အပိုင်း ၂၈
Viewers 30k

Chapter 28





ကျိယွီရှောင် တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် လင်းလော့ချင်း၏ ရယ်သံအားကြားလိုက်ရ၏။ “ငါရှက်လာပြီ … ”


ကျိယွီရှောင် “……”


ကျိယွီရှောင်က အလွန်စိတ်ဆိုးသွားသည့် အလျောက် လက်မြှောက်ကာ တစ်ဖက်လူ၏ တင်ပါးကို ရိုက်လိုက်သည်။


လင်းလော့ချင်း ထခုန်လိုက်မိ၏။ “ဘာလို့ရိုက်တာလဲ … ”


“မင်းက မလိမ္မာလို့လေ … ”


လင်းလော့ချင်း “……”


လင်းလော့ချင်း နှုတ်ခမ်းစူလိုက်ပြီး ရေချိုးခန်းအတွင်းသို့ လျှောက်သွားလိုက်၏။ 


ကျိယွီရှောင် သူ့ကိုကြည့်ရင်း ခေါင်းကိုက်လာသည်။ 


လင်းလော့ချင်းက တကယ်တမ်း ဘာတွေတွေးနေတာလဲ … 


သူထိုသို့ တွေးနေစဉ်မှာပင် သူ့ဖုန်းမြည်လာ၏။ 

ကျိယွီရှောင် စစ်ဆေးလိုက်သောအခါ ချီယင်းကျဲက သူရေချိုးနေချိန်အတွင်း သူ့အား Wechat မှ စာပို့ထားကြောင်း တွေ့လိုက်ရသည်။ 


[ညစာစားတုန်းက ငါ အရင်က မရီးနဲ့ထန်းခိုက်ကို ဘားမှာမြင်ခဲ့ဖူးတယ်ဆိုတာ မင်းကိုပြောပြမလို့ပဲ … သူက ထန်းခိုက်ကို သဘောကျနေတဲ့ပုံစံမျိုးနဲ့ မျက်နှာချိုသွေးခဲ့တာ … ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ ဘာအဆက်အသွယ်မှ မရှိခဲ့ဘူး ...]


[သူတို့ကြားမှာ ဘာမှမရှိဘူး … ဘားကလူတွေပြောတာတော့ ထန်းခိုက်က မရီးကို စိတ်မဝင်စားသလို အကြည့်တစ်ချက်တောင် မပေးခဲ့ဘူးတဲ့ ...]


[ဒီနေ့ ထန်းခိုက်ပြောတဲ့စကားတွေက မင်းတို့ကို သက်သက် အဆင်မပြေဖြစ်စေချင်လို့ ပြောခဲ့တာပဲဖြစ်လိမ့်မည် … စိတ်ထဲထားမနေနဲ့ ...]


[မရီး ဘေးနားမှာရှိလား … ငါတို့ဖုန်းပြောကြမလား … ]


ကျိယွီရှောင် ခဏတွေးလိုက်ပြီး ဝှီးချဲလ်ကို ဝရန်တာသို့ တွန်းသွားလိုက်သည်။ ထို့နောက် ချီယင်းကျဲအား ဖုန်းပြန်ခေါ်လိုက်၏။ 


“ငါတွေ့တယ် … ” သူက ပြောလိုက်သည်။ 


“ကျေးဇူးပါ ...”


“ရပါတယ် … ငါသူ့ကို ဒီညတွေ့လိုက်ရတော့ တော်တော် အံ့ဩသွားတာ … သူတို့ရဲ့ဆက်ဆံရေးက ဒီလိုဖြစ်နေမယ်လို့ မျှော်လင့်မထားခဲ့ဘူး ...”


ကျိယွီရှောင် ပြုံးလိုက်၏။ “ငါရောပဲ ...” 


“သူမင်းကို တကယ်ကြိုက်တာလား … ” ချီယင်းကျဲ သိချင်သွား၏။ “ဆယ့်ငါးနှစ်တောင်လေ … ”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ဒါပေါ့ … ငါကတော်တယ်လေ … ငါ့ကိုငယ်ငယ်ကတည်းက သဘောကျတယ်ဆိုတာ သာမန်ပဲမဟုတ်လား …” 


ချီယင်းကျဲ “……”


ချီယင်းကျဲက အလကားသက်သက် စိုးရိမ်နေမိသလို ခံစားလိုက်ရသည်။


“ဒါဖြင့် သူတကယ်ပဲ ထန်းခိုက်ကို အစားထိုးအဖြစ် သုံးခဲ့တာလား … ”


“ငါ့ကို မြင်ပြီးမှတော့ ထန်းခိုက်ကို ကြိုက်နိုင်ပါဦးမလား … အကန်းတစ်ယောက်တောင် အဲဒီ့လိုအမှားမျိုး လုပ်မှာမဟုတ်ဘူး … ”


ချီယင်းကျဲ “……”


“မင်းအခု အသက်ရှင်သလို ခံစားရပြီလား ….”


“ငါကအမြဲတမ်း ပျော်နေတာပါ ….”


ချီယင်းကျဲက ရယ်လိုက်သည်။ ကျိယွီရှောင်သည် လူလိမ်တစ်ဦးဖြစ်၏။ 


ကားမတော်တဆမှု ဖြစ်ပွားပြီးနောက် သူက ကျွမ်းရွယ်၊ ဝေ့ကျွင်းဟယ်တို့နှင့်အတူ ကျိယွီရှောင်အား သွားရောက်မေးမြန်းခဲ့သည်။ ထိုစဉ်က ကျိယွီရှောင်သည် ဝှီးချဲလ်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ 


သူ့လက်ထဲတွင် တန်ဖိုးကြီးပုံပေါ်သော ဓားမြှောင်တစ်ချောင်းရှိနေသည်။ သူက အဝတ်ကိုကိုင်ထားပြီး ဓားသွားကို ဖြည်းညှင်းစွာ ပွတ်တိုက်လျှက်ရှိ၏။ သူက ဘာမှမပြောသော်လည်း သူ့အနီးရှိဖိအားသည် အလွန်လေးလံလာပြီး အသက်ရှူရခက်စေသည်။ 


ရုတ်တရက် ချီယင်းကျဲက ကျိယွီရှောင်သည် လင်းလော့ချင်းအား အဘယ့်ကြောင့် စေ့စပ်လိုသည်ကို မမေးလိုတော့ချေ။ အကြောင်းရင်းအတိအကျကို သူ မသိသော်လည်း လင်းလော့ချင်း၏ တည်ရှိမှုက ကျိယွီရှောင် အနီးတစ်ဝိုက်ရှိ လေးလံမှုအချို့အား လျော့ပါးသွားစေသည်။ 


ထိုလူက အရင်ကနှင့်ယှဉ်ပါက ပို၍အရယ်အပြုံးရှိလာ၏။ ထို့ကြောင့် အကြောင်းပြချက်မှာ အရေးမကြီးတော့ချေ။ 


“ကောင်းပြီလေ … ငါကမင်းကို အထင်လွဲတာမျိုး မရှိစေချင်ရုံပါ … ဒါဖြင့် မရီးကို အဖော်ပြုပေးလိုက်ဦး … ငါဖုန်းချပြီ ...”


“အေး … ” ကျိယွီရှောင် ဖုန်းချပြီးနောက် ဝှီးချဲလ်ကို မှီလိုက်၏။ 


အဲဒီ့လူက ထန်းခိုက်အပေါ် တကယ်ကြီး နှစ်မြှုပ်ထားခဲ့တာပဲ … လင်းလော့ချင်း သူ့ကို တကယ်ကြီးသဘောကျခဲ့တာတော့ မဟုတ်ပါဘူးနော် … 


မဟုတ်ဘူး … မဟုတ်ဘူး … သူအဲဒီ့လောက်တော့ မကန်းလောက်ဘူးလေ … ဟုတ်တယ်မလား …

ကျိယွီရှောင် မကြာသေးခင်က မြင်ကွင်းကို ပြန်လည်စဉ်းစားကြည့်၏။ လင်းလော့ချင်းက ထန်းခိုက်ထက် သူ့ကိုပို၍ သိသိသာသာ ဂရုစိုက်နေကြောင်း သူခံစားမိခဲ့သည်။ 


လင်းလော့ချင်း ယခင်က အဘယ့်ကြောင့် ထန်းခိုက်ကို လိုက်ခဲ့ခြင်းဖြစ်ကြောင်း သူ မသိချေ။ သို့သော် အတိတ်မှကိစ္စ ဖြစ်သည့်အလျောက် ဖက်တွယ်ထားရန် မလိုအပ်တော့။ 


ကျိယွီရှောင် အံကြိတ်လိုက်၏။ သူက ဘာလို့ ထန်းခိုက်ကို လိုက်ရတာလဲ … 


အရမ်းကန်းလွန်းတယ် … 


ကျိယွီရှောင် အနည်းငယ် စိတ်တိုလာသည်။ 


အရမ်း စိတ်ဆိုးစရာကောင်းတာပဲ … 


ကျိယွီရှောင်က မကြည်မသာဖြင့် ဝှီးချဲလ်ကို အိပ်ခန်းအတွင်းသို့ ပြန်တွန်းလာသည်။ ထိုအချိန်မှာပင် လင်းလော့ချင်းက ရေချိုးခန်းတွင်းမှ ထွက်လာ၏။ သူက ထိုလူအားကြည့်လိုက်ပြီး မာနကြီးစွာ ပြောလိုက်သည်။


 “ငါ့ကိုလာဖက် ...”


လင်းလော့ချင်း “…”


လင်းလော့ချင်းက အိုး ဟု အသံပြုလိုက်သည်။ သူက ထိုလူဘာဖြစ်နေမှန်း နားမလည်သော်လည်း ကိုယ်ကိုကိုင်းညွှတ်၍ ကျိယွီရှောင်အား ပွေ့ဖက်လိုက်၏။ 


ကျိယွီရှောင် “…”


“မင်းကိုဘယ်သူက ဖက်ခိုင်းလို့လဲ … ငါ့ကိုအိပ်ယာပေါ် ချီသွားဖို့ပြောတာ …” (တရုတ်စာလုံးမှာ ပွေ့ဖက်တာနဲ့ ချီမတာက အတူတူပါပဲတဲ့ )


နတ်ဘုရားကို အခွင့်ကောင်းယူဖို့ပဲ တွေးမနေစမ်းပါနဲ့ … 


လင်းလော့ချင်း ရယ်မောလိုက်၏။ “မင်းဟာမင်း အိပ်ရာပေါ် သွားနေကျမဟုတ်ဘူးလား ... ”


ကျိယွီရှောင် သူ့ကိုကြည့်လိုက်သည်။ “မင်းက သယ်မသွားချင်တာလား … ”


လင်းလော့ချင်း၏အပြုံးက ပို၍ထင်ရှားလာ၏။


“မင်းဘာလို့ပြုံးနေတာလဲ … ”


‘မင်းက ချစ်ဖို့ကောင်းလို့ … ’ လင်းလော့ချင်း ထိုအတွေးကို ထုတ်မပြောဝံ့ချေ။ သူက ကျိယွီရှောင်ကိုသာ ချီလိုက်၏။


“မင်းအရင်က ထန်းခိုက်ကိုဖက်ဖူးလား …” ကျိယွီရှောင်က အရေးမကြီးဟန်ဖြင့် တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။


သူ လုံးဝ လုံးဝ ဂရုမစိုက်ပါဘူးနော် … 


“ဘယ်ကသာ … ” လင်းလော့ချင်းက တုံ့ဆိုင်းမနေချေ။ “ငါက ဘာလို့ဖက်ရမှာလဲ … ငါမှသူ့ကိုမကြိုက်တာ ...”


သူက ကျိယွီရှောင်အား အိပ်ရာပေါ်ချလိုက်ပြီး နီးနီးကပ်ကပ်မှီကာ ပြောလိုက်၏။ 


“ငါ့ရဲ့ ပွေ့ဖက်မှုက မင်းတစ်ယောက်ထဲအတွက်ပဲ … ”


ကျိယွီရှောင်က သူ၏ အလိမ်အညာများကို မယုံကြည်ချေ။ 


“တကယ်လား … ထန်းခိုက်က မင်းကို ဖက်ခွင့်မပေးတာ မဟုတ်ဘူးလား …” 


ထိုအချက်မှာ မှန်ကန်သော်လည်း လင်းလော့ချင်း ဝန်ခံချင်စိတ်မရှိချေ။ 


သူက ခေါင်းစဉ်ပြောင်းလိုက်၏။ “မင်းငါ့ကို သဝန်တိုနေတာလား … ”


ကျိယွီရှောင် “…”


ကျိယွီရှောင်က ထိုသူအတွေးလွန်နေပြီဟု ခံစားလိုက်ရ၏။


“ငါက သဝန်တိုတယ် … ဟာသပဲ … အဲဒီ့ကြောင်တောင်တောင်ကောင်ကို ငါက သဝန်တိုစရာလား … နောက်တစ်ခါ အစားထိုးရွေးရင် ရုပ်ဆိုးဆိုးကောင်တွေ မရွေးပဲ ငါနဲ့ရုပ်ချင်းဆင်တာမျိုးကိုပဲ ရွေးဖို့ပြောချင်တာ … ငါ့ကို မသိမသာစော်ကားနေသလို ခံစားရလို့ …” 


လင်းလော့ချင်း ရှုပ်ထွေးသွား၏။ “နောက်တစ်ခါလား … ”


ကျိယွီရှောင် ‘…မင်းက နောက်တစ်ခါ ရွေးချင်သေးတယ်ပေါ့လေ … ’


လင်းလော့ချင်း မျက်တောင်ခတ်လိုက်၏။ “ငါ့မှာ လရောင်ဖြူလေး ရှိပြီးသားလေ … ဘာလို့ အစားထိုးတွေ ရွေးစရာလိုမှာလဲ … ငါမလိုချင်ပါဘူး …” 


ကျိယွီရှောင် ‘…ပြီးတာပဲ.’


“ဒါ့ကြောင့် စိတ်မပူစမ်းပါနဲ့ … ” လင်းလော့ချင်း ပြုံးလိုက်သည်။ “သူဘယ်လိုပုံမှန်းတောင် ငါမေ့နေပြီ … ဒီနေ့ သူထွက်မလာရင် ငါအဲဒီ့ကိစ္စကို သတိရမှာတောင် မဟုတ်ဘူး ...”


“ငါ့ရဲ့ အစားထိုးကရော … ”


“သူက အစားထိုးဖြစ်လို့ ဂုဏ်တောင်ယူရဦးမှာ … ငါသူ့ကို အဓိကနဲ့သာမညကို ကွဲကွဲပြားပြားသိဖို့ အကြံပေးလိုက်ပါ့မယ် ...”


ကျိယွီရှောင်က ထိုကဲ့သို့ အရှက်မဲ့သော မှတ်ချက်များကြောင့် ရွှင်မြူးသွား၏။ သူက လင်းလော့ချင်း၏ ပါးများကို ဖျစ်ညှစ်လိုက်သည်။ တစ်ဖက်လူသည် အလွန်စကားများပြီး ဟာသဉာဏ်ရွှင်သော လူလိမ်ကလေးပင်။ 


လင်းလော့ချင်းက သတိလက်လွတ် နှုတ်ခမ်းအညှစ်ခံလိုက်ရသဖြင့် ဘဲပေါက်ကလေးနှင့် တူသွား၏။ 


ကျိယွီရှောင် စိတ်ကောင်းဝင်နေသဖြင့် သူ၏ ပါးများကို ဖျစ်ညှစ်လျှက် ဘယ်ညာလွှဲယမ်းလိုက်သေးသည်။ 


လင်းလော့ချင်း “… ”


ကျိယွီရှောင်က ကျေနပ်အောင် စပြီးသွားချိန်တွင် လက်လွှတ်ပေးလိုက်သည်။ 


“ကောင်းပြီလေ … ရှိုးပွဲစရအောင် ...” သူက ခြုံစောင်ကို ဆွဲမကာ လှဲလိုက်သည်။


လင်းလော့ချင်း ‘…တကယ်ကြီးလှဲအိပ်မလို့လား … ယဉ်ကျေးမှုရှိစမ်းပါ … ’


သို့သော် သူက ထိုစကားများအား အပြင်ထုတ်မပြောခဲ့ချေ။ ကျိယွီရှောင် ရှေ့သို့ လျှောက်သွားလိုက်ပြီး ရှိုးပွဲအား စတင်လိုက်၏။ 


ထို့နောက် စတင်၍ အလေးအနက်သရုပ်ဆောင်တော့သည်။ သရုပ်ဆောင်မှု တစ်ဝက်ကျိုးချိန်၌ သူ့မျက်လုံးများက ကျိယွီရှောင်အပေါ်သို့ ကျရောက်သွား၏။ ထို့နောက် လင်းလော့ချင်း သရုပ်ဆောင်မှုတွင်း နစ်မြုပ်နေရာမှ ရုန်းထွက်လိုက်သည်။ 


အသေအချာပင်။ သူ၏ နတ်ဘုရားက အိပ်ပျော်သွားလေပြီ။ 


ကျိယွီရှောင် အဘယ့်ကြောင့် သူ၏ သရုပ်ဆောင်စွမ်းရည်အား သည်းမခံနိုင်မှန်း လင်းလော့ချင်း နားမလည်နိုင်ဖြစ်နေ၏။ ကျိယွီရှောင်က သူစတင်သရုပ်ဆောင်သည်နှင့် အိပ်ပျော်သွားတော့သည်။ ၎င်းက အိပ်ဆေးထက်ပင် ကောင်းမွန်၏။ 


လင်းလော့ချင်းက ကျိယွီရှောင်ထံလျှောက်သွားကာ မှတ်စုစာရွက်ကို ထုတ်၍ ရေးခြစ်လိုက်သည်။ (လူလိမ်) 


နေ့တိုင်း သူသရုပ်ဆောင်တာ ကြည့်မယ်ပြောပြီး နေ့တိုင်း အိပ်သွားတယ် …လူလိမ်ကြီး .. 


သူက တစ်ဖက်လူ၏ နဖူးပေါ်တွင် ကပ်မည်ဟုပြင်လိုက်ချိန်၌ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူသည်လည်း ထန်းခိုက်ကိစ္စတွင် ကျိယွီရှောင်အား လိမ်ညာမိခဲ့သည်။ 


လင်းလော့ချင်း အနည်းငယ် တုံ့ဆိုင်းသွား၏။ သူက ကျိုးကျိုးနွံနွံနေရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မူလမှတ်စုစာရွက်ကို ဖယ်ကာ အသစ်ရေးလိုက်၏။ (ငါ့နတ်ဘုရားက အရမ်းချောတာပဲ)

ထို့နောက် စာရွက်ကိုဖြဲကာ ကျိယွီရှောင်၏ နဖူးတွင် ကပ်ပေးလိုက်၏။ 


သူက သူအိပ်စက်သည့် အိပ်ယာဘက်သို့ ပြန်လျှောက်သွားကာ မီးအိမ်မှမီးကိုမှတတ်၍ အိပ်ရာဝင်လိုက်သည်။ 


တံခါးကြားရှိ မီးရောင် ပျောက်ကွယ်သွားချိန်၌ သူတို့အိပ်သွားကြပြီဖြစ်ကြောင်း ကျိလဲ့ယွီသိလိုက်၏။ 


သူ၏ စိုးရိမ်နေသော နှလုံးသားသည်လည်း စိတ်သက်သာရာရသွားကာ တောင့်တင်းနေသည့် ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားသည်။ 


သူက ပြန်လှည့်ရန် ပြင်လိုက်စဉ် အေးစက်တည်ငြိမ်သည့် အသံအား ကြားလိုက်ရ၏။ 


“မင်းဒီမှာ ဘာလုပ်နေတာလဲ … ”


ကျိလဲ့ယွီ ထိတ်လန့်သွားပြီး နောက်သို့လှည့်ကြည့်လိုက်မိ၏။ လင်းဖေးက သူ့နောက်တွင်ရပ်နေကာ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ သူ့ကို တိတ်တဆိတ် ကြည့်နေလေသည်။ 


သူ့တစ်ကိုယ်လုံး တောင့်တင်းသွား၏။ သူက ဆင်ခြေအား အမြန်တွေးနေသော်လည်း သူ့မျက်ဝန်းများကမူ အပြစ်ကင်းလျှက်ရှိသည်။


“သား ပါပါးကိုလွမ်းလို့ … ” ကျိလဲ့ယွီ ညှင်သာစွာပြောလိုက်သည်။


ထို့နောက် လင်းဖေး၏လက်အား လှမ်းဆွဲလိုက်၏။


လင်းဖေးက အခြားလူများနှင့် ထိတွေ့ခြင်းကို မနှစ်မြို့သည့်အလျောက် ကျိလဲ့ယွီ၏ ဆုပ်ကိုင်မှုကို ရုန်းလိုက်သည်။ သို့သော် ကျိလဲ့ယွီက စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ လွယ်လွယ်နှင့် လွှတ်မပေးချေ။ သူက ခေါင်းမော့ရင်း လင်းဖေးအား သနားစဖွယ်ကြည့်လိုက်၏။ 


လင်းဖေးက ကျိလဲ့ယွီ၏ မိဘများကို သတိရသွားသည်။ သူ့နှလုံးသားက ပျော့ပျောင်းသွားသည့် အလျောက် ထပ်မရုန်းမိတော့ချေ။ 


ကျိလဲ့ယွီက လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့အား နှောင့်ယှက်မိမည်စိုးသဖြင့် လင်းဖေးကို အသာအယာဆွဲခေါ်လာသည်။ 


သူက ကျိယွီရှောင်အခန်းနှင့် အနည်းငယ်လှမ်းသည့်နေရာတွင် ရပ်လိုက်၏။ “သားက ပါပါးအကြောင်းတွေးရင်း တစ်ယောက်ထဲ မအိပ်ရဲလို့လေ … အဲဒါ ပါပါးနဲ့အတူတူ အိပ်မလို့ဆိုပေမယ့် ပြောရမှာရှက်တာကြောင့် ဒီအတိုင်းရပ်နေတာ ...”


သူက လင်းဖေးကို မော့ကြည့်လိုက်သည်။ သူ၏အသံမှာပျော့ပျောင်းနေပြီး ချစ်စဖွယ် သနားစဖွယ် မျက်နှာကလေးနှင့် ပြောလိုက်၏။ 


“ကိုကို … ပါပါးနဲ့ ရှုရှုလင်းကို မပြောပါနဲ့နော် … သား သူတို့ကို စိတ်မပူစေချင်ဘူး … ”


လင်းဖေးက ထိုစကားများကို ကြားသည့်နောက် သံသယမဝင်တော့ပဲ ခေါင်းညိတ်လိုက်သည်။ 


သူက အိပ်မပျော်သဖြင့် ရေသောက်ချင်လာခြင်း ဖြစ်သည်။ သို့သော် အခန်းတွင်း၌ ရေကုန်သွားသည့် အလျောက် ပထမထပ်သို့ ရေလာခပ်ခြင်းဖြစ်၏။ ကျိယွီရှောင်၏အခန်းရှိသော လျှောက်လမ်းကို ဖြတ်သန်းသွားချိန်၌ ကြောင်တစ်ကောင်ကဲ့သို့ တိတ်တဆိတ်ရပ်နေသည့် ကျိလဲ့ယွီအား တွေ့လိုက်ရခြင်းပင်။ 


ကျိလဲ့ယွီက တစ်ဖက်လူ ခေါင်းညှိတ်သွားသဖြင့် စိတ်သက်သာရာရသွားသည်။ “ကိုကိုက အရမ်းကောင်းတာပဲ ...”


လင်းဖေးက ဘာမှပြန်မပြောချေ။ 


လင်းဖေး၏ တိတ်ဆိတ်မှုနှင့် ကျင့်သားရနေပြီ ဖြစ်သည့်အလျောက် ကျိလဲ့ယွီသည်လည်း သူ့အား ဆွဲ၍သာခေါ်လာတော့၏။ 


သို့သော် လင်းဖေးက တစ်စုံတစ်ခုအား နားလည်သွားဟန်ဖြင့် ရပ်လိုက်သည်။ 


ကျိလဲ့ယွီ ဇဝေဇဝါဖြစ်သွားပြီး စိုးရိမ်လာပြန်၏။ 


“ဘာဖြစ်လို့လဲ …”


လင်းဖေးက သူ၏ ဖိနပ်မစီးထားသော ခြေထောက်များကို ကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။ “မင်း ဖိနပ်စီးမထားဘူးပဲ …”


ကျိလဲ့ယွီ ခေါင်းငုံ့လိုက်ပြီး ထပ်မံ၍ထိတ်လန့်လာပြန်၏။ 


“သားက အလျဉ်လိုသွားလို့ …. ” သူက ရှင်းပြလိုက်သည်။ 


“သား အရမ်းကြောက်ဖို့ကောင်းတဲ့ အိမ်မက်မက်ခဲ့တာ … သား ပါပါးကိုသတိရသွားပြီး တစ်ယောက်ထဲမအိပ်ချင်တော့လို့ ...”


သူက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည့် ခြေချောင်းများကို အတွင်းဘက်သို့ ကွေးလိုက်၏။ သူ၏ မျက်တောင်ရှည်များက တုန်ယင်လျှက်ရှိသည်။ 


လင်းဖေးက ကျိလဲ့ယွီသူ့ကြောင့် စိတ်မသက်မသာဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက ကျောင်းတွင်လည်း သူငယ်ချင်းမရှိသလို တစ်ဦးထဲနေခဲ့သည်ကများ၏။ သူက ထိုသို့အခြေအနေမျိုး မကြုံဖူးသဖြင့် မည်သို့ကိုင်တွယ်ရမည်ကိုလည်း မသိချေ။ 


သူက ကျိလဲ့ယွီအား နှစ်သိမ့်ချင်သော်လည်း မည်သို့နှစ်သိမ့်ရမည်မှန်း မသိပဲဖြစ်နေ၏။ 


လင်းဖေးက လင်းလော့ချင်း နှစ်သိမ့်နေကျပုံစံကို ပြန်တွေးလိုက်သည်။ သူက ကျိလဲ့ယွီ၏ ဦးခေါင်းကိုထိကာ ပြောလိုက်၏။ “မင်းကတော်တယ် ...”


ကျိလဲ့ယွီ “……”


ဒီအချိန်မှာ ငါစိတ်မကောင်းပါဘူး တို့ အဆင်ပြေရဲ့လား တို့မေးရမှာမဟုတ်လား … မင်းကတော်တယ်ဆိုတာ ဘာကြီးလဲ … 


သူ၏ ခပ်တုံးတုံးအစ်ကိုသည် အခြားလူများကို နှစ်သိမ့်မပေးတတ်ကြောင်း ကျိလဲ့ယွီ ခံစားမိလိုက်သည်။ သို့သော် သူ့အတွက် လင်းဖေး သံသယမဝင်သရွေ့ အားလုံးအဆင်ပြေ၏။ 


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ “သားကတော်တယ် ...”


လင်းဖေးက ကျိလဲ့ယွီ၏ ကောင်းမွန်သောဟန်ပန် ပြန်ဖြစ်လာပြီး ငိုမည့်ပုံမပေါ်တော့ကြောင်း သတိပြုမိလိုက်သည်။ သူ၏နှစ်သိမ့်မှုက အလုပ်ဖြစ်သွားသလို ခံစားလိုက်ရ၏။ 


သူက ပထမဆုံးအကြိမ် သူ့ထက်ငယ်ရွယ်သော ကလေးတစ်ဦးအား နှစ်သိမ့်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းက အလုပ်ဖြစ်ခဲ့သည်။ လင်းဖေး စိတ်ကောင်းဝင်လာ၏။ သူက ကျိလဲ့ယွီ၏ ဦးခေါင်းအား ထပ်ထိလိုက်ပြီး တစ်ဖက်လူကို သူ့အခန်းထံသို့ ဦးဆောင်သွားလိုက်သည်။ 


ကျိလဲ့ယွီက ပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်လိုက်ပြီဟုတွေးရင်း လင်းဖေးနောက်သို့ လိုက်လာ၏။ သူနောက်တစ်ကြိမ် ပို၍သတိထားရပေမည်၊၊ လင်းဖေးကဘာလို့ ဘာသံမှမပေးပဲ ရောက်လာတာလဲ … 


ထူးဆန်းလိုက်တာ … 


သူက လင်းဖေးကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ 


လင်းဖေးက ကျိလဲ့ယွီ၏ စိတ်အခြေအနေကို သတိမပြုမိပဲ သူ့အခန်းသို့သာ ခေါ်လာခဲ့၏။ 


ကျိလဲ့ယွီ သူ့ကိုယ်သူ သတိပြုမိချိန်၌ လင်းဖေးအခန်းတွင်းသို့ ရောက်နေပြီဖြစ်သည်။ 


“ထိုင် … ” လင်းဖေးက ကုလားထိုင်တစ်ခုကိုဆွဲကာ ပြောလိုက်၏။ 


ကျိလဲ့ယွီက ဘုမသိဘမသိနှင့် ထိုင်လိုက်သည်။ 


“မင်း ဒီမှာစောင့်နေ … ” လင်းဖေးက ညှင်သာစွာဆိုသည်။ 


ထို့နောက် အိပ်ခန်းနှင့်ကပ်လျှက်ရှိသေ

ာ ရေချိုးခန်းအတွင်းသို့ ဝင်သွားလေသည်။ ကျိလဲ့ယွီ လည်ပင်းဆန့်ကာ လိုက်ကြည့်လိုက်၏။ ခဏအကြာတွင် လင်းဖေးက ရေဇလုံတစ်ခုကိုကိုင်ကာ ပြန်ထွက်လာသည်။ 


သူက ကျိလဲ့ယွီ၏ထိုင်ခုံရှေ့တွင် ဇလုံကို ချပေးလိုက်၏။ “ခြေထောက်ဆေးဖို့ ...”


ကျိလဲ့ယွီ “……”


ဟုတ်တယ် … သူတကယ့်ကို ခြေထောက်ဆေးသင့်တယ် …