Chapter 196
-ငွေသေတ္တာများ
ချင်းယန်လမ်းကြားမှာ ဖူချောင်တောင်ပိုင်းတွင်တည်ရှိပြီး ဆိပ်ကမ်းများနှင့်နီးသော နေရာဖြစ်သည်။လူအများစုက ထိုနေရာသို့သွားလိုက်လာလိုက်နှင့် ဖူချောင်မြောက်ပိုင်းကဲ့သို့ ရှုပ်ယှက်ခတ်သွားလာနေကြရာ ဖူချောင်အထက်တန်းလူတန်းစားများက ထိုနေရာတွင်မနေကြချေ။
သို့သော်လည်း အိမ်များက အလွန်ကြီးမားပြီး နေရာအကွက်အကွင်းကောင်းမွန်၍ ဆင်းရဲသည့်သူများအတွက်လည်း ထိုနေရာတွင်နေရန်မဖြစ်နိုင်ပေ။
ကျောက်ကျင်းကောက အိမ်တစ်လုံးဝယ်လိုက်ချိန် သူက မြေအနေအထားနှင့်စျေးနှုန်းစဥ်းစားပြီး ဝယ်လ်ိုက်ခြင်းဖြစ်သည်။ယခုအချိန် ကျောက်ဖူကွေ့နှင့်ကျောက်လျူတို့ပါနေကြသည်မှာ နှစ်လရှိနေလေပြီ။
သူတို့ကြီးပြင်းလာသည့်ဟယ်ရှီရွာမှလာနေကြရ၍ ကျောက်ဖူကွေ့နှင့်ဇနီးဖြစ်သူတို့မှာ အနည်းနှင့်အများ နေသားမကျသေးချေ။
ကျောက်ကျင်းကောနှင့်ကျောက်မင်ကျူးတို့ရှိနေချိန် ဤအခက်အခဲကို မသိကျိုးကျွံပြုထားနိုင်သော်လည်း ရက်အနည်းငယ်ခန့်က ကျောက်ကျင်းကောမှာ ကျောက်မင်ကျူးနှင့်အပြင်ထွက်သွားပြီး ထမင်းချက်လီနှင့်ရှောက်ရို့တို့ကိုပင် ခေါ်သွားသည်။
“သူတို့အခု ရှိနေတဲ့နေရာကိုရော..မင်ကျူးကလည်း ကျွန်မကိုလွမ်းနေမလား..လွမ်းမနေဘူးလားဆိုတာရော ကျွန်မမသိတော့ဘူး.....အိုက်ယား...သိသာသိခဲ့ရင် ကျင်းကောနောက်လိုက်သွားပါတယ် .."
ကျောက်လျူက သက်ပြင်းချလိုက်သည်။သူမက သားဖြစ်သူအားလွမ်းသော်လည်း မြေးမလေးကိုဖြင့် ပို၍လွမ်းမိသည်။
သူမသားမှာ မင်ကျူးအားခေါ်ပြီး ကျန်းကျန့်ကိုကြိုရန် ပင်လယ်သို့သွားခြင်းဖြစ်သည်။ဒါပေမယ့် မင်ကျူးက ပင်လယ်ရောက်လို့ ခေါင်းကိုက်နေရင်ကော..။ကျောက်လျူက တွေးရင်း သက်ပြင်းထပ်ချမိသည်။
ကျောက်ဖူကွေ့ကမူ ပြောင်းလာကတည်းက အိမ်ဘေးနားရှိ မြေကွက်လပ်တွင်အလုပ်ရှုပ်နေသည်။
ဤအိမ်က အသေးစားလုပ်ငန်းပိုင်ရှင်တစ်ယောက်ပိုင်သည်ဖြစ်ပြီး ထိုလုပ်ငန်းရှင်မိသားစုကလည်း အချမ်းသာကြီးမဟုတ်ချေ။ထို့ကြောင့် သူတို့က စျေးကြီးပန်းပင်များနှင့် အပင်ငယ်များမစိုက်ပျိုးနိုင်၍ ရွှေသဖန်းပင်နှစ်ပင်၊ချယ်ရီပင်နှစ်ပင်နှင့်အခြားအတွေ့များသောအပင်များသာ စိုက်ပျိုးခဲ့သည်။
ဤနေရာရှိ နွေရာသီက အရောင်စုံပြီးလှပသည်ဟု ပြောကြသော်ငြား ယခုကမူ....။
ကျောက်ဖူကွေ့က အလှအပမှာ အသုံးဝင်သည့်အရာမဟုတ်ကာ စားပင်သီးပင်များစိုက်ခြင်းကသာ ပန်းပင်စိုက်ခြင်းထက်ပိုကောင်းမည်ဟု တွေးမိသည်။
ဤမြို့တွင် ဟင်းသီးဟင်းရွက်က စျေးကြီးလှပြီး သူကလည်း တစ်နေ့လုံးအားလပ်နေ၍ ခြံထဲရှိ မြေကွက်လပ်အားပြုပြင်ကာ အပင်အချို့စိုက်လိုက်မည်။
ခြံကျယ်သဖြင့် သူသာ သီးပင်စားပင်များစိုက်လိုက်လျှင် သေချာပေါက် တစ်မိသားစုလုံးစားရန်လုံလောက်ပေသည်။
ဤစိတ်ကူးနှင့် ကျောက်ဖူကွေ့က နေ့စဥ်နေ့တိုင်း မြေပြင်ကို ပြုပြင်ထိုးဆွနေပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းအဖြစ်ပြောင်းလိုက်သည်။ကျောက်လျူကမူ စိုက်ခင်းထဲရှိ ပိုးကောင်များအားဖမ်းနေရင်း သက်ပြင်းသာချမိသည်။
“သူ့နောက်လိုက်ပြီး ဘာလုပ်မလို့လဲ...မင်းသာနေမကောင်းဖြစ်သွားရင် သူတို့ကို စိတ်ပူစေရုံပဲရှိမှာ..."ကျောက်ဖူကွေ့က ပြောလိုက်ပြီး ပိုးကောင်များဆက်ဖမ်းနေ၏။
ကျောက်လျူကလည်း သူမကျန်းမာရေးမကောင်းမှန်းသိသဖြင့် ပင်လယ်သို့မလိုက်နိုင်သော်ငြား ကျောက်ဖူကွေ့က ပြောလာသည့်အခါ ပျော်ရွှင်မနေချေ။သူမက ပိုးကောင်ဖမ်းရန်သာ အာရုံရနေပြီး စကားပြန်မရသည့် ကျောက်ဖူကွေ့အားစိုက်ကြည့်လိုက်ရင်း တံခါးဖွင့်ကာ အပြင်ထွက်သွားလေသည်။
ချင်းယန်လမ်းကြားလေးထဲတွင် ကလေးများက ပြေးလွှားကစားနေကြပြီး ကျောက်လျူနှင့်အသက်တူတူခန့်ရှိမည့် အမျိုးသမီးအချို့နှင့်ကောများက ခွေးခြေခုံလေးများတွင်ထိုင်အလုပ်လုပ်နေကြကာ စကားပြောရင်း ကလေးများအားကြည့်နေကြသည်။
ဤအမျိုးသမီးများနှင့်ကောများမှာ အချို့မိသားစုများ၏အတင်းအဖျင်းများကို ပြောကြရုံမှတစ်ပါးအခြားမဟုတ်အကြောင်းမရှိ။ထို့ပြင် လတ်တလောတွင် ကျောက်မိသားစုက အပြောအများဆုံးအကြောင်းအရာဖြစ်နေသည်။
တစ်ယောက်ယောက်က ကျောက်မိသားစုထံသွားပြီး ကျောက်ကျင်းကောအား လက်ထပ်ရန်ကမ်းလှမ်းလာသည်။ကျောက်ကျင်းကောက ကောတစ်ယောက်မှန်းသိသွားချိန်မှစ ချင်းယန်လမ်းကြားတွင်နေထိုင်သူများက ကျောက်မိသားစုအကြောင်း ကြိမ်ဖန်များစွာပြောကြတော့သည်။
ယခင်က ထိုသူတို့မှာ ကျောက်မိသားစုက မုဆိုးဖိုသားတစ်ယောက်နှင့်မြေးမလေးတစ်ယောက်ရှိသည့် မိအိုဖအိုမိသားစုဟုသာ ထင်ခဲ့ကြသည်။ဘယ်သူသိမှာလဲ..အဲ့ဒီမိသားစုကသားက ကောဖြစ်နေပြီး မြေးကလည်း သူတို့မျိုးရိုးနာမည်နဲ့ဆိုတာ...။
“ဟုတ်ပြီ...ကျောက်လျူပြောတာက သူတို့မိသားစုထဲဝင်ပြီးလက်ထပ်မယ့် သားမက်တစ်ယောက်ရှာတွေ့ခဲ့တယ်ဆိုလား..ပြီးတော့ အဲ့ဒီသားမက်က အရမ်းကောင်းတာတဲ့..သူမက ကြွားတဲ့နေရာမှာတော့ တကယ်တော်တာ.."
“အဲ့ဒါဟုတ်တယ်..သူမရဲ့သားမက်သာ တကယ်အလုပ်လုပ်နိုင်စွမ်းရှိရင် သူများမိသားစုထဲလက်ထပ်ပါ့မလား"
“ပြီးတော့လည်း ပြောသေးတယ်..သူ့သားမက်က အရမ်းလူကြီးလူကောင်းဆန်ပြီးတော့ သူ့သားအပေါ်မှာလည်း ညှာတာထောက်ထားတယ်တဲ့..သူ့သားသာ ဇနီးတစ်ယောက်လက်ထပ်ထားရင် ယုံလို့ရသေးတယ်..အခုဟာက ယောကျ်ားကြီးလေ..."
“အဲ့ဒီလူကိုလည်း ဘယ်သူမှမမြင်ဖူးကြဘူး..
သူက တကယ်ရောရှိရဲ့လား"
. . .
တူမဖြစ်သူအား ကျောက်ကျင်းကောနှင့်လက်ထပ်စေချင်သည့်အမျိုးသမီးနှင့် သူမ၏အပေါင်း အဖော်များက ကျောက်မိသားစုအတင်းပြောနေကြကာ ထိုသို့ပြောနေရင်း ကျောက်လျူအား အဓိပ္ပါယ်ပါသည့်အကြည့်နှင့်ကြည့်နေကြသည်။
ကျောက်လျူက ဤလူများအား သတိထားမိသွားကာ သူတို့ပြောသည့်အကြောင်းအရာမကောင်းမှန်းသိသော်လည်း ဘာမှမတတ်နိုင်။
သူမက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့မှာ အလွန်ရင်းနှီးကြပြီး ကျန်းကျန့်ကလည်း လူကောင်းတစ်ယောက်ဖြစ်ကြောင်း ရှင်းပြထားသော်လည်း မည်သူမျှမယုံကြချေ။
ကျောက်လျူက ဤအကြောင်းစဥ်းစားရင်း ဒေါသထွက်လာသည်။
ဟယ်ရှီကျေးရွာတွင်က သူမပြောစရာပင်မလို...လူတိုင်းက ကျန်းကျန့်ကောင်းကြောင်းသိကြသော်လည်း ဤနေရာတွင်ဖြင့်...။
ကျောက်လျူက အသက်ပြင်းပြင်းရှူလိုက်ပြီး တိုက်ခိုက်ချင်စိတ် မြင့်လာ၏။တစ်နေ့ကျရင် ဒီလူတွေ သူမကို အားကျလာစေရမယ်။
“ကျောက်မိသားစု..ရှင့်ရဲ့သားနဲ့မြေးလည်း မတွေ့မိပါလား...ဘယ်သွားကြတာလဲ"ကျောက်လျူနဲ့ ဆက်ဆံရေးမဆိုးလှကာ ကျောက်လျူအကြောင်း သိပ်မသိသော အိမ်နီးချင်းတစ်ယောက်က မေးလာသည်။
“ကျွန်မရဲ့ကျင်းကောက မင်ကျူးအဖေနဲ့တွေ့ဖို့ မင်ကျူးကိုခေါ်သွားတယ်"ကျောက်လျူက ဆိုလိုက်သည်။
“မင်ကျူးအဖေက ဘာအလုပ်လုပ်တာလဲ...သူ့ကိုသိပ်မတွေ့ဖြစ်ဘူး"
အိမ်နီးချင်းက မေးလာပြန်သည်။ကျောက်မိသားစုအတင်းအဖျင်းအများစုမှာ နာမည်ကြီးလှသည့်ကျောက်မိသားစုသားမက်က တစ်ခါမှလူလုံးပြမလာခြင်းနှင့် သက်ဆိုင်နေသည်။
ကောတစ်ယောက်ဖြစ်သည့် ကျောက်ကျင်းကောက တစ်နေ့လုံးအပြင်ထွက်နေသော်လည်း သူ့အမျိုးသား၏အရိပ်ယောင်တောင်ကိုဖြင့် မမြင်ဖူးကြချေ။သာမန်လူများက တစ်ခုခုမှားနေသလားဟုပင် တွေးကြပေမည်။
“မင်ကျူးအဖေက သင်္ဘောကြီးကြီးနဲ့ လုပ်ငန်းကြီးလုပ်တာ...ပြီးတော့ သူအဝေးထွက်သွားရင်လည်း အရမ်းကြာတာ.."
ကျောက်လျူက ဆိုသည်။သူမက ကျန်းကျန့်မှာ ဟုန်ကျင်းဆားလွင်ပြင်သို့ သွားသည့်အကြောင်းမသိပါချေ။ကျောက်ကျင်းကောက သူမအား ကျန်းကျန့်တွင် ကိစ္စအကြီးကြီးပေါ်လာ၍ အဝေးသွားရကြောင်းသာ ပြောထားသည်။
သင်္ဘောကြီးကြီး....ထိုလူက ကျောက်လျူအားကြည့်လိုက်ပြီး ကျောက်မိသားစုအိမ်ဝန်းကိုလည်း ကြည့်လိုက်မိသည်။ကျောက်ဖူကွေ့က အထဲတွင် သီးပင်စားပင်များစိုက်နေ၏။
ဤကျောက်မိသားစုမှာ တောအရပ်က လာသည်ဖြစ်ပြီး သူတို့ခြေထောက်ပေါ်က ရွှံ့ပင်ပြောင်အောင်မဆေးဖူးချေ။ထိုသူတို့တွင် ပိုက်ဆံအနည်းငယ်ရှိလျှင်တောင် သူတို့ထက်မသာလောက်။ကျောက်လျူက လုပ်ငန်းလုပ်ရန် သင်္ဘောကြီးကြီးရှိသည်ဆိုသည်က အပြောကြီးလှသည်။လူတိုင်းက သူမကြွားဝါနေသည်ဟုသာ တွေးကြလေ၏။
အိမ်နီးနားချင်းက ကျောက်လျူအား ပုံမှန်အတိုင်း စကားဆိုချင်သော်ငြား သူမက ဝေ့လည်ကြောင်ပတ်လုပ်ပြီးလိမ်ပြောနေ၍ သူတို့စကားဝိုင်းက အဓိပ္ပါယ်မရှိဖြစ်သွားသည်။
ထိုအမျိုးသမီးက သက်ပြင်းဖွဖွချလိုက်သည်။
"ရှင်တို့မိသားစုနဲ့လက်ထပ်ထားတဲ့ အဲ့ဒီလူက တကယ်လုပ်နိုင်စွမ်းရှိတဲ့သူဖြစ်ရမယ်..အာ သင်္ဘောစုကြီးရှိတယ်ဆိုတော့..."
ထိုလူ၏လေသံက ချီးမွန်းပြောဆိုခြင်းမဟုတ်ပဲ ထေ့ငေါ့နေခြင်းဖြစ်သည်။ကျောက်လျူက ထိုသူတို့မှာ သူမစကားမယုံမှန်းသိနေ၍ ရှင်းပြရန်မကြိုးစားတော့ချေ:
"ကျွန်မရှင့်ကိုမလိမ်ဘူး...ကျွန်မတို့မိသားစုရဲ့ ကျန်းကျန့်က အရမ်းခံ့ညားတာ...ရှင်တို့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်း သိလား..အဲ့ဒါသူပိုင်တာလေ..သူက ရှေ့နှစ်တုန်းက မြို့တော်တောင်သွားခဲ့သေးတယ်"
ဤလူများက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်းမသိကြ၍ အထင်ကြီးလောက်ဖွယ်ဟုလည်း မထင်ချေ။
ဟယ်ချောင်စီရင်စုတွင် အိမ်တိုင်းနီးပါးက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်းသိကြသော်လည်း ယခုက ဖူချောင်တွင်ဖြစ်နေသည်။ဤဒေသရှိလူများက အပြင်ထွက်အလုပ်လုပ်ကြသည်လည်း မရှိကာ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းကဲ့သို့ ကိုယ်ထူကိုယ်ထထူထောင်ထားသည့်လုပ်ငန်းကိုလည်း အာရုံထားနေမည်မဟုတ်။သူတို့ကြားဖူးလျှင်ပင် လုံခြုံရေးအလုပ်လုပ်ရန်စုနေကြသည့် ဆင်းရဲသားလေးများသာဟု တွေးမိကြလိမ့်မည်။
အိမ်နီးချင်းက ကျောက်လျူနှင့်ဆက်ပြီးစကားမပြောချင်တော့၍ ကျောက်လျူအတင်းတုပ်နေကြသည့်လူများထံသွားပြီး သူမနှင့်ပြောခဲ့သည်များအား ပြန်ပြောပြလိုက်သည်။
“အဲ့ဘွားတော်က ကြွားတဲ့နေရာမှာတော့ တော်တယ်..သူမသားမက်သာ သင်္ဘောကြီးကြီးပေါ်က စာရင်းရေးတဲ့သူဆို ယုံလိုက်ဦးမယ်..ဒါပေမယ့် သူမက သင်္ဘောကြီးကြီးရှိတယ်ဆိုပြီးပြောချတာလေ...သူ့မိသားစုသာ အင်အားရှိနေရင် ဘာလို့ သူ့ယောကျ်ားက မြေကြီးတူးပြီး အပင်စိုက်နေမလဲ"
“ဟုတ်တယ်...ဟုတ်တယ်...ကျောက်ကျင်းကောရဲ့ယောကျ်ားက အလုပ်ထွက်လုပ်တယ်ဆိုရင်တောင် သူ့ယောကျ်ားထွက်သွားတာနဲ့ ဒီကိုပြောင်းလာစရာမရှိဘူးလေ..တစ်ခုခုရှိနေတယ်လို့မထင်ဘူးလား..."
“စဥ်းစားရမယ်ဆို သူမပြောတာတော့ လိမ်တာမဟုတ်လောက်ဘူး...အဲ့ကျောက်ကျင်းကောက တခြားတစ်ယောက်ယောက်ရဲ့ ကိုယ်လုပ်တော်များဖြစ်နေမလား"
“ဘယ်သူက သူ့လိုကိုယ်လုပ်တော်မျိုး လိုချင်မှာလဲ..ဒါပေမယ့် ရှင်တို့ပြောသလိုဆို ဖြစ်နိုင်ချေကိုစဥ်းစားကြည့်..ကျောက်ကျင်းကောက သူ့မျက်ခုံးကြားက မှဲ့နီကိုတောင်ထုတ်ထားတာဆိုတော့..သူက သူ့ကိုယ်သူ ယောကျ်ားစစ်စစ်အနေနဲ့တွေးထားတာပဲ..သူက သင်္ဘောပေါ်အလုပ်လုပ်ရင်း လုပ်ငန်းရှင်တစ်ယောက်နဲ့ ကိုယ်ဝန်ရခဲ့တာလို့များ တွေးမိလား"
“အဲ့ဒါ ဖြစ်နိုင်တယ်...သင်္ဘောပေါ်မှာ မိန်းမတွေမရှိရင် သင်္ဘောသားတွေက လိုအပ်တဲ့အခါ ယောကျ်ားတွေနဲ့ လုပ်ကြတယ်..သူက ကောဖြစ်နေတော့ တခြားအနံ့ဆိုးဆိုးသင်္ဘောသားတွေထက် သာတာပေါ့"
“ဒါဖြင့် ကျောက်ကျင်းကောရဲ့ယောကျ်ားက တကယ် လုပ်ငန်းကြီးရှိတာပေါ့"
“ဒါပေမယ့် အဲ့လိုဆို သူတို့မိသားစုထဲလက်ထပ်လိုက်တဲ့ သားမက်မဟုတ်လောက်တော့ဘူးလေ"
. . .
လူတိုင်းက ပြောဆိုနေကြစဥ် အသက်ရှစ်နှစ်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက်ကက လမ်းကြားအပြင်ဘက်မှပြေးလာရင်း အော်ပြောလာ၏
၊"လာကြည့်ကြပါဦး...ဆိပ်ကမ်းကို သင်္ဘောတွေအများကြီး လာနေကြတာ...သင်္ဘောတွေ ..အကြီးကြီးတွေ..ထူးဆန်းတာတောင်ရှိတယ် သင်္ဘောပေါ်မှာ ခေါင်းပြောင်ရိုနင်တွေ"
ချင်းယန်လမ်းကြားထဲရှိ ကလေးများက ထိုကောင်လေးပြောသည်အားကြားသော် စိတ်ဝင်စားလာကြသည်။"တကယ်လား...မင်း"
“ဒါပေါ့...သင်္ဘောတွေက အကြီးကြီးတွေ..တစ်ယောက်ယောက်က ပင်လယ်ဘက်ကပြန်လာပြီး ပိုက်ဆံရှာလာခဲ့တာလို့ပြောသံကြားတယ်"ထိုကောင်လေးက ပြောနေရင်း ကလေးတစ်အုပ်လုံး ဆိပ်ကမ်းဆီသို့အပျော်ကြည့်ရန် သွားကြလေ၏။
ဖူချောင်တွင် ပင်လယ်ကုန်သည်များရှိသော်ငြား သင်္ဘောများက မြို့ဘက်ခြမ်း လာခဲလှ၍ ကလေးများက သင်္ဘောမြင်ရန် ခဲယဥ်းလှသည်။
ချင်းယန်လမ်းကြားထဲရှိ ကလေးများအားလုံးနီးပါး ပြေးထွက်သွားကြကာ အချိန်တိုအတွင်း ပြန်လာကြသည်။
“မင်းက ဘာလို့ပြန်လာတာလဲ...အဲ့ဒီသင်္ဘောတွေ သွားမကြည့်တော့ဘူးလား"အမျိုးသမီးတစ်ယောက်က မြေးဖြစ်သူအားပြောလိုက်သည်။
“ဘွားဘွား...သင်္ဘောပေါ်ကနေ လူတွေအများကြီးဆင်းလာကြတာ..ပြီးတော့ သားတို့ဆီလာနေကြတာလေ"ထိုကောင်လေးက သူ့အဘွားအား ပြောပြနေသည်။
“အဲ့ဒီလူတွေက ဘာအတွက် ဒီကိုလာနေတာပါလိမ့်..."အမျိုးသမီးက သိချင်နေသည်။ထို့နောက် သူမက ချင်းယန်လမ်းကြားထဲ ရထားလုံးများစွာဝင်လာပြီး နောက်မှကလေးတစ်အုပ်လိုက်လာသည်ကိုလည်း တွေ့လိုက်ရသည်။
ရထားလုံးဆရာက ကလေးများ ထိခိုက်မည်စိုးနေ၍ မြန်မြန်မမောင်းရဲချေ။
ရထားလုံးက ဖြေးဖြေးချင်းသွားနေ၍ လူများက အထဲရှိလူ၏ပုံပန်းသဏ္ဌာန်အား ပြတ်ပြတ်သားသားမြင်လိုက်ရသည်။ရထားလုံးက အထူးကောင်းမွန်သဖြင့် အချမ်းသာကြီးမဟုတ်လျှင် အထဲတွင်ထိုင်စီးနိုင်မည်မဟုတ်ပေ။
“ဘွားဘွား...သား ဦးလေးကျောက်ကို ရထားလုံးထဲမှာတွေ့လိုက်တယ်"ကလေးတစ်ယောက်က ရုတ်တရက် ထအော်လာသည်။
ဦးလေးကျောက်....သူတို့လမ်းကြားတွင် မိသားစုအသစ်၏မျိုးရိုးနာမည်မှာ ကျောက်ဖြစ်သည်။အထဲကလူက ကျောက်ကျင်းကောတဲ့လား...။အဲဒါဖြစ်နိုင်လို့လား။
လူတိုင်းက မယုံနိုင်ကြသော်လည်း ရထားလုံးများက ကျောက်အိမ်တံခါးဝတွင် ရပ်သွားကြလေသည်။
ကျောက်လျူကလည်း ဤရထားလုံးများကို တွေ့လိုက်ရာ မည်သူလာနေသည်အား သိချင်မိသည်။သူမက ရထားလုံးများ သူမအိမ်ရှေ့ရပ်သွားကြသည်အားမြင်လိုက်သည့်အချိန် ကျန်းမင်က ရထားလုံးမှခုန်ချလာသည်ကို တွေ့လိုက်ရသည်။
“သခင်မကြီး"ကျန်းမင်က ကျောက်လျူအား နှုတ်ဆက်လာသည်။
ကျန်းမင်...သူမ အံ့အားသင့်သွားသည်။
"ကျန်းမင်ပါလား...ကျန်းကျန့်ပြန်လာတာမဟုတ်ဘူးလား"
“အမေ"ကျန်းကျန့်က ခေါ်လာပြီး လက်ထဲတွင် ကျောက်မင်ကျုးအားချီကာ ရထားလုံးမှဆင်းလာသည်။
သူမလေးက သူနှင့်အချိန်အတော်ကြာမတွေ့ရ၍ထင် ကျောက်မင်ကျူးမှာ သူနှင့်စိမ်းနေသည်။ထို့ကြောင့် သူက သူ့သမီးနှင့်ဆက်ဆံရေး တိုးတက်လာရန်ကြိုးစားနေခြင်းဖြစ်သည်။
“အမေ"ကျောက်ကျင်းကောကလည်း ဆင်းလာသည်။သူက အရမ်းပျော်ကာ ပြုံးရွှင်နေ၏။ရက်အနည်းငယ်အကြာကလူနှင့်မတူ သိသိသာသာပြောင်းလဲသွားသည်။
“မင်းတို့ပြန်လာကြပြီပေါ့...ပြန်လာတာကောင်းတယ်"ကျောက်လျူကမူ အပျော်လွန်နေ၏။
“အမေ...အထဲအရင်ဝင်ပြီး ပစ္စည်းတွေရွှေ့ကြရအောင်ပါ"ကျန်းကျန့်က ပြောကာ ကျောက်မင်ကျုးကိုချီလျက် အထဲဝင်သွားသည်။ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်ပြီးနောက် ရပ်လိုက်ကာ အပြင်ဘက်ကလူများအား လက်ယပ်ခေါ်လိုက်သည်။
"မင်းတို့တွေ အရင်ပစ္စည်းတွေရွှေ့လိုက်ကြဦး...ငါ စားသောက်ဆိုင်ကို လှမ်းမှာထားပြီးပြီ...ပစ္စည်းတွေရွှေ့ပြီးတာနဲ့ အစားအသောက်တွေရောက်လာတော့မှာ..ပြီးမှ ကောင်းကောင်းစားကြတာပေါ့"
“ဟုတ်ကဲ့ ဘော့စ်"
ကျန်းမင်နှင့်အခြားသူများက တသံတည်း အားအင်အပြည့်ပြန်ဖြေလိုက်ကြသည်။သူတို့ဘယ်လောက် အစားကောင်းကောင်းစားချင်နေမှန်း ဘုရားသာသိလိမ့်မယ်။
သူတို့နှင့်အတူပါလာသူများက ကျန်းကျန့်ခေါ်လာသူများဖြစ်ပြီး ကျန့်ရီက သူ့အားကူညီရန်ပို့ပေးသူများဖြစ်ရာ သူတို့အားလုံးအတူတူအလုပ်လုပ်ကြသည်။ မကြာမီ သေတ္တာအလေးကြီးများအားကျောက်မိသားစုအိမ်ထဲရွှေ့သွားလိုက်ကြသည်။
“သေတ္တာတွေက အများကြီး..ဘယ်မှာထားကြမှာလဲ"ကျောက်လျူက အနည်းငယ် စိတ်ရှုပ်သွား၏။
“နောက်ပိုင်း တစ်ယောက်ယောက်က လာယူမှာပါ..အရင်ဆုံးခြံထဲမှာထားထားလိုက်ကြ..ခြံထဲမှာ ကျယ်တယ်"ကျန်းကျန့်က ဤသေတ္တာထဲရှိရွှေငွေများက ကျူးအားလင်ပေးထားသည်များဖြစ်ကြောင်း ပြောလာသည်။သူ့အတွက်က ရွှေငွေအားလုံးထိန်းထားရန်မဖြစ်နိုင်၍ ဝေရှင်းငွေစုအိမ်တော်နှင့်ဆက်သွယ်ထားသည်။သူတို့က သူ့အတွက် ငွေစက္ကူလုပ်ပေးလိမ့်မည်။
“လူအိုကြီးရဲ့အသီးအရွက်တွေကတော့ ပျက်စီးတော့မယ်"ကျောက်လျူ၏နှလုံးသားက အသီးအရွက်များအတွက် ပူဆွေးသွားသည်။
“အမေ..ဒီသေတ္တာက ငွေအပြည့်နော်"ကျန်းကျန့်က မှီလိုက်ရင်း တိုးတိုးလေးပြောလာသည်။
ဒီသေတ္တာထဲမှ ငွေတွေရှိတယ်...။ကျောက်လျူ၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားသည်။အခုချိန် သူမက ဘယ်လိုလုပ်ပြီး ကျောက်ဖူကွေ့ရဲ့အသီးအရွက်တွေကို ဂရုစိုက်နေနိုင်အုံးမှာလဲ။
အသီးအရွက်များမှာ ဘာမှလုပ်စရာမရှိသည့် ကျောက်ဖူကွေ့ကစိုက်ထားခြင်းဖြစ်ပြီး ငွေစတစ်စပင်မတန်ချေ။
ကျောက်လျူက မြောက်ခနဲခုန်လိုက်ရင်း ကျန်းမင်နှင့်အခြားသူများအား ခြံထဲသေတ္တာရွှေ့လိုက်ရန် လက်ယပ်ခေါ်လိုက်သည်။
သေတ္တာများကိုကြည့်ရင်း သူမက အလွန်စိတ်လှုပ်ရှားနေသည်။
ကျောက်ဖူကွေ့ကလည်း ယခုအချိန် သူ့စိုက်ခင်းအားစိတ်ပူရန် အချိန်ရှိမနေ။
သူ့အဖိုးတန်မြေးမလေးက ပြန်လာပြီဖြစ်၍ ထိုအသီးအရွက်များအား မည်သို့များ ဂရုစိုက်ရန်အချိန်ရှိနိုင်မည်နည်း။ဖျက်ဆီးချင်ရင် ဖျက်ဆီးလိုက်...မနက်ဖြန်ထပ်ပြီးစိုက်လို့ရ
သေးတယ်..မဟုတ်လည်း ပိုးကောင်တွေပဲဖမ်းနေရတာ။
ရထားလုံးများစွာက ကျောက်မိသားစုအိမ်တော်ဝင်ပေါက်တွင် ရပ်လိုက်ကြပြီး များပြားလှသောသေတ္တာများက ကျောက်မိသားစုခြံဝန်းအပြည့်ဖြစ်သွားလေသည်။