အခန်း ၂၇
Viewers 25k

Chapter 27



လင်းလော့ချင်းရယ်လိုက်သည်။ သူက တစ်ဖက်လူကို ငုံ့ကြည့်လိုက်ရင်း ချစ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။ 


သူက ကျိယွီရှောင်အား ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသော်လည်း ထန်းခိုက်ကမူ ထိုသို့မတွေးချေ။ 


ထန်းခိုက်က လက်ကိုပြန်ရုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။ “ကျွန်တော်မေ့သွားတာ … သခင်လေးကျိရဲ့ခြေထောက်တွေက ပျက်စီးနေတာဆိုတော့ အရမ်းခံစားလွယ်နေမှာပဲ … ခြေထောက်ကောင်းတဲ့ လူတွေကိုဆို ကြည့်မရဘူးထင်တယ် … ကျွန်တော် ရိုင်းပြမိပါတယ် … ကျွန်တော် ခြေကျိုးနေတဲ့ လူတစ်ယောက်ရှေ့မှာ ပေါ်မလာခဲ့သင့်ဘူး … ”


လင်းလော့ချင်း ထိုအရာကို ကြားသည်နှင့် အမူအရာအေးစက်သွား၏။ သူက ထန်းခိုက်အား လှောင်ပြောင်လိုက်သည်။ “ခင်ဗျား ခြေထောက်တွေက အကောင်းအတိုင်းဆိုပေမယ့် စိတ်တော့မနှံ့ဘူးထင်တယ် … ကျွန်တော်တို့က အဲဒါကို စိတ်ပိုင်းဆိုင်ရာမသန်စွမ်းတဲ့လူလို့ ခေါ်တယ်လေ … မြန်မြန်ကုတာကောင်းမယ်နော် …” 


ကျိယွီရှောင် ပြုံးလိုက်မိသည်။


ထန်းခိုက်က ထိုသို့အပြောခံရမည်ဟု မမျှော်လင့်ထားသဖြင့် သူ့အား မယုံနိုင်စွာ ကြည့်လိုက်သည်။ “မင်းကိုယ်မင်း ဘာပြောနေလဲ သိရဲ့လား … ”


“ဘာလဲ … ဦးနှောက်တင်မဟုတ်ဘူး … နားပါ မကောင်းတော့ဘူးလား … ” လင်းလော့ချင်း အံ့အားသင့်ဟန် ဆောင်လိုက်သည်။ “ဒါဖြင့် ဆေးရုံမြန်မြန်သွားသင့်တယ်နော် … ရောဂါတစ်ခုခုရှိနေရင် မြန်မြန်ကုလိုက်တာ အကောင်းဆုံးပဲ ...”


ထန်းခိုက် စိတ်ဆိုးစွာ ပြုံးလိုက်၏။ “မင်းက ကျိယွီရှောင်ကို မင်းရဲ့ခံစားချက်တွေ ထုတ်ပြဖို့ ကြိုးစားနေတာလား … ကြည့်ရတာ မင်း သစ်ကိုင်းကို တော်တော်လေး ကျေနပ်မှုရှိပုံပဲ ...”


“ငါ သူနဲ့အတူတူရှိရတဲ့အတွက် အမြဲတမ်းပျော်တယ် …” လင်းလော့ချင်း ပြုံးလိုက်သည်။


“တကယ်လား … ” ထန်းခိုက်က ဆက်ပြော၏။ “ဒါပေမယ့် ငါမှတ်မိသလောက် မင်းငါ့ကို အမျိုးမျိုး ဆွဲဆောင်ဖို့ ကြိုးစားခဲ့သလားလို့ … ”


ထိုစကားကို ကြားသည့်နောက် ဝေ့ကျွင်းဟယ်နှင့် ကျွမ်းရွယ်တို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က ထိုသို့သော ကိစ္စမျိုးကို မျှော်လင့်မထားကြချေ။ 


တစ်ဖက်တွင် ချီယင်းကျဲက အားလုံးသိပြီးသား ဖြစ်သည့်အလျောက် အမူအရာပြောင်းလဲသွားခြင်း မရှိ။ သူက လင်းလော့ချင်း၏ ရှင်းပြမှုကိုသာ စောင့်နေ၏။ 


လင်းလော့ချင်း ထန်းခိုက်အား တွေ့လိုက်ကတည်းက ပြဿနာတက်ပြီဟု တွေးမိလိုက်၏။


မူလကိုယ်က ထန်းခိုက်ကို အမှန်တကယ် သဘောကျခဲ့ပြီး ထန်းခိုက်နောက်သို့ ခွေးတစ်ကောင်သဖွယ် တကောက်ကောက်လိုက်ခဲ့ဖူး၏။ ထန်းခိုက်က ပြန်မကြိုက်ခဲ့သော်ငြား မူလကိုယ်ကမူ လက်မလျှော့ခဲ့။ 


ယခင်က ထန်းခိုက်သည် မူလကိုယ်အား စိတ်မဝင်စားသည့်အလျောက် ကြည့်ပင်မကြည့်ခဲ့ချေ။ လင်းလော့ချင်း သူ့အား သွားမရှာသရွေ့ ထန်းခိုက်သည်လည်း သူ့အား လာရှာစရာ အကြောင်းမရှိ။ ဤသို့ဖြင့် အားလုံးပြီးဆုံးသွားခဲ့သည်။ 


မမျှော်လင့်ထားစွာပင် ယနေ့ လူချင်းလာဆုံကြခြင်းဖြစ်၏။ 


ပို၍မမျှော်လင့်ထားသည်မှာ ထန်းခိုက်က သူ့အား ဒီအတိုင်းမသိချင်ယောင် ဆောင်မည့်အစား ပြဿနာစရှာလိုက်သေးသည်။ 


ဤလူမှာ အလွန်စိတ်ပျက်စရာ ကောင်းလှ၏။ လင်းလော့ချင်း သက်ပြင်းချလိုက်ပြီး ဆင်ခြေပေးလိုက်သည်။ 


“ကျွန်တော်လည်း သေချာပေါက် မှတ်မိတာပေါ့ … မဟုတ်ရင် ခင်ဗျားရဲ့ရုပ်က အရမ်းဆိုးလွန်းလို့ ခင်ဗျားကို သတိပြုမိမှာတောင်မဟုတ်ဘူး … ခင်ဗျားမိသားစုက အရမ်းချမ်းသာတာကြောင့် မဟုတ်ရင် ခင်ဗျားကို သူ့ရဲ့အစားထိုးအနေနဲ့ သုံးစရာတောင် အကြောင်းမရှိဘူး …”


ထန်းခိုက် “…”


ချီယင်းကျဲ “…”


ဝေ့ကျွင်းဟယ် “…”


ကျွမ်းရွယ် “…”


လင်းလော့ချင်းက ကျိယွီရှောင်ရှေ့တွင် ငုတ်တုတ်လေးထိုင်ကာ အပြစ်ရှိဟန်နှင့် မြတ်နိုးမှုများရောစပ်လျှက် ပြော၏။ “ငါမင်းကို မပြောရသေးတာ တစ်ခုရှိတယ် …”


ကျိယွီရှောင်က သူ၏ မျက်ရည်ဝိုင်းသော မျက်ဝန်းများကို ကြည့်ရင်း တွေးလိုက်မိသည်။ ‘မင်းငါ့ကို မပြောရသေးတာ တစ်ခုထဲမကပါဘူး … ’


“ပြောလေ … ” သူက ပူးပေါင်းပေးလိုက်၏။


“ငါမင်းကို တိတ်တခိုးသဘောကျနေတဲ့ ဆယ့်ငါးနှစ်အတွင်းမှာ မင်းကိုဘယ်လိုမှ မရနိုင်တဲ့အကြောင်းကိုတွေးရင်း အရမ်းလွမ်းဆွတ်ပြီး နေခဲ့ရတယ် .. ဒါပေမယ့် ငါအမှားတစ်ခုလုပ်ခဲ့မိတယ် … မင်းကို တမ်းတနေတဲ့စိတ်ကို စွန့်လွှတ်နိုင်ဖို့အတွက် ငါမင်းနေရာမှာ တစ်ယောက်ယောက်နဲ့ အစားထိုးခဲ့မိတယ် …” လင်းလော့ချင်းက ထန်းခိုက်ကို ညွှန်ပြလိုက်သည်။


ထန်းခိုက် “…”


ကျိယွီရှောင် “……”


ဝေ့ကျွင်းဟယ်၊ ချီယင်းကျဲနှင့် ကျွမ်းရွယ်က ထန်းခိုက်အား အထိတ်တလန့် ကြည့်လိုက်ကြ၏။ သူတို့မျက်လုံးထဲမှ အဓိပ္ပာယ်က ရှင်းလင်းလှသည်။ ‘သနားစရာလေး … လက်စသတ်တော့ မင်းက အစားထိုးဖြစ်နေတာကိုး … ’


ထန်းခိုက် “……”


“မဟုတ်ဘူး … ” ထန်းခိုက် ဒေါသတကြီးပြောလိုက်သည်။


လင်းလော့ချင်းက သူ့ကိုလျစ်လျူရှုကာ ချစ်မြတ်နိုးစွာဖြင့် ဆက်ပြော၏။ 


“ငါတောင်းပန်ပါတယ် … ငါသူ့ကို အချစ်ကိုအကြောင်းပြပြီး အမှီအခိုကင်းတဲ့လူအနေနဲ့ မဆက်ဆံခဲ့သင့်ဘူး … ငါ့ခံစားချက်တွေနဲ့ပတ်သတ်ပြီး တခြားလူတွေ ဘယ်လိုတွေးမလဲ ဂရုမစိုက်ခဲ့သင့်ဘူး … ငါ အကျင့်ပျက်တဲ့ ကိစ္စတွေကိုလည်း မလုပ်ခဲ့သင့်ဘူး … ဒါပေမယ့် ငါ့မှာ ရွေးချယ်စရာမရှိခဲ့လို့ပါ … ငါမင်းကို အရမ်းသဘောကျတယ် … ဆယ့်ငါးနှစ်တာမှာ ငါ့ခံစားချက်တွေက ရိုးတွင်းချဉ်ဆီအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားခဲ့ပြီ … ငါ ငါ့ကိုယ်ငါဖြေသိမ့်နိုင်ဖို့ ဒီနည်းလမ်းကိုပဲ သုံးခဲ့ရတယ် … ငါတောင်းပန်ပါတယ် …” 


ကျိယွီရှောင် “……”


လင်းလော့ချင်းသည် ပါရမီရှင်သာမဟုတ်ချေ။ သူက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်၏။ 


သူက ထန်းခိုက်ကိုကြည့်ရင်း လေးနက်စွာပြောလိုက်သ်ည။ “ဒါက သိပ်ပြီးမဖြစ်နိုင်မှန်း ငါသိပေမယ့် ငါအရမ်းအချစ်ခံနေရတယ်လို့ ခံစားရတယ် … ငါတော့ထိသွားပြီ … မင်းရော … ”


ထန်းခိုက် “…”


ထန်းခိုက်က ထိုလူ၏စကားများကို မယုံကြည်နိုင်ချေ။ 


“သောက်အဓိပ္ပာယ်မရှိတာတွေ … လင်းလော့ချင်း … ရှင်းရှင်းပြောစမ်း … ဘယ်သူက အစားထိုးလဲ … ”


လင်းလော့ချင်းက သူ့အား စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်၏။ “မင်းလေသံက ဘာဖြစ်တာလဲ … ငါက မင်းကိုသူ့အစားထိုးအနေနဲ့ သုံးခဲ့တာလေ … ဒါက ဂုဏ်ယူရမှာမဟုတ်လား ...”


ထန်းခိုက် “…” သူဒါကိုဘယ်လိုများ ပြောထွက်တာလဲ … ငါကမင်းကို ကျေးဇူးတောင်တင်ရဦးမှာလား …


“မျက်နှာသာပေးတာကို ကျေးဇူးတင်တတ်စမ်းပါ … ” နောက်တစ်စက္ကန့်၌ လင်းလော့ချင်း ထပ်ပေါင်းပြောလာ၏။


ထန်းခိုက် “……”


ထန်းခိုက် စိတ်ဆိုးစွာ ရယ်လိုက်သည်။ “ကောင်းတယ် … ကောင်းတယ် … လင်းလော့ချင်း … မင်းကတကယ့်ကို တစ်ခုခုပဲ … ”


“နောက်ထပ်ရှိသေးတယ် … ” လင်းလော့ချင်းက ပြုံးလျှက်သူ့ကိုကြည့်လိုက်သည်။


 “ငါမင်းကို တကယ်ကြိုက်တယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော် … ဟုတ်တယ်မလား …”


ထန်းခိုက် “……”


“မင်းငါ့ကို နေ့တိုင်းလာချောင်းနေခဲ့တာလေ .. ငါပေါ်လာတာနဲ့ မင်းက ယင်ကောင်လိုပဲ ငါ့အနားမှာ တဝီဝီလုပ်နေခဲ့တာ … မင်းအခုလိုပြောနေတာ မရှက်ဘူးလား …” 


လင်းလော့ချင်း သူ့အား အထင်သေးဟန်ကြည့်လိုက်၏။ “လရောင်ဖြူလေးကို မမြင်ရတော့ ဂေါ်ဖီထုပ်ကို ကြည့်ခဲ့ရရုံပါပဲ … ဘာပဲဖြစ်ဖြစ် သူ့ရဲ့တော်ဝင်ဆန်တဲ့ ကျက်သရေရှိမှုနဲ့ ခန့်ညားတဲ့မျက်နှာက ရောင်ပြန်ဟပ်နေတာပဲလေ …” 


ထန်းခိုက် “……”


“ငါမှ သူနဲ့မတူတာ …” ထန်းခိုက် အံကြိတ်လိုက်သည်။ 


“မင်းနောက်နေတာလား … ” လင်းလော့ချင်း အံ့အားသင့်သွား၏။ 


“မင်းက ဘယ်လိုလုပ်ပြီး သူနဲ့တူနိုင်မှာလဲ … ငါ့ရဲ့နတ်ဘုရားကို မစော်ကားနဲ့ … ”


“ဒါဖြင့် ငါကဘာကိစ္စ သောက်အစားထိုးဖြစ်သွားရတာလဲ … ”


“ဟေး … ” လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ “တစ်ချို့တွေက အစားထိုးဖို့ မျက်နှာဆင်တဲ့လူ ဒါမှမဟုတ် အကျင့်တူတဲ့လူမျိုး ရှာတတ်တယ် .. ငါကတော့ နောက်ခံတူတာမျိုးကို ပိုပြီးသဘောကျတယ်လေ … ဒါက ငါ့ရဲ့နတ်ဘုရားကို စော်ကားရာကျပေမယ့် ငါ့အတွက်တော့ နောက်ခံတူတာမျိုးက အစားထိုးဖြစ်ဖို့ ပိုပြီးသင့်လျော်တယ် … ဒါ့ကြောင့် ငါမင်းကိုတွေ့တိုင်း ငါ့ရဲ့ တိတ်တခိုးအချစ်က မဖြစ်နိုင်ဘူးဆိုတာ ပိုပိုပြီးသဘောပေါက်လာရတာပေါ့ …” 


“အဆုံးသတ်မှာတော့ အတုကတောင် ငါ့ကိုမကြည့်တာ … ငါ့ရဲ့နတ်ဘုရားက ဘယ်လိုလုပ်ပြီး ငါ့ကိုကြည့်လာမှာလဲ ….”


သူ၏ လရောင်ဖြူနတ်ဘုရားက နူးညံ့နွေးထွေးစွာ ပြုံးလိုက်၏။ 


လင်းလော့ချင်း ချက်ချင်း ချီးကျူးလိုက်သည်။ “ငါ့ရဲ့ နတ်ဘုရားက ပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာပဲ … ”


ကျိရှောင်ယွီမျက်နှာပေါ်မှ အပြုံးက ပို၍နက်ရှိုင်းလာ၏။ 


သူက လင်းလော့ချင်းကိုကြည့်ရင်း အလွန်ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ ထိုကဲ့သို့ ချစ်စရာကောင်းသည့်လူက ဒီအတိုင်းရပ်နေရုံနှင့်ပင် သူ့နှလုံးသားကို နွေးထွေးစေ၏။ 


“ဘယ်လိုတောင် အတားအဆီးတွေများတဲ့ အချစ်လဲ … ငါတော့ အရမ်းထိသွားပြီ … မင်းရောထိသွားလား … ” အကြင်နာမဲ့စွာ ထိရှနေသည့်စက်ကြီး ကျိယွီရှောင်က ထန်းခိုက်ကို မေးလိုက်သည်။


ထန်းခိုက် ‘…အဓိပ္ပာယ်မရှိတာတွေ … ’


“နောက်တစ်ခါ မလုပ်နဲ့တော့ … ” ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်၏။ “ကိုယ့်ကို ဆယ့်ငါးနှစ်လောက် သဘောကျလာတာကြောင့် အရင်ကိစ္စတွေကို မရှိခဲ့သလို သဘောထားပေးမယ် … ဒါပေမယ့် အနာဂတ်မှာတော့ ဒီလိုထပ်မလုပ်ရဘူးနော် …” 


“ဒါပေါ့ … ” လင်းလော့ချင်း တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ “ငါမင်းကို နေ့တိုင်းမြင်နိုင်ပြီပဲ … ဘာလို့ အတုတွေကို သွားရှာရမှာလဲ ...”


အတုလေး ထန်းခိုက် “……”


“လင်းလော့ချင်း … မင်းတကယ်ပဲ အရှက်မရှိဘူး ...” ထန်းခိုက် အလွန်ဒေါသထွက်သွားသည်။


 “အရင်တုန်းက မင်းငါ့ခွေးဖြစ်ရဖို့အတွက် ဒူးတောင်ထောက်ခဲ့တယ် … အခုကျိယွီရှောင်ရှိနေတော့ ငါ့ကို မမှတ်မိတော့ဘူးပေါ့လေ … ကျိယွီရှောင် သူလိမ်နေတာတွေကို မယုံနဲ့ … လွန်ခဲ့တဲ့တစ်လက သူအရက်မူးနေတုန်း ငါ့ကိုမှီပြီးတော့ သူနဲ့တူတူ တစ်ခန်းထဲနေပေးဖို့ တောင်းဆိုခဲ့တာ …” 


ဖျပ် ခနဲ့အသံနှင့်အတူ ထန်းခိုက်မျက်နှာပေါ်၌ စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ သူခေါင်းပြန်လှည့်လိုက်ချိန်တွင် သူ့နံဘေး၌ စက္ကူအိတ်တစ်လုံးအား တွေ့လိုက်ရ၏။


“အပြောအဆိုသတိထားနေ ...” ကျိယွီရှောင် ဝှီးချဲလ်ကို ပြန်မှီကာ လက်ရုတ်လိုက်၏။ သူက တစ်လုံးချင်း အေးစက်စက် ပြောလာသည်။ “ငါအခုအချိန်မှာ အရမ်းခံစားလွယ်ပြီး ဒေါသကြီးနေတယ် … အဓိပ္ပာယ်မရှိတာတွေ မပြောပဲ ပါးစပ်ပိတ်ထား ...”


ထန်းခိုက် ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာဘယ်ဘက်ခြမ်းက နီရဲနေ၏။ စက္ကူအိတ်အစွန်းက သူ့မျက်နှာအား ခြစ်မိသွားပုံရပြီး ခြစ်ရာတစ်ခုလည်း ခပ်ရေးရေထင်ကျန်လျက်ရှိသည်။ သူက အံကြိတ်ကာ ကျိယွီရှောင်ထံ လျှောက်လာ၏။ 


လင်းလော့ချင်းက ကျိယွီရှောင်ရှေ့တွင် ပိတ်ရပ်လိုက်သည်။ ကျိယွီရှောင်က သူ့လက်ကိုဆွဲကာ နောက်ပြန်ပို့လိုက်၏။ 


လင်းလော့ချင်း သူ့အား စိုးရိမ်တကြီးကြည့်လိုက်သည်။ “ငါမလုပ်ခဲ့ဘူး ….”


သူ တကယ်ကြီး ထိုသို့မလုပ်ခဲ့ချေ။ မူလကိုယ်က ထိုသို့ရည်ရွယ်ခဲ့သော်လည်း လင်းလော့ချင်းကြောင့် အောင်မြင်မသွားခဲ့။ 


“ငါတကယ် မလုပ်ခဲ့ဘူး … ” သူက ကျိယွီရှောင်အား အထိတ်တလန့်ကြည့်လိုက်သည်။ ကျိယွီရှောင် သူ့အပေါ် မယုံမည်ကို သူအလွန်စိုးရိမ်နေ၏။ “ငါတကယ် မလုပ်ခဲ့ဘူး ....”


ထို့နောက် ကောကော ဟု ခပ်တိုးတိုး ခေါ်လိုက်သည်။ 


ကျိယွီရှောင်က တစ်ဖက်လူ၏ အပြစ်ကင်းပြီးရှုပ်ထွေးနေသော မျက်ဝန်းများကို ကြည့်ရင်း ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ 


“ငါမင်းကိုယုံတယ် ...”


လင်းလော့ချင်း စိတ်သက်သာရာရသွား၏။ သူက ထန်းခိုက်အား ကြိတ်ဆဲလိုက်ပြီး မူလကိုယ်ကိုလည်း တိတ်တဆိတ် အပြစ်တင်လိုက်သည်။ 


သူခေါင်းမော့ကြည့်လိုက်ချိန်၌ ချီယင်းကျဲ၊ ကျွမ်းရွယ်နှင့် ဝေ့ကျွင်းဟယ်တို့က ထန်းခိုက်အား ချုပ်ထားသည်ကို တွေ့လိုက်ရသည်။


 “စိတ်လျှော့စမ်းပါ ...” ကျွမ်းရွယ်မကျေမနပ်ဖြစ်နေ၏။ 


“ဒါက အစားထိုးလေး ဖြစ်ရုံပဲမလား … ဘာလို့ အားလုံးကို ဒေါသတကြီးလိုက်ကိုက်နေတာလဲ … မရီးက အချစ်မှာကျဆုံးနေပြီ … ဘာလို့မင်းသူ့ကို ဂရုစိုက်နေသေးတာလဲ …” 


“အဓိပ္ပာယ်မရှိတာ … ” ထန်းခိုက် ဒေါသတကြီးပြောလိုက်၏။ 


ကျွမ်းရွယ်က ထိုလူ ကျိယွီရှောင်အား ထပ်မံစော်ကားမည်စိုးသဖြင့် သူ့ပါးစပ်ကို ပိတ်လိုက်၏။ “ဘာမှမပြောနဲ့ … ဟိုတစ်ယောက်က သူ့ကိုဆယ့်ငါးနှစ်လောက်ကြိုက်လာတာ … မင်းလက်မခံချင်ရင်တောင် အသုံးမဝင်ဘူး … ”


ထန်းခိုက် “……”


ထန်းခိုက်က တစ်ခုခုပြောချင်သော်လည်း ဘာမှပြောမထွက်လာချေ။ 


ထိုလူစကားရပ်သွားသည်ကို တွေ့ချိန်၌ ကျိယွီရှောင်၏ မျက်လုံးများက စိတ်သက်သာရာရသွား၏။ ထို့နောက် အချိုပွဲထပ်မံထုပ်ပိုးကာ လင်းလော့ချင်းနှင့်အတူ ကားအတွင်းသို့ ဝင်လိုက်သည်။


ထန်းခိုက်ကြောင့် လင်းလော့ချင်း စိတ်ထဲတွင် မသက်မသာ ခံစားနေရသည်။ သူက ကားထဲတွင် နာနာခံခံလိုက်လာပြီး အိမ်သို့ရောက်ချိန်၌ ကျိယွီရှောင်အား ချီ၍ဝှီးချဲလ်ပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် ကျိယွီရှောင်၏ ဝှီးချဲလ်အား လိမ်လိမ်မာမာဖြင့် သူတို့အခန်းတွင်းသို့ တွန်းသွားပေးလိုက်သည်။ 


သူက ကျိယွီရှောင်ကို မေးလိုက်၏။ “ဒီနေ့ရော ဘယ်အပိုင်းကို သရုပ်ဆောင်ပြရမလဲဟင်… ”


ထို့နောက် ချစ်စဖွယ် မျက်တောင်ခတ်လိုက်သည်။ 


ကျိယွီရှောင် “……”


ကျိယွီရှောင် ထပ်၍ရယ်ချင်လာ၏။


သူက လင်းလော့ချင်းအနားရှိနေတိုင်း သက်တောင့်သက်သာဖြစ်မှုကို ခံစားရလေ့ရှိသည်။ 


သူက စာအုပ်တစ်အုပ်ကိုယူ၍ ဇာတ်ဝင်ခန်းတစ်ခုအား ရွေးချယ်လိုက်၏။ “ငါ ရုပ်ရှင်ကြည့်ပြီးတာတောင် ဒီအပိုင်းကို သိပ်ပြီးမကျေနပ်သေးဘူး ...”


“ကောင်းပါပြီ … နတ်ဘုရား … လုံးဝပြဿနာမရှိပါဘူး … လှဲရင်းကြည့်ပါ ...”


ဒီတိုင်းဆို မြန်မြန်အိပ်ပျော်သွားမှာပေါ့ … ဒါပေါ့ … သူဒါကိုဘယ်ထုတ်ပြောပါ့မလဲ … 


ကျိယွီရှောင်က တွေးတွေးဆဆဖြင့်ကြည့်ရင်း တစ်ဖက်လူ၏ မေးဖျားကို ပင့်လိုက်၏။ “မင်းဘာလို့ အရမ်းလိမ္မာနေရတာလဲ … ”


“ငါက အမြဲတမ်းလိမ္မာတာပါနော် … ” လင်းလော့ချင်း ချစ်စဖွယ် မျက်တောင်ခတ်လိုက်ပြန်သည်။ 


ကျိယွီရှောင်က ခပ်ဖွဖွရည်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် ရှပ်အင်္ကျီအပေါ်ကြယ်သီးအား ဖြုတ်လိုက်၏။ “ကြည့်ထား … ငါရေချိုးလိုက်ဦးမယ် … ပြီးရင်သရုပ်ဆောင်ပြပါ… ”


“ငါ့အကူအညီလိုသေးလား … ” လင်းလော့ချင်း စကားဦးသမ်းလိုက်၏။


ကျိယွီရှောင်က သူ့ကိုလှည့်ကြည့်လိုက်သည်။ “အဲဒီ့အချိန်ဆို မင်းက နာခံတော့မှာ မဟုတ်ဘူး ...”


လင်းလော့ချင်း “……”


လင်းလော့ချင်းက အကြည့်ပြန်ရုတ်လိုက်ရင်း အလွန်လိမ္မာသည့်ခရုလေးသဖွယ် ဟန်ဆောင်လိုက်၏။


ကျိယွီရှောင် ထပ်ရယ်ပြန်သည်။ ထို့နောက် ညအိပ်ဝတ်စုံအားယူကာ ရေချိုးခန်းတွင်းသို့ ပျော်ရွှင်စွာ ဝင်သွားတော့၏။ 


လင်းလော့ချင်းက စာအုပ်ကို ဖတ်ကြည့်လိုက်သည်။ ထို့နောက် ကျိလဲ့ယွီ ထွက်မလာသည်ကို သတိပြုမိသွားသဖြင့် သူတို့၏အိပ်ခန်းအတွင်းမှ ထွက်လာလိုက်၏။ သူက နေ့လည်ကဝယ်ခဲ့သည့် ကံကောင်းမှုလွှဲပြောင်းပေးသော ပုတီးလုံးလေးအားယူကာ ကျိလဲ့ယွီ၏ အခန်းတွင်းသို့ ဝင်လိုက်သည်။


ကျိလဲ့ယွီက အိပ်မောကျနေပြီဖြစ်၏။ လင်းလော့ချင်း ဘူးလေးအား စားပွဲပေါ်တွင် အသာတင်လိုက်သည်။ ကျိလဲ့ယွီ နောက်တစ်နေ့မနက်၌ နိုးလာချိန်တွင် အံ့အားသင့်စရာလက်ဆောင်က စောင့်ကြိုနေပေလိမ့်မည်။ 


သူက အခန်းတွင်းမှ ထွက်လာပြီးနောက် လင်းဖေး၏ စေ့ပိတ်ထားသော အခန်းတံခါးထံ အကြည့်ရောက်သွားသည်။ တံခါးကြားမှ မည်သည့်အလင်းရောင်ကိုမှ မမြင်ရချေ။ လင်းဖေးသည်လည်း အိပ်မောကျနေလောက်ပြီဖြစ်၏။ 


လင်းလော့ချင်းက သူ့ကို မနှောင့်ယှက်တော့ပဲ သူနှင့်ကျိယွီရှောင်၏ အခန်းထံသို့ ပြန်လာလိုက်သည်။ 


လင်းလော့ချင်း အခန်းပြန်သွားသည်နှင့် ကျိလဲ့ယွီက သူ၏ ညအိပ်မီးအိမ်အား မီးထွန်းလိုက်သည်။ ထို့နောက် စားပွဲထံ အကြည့်ရောက်သွား၏။ 


ကျိယွီရှောင် ပြန်မလာသေးသည့် အလျောက် ကျိလဲ့ယွီက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်သေးချေ။ သူက တံခါးဖွင့်လိုက်စဉ်ကတည်းက နိုးနေခြင်းဖြစ်သည်။ 


သူက အိပ်ရာမှထကာ စားပွဲပေါ်ရှိ ဘူးလေးအား ဖွင့်ကြည့်လိုက်သည်။ ဘူးထဲတွင် လက်ပတ်ကြိုးလေးတစ်ကြိုး ရှိနေ၏။ 


ကံကောင်းခြင်း လွှဲပြောင်းပေးသည့် လက်ပတ်ကြိုးလေးသည် အလွန်ချစ်စရာ ကောင်းသည့် ရွှေငါးလေးအား ရစ်ပတ်ထား၏။ ကျိလဲ့ယွီ ငယ်စဉ်ကတည်းက ထိုသို့သောအရာများကို မြင်ဖူးပြီးသားဖြစ်၏။ ထို့ကြောင့် သူက ကြည့်ရုံသာကြည့်ပြီး ဘူးကိုပြန်ပိတ်ထားလိုက်သည်။ 


၎င်းအား သူ မနက်ဖြန်မှ တွေ့စေရန် ဤနေရာ၌ ထားထားခြင်းဖြစ်ရမည်ဟု ကျိလဲ့ယွီ ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် မနက်ဖြန်မနက်တွင် သူက အလွန်အံ့အားသင့်သွားသကဲ့သို့ ဟန်ဆောင်ရပေမည်။ 


ရိုးလွန်းတယ် … ကျိလဲ့ယွီပြုံးလိုက်သည်။ ဘူးကို အံဆွဲတွင်းပြန်ထည့်ကာ အခန်းတွင်းမှ ခြေဖျားထောက်လျှက် ထွက်လာ၏။ ထို့နောက် ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့ကြားရှိ စကားများကို ကြားချင်သည့်အလျောက် သူတို့အခန်းထံ ဦးတည်လိုက်သည်။


လူကြီးတွေက သူ့ကို ဖုန်းကွယ်ထားတာ အများကြီးရှိတတ်တယ်လေ … ကျိယွီရှောင်က နံရံဘေးတွင် တိတ်ဆိတ်သော ကြောင်တစ်ကောင်ကဲ့သို့ ကပ်တွယ်နေသည်။ 


ကျိယွီရှောင်က ရေချိုးပြီး၍ ညအိပ်ဝတ်များပင် လဲလှယ်ပြီးလေပြီ။ 


သူထွက်လာသည်နှင့် လင်းလော့ချင်းက ရေချိုးရန် ပြင်ဆင်လိုက်၏။ 


“နောက်တစ်ခါ ငါ့ကိုမစောင့်နဲ့ … နောက်တစ်ခန်းကိုသွားချိုးနှင့်လေ … ” ကျိယွီရှောင်က ပြောလိုက်၏။ 


“ငါလည်းအဲဒါပြောမလို့ … မင်းငါ့ကိုစောင့်နေစရာ မလိုဘူး … ငါနဲ့တူတူလာချိုးလို့ရတယ် … ” လင်းလော့ချင်းက သူ့အတွေးများကို မကွယ်ဝှက်ပဲပြောလိုက်သည်။ 


ကျိယွီရှောင် “……”


ထိုလူသည် သူ့အား အမှန်တကယ်သဘောကျနေခြင်းလော၊ သို့မဟုတ် တက်ကြွလွန်းနေခြင်းလောဟူ၍ ကျိယွီရှောင် အမြဲတွေးမိသည်။ 


“မင်းတူတူရေချိုးချင်လား .. ” လင်းလော့ချင်း သူ့အနားသို့ ချဉ်းကပ်လိုက်သည်။ 


ကျိယွီရှောင် အကူအညီမဲ့သွားသလို ခံစားလိုက်ရ၏။ “ငါတကယ်မလုပ်ရဲဘူးလို့ ထင်တာလား … ”


“မဟုတ်ပါဘူး … ” လင်းလော့ချင်း ခေါင်းယမ်းလိုက်သည်။