04
Viewers 2k

"ဘာဖြစ်နေတာလဲ ထယ်ယောင်း မှိုင်တွေနေတာပဲ"


"ငါလား ဘာမှမဖြစ်ပါဘူး "


ထယ်ယောင်းပြောရင်း လက်မှနာရီဒိုင်ခွက်လေးကို အသာပွတ်လိုက်သည်။ 

11:15 ဟူသော အချိန်အား ညွှန်ပြနေသည့်လက်တံတို့မှလွဲ၍ မည်သည့်အချက်ပြမှ ရှိမနေချေ။


သူက ကိုကို့ကို သတိရနေသလောက် ကိုကိုကတော့ သူ့ကိုသတိရပုံမရ။

ထိုနေ့မနက်က ထယ်ယောင်းအား လိုက်ပို့သည်က ကိုကို့ကို နောက်ဆုံးတွေ့ရခြင်းဖြစ်ကာ အခုဆို တစ်ပတ်ကျော်သွားပြီဖြစ်၏။


ကိုကိုက ပိတ်ရက်များ၌ပင် အိမ်ပြန်မလာခဲ့ချေ။


"နောက်တစ်ချိန်က PEနော် မင်းနေမကောင်းဘူးဆိုလည်း ငါဆရာ့ကိုခွင့်တောင်းပေးမယ် ဆေးပေးခန်းမှာ သွားနားလိုက်"


"ကျေးဇူးပဲ ဟျွန်းယောင်း အဲလိုလုပ်ပေးမလား"


"အင်း အင်း စိတ်မပူနဲ့"


တရွေ့ရွေ့ဖြင့် ထွက်သွားသည့် ထယ်ယောင်းကျောပြင်အားကြည့်ကာ ဟျွန်းယောင်းသက်ပြင်းချလိုက်သည်။


"တကယ်ပါပဲ ဘာတွေဖြစ်နေတာလဲ လူက အတော်လေးပိန်ကျသွားတာပဲ"


ထယ်ယောင်း သူနာပြုဆရာမအား ခွင့်ပြုချက်တောင်းကာ ကန့်လန့်ကာချလျက် ကုတင်ပေါ်လှဲနေလိုက်သည်။


လက်ကလည်း ခလုပ်လေးထံ မကြာခဏရောက်သွားသေးသည်။


"နှိပ်လိုက်ရမလား မနှိပ်ရဘူးလား အား မသိတော့ဘူးကွာ"


ထယ်ယောင်းမျက်နှာလေး မဲ့ကျလာရင်း ခလုပ်လေးအား ဖိနှိပ်မည့်အကြံကို စိတ်ထဲမှထုတ်ကာ လက်ကိုဖယ်လိုက်စဥ် မတော်တဆ ဖိနှိပ်မိသွားတော့သည်။


"သေလိုက်ပါတော့!"


Beep beep!


ထယ်ယောင်းအိတ်ကပ်ထဲမှ ဖုန်းလေးက တုန်ခါလာသည်။


[ကိုကို : တစ်ခုခုဖြစ်လို့လား ထယ်ယောင်း?]


ထယ်ယောင်း မျက်နှာလေးနီကာ စိတ်လှုပ်ရှားသွားရသည်။

မတော်တဆဆိုပေမယ့် အလုပ်ဖြစ်သားပဲ ကိုကို သူ့ဆီကို စာပို့လာတယ်လေ။


[ဘာမှမဖြစ်ပါဘူး ဒီအတိုင်းပဲ ကိုကို့ကို သတိရလို့...]


ထယ်ယောင်း ရင်ထဲကအရှိအတိုင်း စာပို့လိုက်ပြီးမှ နောင်တရသွားသည်။

ကိုကိုထံမှ စာပြန်မရောက်လာပေ။


ကိုကို သူ့ကို အရမ်းကလေးဆန်တယ်များ ထင်သွားလား။

ဒီအရွယ်ရောက်နေပြီကို ကလေးလိုလိုက်ကပ်နေတုန်းလို့တွေးပြီး ငြိုငြင်သွားတာများလား။


ထယ်ယောင်း နောင်တအပြည့်ဖြင့် စာလေးပြန်ဖျက်ရန်လုပ်စဥ် စာထပ်ဝင်လာခဲ့သည်။


[ကိုကို : ကိုကိုရောပဲ ဒီရက်တွေ မဆက်သွယ်မိလို့ တောင်းပန်ပါတယ် ကိုကိုလပတ်စာမေးပွဲဖြေနေရလို့လေ မင်းကိုလည်း အနှောင့်အယှက် မပေးချင်လို့]


သူ့အားမငြိုငြင်သည့်အပြင် စိတ်ရှည်လက်ရှည်ဖြင့် အကြောင်းအရင်းကိုပါ ရှင်းပြလာသည်ကြောင့် ထယ်ယောင်းဒီရက်ပိုင်း ခံစားနေရသည့် ထူးဆန်းသည့် အထီးကျန်ဆန်သော ခံစားချက်တွေအားလုံး လွင့်စင်သွားရသည်။


[ကိုကို ကျန်းမာရေး ဂရုစိုက်နော်...]


[ကိုကို : ဂျွန်ထယ်ယောင်း...]


[ဟုတ်]


[ကိုကို : မင်းကိုလွမ်းတယ် တွေ့ချင်တယ် ]


ထယ်ယောင်း ရင်ထဲ ဒိန်းခနဲပင်။


ကျွန်တော်လည်း တွေ့ချင်တယ်ဟူ၍ပင် စာမပြန်နိုင်တော့ဘဲ ဖုန်းမျက်နှာပြင်ကို အလျင်အမြန် ပိတ်ချလိုက်မိသည်။


ရထားခုတ်မောင်းနေသည့်အလား တဒုန်းဒုန်း ခုန်နေသည့် ရင်ဘတ်အပေါ် လက်တင်ထားမိရင်း သူ့ကိုယ်သူ သံသယဝင်လာမိတော့သည်။


ဂျွန်ထယ်ယောင်း မင်းတကယ်ပဲ ဘာဖြစ်နေတာလဲ။


"ထယ်ယောင်း ဆရာမင်းကို စာဖတ်ခိုင်းနေတယ်လေ"


ဟျွန်းယောင်းက သူ့အား အသာတို့ကာ ဆိုလာသည်။


"ထယ်ယောင်း မင်းစိတ်နဲ့လူနဲ့မကပ်ပဲ ဘာဖြစ်နေတာလဲ စာသင်ချိန် စာထဲစိတ်မရောက်ဘူး အတန်းနောက်ဆုံးမှာ သွားပြီးမတ်တပ်ရပ်နေ"


"ဟုတ် တောင်းပန်ပါတယ် ဆရာ"


ထယ်ယောင်း အပြစ်ပေးခံလိုက်ရသော်လည်း စိတ်နှင့်လူ ကပ်မလာချေ။

ကိုကိုနောက်ဆုံးပို့ထားသည့်စာကသာ စိတ်ထဲတဝဲလည်လည် ပေါ်လာခဲ့သည်။


"မနက်ကကျ သေတော့မလို မျက်နှာနဲ့ ညနေကျတော့ လိပ်ပြာလွင့်နေတဲ့ရုပ် ထယ်ယောင်း မင်းတကယ် ဘာဖြစ်နေတာလဲ "


"ငါတကယ် ဘာမှမဖြစ်ပါဘူး"


ဖတ်...

ဟျွန်းယောင်း၏လက်တစ်ဖက်က ထယ်ယောင်း ပုခုံးအပေါ်ရောက်လာပြန်သည်။


"စိတ်ညစ်နေရင်လည်း ဒီကိုကို ဘတ်စကတ်ဘောဆော့တာ လိုက်ကြည့်လေ"


"မင်းကြီးတော်ကိုကိုပါလား တော်ပြီ ဦးလေးဂန်လာကြိုရင် လွဲနေလိမ့်မယ် ဖေဖေစိတ်ပူနေမှာ"


"ဟုတ်ပါပြီ ပြန်ပါတော့ သားလိမ္မာလေးရေ ဒီက ငမိုက်သားကတော့ ညမှပဲ အိမ်ပြန်နေကျဆိုတော့ ဘယ်သူမှလည်း စိတ်ပူမနေဘူး"


"မင်းကဆိုးတာကိုး"


ဟျွန်းယောင်းက နာကျင်သွားဟန်ဖြင့် ရင်ဘတ်ကို ဖိပြသည်။


"အင်းပါ ထယ်ယောင်း ဂရုစိုက်ပြန်နော် ငါသွားပြီ"


ထယ်ယောင်း တစ်ယောက်တည်း ကျောင်းတံခါးဝကိူ ခေါင်းငိုက်စိုက်ချလျက် လျှောက်လာခဲ့သည်။


"ဂျွန်ထယ်ယောင်း"


ငါတော့ အသံတွေပါ ကြားနေရပြီ။

ထယ်ယောင်းမှာ အတွေးနှင့်အတူ စိတ်ညစ်သွားရသည်။


"ဟေး..."


ရုတ်တရက် ရှေ့မှာလာပိတ်ရပ်သည့် ခြေတစ်စုံနှင့်အတူ ရင်းနှီးနေသည့်အသံ။


သောက်ကျိုးနည်း ဂျွန်ထယ်ယောင်းရေ အသိစိတ်ကပ်စမ်း။

မင်းဟာက လွန်နေပြီဟေး။


"ကလေးလေး ကိုကို့ကိုတွေ့ရတာ မပျော်ဘူးလား"


ထယ်ယောင်း နောက်ဆုံးတော့ ခေါင်းမော့ကာ ကြည့်လိုက်သည်။


"ကိုကို?"


"အင်း မင်းရဲ့ကိုကိုလေ"


ထယ်ယောင်း ကိုကို့ကားထဲ ဘယ်လိုရောက်သွားမှန်းမသိလိုက်တော့ပေ။


"ကြည့်ပါဦး ဒီလိုသာ အသိလွတ်နေရင် မင်းလွယ်လွယ်နဲ့ ရောင်းစားခံရတော့မှာပဲ"


သူအသိပြန်ဝင်လာချိန်တွင်တော့ ဟန်မြစ်ဘေးရောက်နေချေပြီ။

ခိုတစ်ကောင်က ကားဘေးမှန်ထက်၌ လာနား၏။


"မင်းမျက်နှာ ကိုကို့ကို ပေးကြည့်ပါဦး ပိန်သွားလိုက်တာ မစ္စတာဂျွန်က သေချာမကျွေးဘူးလား"


"ဖေဖေ့ကို ဘယ်လိုတွေပြောနေတာလဲ ကိုကိုကလည်း"


"ဟုတ်ပါပြီ၊ သူ့အကြောင်းမပြောတော့ဘူး"


"ကိုကို ဘယ်လိုရောက်လာတာလဲ၊ စာမေးပွဲ ဖြေနေရတယ်ဆို "


"တစ်စုံတစ်ယောက်က စာမပြန်တော့လို့လေ စိတ်ပူပြီးလိုက်လာရတာ"


ထယ်ယောင်း နားရွက်လေးတွေ ပူနွေးလာရသည်။


"ကိုကို့ကို ဘယ်သူက ထူးထူနးဆန်းဆန်းတွေ ပို့ခိုင်းလို့လဲ"


"ဘာကိုထူးဆန်းလို့လဲ ကိုကို့စိတ်ထဲကအတိုင်းပို့...."


"တော်ပြီ ဆက်မပြောနဲ့တော့"


ထယ်ယောင်း ကိုကို့နှုတ်ခမ်းထက် လက်ဖြင့်ကာကာ စကားလုံးတို့အား တားဆီးလိုက်သည်။


ကိုကိုက သူ့လက်ကို အသာပြန်ဆွဲချသည်။


"ထယ်ယောင်း"


ထယ်ယောင်း ကိုကို့အား မသိမသာ ခိုးကြည့်လိုက်သည်။


"ကိုကို ထူးထူးဆန်းဆန်းတွေလုပ်နေတာမဟုတ်ပါဘူး မင်းကို တကယ်လွမ်းနေခဲ့တာ"


ထယ်ယောင်းလက်ကောက်ဝတ်ထက်တွင် ပူနွေးမှုလေးတစ်ခု ထိကပ်သွားသည်။


"ကိုကို..."


ထယ်ယောင်း အံ့အားသင့်သွားရ၏။


"ထယ်ယောင်းသဘောကျတဲ့လူရှိနေပြီလား"


သူကြောင်တောင်တောင်လေးဖြင့် ခေါင်းခါပြလိုက်သည်။


"ကောင်းတယ်  ဘယ်သူ့ကိုမှ သဘောမကျပါနဲ့ဦး ဖြစ်နိုင်ရင် နောက်သုံးနှစ်လောက်နေမှ တစ်ယောက်ယောက်ကို သဘောကျဖို့ ကြိုးစားပေးနိုင်မလား"


ယောင်နနဖြင့် ခေါင်းညိတ်ပြမိပြန်ပါ၏။


"အင်း လိမ္မာတယ် လာပါဦး ကိုကိုမင်းကို သတိရနေတာ ခဏလောက်ဖက်ထားပါရစေ"


ထယ်ယောင်းမှာ ကိုကိုဆွဲရာဘက် စွေ့ခနဲပါသွားရသည်။


"ကိုကို"


ထယ်ယောင်း ကိုကို့ရင်ခွင်ထဲမှနေ၍ ခေါ်လိုက်၏။


"ဟင်"


"ဘာလို့..."


"အွန်း"


"ဘာလို့ စောနက..."


"အင်း..."


"ဘာလို့ နမ်းတာလဲ "


"ဘာကိုလဲ"


"စောစောကလေ ကျွန်တော့်လက်ကို နမ်းလိုက်တာမလား"


"ဟုတ်လား ကိုကိုလုပ်လိုက်မိတာလား"


"မဟုတ်ဘူးလား"


ဒီတကြိမ်တွင်တော့ ကိုကို့ထံမှ ပြန်ဖြေသံမကြားရချေ။

ကိုကိုက ရယ်သံတိုးဖွဖွဖြင့်သာ တုန့်ပြန်လာခဲ့ပါ၏။