အပိုင်း ၂၅ ( Genius Slacker 8 )
Viewers 10k

ဘာကြောင့် ယန်ကျင်းဇီ တိုက်ရိုက်ထုတ်ပြောရဲလဲ ဆိုသည်က အကြောင်းအရင်း ရှိပြီးသားပင်။ အဖေနှင့်အမေက သူတို့၏သားဖြစ်သူကို တကယ်ချစ်ခင်၍ဖြစ်သည်။


မူလဇာတ်ကြောင်းတွင် မူလပိုင်ရှင်သည် တစ်နှစ်အကြာမှ ထုတ်ပြောမည်ဖြစ်ပြီး ထိုအချိန်တွင် အဖေယန်နှင့်အမေယန်တို့သည် မပျော်ရွှင်သော်လည်း သူတို့က သဘောတူခဲ့ကြသည်။


ဆိုမှတော့ သူ စောစောထုတ်ပြောလိုက်လည်း အဆင်ပြေပေလိမ့်မည်။


အရေးကြီးဆုံးကတော့ သူက မူလပိုင်ရှင်နှင့် ကွဲပြားသည်။ ပြောင်းလဲဖို့ သူ့မှာ အခွင့်အရေးတစ်ခု လိုအပ်ကာ အချစ်က အရမ်းကောင်းမွန်သည့်ရွေးချယ်မှု ဖြစ်သည်။ 


အချစ်ရူးတစ်ယောက် ဖြစ်ရတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ?


" မင်း၊ မင်း... "


အဖေယန်သည် ယခင်က မှန်းဆမိပြီးသားဖြစ်ကာ ယခု သားဖြစ်သူ ဝန်ခံသည်ကို ကြားလိုက်သောအခါ သူ အရမ်းကြီးအံ့ဩ‌မနေပေမယ့် ဒေါသကတော့ မရှိမဖြစ်ထွက်နေရဆဲပင်။


သူ့သားက ယောက်ျားတွေကို တကယ်ကြိုက်တယ်!


" အဖေ ကျွန်တော် တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် ချန်အန်းရှိူ့ကို တကယ်ကြိုက်တာ။ "


ယန်ကျင်းဇီသည် သူ့အမှားကို ကျိုးကျိုးနွံနွံဖြင့် ဝန်ခံခဲ့သည်။


နှစ်ပေါင်းများစွာ သူတို့ကို အတိုက်အခံပြုလာပြီး သူတို့ကို တခါမှ စကားမပြောချင်ခဲ့သည့် သားဖြစ်သူက သူတို့ကို ရုတ်တရက်ကြီး တောင်းပန်လာသည်... အဖေနှင့်အမေတို့နှစ်ယောက်စလုံး အံ့ဩသွားကြသည်။


သူတို့ အရင်က ကလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီးပြီဖြစ်သောကြောင့် ယန်ကျင်းဇီ မွေးဖွားလာသောအခါ ကလေးက ပျော်ရွှင်နေသရွေ့ အနာဂတ်မှာ ကလေးက အရမ်းအောင်မြင်စရာမလိုဘူးဟု သူတို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။


ယနေ့ခေတ်လူငယ်များသည် အမျိုးစုံသောကိစ္စများကို လုပ်ကြသည်။ သူတို့နှင့်ရွယ်တူများကြားတွင် သူတို့သားသမီးများ၏ လက်ထပ်ဖို့ငြင်းဆိုခြင်း စသည့်ကိစ္စများကို စိုးရိမ်ပူပန်နေရသော မိတ်ဆွေအချို့ရှိသည်။ သူတို့လည်း အနည်းငယ်သော စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ပြုလုပ်ခဲ့သည်။


သို့သော်ငြား အလားတူပြဿနာများကို သူတို့ လက်မခံနိုင်ကြသေးပေ။


" မင်းက အရမ်းကောင်းတယ်။ ဘာလို့ မင်း ယောက်ျားတွေကို ကြိုက်တာလဲ? "


အဖေယန်က သိချင်ခဲ့သည်။


" ကျွန်တော်က ယောက်ျားတွေကိုပဲ အမြဲတမ်း ကြိုက်လာခဲ့တာ။ ဒါပေမယ့် ကျွန်တော် အရင်က ကြိုက်ခဲ့တဲ့တစ်ယောက်က ကျွမ်းကောင်းဟန်ပဲ။ "


ယန်ကျင်းဇီက ပြောလိုက်သည်။


" ဘာ? "


အဖေယန် အံ့ဩသွားသည်။ ဒီနေ့ ကျောင်းမှာ အဖေယန်က ကျွမ်းကောင်းဟန်၏မိဘများကို ခေါ်ကာ သူတို့သားက သူတို့ကို ဖုန်းခေါ်ပြီး ကျောင်းသွားခိုင်းကြောင်း မပြောပြခဲ့သည်မှာ ကျွမ်းကောင်းဟန်၏ဖခင်ဖြစ်သူအတွက်ကြောင့် ဖြစ်သည်။


ကျွမ်းမိသားစုသည် နိုင်ငံရေးအသိုင်းအဝိုင်းမှ ဖြစ်ပြီး ကျွမ်းကောင်းဟန်၏ဖခင်သည် ရာထူးကြီးသူ ဖြစ်သည်။ အဖေယန်သည် ထိုသို့သောကိစ္စရပ်လေးအတွက်နှင့် ကျွမ်းမိသားစုအား ဆန့်ကျင်မည် မဟုတ်ပေ။ 


ဒါပေမယ့် အဲ့လိုဆိုရင်တောင်မှ သူက ကျွမ်းကောင်းဟန်ကို "မိတ်မဖွဲ့ရ"ဟူသော နာမည်တပ်လိုက်ပြီဖြစ်၏။


ရလဒ်ကတော့... သူ့သားက ကျွမ်းကောင်းဟန်ကို ကြိုက်တယ်တဲ့လား?


ယခင်က သူ့သား ကျွမ်းကောင်းဟန်၏စကားများကို ဘယ်လိုတောင် နာခံလိုက်နာခဲ့သလဲဆိုတာကို တွေးရင်း အဖေယန်၏မျက်နှာကြီး မည်းလာခဲ့သည်။


ဤအချိန်၌ ယန်ကျင်းဇီက ပြောခဲ့သည်။


" ကျွန်တော်က အမြဲတမ်း ကျွမ်းကောင်းဟန်ကိုပဲ ကြိုက်လာခဲ့တယ်။ အရင်က အမှတ် ၁ အထက်တန်းကျောင်းကို တက်ခဲ့တာရော၊ အခန်း ၁ ကို ‌သွားတက်ခဲ့တာရောက ကျွမ်းကောင်းဟန်အတွက်ပဲ။ အဖေ၊ တကယ်တော့ ကျွန်တော် ချန်အန်းရှိူ့ရဲ့လက်ရေးကို အတုခိုးပြီး ကျွန်တော့်အတွက် ရည်းစားစာတစ်စောင် ရေးခဲ့တာလည်း ကျွမ်းကောင်းဟန်နဲ့ ပတ်သက်နေတယ်။ "


ယန်ကျင်းဇီသည် အဖေယန်အား ကျွမ်းကောင်းဟန်နှင့်မူလပိုင်ရှင်တို့ကြား သဘေထားကွဲလွဲမှုကို ရှင်းပြခဲ့သည်။


ယနေ့ သူ့မိဘများကို ဖုန်းဆက်ခေါ်သည့်တစ်ယောက်က ကျွမ်းကောင်းဟန်ဖြစ်မှန်း သူ မသိခဲ့သည့်အပြင် သူ့မိဘများက ကျွမ်းကောင်းဟန်အပေါ် ထင်မြင်ချင်တစ်ခု ရှိနေမှန်းလည်း သူ မသိခဲ့ပါချေ။ သူ မျှော်လင့်ချက်နှင့် ဒါကိုလုပ်ခဲ့သည်က ကျွမ်းကောင်းဟန်ကို အမြဲတမ်း အရမ်းသဘောကျခဲ့သော သူ့မိဘများ အနာဂတ်မှာ ကျွမ်းကောင်းဟန်၏ လှည့်စားခံခြင်းကို မခံရစေရန်ပင်။


သူ ကျွမ်းကောင်းဟန်ကို ကိုင်တွယ်ဖြေရှင်းနေတုန်း သူ့မိဘတွေစီက အတားမခံချင်ဘူး!


" ချန်အန်းရှိူ့ရဲ့အမှတ်တွေက ကျွမ်းကောင်းဟန်ထက် အမြဲတမ်း ပိုကောင်းတယ်။ ကျွမ်းကောင်းဟန်က ဒေါသထွက်လွန်းလို့ ကျွန်တော့်ကို ချန်အန်းရှိူ့ကို သွေးဆောင်ဖြားယောင်းခိုင်းခဲ့တာ... " ယန်ကျင်းဇီသည် ဖြည်းညှင်းစွာပြောသော်လည်း ချန်အန်းရှိူ့က သူ့ကို သဘောကျကြောင်း‌ကိုတော့ ထည့်မပြောခဲ့ပေ။ " ချန်အန်းရှိူ့က စာကျက်ဖို့ပဲသိပြီး ကျွန်တော့်ကို တချိန်လုံး လျစ်လျူရှူထားခဲ့တယ်။ ကျွန်တော်က ကျွမ်းကောင်းဟန်ကို ပျော်စေချင်တော့ group chat ထဲမှာ အဲ့စကားတွေကို ပြောခဲ့တာ... ကျွမ်းကောင်းဟန်က ကျွန်တော့်ကို သက်သေပေးစေချင်တော့ ကျွန်တော် ချန်အန်းရှိူ့ရဲ့လက်ရေးကို သင်လိုက်ပြီး ရည်းစားစာတွေ ရေးခဲ့တယ်။ "


" မင်း လုပ်ရဲတယ်! " 


အဖေယန်က ဒေါသထွက်သွားသည်။


" အဖေ... " ယန်ကျင်းဇီက သူ့အဖေကို မျက်နှာချိုသွေးအပြုံး ပြုံးပြလိုက်သည်။ " ကျွန်တော် ပြောင်းလဲလိုက်ပြီမလား? ကျွန်တော် ချန်အန်းရှိူ့နဲ့ တော်တော်လေးအဆင်ပြေတယ်။ ချန်အန်းရှိူ့က ကျွမ်းကောင်းဟန်ထက် ပိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ အဲ့တာကြောင့်မို့လို့ ကျွန်တော် ကျွမ်းကောင်းဟန်နဲ့ပူးပေါင်းဖို့ ငြင်းလိုက်တာ။ မနေ့က ချန်အန်းရှိူ့ ကျွန်တော့်မွေးနေ့ပါတီကို လာဖို့ ကျွမ်းကောင်းဟန်က ကျွန်တော့်ကို ဖိတ်ခိုင်းတယ်။ သူက ချန်အန်းရှိူ့ကို ထိခိုက်မယ့် ချန်အန်းရှိူ့ရဲ့ဆိုးဝါးတဲ့ဓာတ်ပုံတွေကို ရိုက်ချင်နေခဲ့တာ။ ကျွန်တော်က သူ့အကြံကို တမင်သက်သက် ဖျက်ဆီးပစ်လိုက်တယ်။ ဒီမနက်တုန်းကလည်း ကျွမ်းကောင်းဟန်ရဲ့လျို့ဝှက်အကြံအစည်ကြီးကို ကျွန်တော်က ပညာသားပါးပါးနဲ့ ထိခိုက်စေလိုက်တယ်လေ! "


" မင်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူက ချန်အန်းရှိူ့ကို ထိခိုက်စေမယ့် အကြံအစည်ကို လုပ်နိုင်ပါဦးမလား? မင်းက ငတုံးလား? သူများက မင်းကို ရောင်းစားနေတုန်း မင်းက ပိုက်ဆံဝိုင်းရေပေးနေသေးတယ်! "


အဖေယန်က မတွေးမိဘဲမနေနိုင်။ သူသည် ယခင်က သူ့သားကို ပျော်ရွှင်စေချင်ရုံလေးတင် ဖြစ်သည်။ အဲ့တာက မှားသွားတာလား?


အကယ်၍ သူ့သားကသာ ကျွမ်းကောင်းဟန်နဲ့ ပေါင်းပြီး ချန်အန်းရှိူ့ကို အကွက်ချမယ်ဆိုရင် အဲ့ဒါက ချန်အန်းရှိူ့ကို ထိခိုက်သွားမှာ မဟုတ်ဘူးလား?!


" အဲ့တာကြောင့်မို့လို့ ကျွန်တော် ပြောင်းလဲလိုက်ပြီလေ။ အခု ကျွန်တော် ချန်အန်းရှိူ့ကို ကြိုက်တယ်။ အခန်း ၁ မှာ တက်ချင်တယ်။ ‌အဖေ၊ ကျွန်‌တော့်အတွက် ဆရာအချို့ကို ပြန်ဖိတ်ခေါ်ပေးပါ! "


ယန်ကျင်းဇီက ပြောသည်။


" ဆရာကောင်းတစ်ယောက်က ဖိတ်ဖို့ အရမ်းလွယ်မလား? ပြီးတော့ မင်း အိမ်စာတွေအများကြီး မလုပ်ထားတာ မင်း အမှီပြန်လုပ်နိုင်လို့လား? "


အဖေယန်က မေးသည်။


" ဒါပေါ့၊ ကျွန်တော် အမှီပြန်လိုက်နိုင်တယ်! အဖေပဲ ကျွန်တော်က ဉာဏ်အကောင်းဆုံးလို့ အမြဲပြောနေခဲ့တာ မလား? "


ယန်ကျင်းဇီက ဆို၏။


အဖေယန် : " ... "


ငါက ဖရဲသီးတွေရောင်းပြီး ကိုယ့်အကြောင်းကိုယ် ကြွားလုံးထုတ်နေတတ်တဲ့ ဝမ်ဖော မဟုတ်ဘူးလား?!


အဖေယန်သည် သူ့သား အခန်း ၁ ကို ဝင်ဖို့က မဖြစ်နိုင်ဟု ထင်သော်လည်း သူ့သားကသာ တိုးတက်မှုကို လိုချင်လျှင် သူ သူ့သားကို သေချာပေါက် မတားနိုင်ပေ။


ဆရာအချို့ကို ပြန်ဖိတ်ခေါ်ဖို့ အဖေယန်က ချက်ချင်း ဆုံးဖြတ်လိုက်သည်။


အဖေယန်သည် ဆရာများကို ဆက်သွယ်လိုက်ပြီး ၎င်းတို့ကို ဆက်သွယ်ပြီးနောက် တခုခုက မှားနေသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။


ခဏလေး၊ သူ့သားက ယောက်ျားတွေကို ကြိုက်တယ်လို့ မပြောခဲ့ဘူးလား? သူက ဘာလို့ ဆရာတစ်ယောက်ကိုငှားဖို့ ရုတ်တရက်ကြီး စကားထပြောနေရတာလဲ?


‌ထားလိုက်ပါ၊ သူ့သားရဲ့ရည်းစားဆက်ဆံရေးပြဿနာကို သူ့ဘာသာသူ ရှိပါစေတော့။


ဘာပဲဖြစ်ဖြစ် သူ့သားက အတန်း ၁ ကို မဝင်နိုင်မှာကတော့ လုံးဝသေချာသည်။ သူ အထက်တန်းကျောင်း ပြီးသည့်အခါ၊ သူ သူ့သားကိုပို့ဖို့ မတတ်နိုင်သည့် ကျောင်းတစ်ကျောင်းမှာ ချန်အန်းရှိူ့ သွားတက်သည့်အခါ သူ့သားက လုံးဝလက်လျှော့သွားလိမ့်မည်။


နေဦး၊ သူ့သား၏သဘာဝကို၌က ယောက်ျားများကို သဘောကျသည်။ ပြီးတော့ ချန်အန်းရှိူ့မရှိရင် သူက အခြားသူများကို ကြိုက်သွားနိုင်သည်... အဖေယန်လည်း အတွေးများရှုပ်ထွေးသွားပြန်တော့သည်။


တွေးတော‌ရုန်းကန်နေရင်း အဖေယန်သည် ဦးလေးလီကို ခေါ်ပြီး မနေ့က မွေးနေ့ပွဲ၌ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မေးရန် မမေ့ခဲ့ပေ။


ဦးလေးလီသည် မနေ့က အဖြစ်အပျက်များကို တခုပြီးတခု ပြောပြခဲ့ပြီးနောက် ပြောသည် : " သခင်လေးရဲ့ကိတ်မုန့်ကို ယူလာပေးတဲ့ ကျောင်းသားလေးက တော်တော်ယဉ်ကျေးတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူတတ်တဲ့သူနဲ့ မတူပါဘူး။ ဒီကိစ္စမှာ တခုခုဖုံးကွယ်ထားတာမျိုးတွေ ရှိနေနိုင်ပါတယ်။ "


" ဟုတ်တယ်။ ကျင်းဇီက သူ့မျက်နှာကို သူ့ဘာသာသူ ရိုက်ခဲ့တာ။ "


အဖေယန်က ပြောခဲ့သည်။ ဦးလေးလီပြောသော မနေ့က အဖြစ်အပျက်များကို ကြားပြီးနောက်ပိုင်း သူ့သား သူ့ကို ပြောပြသည့်အရာအားလုံးအား သူ ယုံလိုက်ပြီဖြစ်၏။


ခဏကြာတော့ အဖေယန်သည် ချန်အန်းရှိူ့အပေါ် ပို၍ အပြစ်ရှိသလို ခံစားလာရသည်။


သူက အတော်ဆုံးကျောင်းသား ဖြစ်ပြီး သူ့အဖေက သူ့ကို တနေ့တာလုံး သူ့စာသင်ကြားမှုအပေါ် လွှမ်းမိုးနှောင့်ယှက်နေသော ပြဿနာကောင်၏ဘေးနားတွင် ထိုင်ဖို့ စီစဉ်ပေးသည်။ ဒါတင်မကပဲ ချန်အန်းရှိူ့က အကွက်ချခံရလုနီးပါး ဖြစ်သွားခဲ့သေးသည်...


သူ့သားက ယောက်ျားများကို ကြိုက်သည် ဟူသော အချက်က သူ့ကို အရမ်းကို စိတ်မပျော်ရွှင်စေသော်လည်း ချန်အန်းရှိူ့က အပြစ်ကင်းသဖြင့် သူ ချန်အန်းရှိူ့ကို မမုန်းနိုင်ဟု ခံစားရသည်။ သူက ကျွမ်းကောင်းဟန်ကိုပဲ မုန်းနိုင်သည်။


အဖေချန်၏အတွေးမြင်တန်းကို ယန်ကျင်းဇီ ခန့်မှန်းနိုင်၏။


သူ ချန်အန်းရှိူ့အတွက် စာတိုတစ်စောင်ကို ချန်ထားခဲ့ခြင်းမှာ သူ အဖေချန်ကို အတိအကျ သိထားသောကြောင့်ဖြစ်သည်။ ဒါမှသာ သူတို့နှစ်ယောက် တကယ်တွဲနေကြောင်း ချန်အန်းရှိူ့က အခြားသူများကို မပြောပြမှာ ဖြစ်၏။


သူ ကြောက်သည်က ချန်အန်းရှိူ့ ရုတ်တရက် စိတ်လက်မာန်ပါပြုကာ သူတို့၏ဆက်ဆံရေးက လူသိရှင်ကြား ဖြစ်သွားမည်ကိုပင်။ ထိုသို့ဆိုလျှင် အဖေယန်က ချန်အန်းရှိူ့အပေါ် အမြင်တစ်မျိူး သေချာပေါက် ရှိသွားလိမ့်မည်။


ဒါ့အပြင် ယနေ့ သူ့သရုပ်ဆောင်မှုပါ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။


ယန်ကျင်းဇီသည် သူ့မိဘများနှင့် ဆွေးနွေးဖြေရှင်းပြီးပြီမို့ ဖတ်စာအုပ်ကို ချက်ချင်း ရှာတွေ့ခဲ့ပြီး စာစလေ့လာသည်။


တချိန်တည်းမှာပင် အတန်းပြီးသွားသောအခါ အခန်း ၁၀ မှ တစုံတဦးကို လာရှာသော ချန်အန်းရှိူ့သည် ယန်ကျင်းဇီ အိမ်ပြန်သွားခဲ့ကြောင်း သိလိုက်ရသည်။


သူသည် မျက်မှောင်သာကျုံ့ပြီး ထွက်သွားခဲ့သည်။


အခန်း ၁၀ မှ ကျောင်းသားများသည် ချန်အန်းရှိူ့ ထွက်သွားသည်ကို တယောက်ပြီးတယောက် ကြည့်ကာ စိတ်သက်သာရာရသွားကြသည်။


" ချန်အန်းရှိူ့က ဘာလို့ လာတာလဲ? "


" သူက ယန်ကျင်းဇီကို ဒုက္ခပေးဖို့ လာတာလား? "


" ကံကောင်းတာက ယန်ကျင်းဇီက အစောကြီးပြန်သွားတာပဲ။ "


" သူ့မျက်နှာအမူအရာက ကြောက်စရာကြီး... "


….


ချန်အန်းရှိူ့ သူတို့အခန်းကို လာသွားကြောင်း group chat ထဲတွင် ယန်ကျင်းဇီကို ပြောပြသည့် ယန်ကျင်းဇီ၏ညီငယ်လေးတစ်ယောက် ရှိသည်။


ယန်ကျင်းဇီက စာပြန်ခဲ့သည် : "သူက ငါ့ကို လွမ်းနေတာ။ သူ ငါ့ကို တနေ့လုံး မတွေ့ရဘူးလေ။ အဲ့တာက ဆောင်းဦးရာသီ သုံးရာသီလောက် ကုန်ဆုံးသွားသလိုပဲဆိုတော့ သူက ငါ့ကို လာရှာရတော့တာပေါ့။"


ညီငယ်လေးများ : "..." ဘော့စ်ရေ ဒီအချိန်မှာ ပေါက်ကရတွေ မပြောဘဲ နေလို့ရမလား?


သူ၏ညီငယ်လေးအား စာပြန်ပြီးနောက် ယန်ကျင်းဇီသည် စာဆက်လေ့လာသည်။


မူလပိုင်ရှင်က စာကျက်ဖို့ စိတ်မဝင်စားပေမယ့် အဖေယန်နှင့်အမေယန်ကတော့ သူ့ကျောင်းစာများနှင့်ပတ်သက်ပြီး အရမ်းစိတ်ပူနေကြဆဲဖြစ်သည်။ မူလပိုင်ရှင် ငယ်ငယ်တုန်းက ဖတ်စာအုပ်များနှင့် အခြားပစ္စည်းများကို ယူလာရန် မကြာခဏ မေ့တတ်၏။ ထို့ကြောင့် သူ့မိဘများက သူ့ဖတ်စာအုပ်အားလုံးကို အပိုကော်ပီများ ပြင်ဆင်ခိုင်းထားခဲ့သည်။


ယခုအခါ ယန်ကျင်းဇီ အကူအညီလိုနေ၍ ဦးလေးလီသည် သူ ငယ်ငယ်ကတည်းက သူ့ဖတ်စာအုပ်များအားလုံးကို ချက်ချင်း ယူ‌လာပေးခဲ့သည်။


မူလပိုင်ရှင်၏ မူလတန်းနှင့်အလယ်တန်းကျောင်းစာ အခြေခံအုတ်မြစ်သည် ‌အလွန်ကောင်းမွန်နေဆဲဖြစ်သော်လည်း ယန်ကျင်းဇီသည် မူလတန်းကျောင်းသုံးဖတ်စာအုပ်များမှ စဖတ်ကာ သူက ဖြေးဖြေးချင်း ဖတ်နေသည်။ နောက်တနေ့၌ ‌သူသည် အလယ်တန်းကျောင်းသုံးဖတ်စာအုပ်များ ထည့်ထားသော လွယ်အိတ်ကို ယူပြီး အိမ်မှ ထမင်းချက် လုပ်ပေးထားသည့် ချစ်ခြင်းများဖော်ကျူးထားသောနံနက်စာလေးနှင့် ကျောင်းသို့ အစောကြီး သွားခဲ့သည်။


မူလပိုင်ရှင် ချန်အန်းရှိူ့အား နံနက်စာ ပေးပို့ခဲ့သည်မှာ အတော်ကြာပြီဖြစ်ကာ နံနက်စာအားလုံးကို အပြင်ကနေ ဝယ်ခဲ့၏။


အဘယ့်ကြောင့်ဆိုသော် မူလပိုင်ရှင်သည် ကျောင်းသို့ နောက်ကျမှရောက်လာလေ့ရှိသဖြင့် ထိုအချိန်တွင် မကြာခဏ ချန်အန်းရှိူ့သည် နံနက်စာစားပြီးသားဖြစ်သွားကာ သူသည် မူလပိုင်ရှင် ပေးသော နံနက်စာကို နေ့လယ်စာအဖြစ် နေ့လယ်ခင်းအထိ သိမ်းထားခဲ့ရသည်။


မူလပိုင်ရှင် အပြင်က ဝယ်လာသည့် နံနက်စာသည် မူလက သာမန်အရသာရှိပြီး နေ့လယ်ခင်းအခါ ထိုနံနက်စာ အေးသွားသော အချိန်၌ အရသာက ပို၍ပင်ဆိုးဝါးသွားသေးသည်။ မူလပိုင်ရှင်၏ ချန်အန်းရှိူ့ကို ပိုးပန်းသော နည်းလမ်းမှာ တကယ်အေးစက်ကြောင်း ယန်ကျင်းဇီ ခံစားမိသည်။


ဒါပေမယ့် သူကတော့ မတူဘူး!


သူက မနက်ခြောက်နာရီမှာ အခန်း ၁ ရဲ့ စာသင်ခန်းကို မနက်စာ သွားပို့မယ်!


ချန်အန်းရှိူ့သည် ကျောင်းဘေးရှိ ဆရာများအဆောင်တွင် နေထိုင်သည်။ သူတို့က အိမ်မှာ ချက်မစားကြဘဲ ကန်တင်းမှာတင် ထမင်းသုံးနပ်စားကြသည်။ သူသည် ၅း၃၀ တွင် အိပ်ရာနိုးလေ့ရှိပြီး ၆ နာရီတွင် စာသင်ခန်းထဲ၌ စာဖတ်သည်။ ၆း၄၀ အထိ စာဆက်ဖတ်ပြီးမှ ကန်တင်းသို့ သွားကာ နံနက်စာစားပြီးသည့်နောက်တွင်တော့ စာသင်ခန်းသို့ ပြန်လာ၍ စာဆက်ဖတ်၏။


ထို့ကြောင့် ယန်ကျင်းဇီ သွားရောက်လည်ပတ်ချိန်တွင် သူ နံနက်စာ မစားရသေးပေ။


" ချန်အန်းရှိူ့။ "


ယန်ကျင်းဇီသည် နံနက်စာကို စာသင်ခန်းထဲသို့ ယူလာသည်။


ချန်အန်းရှိူ့၏မျက်ဝန်းများ အရောင်တောက်ပလာကာ ချက်ချင်း ထရပ်လိုက်သည်။


ချန်အန်းရှိူ့ အရမ်းပျော်နေမှန်း ယန်ကျင်းဇီ ရှင်းရှင်းလင်းလင်း ခံစားမိသည်။


သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုကြည်လင်ရွှင်ပျလာပြီး သူသည် ချန်အန်းရှိူ့၏ရှေ့တွင် ထိုင်လိုက်ပြီးနောက် သူ သယ်လာသော နေ့လယ်စာထမင်းဗူးကို ချန်အန်းရှိူ့၏ စားပွဲပေါ်တွင် တင်လိုက်ရင်း ပြောလိုက်သည်။


" စာဖတ်တာ ရပ်လိုက်ပြီး အရင်လာစား။ "


" နည်းနည်းလေးပဲ... "


ချန်အန်းရှိူ့သည် ယန်ကျင်းဇီအတွက် မှတ်စုများကို ရွေးချယ်မှတ်သားပေးနေခဲ့သည်။ မနေ့ညက သူ အိပ်ရာဝင်နောက်ကျသွားပြီး မပြီးသေးသဖြင့် နံနက်ပိုင်းတွင် ကျောင်းလာပြီး ဆက်လုပ်နေခြင်းဖြစ်၏။ ယခုအချိန်၌ အနည်းငယ်သာ ကျန်တော့သည်။


ယန်ကျင်းဇီ တချက်ကြည့်လိုက်ကာ ချန်အန်းရှိူ့ ဘာလုပ်နေမှန်း သူ သိလိုက်သည်။


" မင်း စာမရေးခင် အရင်စားသင့်တယ်။ ဒါက ကိုယ် မင်းအတွက် စားဖိုမှူးကို လုပ်ခိုင်းခဲ့တာ။ မင်း ကောင်းကောင်းစားရမယ်။ "


ယန်ကျင်းဇီက ပြောလိုက်ပြီး ချန်အန်းရှိူ့အား ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။


ချန်အန်းရှိူ့၏နှလုံးခုန်သံက တဒုတ်ဒုတ်မြည်လာသည်။


" မင်း ကြိုက်မလားလို့ လာကြည့်ကြည့်ပါဦး။ "


ယန်ကျင်းဇီ နေ့လယ်စာထမင်းဗူးကို ဖွင့်လိုက်၏။


နေ့လယ်စာထမင်းဗူးတွင် ဖက်ထုပ်ကြော်သေးသေးလေးများ၊ အမဲသားနှင့်အသီးအရွက်ရောကြော်၊ အသီးသုပ်တို့ ပါဝင်ကြသည်။


ချန်အန်းရှိူ့က စာအရမ်းကြိုးစားတော့ ကောင်းကောင်းစားသင့်တယ်!


ချန်အန်းရှိူ့သည် အစားအသောက်နှင့်ပတ်သက်၍ ကြေးမများတတ်သည့်အတွက် သူ သဘောကျသည်မှာ သေချာသော်လည်း သူက ပြောဖို့ရှက်နေသည့်အတွက် သူ့တူများကို ကောက်ကိုင်ပြီး တိတ်ဆိတ်စွာ စားလိုက်သည်။


ယန်ကျင်းဇီသည် ၎င်းကို မြင်သောအခါ သူသည် ထိုင်ခုံကို ချန်အန်းရှိူ့၏စားပွဲစီသို့ ရွှေ့လိုက်ပြီး သူ့မျက်နှာကို ထောက်ဖို့ သူ့လက်ကို စားပွဲပေါ်တင်လိုက်သည်။ ထိုအခါ သူ၏ ဇစ်မပါသော down jacket က အခြားသူများ၏မြင်ကွင်းကို ကွယ်လိုက်ပြီးနောက် လှုပ်ရှားမှုအသေးစားများကို စတင်ဆောင်ရွက်တော့သည်။


စားပွဲခုံ၏နောက်ကွယ်ရှိ ချန်အန်းရှိူ့၏လက်ကို ထိကိုင်ခြင်းကဲ့သို့သော လှုပ်ရှားမှုမျိုး။


ချန်အန်းရှိူ့သည် အလွန်လိုက်နာတတ်ပြီး နံနက်စာကိုသာ စားနေသော်လည်း ယန်ကျင်းဇီ စိတ်ကျေနပ်သည့်အထိ သူ့လက်ကို ကိုင်၍ရအောင် လက်တစ်ဖက်ကို အောက်ချထားခဲ့သည်။


ယန်ကျင်းဇီသည် စိတ်ကျေနပ်အားရသွားကာ ဤ'ခိုးကြောင်ခိုးဝှက်'အပြုအမူများက အနည်းငယ် မိုက်သည်ဟု ထင်သည်။


အတန်းထဲတွင် ကျောင်းသားအနည်းငယ်သာရှိပြီး ထိုကျောင်းသားများ၏မြင်ကွင်းကို သူက ပိတ်ဆို့ထားသည်။ ယန်ကျင်းဇီသည် ခေါင်းငုံ့ကာ ချန်အန်းရှိူ့၏လက်ကို နမ်းလိုက်သည်။


ချန်အန်းရှိူ့သည် ထုံထိုင်းပြီး အေးခဲသွားသည်ဟု ခံစားလိုက်ရ၏။


သူသည် စိတ်လှုပ်ရှားလွန်း၍ ပေါက်ကွဲတော့မယောင်ပင်။


ခဏအကြာတွင် ချန်အန်းရှိူ့သည် ရုတ်တရက်ကြီး ယန်ကျင်းဇီ၏လက်ကို ဖြန့်စေကာ လက်ဖဝါးပေါ်တွင် သူ့လက်ချောင်းများနှင့် ပုံဖော်လာသည်။


ချန်အန်းရှိူ့၊ သူက... ငါ့လက်ပေါ်မှာ စာရေးချင်တာလား?


ယန်ကျင်းဇီသည် ချန်အန်းရှိူ့ ရေးချင်သည့်စာကို သိချင်နေခဲ့ပြီး ချန်အန်းရှိူ့က သူ့လက်ဖဝါးပေါ်တွင် အသည်းပုံ♡ကို ဆွဲလိုက်သည်အား တွေ့လိုက်ရလေသည်။


သူ့အန်းရှိူ့က အရမ်းချစ်ဖို့ကောင်းတယ်!


ယန်ကျင်းဇီသည် ချန်အန်းရှိူ့အား တကိုက်မျှ တကယ်မြည်းစမ်းကြည့်ချင်သော်လည်း သူ့အနားက ကျောင်းသားများသည် သူတို့နှစ်ယောက်ကို လျို့ဝှက်စွာ စောင့်ကြည့်နေလေရာ...


ယန်ကျင်းဇီသည် ခက်ရင်းတစ်ချောင်းအား တိတ်တဆိတ် ကောက်ယူလိုက်ပြီး ချန်အန်းရှိူ့ ကိုက်ထားသော အမဲသားတုံးအား ယူစားလိုက်သည်။


သွယ်ဝိုက်အနမ်း!


ချန်အန်းရှိူ့၏လက်များသည် အလိုအလျောက် တုန်သွားပြီး သူ ယန်ကျင်းဇီကို ကြည့်လိုက်သောအခါ သူ့မျက်ဝန်းများထဲတွင် အသည်းညှာကို ဆွဲငင်နေသော ချိတ်တစ်ခု ရှိနေပုံရသည်။


အရမ်းချစ်စရာကောင်းတာပဲ!


ချန်အန်းရှိူ့ ထမင်းစားပြီးသောအခါ ယန်ကျင်းဇီသည် နေ့လယ်စာထမင်းဗူးအလွတ်တစ်လုံးနှင့် အားရကျေနပ်စွာ ထွက်သွားခဲ့သည်။


ချန်အန်းရှိူ့သည် သူ့စားပွဲကို အချိန်ခဏကြာသည်အထိ စိုက်ကြည့်နေခဲ့၏။


စားပွဲပေါ်တွင် စာအုပ်များစွာ ရှိနေသဖြင့် ယန်ကျင်းဇီက စားပွဲပေါ် မှီအိပ်၍မရသည့်အတွက် ရှင်းပစ်လိုက်တာက အကောင်းဆုံးပင်။


ဒါပေမယ့် မြင့်မားသောစာအုပ်ပုံကြီးနှင့်ဆိုလျှင် မြင်ကွင်းကို ပိတ်ဆို့ထားနိုင်သည်...


ချန်အန်းရှိူ့ အတွေးများကာ ဝေခွဲရခက်သွားသည်။


စာသင်ခန်းထဲ အစောကြီး ရောက်လာကြသော အခန်း ၁ မှ ကျောင်းသားများသည်လည်း ရုန်းကန်နေရသည်။


ခုနက ယန်ကျင်းဇီ သူ ယူလာတဲ့မနက်စာကို ချန်အန်းရှိူ့ကို အတင်းစားခိုင်းနေတာမလား?


ယန်ကျင်းဇီရဲ့အပြုံးက တော်တော်ကြောက်စရာကောင်းနေတာ၊ ချန်အန်းရှိူ့ မစားရဲဘဲနေပါ့မလား?


ယန်ကျင်းဇီ၏စိုက်ကြည့်ခြင်းကို ခံနေရသော ချန်အန်းရှိူ့မှာ သနားစဖွယ်လေး ဖြစ်သည်။


သို့သော် နံနက်စာက စားကောင်းလိမ့်မည်။ သူတို့ မမြင်ရပေမယ့် အနံ့ရှူမိပြီး သူတို့ကို ဗိုက်ဆာလာစေသည်။ အခုတော့ သူတို့ စာဆက်မကျက်နိုင်တော့ဘူး!


ယန်ကျင်းဇီသည် အခန်း ၁ ၏ ရုန်းကန်ရမှုများကို မသိခဲ့ဘဲ အခန်း ၁၀ သို့ ရောက်ရှိနေပြီဖြစ်၏။


အခန်း ၁၀ ရှိ 'အတော်ဆုံး' ကျောင်းသားများ အားလုံးမှာ ယန်ကျင်းဇီ၏ ညီငယ်များ ဖြစ်သည်။ စာသင်ခန်းထဲရောက်သွားသောအခါ ယန်ကျင်းဇီသည် ညီငယ်များစီမှ နွေးထွေးစွာ ကြိုဆိုခံရသည်။ ဤလူများသည် ယန်ကျင်းဇီထံ မေးမြန်းရန် ရောက်လာပြီး လိုအပ်တာ တခုခု ရှိလားဟု မေးခဲ့ကြသည်။


ယန်ကျင်းဇီက ပြောခဲ့သည် : "မင်းတို့ ဒီစာသင်နှစ်က ငါတို့အတန်းက ကျောင်းသားတွေရဲ့ နှစ်ဝက်စာမေးပွဲရလဒ်တွေကို ငါ့အတွက် သွားပြီး သတင်းစုပေး။"


ကောင်ငယ်လေးများသည် အထက်တန်း‌ကျောင်း၏ ဒုတိယနှစ်အတွက် နှစ်ဝက်စာမေးပွဲရလဒ်များအဆင့်ကို လျင်လျင်မြန်မြန်ဖြင့် ရှာတွေ့ခဲ့ကြသည်။


ထိပ်ဆုံးနေရာမှာ သေချာပေါက် ချန်အန်းရှိူ့ ဖြစ်ပြီး ဒုတိယနေရာက ကျွမ်းကောင်းဟန် ဖြစ်သည်။


ကျွမ်းကောင်းဟန်သည် နိုင်လိုစိတ်အလွန်ပြင်းပြကာ အဆင့်များကို အလွန်အာရုံစိုက်သည်။ သူသည် ကြိုတင်သင်ကြားပေးသောအတန်းများစွာကို တက်ဖူးထားသည်။ နွေရာသီအားလပ်ရက်များအတွင်း ကျွမ်းကောင်းဟန်ကို သင်ပေးရန်အတွက် ဘာသာရပ်အမျိုးမျိုး၌ နာမည်ကြီးဆရာများကို ငှားရမ်းရန် မူလပိုင်ရှင်ကလည်း ပိုက်ဆံသုံးခဲ့သည်။ ကျွမ်းကောင်းဟန်က မူလပိုင်ရှင်အား သူ သင်ချင်သည့်အရာကို ပြောပြကာ မူလပိုင်ရှင်က သူ့ကို အချိန်တိုင်း ကူညီလိမ့်မည်... ဒါပေမယ့် ကျွမ်းကောင်းဟန်က ချန်အန်းရှိူ့၏အမှတ်များကို မကျော်နိုင်သေးချေ။


ယန်ကျင်းဇီ တချက်ကြည့်လိုက်ရာ သူ့ညီငယ်လေးများ၏ အဆင့်များကို တွေ့ပြီး သူ့ကိုယ်ပိုင်အဆင့်များကိုလည်း ရှာတွေ့သွားခဲ့သည်။


ယွီလိမင်မှလွဲ၍ သူ့ညီငယ်လေးများက အဆင့်ကောင်းကောင်းများ မရခဲ့ဘဲ သူ....မဟုတ်ဘူး၊ မူလပိုင်ရှင်က ယခုနှစ်တွင် နောက်ဆုံးနေရာသို့ ရောက်ရှိနေခဲ့၏။


ယန်ကျင်းဇီ : " ... "


" ဘော့စ် ဘာကြည့်နေတာလဲ? " 


ညီငယ်တစ်ယောက်က မေးခဲ့သည်။


" ငါ ချန်အန်းရှိူ့နဲ့ ဘယ်လောက်ကွာလဲ ကြည့်နေတာ။ "


ယန်ကျင်းဇီက ဖြေလိုက်သည်။


" ဘော့စ် တကယ်တော့ မင်းတို့က အရမ်းနီးတယ်။ မင်းတို့နှစ်ယောက်စလုံးက နံပါတ်တစ်ပဲ! " ဒါပေမယ့် တစ်ခုက အဆင့်ကောင်းများတွင် ပထမဖြစ်ပြီး နောက်တစ်ခုက အဆင့်ဆိုးများတွင် ပထမနေရာဖြစ်သည်။


ယန်ကျင်းဇီ : " ... "


အခန်း ၁၀ မှ ကျောင်းသားများ၏ အဆင့်များသည် အခန်း ၁ တွင် ရှိသော ကျောင်းသားများထက် အဆပေါင်းများစွာ ဆိုးရွားနေသော်လည်း သူတို့က အတန်းထဲတွင် အလေးအနက်ထားနေဆဲဖြစ်သည်။ အဆုံးမှာတော့ ဒါက အမှတ် ၁ အထက်တန်းကျောင်း ဖြစ်သည်လေ။


အမှတ် ၁ အထက်တန်းကျောင်း၏ ကျောင်းသားများ အွန်လိုင်းအဆင့် သတ်မှတ်ချက်သည် ၉၀% ကျော် ရှိကာ ကျောင်းသားအများစုသည် ၎င်းတို့၏စာလေ့လာမှုအပေါ် အလေးအနက်ထားကြသည်။


ထို့ကြောင့် ဆရာက စာပို့ချနေသောအခါ သူ့ဘာသာသူ စာအုပ်တစ်အုပ်ဖတ်နေသော ယန်ကျင်းဇီသည် သိသာပေါ်လွင်နေသည်။


လက်ချာပေးနေသော ဆရာခမျာ ဘာပြောရမှန်း မသိတော့ပေ။ အစောပိုင်းတုန်းက ယန်ကျင်းဇီ ပြောခဲ့သည့်— သူ အခန်း ၁ ကို ပြန်သွားမယ် ဆိုသည်ကို သူတို့ ရုံးခန်းထဲမှာ ပြောနေကြဆဲဖြစ်သည်။ ထိုအချိန်၌ အခြားသူများကဲ့သို့ ယန်ကျင်းဇီ မလုပ်နိုင်ဘူးဟု သူ ခံစားခဲ့ရပေမယ့် ယန်ကျင်းဇီ တစ်ရက်တောင် ခံနိုင်လိမ့်မည်ဟု သူ မတွေးမိလိုက်ချေ...


ဆရာက မထိန်းထားတော့ဘဲ ယန်ကျင်းဇီ၏ဘေးနားသို့ လျှောက်သွားကာ ယန်ကျင်းဇီ ဖတ်နေသည့်စာအုပ်ကို သိချင်နေခဲ့သည်။


ယန်ကျင်းဇီသည် အလယ်တန်းကျောင်းသင်္ချာစာအုပ်ကို ဖတ်နေသည်။


ဆရာ : " ... " သူ ယန်ကျင်းဇီကို အတန်းထဲမှာ စာသေချာလိုက်နား‌မထောင်လို့ အပြစ်တင်ရမလား ဒါမှမဟုတ် ယန်ကျင်းဇီရဲ့ ကိုယ့်အကြောင်းကိုယ်သိမှုကြီးကို သူ ချီးကျူးရမလား?


ယန်ကျင်းဇီ၏ ယခင်စာမေးပွဲစာရွက်များကို သူ ဖတ်ပြီးပြီဖြစ်ကာ ဤကောင်လေးသည် အလယ်တန်းကျောင်းသင်ရိုးညွှန်းတမ်းကို ပြန်သင်ရန် တကယ်လိုနေသည်။


ကျောင်းတွင် ယန်ကျင်းဇီသည် မူလက ဂြိုလ်သားတစ်ဦးဖြစ်သည်။ သူ့တွင်ရှိသည့် ဆရာများ၏ တစ်ခုတည်းသော လိုအပ်ချက်မှာ အခြားကျောင်းသားများကို မထိခိုက်စေရန်ဖြစ်သည်။ ယခု သူသည် အလယ်တန်းကျောင်းသုံး ဖတ်စာအုပ်များကို အာရုံစိုက်ဖတ်နေပြီး အခြားသူများကို လုံးဝမထိခိုက်ပေ။ သူတို့ အရမ်းသဘောကျသွားကြသည်။