[Happy Birthday ကိုကို အရာရာပြည့်စုံနေတဲ့ကိုကို့အတွက် ပျော်ရွှင်ပါစေလို့ပဲ ကျွန်တော်ဆုတောင်းပေးတော့မယ်နော်]
12:00 အတိမှာ ထယ်ယောင်း ကိုကို့ထံ စာပို့လိုက်သည်။
သို့ပေသိ ကိုကိုက စာပြန်မလာခဲ့ချေ။
သူများများစားစားတော့တွေးမနေပါချေ။
ပုံမှန်ဆို ကိုကိုက ၁၀နာရီထက်နောက်ကျအောင် မနေတတ်တာကို သိ၍ပင်။
ထယ်ယောင်း ကိုကို့အတွက် မွေးနေ့ဆုတောင်းပေးပြီးနောက် အိပ်ရာဝင်ခဲ့လိုက်သည်။
Beep Beep~
ထယ်ယောင်းအိပ်ပျော်သွားပြီးနောက် တုန်ခါလာသည့်ဖုန်းလေး။
ညက အင်တာနက်ပိတ်ဖို့ရာ မေ့သွားပုံရ၏။
ထယ်ယောင်းနိုးလာတော့ ဖုန်းအားကုန်ကာ စက်ပိတ်နေချေပြီ။
ထယ်ယောင်း စက်ပိတ်လျက်သားဖြင့် ဖုန်းအားကို အလျင်အမြန်သွင်းထားလိုက်သည်။
ကျောင်းကိုဖုန်းမယူသွားလို့မရပေ။
သူက ဖုန်းစွဲနေသူတစ်ယောက်မဟုတ်သော်ငြား ကိုကို့ထံမှ စာတိုများနှင့် လွဲချော်မည်ကိုစိုးရိမ်မိ၍ပင်။
ကိုကိုက သူ့ထံလာတိုင်း စာတိုပို့ကာ ရောက်နေကြောင်း အသိပေးလေ့ရှိခြင်းကြောင့်ဖြစ်၏။
"ထယ်ယောင်း"
နာယွန်းက မျက်နှာပျက်လျက် အနားရောက်လာသည်။
"ဘာကိစ္စလဲ နာယွန်း"
"နင်ညက ဘာလို့ငါ့စာတွေမပြန်တာလဲ"
"နင်စာပို့ထားသေးတာလား ဆောရီး အဲ့အချိန်ငါအိပ်ပျော်နေပြီထင်တယ် မနက်ရောက်တော့ ငါဖုန်းအားကုန်သွားလို့ ဘာဖြစ်လို့လဲ "
"နင်ကိုယ်တိုင်ပဲ ကြည့်လိုက်တော့"
ထယ်ယောင်းဖုန်းက စက်ပိတ်လျက်သား ရှိနေဆဲဖြစ်ရာ အချိန်တစ်ခုကြာအောင် စောင့်လိုက်ရသည်။
နာယွန်းပို့ထားသည့် စာများဖတ်ပြီးနောက် ထယ်ယောင်းအံ့အားသင့်သွားရကာ သူမအားမေးချင်သော်ငြား အတန်းချိန်စဖို့ရာ ဆရာကဝင်လာနေပြီဖြစ်၏။
ထိုစာများနှင့်ပတ်သက်၍ ထယ်ယောင်းအတွေးနယ်ချဲ့နေမိသလို စိတ်လည်းအနည်းငယ် လေးနေမိသည်။
သူထိုသို့မခံစားသင့်သော်ငြား ခံစားချက်ဆိုသည်မှာ ထိန်းချုပ်ရခက်သည်လေ။
"နာယွန်း ခဏ"
"အင်း ငါလည်းနင်နဲ့စကားပြောချင်နေတာ"
အတန်းနားချိန်တွင် အားလုံးအပြင်ထွက်သွားကြပြီဖြစ်သော်ငြား သူနှင့်နာယွန်းကတော့ အတန်းထဲ၌ ကျန်ခဲ့လေသည်။
"နင့်စာတွေက ဘာအဓိပ္ပါယ်လဲ"
"ဘာကို ဘာအဓိပ္ပါယ်ရမှာလဲ ငါနင့်ကိုမေးနေတာလေ ထယ်ယောင်း နင် ငါ့မမနဲ့နင့်ကိုကို တွဲနေတာကို သိပြီးသွားပြီလား"
"မသိဘူး ဟင့်အင်း မဟုတ်သေးပါဘူး နာယွန်း နင်ကဘယ်လိုသိတာလဲ"
နာယွန်းမျက်နှာကလည်း သိပ်တော့မကောင်းချေ။
"မနေ့ညက စီနီယာ့မွေးနေ့လေ မမကပြောတယ် သူတို့ဒီည ပါတီလုပ်မယ်တဲ့ ငါလည်းစပရိုက်လုပ်ချင်လို့ သွားလိုက်တာ ..."
နာယွန်းကပြောရင်း ဒေါသထွက်လာပုံရသည်။
"ဒါကိုကြည့်ထယ်ယောင်း ငါကိုယ်တိုင်ရိုက်လာတာ "
ထယ်ယောင်း နာယွန်းပြသည့်ပုံကိုကြည့်ပြီးနောက် လက်မခံချင်သည့်တိုင် အမှန်တရားကို လက်ခံလိုက်ရသည်။
"ငါလည်းတကယ်ခံရခက်လိုက်တာ ချွဲယူဂျင်း တကယ့်စိတ်ပုပ်မပဲ ငါစီနီယာ့ကိုသဘောကျတာသိရက်နဲ့ ကူညီပေးမယ်ဆိုပြီး ..."
နာယွန်းစကားတို့က သူ့နားထဲ မဝင်တစ်ချက်ဝင်တစ်ချက်။
ကိုကို့မှာ ကောင်မလေးရှိနေပြီဆိုတော့ သူအရင်လို့ ကိုကို့အားလပ်ချိန်တွေကို အားလုံးယူနေလို့ မဖြစ်တော့ဘူးမလား။
ကလေးတစ်ယောက်မဟုတ်တော့တာမို့ စုံတွဲတွေရဲ့ လိုအပ်ချက်တွေကို သူနားလည်သင့်သလောက် နားလည်ပါ၏။
ဘယ်သူမဆို ကိုယ်ချစ်တဲ့လူနှင့် ပိုပြီးအချိန်ကုန်ဆုံးချင်ကြမှာပဲမလား။
ထယ်ယောင်း နာရီဒိုင်ခွက်လေးအား အသာပွတ်သပ်ရင်း အချက်ပြလေးပေါ်လာမလားဟု စောင့်နေမိသည့်တိုင် ထူးခြားမလာချေ။ ကိုကိုက သူ့အား ပုံမှန်ပို့နေကြလို ကျောင်းရှေ့ထွက်ခဲ့ဟူသည့် စာတိုအားလည်း ပို့မလာခဲ့ပေ။
ထယ်ယောင်း ဦးလေးဂန်နှင့်အတူ အိမ်ကိုပြန်သွားခဲ့ပေမယ့် ကားပေါ်တွင် အသိလွတ်သူလိုဖြစ်နေမိသည်။
ကိုကိုက သူကောင်မလေးရသွားတာ သူ့ကိုမပြောပြဘူးပဲ။ မဟုတ်ဘူး အရင်ထဲက သူ့ကိုညာခဲ့တာပဲ။ သူမေးခဲ့ပေမယ့် ကိုကိုက မဟုတ်ဘူးလို့ဖြေခဲ့တာ။ အားလုံးက ညာခဲ့တာသက်သက်ပဲ။ ဒီလိုမှမဟုတ်ရင်လည်း ထယ်ယောင်းဆိုတာ ဂျွန်ဂျောင်ဂုအတွက် အရေးတယူလုပ်စရာမလိုတဲ့ လူတစ်ယောက်ဖြစ်နေခဲ့လို့များလား။
ဒါနဲ့ ဘာလို့ အသက်ရှူရတာ အဆင်မပြေဖြစ်နေပါလိမ့်။ ဒီလစ်ဟာနေတဲ့ ခံစားချက်ကရော ဘာများလဲ။
"ထယ်ယောင်း ပြန်လာပြီလား".
"ဟုတ်ကဲ့ ဖေဖေ"
ဖေဖေက သူ့ကိုပြုံးပြသည်။
"သားအရင်က ဂီတပိုင်းလေ့လာချင်တယ်လို့ ပြောဖူးတာ အဖေမှတ်မိတယ်"
"ဟုတ်တယ်ဖေဖေ ကျွန်တော် တူရိယာတွေကို စိတ်ဝင်စားတယ်"
"ဒီမှာ တစ်ချက်ကြည့်ကြည့်"
ထယ်ယောင်း ဖေဖေပေးသည့် စာအိတ်ကလေးအား ဖွင့်ကြည့်လိုက်သည့်အခါ ဘာလင်တွင် ပညာသင်ကြားခွင့်ဟူသောစာကို ပထမဆုံး မြင်တွေ့လိုက်ရသည်။
"ဖေဖေဒါက..."
"အဖေမင်းကို တွန်းအားမပေးပါဘူး သွားမသွကို သားပဲဆုံးဖြတ်"
"ဟုတ် ကျွန်တော့်ကိုစဥ်းစားခွင့်ပေးပါ"
ထယ်ယောင်း သူ့အခန်းရှိရာကို စာအိတ်ကိုင်လျက် တဖြည်းဖြည်းတက်သွားခဲ့သည်။
သူ့ကျောအား ကြည့်နေသည့် မစ္စတာဂျွန်၏ အဓိပ္ပါယ်ဖော်ရခက်သော အကြည့်တို့အား သူသတိမပြုမိလိုက်ပါချေ။
ထယ်ယောင်းဖုန်းထုတ်ကာ စစ်လိုက်သည့်တိုင် မည်သည့်စာမှ ရောက်မလာချေ။
နောက်ဆုံးအရဲစွန့်ကာ သူ့လက်မှ နာရီလေးရှိ ခလုပ်လေးအား ဖိနှိပ်လိုက်ပါ၏။
သို့တိုင် ဘာမှထူးခြားမလာခဲ့ချေ။
သူအသာအယာရယ်မောမိလိုက်သည်။
သူကတကယ့်ကို ကိုကို့အတွက် အရှုပ်ထုပ်ဖြစ်ခဲ့ပုံပင်။
ထို့အတူ နာယွန်းဖုန်းထဲမှပုံအား ပြန်မြင်ယောင်မိရင်း ရင်ဘတ်ထဲက အကြောင်းအရင်းမသိရစွာ စူးအောင့်လာခဲ့ပါ၏။
ပူးကပ်နေသည့် လူနှစ်ဦး၏အသွင်က သူ့မျက်ဝနိးထဲ အကြိမ်ကြိမ် ပေါ်လာကာ ဖျောက်ဖျက်ပစ်၍ မရဖြစ်နေခဲ့သည်။
ကိုကိုက နံရံကိုမှီရပ်ရင်း သူ့မိန်းကလေးကို ရင်ခွင်ထဲထည့်ကာ နမ်းရှိုက်နေခဲ့ခြင်းပင်။