08
Viewers 2k

"ဟေ့ ဟျွန်းယောင်း မင်းဘာရှာနေတာလဲ ပွဲကြည့်စင်မှာ မင်းကောင်မလေးရှိလို့လား"


ပုခုံးပုတ်ကာမေးလာသည့် အသင်းဖော်ကြောင့် ဟျွန်းယောင်း အကြည့်လွှဲလိုက်ရင်း


"မဟုတ်တာ ဘာလို့လူတွေအရမ်းများနေရတာလဲ အံ့သြလို့ပါ"


"မင်းကနဂိုထဲက နာမည်ကြီးပဲဟာ ပြီးတော့ဒီပွဲက မင်းကြောင့်ဖြစ်လာတာနော် အာရုံမလွင့်နဲ့ ငါတို့အခန်း၉ အရှက်မကွဲချင်ဘူး"


"စိတ်ချစမ်းပါ ငါအဲ့ကောင့်ကို နိုင်ခွင့်မပေးဘူး"


တစ်ဖက်အသင်းမှ ကတုံးဆံတောက်ကေဖြင့်လူအား ဟျွန်းယောင်းစူးရဲစွာကြည့်လိုက်သည်။


သူ့ကို ဘယ်သူက အတင့်ရဲပြီး သူ့ရတနာလေးကို ထိခိုင်းလို့လဲ။

ဟျွန်းယောင်း၏ အကြည့်စူးတို့အား သတိပြုမိသွားပုံရသည့် တစ်ဖက်လူက ပြန်လှည့်ကြည့်လာပြီး မဲ့ပြုံးပြုံးပြလာ၏။


ပွဲစဥ်အစ၌ပင် ဟျွန်းယောင်းတို့ဘက်မှ ဖိထားနိုင်ခဲ့သည်။

ထင်သည့်အတိုင်းပင် အခန်း၁၁မှလူများက တဖြည်းဖြည်း စညစ်လာ၏။


သို့ပေသိ စိတ်မပူမိချေ။

အခန်း၉၌ ဟျွန်းယောင်းအပါအဝင် သုံးယောက်က လက်ရွေးစင်များဖြစ်ကာ အားကစားမေဂျာယူဖို့ သီးသန့်ပင် လေ့ကျင့်ရေးဆင်းနေရသူများဖြစ်သည်။


သို့ဖြင့် ပထမပိုင်းကို ဟျွန်းယောင်းတို့ဘက်မှ အသာစီးရကာ ပြီးဆုံးသွား၏။


ဟျွန်းယောင်းက အသာစီးရနေ၍ ကျေနပ်နေသော်ငြား သူတွေ့လိုသူကမူ အရိပ်လေးပင်မမြင်ရချေ။

ချွေးတွေနေပေတူးနေလို့ ညစ်ပတ်တာမကြိုက်ဘူးဟု အမြဲလိုလိုနှာခေါင်းရှုံ့ကာဆိုတတ်ပြီး ဘတ်စကတ်ဘောပွဲများကို ရှောင်တတ်သူက ပထမဆုံးအနေဖြင့် သူလာအားပေးမည်ဟု လိုလိုလားလားဆိုခဲ့ခြင်းပင်။


သာမန်ကိစ္စလေးပင်ဖြစ်ပါစေ ၊ ဟျွန်းယောင်းအတွက်တော့ သိမ်းဆည်းထားဖြစ်မည့် အဖိုးတန်မှတ်ဥာဏ်တို့အနက်မှ တစ်ခုပင်။


ဟိုဟိုသည်သည် မသိမသာရှာဖွေရင်းက ဟျွန်းယောင်း အသာတွေးလိုက်မိပါ၏။


သူကတိတည်မှာပါနော်။ ဟုတ်တယ်မလား။


...



"အား ခြင်တွေ! "


ထယ်ယောင်း သူ့လက်မောင်းထက်လာနားသည့် ခြင်တို့အားဖျတ်ခနဲရိုက်ရင်း ညည်းညူလိုက်မိသည်။


"တဲထဲဝင်ပြီး ဝင်ပေါက်ကို ပိတ်ထားလိုက် မီးမွှေးပြီးရင်ခေါ်လိုက်မယ် အဲ့အချိန်ဆို ခြင်သိပ်မလာတော့ဘူး"


မီးမွှေးနေတာ နာရီဝက်လောက်ကြာနေပြီလေဟု ဘုတောချင်သည့်တိုင် ထယ်ယောင်းမပြောရဲပေ။

ကိုကိုစိတ်ဆိုးလျှင် သူ့အားဆူမည်ကို ကြောက်ပါ၏။


ထယ်ယောင်း ရွက်ဖျင်တဲလေးထဲဝင်ကာ ဇစ်ဆွဲလျက် ပိတ်လိုက်ပြီး ဖုန်းမီးလေးဖွင့်လိုက်သည်။


ထိုအခါမှ သူဟျွန်းယောင်းအား ဖုန်းဆက်ဖို့မေ့နေသည်ကို သတိရသွားသည်။

ဤနေရာသို့ နှစ်နာရီမျှကြာအောင် ကားမောင်းခဲ့ရသဖြင့် ထယ်ယောင်းအိပ်ကာ လိုက်လာခြင်းဖြစ်ပြီး ရောက်လျှင်ရောက်ချင်း တောင်ပေါ်တက်ခဲ့ရရာ ဖုန်းခေါ်ဖို့ လုံးဝမေ့နေခဲ့၏။


နောက်မှပဲ ရှင်းပြလိုက်ပါတော့မယ်။

ထယ်ယောင်းပေါ့ပေါ့လေးသာ တွေးလိုက်မိတော့သည်။


အခုတော့ သူ့ခမျာ လမ်းလျှောက်ရလွန်း၍ ခြေသန်းလေးနှင့် ခြေဖနောင့်များပင် နာကျင်နေသည်မှာ အထိပင်မခံနိုင်။

နာနေတာကို ထုတ်လည်း မညည်းရဲချေ။

ကိုကိုပျော်နေတာတွေ့တော့ သူ့ကြောင့် ကိုကိုစိတ်မကောင်းဖြစ်သွားမှာလည်း စိုးရိမ်မိပါ၏။ 


"မီးမွှေးလို့ပြီးပြီ"


"ပြီးသွားပြီလား "


ထယ်ယောင်းဝမ်းသာအားရ မေးလိုက်သည်။


"အထဲပ အနက်ရောင်ကျောပိုးအိတ်ယူပြီး ထွက်လာခဲ့"


"ဟုတ်"


ထယ်ယောင်းကျောပိုးအိတ်လေးကို ထုတ်ကာ မီးအနားကပ်ထိုင်လိုက်၏။

တောင်ပေါ်မှာကြောင့် ဖြစ်နိုင်သည်။ မီးအနားမှာ နေနေရသည့်တိုင် ပူမနေဘဲ သက်တောင့်သက်သာရှိ၏။

ခြင်များလည်း တကယ်ကို မရှိတော့ချေ။


ကိုကိုက အိတ်ထဲမှ စားစရာများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်လာသည်နှင့်အမျှ ထယ်ယောင်းမျက်လုံးတွေ အရောင်လက်လာ၏။


သူတကယ်ကို ဗိုက်ဆာနေခဲ့တာလေ။

ဒီညတော့ diet လုပ်ဖြစ်ပြီလို့ ထင်နေခဲ့တာ။


"ဟားဟား အဲ့လောက်ပျော်လား ကြည့်ဦး မျက်နှာကလည်း ဖောင်းကားနေတာ အဲ့လောက်တောင် အစားကိုကြိုက်လား"


ထယ်ယောင့် သူ့မျက်နှာလေးသူ သံသယအပြည့်ဖြင့် ပြန်စမ်းကာ 


"အဲတာက ကျွန်တော်အရွယ်မရောက်သေးလို့ပါနော် အခုမှ၁၇နှစ်တောင်မပြည့်သေးဘူးလေ ပြီးတော့ အစားကြီးတာလည်းမဟုတ်ပါဘူးနော် ဒီလောက်ကြာအောင် လမ်းလျှောက်လာလို့ အစာကြေသွားလို့ပါ"


"အော် အဲလိုကိုး"


"တကယ်ပါဆို"


"ဟုတ်ပါပြီ"


သူ့အား ယုံကြည်သလိုလိုဖြင့် လိုလျောပြီးပြောနေပုံရသော်ငြား အမှန်မှာ သူ့အားစနောက်နေခြင်းသာ။

သူနည်းနည်းတော့ စိတ်ကောက်ချင်မိသွားသည့်တိုင် စိတ်ထိန်းလိုက်ပါသည်။


"ဘာပဲဖြစ်ဖြစ် ဦးလေးကြီးတွေက မုန့်ကျွေးမယ်လိုက်ခဲ့ဆိုပြီးခေါ်ရင် လိုက်မသွားရဘူးနော် ဟုတ်ပြီလား"


"ကလေးမဟုတ်တော့ပါဘူးနော်"


"စောစောကပြောတော့ အရွယ်မရောက်သေးဘူးဆို"


"အဲတာက..."


ထယ်ယောင်း သူ့စကားနှင့်သူ တိုင်ပတ်ကာ မဖြေရှင်းတတ်တော့ပဲ ဒေါသထွက်လာတော့သည်။


"ဒီမှာကြည့်"


ကိုကို့စကားသံက စိတ်ကောက်တော့မည့် သူ့အာရုံအား လမ်းကြောင်းလွှဲလိုက်သည်။


"မာ့ရှ်မယ်လိုတွေပဲ"


"အင်း မင်းငယ်ငယ်က အဖေနဲ့အတူ ကမ့်ပင်းထွက်တိုင်း ဒါတွေမီးကင်စားရတာကြိုက်လို့လေ"


"ဟီးဟီး အခုလည်းကြိုက်တုန်းပဲ ကျေးဇူးကိုကို"


သူမီးကင်နေတုန်း ကိုကိုက ဘူးခေါက်ဆွဲစားဖို့ရာ ပါလာသည့် သံချိုင့်အသေးလေးဖြင့် ရေနွေးဆူအောင်တည်ပေးနေသည်။


"ခြေထောက်ပေး"


"အွန်..."


မာ့ရှ်မယ်လိုအား အမျှင်တွေထွက်လာအောင် ဆွဲစားရင်း ထယ်ယောင်း ကိုကို့ကို ကြည့်လိုက်ရသည်။


ကိုကိုက စိတ်မရှည်သလို သူ့ခြေထောက်ကိုဆွဲယူကာ ဖိနပ်နှင့်ခြေအိတ်ကို ဆွဲချွတ်ပစ်သည်။


"ပေါက်နေပြီပဲ ဆောရီး နောက်တစ်ခါဆို တကယ်ပင်လယ်ပဲ သွားကြည့်ကြမယ်နော်"


ကိုကို့အသံက အနည်းငယ်စိတ်မကောင်းဖြစ်နေပုံရသည်။


"အဆင်ပြေပါတယ် မနာဘူး"


"မလှုပ်နဲ့"


သူပြန်ရုတ်မည်ပြုသည့်ခြေထောက်အား ကိုကိုကဆွဲထားကာ အိတ်ထဲမှ ဆေးဘူးလေးတစ်ခု ဆွဲထုတ်လာသည်။


ထယ်ယောင်း အားနာသွားရသလို ဘာကြောင့်ရယ်မသိ ပျော်လည်းပျော်မိပါ၏။


ထိုအခိုက် ကိုကိုထပ်ဆွဲထုတ်လာသည့် တစ်စုံတစ်ရာကို မြင်လိုက်ချိန်တွင် ထယ်ယောင်းမပျော်နိုင်တော့ပါချေ။


ကိုကိုကတော့ သူဆွဲထုတ်လာသည့်အရာကြီးအား အသုံးချဖို့ပြင်ဆင်နေခဲ့သည်။


အား၊ နေရာတကာ အပ်ဆောင်ပြီး သွားနေတာလား ကိုကိုရေ။


အပ်ကို မီးကင်ရင်း ပိုးသတ်နေသည့် ကိုကို့အားကြည့်ကာ ထယ်ယောင်ရင်ထဲ မမြင်နိုင်သည့် မျက်ရည်မိုးတို့ စွေလာခဲ့သည်။


သူတကယ် အပ်ကြောက်တယ်လို့။