"ကိုကို အဲ့မမက ကိုကို့ရဲ့...."
ထယ်ယောင်းက သိလိုစိတ်တို့ကို မြိုချကာ မေးခွန်းကိုဖြတ်လိုက်လေသည်။
"သူကငါ့ရဲ့ဘာလဲ..."
"ဘာမှမဟုတ်တော့ဘူး "
ထယ်ယောင်းခေါင်းယမ်းလိုက်တော့ ဂျောင်ဂုကဆက်မမေးပဲ ကားကိုသာ အာရုံစိုက်၍ ဆက်မောင်း၏။
"သားတို့ပြန်လာကြပြီလား"
ထယ်ယောင်းအိမ်ထဲရောက်တော့ မတွေ့ရတာကြာပြီဖြစ်တဲ့ ဖေဖေ့ကို မြင်လိုက်ရသည်။
ဖေဖေက ထယ်ယောင်းကို နွေးထွေးစွာပြုံးပြနေပေမယ့် ကိုကို့ကို ကြည့်ချိန်မှာတော့ တည်တင်းသွားသည်။
"ဂျောင်ဂု လုပ်စရာရှိတာလုပ်ပြီးရင် စာကြည့်ခန်းထဲလာခဲ့"
ကိုကိုက မျက်နှာသေဖြင့်ပင် ခေါင်းညိတ်ပြ၏။
ဖေဖေက အပေါ်ထပ်ကိုတက်သွားခဲ့သည်။
နောက်ကလိုက်သွားမည်ကြံသည့် ကိုကို့အား ထယ်ယောင်းကပျာကယာ အင်္ကျီစကို ဆွဲလိုက်သည်။
"ကိုကို..."
"ယောင်းငယ် သွားပြီးသန့်ရှင်းရေးလုပ်တော့"
ထယ်ယောင်း နှုတ်ခမ်းလေးဖွင့်ချည်ပိတ်ချည်ဖြင့် စကားပြောလိုခြင်းကြောင့် ပါးစပ်တပြင်ပြင်ဖြစ်နေသော်ငြား ကိုကို့စူးစူးရဲရဲအကြည့်တို့အောက် ပါးစပ်လေး အလိုအလျောက် ပိတ်လိုက်မိ၏။
အခုနောက်ပိုင်း ကိုကိုနှင့်ဖေဖေ သိပ်အဆင်မပြေဖြစ်နေသည်ကို ထယ်ယောင်း ရိပ်မိနေသည်မှာကြာပြီဖြစ်၏။
သို့ပေသိ သူသိအောင်တော့ အချေအတင်မဖြစ်ကြချေ။
မည်မျှပင် သတိထားနေကြပါစေ၊ ထယ်ယောင်းသည်လည်း ကလေးမဟုတ်တော့ရကား သူ့အနေဖြင့် အကဲခတ်နိုင်ပါသေး၏။
"ထယ်ယောင်း ကိုကိုက ပြောစရာရှိလို့တဲ့"
ဖေဖေက ညစာစားပွဲ၌ ရုတ်တရက် ဆိုလာသည်။
ထယ်ယောင်း ပါးစပ်ထဲအပြည့်ထမင်းတို့အားငုံထားရင်း ပလုပ်ပလောင်းဖြင့် ကိုကို့ထံ စူးစမ်းသလိုလေး ကြည့်လိုက်၏။
"အဖေ အခုပြောမှဖြစ်မှာလား"
ကိုကိုကတော့ ဖေဖေ့ထံ အလိုမကျသံဖြင့်မေးသည်။
"အချိန်က ဘာလို့ဆွဲချင်သေးတာလဲ မနက်ဖြန်ဆို မပြောလည်း သိပြီမလား"
ချွမ်း!
ကိုကိုက တူကို စားပွဲထက် မာန်ပါပါဖိချလိုက်ရာ ဆူညံသံတွေဖြစ်လာပြီး ထယ်ယောင်းဇက်ကလေး ပုဝင်သွားရသည်။
တလှုပ်လှုပ်ဝါးနေသည့်ပါးကလေး ငြိမ်သက်သွားသလို လှုပ်ရှားနေသည့်တူလေးပါ ငြိမ်သက်သွားခဲ့သည်။
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
"ဗိုက်ဝပြီ"
"ဂျွန်ဂျောင်ဂု ! ! ! ပြန်ထိုင်စမ်း"
ကိုကိုက ဖေဖေ့စကားကို ဂရုမစိုက်ဘဲ ရှေ့သို့ ခြေလှမ်းဆက်လှမ်း၏။
"မင်းကိုကိုက မနက်ဖြန်ကစပြီး အိမ်ခွဲနေလိမ့်မယ်"
ကိုကို့ခြေလှမ်းတွေရပ်သွားကာ ထယ်ယောင်းရဲ့တူလေးကလည်း ငြိမ်သက်မက ငြိမ်သက်သွားသည်။
"ဘာလို့လဲဖေဖေ ကိုကိုက အခုမှပထမနှစ်လေ ကျောင်းအဆောင်နေစရာမလိုသေးဘူးမလား"
"ကျောင်းအဆောင်မဟုတ်ဘူးသား အိမ်နဲ့တက္ကသိုလ်က အရမ်းဝေးတော့ သွားလာရပိုအဆင်ပြေအောင်လေ ဒီတော့ သားကို မနက်ဖြန်ကစပြီး သူအကြိုအပို့မလုပ်နိုင်တော့ဘူး ဦးလေးဂန်နဲ့ပဲ သွားရမယ် ဟုတ်ပြီလား"
"မနက်ဖြန် ယောင်းငယ်ကို ကျွန်တော် ကျောင်းလိုက်ပို့မှာ"
"မင်းက နေရာချဖို့စောစောသွားရ..."
"ကျွန်တော် လိုက်ပို့မှာလို့ ပြောနေတယ်လေ။ ပြီးရင်နောက်နေ့တွေ လိုက်မပို့နိုင်တော့ဘူးမလား။ တစ်ရက်လောက် အတန်းပျက်တာက ကိစ္စကြီးမဟုတ်ပါဘူး အဖေ"
"ကောင်းပြီလေ"
နောက်ဆုံးတွင်တော့ ဖေဖေက သဘောတူလိုက်လေသည်။
"ထယ်ယောင်း စားပြီးရင် ကိုကို့အခန်းထဲ ခဏလာဦး"
ကိုကို့စကားအား အဖေက အလိုမကျသလို ချောင်းဟန့်၏။ ထယ်ယောင်း အသာအယာသာ ခေါင်းညိတ်ပြလိုက်မိသည်။
"ကိုကို ကျွန်တော် ဝင်လာပြီနော်"
တံခါးအား အသာတွန်းဖွင့်လိုက်မိတော့ ပွင့်ဟသွားသည်။
"အင်း တံခါးပြန်ပိတ်ခဲ့ ထယ်ယောင်း။ လော့ခ်ပါချခဲ့"
ဘာကြောင့် လော့ခ်ချခိုင်းမှန်းမသိသော်ငြား ချလိုက်မိပါသည်။
ကိုကိုက စာကြည့်စားပွဲ၌ထိုင်နေပြီး ကုတင်တစ်ဖက်တွင်တော့ ခရီးဆောင်အိတ်တစ်လုံး ဖွင့်လျက်ချထားကာ ကုတင်ထက်တွင်တော့ ပစ္စည်းများစွာပြန့်ကျဲနေ၏။
"လာထိုင်လေ"
"အွန်း"
ထယ်ယောင်း တရှပ်ရှပ်လျှောက်သွားပြီး အကျင့်ဖြစ်စွာပင် ကုတင်ပေါ်မှ နေရာလွတ်ထံ ထိုင်ချလိုက်သည်။
"ဒီမှာ..."
ကိုကိုက နေရာမှထကာ ထယ်ယောင်းရှေ့လာရပ်ရာ ကိုကိုသုံးနေကျ သစ်သီးရနံ့ရေမွှေးက နှာဖျားထက် ဝဲလာ၏။
"နာရီလေးပဲ"
"အင်း မင်းအတွက် ငါနဲ့ဆင်တူလေ"
ကိုကို စိတ်အခြေအနေကောင်းပုံမရချေ။ မင်းနှင့်ငါဟူ၍ သုံးလာပြန်ပါ၏။
"ဒီမှာ ခလုပ်လေးတွေ့လား နှိပ်လိုက်ရင် အချက်ပြလာလိမ့်မယ် "
ပြောရင်း ကိုကိုက ထိုခလုပ်လေးကိုဖိလိုက်ရာ ကိုကို့လက်ထက် ဝတ်ဆင်ထားသည့် နာရီလေး၌ အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည်။
ထယ်ယောင်း စပ်စပ်စုစုဖြင့် ကြည့်လိုက်ရာ နာရီဒိုင်ခွက်ထဲတွင် 'I miss you'ဟူသော စာတန်းသေးသေး ပေါ်နေသည်ကို မြင်ပြီး ခံစားချက်တစ်မျိုးလေး ဖြစ်သွားရသည်။
"ကိုကို့ကို သတိရနေရင်ဖြစ်ဖြစ် တစ်ခုခု ပြဿနာဖြစ်နေရင်ဖြစ်ဖြစ် နှိပ်လိုက် ဟုတ်ပြီလား"
"အွန်း..."
ကိုကိုက မပွင့်တပွင့်ပြုံးရင်း ထယ်ယောင်းဆံပင်တွေကို ဆွဲဖွသည်။
"ခေါင်းမော့ပါဦး ဘာလို့ဇွတ်ငုံ့ထားတာလဲ မင်းရုပ်ဆိုးတာ ငါသိပြီးသားပဲကို"
"ကိုကို့ပါးစပ်ကြီးက ကြမ်းလိုက်တာ"
"ဟော အရင်ထဲက ဒီအတိုင်းပဲကို နေပါဦး အသံကဘာဖြစ်နေတာလဲ ငိုနေတာလား "
"မငိုပါဘူး..."
"ထယ်ယောင်း မိုးရွာနေတယ်"
ကိုကိုက စကားလမ်းကြောင်းကို ပြောင်းပစ်သည်။
"ဟုတ်သားပဲ အချိန်အခါမဟုတ်ကြီးနော်"
"သူလည်း ဝမ်းနည်းနေလို့နေမှာပေါ့"
"ဟင်..."
"မင်း ငယ်ငယ်က မိုးရွာရင် တစ်ယောက်ထဲ မအိပ်ရဲတာ မှတ်မိသေးတယ် ကျန်တဲ့အချိန်တွေဆို ငါ့ကိုကြောက်ပေမယ့် မိုးရွာပြီးလျှပ်စီးတွေလက်ရင် အခန်းတံခါးလာလာခေါက်တော့တာပဲ"
"ဟုတ်တယ်နော် အဲ့တုန်းက ကိုကို့ထက် မိုးခြိမ်းသံကို ပိုကြောက်ခဲ့တာ အဟီး"
"အခုရော မကြောက်တော့ဘူးလား"
"မကြောက်တာမဟုတ်ပေမယ့် အခန်းတံခါးခေါက်ဖို့က အသက်ကြီးနေပြီလေ"
"ဒီညတော့ မင်းကို ကိုကို့အခန်းတံခါး ခေါက်ခွင့်ပေးမယ်လေ"
"ဟင်..."
"အာ ဟုတ်သား ကိုကို့အခန်းက ရှုပ်ပွနေတာဆိုတော့ ကိုကိုပဲ မင်းအခန်းတံခါး လာခေါက်ပါ့မယ်"
ဘာကြောင့်ရယ်မသိ ကိုကို့စကားအဆုံး ထယ်ယောင်းနားရွက်လေးတွေ ပူလောင်လာသလို ခံစားလိုက်ရသည်။
ဒီည ကိုကိုက ထူးဆန်းလိုက်တာ။