွန်တွဲလျက် ဆုလာဘ်နှင့် ပြစ်ဒဏ်လည်း ရှိလေသည်။
တစ်ဖက်လူက ဆုလာဘ်အစား ဟျွန်းယောင်းကို ပြစ်ဒဏ်ပေးဖို့သာ ရွေးချယ်ခဲ့သည်။
ဘဝတွင် ဘာကိုမှမကြောက်ဖူးသည့် ဟျွန်းယောင်းက ထိုပြစ်ဒဏ်နှင့် ရင်ဆိုင်ဖို့ရာ ကြောက်ရွံ့နေမိသည်။
"ဟျွန်းယောင်း နောက်ကျပြန်ပြီလား"
"တောင်းပန်ပါတယ် ကျွန်တော် သန့်စင်ခန်းဝင်နေလို့ပါ"
ဟျွန်ယောင်း ဖြေပြီးသည်နှင့် သူ့ခုံတွင် အသာလေးဝင်ထိုင်နေလိုက်သည်။
သူက အားကစားကျောင်းသားဖြစ်၍ ဆရာတွေက အဆင့်များနှင့်ပတ်သက်ပြီး ဘာမှသိပ်မပြောကြဘဲ လွှတ်ထားပေးကြသည်။
အကြောင်းက သူ့အဆင့်များမှာ သိပ်မဆိုး၍လည်းပါသည်။
"ဟျွန်းယောင်း ဘာလို့နောက်ကျနေပြန်တာလဲ"
ထယ်ယောင်းတိုးတိုးလေး ကပ်မေးလိုက်သည့်တိုင် ဟျွန်းယောင်းကတော့ မကြားသည်လား တမင်လျစ်လျူရှုသည်လား မသေချာပါချေ။
ထယ်ယောင်း အနည်းငယ်စိတ်မကောင်းဖြစ်သွားကာ ဟျွန်းယောင်းနှင့်လည်း စကားမပြောချင်တော့ပေ။
သို့ပေသိ သူ့တွင် သူငယ်ချင်းဟူ၍ ဟျွန်းယောင်းသာ ရှိသည်။
[မင်း စိတ်ဆိုးနေတာလား မနေ့ကအတွက် တောင်းပန်ပါတယ် ငါတမင်ကတိဖျက်တာ မဟုတ်ပါဘူး ကိုကိုရောက်လာလို့ ]
ထယ်ယောင်း စာရွက်ကလေးအတွင်းရေးကာ ပေးလိုက်သည်။
[ငါစိတ်မဆိုးပါဘူး]
စိတ်ဆိုးနေတာမဟုတ်ကြောင်း ပြန်ပြောလာသော်ငြား အရင်ကဟျွန်းယောင်းနှင့်သိပ်မတူပေ။ လက်ရှိဟျွန်းယောင်းမှာ စိတ်နှင့်လူလည်း ကပ်ပုံမရပါချေ။
အတန်းပြီးသည်နှင့် ဟျွန်းယောင်းက ချက်ချင်းဆိုသလို အခန်းထဲကထွက်သွားသည်။
အတန်းပြတ်တက်ချိန်အထိ ပေါ်မလာချေ။
ထိုအခိုက်၌ ဟျွန်းယောင်းသူ့အားရှောင်နေသည်ကို ချက်ချင်းနားလည်လိုက်သည်။
"ထယ်ယောင်း ဟျွန်းယောင်းက မင်းကို အားကစားကွင်းထဲ လာခဲ့ပါတဲ့"
သူ့အား ထိုစကားလာပါးသူကို ထယ်ယောင်းမမြင်ဖူးပါချေ။
"ဟျွန်းယောင်းကလား"
"အင်း "
ပြန်ဖြေရင်း တစ်ဖက်လူက လှောင်သလိုရယ်သည်။
ထယ်ယောင်း ခံစားချက်မကောင်းသော်ငြား ဟျွန်းယောင်းဖြစ်နေ၍ လက်ခံလိုက်သည်။
"ငါလာခဲ့မယ်"
...
"ပတ်ဟျွန်းယောင်း ဘယ်လောက်ကြာအောင် အချိန်ဆွဲနေမှာလဲ"
"အချိန်ဆွဲတာမဟုတ်ပဲ မင်းတောင်းဆိုတာက အဓိပ္ပါယ်မရှိဘူးမလား"
"ဘာခွေးစကားတွေပြောနေတာလဲ ဟေ့ကောင် ကြောက်တတ်ရင် အစကတည်းက နိုင်အောင်ဆော့လေ ဟော ပြောရင်းဆိုရင်း အဓိကမင်းသားလေး လာနေပြီ အခုပဲ ပြစ်ဒဏ်ကို လက်ခံလိုက်တော့"
ဟျွန်းယောင်းလှည့်ကြည့်မိသည်နှင့် ပါးလျလဖပုံရိပ်လေးကို မြင်လိုက်ရသည်။
အဝေးမှ တစ်ချက်ကြည့်ရုံဖြင့်ပင် ချက်ချင်း ဘယ်သူဆိုတာ သိနိုင်သည်အထိ တသီးတစ်သန့်ဆန်ကာ သန့်စင်လွန်းလှသည်။
သူ့သူငယ်ချင်းလေးက တော်ဝင်ဆန်လှ၏။
"ဟျွန်းယောင်း မင်းငါ့ကို ဘာလို့ခေါ်တာလဲ"
ထယ်ယောင်းကမေးရင်း ဘေးကလူကို စပ်စုသလိုကြည့်သည်။
"မင်း စိတ်ဆိုးနေတုန်းလား"
"ဟျွန်းယောင်းလိုကောင်က မင်းကို စိတ်ဆိုးနိုင်မယ်လို့ တကယ်ကြီး တွေးနေတာလား ထယ်ယောင်းရ"
"မင်းက ဘယ်သူကြီးလဲ ငါနဲ့လည်းမသိဘဲ ရင်း ရင်းနှီးနှီး လာပြောနေတယ်"
"မင်း ..."
ဟျွန်းယောင်းမှာ ထယ်ယောင်းစွာပုံလေးကို အသည်းယားသွားရကာ စိတ်ညစ်နေတာပင် ခဏမျှ လွင့်စင်သွားရသည်။
"ဟျွန်းယောင်း... မင်းဘာလို့ ငါ့ကိုခေါ်..."
"ထယ်ယောင်း ငါမင်းကို သဘောကျတယ်"
"ဟမ်"
ဝေါင်း!!!
အသံနှစ်ခုက ပြိုင်တူထွက်လာရာ ထယ်ယောင်း၏ အာမေဋိတ်သံတိုးတိုးက သြဘာသံကျယ်ကြား တိမ်မြှုပ်သွားသလို ဟျွန်းယောင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ထယ်ယောင်း မင်းအခု ဘယ်လိုတုန့်ပြန်မလဲ။