ချန်အန်းရှိူ့သည် ရုံးခန်းသို့ ဦးစွာသွားသော်လည်း ဘယ်သူမှမတွေ့သဖြင့် ကျောင်းအုပ်ကြီး၏ရုံးခန်းသို့ သွားကြည့်သည်။ ရုပ်ဆိုးဆိုးမျက်နှာများနှင့် ကျောင်းအုပ်ကြီး၏ရုံးခန်းထဲမှ ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။
ဖူးကျီးက ချန်အန်းရှိူ့အား လူသတ်ချင်စိတ်ပြင်းပြနေသောအကြည့်ကို ပေးခဲ့သည်။
" ချန်အန်းရှိူ့၊ မင်းက တော်တော်လေး တော်တာပဲ! "
ကျွမ်းကောင်းဟန်က မည်သည့်ကြမ်းကြုတ်သောစကားတခွန်းကိုမှ မပြောသော်လည်း သူ့အကြည့်က ဖူးကျီး၏အကြည့်ထက်ပင် ပို၍ သက်တောင့်သက်သာမဖြစ်စေသေးသည်။
ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့ ထွက်လာသောအခါ အခြားသူများလည်း တယောက်ပြီးတယောက် ထွက်လာကြသည်။
ဝဝကစ်ကစ် တရုတ်စာဆရာက အရင်ဆုံး ထွက်လာသည်။ သူက ချန်အန်းရှိူ့ကို တချက်လှမ်းကြည့်ပြီး ပြုံးပြသည်။
" အန်းရှိူ့၊ မင်းနဲ့ မင်းရဲ့ချစ်သူလေးကတော့ အခန်းနှစ်ခန်း ကွဲတော့မယ်။ "
ချန်အန်းရှိူ့ ထိတ်လန့်သွားပြီးနောက် သူ့အဒေါ်လည်း ထွက်လာသည်ကို တွေ့လိုက်ရသည်။
" လူအိုကြီးလျို ဘာတွေပြောနေတာလဲ! "
" နောက်တာပါဗျာ ဟားဟား! "
တရုတ်စာသင်ပေးသော ဆရာလျိုက ပြုံးပြီး ထွက်သွားသည်။
ဆရာလျိုထွက်သွားသည်ကို ချန်အန်းရှိူ့၏အဒေါ်က စောင့်နေလိုက်ပြီးမှ ချန်အန်းရှိူ့ကို ကြည့်လိုက်သည်။
" အန်းရှိူ့၊ ပြဿနာကိုဖြေရှင်းပြီးသွားပြီ။ အဆင်ပြေပါတယ်။ စိတ်မပူနဲ့တော့။ "
သူတို့စကားပြောနေရင်း ကျောင်းအုပ်ကြီးနှင့် တခြားသူများအားလုံး ထွက်လာကြသည်။
ယန်ကျင်းဇီသည် ချန်အန်းရှိူ့ကို မြင်သောအခါ သူက ထီမထင်အပြုံးနှင့် အားရပါးရပြုံးပြကာ ဆို၏။
" အန်းရှိူ့ ကိုယ်တို့နှစ်ယောက်ကတော့ နွားကျောင်းသားလေးနဲ့ ရက်ကန်းသည်မလေး ဖြစ်တော့မယ်... "
သူ့သားကို ရိုက်ဖို့ အမြဲတွန့်ဆုတ်နေတတ်သည့် အဖေယန်ပင် မနေနိုင်တော့ဘဲ သူ့သား၏ပခုံးကို လှမ်းရိုက်လိုက်သည်။
" ကောင်စုတ်လေး ဘာတွေလျှောက်ပြောနေပြန်တာလဲ! "
ဒီအချိန်မှာတောင် သူ့သားက တခြားသူတွေကို လိုက်နှောင့်ယှက်နေတုန်းပဲ!
ဒါကိုစဉ်းစားရင်း အဖေယန်နှင့်အမေယန်တို့က ချန်အန်းရှိူ့အား တောင်းပန်စွာ အားတုံ့အားနာဖြင့် ကြည့်သည်။
ယန်ကျင်းဇီ၏စကားများကို ချန်အန်းရှိူ့ ကြားသောအခါ သူ့နှလုံးခုန်သံက ပိုမြန်သွားပြီး အနည်းငယ် စိုးရိမ်သွားသည် : " ဘာဖြစ်သွားတာလဲ? " သူတို့ အခန်းခွဲရတော့မှာလား?
ဒီတစ်ခါမှာ တခုခုဖြစ်သွားခဲ့တာတောင် ဆရာက သူ့ကို လုံးဝ မခေါ်ဘူး။ ယန်ကျင်းဇီက ပြဿနာအားလုံးကို သူ့စီကနေ ယူသွားတာ ဖြစ်ရမည်။ အခုတော့...
စိုးရိမ်နေချိန်တွင် ချန်အန်းရှိူ့၏အမူအရာသည် ပိုမိုအေးစက်လာကာ သူ့လက်မက သူ့လက်ညှိုးကို တင်းကြပ်စွာ ဖိထားတတ်သည်။
ယန်ကျင်းဇီက ချက်ချင်း နှစ်သိမ့်လိုက်သည်။
" ဒါပေမယ့် စိတ်မပူပါနဲ့။ ကိုယ် ပြန်လာပါ့မယ်! "
ချန်အန်းရှိူ့ တခုခုပြောချင်သည်။ ဤအချိန်တွင် အဖေချန်က ထွက်လာခဲ့သည်။
" အန်းရှိူ့! ငါနဲ့လိုက်ခဲ့! "
ချန်အန်းရှိူ့ သူ့အဖေကို ကြည့်လိုက်သည်။
သူတို့သားအဖနှစ်ယောက်က တစ်ယောက်အကြောင်းကိုတစ်ယောက် ကောင်းကောင်းသိသည်။ သူ့အဖေ စိတ်ဆိုးနေမှန်း သူသိကာ သူ့တွင်လည်း သူ့အဖေကို ပြောစရာတစ်ခု ရှိနေသည်။
ချန်အန်းရှိူ့သည် ယန်ကျင်းဇီကို တစ်ချက်ကြည့်လိုက်ပြီး သူ့အဖေနှင့်အတူ ထွက်သွားခဲ့သည်။
ထို့နောက် အဖေယန်နှင့်အမေယန်က ယန်ကျင်းဇီကို ကြည့်ကာ
" မင်း ငါတို့နဲ့ပြန်လိုက်မလား? "
" ဟင့်အင်း ကျွန်တော် ပြန်မလိုက်ဘူး။ "
ယန်ကျင်းဇီက ဆက်ဆို၏။
" ကျွန်တော် နေ့တိုင်း စာကို ကြိုးကြိုးစားစား လေ့လာပြီး တိုးတက်လာအောင် လုပ်ချင်တယ်။ "
အဖေယန်နှင့်အမေယန် : " ... "
အကယ်၍ သူတို့သားက စာကြိုးစားချင်နေပြီဆိုလျှင် ထူးဆန်းပေလိမ့်မည်။ ဤကလေးသည် သူ ငယ်ငယ်ကလေးဘဝကတည်းက စာကျက်ရခြင်းကို မကြိုက်ခဲ့ပေ။ တတိယတန်းမှာ သူက ခဏလောက်တော့ ကြိုးစားခဲ့သေးပေမယ့် သူက လအနည်းငယ်လောက်သာ စာကျက်ခဲ့သည်။ အဲ့နောက်ပိုင်းမှာ သူက စာလေ့လာဖို့ကို ငြင်းဆန်ခဲ့သည်။
သူတို့သား အမှတ် ၁ အထက်တန်းကျောင်းကို တက်တုန်းက သူတို့ ပိုက်ဆံပမာဏတော်တော်လေး ကုန်သွားခဲ့သည်။ ပြီးတော့ နောက်ပိုင်း သူ အခန်း ၁ ကို တက်တော့ ပိုဈေးကြီးသွားကာ ငွေသန်းပေါင်းများစွာကို သဲထဲရေသွန်လိုက်သလိုပင်။
" အဖေနဲ့အမေ အရင်ပြန်နှင့်။ ကျွန်တော် စာသင်ခန်းထဲ ပြန်သွားလိုက်ဦးမယ်။ "
အဖေယန်နှင့်အမေယန်က အနည်းငယ် စိတ်ပူသွားသည်။
" မင်း ဒီလိုပြန်သွားရင် မင်းရဲ့အတန်းဖော်တွေစီက မင်း အလှောင်ခံရမှာလား? မင်း... "
ယန်ကျင်းဇီသည် မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ကာ
" သူတို့က ကျွန်တော့်ကို လှောင်ရဲမှာတဲ့လား? "
အဖေယန်နှင့်အမေယန် : " ... "
ထို့နောက် ယန်ကျင်းဇီသည် အဖေယန်နှင့်အမေယန်တို့ကို ပြန်သွားရန် စည်းရုံးပြီးမှ စာသင်ခန်းစီသို့ လျှောက်သွားခဲ့သည်။
ချန်အန်းရှိူ့ ထွက်သွားပြီးနောက် ကျောင်းသားများသည် သတင်းအချက်အလက်ကို အတူတကွ ဖလှယ်ကြသည်။ ဘာဖြစ်ခဲ့မှန်း လူတိုင်း သိပြီးသွားပြီဖြစ်ကာ ကျွမ်းကောင်းဟန်နှင့်ဖူးကျီး ပြန်လာသောအခါ အတန်းဖော်များက သူတို့ကို ထူးဆန်းသောမျက်လုံးများနှင့် ကြည့်နေကြ၏။
သူတို့အရွယ်မှာ နောက်ကွယ်ကနေ နည်းနည်းလောက်စနောက်တာက သူတို့အတွက် ပုံမှန်ဖြစ်ပြီး ယန်ကျင်းဇီ၏အပြုအမူကို သူတို့ အမှန်တကယ် နားလည်နိုင်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖူးကျီးနှင့်ကျွမ်းကောင်းဟန်တို့ နှစ်ယောက်စလုံးက ယန်ကျင်းဇီကို သစ္စာဖောက်ပြီး နေရာတကာမှာ ယန်ကျင်းဇီအကြောင်း ဟာသများလုပ်ခဲ့သည်...
ဆရာတွေနဲ့ အရမ်းအေးစက်လွန်းတဲ့ ချန်အန်းရှိူ့အကြောင်းကို ဘယ်သူက မညည်းညူဖူးလို့လဲ? အကယ်၍ သူတို့သူငယ်ချင်းတွေသာ အဲ့စကားလုံးတွေကို screenshot ရိုက်ပြီး လျှောက်ဖြန့်လိုက်မယ်ဆိုရင်...
သေချာတာပေါ့၊ ဖူးကျီးနှင့်ကျွမ်းကောင်းဟန်အပေါ်မှာ သူတို့၏ထင်မြင်ချက်များ ပိုမိုကြီးထွားလာရသည်က တခြားအကြောင်းပြချက်များလည်း ရှိသေးသည်။
ယန်ကျင်းဇီက အခန်း ၁ မှ ဖြစ်သည်။ မူလက သူသည် အခြားအကျင့်စရိုက်ပိုင်ရှင်များနှင့် လိုက်ရောညီထွေမဖြစ်သော ကျောင်းသားဆိုးတစ်ယောက်ဖြစ်ပြီး တစ်နေ့လုံး ပြဿနာလိုက်ရှာတတ်သည်။ ယန်ကျင်းဇီက အဲ့လိုသေးငယ်တဲ့လှုပ်ရှားမှုလေး လုပ်ပြီး နောက်ကွယ်ကနေ ချန်အန်းရှိူ့ကို အမှုဆင်တာမျိုးကို မပြောနဲ့၊ အကယ်၍ ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ ထချကြရင်တောင်မှ သူတို့ အံ့ဩမှာ မဟုတ်ဘူး။
ဒါပေမယ့် ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့ကတော့ သူတို့က အများအားဖြင့် စည်းကမ်းလိုက်နာကြပြီး ယခု ထိုကောလာဟလများကို ဖြန့်သည်ဆိုသည့်အချက်က ယုံကြည်လက်ခံဖို့ ခက်ခဲသည်။
ကျွမ်းကောင်းဟန်သည် ကျောင်းသားများ၏ စိတ်နေသဘောထား ပြောင်းလဲမှုများကို သဘာဝအတိုင်း ခံစားခဲ့ရသည်။ ပြောင်းလဲမှုများကို ခံစားပြီးနောက် သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုးသွားသည်။
ယနေ့ ဤကိစ္စရပ်၏တိုးတက်ပြောင်းလဲမှုက သူ့ခန့်မှန်းချက်များထက် အနည်းငယ် ကျော်လွန်သွားသည်။
မဟုတ်ဘူး၊ မနေ့ကဖြစ်ပျက်ခဲ့သည်များက သူ့ခန့်မှန်းချက်များထက် ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အရင်တုန်းက သူ အများကြီး မပြောခဲ့သော်လည်း ယန်ကျင်းဇီက သူ့ကို ကူညီဖြေရှင်းပေးခဲ့သည်။ မနေ့က ယန်ကျင်းဇီ၏မွေးနေ့ပါတီ၌ ချန်အန်းရှိူ့ကို ထောက်ချောက်ဆင်ခြင်း၏ ဖြစ်ရပ်ကိုပဲ ဆိုကြမည်ဆိုလျှင် တကယ်တော့ သူက အရိပ်အမြွက်ပြောရုံလောက်ပဲဖြစ်ကာ ယန်ကျင်းဇီနှင့်ဖူးကျီးတို့ နှစ်ယောက်စလုံးက ဘာလုပ်ရမလဲဆိုတာကို သိသွားခဲ့ကြသည်။
မမျှော်လင့်ဘဲ ပြီးခါနီးကျမှ တစုံတခုက မှားယွင်းသွားခဲ့သည်။
ယန်ကျင်းဇီက သူ ချန်အန်းရှိူ့ကို ချစ်တယ်လို့တောင် ပြောလိုက်သေးတယ်!
ယန်ကျင်းဇီ ပြောခဲ့တာကို တွေးရင်း ကျွမ်းကောင်းဟန်က ဒေါသအမျက်ခြောင်းခြောင်းထွက်လာသည်။
မနေ့က ယန်ကျင်းဇီရဲ့မွေးနေ့ပါတီမှာ ချန်အန်းရှိူ့ကို အရှက်ခွဲပြီး ချန်အန်းရှိူ့ရေးထားသော ရည်းစားစာများနှင့် ချန်အန်းရှိူ့အကြောင်း ပြောထားသည့် ယန်ကျင်းဇီ၏ chat screenshot များကို ချက်ချင်း တင်ရန် သူ စီစဉ်ထားခဲ့သည်။ နောက်ပိုင်း ပါတီမှာ သူတို့က ယန်ကျင်းဇီနှင့်သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီး သူက သူ့ဆုံးဖြတ်ချက်ကို မပြောင်းခဲ့ပေ။ မနေ့က သူ အိမ်ပြန်ရောက်ရောက်ချင်း ယန်ကျင်းဇီနှင့်ပတ်သက်သော ချန်အန်းရှိူ့၏ အရှုပ်အယှက်ကို လူများအား ဖြန့်ခိုင်းခဲ့သည်။
သူက ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီကို သင်ခန်းစာပေးချင်ခဲ့သည်။ ဤကိစ္စ ပေါ်လာသည်နှင့်တပြိုင်နက် ယန်ကျင်းဇီက ကိစ္စများကို သေသေချာချာ ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တော့မှာမဟုတ်ဘဲ ချန်အန်းရှိူ့က ယန်ကျင်းဇီကို သေချာပေါက် မုန်းသွားလိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။
သူက ယန်ကျင်းဇီ၏မိဘများကိုလည်း ဖုန်းဆက်ခဲ့သေးကြောင်း ထည့်ပြောစရာမလိုတော့။
ယန်ကျင်းဇီက သူ့ကို သဘောကျမှန်း သူ သိခဲ့တာ အတော်ကြာပြီဆိုပေမယ့် သူ တုံ့ပြန်ဖို့ တခါမှ မရည်ရွယ်ခဲ့ပေ။ ဘာလို့လဲဆိုတော့ သူသာ အဲ့လိုတကယ်လုပ်ခဲ့မယ်ဆိုရင် သေချာပေါက် သူ့မိဘတွေက သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မည်။ အကယ်၍ ယန်ကျင်းဇီ၏မိဘများက ယန်ကျင်းဇီကို ချစ်တယ်ဆိုရင်တောင်မှ သူတို့လည်း သေချာပေါက် ဒါကို သဘောတူခွင့်ပြုမှာ မဟုတ်ဘူး။
ဒီမနက် သူ ပွဲကောင်းကောင်းကို ကြည့်ရတော့မယ်လို့ သူ ထင်ခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ရပ်မှန်က ဆန့်ကျင်ဘက်သို့ အတော်လေး ကွဲထွက်သွားသည်။
ချန်အန်းရှိူ့ကို ကူညီဖို့ နည်းလမ်းကို ယန်ကျင်းဇီက တကယ်ရှာတွေ့သွားတယ်!
ယန်ကျင်းဇီက အကုန်လုံးကိုလည်း သူ့စီ ပုံချလိုက်သေးတာ!
အဆုံးမှာတော့ ချန်အန်းရှိူ့နှင့်ယန်ကျင်းဇီတို့မှာ တကယ့်ကို ဘာမှဖြစ်မသွားဘဲ သူကသာ အခန်း ၁ ထဲကနေ တကယ်ကန်ထုတ်ခံလိုက်သည်။
ကျွမ်းကောင်းဟန်၏ မျက်လုံးများ ပိုမိုအေးစက်လာသည်။
ဤအချိန်၌ ယန်ကျင်းဇီ ပြန်ရောက်လာ၏။
" ယန်ကျင်းဇီ၊ ချန်အန်းရှိူ့က အရမ်းတော်တာပဲ။ သူက မင်း ငါတို့ကို သစ္စာဖောက်ဖို့တောင် ဖြားယောင်းနိုင်ခဲ့တယ်! "
ဖူးကျီးက ပြောခဲ့သည်။
ညီအစ်ကိုများကသာ အရေးကြီးဆုံးဟု ဖူးကျီး အမြဲတမ်း ခံစားခဲ့ရသော်လည်း ယန်ကျင်းဇီက သူတို့ကို သစ္စာဖောက်သွားခဲ့သည်!
" ဟုတ်တယ် သူက ငါ့ကို လုံလုံလောက်လောက် မရဘူးလို့ ထင်တဲ့အထိ သူက ငါ့ကို အရမ်းချစ်လွန်းတော့ ငါကလည်း သူ့အပေါ် သေချာပေါက် ကောင်းပေးရမယ်။ "
ယန်ကျင်းဇီက ပြောပြီး ဖူးကျီးအား အေးစက်စွာ ကြည့်သည်။
" ဖူးကျီး၊ ကျွမ်းကောင်းဟန်၊ ငါ မင်းတို့ကို အားနာစရာမလိုဘူးလေ ဟုတ်တယ်မလား? မင်းတို့ရဲ့ စားတာ၊သောက်တာနဲ့ အပျော်အပါးတွေအတွက် ငါပဲ အမြဲလိုလို ရှင်းပေးခဲ့တာ မဟုတ်လား? ရလဒ်ကတော့ မင်းတို့က ငါ့ကို ဒီလိုဆက်ဆံခဲ့တယ်! "
ယန်ကျင်းဇီက လူနှစ်ယောက်ကို ဒေါသထွက်သောမျက်နှာနှင့် ကြည့်လိုက်သည်။
" ငါ မင်းတို့နောက်ကို အခန်း ၁ အထိ လိုက်ခဲ့တယ်။ မင်းတို့က ငါနဲ့ တစ်ခုံတည်းတောင် မထိုင်ချင်ခဲ့ဘူး။ မနေ့က ကတောက်ကဆလေး နည်းနည်းဖြစ်တာကို မင်းတို့က ငါ group chat ထဲမှာ ပြောထားတာတွေကို screenshot ရိုက်ပြီး သူများတွေကို ဖတ်ခိုင်းတယ်။ မင်းတို့က လူတွေရော ဟုတ်သေးရဲ့လား?! "
ဖူးကျီးက လူများနှင့် လုံးဝ အငြင်းမပွားပေ။ သူက လက်သီးမြှောက်လိုက်သည်။
ယန်ကျင်းဇီက အလျင်စလို ဘေးကို ပုန်းလိုက်၏။
" မင်း မနေ့က ငါ့ကို ရိုက်တယ်။ ဒီနေ့လည်း ငါ့ကို ရိုက်ချင်သေးတယ်ပေါ့? "
အခန်း ၁ မှ ကျောင်းသားများသည် အလောတကြီး ထလာကြကာ ဖူးကျီး တိုက်ခိုက်မည်အား တားခဲ့ကြသည်။ ကျွမ်းကောင်းဟန်ကလည်း ဖူးကျီးကို ဆွဲထားလိုက်ကာ ယန်ကျင်းဇီအား ပြောခဲ့သည်။
" ငါ တောင်းပန်ပါတယ်။ ဒါက ငါတို့အပြစ်ပါ။ ဒါပေမယ့် လူတွေအများကြီး မြင်သွားကြလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး။ "
အစတုန်းက ဒီလူနှစ်ယောက်အကြောင်း သူ တခုခုဆက်ပြောချင်ခဲ့ပေမယ့် ကျွမ်းကောင်းဟန်က တိုက်ရိုက် ဝန်ခံလိုက်ပြီး တောင်းပန်ခဲ့သည်။ သူ ဘာမှ ဆက်မပြောနိုင်တော့ပေ။
တချိန်တည်းမှာပင် ကျွမ်းကောင်းဟန်သည် ဖူးကျီးထက် ကိုင်တွယ်ဖြေရှင်းရခက်ကြောင်းကို သူ လက်ခံလိုက်ရသည်။
စာသင်ခန်းက ထပ်မံတိတ်ဆိတ်သွားပြန်သည်။ ကျွမ်းကောင်းဟန်နှင့်ဖူးကျီးများ၏ စားပွဲရှင်းနေသော အသံသာ ရှိနေပြီး အခန်းထဲက ကျောင်းသားများသည် တယောက်ပြီးတယောက် ထိတ်လန့်နေကြဆဲဖြစ်သည်။
ပုံမှန်အားဖြင့် ယန်ကျင်းဇီသည် ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့အပေါ် ကောင်းသည်။ ရလဒ်ကတော့ သူတို့နှစ်ယောက်က ယန်ကျင်းဇီနှင့် တစ်ခုံတည်းပင် မထိုင်ချင်ကြ။ သူတို့က ဒီလိုကိစ္စမျိုး လုပ်ခဲ့သည်ကလည်း အနည်းငယ်သော ပဋိပက္ခလေးကြောင့်...
ဖူးကျီးကတော့ စောနက သူ ပြောခဲ့သည့် ချန်အန်းရှိူ့က ယန်ကျင်းဇီကို ဖြားယောင်းသွေးဆောင်ခဲ့တယ်ဆိုတာ... ဒါပေမယ့် ချန်အန်းရှိူ့က သူ့ကို အရမ်းချစ်သည်ဟု ယန်ကျင်းဇီ နောက်ပိုင်းမှာ ပြောခဲ့သဖြင့် လူတိုင်းက မယုံကြချေ။
အဲ့လိုကိစ္စမျိုးရှိရင် ယန်ကျင်းဇီက ဖုံးကွယ်ထားမှာပေါ့။ သူ လျှောက်ပြီး ထုတ်ပြောနေပါ့မလား?
အခန်း ၂ ၏ အတန်းပိုင်ဆရာသည် တရုတ်စာသင်သော ဆရာလျိုဖြစ်သည်။
ဆရာလျိုသည် ဂိုဂျီဘယ်ရီ (wolfberry) နှင့် ဂျင်ဆင်းများ အပြည့်ထည့်ထားသော ဖန်နှစ်ထပ်ပါ အပူခံပုလင်းနှင့် အခန်း ၁ ထဲ ဝင်လာခဲ့သည်။ အခန်း ၁ မှ ကျောင်းသားများ ငြိမ်သွားကြကာ ကျွမ်းကောင်းဟန်နှင့်ဖူးကျီးတို့က အခန်း ၂ သို့ ပြောင်းသွားခဲ့ကြသည်။
ဖူးကျီးတွင် အားအများကြီးရှိပြီး သူ့လှုပ်ရှားမှုများကလည်း အလွန်လျင်မြန်သည်။ သူက သူ့စားပွဲခုံကို အမြန်ရွှေ့ရုံတင်မက ကျွမ်းကောင်းဟန်ကိုလည်း စားပွဲခုံဝိုင်းရှင်းပေးခဲ့သည်။
ဒါပေမယ့် ယန်ကျင်းဇီက စားပွဲကို သိမ်းဆည်းရှင်းလင်းခြင်း မရှိပေ။
ဆရာလျိုက မေးခဲ့သည်။
" မင်း ဘာလို့ မထွက်သွားသေးတာလဲ? "
ယန်ကျင်းဇီက ဖြေခဲ့သည် : " ကျွန်တော် သူငယ်ချင်းတွေစီက သစ္စာဖောက်ခံခဲ့ရပြီးတော့ ကျွန်တော့်နှလုံးသားလေးလည်း သောကရောက်နေရတယ်။ ကျွန်တော် အနားယူဖို့ လိုတယ်။ " ဘာပဲဖြစ်ဖြစ် သူ ဒီမှာ ခဏလောက်တော့ နေလို့ရမှာပါ။
သူသည် မူလပိုင်ရှင်၏ ယုတ်မာသောလမ်းကြောင်းကို မလိုက်နိုင်သဖြင့် ဤအခွင့်အရေးကို သုံးကာ အရူးလမ်းကြောင်းကို ယူလိုက်သည်!
ဆရာလျိုက ပြောခဲ့သည် : " မင်း မသွားချင်ရင်တောင် မင်း သွားရဦးမှာပဲ။ အကယ်၍ မင်း အခန်း ၁ ကို ပြန်လာချင်ရင် စာကြိုးစား။ အကယ်၍ မင်း ပြန်မလာနိုင်ရင်တောင်မှ မင်းမှာ ရှေ့ဆက်မျှော်လင့်ဖို့ တခုခု ရှိတာပေါ့။ "
ယန်ကျင်းဇီ : " ... " အားလုံးက သူ ထွက်သွားရင် ပြန်မလာနိုင်တော့ဘူးလို့ ထင်နေကြတာလား?
သူတို့က သူ့ကို တကယ်ကြီး သိပ်မသိကြတာပဲ!
ယန်ကျင်းဇီသည် သူ၏ ဘာသာစကား စာရွက်စာတမ်းများကို ထုတ်ကာ ဘာသာစပြန်သည်။
သူက ဘာကိုမှ ဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာ မနေ့ညကမှ သူ ရှာတွေ့ခဲ့သည်။ အခု သူ ဒီဘာသာစကားစာတမ်းကို ထပ်ဖတ်တော့ အကြောင်းအရာအားလုံးက သူ့စိတ်ထဲမှာ ရှိနေသည်။
စာသင်နှစ်ကာလ ကုန်ဖို့ သိပ်မလိုတော့ဘူးဆိုတော့ သူ သိပ်မကြာခင် ပြန်လာရမှာပဲ! ဤမနက် အခန်း ၁ ၏ ပထမဆုံးအတန်းက တရုတ်စာဖြစ်ပြီး အခုတော့ အတန်းချိန်ကျော်လိုက်ရပြီဖြစ်၏။ ဤအချိန်တွင် ချန်အန်းရှိူ့နှင့် သူ့အဖေသည် ကျောင်းကစားကွင်းတွင် စကားပြောနေကြသည်။
ဆောင်းရာသီတွင် လေအေးအေးက လူများ၏မျက်နှာများကို ဖြတ်တိုက်ကာ သူတို့၏အသားအရေကို ဓားနှင့် ပြတ်ရှစေသလိုပင်။
အဖေချန်က သူ့သားကို ကြည့်လိုက်သည်။
" အဲ့ရည်းစားစာတွေက ဘာတွေလဲ? "
" ကျွန်တော် ရေးခဲ့တာ။ "
ချန်အန်းရှိူ့က ဖြေလိုက်၏။
" ဟိုရှုပ်ယှက်ခတ်နေတဲ့စကားလုံးတွေရော? "
အဖေချန်က မေးခဲ့သည်။
" ... အဲ့တာတွေ ကျွန်တော် မရေးခဲ့ဘူး။ "
အဖေချန်က အနည်းငယ် အသက်ပြင်းပြင်း ရှူလိုက်သည် : " မင်း ယန်ကျင်းဇီကို တကယ်ကြိုက်တာလား? မင်း ယောက်ျားတွေကို သဘောကျတာလား? "
ချန်အန်းရှိူ့က ဟုတ်မှန်ကြောင်း ခေါင်းညိတ်လိုက်သည် : " ဟိုးအရင်ကတည်းက ကျွန်တော်တို့တွဲနေခဲ့တာ။ "
အဖေချန်ခမျာ အသက်မရှူနိုင်တော့လုနီးပါး ဖြစ်သွားရှာသည်။
ချန်အန်းရှိူ့က ပြောခဲ့သည်။
" အဖေ ကျွန်တော် တောင်းပန်ပါတယ်။ "
အဖေချန်က ဆို၏။
" ဒီလမ်းက ဘယ်လောက်ခက်မှန်း မင်း သိလို့လား? ပြီးတော့ မင်း ကြိုက်တဲ့သူက ကောင်းတောင်မကောင်းဘူး! ယန်ကျင်းဇီက မင်းကို ကြိုက်တယ် ဆိုရင်တောင်မှ သူ သူ့သူငယ်ချင်းတွေကို မင်းအကြောင်း ဘယ်လိုပြောခဲ့လဲဆိုတာ ကြည့်လိုက်ဦး! "
" သူက ကြွားရုံသက်သက်.. "
" သာမန်လူတွေက ကြွားလုံးထုတ်ရင်တောင်မှ သူတို့ ကြိုက်တဲ့သူအကြောင်း မပြောကြဘူး။ "
အဖေချန်က ပြောခဲ့သည်။ သူ့သားက ယန်ကျင်းဇီကို ကြိုက်ပေမယ့် ယန်ကျင်းဇီရဲ့မျက်လုံးထဲမှာတော့ သူ့သားက ဘာမှမဟုတ်လောက်ဘူး!
" အရင်က သူ ကျွန်တော့်ကို မကြိုက်ရင် မကြိုက်ခဲ့လောက်ပေမယ့် အခု သူ ကျွန်တော့်ကို ကြိုက်တာ သေချာတယ်။ "
ချန်အန်းရှိူ့ ပြောလိုက်သည်။
အဖေချန်သည် သူ့သားစကားများကို ကြားသောအခါ သူလည်းပဲ ဤမနက်ခင်းကကိစ္စများကို တွေးမိလေသည်။ ခုနတုန်းက ယန်ကျင်းဇီသည် သူ့သားကို သိသိသာသာ ကူညီကာကွယ်ပေးခဲ့သည်။
" မင်းအမေသာ ဒါကို သိရင် သူ မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး! "
အဖေချန်က ပြောခဲ့၏။
ချန်အန်းရှိူ့ နှုတ်ဆိတ်နေခဲ့သည်။ သူ့အဖေက အဆင်ပြေသေးသည်။ သူ့အမေက နူးညံ့သိမ်မွေ့သည့်ပုံပေါ်သော်လည်း သူ(မ)၏ဒေါသက ပိုဆိုးသည်။
" ဘာပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို ထိန်းချုပ်ခွင့် နည်းနည်းတော့ ပေးရမယ်၊ အချစ်ရေးကိစ္စတွေကို သူများတွေ သိလို့မဖြစ်ဘူး! "
အဖေချန်က ပြောလိုက်၏။ လူငယ်များ၏ခံစားချက်များသည် ဆန့်ကျင်ခံရလေလေ သူတို့က မင်းကို ထိပ်တိုက်ရင်ဆိုင်လေလေ ဖြစ်သည်။ အဖေချန်သည် ကိစ္စအား သူ့ဘာသာသူ ထားလိုက်ချင်သော်လည်း ကလေးနှစ်ယောက်၏ အနာဂတ်ရေးအတွက်ကြောင့် သူ အခြားသူများအား သိခွင့် မပြုနိုင်ပေ။
" ငါ ယန်ကျင်းဇီကို အခန်း ၁၀ စီ သွားခိုင်းလိုက်ပြီ။ အတန်းပြီးသွားရင် မင်း စာကြိုးကြိုးစားစားကျက်ရမယ်! အကယ်၍ မင်းအဆင့်တွေ ကျသွားရင် ငါ ယန်ကျင်းဇီရဲ့မိဘတွေကို ဆက်သွယ်ပြီး သူတို့ကို မင်းတို့အကြောင်း ပြောပြလိုက်မယ်။ ယန်ကျင်းဇီရဲ့မိဘတွေမှာ သားလေးတစ်ယောက်ပဲ ရှိပြီး သူတို့မိသားစုမှာ အမွေဆက်ဆံရမယ့် မိသားစုစီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးလည်း ရှိသေးတယ်။ မင်းတို့တွဲနေမှန်းသာ သူတို့သိသွားရင် သူတို့ ယန်ကျင်းဇီကို သေချာပေါက် နိုင်ငံခြားပို့ပစ်မှာပဲ! "
ယန်ကျင်းဇီနှင့်ချန်အန်းရှိူ့တို့ကို အခန်းနှစ်ခန်းခွဲထုတ်ပြီး သူ့သားကို စာကြိုးစားခိုင်းလိုက်မည်ဆိုလျှင် နှစ်ယောက်သား အတူရှိဖို့ အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ခံစားချက်များကလည်း မှေးမှိန်ပျောက်ကွယ်သွားလိမ့်မည်။
သူတို့ အထက်တန်းပြီးသွားရင် စိတ်ပူစရာမလိုတော့ဘူး!
ယန်ကျင်းဇီ၏အဆင့်များသည် တက္ကသိုလ်ပထမဘွဲ့ ရရန် ခက်လိမ့်မည်။ သူ နိုင်ငံခြားပညာတော်သင် သွားရဖို့က ဖြစ်နိုင်ချေ အများဆုံးပင်။ ဒါပေမယ့် သူ့သားက အကောင်းဆုံးတက္ကသိုလ်မှာ တက်လိမ့်မည်... အဲ့နောက်မှာ ဒီလူနှစ်ယောက်က ဆုံစရာနေရာ ရှိတော့မှာ မဟုတ်ဘူး!
အဖေချန် တွေးပြီး တိတ်တဆိတ် စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်သည်။
ဤစကားများကို ချန်အန်းရှိူ့ ကြားသောအခါ သူလည်း အနည်းငယ် စိုးရိမ်သွားသည်။
အရင်က ယန်ကျင်းဇီသည် သူ့ကို အရမ်းကြီး သဘောမကျခဲ့ပေ။ သူ ယန်ကျင်းဇီကို ကိတ်မုန့်တစ်လုံး မနေ့က သွားပေးခဲ့သည်။ သူတို့နှစ်ယောက် နည်းနည်းလေး ချိုမြိန်စ ပြုလာသည်။ အခု သူတို့ ခွဲခွာရတော့မယ်ဆိုရင်... ယန်ကျင်းဇီက အခြားသူတွေကို သဘောကျသွားမှာလား?
" မင်း အတန်းကိုပြန်တော့။ " အဖေချန်က ပြောသည် : " ဘာပဲဖြစ်ဖြစ် မင်းရဲ့အဆင့်တွေကျလို့မဖြစ်ဘူး! "
ချန်အန်းရှိူ့ စာသင်ခန်းသို့ ပြန်ရောက်သောအခါ ပထမဆုံးအတန်းချိန်အတွက် မိနစ်အနည်းငယ်သာ ကျန်ရှိတော့သည်။ ဆရာလျိုက ကျောင်းသားများ ကိုယ့်ဘာသာစာလေ့လာနေသည်ကို စောင့်ကြည့်နေခဲ့သည်။ အတန်း၏ အမွှေစိန်ဖြစ်သူ ယန်ကျင်းဇီတောင်မှ အတည်ပေါက်ကြီးစာအုပ်တစ်အုပ်ကို အလွန်အလေးအနက်ထားကာ စာဖတ်နေသည်။
ချန်အန်းရှိူ့ကို မြင်တော့ ဆရာလျိုက သူ့ကို ခေါင်းညိတ်ပြပြီး စာသင်ခန်းထဲ ဝင်ထိုင်ခိုင်းသည်။
ချန်အန်းရှိူ့ ထိုင်လိုက်သည်နှင့်တပြိုင်နက် ယန်ကျင်းဇီက ပေးအပ်ခဲ့သည်မှာ စာအုပ်တစ်အုပ်နှင့် စာတိုကလေးတစ်စောင် : "ဒီစာအုပ်ကို ဖြည့်ဖို့အတွက် တစ်ညလုံး မအိပ်ခဲ့ရသေးဘဲ လက်တွေလည်း ထုံနေပြီ" ။
ထိုစာအုပ်မှာ ယန်ကျင်းဇီ နံနက်ခင်းက လူတိုင်းကို ပြခဲ့သည့် မှတ်စုစာအုပ် ဖြစ်သည်။ မနေ့ညက တစ်ညလုံး သူ သူ့မှတ်စုစာအုပ်ထဲမှာ စာရေးနေခဲ့ရသည်။ သူက ကောင်းမွန်သည့်အလုပ်တစ်ခုကို လုပ်ခဲ့သည်ဖြစ်ရာ သေချာပေါက် သူ မဖုံးကွယ်ထားသင့်ဘဲ ချန်အန်းရှိူ့ကို အသိပေးရမည်။
ပိုအရေးကြီးတာက မူလပိုင်ရှင်သည် သူ့သူငယ်ချင်းများကို ချန်အန်းရှိူ့အကြောင်း ထိုကဲ့သို့ပြောပြထားခဲ့ပြီး အသုံးပြုသောစကားလုံးများမှာလည်း တကယ့်ကို စိတ်ထိခိုက်စေရာ... ဒါကိုပြန်လည်ကုစားဖို့လုပ်နေသည့် သူ့ကြိုးစားမှုကို မြင်ရင် ချန်အန်းရှိူ့ စိတ်မဆိုးတော့ဘူးလို့ သူ မျှော်လင့်သည်။
ချန်အန်းရှိူ့သည် ယန်ကျင်းဇီကို တစ်ချက်ကြည့်လိုက်ပြီး မှတ်စုစာအုပ်ကိုဖွင့်လိုက်သည်။
ချန်အန်းရှိူ့ : " ... "
သူ မနက်က နည်းနည်း မြင်လိုက်ရပေမယ့် ယန်ကျင်းဇီက ရှုပ်ယှက်ခတ်နေသော အရာများစွာကို ရေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါက ဘာလဲ?
အဓိကအချက်က လက်မှတ်တွေအားလုံး သူ့ဟာတွေပဲ!
ချန်အန်းရှိူ့ အနည်းငယ် ရှက်သွားသည်၊ အထူးသဖြင့်... သူ တကယ်တွေးလိုက်တာက ယန်ကျင်းဇီက ချောသည်ဟုပင်။
ဤအချိန်တွင် ယန်ကျင်းဇီ ပေးလာပြန်သည်က နောက်ထပ်စာတိုကလေးတစ်စောင်: "ကိုယ့်လက်တွေ အရမ်းနာနေတယ်။ ပြန်ကောင်းသွားအောင် ကိုယ့်လက်တွေကို ဆုပ်နယ်ပေးရမယ်ထင်တယ်" ။
ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသည်။ သူက စာတိုကို ကမ်းပေးပြီးသည်နှင့် သူ့ညာလက်ကို ဆန့်လိုက်သည်။
ယန်ကျင်းဇီသည် သနားစရာကောင်းဟန်ဆောင်ရန်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း သူ မထင်ထားသည်က ချန်အန်းရှိူ့သည် သူ၏ဘယ်လက်နှင့် စားပွဲအောက်မှ သူ့ညာလက်ကို တကယ်ကိုင်ပြီး ညင်ညင်သာသာ နှိပ်နယ်ပေးလာသည်။
ယန်ကျင်းဇီ : "!!!"
သူ့အန်းရှိူ့က အရမ်းချစ်စရာကောင်းတာပဲ!
ယန်ကျင်းဇီသည် ဂရုတစိုက် အနှိပ်ခံနေရပြီး ထာဝရအတွက် ချန်အန်းရှိူ့ သူ့ကို ဆက်နှိပ်ပေးပါစေလို့ သူ ဆုတောင်းမိလိုက်သည်။ ကံမကောင်းစွာဖြင့် ဤအချိန်၌ အတန်းချိန်ပြီးဆုံးကြောင်း အသိပေးသော ခေါင်းလောင်းသံ မြည်လာသည်။
ခေါင်းလောင်းသံမြည်လာတာက အရေးမကြီးပေမယ့် အဖေချန်သာ ရောက်လာခဲ့ရင်တော့...
ယန်ကျင်းဇီသည် သူ့လက်ကို ပြန်ဆွဲယူရုံသာ လုပ်နိုင်ခဲ့ပြီး သနားစရာကောင်းလောက်အောင် သူ့စားပွဲကို စရှင်းတော့သည်။
ချန်အန်းရှိူ့သည် ကူညီချင်သော်လည်း ယန်ကျင်းဇီမှာ ရှင်းစရာအများကြီး လုံးဝမရှိသဖြင့် သူ့အကူအညီကို မလိုအပ်တာက စိတ်မကောင်းစရာပင်။ ထို့အပြင် ယန်ကျင်းဇီ၏ညီငယ်လေးများကလည်း ရောက်လာကြသည်။ သူတို့ဘော့စ်က အကူအညီလိုနေ၍ သူတို့က ယန်ကျင်းဇီ၏စားပွဲခုံကို သယ်သွားကြသည်။
အခန်း ၁၀ သည် ကျောင်းရှိ စာမကျက်သော ကျောင်းသားအများစုကို စုစည်းထားသည်။ များစွာသော ယန်ကျင်းဇီ၏ ညီငယ်လေးများနှင့် သူတို့၏ရည်းစားများက အခန်း ၁၀ တွင် ရှိနေကြသည်။
ယန်ကျင်းဇီသည် လက်ဗလာနှင့် လမ်းလျှောက်သွားခဲ့ပြီး ချန်အန်းရှိူ့ ပစ္စည်းဝိုင်းကူသယ်ဖို့လည်း မလိုတော့ပေ။
ထွက်မသွားခင်မှာ ယန်ကျင်းဇီက ချန်အန်းရှိူ့ကို နောက်ထပ်စာတိုကလေးတစ်စောင် ထိုးပေးခဲ့သေးသည်။
ချန်အန်းရှိူ့သည် စာဖွင့်မဖတ်ခင် သူ ထွက်သွားသည်ကို စောင့်နေခဲ့ပြီးမှ ဖတ်ကြည့်လိုက်သည် : "အချစ်လေး ကိုယ်တို့ကိစ္စတွေကို လျို့ဝှက်ထားရမယ်နော်! သူများတွေ မသိစေနဲ့! ကိုယ့်မိဘတွေသာ သိသွားရင် သူတို့ ကိုယ့်ကို သတ်လိမ့်မယ်! ဟုတ်တာပေါ့ ကိုယ်တို့ အဆက်အသွယ်ပြတ်လို့လည်း မဖြစ်ဘူး! ခဏပဲစောင့်၊ ကိုယ် မင်းကို ဆက်သွယ်ပါ့မယ်!!! ကိုယ် သေချာပေါက် ပြန်လာခဲ့မယ်!!!"
အာမေဍိတ်အမှတ်အသားအတွဲလိုက်များသည် ချန်အန်းရှိူ့၏နားထဲတွင် ယန်ကျင်းဇီ၏အော်ငိုသံကြီးအား ကြားယောင်လာစေသည်...
သူ စာတိုကို သိမ်းပြီး ပြန်ထိုင်လိုက်သည်။
ယန်ကျင်းဇီက အခန်း ၁ ကို ပြန်လာချင်သဖြင့် စာကြိုးစားရလိမ့်မည်။ သူ ယန်ကျင်းဇီကို ကူညီပြီး မှတ်စုအချို့ကို စုစည်းပေးရမည်။ လေ့ကျင့်ခန်းစာအုပ်များစွာလည်း ရှိလေရာ သူ ယန်ကျင်းဇီကို ပေးဖို့ စာအုပ်အချို့ကိုလည်း ဝယ်လို့ရသည်။
စာသင်ကျောင်းသည် ပြန်လည်ငြိမ်သက်သွားသည်။ သူ့ခုံကို အခန်း ၁၀ သို့ ရွှေ့သွားသည့် ယန်ကျင်းဇီက အခန်း ၁၀ မှာ အတန်းမတက်ဘဲ အိမ်ပြန်သွားခဲ့သည်။
အိမ်မပြန်ခင် အဖေယန်နှင့်အမေယန်တို့နှင့်အတူ လိုက်ပြန်ဖို့ သူ ငြင်းခဲ့သည်က ချန်အန်းရှိူ့ပြန်လာသည်ကို စောင့်ပြီး ချန်အန်းရှိူ့နှင့် စကားအနည်းငယ် ပြောချင်၍ပင်။ အခု စကားပြောပြီးပြီဆိုတော့ သူ အိမ်ပြန်ဖို့ အချိန်ကျပြီ။
ယန်ကျင်းဇီ ကျောင်းက ထွက်လာတော့ သူ့မိဘများစီ ဆက်သွယ်ခဲ့သည်။ သူ အိမ်ပြန်ရောက်သောအခါ အဖေယန်နှင့်အမေယန်က အိမ်မှာ စောင့်နေကြသည်။
အရင်က အိမ်ပြန်ဖို့ ငြင်းဆန်ခဲ့သည့် သားဖြစ်သူက အခု ပြန်လာတော့ အမေယန်က စိုးရိမ်တကြီးနှင့် မေးသည်။
" ကျင်းဇီ ဘာလို့ ပြန်လာတာလဲ? ကျောင်းမှာ တယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား? "
" မဟုတ်ဘူး၊ ကျွန်တော် အမေတို့ကို ပြောပြစရာရှိလို့ အိမ်ပြန်လာတာ။ "
ယန်ကျင်းဇီက ဖြေလိုက်သည်။
" ဘာကိစ်စလဲ? "
အဖေယန်သည် ဘာကြောင့်မှန်းမသိ ရင်ပူနေရင်း စိတ်ပူစွာ မေးလိုက်သည်။
" ကျွန်တော် ချန်အန်းရှိူ့ကို ကြိုက်တယ်။ အခန်း ၁ ကို ကျွန်တော် ပြန်ရမယ်! ဘာသာရပ်တခုစီက အကောင်းဆုံးဆရာတွေကို ဖိတ်ခေါ်ပြီး ကျွန်တော့်ကို စာသင်ပေးဖို့ အဖေတို့ ကူညီပေးရမယ်! "
အဖေယန်နှင့်အမေယန် : " ... "
သားလေး၊ မင်း ဗီရိုထဲက အရမ်းတည်တည်ငြိမ်ငြိမ်နဲ့ ထွက်မလာလို့ရမလား? မင်းက ငါတို့ကို ရူးအောင်လုပ်နေတာပဲ!
____
နွားကျောင်းသားလေးနှင့် ရက်ကန်းသည်မလေး - သူတို့၏ချစ်ခြင်းမေတ္တာကို ခွင့်မပြုသောကြောင့် ၎င်းတို့အား ကောင်းကင်မြစ် (နဂါးငွေ့တန်း) ၏ ဆန့်ကျင်ဘက်အခြမ်းများသို့ နှင်ထုတ်ခြင်းခံခဲ့ရသည်။
____