အပိုင်း ၂၃ ( Genius Slacker 6 )
Viewers 10k

ကျောင်းကဲ့သို့သောနေရာမျိုးတွင် မဆိုစလောက်သော အတင်းအဖျင်းကပင် အရမ်းကို လျင်လျင်မြန်မြန်ဖြင့် ပျံ့သွားနိုင်သည်။


မနက်ပိုင်း စာလေ့လာချိန်တွင် စာသင်ခန်းထဲသို့ ဖုန်းခိုးသယ်လာသော ကျောင်းသားအချို့က ကျောင်းအဆောက်အဦးရှေ့မှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို အစောကြီးကတည်းက သတင်းများဖြန့်ပြီးသားဖြစ်သည်။


" ယန်ကျင်းဇီကို အဲ့လိုလူမျိုးလို့ မထင်ထားခဲ့ဘူး... "


" အဲ့ဘော့စ်ကြီးမှာ ဘယ်လိုဦးနှောက်ပတ်လမ်းမျိုး ရှိနေတာလဲ! သူ့ကြွားလုံးထုတ်မှုကြီးက အရမ်းလက်ဖျားခါစရာကောင်းလွန်းတယ်! "


" သူ့မှာ အရည်အချင်းအချို့ ရထားတာပဲ။ သူက နတ်ဘုရားရဲ့လက်ရေးကို တကယ်ကြီး သင်ယူနိုင်ပြီးတော့ သင်လည်းသင်ပြီးရော သူ့ကိုယ်သူအတွက် ရည်းစားစာ ရေးတယ်။ "


" ချန်အန်းရှိူ့က တကယ် ကံမကောင်းဘူး... သူက စာသင်တဲ့အပေါ်မှာ အရမ်းအာရုံစိုက်နေတာ ဘာမှတောင်မသိသေးတဲ့ပုံပဲ။ "


" ယန်ကျင်းဇီကမိုက်တယ်လို့ အမြဲတွေးခဲ့တဲ့ ငါ့လိုမျိုး တစ်ယောက်ယောက် ရှိလား? အခုတော့... "


" ငါ ယန်ကျင်းဇီကို ရုပ်တည်တည်ထားပြီး မျက်နှာချင်းတောင် မဆိုင်‌နိုင်တော့ဘူး... "


" အဲ့တစ်ယောက်ရဲ့ပုံရိပ်ကတော့ ပျက်စီးသွားပြီပဲ! "



ကျောင်းသားများက စကားဆက်ပြောနေကြကာ ယန်ကျင်းဇီ၏ညီငယ်များကလည်း သူတို့၏ လျို့ဝှက်စကားပြောခန်းထဲ ဝင်လိုက်ကြသည်။ ယန်ကျင်းဇီသည် ဤ group chat ၏ အဖွဲ့ဝင် မဟုတ်သောကြောင့် သူတို့အားလုံး လွတ်လွတ်လပ်လပ် စကားပြောလို့ရလေသည်။


" ဘော့စ်က တကယ်အံ့ဩဖို့ကောင်းတယ်။ ချန်အန်းရှိူ့ရဲ့လက်ရေးကို သုံးပြီးတော့ သူ့အကြောင်းကို သူ အမွှမ်းတင်ရဲတယ်! "


" သူရဲကောင်းအစစ်ပဲ! သင်ယူခြင်းနတ်ဘုရားရဲ့လက်ရေးကို သုံးပြီးတော့ သူ့အတွက် ရည်းစားစာတွေ ရေးရဲတယ်! "


" မနေ့က ချန်အန်းရှိူ့က သူဌေးကို ကိတ်မုန့်နဲ့ ရိုက်ခဲ့တယ်။ အဲ့တာ သူ သိသွားလို့များလား? မင်းတို့ ဘယ်လိုထင်လဲ? " 


" သူက ဘော့စ်ကို သူ့ကိုယ်သူ ပြန်ရိုက်ခိုင်းသေးတယ်လေ။ "



စကားပြောနေရင်း တစ်ယောက်ယောက်က ရုတ်တရက် ပြောလာသည်။


" ပုံမှန်ဆိုရင် ဘော့စ်က ချန်အန်းရှိူ့ကို မုန်းပါတယ်။ သူ ချန်အန်းရှိူ့က တခြားကောင်တွေကို ကြိုက်ပါတယ်ဆိုပြီး အပုပ်ချသင့်တာ။ ဒါပေမယ့် အဲ့အစား ဘာလို့ သူက ချန်အန်းရှိူ့က သူ့ကို ကြိုက်ပါတယ်ဆိုပြီး လုပ်ရတာလဲ? "


ဤစကားများထွက်လာသည်နှင့်တပြိုင်နက် group က ချက်ချင်း အသံတိတ်သွားသည်။


လူတိုင်းမှာ သူတို့ကို မယုံနိုင်စရာကောင်းလောက်အောင် ခံစားစေရသည့် အတွေးတစ်ခု ရှိခဲ့ကြသည်။


သူတို့ဘော့စ်က ချန်အန်းရှိူ့ကို ကြိုက်နေတာများလား?


မဟုတ်ရင် ဒါကို ဘယ်လို ရှင်းပြမှာလဲ?


ဖုန်းကိုကြည့်နေရင်း ယွီလိမင်သည် စိတ်ထဲက ဆက်တိုက်ကျိန်ဆဲနေသည်။


ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့၏ဆက်ဆံရေးသည် သီးသန့်ဖြစ်သည်။ ရှေ့နှင့်နောက်စားပွဲခုံမှာ ထိုင်နေသည့် ကျောင်းသားများပင် ဘာမှမသိချေ။ သို့သော်ငြား ယန်ကျင်းဇီ၏ ညီငယ်လေးလည်းဖြစ်၊ အတန်းဖော်လည်းဖြစ်သော သူကတော့ ရံဖန်ရံခါ ယန်ကျင်းဇီထံမှ ကိစ္စများလုပ်ရန် အခိုင်းခံရလေ့ရှိသည်။


ဥပမာအားဖြင့် အအေး၊ နံနက်စာ သို့မဟုတ် တခုခု ဝယ်ခိုင်းတာမျိုး။


ချန်အန်းရှိူ့ ထိုစားစရာများကို စားနေသည်ကို သူ မြင်ဖူးသည်။


သူတို့ဘော့စ်က သူ့ကို ချန်အန်းရှိူ့ စားဖို့ တခုခုဝယ်ခိုင်းသည်။


ထိုအချိန်တွင် သူ့ဘော့စ်က အိမ်စာအတွက် ချန်အန်းရှိူ့ကို ဖားချင်သည်ဟု သူ ထင်ခဲ့သည်။ အခုတော့ ကြည့်ရတာ... အဲ့လိုမဟုတ်တဲ့ပုံပဲ?


ရုတ်တရက်ကြီး group ထဲမှာ တစ်ယောက်ယောက်က ပြောလာခဲ့သည်။


" ပင်ကွင်း group ကို ‌ရွှေ့ကြမယ်ဟေ့! "


များမကြာမီတွင် လူတိုင်းက ပင်ကွင်း group သို့ ပြောင်းရွှေ့ကြပြီး တညီတညွတ်တည်း အမည်မသိလုပ်ဆောင်ချက်ကို အသုံးပြုခဲ့ကြသည်။


" အရင်တုန်းက ဘော့စ် ငါ့ကို ချန်အန်းရှိူ့ကို တစ်ခါစောင့်ကြည့်ခိုင်းဖူးတယ်။ "


" ဘော့စ်က ငါ့ကို ချန်အန်းရှိူ့အတွက် မနက်စာ ဝယ်ခိုင်းတယ်! "


" ဘော့စ်က စာလေ့လာရတာကို မုန်းတယ်မလား? ဒါပေမယ့် သိပ်မကြာသေးခင်တုန်းက ချန်အန်းရှိူ့ သူ့ကို ခေါင်းစဉ်တစ်ခု ‌ရွေးပေးဖို့ ပြောနေခဲ့တာ! "


" ဒါဆို ဘော့စ်က ချန်အန်းရှိူ့ကို ကြိုက်နေတာ ဟုတ်တယ်မလား? "


" ရဲရင့်လိုက်တဲ့ သူရဲကောင်း! "


" ဘော့စ်ကမှ ဘော့စ်ဖြစ်ထိုက်တာ! "


" လေးစားစရာပဲ! "



'ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်ကို ကြိုက်သည်' ကဲ့သို့သော ကိစ္စများကို အများပြည်သူလူထုက လက်မခံကြသေးသော်လည်း ယန်ကျင်းဇီ၏ညီငယ်များအားလုံးသည် ပုန်ကန်တတ်သော ဆယ်ကျော်သက်များ ဖြစ်ကြသည်။ ဤကိစ္စကို လက်ခံလိုက်ဖို့က သူတို့အတွက် လွယ်ကူသည်။


ပုံမှန်နဲ့မတူဘဲ အမြဲလိုလို ကွဲပြားနေတဲ့ အကြောင်းအရာတွေကို သူတို့က သဘောကျတယ်!


မနက်ပိုင်း ကိုယ်ပိုင်စာလေ့လာချိန် ပြီးဆုံးကြောင်း ခေါင်းလောင်းသံထွက်လာပြီး တမနက်လုံး သူ့ဖုန်းမှာ စကားပြောနေသော ယွီလိမင်သည် ဖရဲသီးကြီးများ (အတင်းစကားများ) ကို စားခဲ့ရပြီး ကျေနပ်သွားလေသည်။ သူ့ဖုန်းကိုချလိုက်တော့မည့်အချိန်မှာပဲ သူ ချန်အန်းရှိူ့ကို တွေ့လိုက်ရသည်။


ချန်အန်းရှိူ့သည် အေးစက်သောအမူအရာဖြင့် သူ့အနားတွင် ရပ်နေကာ မသိမသာဖြင့် သူ့ကို အနည်းငယ် ကြောက်လန့်သွားစေသည်။


ဤအချိန်တွင် ချန်အန်းရှိူ့သည် သူ့စားပွဲကို လက်ညှိုးနှင့်ခေါက်လိုက်သည်။


" ယန်ကျင်းဇီစီမှာ ဘာဖြစ်သွားတာလဲ? "


ဘာဖြစ်သွားမှန်း ချန်အန်းရှိူ့ ဘယ်တော့မှ ရှာမတွေ့ချေ။


အစက သူ ယန်ကျင်းဇီကို စာသင်ခန်းထဲ ပြန်ခေါ်ပြီး မနက်ပိုင်း ကိုယ်ပိုင်စာလေ့လာချိန်အတွင်း မေးခွန်းများ မေးချင်ခဲ့သော်လည်း သူ မအောင်မြင်ခဲ့ပေ။ နောက်တော့ ဆရာက ရောက်လာပြီး ကျွမ်းကောင်းဟန်နှင့်ဖူးကျီးကို ခေါ်သွားသည်။


ကြည့်ရတာ ယန်ကျင်းဇီက သူ့လက်ရေးကိုသုံးပြီး စကားလုံးရှုပ်ရှုပ်တွေကို ရေးခဲ့ရုံတင် မဟုတ်လောက်ဘူး။


" ဘော့စ်က ဘာဖြစ်မှာမို့လဲ? "


ယွီလိမင်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။


" ဟုတ်လား? "


ချန်အန်းရှိူ့က ယွီလိမင်ကို အေးစက်စွာ ကြည့်နေသည်။


ယွီလိမင် ကျောချမ်းသွားသည်။


" ဘော့စ်နဲ့ တကယ်မဆိုင်ပါဘူး။ အဲ့တာ တစ်ယောက်ယောက်က သူ လျှောက်ပြောထားတာတွေရဲ့ screenshot တွေကို ဖြန့်လိုက်တာ... "


ချန်အန်းရှိူ့၏အေးစက်သောအကြည့်အောက်တွင် ယွီလိမင်သည် သူ သိမ်းဆည်းထားသည့်ပုံများကို ပြခဲ့သည်။


ထို့နောက် ချန်အန်းရှိူ့သည် သူ ရေးထားသော အချစ်ကဗျာများနှင့် ယန်ကျင်းဇီ၏ chat မှတ်တမ်းအချို့ကို တွေ့လိုက်ရသည်။


ချန်အန်းရှိူ့ : " ... "


အကယ်၍ မနေ့ညက ယန်ကျင်းဇီ သူ့ရှေ့မှာ အော်မငိုခဲ့ဘူးဆိုလျှင် ချန်အန်းရှိူ့ ယခုချိန်၌ အရမ်းဒေါသထွက်ပြီး တအားစိတ်ဆိုးနေလောက်သည်။


သူ ယန်ကျင်းဇီကို ကြိုက်တယ်ဆိုရင်တောင်မှ သူ ခေါင်းမာမာနဲ့ ယန်ကျင်းဇီကို လိုက်ပြီး နှောင့်ယှက်နေမှာ မဟုတ်ဘူး။


တကယ်တော့ သူ ယန်ကျင်းဇီကို ဘာကြောင့် ကြိုက်မှန်း သူ မသိ...ဖြစ်နိုင်တာက ယန်ကျင်းဇီက အရမ်းကွဲပြားနေလို့များလား?


အထက်တန်းကျောင်း ပထမနှစ်တက်တုန်းက သူ ယန်ကျင်းဇီကို မတော်တဆ သတိပြုမိခဲ့သည်ကို သူ မှတ်မိသေးသည်။


ယန်ကျင်းဇီသည် အလွန်ချောမောကာ ကျီစယ်တတ်ပြီး ပုန်ကန်တတ်သည့်ပုံလည်း ပေါ်ကာ သူနှင့် လုံးဝ ကွဲပြားသော လူတစ်ယောက် ဖြစ်သည်။ ထိုအချိန်တွင် သူ့နှလုံးသား‌က မထင်မှတ်ဘဲ ခုန်သွားခဲ့သည်။


သို့သော် သူသည် သူ့အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသားဖြစ်သည်မို့ သူ ယန်ကျင်းဇီကို အလွန်စိုးရိမ်သော်လည်း ထို့ထက်ဘာမှမပိုခဲ့ပေ။


သူလုပ်မိသည့် တစ်ခုတည်းသောအရာကတော့ သူ ယန်ကျင်းဇီနှင့် မတော်တဆ တွေ့မိတိုင်း သူ သူ့ကို အကြိမ်ရေပိုပြီးတော့ ခဏခဏ လှမ်းကြည့်မိခြင်းပင်။


ရလဒ်ကတော့ အထက်တန်း ဒုတိယနှစ်မှာ ယန်ကျင်းဇီက သူတို့အတန်းကို အမှန်တကယ် ရောက်လာခဲ့သည်။


ယန်ကျင်းဇီ သူ့သူငယ်ချင်းများကို လှမ်းခေါ်နေသည်ကို သူ ကြည့်လိုက်တိုင်း သူ့အဖေက ခေါင်းကိုက်ပေမယ့် သူကတော့ ထိုကဲ့သို့ သက်ဝင်လှုပ်ရှားနေသော ယန်ကျင်းဇီအား တကယ် သဘောကျသည်။


သူ့မိဘတွေက သူ့ကို ငယ်ငယ်လေးကတည်းက အရမ်းတောင်းဆိုခဲ့ကြပြီး သူ့ကိုယ်သူလည်း သူက အရမ်းတောင်းဆိုလာတာကြောင့် တချိန်လုံး စာကိုကြိုးစားလေ့လာကျက်မှတ်နေခဲ့ပြီး ယန်ကျင်းဇီလိုမျိုး တခါမှ ဘဝကို မနေထိုင်ခဲ့‌ဖူးချေ။


သူ့မျက်လုံးများသည် မရည်ရွယ်ပါပဲနှင့် ယန်ကျင်းဇီထံမှ အမြဲတမ်း ဆွဲဆောင်ခံရလေ့ရှိသည်။


နောက်တော့ သူ့အဖေက သူတို့နှစ်ယောက် အတူထိုင်ဖို့ စီစဉ်ပေးသည်။


ယန်ကျင်းဇီသည် မတုံးအကြောင်း သိလိုက်ရသော်လည်း သူ့မိသားစုက အရမ်းချမ်းသာ၍ စာကျက်ရန်မလိုဟု သူ ခံစားခဲ့ရသည်။


သူသည် သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးခဲ့ကာ ယန်ကျင်းဇီကို သူ အနည်းငယ် ပိုဂရုစိုက်မိခဲ့သည်။ ရလဒ်ကတော့ ယန်ကျင်းဇီက သူ့ခံစားချက်များကို ရှာတွေ့သွားခဲ့သည်။


ထိုအချိန်တွင် သူ ထိတ်လန့်သွားသည်။


ဒီလို'ခံစားချက်'မျိုးက အမြဲတမ်း လက်သင့်မခံနိုင်စရာ ဖြစ်ခဲ့သည်။ ယန်ကျင်းဇီက သူ့ကို ထူးထူးဆန်းဆန်း ကြည့်မှာကို သူ ကြောက်ခဲ့ပြီး အခြားသူများ သိသွားမည်ကိုလည်း သူ စိုးရိမ်ခဲ့သည်။


ရလဒ်အနေဖြင့် ယန်ကျင်းဇီသည် ဘာမှမပြောသည့်အပြင် သူ့ကိုပင် လိုက်လံပိုးပန်းလာခဲ့သည်။


ယန်ကျင်းဇီသည် သူ့ကို ပစ္စည်းများစွာ ပေးခဲ့ပြီး သူ့ကို ထပ်ခါထပ်ခါ ဝန်ခံခဲ့သည်။


ယန်ကျင်းဇီက သူ့ကို အဲ့လောက်အထိ မကြိုက်ဘူးဆိုတာ သူ တကယ်ခံစားနိုင်သည်။ သူက သူ့အပေါ် ကောင်းပေမယ့် သူ့သူငယ်ချင်းနှစ်ယောက်အပေါ်လောက်တော့ မကောင်းပေ။


ဒါပေမယ့် သူတို့ဟာ အထက်တန်းကျောင်းတက်နေဆဲဖြစ်ပြီး နှစ်ယောက်စလုံးက ယောက်ျားလေးများဖြစ်သည်။ ဆက်ဆံရေးတစ်ခုအတွက် အရမ်းစဉ်းစားနေဖို့ မလိုဘူးမလား?


အထက်တန်းပြီးသွားတဲ့အခါမှာ ယန်ကျင်းဇီက နိုင်ငံခြားမှာ ကျောင်းဆက်တက်လိမ့်မည်။ သူကတော့ သူတက်ချင်သည့် တက္ကသိုလ်မှာ တက်ရောက်ခွင့်ရလိမ့်မည်။ သူတို့က သဘာဝအတိုင်း ကွဲကွာသွားပေလိမ့်မည်။


ဘယ်လိုပဲဖြစ်ဖြစ် အကယ်၍ သူ အဲ့ဒါကို ကြိုသိထားခဲ့သည်ဆိုလျှင်တောင်မှ ဒါက သူ၏ပထမဆုံးအချစ် ဖြစ်သည်လေ။ ချန်အန်းရှိူ့သည် မြတ်နိုးတန်ဖိုးထားနေဆဲဖြစ်ကာ သူက ယန်ကျင်းဇီကို တကယ်ကြိုက်သည်... ထို့ကြောင့်ပင် ယန်ကျင်းဇီ သူ့စီက ဘာပဲလိုချင်ချင် ရည်းစားစာရေးရတာပဲဖြစ်ဖြစ်၊ ကိတ်မုန့်ပို့ရတာပဲဖြစ်ဖြစ် သူ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိသည်။


ဒါပေမယ့် သူတို့က သူတို့၏ဆက်ဆံရေးကို သီးသန့်လျို့ဝှက်ထားမှသာလျှင် သူတို့ အတူရှိနေနိုင်မည်ဟု မူလက သူ ထင်ထားခဲ့သော်လည်း ဤကိစ္စသည် မနေ့ကတည်းက ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့သည်။


ယန်ကျင်းဇီ သူ့မျက်နှာသူ ကိတ်မုန့်နှင့်ရိုက်လိုက်စဉ်က သူ့ကို ကြည့်ရတာ အရမ်းချောမောနေပြီး အရင်ကထက်စာရင်ပင် ပိုချောနေသည်ဟု သူ ထူးထူးခြားခြား ခံစားလိုက်ရ၏။


နောက်ပိုင်းမှာ ယန်ကျင်းဇီ၏ အမျိုးမျိုးသော အပြုအမူများက အနည်းငယ် ရူးနှမ်းသော်လည်း သူသည် ၎င်းကိုနှစ်သက်သ‌ဘောကျနေဆဲဖြစ်ကာ သူ့နှလုံးသားတခုလုံး ယန်ကျင်းဇီနှင့် ပြည့်နှက်နေသည်ဟု ခံစားခဲ့ရသည်။


သူ ယန်ကျင်းဇီကို အများကြီး သဘောကျလွန်း၍ မနေ့က ယန်ကျင်းဇီ ပို့ခဲ့သော screenshot များကို တွေ့လိုက်ရသောအခါ၌ပင် သိပ်စိတ်မဆိုးနိုင်ခဲ့ပါချေ။


အခုလည်း... သူ အရမ်းကြီး ဒေါသမထွက်ပေ။


ယန်ကျင်းဇီဟာ မနေ့က တစုံတခုကို သိလိုက်ရသောကြောင့်သာလျှင် သူ ရည်းစားစာများ ရေးခဲ့ကြောင်းကို အခြားသူများသိသွားမည်အား ကာကွယ်နိုင်ရန်အတွက်နှင့် သူ့လက်ရေးကို အတုယူပြီး ထိုစာကြောင်းများကို ရေးခဲ့သည်။


ယန်ကျင်းဇီက သူ့ကို ကူညီနေသည်။


Screenshot များထဲတွင် ယန်ကျင်းဇီသည် စကားအချို့ကို အလွန်အကျွံပြောခဲ့သော်လည်း ချန်အန်းရှိူ့သည် ဒါကိုမြင်သောအခါ စိတ်ဆိုးခြင်းမရှိပေ။


သေချာတာပေါ့၊ သူ ပျော်လည်းမပျော်ပါဘူး။


ချန်အန်းရှိူ့၏ မျက်နှာသည် ပိုမိုအေးစက်လာသည်။


" ဘော့စ်က ပေါက်ကရတွေ လျှောက်ပြောရတာ ကြိုက်ရုံ... "


ယွီလိမင်သည် ချန်အန်းရှိူ့ကို ကသိကအောက်ဖြစ်စွာ ကြည့်သည်။


" အင်း။ "


ချန်အန်းရှိူ့က ပြန်ပြောပြီး ရုံးခန်းစီသို့ လျှောက်သွားသည်။


သူ အခြေအနေကို သွားကြည့်မလို့ပင်။


ဤအချိန်၌ ရုံးခန်းထဲတွင် ပြဿနာက ပြီးသွားပြီဖြစ်၏။


မူလက အဖေယန်နှင့်အမေယန်သည် စောဒကတက်ရန် လာခဲ့သော်လည်း သူတို့၏သားဖြစ်သူက အနိုင်ကျင့်ခံရတာ မဟုတ်ဘဲ တကယ့်တရားခံဖြစ်နေကြောင်း သိလိုက်ရသဖြင့် သူတို့က ဗြုန်းစားကြီး အလွန်သဘောကောင်းသွားကြတော့သည်။


အဖေချန်ကရော? သူ့သားက ယန်ကျင်းဇီကို စိတ်ဝင်စားနေမှန်း သူ သဘောပေါက်သွားခဲ့ကာ အနည်းငယ် မှင်သက်တွေဝေနေဆဲဖြစ်၍ အလားတူပင် စကားပြောရလွယ်ကူသွားခဲ့သည်။


အဆုံးမှာ‌တော့ ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် အဆက်အသွယ်များ အခြေတည်မြဲမြံခြင်းကို သဘောကျသော ကျောင်းအုပ်ကြီးစီ လွှဲလိုက်ကြသည်။


ကျောင်းအုပ်ကြီးက ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့အား အကြောင်းတရားနှင့် အကျိုးဆက်ကို နားလည်ရန် ဆိုဆုံးမခဲ့သည်။


အဘယ်ကြောင့်ဆိုသော် ယန်ကျင်းဇီသည် ရည်းစားစာများ သို့မဟုတ် အခြားတစုံတခု ဘယ်ဟာမဆို သူ့ဘာသာသူ ရေးထားတာပါလို့ အခိုင်အမာပြောခဲ့၍ပင်။ Group ထဲမှာ စကားပြောတာက ကြုံရာကျပန်းလျှောက်ပြောဖို့ပဲလေ။ ဘာအမုန်းတရား၊ရန်ငြိုးမှမရှိ။ ယန်မိသားစု၏ ကျောင်းသို့ နှစ်များစွာ"ထောက်ပံ့လှူဒါန်းမှုများ"ကို ငဲ့ကြည့်သော ကျောင်းအုပ်ကြီးသည် ယန်ကျင်းဇီအား အပြစ်ဖော်ဆုံးမမှုအနည်းငယ်ကိုသာ ပြောကြားခဲ့ပြီးနောက် ဤပြဿနာက ပြီးဆုံးသွားလေသည်။


နေရာတိုင်းတွင် screenshot များနှင့် ရည်းစားစာများ တင်ခဲ့သော တစုံတယောက်အတွက်ကတော့...


ဖူးကျီးက ဤအဖြစ်အပျက်ကို တခါတည်းနှင့် ဝန်ခံလိုက်ကာ သူက screenshot များနှင့် ရည်းစားစာများကို ပို့ခဲ့သည်ဟု ဆို၏။


ဖူးကျီး၏အိမ်သည်လည်း မရိုးရှင်းသည့်အပြင် သူက ယန်ကျင်းဇီ၏စကားကို ယုံကြည်ပြီး လုပ်ခဲ့သည်ဟု ပြောသည်။ ယန်ကျင်းဇီကို ကူညီဖို့ရန် လုပ်ခဲ့ခြင်းဖြစ်ကာ လူအများကြီးကို မပြောပြခဲ့ဘဲ ရင်းနှီးသောသူငယ်ချင်းအချို့ကိုသာ ပြောပြခဲ့ပြီး ဘာကြောင့် လူများစွာ သိသွားကြမှန်း သူ မသိဟု ပြောခဲ့သည်။ သူနှင့်ဘာမှမဆိုင်ကြောင်း ကျောင်းအုပ်ကြီးကို သိစေလိုက်ခြင်းပင်။


ကျွမ်းကောင်းဟန်ကတော့... ကျွမ်းကောင်းဟန်က အဖေယန်နှင့်အမေယန်ကို ဖုန်းဆက်ခဲ့သော်လည်း ယန်ကျင်းဇီစီကိုတော့ လှမ်းမပြောပြခဲ့ချေ။ အဲ့တာကလွဲပြီး ဘာမှမရှိပေ။ ဤအရာအားလုံးက ယန်ကျင်းဇီ မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း သူ အနည်းငယ် မွန်းကြပ်သွားခဲ့သေးသည်။


ကြီးလေးသော အကျိုးဆက်များ မရှိစေရဘဲ ကျောင်းက ကိစ္စကြီးကြီးမားမားကို အသေးအဖွဲကိစ္စအဖြစ် ပြောင်းလဲလိုက်မည်မှန်း ဟိုးစစချင်းကတည်းက သူ သိပြီး လက်ခံခဲ့ပေမယ့် သူ တကယ် ဒေါသထွက်သည်။


သို့သော်လည်း သူက ကျွမ်းကောင်းဟန်ကို ပိုပျော်သွားအောင် လုပ်မည်မဟုတ်ပေ။


အကယ်၍ ဒီကိစ္စသာ ဒီနေ့အတွင်း မဖြေရှင်းရသေးဘူးဆိုလျှင် ကျွမ်းကောင်းဟန်ကို ပြဿနာထဲကဆွဲထုတ်ဖို့ ကျွမ်းကောင်းဟန်၏မိဘများတွင် နည်းလမ်းတစ်ခု ရှိလိမ့်မည်။ သူ့အားထုတ်မှုများက အချည်းနှီးဖြစ်သွားမှာ မဟုတ်ဘဲ ဒီကိစ္စကို နောက်မှ ဖြည်းဖြည်းချင်း စာရင်းရှင်းရမယ်!


ပြဿနာပြေလည်သွားသည်ကို တွေ့တော့ ကျောင်းအုပ်က ဆိုသည်။


" ယန်ကျင်းဇီနဲ့ဖူးကျီးကို ချန်အန်းရှိူ့စီ တောင်းပန်ခိုင်းရမယ်... "


" ခဏလေး၊ ကျွန်တော့်မှာ တောင်းဆိုစရာ ရှိတယ်! "


အဖေချန်က ရုတ်တရက် ဝင်ပြောလာခဲ့သည်။


အဖေချန်သည် ယခင်က နှုတ်ဆိတ်နေခဲ့သော်လည်း ယခုအခါမှ ရုတ်တရက် စကားထပြောခဲ့၍ အားလုံးက သူ့ကို ဝိုင်းကြည့်ကြသည်။


အဖေချန်က ဆက်ပြောခဲ့သည်။


" ယန်ကျင်းဇီ၊ ဖူးကျီးနဲ့ ကျွမ်းကောင်းဟန်တို့က တစ်ခန်းတည်း ဆက်နေလို့ မရတော့ဘူး။ ယန်ကျင်းဇီရဲ့ အဆင့်တွေက အခန်း ၁ ရဲ့ စံနှုန်းတွေနဲ့ မကိုက်ဘူး။ ဒါကြောင့် သူ တက်သင့်တဲ့နေရာကို သူ့ကို သွားခိုင်းရမယ်။ ဖူးကျီးနဲ့ကျွမ်းကောင်းဟန်ကတော့ အခန်း ၂မှာ သွားတက်ရမယ်။ "


အခန်း ၂ သည် သိပ္ပံတန်းဖြစ်သော အခန်း ၁ နှင့် အတူတူပင်ဖြစ်ကာ တကယ်တော့ အခန်းနှစ်ခုက‌ အရမ်းမကွာပေ။


အဖေချန်သည် ဆရာတစ်ဦးဖြစ်ကာ လူများကို အကဲခတ်ရာ၌ အလွန်ကျွမ်းကျင်သည်။ ဖူးကျီးက သူ့ကို သိပ်ပြီး သဘောမကျမှန်း သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်ကာ ယခုချိန်တောင်မှ လူတိုင်း၏ရှေ့တွင် ဖူးကျီးက သူ့ကို အငြိုးထားသည့်မျက်လုံးများနှင့် အကြိမ်ပေါင်းများစွာ ကြည့်နေဆဲပင်။


ကျွမ်းကောင်းဟန်သည် ပိုကောင်းအောင် ဖုံးကွယ်ထားနိုင်သော်လည်း အဲ့ဒါကို သူ ခံစားနေနိုင်သေးသည်။ ကျွမ်းကောင်းဟန်က သူ့ကို ငြင်းပယ်နေသည်။


ထို့အပြင် ကျွမ်းကောင်းဟန်နှင့်ဖူးကျီးသည် အလွန်ရင်းနှီးသည်။ ဖူးကျီး လုပ်ခဲ့တာကို ကျွမ်းကောင်းဟန်က တကယ် မသိတာ ဖြစ်နိုင်ပါ့မလား?


ဒီတစ်ခါမှာ ဖြစ်ရပ်က သူ့သားကို ရည်ရွယ်ထားတာ သေချာသည်။ အကယ်၍ မနက်ပိုင်းက ယန်ကျင်းဇီ၏ကိုယ့်ကိုယ်ကိုဖျက်ဆီးမှုမျိုးသာ မရှိခဲ့ဘူးဆိုလျှင် သူ့သားကို ဘာလို့ ဖော်ပြကြမှာလဲ?


သူ ဒီလူနှစ်ယောက်ကို ထပ်ပြီး စာမသင်ပေးချင်‌တော့ဘူး!


ယန်ကျင်းဇီကတော့...။


အရင်တုန်းက ယန်ကျင်းဇီ သူ့ကို အများကြီး ရိုင်းပျခဲ့သည်။ ဒီနေ့မှာ သူ့သဘောထားက ပြောင်းလဲသွားပေမယ့် ယန်ကျင်းဇီနှင့်သူ့သားက... နှစ်ယောက်က အတူတူရှိနေလို့ မဖြစ်တော့ဘူး!


" မစ္စတာချန် ကျွန်တော်က အခန်း ၁ မှာ ရှိနေဖို့ မွေးလာပြီး အခန်း ၁ က သရဲဖြစ်လာမှာ။ ကျွန်တော့ကို ဆက်နေခွင့်ပြုပါ! "


ယန်ကျင်းဇီက ဆွဲဆွဲငင်ငင် ငို‌ကြွေးတော့သည်။


အဖေယန်နှင့်အမေယန်တို့က သူတို့၏သားဖြစ်သူကို နားမလည်နိုင်သော စကားများဖြင့် ကြည့်နေကြသည်။ သူတို့သားက ဘာလို့ ဒီလိုဖြစ်လာတာလဲ?


ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ကတော့ သူတို့မျက်နှာများက အလွန်ရုပ်ဆိုးနေကြသည်။ ဖူးကျီးက ပြောခဲ့သည်။


" ထွက်‌ဆိုတော့လည်း ထွက်တာပေါ့! အခန်း ၁ ကို ဘယ်သူက ဂရုစိုက်လို့လဲ? "


တိုတိုပြောရ‌ရင်တော့ ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့က အခန်း ၂ ကို သွားတက်ရမည်အား ပြင်ဆင်ရန် တွန့်ဆုတ်မနေခဲ့သော်လည်း ယန်ကျင်းဇီကတော့ ထွက်မသွား‌ချင်ပေ။


အဲ့ဒါကို သူ မလိုက်နာချင်ဘူး။


အဖေချန်က သူ့ကို သူ၏သားဖြစ်သူနှင့် အတူနေခွင့် မပေးတော့ချေ။ သူ့အဖေနှင့်အမေတို့ကတော့ သူတို့သားက အခန်း ၁ မှ အခြားသူများကို ထိခိုက်စေမည်အား ခွင့်ပြုရန် အရမ်းရှက်ရွံ့နေသည်။


အဆုံး‌မှာတော့ ကျောင်းအုပ်ကြီးက ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့အား အခန်း ၂ သို့ သွားရန်နှင့် ယန်ကျင်းဇီအား အခန်း ၁၀ သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။


" အဖေ၊အမေ ကျွန်တော် အခန်း ၁၀ ကို မသွားချင်ဘူး! "


ယန်ကျင်းဇီ သူ့အဖေနှင့်အမေကို ကြည့်လိုက်၏။


နောက်ဆုံးတော့ သူ သူ့အချစ်လေး ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့ပြီး သူ့အချစ်လေးက သူ့ကို နှစ်သိမ့်ပေးစေချင်ခဲ့သည်။ သူ သူ့အချစ်လေးနှင့် ပြန်ပြေလည်ချင်သော်လည်း သူ အဖေချန်၏အမိန့်အောက်မှာ အရိုက်ခံလိုက်ရပြီ...


သူက အရမ်းသနားစရာကောင်းလွန်းသည်။


" ဒါက ဆရာ့ဆုံးဖြတ်ချက်လေ။ "


အဖေယန်က သူ့သားကို ကြင်နာစွာ ချော့မြှူသည်။


" ဆရာချန် ကျွန်တော် အတန်းထဲမှာ ဆက်နေချင်တယ်... "


ယန်ကျင်းဇီသည် ဆရာချန်အား ကြည့်လိုက်သည်။


" အခန်း ၁ က သိပ္ပံတန်းပဲ။ အဆင့်နည်းတဲ့သူတွေ တက်လို့မရဘူး။ "


အဖေချန်သည် သံကဲ့သို့မျက်နှာတည်ဖြင့် ပြန်ဖြေသည်။


" ကျွန်တော့်အဆင့်တွေ ကောင်းမယ်ဆိုရင် ကျွန်တော် တက်လို့ရမှာပေါ့? "


ယန်ကျင်းဇီက မေးသည်။


" ဟုတ်တယ်။ "


အဖေချန်က ပြောသည်။


အမှတ် ၁ အထက်တန်းကျောင်း၏ သိပ္ပံတန်းသည် အကောင်းဆုံးအဆင့်ရှိသူများ ဖြစ်စရာ မလိုပေ။


သိပ္ပံတန်းမှ ကျောင်းသားများသာ ထိပ်ဆုံးနေရာ ၁၀၀ ကို သိမ်းပိုက်ဖို့ မဖြစ်နိုင်သော်လည်း စာသင်နှစ်ဝက် တစ်ခုစီ၏ အဆုံးတွင် သိပ္ပံတန်းမှ အဆိုးဆုံးအဆင့်များရှိသော ကျောင်းသားနှစ်ဦးက ဖယ်ထုတ်ခြင်းခံရမည်ဖြစ်ကာ တခြားအတန်းများမှ အကောင်းဆုံးအဆင့်များရှိသော ကျောင်းသားနှစ်ဦးက အစားဝင်လာလိမ့်မည်။ သေချာတာပေါ့၊ အခန်းမပြောင်းချင်သည့်ကျောင်းသားများကလည်း ဖိအားပေးခံရမည်မဟုတ်ချေ။


အဖေချန်သည် မူလက ဤစာသင်နှစ်ကုန်တွင် ယန်ကျင်းဇီကို အစားထိုးချင်ခဲ့သော်လည်း အခုတော့ သူက အချိန်စောပြီး ယန်ကျင်းဇီကို ဖယ်ရှားပစ်ရန် ရည်ရွယ်ထားသည်။


" ဆရာ စိတ်မပူပါနဲ့။ ကျွန်တော် အခန်း ၁ ကို ထပ်လာခဲ့မယ်! "


ယန်ကျင်းဇီက အခိုင်အမာပြောလိုက်၏။


အဖေချန်က သူ့စကားများကို လုံးဝမယုံပေ။ အကယ်၍ ယန်ကျင်းဇီသာ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ အတန်းထဲ လာနိုင်မယ်ဆိုရင် နေက အနောက်ဘက်ကနေ ထွက်လာလိမ့်မယ်!


အဖေယန်နှင့်အမေယန်တို့လည်း သူတို့သားက စိတ်ကူးယဉ်တတ်လိုက်လေခြင်းဟု ခံစားလိုက်ရသည်။


အကယ်၍ သူတို့သားသာ သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ အခန်း ၁ ကို ဝင်နိုင်မယ်ဆိုရင် သူတို့ ကျောင်းကို နောက်အဆောက်အဦးတစ်ခု ထပ်လှူပစ်မယ်!


အခန်း ၁ မှ တရုတ်စာဆရာတစ်ယောက်ကသာ ပြုံးပြီး ယန်ကျင်းဇီ၏ပခုံးကို ပုတ်ခဲ့သည်။


" လူငယ်လေး၊ ကောင်းမွန်တဲ့ရည်မှန်းချက်ပဲ! "

____

ဖရဲစေ့များစားခြင်း - အာရှနိုင်ငံတွေမှာ တီဗီကြည့်ရင်း ဖရဲစေ့စားတာက ပုံမှန်ပါပဲ။ 'လူတွေ ဖရဲစေ့စားတယ်' လို့ မင်း သုံးမယ်ဆိုရင် အဲ့ဒါက သူတို့ အတင်းတုပ်လို့ရမယ့် အရာတွေကို ကြည့်ရှုနေတယ်လို့ ဆိုလိုတာ။


သံက သံမဏိဖြစ်မလာသည့်အတွက် မုန်းတီးခြင်း - မင်းရဲ့စိတ်ထဲမှာ အဲ့လူကို တခုခုဖြစ်လာစေချင်ပေမယ့် အဲ့ဒါက ဖြစ်လာမှာ မဟုတ်ဘူး။


____