07
Viewers 2k

"ဟေး PEအချိန်ကျရင် ငါတို့အခန်း၉နဲ့ အခန်း၁၁က ဘတ်စကတ်ဘော ပြိုင်ကစားမှာတဲ့"


အတန်းထဲမှ BBC၏အသံက စူးခနဲထွက်လာကာ ထယ်ယောင်း၏ လွင့်နေသည့်အာရုံတို့အား ပြန်စုစည်းသွားစေခဲ့သည်။


"ထူးထူးဆန်းဆန်းပါလား ဘာလို့လဲ"


"မသိဘူး ဒါပေမယ့် မနက်က ဟျွန်းယောင်းနဲ့ အခန်း၁၁ကကောင်တွေ ငြိထားတယ်လို့ကြားတယ်"


"စိတ်ဝင်စားဖို့ကောင်းမှာပဲ"


ထိုစကားများကြားတော့မှ ထယ်ယောင်း သူ့ဘေးခုံကိုကြည့်လိုက်မိသည်။ 

လွယ်အိတ်တစ်လုံးမှအပ ဟျွန်းယောင်း ရှိမနေပါချေ။

မနက်က အိတ်ထားကာ ပြန်ထွက်သွားပြီးနောက် ပြန်ရောက်မလာပုံရသည်။

လူတစ်ယောက်လုံးပျောက်နေသည်ကို သူများတွေအတင်းတုပ်မှ သိရသည့်အဖြစ်ပင်။

သူကထိုသို့သော သူငယ်ချင်းကောင်းဖြစ်နေခဲ့ပါ၏။


"သားလေး..."


အသံနှင့်အတူ ဖတ်ခနဲ သူ့ပုခုံးထက် လက်တစ်ဖက်ကရောက်လာ၏။ သကောင့်သား ပြန်ရောက်လာချေပြီ။


"ဘယ်သွားနေတာလဲ အတန်းချိန်တစ်ချိန်လုံး မင်းစာတွေအများကြီး လွတ်သွားပြီ"


"ဒီလိုပါပဲ ညနေကျောင်းဆင်း မင်းစာအုပ်ခဏယူသွားလိုက်မယ်"


ထယ်ယောင်း ဟျွန်းယောင်း၏တစ်ဖက်ပါးပြင်က အနည်းငယ် ယောင်ကိုင်းနေတာကို သတိပြုမိလိုက်သည်။


"ဘာဖြစ်တာလဲ"


ပြောပြောဆိုဆိုလက်လှမ်းမိစဥ် ဟျွန်းယောင်းက သူ့လက်ကို ဆတ်ခနဲဖမ်းဆုပ်လိုက်သည်။


"ဘာမှမဖြစ်ဘူး ပမွှားလေးပါ"


"ဒါပေမယ့် မင်းပါးကညိုနေ..."


"အဆင်ပြေတယ်လို့!"


ရုတ်တရက် အသံမြှင့်ကာအော်လာသူ။

သူ့အားတစ်ကြိမ်လေးမျှပင် ထိုသို့အသံမြှင့်မပြောဖူးသူမို့ ထယ်ယောင်းအံ့အားသင့်ကာ တစ်ချိန်တည်းမှာပင် အနည်းငယ်စိတ်အားငယ်သွားရသည်။


သူကတကယ်ကို စိတ်ရှုပ်စရာကောင်းနေတာများလား။ ဟျွန်းယောင်းတောင် သည်းမခံနိုင်တော့ဘူးဆိုတော့လေ။


"မဟုတ်ဘူး ထယ်ယောင်း ဆောရီးကွာ ဒီအတိုင်း ငါစိတ်အခြေအနေသိပ်မကောင်းလို့ မင်းအပေါ် ပုံချသလိုဖြစ်သွားတယ် ငါ့ကိုစိတ်မဆိုးပါနဲ့"


ဟျွန်းယောင်းက အနည်းငယ် နောင်တရနေသည့်လေသံဖြင့် ဆိုလာသည်။ သူသည်လည်း အနေခက်သွားပုံရ၏။


"ရပါတယ် ငါဒေါသမထွက်ဘူး ဆောရီးဟျွန်းယောင်း ငါမင်းခံစားချက်ကို ထည့်မတွက်လိုက်မိဘူး"


"မဟုတ်တာကွာ ထယ်ယောင်း မင်းငါ့ကိုတောင်းပန်တဲ့စကား မပြောရင်ကောင်းမယ် မင်းအမှားလုပ်လုပ်မလုပ်လုပ် ငါမင်းဆီက သိမ်ငယ်တဲ့စကားမျိုးမကြားချင်ဘူး"


"အွန်း ငါမပြောတော့ဘူး"


"ဒါဆိုလည်း ပြုံးပါဦးဖေ့သားလေးရဲ့"


ထယ်ယောင်းပါးအား ဖျစ်ညှစ်ရန် ကြိုးစားလာပြန်ပါ၏။ သူအလျင်အမြန်ပင် ရှောင်တိမ်းလိုက်သည်။


"ဘာလဲကွာ ဒီရက်တွေအရမ်း ကတ်စီးကုတ်လာတာပဲ မင်းပါးလေးကို မဖျစ်ရတာကြာပြီ"


"မရဘူး အဲတာက အရမ်းနာတယ်"


"တကယ်နာတာလား"


"အွန်း"


ထယ်ယောင်းက ပုတ်သင်လေးအလား ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံသည်။


"အဲတာဆို မလုပ်တော့ဘူး"


ထယ်ယောင်း ဟျွန်းယောင်းအတွက် မှတ်စုစာအုပ်ထုတ်လိုက်ရင်း စောစောက BBCအတန်းဖော်အကြောင်းသတိရသွားကာမေးလိုက်သည်။


"ဒါနဲ့ဟျွန်းယောင်း မင်းPEအချိန် အခန်း၁၁ကလူတွေနဲ့ ဘတ်စကတ်ဘော ကစားမယ်ဆို"


"အင်း မင်းဘယ်လိုသိတာလဲ"


"သတင်းက ပြန့်နေပြီဟာကို ဒါပေမယ့်ဟျွန်းယောင်း မင်းအရင်ကပြောတော့ အဲ့အခန်းကလူတွေက ညစ်တယ်ဆို ဘာလို့ကစားမှာလဲ"


"ဒီလိုပါပဲ မင်းလာအားပေးမလို့လား ဒီလောက်စပ်စပ်စုစုမေးနတော"


"အွန်း လာအားပေးမယ်လေ"


ဟျွန်းယောင်းက ပထမတွင်တော့ အံ့သြသွားပုံရသည့်တိုင် ခဏအတွင်း ထိုmonolidမျက်ဝန်းတို့တလဲ့လဲ့ဖြစ်လာသည်အထိ ပြုံးရယ်လာသည်။


"သားလေးက ကျွေးမွေးရတန်သားပဲ"


"ခွေးကောင်! မင်းပဲငါ့သား"


"ဟားဟားဟား..."


ထယ်ယောင်းသည်လည်း ဟျွန်းယောင်းနှင့်အတူ ရယ်မောမိပါသည်။

ဒီတစ်ကြိမ်တွင်တော့ စိတ်ပြေလက်ပျောက် ပြိုင်ပွဲကြည့်ရင်း ဟျွန်းယောင်းကို အားပေးဖို့ ဆုံးဖြတ်လိုက်သည်။


[ကိုကို : ထယ်ယောင်း ကျောင်းတံခါးရှေ့ကို ခဏထွက်လာပါဦး]


ကိုကို့ထံမှ စာကို ထယ်ယောင်းရလိုက်သည်။


"ဘာလုပ်နေတာလဲ ထယ်ယောင်း သွားမယ်လေ"


"ဟျွန်းယောင်း ငါ့ကိုကိုရောက်နေလို့ မင်းအရင်သွားလိုက်နော်"


"အာ မင်းကိုကို ဒီကိုရောက်နေတာလား ဒါဆိုလည်းသွားလေ"


ဟျွန်းယောင်းက အပြုံးတစ်ပွင့်ဖြင့် ဆိုသည်။ 


"အင်း ငါသူနဲ့ခဏတွေ့ပြီး မင်းပွဲကိုလာခဲ့မယ် ငါသွားပြီနော်"


လှစ်ခနဲထွက်သွားသည့် ထယ်ယောင်းကျောပြင်ကိုကြည့်ကာ ဟျွန်းယောင်း၏တောက်ပနေသည့်မျက်ဝန်းတို့ ညို့မှိုင်းသွားကာ အသာရယ်မောလိုက်သည်။


သူကျေနပ်ပါတယ်လေ။



"ကိုကို"


"ထယ်ယောင်း နောက်အတန်းချိန်နဲ့ညနေအတန်းချိန်က ဘာလဲ"


"PE ကိုကို ညနေက သင်္ချာနဲ့ ကိုရီးယားစာ"


"ကျောင်းလစ်လို့ရလား"


"ဟင်?"


သူ့ကိုအမြဲ ငတုံးဟုခေါ်ကာ စာကြိုးစားဖို့သာအမြဲပြောတတ်သည့်ကိုကိုက ကျောင်းလစ်ဖို့ဆိုလာသဖြင့် အံ့အားသင့်သွားရသည်။


"မနေ့က မွေးနေ့ကို မင်းနဲ့အတူမဖြတ်သန်းလိုက်ရဘူးလေ"


ကိုကိုကထိုသို့ဆိုလာသည့်အခါ ထယ်ယောင်းခဏတာမျှ မေ့ဖျောက်ထားမိသည့် ပုံရိပ်က ခေါင်းထဲ၌ ဖျတ်ခနဲပေါ်လာသည်။

သူ အွန်းဟုသာ ခပ်တိုးတိုး သံယောင်လိုက်မိပါ၏။


"ပင်လယ်သွားချင်တယ်လို့ပြောဖူးတယ်မလား ဒါကြောင့် ပြင်ဆင်လာတယ် တစ်ညအိပ်ခရီး"


"ဒါပေမယ့် ဖေဖေက..."


"စိတ်မပူပါနဲ့ သူ့ကိုခွင့်တောင်းပေးပြီးသားပါ သိပ်တော့ သဘောမတူချင်ပေမယ့် မွေးနေ့လက်ဆောင်ပေးတဲ့ဘဏ်ကတ်နဲ့ အလှဲအလှယ်လုပ်လိုက်တာလေ"


ထယ်ယောင်း လက်သည်းထိပ်ကို ဖိဆိတ်လိုက်မိ၏။


ဒါဆို ဟျွန်းယောင်းရဲ့ပြိုင်ပွဲကရော...


"ဘာလို့လဲ မသွားချင်ဘူးလား မင်းသဘောနော် ကိုကိုက အတင်းအကြပ်ဖိအားမပေးပါဘူး"


"မဟုတ်ပါဘူး..."


ထယ်ယောင်း ခေါင်းကို တွင်တွင်ခါယမ်းလိုက်ရင်း ဆက်ပြောလိုက်သည်။


"သွားကြမယ်လေ ပင်လယ်ကို..."


"အာ ဒါပေမယ့် ပြောဖို့မေ့သွားတာ အခုသွားမှာက ပင်လယ်မဟုတ်ဘူး တောင်တက်သွားမှာ"


"ကိုကို ! !"


ပူပူအိုက်အိုက်နွေရာသီ၌ လေ့ကျင့်ခန်းလုပ်ရမည်ကိုပျင်းသည့် ဂျွန်ထယ်ယောင်းတစ်ယောက် ဒေါသတကြီးအော်ဟစ်လိုက်မိပါတော့သည်။


ကိုကိုကတော့ သဘောတကျဖြင့် အသံထွက်အောင် တဟားဟားအော်ရယ်လျက်။


"ဘာကြီးလဲ စောစောကပြောတော့ ကျွန်တော် ပင်လယ်ကိုသွားချင်တယ်လို့ ပြောဖူးတယ်မလားဆိုပြီး ..."


"အဲလိုမပြောရင် မင်းကလိုက်မယ်လို့ကတိပေးဖို့ မသေချာဘူးလေ နောက်တစ်ခေါက်မှပေါ့ မင်းမွေးနေ့ကျရင်သွားမယ်လေ"


"မရဘူး ပင်လယ်ပဲသွားမယ်လို့"


"မွေးနေ့ရှင်က ငါလေကွာ တောင်သွားတက်ကြမယ်"


"အား ကိုကိုအကျင့်ပုတ်ကြီး"


"အခုမှသိတာလား ငတုံးလေးရဲ့"


ကားလေးက ဆူညံကာ အသက်ဝင်လျက်။