ထယ်ယောင်း ခြေသံကိုခပ်ဖွဖွနင်းကာ ဧည့်ခန်းကို ဖြတ်လိုက်သည်။
"သားငယ်"
ကျောပေးထားသည့်ဖေဖေက သူ့အားလှည့်မကြည့်ပဲ ခေါ်လာ၏။
"ဦးလေးဂန်သွားကြိုတော့ မင်းကိုမတွေ့ခဲ့ဘူးတဲ့ ဘယ်လိုဖြစ်ရတာလဲ"
"ကျွန်တော် ကျွန်တော် ဟို ဟျွန်းယောင်းခေါ်လို့ သူနဲ့အတူ ဘတ်စကတ်ဘောကစားနေတာဖေဖေ"
"ဟုတ်လား ဒါဆို ချွေးတွေနဲ့နေရခက်နေမှာပဲ ရေသွားချိုးလေ"
"ဟုတ်ကဲ့"
ထယ်ယောင်း လိပ်ပြာမလုံစွာဖြင့် အိမ်အပေါ်ထပ်ကို ခပ်သွက်သွက်လေး ပြေးတက်မိသည်။
ဘာကြောင့် သူဖေဖေ့ကို လိမ်မိရသလဲ သေချာမသိတော့ချေ။
နေရခက်ဖို့ထား၊ သူ့ကိုယ်က ခြောက်သွေ့ပြီး ချွေးနံ့ကင်းစင်နေရုံမျှမက သစ်သီနံ့ရေမွှေးရနံ့ကပင် သူ့ခန္ဓာကိုယ်ထက် ခပ်ဖျော့ဖျော့ စွဲကပ်၍နေပါသေးသည်။
[ကိုကို : အိမ်ပြန်ရောက်ပြီလား]
[ဟုတ်]
[ကိုကို : အဖေဆူသေးလား]
[မဆူပါဘူး ကျွန်တော်က ကလေးမှမဟုတ်တော့တာ]
[ကိုကို : ဆူရင် အိမ်ပေါ်မှာမနေဘူးလို့ပြော သူမနေနိုင်ဘူး ကိုကို့ကို နှင်ချနိုင်ပေမယ့် မင်းကတော့ သူ့ရတနာလေးလေ]
[ကိုကိုက ဖေဖေ့ကိုဆို အကောင်းမပြောဘူး]
[ကိုကို : သူလုပ်တာအမှန်ပဲလေ]
ထယ်ယောင်း စိတ်ကောက်မိသွားကာ စကားပြန်မပြောဖြစ်တော့ချေ။
[ကိုကို : ဘာလို့ ပြန်မပြောတော့တာလဲ ဘဲနှုတ်သီး ဖြစ်နေပြန်ပြီလား နဂိုထဲက ရုပ်ကဆိုးတဲ့ဟာကို]
[ရုပ်ဆိုးတာ ကိုကို့မျက်နှာမှမဟုတ်တာ ကျွန်တော့်ဟာလေ ဘာတွေလာဂရုစိုက်နေတာလဲ တော်ပြီ ရေချိုးပြီး စာလုပ်တော့မယ် ကိုကိုလည်းစာကြည့်တော့]
စိတ်ကောက်ချင်မိပါသော်ငြား သိပ်မဆိုးရဲချေ။ သူ့ဘက်ကမခေါ်၍ ကိုကိုပို၍ အေးစက်သွားမည်ကို စိုးရိမ်မိ၏။
သို့ပေသိ သူစိတ်ဆိုးနေကြောင်းကိုလည်း ပေးသိချင်သေးပြန်သည်။
အဆုံးမှာလည်း စိတ်ပူသည့်စကားလုံးတို့အား မနေနိုင်ဘဲ ထည့်လိုက်မိပါသေး၏။
ကိုကို စာမေးပွဲရှိသည်မလား။
အရေးမပါသည့်စာမေးပွဲတစ်ခုဖြစ်သည့်တိုင် ထယ်ယောင်းကတော့ ကိုကို့အား အကောင်းဆုံးလုပ်စေချင်သည်။
ဒီလိုဆို ဖေဖေလည်း ကိုကို့အပေါ် အရင်ကလောက် စိတ်မဆိုးလောက်တော့ဘူးမလား။
ထိုသို့တွေးမိပြီးမှ ထယ်ယောင်းရယ်ချင်လာရသည်။
ကိုကိုက အမြဲလိုလိုထိပ်ဆုံးကျောင်းသားဖြစ်ခဲ့သူပင်။
အသေအလဲကြိုးစားပြီးမှ Top 20ဝင်သည့် သူနှင့်မတူချေ။
မျိုးရိုးကြောင့်လည်းဖြစ်နိုင်၏။
ထယ်ယောင်းက စာဘက်တွင်တော့ သိပ်မထူးချွန်ပေ။
ဤနေရာအထိရောက်နေခြင်းကလည်း ကိုကို့ကိုအားကျပြီး သူ့ကိုယ်သူ တွန်းအားပေးကာ အချိန်ပြည့်ကြိုးစားလုပ်ခဲ့၍ပင်။
ဤရက်ပိုင်းအတွင်း လေလွင့်နေခဲ့သည့် သူ့ကိုယ်သူ ပြန်တွေးမိသည့်အခါ ထယ်ယောင်း စိတ်လေသွားရပါတော့သည်။
ထိုနေ့မှစ၍ ကိုကိုက ရက်ခြား၍ဖြစ်စေ ဆက်တိုက်ဆိုသလိုဖြစ်စေ ရောက်လာတတ်၏။
"ကိုကို ဒီလိုလာနေရင် ဘာလို့များ အိမ်ခွဲနေသေးလဲ ပြန်လာခဲ့လေ ဖေဖေလည်း စိတ်မဆိုးလောက်တော့ပါဘူး"
"မင်းက ကိုကို့ကို အဖေ စိတ်ဆိုးနေတယ်လို့ထင်တာလား သူစိတ်မဆိုးပါဘူး သေချာစား ပေကုန်ပြီ"
ကိုကိုက ပြောပြောဆိုဆို သူ့နှုတ်ခမ်းဘေးဘက်၌ ပေနေသည်တို့အား လက်ဗလာဖြင့် သုတ်ပေးသည်။
ထယ်ယောင်း တစ်ရှူးကမ်းပေးလိုက်တော့ ယူပြီး သူ့လက်ကိုသုတ်၏။
ငယ်စဥ်ကတည်းက ကိုကိုက တစ်ခါတစ်လေ ထိုသို့သန့်ရှင်းပေးနေကျမို့ ထယ်ယောင်းအတွက်တော့ သာမန်မျှသာ။
သို့ပေသိ ဘေးဝိုင်းမှ အချို့စကားတို့က နားထဲဝင်လာခဲ့သည်။
"နားမထောင်နဲ့ စားပြီးသွားကြမယ်"
ကိုကိုက မျက်နှာထားတင်းတင်းဖြင့် တစ်ဖက်ဝိုင်းအား စိုက်ကြည့်လိုက်ရာ အားလုံးက မျက်နှာပျက်ကာ အကြည့်လွှဲသွားကြသည်။
"တကယ်ပဲ ဟမ်ဘာဂါဆို McDonald'sက အကောင်းဆုံးပဲ"
ထယ်ယောင်း ဗိုက်ကလေးပွတ်ကာ ပြောတော့ ကိုကိုက ရယ်သည်။
"စားပြီးရင်သွားကြမယ် အတန်းနောက်ကျနေမယ်"
"ကိုကိုကမှ နောက်ကျမှာ"
ပြောရင်း ထယ်ယောင်း သက်ပြင်းချလိုက်မိပါ၏။
သူ ဦးလေးဂန်နှင့် လွဲမည်စိုး၍ ကိုကိုက နေ့လည်မုန့်စားဆင်းချိန်တို့၌သာ လာတွေ့လေ့ရှိသည်။
ယခုလည်း ကျောင်းအနီးမှ McDonald'sဆိုင်ကို ခေါ်လာပေးခြင်းပင်။
သူသည်ပင် နောက်မကျအောင် အမြဲအမြန်သွားရသည်ဖြစ်ရာ နာရီဝက်မျှ ကားမောင်းပြန်ရမည့် ကိုကိုဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
"နောက်မကျပါဘူး ကိုကိုက အထက်တန်းကလေးမှ မဟုတ်တော့ပဲ ဒီနေ့နေ့ခင်း အတန်းချိန်က ၂နာရီမှစမှာ "
"တက္ကသိုလ်ကျောင်းသားဖြစ်ရတာ မိုက်လိုက်တာနော် အတန်းချိန်အပြည့်တက်စရာ မလိုတော့ဘူး"
"ကိုယ် လိုချင်ရင်လိုချင်သလောက် လေ့လာလို့တော့ရတာပေါ့ ကိုကိုက တမင်အခြားအချိန်ပိုတွေ သွားမတက်လို့လေ မင်းကတော့ ငါ့လိုလုပ်လို့မဖြစ်ဘူးနော်"
"အွန်းပါ ကိုကိုကဥာဏ်ကောင်းပေမယ့် ကျွန်တော်ကတော့ အဲ့လောက်မဟုတ်ဘူးလေ သိပါတယ် "
"ကိုယ့်ဟာကိုယ်သိရင်ပြီးတာပဲ ငတုံးလေး"
ထယ်ယောင်းမကျေနပ်ကြောင်းကို နှာတစ်ချက်မှုတ်လျက် အသံပြုကာ အချက်ပြလိုက်ပါ၏။
"ကိုကို ဒါနဲ့လေ..."
"အင်း..."
"စောစောက ဟိုလူတွေက ဘာလို့ ရွံစရာကောင်းတယ်လို့ ပြောနေကြတာလဲ ကျွန်တော်တို့က သူတို့ကို ဘာမှလည်း မလုပ်ပဲနဲ့"
"အဲလိုပဲ အချို့လူတွေက အတွင်းပုပ်တွေလေ သူများကို သူတို့ရဲ့နံစော်နေတဲ့ပါးစပ်တွေနဲ့ သွားပုပ်လေလွင့်ပြောဖို့ပဲတတ်တာ စိတ်ထဲမထားနဲ့တော့ အဓိပ္ပါယ်မရှိတာတွေချည်းပဲ"
"အွန်း ဒါနဲ့ ကိုကိုဒီရက်ပိုင်း စကားအရမ်းများလာတာပဲ အဘိုးကြီးပေါက်စကျနေရော"
"ဂျွန်ထယ်ယောင်း!"
"မှားသွားပါတယ် ကိုကို! !"
ထယ်ယောင်း ဇက်ကလေးပုကာ တစ်ချိုးတည်း လစ်ပြေးလာခဲ့လိုက်တော့သည်။
ကိုကိုတကယ်စိတ်မဆိုးမှန်းသိပေမယ့် ကြောက်ဟန်ဆောင်ရသည်ကိုလည်း သူသဘောကျသည်။
ဘာကြောင့်ရယ်မသိ ဒီရက်တွေမှာ ကိုကိုသူ့အားသိပ်မဆူသလို အလိုလည်းလိုက်ပေးနေရာ ထယ်ယောင်း တကယ်ပျော်နေရပါသည်။