အခန်း ၂၆
Viewers 30k

Chapter 26




လင်းလော့ချင်းက ကျိယွီရှောင်အား သီးသန့်ခန်းတွင်းသို့ ပို့ပြီးသည်နှင့် သူပို့ချသည့်အတိုင်း လိုက်နာတော့သည်။ 


ကျွမ်းရွယ်နှင့် ဝေ့ကျွင်းဟယ်က အစောကြီးရောက်နေကြ၏။ သူတို့က သစ်သီးများကိုစားရင်း ကျိယွီရှောင်၏ သတို့သားလောင်းအကြောင်း စကားစမြည်ပြောနေကြသည်။ 


“ဒါက အစစ်ကြီးဟ … သူဘယ်တုန်းက သတို့သားလောင်းရသွားတာလဲ … ”


“ဘယ်သိမှာလဲ … ” ဝေ့ကျွင်းဟယ်က လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပြီး ပြောလိုက်သည်။


 “သတို့သားလောင်းတောင် ဖြစ်နေပြီလား … သူတို့ ဘယ်တော့လက်ထပ်မှာလဲ … ”


“သူတကယ် လက်ထပ်ချင်တာလား … ” ကျွမ်းရွယ် ဇဝေဇဝါဖြစ်သွား၏။ “သူက အခုလက်ထပ်ချင်စိတ်ရှိသေးတာလား … ”


“ဘယ်သိမလဲ … အဲဒါက သတို့သားလောင်းနော် … ရည်းစားမဟုတ်ဘူး … သူတို့ မကြာခင်လက်ထပ်တော့မှာ ထင်တယ် … ” ဝေ့ကျွင်းဟယ် လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ 


ကျွမ်းရွယ်က မေးထောက်ရင်း မေးလိုက်သည်။ “သူ သူ့သတို့သားလောင်းကို သဘောကျတယ်လို့ မင်းထင်လား … ”


“မကြိုက်ရင် ငါတို့ကို ညစာဖိတ်ကျွေးပြီး မိတ်ဆက်ပေးပါ့မလား … ”


“ဒီတိုင်း မကျေမနပ်နဲ့ လက်ထပ်ရမှာမျိုးဆိုရင်ရော … ” ကျွမ်းရွယ်ခန့်မှန်းလိုက်သည်။ 


ဝေ့ကျွင်းဟယ် “……”


“ဒါဆို သူ့သတို့သားလောင်းနဲ့ အတူတူ လာပါ့မလား … မင်းတအားတုံးတာပဲ … ဒီလိုဉာဏ်ရည်မျိုးနဲ့ မင်းကုမ္မဏီကို ဘယ်လိုများ အုပ်ချုပ်နေတာလဲ … .”


ကျွမ်းရွယ် “...”


ကျွမ်းရွယ် စိတ်ဆိုးဆိုးဖြင့် သခွားမွှေးနှစ်ကိုက် ကိုက်လိုက်သည်။ 


လင်းလော့ချင်း တံခါးမှဝင်လာချိန်၌ ထိုလူက ဖရဲသီးကို အသည်းအသန်စားနေကြောင်း တွေ့လိုက်ရ၏။ ဖရဲသီးသည် အလွန်ချိုရမည်ဟု သူ တိတ်တဆိတ် တွေးလိုက်မိသည်။ 


သူထိုသို့တွေးနေစဉ် ကျွမ်းရွယ်က ရှက်ရွံ့သော အမူအရာဖြင့် ဖရဲသီးကို ပြန်ချထားလိုက်၏။ 


လင်းလော့ချင်း ပြုံးလိုက်သည်။


ကျိယွီရှောင်က ပြောလိုက်သည်။ “ဝေ့ကျွင်းဟယ်နဲ့ ကျွမ်းရွယ် ...”


ထို့နောက် လင်းလော့ချင်းကို ညွှန်ပြလိုက်သည်။ 


သူက လင်းလော့ချင်းနှင့် သူ့သူငယ်ချင်းများကို မိတ်ဆက်ပေးလိုက်၏။ 


“ဟဲလို … ” ဝေ့ကျွင်းဟယ်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ 


“ဟဲလို … ” လင်းလော့ချင်း ပြုံးလိုက်၏။ 


သူတို့ပြောနေစဉ် တံခါးထပ်ပွင့်သွားပြီး ချီယင်းကျဲ ဝင်လာသည်။ 


လင်းလော့ချင်းက တံခါးထံသို့ ကြည့်လိုက်ချိန်၌ ချီယင်းကျဲနှင့် အကြည့်ချင်းဆုံသွား၏။ ချီယင်းကျဲက သူ့အား တွေ့ပြီးနောက် ကြောင်အသွားပြီး မျက်မှောင်ကြုတ်လိုက်သည်ကို သတိပြုလိုက်မိသည်။ 


အဆိုပါ အမူအရာက သတိမထားမိစရာဖြစ်သော်လည်း လင်းလော့ချင်း တွေ့လိုက်ဆဲဖြစ်၏။ 


“ဘာလို့နောက်ကျနေတာလဲ … ” ကျွမ်းရွယ် မကျေမနပ်ပြောလိုက်သည်။ 


“ကားပိတ်နေလို့ ...” ချီယင်းကျဲက ဝေ့ကျွင်းဟယ်နံဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် လင်းလော့ချင်းအား အမှတ်တမဲ့ ကြည့်လိုက်၏။ 


လင်းလော့ချင်း ထိုအမူအရာကြောင့် ရှုပ်ထွေးသွားသည်။ ဘာလဲ … သူတို့အရင်က တွေ့ဖူးတာလား … ဘာလို့ ဒီတစ်ယောက်က အရမ်းထူးဆန်းနေရတာလဲ … 


သို့သော် ချီယင်းကျဲက သူ့ကိုမသိသဖြင့် လင်းလော့ချင်း မေးခွန်းထုတ်၍မရချေ။ 


ဝေ့ကျွင်းဟယ်က မိတ်ဆက်ပေးလိုက်၏။ “ယွီရှောင်ရဲ့ သတို့သားလောင်းလေ … လင်းလော့ချင်း … ”


ချီယင်းကျဲ ခေါင်းညှိတ်လိုက်ပြီး ကျိယွီရှောင်အား ကြည့်လိုက်၏။ “သတို့သားလောင်းလား … ”


“အေး … ” ကျိယွီရှောင် တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ 


“မင်းနဲ့လက်ထပ်တော့မယ့် တစ်ယောက်လား … ”


“ဒါပေါ့ … ”


ချီယင်းကျဲ နှုတ်ခမ်းတင်းတင်းစေ့လိုက်မိ၏။ သို့သော် အားလုံးဤနေရာ၌ ရှိနေကြသဖြင့် တစ်ခွန်းသာပြောလိုက်နိုင်သည်။


 “ဂုဏ်ပြုပါတယ် … ”


ထိုအချိန်မှာပင် ဘန်းကနဲ့ မြည်သံနှင့်အတူ တံခါးပွင့်သွား၏။ အားလုံးလှည့်ကြည့်လိုက်ချိန်၌ ဒေါသတကြီးဝင်လာသည့် ချီစီဝမ်အား တွေ့လိုက်ရသည်။


လင်းလော့ချင်း စိတ်ထဲတွင် ဝိုး ဟု ရေရွတ်လိုက်သည်။ ဘုရားရေ … ဒီတစ်ယောက်က ငါတို့ကို အမဲလိုက်နေတာပဲ … 


ချီယင်းကျဲက ချီစီဝမ်ကို တွေ့သောအခါ ထရပ်လိုက်၏။


 “မင်းလွန်လာပြီ … သူတို့ကို မနှောင့်ယှက်နဲ့လို့ ငါမပြောခဲ့ဘူးလား … ”


ချီစီဝမ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ကျိယွီရှောင်ထံ သွားလိုက်သည်။


 “မင်းသူနဲ့ တကယ်တွဲနေတာလား …”


လင်းလော့ချင်း လှည့်ကြည့်လိုက်ချိန်တွင် ဂရုမစိုက်သော အမူအရာဖြင့် ကြည့်နေသည့် ကျိယွီရှောင်အား တွေ့လိုက်ရသည်။ 


“မဟုတ်ရင် ငါက မင်းတို့ကို အလုပ်ရှုပ်ခံပြီး ညစာဖိတ်ကျွေးမှာတဲ့လား … ”


ကျစ် … ဒီတစ်ယောက်က တကယ်ကြီး တစ်ဖက်လူခံစားချက်ကို ထည့်မစဉ်းစားပေးတာပဲ … 


ချီစီဝမ် မတရားသလို ခံစားလိုက်ရ၏။ 


“သူက ဘာကောင်းလို့လဲ … ငါမင်းကို နှစ်တွေအများကြီးကြိုက်ခဲ့တာ … မင်းငါ့ကို ဘယ်လိုများလုပ်ရက်တာလဲ … ”


လင်းလော့ချင်းက စားပွဲပေါ်မှ သခွားမွှေးကို ယူလိုက်ပြီးနောက် ဖရဲသီးအား စားလိုက်သည်။ 


ကျိယွီရှောင် “……”


ကျိယွီရှောင်က သူ့လက်ထဲမှ ဖရဲသီးကိုကြည့်ရင်း မေးလိုက်၏။ “အရသာရှိလား … ”


လင်းလော့ချင်းက ရင်းနှီးနေသည့် ခံစားချက်အား ရလိုက်၏။ သူက ဖရဲသီးကို ကျိယွီရှောင် ပါးစပ်တွင်းသို့ ထည့်ပေးလိုက်သည်။ “မင်းလည်းစားသင့်တယ် … ”


သူက ထပ်ပြောလိုက်သည်။ “လောင်ကုန်း … ”


ကျိယွီရှောင်က ဖရဲသီးကိုစားရင်း တည်ငြိမ်စွာပြော၏။ “သူက ကိုယ့်ကို နှစ်နဲ့ချီပြီးကြိုက်လာတာတဲ့ ...”


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ သူကြားလိုက်၏။


ကျိယွီရှောင်က ပြုံးသည်။ “မင်းကရော … ”


“ငါလည်းမင်းကို အကြာကြီး သဘောကျလာတာ … ” သူ့တွင် တိတ်တခိုးသဘောကျရသူ ရှိကြောင်း လင်းလော့ချင်း မှတ်မိသည်။ သူက ဖရဲသီးကိုင်ထားသည့် လက်ကို မြင့်မြင့်မြှောက်ကာ ပြောလိုက်၏။


ကျိယွီရှောင် ချီစီဝမ်အား ပြောလိုက်သည်။ “ကြားလား … သူလည်းငါ့ကို အကြာကြီးကြိုက်လာတာတဲ့ … ”


“ငါမင်းကို ငါးနှစ်တောင်သဘောကျလာတာ …” ချီစီဝမ်က ဒေါသတကြီးပြန်ပက်လိုက်သည်။ 


ကျိယွီရှောင်က လင်းလော့ချင်းအား ကြည့်လိုက်၏။


လင်းလော့ချင်း ချက်ချင်းချေပလိုက်သည်။ “ငါမင်းကို ဆယ့်ငါးနှစ်တောင်ကြိုက်လာတာ … ”


လာစမ်းပါ … ဘယ်သူပိုကြာလဲ ပြိုင်ရအောင် … 


ကျိယွီရှောင် မျက်ခုံးပင့်လိုက်၏။ “မင်းငါ့ကို မူလတန်းကတည်းက သဘောကျခဲ့တာလား … ”


“ဟုတ်တာပေါ့ ...” လင်းလော့ချင်း မျက်နှာနီလာခြင်းမရှိသလို စကားထစ်ခြင်းလည်းမရှိပေ။ “ငါမင်းကို ကျောင်းမှာစတွေ့ကတည်းက သဘောကျခဲ့တာ ….”


“မင်းက ကလေးပဲရှိသေးတာကို …” 


“ဘာလို့ဆို မင်းက အရမ်းကြည့်ကောင်းတာလေ … လူကြားထဲမှာ မင်းကအရမ်းထင်းနေခဲ့တာ … ”


ကျိယွီရှောင် ရယ်မောလိုက်သည်။ “ငါ ဘယ်မူလတန်းကျောင်းမှာ တက်ခဲ့တာလဲ …”


‘…ဒါငါ့ကို သက်သက် အရှက်ခွဲတာ …’


သို့သော် လင်းလော့ချင်း ထိတ်လန့်မသွားချေ။ သူ့တွင် တန်ပြန်ရေးအစီအစဉ် ရှိပြီးသားဖြစ်သည်။ 


သူက ကျိယွီရှောင်အား တောင်းတမှုအပြည့်ဖြင့် ကြည့်ရင်း ခံစားချက်များဖြင့် ပြောလိုက်၏။


 “လူတစ်ချို့အတွက်တော့ မူလတန်းကျောင်းဆိုတာ နာမည်တစ်ခု ဒါမှမဟုတ် အပြစ်ကင်းမှုတွေ ရှိခဲ့တဲ့နေရာ ဒါမှမဟုတ် ကစားကွင်းတစ်ခု ဖြစ်ချင်ဖြစ်လိမ့်မယ် … ငါ့ရဲ့ မူလတန်းကျောင်းကတော့ မင်းပါပဲ … ညစ်ထေးမှုတွေကင်းတဲ့ သန့်စင်တဲ့အမှတ်တရထဲမှာ မူလတန်းကျောင်းနဲ့ပတ်သတ်ပြီး ငါ့ရဲ့အမှတ်တရက မင်းပဲ …” 


ကျိယွီရှောင် “……”


ကျိယွီရှောင် ချီစီဝမ်အား လှည့်ကြည့်လိုက်သည်။ “မင်းထိသွားလား … ငါတော့အရမ်းထိသွားပြီ …”


ချီစီဝမ် “………”


ချီစီဝမ်က လင်းလော့ချင်းကို ရိုက်ပစ်ချင်လာ၏။ 


သူက ထိရှသွားစရာလား … အဓိပ္ပာယ်မရှိတာတွေ … 


“မင်းသူ့ကို ကြိုက်တယ်ဆို အရင်ကဘာလို့ပေါ်မလာတာလဲ … ” ချီစီဝမ် ဟောက်လိုက်၏။


ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်သည်။ 


လင်းလော့ချင်းက ဝမ်းနည်းနေဟန်ဖြင့် ပြောလာ၏။


 “ငါ့လို နိမ့်ကျတဲ့လူတစ်ယောက်က မင်းနဲ့ဘယ်လိုလုပ်ပြီး ထိုက်တန်ပါ့မလဲ … ငါ့မှာဘယ်အခွင့်အရေးရှိပါ့မလဲ … ”


“ဒါဆို အခုကျဘာလာလုပ်တာလဲ … ” ချီစီဝမ် လုံးဝမကျေနပ်ချေ။ 


ကျိယွီရှောင်ကမူ သာသာယာယာရှိနေ၏။ 


“ငါမင်းကို ဂရုစိုက်ပေးချင်လို့ပါ … ” လင်းလော့ချင်းက ချီစီဝမ်ကို မကြည့်ပဲ ကျိယွီရှောင်ကိုကြည့်ကာ ပြောလိုက်သည်။ 


“နွေဦးပိုးကောင်တွေ သေဆုံးတဲ့အခါ ဖယောင်းမီးတိုင်ကလည်း ပြာဖြစ်သွားပြီး မျက်ရည်တွေဟာလည်း ခမ်းခြောက်သွားတယ် … ဒါပေမယ့် မင်းရဲ့လမ်းခရီးကို အလင်းရောင်ပေးနိုင်ဖို့ ငါ့ကိုယ်ငါ လောင်ကျွမ်းစေမှာပါ …” 


(T/N – Li Shang Yin (လီရှန်းယင်) ရေးခဲ့တဲ့စာသားပါ။ ‘ထွက်ခွာရမယ့်အချိန်ကို မေ့လျော့နေခဲ့ပြီး ထွက်ခွာဖို့လည်း ခက်ခဲနေပါတယ်’ တဲ့။ ‘ပိုးဖလံမျိုး မီးကိုတိုး.’ နဲ့တူမယ်ထင်တယ်) 


“ဝိုး … ’ ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “အရမ်းကို တွယ်တာနေတာပဲ … မင်းထိသွားလား … ငါတော့ထပ်ပြီးထိသွားပြန်ပြီ … ”


ချီစီဝမ် “………”


ချီစီဝမ်က အလွန်ဒေါသထွက်နေသဖြင့် သွားများကို ကြိတ်လိုက်မိသည်။ 


“ငါလည်း လုပ်နိုင်တယ် … ”


“မင်းမလုပ်နိုင်ပါဘူး … ” လင်းလော့ချင်းက အေးစက်စွာ ငြင်းပယ်လိုက်၏။ 


“ဘာလို့လဲ … ”


“မင်းသူ့ကို ဆယ့်ငါးနှစ်ကြာ မကြိုက်ခဲ့ဘူးလေ … နှင်းတွေစိုစွတ်နေတဲ့ မြက်ခင်းကိုမြင်ရင် သူ့အကြောင်းတွေးမိလို့လား … မင်းသူ့အတွက် နေ့ရောညပါ ငိုကြွေးဖူးလို့လား … မင်းသူ့ကို နွေဦး၊နွေ၊ ဆောင်းဦး၊ဆောင်း လေးရာသီလုံး ငေးကြည့်ပြီး တမ်းတနေခဲ့ရပေမယ့် သူ့အနားကို မသွားနိုင်တာမျိုးဖြစ်ဖူးလို့လား … မင်းသူ့ကို နှစ်တွေဘယ်လောက်ကြာကြာ မမေ့ချင်ပဲ နေခဲ့ဖူးလို့လား … ငါက အဲဒီ့လောက်ထိ သူ့ကိုချစ်တာ …” လင်းလော့ချင်း သက်ပြင်းချလိုက်သည်။ 


“ငါမင်းကို ဆယ့်ငါးနှစ်လုံး အဲဒီ့လိုချစ်ခဲ့တာ ...”


ကျိယွီရှောင် အလွန်ရှော့ခ်ရသွားပြီး ချီစီဝမ်အား တတိယအကြိမ် ကြည့်လိုက်၏။ 


“မင်းထိသွားလား … ငါတော့အရမ်းထိသွားပြီ … ”


ချီစီဝမ် “………”


ဘာ့ကြောင့်မှန်းမသိ မထိရှရဲဖြစ်နေသော ချီယင်းကျဲ “……”


အလွန့်အလွန် ရှော့ခ်ရသွားသည့် ဝေကျွင်းဟယ်နှင့်ကျွမ်းရွယ် “……”


လင်းလော့ချင်းက အားလုံးကို ငေးကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်၊၊ “တိတ်တခိုးအချစ်က ကြောက်စရာကောင်းပြီး ပျော်စရာကောင်းတယ် … ဒါပေမယ့် မင်းကိုတွေ့ရတာနဲ့တင် ဒီဘဝကထိုက်တန်နေပါပြီ …” 


ကျိယွီရှောင် “……”


ကျိယွီရှောင် ချီစီဝမ်အား ကြည့်လိုက်သည်။


 “မင်းအရမ်းထိသွားလား … ငါတော့အရမ်းထိသွားပြီ … ဘာလုပ်ရမှန်းတောင် မသိတော့ဘူး … ”


“ဘာမှမပြောပါနဲ့ … ” လင်းလော့ချင်း သူ့လက်ကို ကိုင်လိုက်၏။ “မင်းကိုချစ်ရတာ ငါ့ရဲ့ အကြာကြီးတောင့်တခဲ့ရတဲ့ ခရီးပါပဲ … မင်းဘာမှ ပြောစရာမလိုပါဘူး … မင်းရှိနေရုံနဲ့တင် ငါ့နှလုံးသားက တမ်းတမှုတွေနဲ့ပြည့်နေပြီ …” 


“ဖာ့ခ်...” ကျွမ်းရွယ် ထိန်းမထားနိုင်တော့ချေ။ သူက လင်းလော့ချင်းကို ညွှန်ပြကာ ချီစီဝမ်အားပြောလိုက်၏။


 “မင်းတွေ့ပြီမလား … ဒါကမှ အချစ်စစ်ကွ … မင်းအချစ်က နှောင့်ယှက်မှုသက်သက်ပဲ … ဒီငယ်ရွယ်တဲ့စုံတွဲကြားကို ဝင်နှောင့်ယှက်မနေပဲ ဝေးဝေးသွားစမ်းပါ …” 


ချီစီဝမ် “……”


ချီစီဝမ်က တစ်စုံတစ်ခုပြောရန် ပါးစပ်ဖွင့်လိုက်သည်။ သို့သော် ချီယင်းကျဲက သူ့အား အပြင်သို့ဆွဲထုတ်လိုက်၏။ 


လင်းလော့ချင်းက ထိုလူထွက်သွားသည်ကို ကြည့်နေရင်း သခွားမွှေးထပ်စားလိုက်သည်။ သူက တစ်ချက်တွေးလိုက်ပြီး ကျိယွီရှောင်အား ခွံ့ကျွေးလိုက်၏။


 “လောင်ကုန်း … ဖရဲသီးစားပါဦး … ”


ကျိယွီရှောင် “……”


ကျိယွီရှောင်က သခွားမွှေးကို တစ်ကိုက်ကိုက်လိုက်ပြီး လင်းလော့ချင်းမှာ အလွန်ထူးချွန်သည်ဟု တွေးနေမိ၏။ 


ချီယင်းကျဲက ချီစီဝမ်အား ဖြေရှင်းပြီးနောက် အခန်းတွင်းပြန်ဝင်လာသည်။ 


“ဆောရီးပါ … ငါသူရောက်လာမယ် မထင်ထားဘူး … ငါသူ့ကို နေ့ခင်းကတည်းက မောင်းထုတ်ပြီးပြီ ...”


လင်းလော့ချင်း သိချင်သွား၏။ “ခင်ဗျားရဲ့ညီလား … ”


“ဝမ်းကွဲလေ … ” ကျိယွီရှောင် ရှင်းပြလိုက်သည်။

“သွေးဝေးတဲ့ ဝမ်းကွဲဆိုပါတော့ … ” ချီယင်းကျဲက ထပ်ဆင့်ရှင်းပြ၏။ 


လင်းလော့ချင်း ခေါင်းညှိတ်လိုက်သည်။ 

တစ်ဖက်တွင်မူ ချီယင်းကျဲက လင်းလော့ချင်းအား သံသယဖြင့် ကြည့်နေ၏။ တကယ်ကြီးလား ... လင်းလော့ချင်းက ကျိယွီရှောင်ကို ဆယ့်ငါးနှစ်လောက် ကြိုက်ခဲ့တာလား … 


ဒါဖြင့် သူနဲ့ ထန်းခိုက်ကရော … 


သို့သော် ထိုသူ၏ အမူအရာက လိမ်နေပုံမရချေ။ 


ချီယင်းကျဲက မည်သို့မှ မတွေးတတ်တော့သဖြင့် ထိုလူ ပြန်သွားပြီး ကျိယွီရှောင်တစ်ဦးထဲ ရှိချိန်မှ ပြောရန် ဆုံးဖြတ်လိုက်သည်။ 


ကျိယွီရှောင်က ချီစီဝမ်ထွက်သွားကြောင်း သေချာမှ ဘဲလ်တီးကာ စားပွဲထိုးကို ခေါ်လိုက်သည်။ ထို့နောက် လင်းလော့ချင်းအား မီနူးကမ်းပေးလိုက်၏။ 


လင်းလော့ချင်းက မီနူးကိုကြည့်ရင်း ဟင်းပွဲအချို့မှာလိုက်၏။ ထို့နောက် ကျီယွီရှောင် နှစ်သက်လောက်မည့် ဟင်းပွဲများကိုပါ မှာလိုက်သည်။ 


“ဒါနဲ့ဒါ … မင်းဒါကို ကြိုက်တယ်မဟုတ်လား … ” သူက ကျိယွီရှောင်ကို မေးလိုက်သည်။


ကျိယွီရှောင် အံ့အားသင့်သွား၏။ “မင်းဘယ်လိုလုပ်သိတာလဲ … ”


“မင်းဒီရက်ပိုင်းစားတာတွေကို ကြည့်ရင်းသိတာ … ” လင်းလော့ချင်း ဂုဏ်ယူစွာပြောလိုက်သည်။


“ရှောင်ယွီနဲ့ဖေးဖေးက ချိုတာတွေကိုကြိုက်တယ် … ငါတို့က စပ်တာတွေကိုကြိုက်တယ်လေ … မင်းက ချဉ်ချဉ်စပ်စပ်တွေကို ကြိုက်တာ …” 


ကျိယွီရှောင် ရယ်လိုက်၏။ “မင်းက အရမ်းအာရုံစိုက်တတ်တာပဲ ...”


“ဒါပေါ့ … ” လင်းလော့ချင်း လက်ဖက်ရည် လောင်းထည့်ပေးလိုက်၏။ “လက်ဖက်ရည်သောက်နော် … ဒါလေးကမဆိုးဘူး ...”


သူလက်ဖက်ရည် ထည့်ပေးပြီးချိန်၌ ကျွမ်းရွယ်က ခွက်ထိုးပေးလာ၏။ “မရီး … ကျွန်တော်လည်း လက်ဖက်ရည်ကြိုက်တယ် … ”


ကျိယွီရှောင် “……”


ကျိယွီရှောင်က ကျွမ်းရွယ်အား လက်ဖက်ရည်ခွက် ကမ်းပေးလိုက်သည်။ “ကိုယ့်ဟာကိုယ်ထည့် … ”


ကျွမ်းရွယ် သူ့အား မကျေမနပ်ကြည့်လိုက်၏။ “တွန့်တိုလိုက်တာ … မရီး ကတောင် ဘာမှမပြောတာကို မင်းက မပျော်တော့ဘူးလား ….”


ကျိယွီရှောင် မျက်ခုံးပင့်လိုက်၏။ “မင်းက မကျေနပ်ဘူးလား …”


ကျွမ်းရွယ် လက်ဖက်ရည်အိုးကိုသာ ကောက်ကိုင်လိုက်၏။ သူက မကျေနပ်ကြောင်း မပြရဲချေ။


သို့သော် …. 


သူက လင်းလော့ချင်းအား စိတ်ဝင်တစားကြည့်လိုက်သည်။ “မရီး … ကျွန်တော်တို့နဲ့ မူလတန်းတုန်းက အတူတူတက်ခဲ့တာလား … ”


လင်းလော့ချင်း ‘…ဒါက တကယ်ကြီး အရှက်ခွဲတာပဲ …’


လင်းလော့ချင်းက မူလကိုယ်၏ မူလတန်းကျောင်းနှင့် ကျိယွီရှောင်၏ မူလတန်းကျောင်းအား အမြန်စဉ်းစားလိုက်ရ၏။ သို့သော် မူလကိုယ်၌ မူလတန်းကျောင်းနှင့်ပတ်သက်၍ ထင်ရှားသော မှတ်ဉာဏ်မရှိပေ။ ကျိယွီရှောင်၏ မူလတန်းကျောင်းသည်လည်း ဝတ္ထုထဲ၌ ရေးသားထားခြင်းမရှိ။ သူ ဘယ်လောက်တွေးတွေး အဖြေထွက်မလာပဲ ဖြစ်နေ၏။ 


မူလကိုယ်၏ မိသားစု အခြေအနေအရ ကျိယွီရှောင်နှင့် မူလတန်းကျောင်းတူရန်မှာ မဖြစ်နိုင်ပေ။ သူက ထိပ်တန်းတော်ဝင်မိသားစုက သားလေ … ဟုတ်တယ်မလား … 


သူက ခေါင်းယမ်းလိုက်၏။ “မဟုတ်ပါဘူး ...”


“ဒါဆို မင်းက ယွီရှောင်နဲ့ ဘယ်လိုတွေ့တာလဲ … ” ကျွမ်းရွယ် သိချင်သွား၏။ 


ကျိယွီရှောင် လက်ကိုမြှောက်ကာ သူ့အား စိတ်ဝင်တစားကြည့်လိုက်သည်။ 


လင်းလော့ချင်း “……”


“ကံကြမ္မာကြောင့်ပဲပေါ့ … မင်းနဲ့မူလတန်းကျောင်းမတူပေမယ့် မင်းကို တွေ့ခဲ့ရတယ် … ”


ဘာဖြစ်လဲ … ခံစားချက်အပြည့်နဲ့ပြောရင် အားလုံးအဆင်ပြေတယ် … 


အသေအချာပင် ဖြစ်၏။ ကျွမ်းရွယ်က လက်ခံသွားပြီး တိတိကျကျ ထပ်မမေးတော့။ 


“မရီး … မင်းက အရမ်းအံ့ဩစရာကောင်းတာပဲ … ဘုရားရေ … ဆယ့်ငါးနှစ်ဆိုတာ အရမ်းကြာတယ် မဟုတ်လား ...”


လင်းလော့ချင်း မျက်နှာပေါ်၌ ရှက်ရွံ့သည့် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ “ငါ သူ့ကိုချစ်မိနေတော့ ကြာလို့ကြာမှန်းတောင် မသိပါဘူး ... ”


ကျွမ်းရွယ်၏ မျက်လုံးများ တောက်ပလာပြီး ကျိယွီရှောင်အား မနာလိုစွာ ကြည့်လိုက်၏။


ကျိယွီရှောင် ရယ်ကာ တွေးလိုက်မိသည်။ ‘မှန်တယ် … မင်းအရမ်းတော်တာပဲ … မင်းပြောသမျှ အားလုံးက အမှန်တွေလိုပဲ … ဒီလိုပဲ ဖြစ်နေရမယ် … ’


ဝေ့ကျွင်းဟယ် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။ “ဒါဖြင့် ဒီလက်ဖက်ရည်ခွက်ကို ဝိုင်အဖြစ် သတ်မှတ်ရအောင် … ကျွန်တော် ခင်ဗျားတို့နှစ်ယောက် နှစ်တစ်ရာတိုင် ပေါင်းဖက်ရပါစေလို့ ဆန္ဒပြုပါတယ် ...”


“ကျေးဇူးပါ … ” လင်းလော့ချင်း အပြုံးဖြင့် တုံ့ပြန်လိုက်၏။ 


သူက ကျိယွီရှောင်ကို ကြည့်လိုက်၏။ ကျိယွီရှောင်က သူ၏ လက်ဖက်ရည်ခွက်ကို ပျင်းရိဟန်ဖြင့် မကာ အားလုံး၏ လက်ဖက်ရည်ခွက်နှင့် ထိလိုက်ပြီး လက်ဖက်ရည်အားလုံး မော့သောက်လိုက်သည်။ 


ဟင်းပွဲများက လျင်မြန်စွာ ရောက်ရှိလာ၏။ လင်းလော့ချင်းက ညစာလျှော့စားခဲ့သည့် အလျှောက် မြိန်ယှက်စွာ စားသောက်တော့သည်။ ဤနေရာရှိ အချိုပွဲများသည်လည်း အလွန်ကောင်းမွန်၏။ လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီအတွက် ပါဆယ်ထုပ်သွားရန်ပင် တွေးနေမိသည်။ 


ကျိယွီရှောင်က အချိုပွဲထုပ်များကို ကူညီသယ်ဆောင်ပေး၏။ သူက အိတ်များကို လက်မောင်းကြားညှပ်၍ ကားတွင်းသို့ သယ်လာလိုက်သည်။ 


သူတို့အားလုံးက အတူတကွ ထွက်လာကြသည်။ သို့သော် ဟိုတယ်၏ ရှေ့နားသို့ရောက်ချိန်၌ စားပွဲလွတ်တစ်ခုတွင် ထိုင်နေသည့် အမျိုးသားတစ်ဦးနှင့် လင်းလော့ချင်းတို့ အကြည့်ချင်းဆုံသွား၏။ 


လင်းလော့ချင်း တောင့်ခဲသွားသည်။ သူသတိပြန်ဝင်လာချိန်၌ ထိုအမျိုးသားက သူနှင့်ကျိယွီရှောင်အား ခြေဆုံးခေါင်းဆုံး အကဲခတ်နေပြီဖြစ်သည်။ 


‘သေစမ်း ငါတို့ဘယ်လိုဖြစ်ပြီး ဒီမှာလာဆုံတာလဲ … ’ လင်းလော့ချင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။ 


သို့သော် တစ်ဖက်လူက သူ့အား အာရုံမစိုက်ချေ။ သူက မူလကိုယ်ကို အမြဲလိုလို လျစ်လျူရှုလေ့ရှိ၏။ 


လင်းလော့ချင်းက ဝှီးချဲလ်ကိုတွန်းကာ သူ့ကို ဖြတ်ကျော်လာ၏။ 


ထိုလူက မရေရာသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေသော်လည်း ဘာမှမပြောခဲ့ချေ။ 


လင်းလော့ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ တော်သေးတယ် … သူက မူလကိုယ်ကို မကြိုက်ခဲ့ပေလို့ပဲ … 


သူက ကောင်းကင်ဘုံအား ကျေးဇူးတင်နေစဉ်မှာပင် တစ်ဖက်လူ၏ အသံကို ကြားလိုက်ရ၏။ 


“မင်းကို ဒီရက်ပိုင်း ဘာလို့ မမြင်မိပါလိမ့်လို့ တွေးနေတာ … မင်းက မစ္စတာကျိကို ဖက်တက်သွားတာပဲ … လင်းလော့ချင်း … မင်းစိတ်က တကယ့်ကို အပြောင်းအလဲမြန်တာပဲနော် … ”


လင်းလော့ချင်း “……”


အားလုံး၏ မျက်လုံးများ သူ့ထံကျရောက်လာသည်ဟု လင်းလော့ချင်း ခံစားလိုက်ရသည်။ 


သူက ကျိယွီရှောင်အား ငုံ့ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်ကလည်း သူ့ကိုကြည့်နေ၏။ 


“ငါရှင်းပြပါ့မယ် … ” လင်းလော့ချင်း တီးတိုးပြောလိုက်သည်။ 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “ငါမင်းကိုယုံတယ် ...”


သူက နှစ်သိမ့်သည့်အနေဖြင့် လင်းလော့ချင်း၏ လက်ကို အသာအယာပုတ်လိုက်သည်။ ထို့နောက် ဝှီးချဲလ်ကိုလှည့်၍ သူ့အနောက်မှလူကို လှည့်ကြည့်လိုက်၏။ 


တစ်ဖက်လူ လှည့်ကြည့်လာသည်ကို မြင်လိုက်ချိန်၌ ထန်းခိုက်ပြုံးလိုက်သည်။ သူ့ရည်ရွယ်ချက်မှာ အောင်မြင်သွ

ားလေပြီ။ 


သူက ကျိယွီရှောင်ထံ လျှောက်လာရင်း လက်ကမ်းလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ … ကျွန်တော်က ထန်းခိုက်ပါ … ”


ကျိယွီရှောင် မျက်လွှာပင့်ကြည့်ရင်း ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ “မင်းရဲ့ကြက်ခြေထောက်ကို ပြန်ရုတ်လိုက်စမ်း … မျက်စိစပါးမွှေးစူးလိုက်တာ … ”


ထန်းခိုက် “……”  


မျက်တောင်တစ်ခတ်အတွင်း ထန်းခိုက်အမူအရာက မှောင်မဲသွား၏။