အပိုင်း ၂၉
Viewers 25k

Chapter 29




ကျိလဲ့ယွီက ခြေထောက်ကိုမြှောက်ကာ ဇလုံတွင်းသို့ နှစ်လိုက်၏။ သို့ရာတွင် ရေမျက်နှာပြင်အား ထိလိုက်မိသည်နှင့် မနေနိုင်ပဲ ပြောလိုက်မိသည်။ 


“ပူတယ် ...”


သူက လင်းဖေးကိုကြည့်လိုက်၏။ သူ့မျက်နှာထက်တွင် အလိုမကျသည့် အရိပ်အယောင် ထွက်ပေါ်လျှက်ရှိသည်။ သူ့မျက်ဝန်းက မိုးရွာကျထားသကဲ့သို့ နူးညံ့ရီဝေလျှက်ရှိသည်။ 


လင်းဖေးက ရေနွေးယူမလာခင် အရင်စမ်းသပ်ကြည့်ခဲ့သေးသည်။ သို့သော် ကျိလဲ့ယွီက သူ့ထက်ငယ်ရွယ်သဖြင့် အပူဒဏ်မခံနိုင်ခြင်း ဖြစ်ရမည်ဟု တွေးလိုက်မိ၏။ သူက ညှင်သာစွာပြောလိုက်သည်။ 


“ခဏစောင့် … ”


လင်းဖေး ရေချိုးခန်းတွင်းသို့ ပြန်ဝင်သွား၏။ ကျိလဲ့ယွီ သူ့ကိုလိုက်ကြည့်ပြီးနောက် ရေမျက်နှာပြင်ကို ခြေထောက်နှင့်ထပ်ထိလိုက်သည်။ ထို့နောက် အပူဒဏ်ကြောင့် ခြေထောက်ပြန်ရုတ်လိုက်၏။ ကျိလဲ့ယွီက ပုစဉ်းတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာ ဆော့ကစားလျှက်ရှိသည်။ 


လင်းဖေး ပြန်ထွက်လာချိန်တွင် ကျိလဲ့ယွီ ခြေထောက်ပြန်ရုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ့ခြေချောင်းလေးများက ဆေးဆိုးခံရသည့် ပွင့်ချပ်များကဲ့သို့ ပန်းရောင်သမ်းနေ၏။ 


လင်းဖေးက ရေဇလုံအသေးလေးထဲမှ ရေများကို မူလဇလုံထဲသို့ လောင်းထည့်ပေးလိုက်သည်။ “စမ်းကြည့် ...”


ကျိလဲ့ယွီ ခြေထောက်ဆန့်ကာ ဇလုံတွင်းသို့ နှစ်လိုက်သည်။ ဤတစ်ကြိမ်၌ အပူဒဏ်အား မခံစားရတော့ချေ။ သူက ပြုံးလိုက်၏။ “ကျေးဇူးပါ ကိုကို ...”


“မဟုတ်တာပဲ ...” လင်းဖေးက တည်ငြိမ်စွာပြောလိုက်၏။ 


သူက ကျိလဲ့ယွီအား တဘက်တစ်ထည် ကမ်းပေးပြီးနောက် ဘီရိုထံလျှောက်သွား၏။ ထို့နောက် ဖိနပ်ပါးတစ်ရံကို ထုတ်ပေးကာ ကျိလဲ့ယွီ၏ ခြေထောက်နားတွင် ထားလိုက်သည်။ 


ထိုဖိနပ်များကို ကျိယွီရှောင်က သူနှင့်လင်းလော့ချင်းအတွက် ပြင်ဆင်ထားပေးခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းဖေးက သူ၏ဖိနပ်များကို ယူလာခဲ့သည်။ ထို့ကြောင့် ကျိယွီရှောင် ပြင်ဆင်ပေးထားသည့် ဖိနပ်များမှာ အသစ်အတိုင်း ရှိနေသေး၏။ 


ကျိလဲ့ယွီ သူ့ကိုကြည့်ရင်း မေးလိုက်သည်။ “သားကို ဒီဖိနပ်ဝတ်စေချင်တာလား … ”


“ဟုတ်တယ် … ” လင်းဖေး ပြန်ဖြေလိုက်၏။


“ကျေးဇူးပါ ကိုကို … ” ကျိလဲ့ယွီ ချစ်စဖွယ်ပြောလိုက်သည်။ 


သူက သူ၏ ခြေထောက်ကလေးများကို နည်းလမ်းတကျဆေးကြောရင်း လင်းဖေးထံပြလိုက်သည်။ “သန့်သွားပြီ …”


လင်းဖေးက ဖြူဖွေးနူးညံ့သည့် ခြေထောက်လေးများကိုကြည့်ရင်း ခေါင်းညှိတ်လိုက်သည်။ ကျိလဲ့ယွီက တဘက်ကိုယူ၍ ပွတ်တိုက်လိုက်၏။ 


ဖိနပ်များကို ဝတ်ဆင်ခြင်းက အလွန်ဆူညံသဖြင့် သူ ခိုးနားထောင်ချင်သည့် အခါမျိုးတွင် ခြေပြောင်နှင့်သာ သွားလေ့ရှိသည်။ တစ်စုံတစ်ယောက်ထံတွင် မိသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ 


ကျိလဲ့ယွီ ထိုသို့တွေးလိုက်ရင်း လင်းဖေးခြေထောက်ထံ အကြည့်ရောက်သွား၏။ လင်းဖေးက ဖိနပ်စီးထားသော်လည်း မည်သည့်အသံမှ မကြားခဲ့ရချေ။ ဒါမှမဟုတ် သူ သတိမပြုမိခဲ့တာများလား … 


ကျိလဲ့ယွီ ခြေဖဝါးများကို သေချာသုတ်ပြီးနောက် ဖိနပ်စီးလိုက်၏။ 


“ရေသွန်လိုက်နော် … ” လင်းဖေးက သူ့ကိုပြောသည်။ 


“ဟုတ် … ” ကျိလဲ့ယွီက သူ့၏ ခြေဆေးရေဇလုံကို နာခံစွာမလိုက်ပြီး ရေချိုးခန်းအတွင်း သွားသွန်လိုက်သည်။ 


သူက ရေသွန်ပြီးနောက် ရေချိုးခန်းတွင်းမှ ပြန်ထွက်လာပြီး နှုတ်ဆက်ရန် ပြင်လိုက်သည်။ 


“သား ရေသွန်ပြီးပြီ … ဇလုံကိုလည်း နေရာတကျပြန်ထားခဲ့တယ် ...” ကျိလဲ့ယွီ သူ၏ ကောင်းမွန်သောဘက်ခြမ်းကို ပြသလိုက်သည်။ 


လင်းဖေးက ခေါင်းညှိတ်လိုက်ပြီး သူ့ခေါင်းအုံးကို ပုတ်ပြလိုက်၏။ “ဒီမှာလာအိပ် ...”


ထွက်သွားရန်ပြင်နေသည့် ကျိလဲ့ယွီ “…”


သူက လင်းဖေးအား သံသယအပြည့်ဖြင့် ကြည့်လိုက်၏။ “အိပ်ရမှာလား …”


“တစ်ယောက်ထဲမအိပ်ချင်ဘူးဆို … ” လင်းဖေး မေးလိုက်၏။ 


ကျိလဲ့ယွီ ဇဝေဇဝါဖြစ်သွားသည်။ “ကိုကိုက သားနဲ့အတူတူအိပ်ပေးမလို့လား … ”


လင်းဖေး ခေါင်းညှိတ်လိုက်၏။ “ဒါပေါ့ … ”


“မင်းရဲ့ပါပါးကို သွားရှာခဲ့ပေမယ့် ရှက်လို့ပြောမထွက်ခဲ့တာဆို … ဟုတ်တယ်မလား … ”


ကျိလဲ့ယွီ “……”


ကျိလဲ့ယွီ သူ၏ ခပ်တုံးတုံးအစ်ကိုအား နားမလည်နိုင်သလို ခံစားလိုက်ရသည်။ 


သူက လင်းဖေးထံ လျှောက်သွားလိုက်၏။ လင်းဖေး၏ အိပ်ရာတွင် ခေါင်းအုံးတစ်လုံးသာ ရှိသော်လည်း ကျိယွီရှောင် ပြင်ဆင်ပေးထားသည့် ခေါင်းအုံးက သူတို့နှစ်ဦးအိပ်စက်ရန် လုံလောက်ပေသည်။ 


“လာလေ … ” လင်းဖေး ပြောလိုက်သည်။ “ငါ အိပ်တော့မလို့ … .”


ကျိယွီရှောင်က ခဏတွေးလိုက်ပြီး ဖိနပ်ချွတ်ကာ အိပ်ရာထဲသို့ ဝင်လိုက်သည်။ 


“စောင်က ဗီရိုအပေါ်ထပ်မှာပဲ ရှိတယ် … ငါ ယူဖို့မမှီလို့ စောင်တစ်ခုထဲ တူတူသုံးရအောင် ...”


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်၏။ 


“မင်းမသုံးချင်ရင် မင်းအခန်းထဲက စောင်ကိုသွားယူကြတာပေါ့ … ” လင်းဖေး ထပ်ပြောလိုက်သည်။ 


“မဟုတ်တာပဲ … ” ကျိလဲ့ယွီ အပြုံးဖြင့် သူ့ကိုကြည့်လိုက်၏။ “တစ်ထည်ထဲသုံးရတာ အဆင်ပြေပါတယ် ...”


လင်းဖေးက ဘာမှဆက်မပြောတော့ချေ။ သူက ကျိလဲ့ယွီအား လှဲရန်အချက်ပြလိုက်ပြီး မီးများမှိတ်လိုက်၏။ 


ကျိလဲ့ယွီက အိပ်ယာပေါ်လှဲလျောင်းကာ စောင်အောက်သို့ တိုးဝင်လိုက်သည်။ လင်းဖေးက မီးပိတ်ပြီးနောက် သူ့နံဘေးတွင် ဝင်လှဲလိုက်၏။ 


သူတို့က အလွန်နီးကပ်နေကြသည်။ ကျိလဲ့ယွီ လင်းဖေးဘက်လှည့်ကာ ခပ်တိုးတိုးမေးလိုက်၏။ 


“ကိုကို … ပါပါးနဲ့ ရှုရှုလင်းကို ဒီနေ့ကိစ္စအကြောင်း မပြောပါနဲ့နော် … ”


“အင်း … ” လင်းဖေးက ပြန်ဖြေ၏။


ကျိလဲ့ယွီ စိတ်သက်သာရာရသွားကာ ချစ်စဖွယ်ပြန်ဖြေလိုက်သည်။ “ကိုကိုက အရမ်းကြင်နာတတ်တာပဲ ...”


လင်းဖေးက မျက်လုံးများမှိတ်လိုက်၏။ 


သို့သော် ကျိလဲ့ယွီက မအိပ်သေးပဲ ဆက်မေးနေဆဲပင်။ “ကိုကို … သားတစ်ယောက်ထဲ မအိပ်ရဲဘူးဆိုလို့ ကိုကိုက သားနဲ့ အိပ်ပေးတာလား … ”


“အင်း …” လင်းဖေး ပြန်ဖြေလိုက်သည်။ 


“ကိုကိုက အရမ်းကြင်နာတတ်တာပဲ ...” ကျိလဲ့ယွီ ချစ်စဖွယ်ပြုံးလိုက်၏။ 


လင်းဖေးက အေးစက်စက်နှင့် ထူးမခြားနားရှိနေဆဲဖြစ်သည်။


ကျိလဲ့ယွီကမူ မျက်မှောင်ကြုတ်ရင်း တွေးနေမိသည်။ ‘သူ့ကိုသဘောကျတယ်ဆိုရင် ဘာလို့ ဘာအမူအရာမှ မပြရတာလဲ … ပြုံးလည်းမပြုံးသလို စကားလည်းမပြောဘူး … သူ့ကို သဘောမကျဘူးဆိုရင် ဘာလို့ သူတစ်ယောက်ထဲ မအိပ်ချင်ဘူးပြောရုံနဲ့ သူနဲ့အတူတူ အိပ်ပေးရတာလဲ … သူ့ကို သဘောကျတာလား … သဘောမကျတာလား … ’


မူကြိုတွင် အတော်ဆုံးကျောင်းသားနှင့် အချောဆုံးကျောင်းသားဖြစ်သည့် ကျိလဲ့ယွီ တွေးနေမိသည်။ သူက သူ့ဘက်မှစပြီး မျက်နှာသာပေးလျှင်ပင် သူ့ကိုမနှစ်မြို့သည့်လူများရှိကြောင်း ခံစားမိခဲ့ဖူးသည်။ သူ၏ ခပ်တုံးတုံးအစ်ကိုသည် သူ့ကိုနှစ်သက်သော်ငြား အေးစက်စက် အမူအရာဖြင့်သာ နေတတ်ခြင်းဖြစ်လိမ့်မည်ဟု တွေးလိုက်မိ၏။ ထို့ကြောင့် သူ့အပေါ် ထိုသို့ဆက်ဆံနေခြင်းပင်။ 


ကျိလဲ့ယွီက မျက်လုံးမှိတ်လိုက်ပြီး ညှင်သာစွာပြောလိုက်၏။ “ကောင်းသောညပါ … ကိုကို ...”


“ကောင်းသောညပါ … ” လင်းဖေး ပြန်ဖြေလိုက်သည်။ 


သူက မျက်လုံးများမှိတ်ကာ အိပ်မောကျသွား၏။ 


ညသန်းခေါင်အချိန်၌ တစ်စုံတစ်ယောက်က သူ့အားပွေ့ဖက်လာသည်ကို လင်းဖေး ခံစားမိလိုက်သည်။ ပွေ့ဖက်မှုမှာ အလွန်တင်းကျပ်လှပြီး တစ်ဖက်လူ၏ လက်မောင်းများက သူ့ရင်ဘတ်ပေါ် ကန့်လန့်ဖြတ်လျှက် ပွေ့ဖက်ထားခြင်းဖြစ်၏။ 


လင်းဖေး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ရှိုက်သံသဲ့သဲ့အား ကြားလိုက်ရသည်။ “ပါပါး …” 


လင်းဖေး တောင့်ခဲသွား၏။ သူဘေးဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျိလဲ့ယွီ၏ဦးခေါင်းက သူနှင့်အလွန်နီးကပ်နေပြီး ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။ 


ကျိလဲ့ယွီက တိုးတိတ်စွာ ရှိုက်ငိုနေပြီး သူ့မိဘများကို ခေါ်နေပုံရ၏။ လင်းဖေးက တိတ်ဆိတ်စွာ နားထောင်နေပြီး လုံးဝမလှုပ်ပေ။ 


ကျိလဲ့ယွီ သူ့မိဘများအား အိပ်မက်မက်နေခြင်း ဖြစ်ပေလိမ့်မည်။ 


တစ်ဖက်လူ၏ လက်များက ပို၍တင်းကျပ်လာကြောင်း လင်းဖေးခံစားမိလိုက်၏။ ထိုသူက အလွန်နူးညံ့ပုံပေါ်သော်လည်း အင်အားမှာမသေးလှချေ။ 


သူက ကျိလဲ့ယွီအား သူ့ကိုလွှတ်ပေးရန် ပြောဖို့ပြင်လိုက်သည်။ သို့သော် သူ မပြောဖြစ်ခဲ့ချေ။ 


ကျိလဲ့ယွီ သူ့မိဘများအား ထပ်မံပြီးမြင်တွေ့နိုင်မည်မဟုတ်။ ထိုသူတို့အား အိပ်မက်မက်နိုင်မည့် အခွင့်အရေးမှာလည်း ရှားပါးလှ၏။ ထို့ကြောင့် သူ့အား မိဘများနှင့် အချိန်ပိုဖြုန်းခွင့်ပေးလိုက်ခြင်းမှာ ပိုမိုကောင်းမွန်လေသည်။ 


လင်းဖေးက ညမှောင်မှောင်ထဲတွင် မျက်လုံးပွင့်လျှက်ရှိနေ၏။ သူက ကျိလဲ့ယွီ၏ ဖက်တွယ်မှုကြောင့် သူ၏မိခင်အကြောင်း တွေးလိုက်မိသည်။ 


သူ့မေမေအကြောင်း အိပ်မက်မမက်သည်မှာ အလွန်ကြာမြင့်ပြီဖြစ်၏။ သူသည်လည်း မိခင်အကြောင်း အိပ်မက်မက်ချင်သည်။ 


သူက လက်ကိုမြှောက်လိုက်ရင်း ကျိလဲ့ယွီ၏ ဦးခေါင်းကို ထိလိုက်သည်။ “မင်းကတော်တယ် … ” လင်းဖေး ညှင်သာစွာပြောလိုက်၏။ 


သူက လင်းလော့ချင်းထံမှ ထိုနှစ်သိမ့်သည့်နည်းလမ်းကို သင်ယူခဲ့ခြင်းဖြစ်သည်။ 


သူက ကျိလဲ့ယွီ၏ ဆံစများကို ညှင်သာစွာပွတ်သပ်ပေးလိုက်သည်။ 


ကျိလဲ့ယွီက ဖြည်းဖြည်းချင်း တည်ငြိမ်လာ၏။ သူ၏ ပွေ့ဖက်မှုက တဖြည်းဖြည်းပြေလျော့လာကာ ပြန်လည်အိပ်ပျော်သွား၏။ 


အိပ်မက်ထဲတွင် သူ့မေမေက သူ့ကိုဖက်ထားပြီး သူ့ဖေဖေက စကားပြောနေ၏။ “ပါပါးလည်း သားကိုလွမ်းတာပေါ့ … ပါပါးရော သားရဲ့မာမားရော သားကိုလွမ်းနေတာ … ဒါပေမယ့် သားကအရမ်းငယ်သေးတယ်လေ ...”


သူ့မာမားက သူ့ကိုနမ်းကာ ချော့မြှူလိုက်သည်။ “ရှောင်ယွီ … သားကြီးလာရင် မားမားတို့နဲ့ ပြန်တွေ့ရမှာပါ … ဟုတ်ပြီလား … ရှောင်ယွီကြီးလာမှာကို မားမားကြည့်ချင်လိုက်တာ … သားက ပါပါးလို အရမ်းကြည့်ကောင်းမှာပဲ … ”


ကျိယွီရှောင် နာခံစွာခေါင်းညှိတ်လိုက်သည်။ “ဟုတ် ...”


“ရှောင်ယွီ … သားရဲ့ဦးလေးနဲ့ကောင်းကောင်းနေပါ့မယ်လို့ ပါပါးကို ကတိပေးပါဦး … ရှုရှုက သားကိုအရမ်းချစ်တာကြောင့် ကောင်းကောင်းဆက်ဆံပေးမှာပါ … ”


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ “သား ကတိပေးပါတယ် ...”


“ရှောင်ယွီက အရမ်းလိမ္မာတာပဲ ...” သူ့ပါပါးက သူ့အား ချစ်ခင်စွာဖြင့် ပြုံးကြည့်လိုက်သည်။ 


ကျိလဲ့ယွီ ခေါင်းယမ်းလိုက်ပြီး သူ့ပါပါးကို ဖက်ထားလိုက်သည်။ သူက မည်သည့်အခါကမှ လိမ္မာသည့် ကလေးတစ်ဦးမဟုတ်ခဲ့ချေ။ သို့သော် ကျိယွီရှောင်နှင့် သူ့မိဘများ၏ မျက်လုံးထဲ၌မူ လိမ္မာသော ကလေးတစ်ဦး ဖြစ်ချင်မိ၏။ 


သူတို့ သူ့အနားတွင်ရှိနေသမျှ သူအားလုံး လိုက်နာမှာပင်။ 


“သား မားမားနဲ့ပါပါးကို အရမ်းလွမ်းတယ် … ” ကျိလဲ့ယွီက ညှင်သာစွာပြော၏။ “နေ့တိုင်း သားက ပါပါးတို့အကြောင်း တွေးနေခဲ့တာ … ”’


လင်းဖေးက နံဘေးမှညမီးအိမ်ကို ဖွင့်လိုက်သည်။ မီးရောင်မှာ မစူးရှပဲ နွေးထွေးစွာဖြင့် သူနှင့်ကျိလဲ့ယွီအပေါ် ကျဆင်းလာ၏။


ကျိလဲ့ယွီ၏ မျက်တောင်များက ရှည်လျားကော့ညွှတ်လျှက်ရှိသည်။ ထိုမျက်တောင်များက ငှက်မွှေးများသဖွယ် နူးညံ့ပြီး ကျိုးပဲ့လွယ်ပုံပေါ်၏။


သူက နှစ်ခြိုက်စွာ အိပ်မောကျလျှက်ရှိသည်။ ရှားပါးတန်ဖိုးရှိသည့် အိပ်မက်ထဲတွင် နစ်မြုပ်နေပုံရ၏။ 


လင်းဖေးက ကျိလဲ့ယွီ၏ မျက်တောင်ဖျားမှ မျက်ရည်များကို သုတ်ပေးရန် ပြင်လိုက်သည်။ သို့သော် ခဏတုံ့ဆိုင်းနေပြီး ထိုသို့မလုပ်ဖြစ်တော့ချေ။ သူက မီးကိုပိတ်ကာ မျက်လုံးများကို မှိတ်လိုက်၏။ 


သက်တောင့်သက်သာရှိလှသည့် ညချမ်းပင်။


......


နောက်နေ့မနက်ခင်းတွင်လည်း ကျိယွီရှောင်က လင်းလော့ချင်း သူ့ကို အနောက်မှဖက်ထားသည့် ရင်းနှီးနေသော ခံစားချက်ဖြင့် နိုးလာ၏။ 


သူက နဖူးပေါ်ရှိ မှတ်စုစာရွက်နှင့်လည်း ရင်းနှီးနေပြီဖြစ်သည်။ 


ကျိယွီရှောင် နဖူးပေါ်မှ စာရွက်အားခွာ၍ ဖတ်ကြည့်လိုက်၏။: ငါ့နတ်ဘုရားက အရမ်းကြည့်ကောင်းတယ် … 


သူက ပြုံးလိုက်ရင်း အနောက်မှဖက်ထားသည့် အပြောချိုသူအား ကြည့်လိုက်သည်။ 


ကျိယွီရှောင်က မှတ်စုစာအုပ်ကိုယူ၍ စာရေးလိုက်သည်။ ထို့နောက် လင်းလော့ချင်း၏ ဆံပင်ထဲတွင် ကပ်ထားလိုက်၏။ 


လင်းလော့ချင်းက သူ့ကျောတွင် မျက်နှာအပ်ထားသည့် အလျောက် ထိုသူ၏ဆံပင်ကိုသာ ကပ်လိုက်နိုင်ခြင်းဖြစ်သည်။ 


ကျိယွီရှောင် အနည်းငယ်လိမ့်လိုက်သော်လည်း လင်းလော့ချင်းက ဝူးဝူးဝါးဝါး ရေရွတ်လျှက် ကပ်တွယ်နေဆဲပင်။ အဆုံးသတ်တွင် သူက ထိုလူအား သူ့လက်မောင်းထဲသို့ ထည့်ထားလိုက်ပြီး သူ့အား ဆက်လက်မှီနေစေ၏။ လင်းလော့ချင်းက နားခိုရာရှာတွေ့သွားသည့် သားပေါက်လေးကဲ့သို့ ကျိယွီရှောင်အား တင်းတင်းဖက်ထားလေသည်။ 


ကျိယွီရှောင်က လင်းလော့ချင်း၏ ပန်းရောင်သမ်းနေသော ပါးပြင်ကို ထိတွေ့လိုက်၏။ သူ့လက်ချောင်းအောက်ရှိ အသားအရေသည် နွေးထွေးချောမွေ့လျှက်ရှိသည်။ သူက မနေနိုင်ပဲ ညှင်သာစွာ ပွတ်သပ်လိုက်မိသည်။ 


လင်းလော့ချင်းက သူ၏လှုပ်ရှားမှုကို သတိပြုမိဟန်ဖြင့် မျက်နှာကိုပွတ်လိုက်၏။ ကျိယွီရှောင်က ထိုသူအား မနှောင့်ယှက်တော့ပဲ ခပ်ဖွဖွရယ်လိုက်သည်။ 


ခဏအကြာတွင် လင်းလော့ချင်းက သူ့ကို အိပ်ချင်မူးတူးဖြင့် ကြည့်လာ၏။ ထို့နောက် မျက်လုံးများကို ပွတ်သပ်လိုက်သည်။

 

“နိုးပြီလား … ” ကျိယွီရှောင် ခပ်တိုးတိုးမေးလိုက်သည်။ 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ သူဘယ်လိုလုပ်ပြီး ကျိယွီရှောင်ရဲ့ လက်မောင်းကြားထဲ ရောက်နေရပြန်တာတုန်း … 


“နတ်ဘုရားရဲ့လက်မောင်းတွေက သက်တောင့်သက်သာ ရှိရဲ့လား … ” ကျိယွီရှောင်အသံက သူ့ခေါင်းပေါ်မှ ထွက်လာ၏။ “မင်းငါ့ကို ဆယ့်ငါးနှစ်လောက် တစ်ဖက်သတ်ကြိုက်နေတာဆိုတော့ အခု အိပ်မက်တွေ တကယ်ဖြစ်လာတဲ့ပုံပဲ … နှစ်ရက်လေးတောင် မစောင့်နိုင်တော့ဘူး … ငါ့လက်မောင်းပေါ် ရောက်နေပြီ … ဟူး … မင်းငါ့ကိုအရမ်းသဘောကျတာပဲလား …” 


လင်းလော့ချင်း “……”


လင်းလော့ချင်းက ခေါင်းငုံ့ကာ တစ်ဖက်လူ၏ လက်မောင်းကြားမှ ထွက်လိုက်၏။ ထို့နောက် ရှက်ရွံ့နေသော အမူအရာဖြင့် အကွာအဝေးတစ်ခု ထားထားလိုက်သည်။ 


သူ သူ့ဟာသူအိပ်ရင်တောင် စိတ်လွတ်ကိုယ်လွတ် မအိပ်ဖူးဘူး … သူဘယ်လိုလုပ်ပြီး ကျိယွီရှောင်ရဲ့ လက်မောင်းကြား ရောက်သွားတာလဲ … 


သူ ကျိယွီရှောင်ကို လူသားခေါင်းအုံးလုပ်လိုက်မိတာပဲ … 


လင်းလော့ချင်း နေရခက်စွာ ပြုံးလိုက်သည်။ “ဒီနေ့ ရာသီဉတုကောင်းတာပဲ … ငါအရင်ထနှင့်မယ် ...”


ထို့နောက် အိပ်ရာမှ အမြန်ထလိုက်သည်။ 


ကျိယွီရှောင် ရယ်မောလိုက်၏။ “အခု ထွက်ပြေးတာလား … ”


မင်းပဲထွက်ပြေးတာ … မင်းတို့တစ်မိသားစုလုံးပဲ ထွက်ပြေးတာ … 


လင်းလော့ချင်း လှည့်ကြည့်လိုက်သည်။ “ငါက ဘာလို့ ထွက်ပြေးရမှာလဲ … ငါတို့က မနက်ဖြန်ပဲ လက်ထပ်မှတ်ပုံတင်လုပ်တော့မှာ … မင်းနဲ့တူတူအိပ်တာ ပုံမှန်ပဲလေ … တခြားလူနဲ့အိပ်ရင်သာ ပုံမှန်မဟုတ်မှာ … ”


ကျိယွီရှောင် ထိုစကားကို ကြားချိန်၌ ဖီးနစ်မျက်ဝန်းများက အနည်းငယ် မှေးကျဉ်းသွားသည်။ သူက လင်းလော့ချင်းကို ချဉ်းကပ်ကာ နွေးထွေးစွာမေးလိုက်၏။ 


“ဘာလို့လဲ … မင်းက ဘယ်သူနဲ့အိပ်ချင်လို့လဲ … ထန်းခိုက်နဲ့လား … ”


လင်းလော့ချင်း “……”


လင်းလော့ချင်း ချက်ချင်းပြန်ပက်လိုက်၏။ “ဘာတွေလျှောက်ပြောနေတာလဲ … သူက ဒီတိုင်းအစားထိုးပဲကို … ငါကဘာလို့သူနဲ့အိပ်ချင်ရမှာလဲ … ”


ကျိယွီရှောင် မျက်ခုံးပင့်လိုက်၏။ 


လင်းလော့ချင်းက သူ့ကို မျက်နှာချိုသွေးလိုက်သည်။ “မင်းငါ့ကို ယုံရမယ် … ငါကမင်းကို ဆယ့်ငါးနှစ်လောက် ကြိုက်ခဲ့တာလေ … ငါခုထိလည်း မင်းကိုကြိုက်နေတုန်းပဲ … ”


“အိုး … ”


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ “တောင်ပေါ်မှာ သစ်ပင်တွေရှိပြီး သစ်ပင်ပေါ်မှာ သစ်ကိုင်းတွေရှိတယ် … ငါမင်းကို ကြိုက်နေပေမယ့် မင်းကတော့ မသိခဲ့ဘူး … ”


ကျိယွီရှောင် ပြုံးလိုက်၏။ “မျက်နှာသွားသစ်စမ်းပါ … တုံးအတဲ့ဝက်ကလေး … ”


လင်းလော့ချင်း “…” တုံးအတဲ့ဝက်ကလေးတဲ့လား … 


ကျိယွီရှောင် ခပ်ဖွဖွယ်လိုက်ရင်း လင်းလော့ချင်း ဆံပင်ပေါ်ရှိ မှတ်စုစာရွက်ကိုယူကာ သူ့နဖူးပေါ် ကပ်ပေးလိုက်သည်။ “ငတုံးလေး … ”


ထိုအရာကို လင်းလော့ချင်း မကြာခင်တွေ့သွားမှာ ဖြစ်၏။ 


လင်းလော့ချင်းက ထိုစာရွက်ကိုကိုင်၍ ဖတ်ကြည့်လိုက်သည်။ : ဝက်ကလေးက တကယ့်ကိုပျင်းတယ် 


လင်းလော့ချင်း “……”


“မင်းတော်တော့်ကို မယဉ်ကျေးတာပဲ … ငါကတော့ မင်းကို ချီးကျူးလိုက်ရတာ … မင်းကငါ့ကို ငတုံးလို့ပြောတယ် … ”


ကျိယွီရှောင်က အံ့

အားသင့်ခြင်းမရှိပေ။ “မင်းလည်းအမှန်အတိုင်းပြောတာ … ငါလည်းအမှန်အတိုင်းပြောတာလေ … ”


လင်းလော့ချင်း “…”


လင်းလော့ချင်း အလွန်စိတ်ဆိုးသွားသဖြင့် သူ့နဖူးပေါ်ရှိ မှတ်စုစာရွက်ဖြင့် ကျိယွီရှောင်အား လိုက်ကပ်လေသည်။ ကျိယွီရှောင် ပြုံးကာ အလွယ်တကူရှောင်လိုက်၏။