အခန်း၂၅
Viewers 28k

Chapter 25

Chapter 25


လင်းဖေးအံ့အားသင့်သွားသည်။ သူ၏ မျက်တောင်ရှည်များက လှုပ်ခတ်သွားပြီး အတန်ကြာ တိတ်ဆိတ်သွား၏။


လင်းလော့ချင်းက ကလေးငယ်အား ပွေ့ဖက်ရင်း ကောင်တာပေါ်ရှိ ကံကောင်းမှုလွှဲပြောင်းသည့် ပုတီးလုံးများကို ကြည့်လိုက်သည်။ အတန်ကြာရွေးချယ်ပြီးနောက် ကျားပုံသဏ္ဍာန် ပုတီးလုံးလေးအား ညွှန်ပြလိုက်၏။ 


“ဒီတစ်ခု ဘယ်လိုနေလဲ … ကျားဆိုတာ ရာနဲ့ချီတဲ့သားရဲတွေရဲ့ ဘုရင်ပဲ … သားကြီးလာရင် ဒီလိုစွမ်းအားကြီးလာမယ်လို့ ဦးဦးယုံတယ် …” 


လင်းဖေးက ကျားကို စိုက်ကြည့်လိုက်သည်။ ကျားပေါ်တွင် ဘုရင်ဟူသည့် စာလုံးတစ်လုံး ရေးထွင်းထား၏။ သူက လင်းလော့ချင်းကို လှည့်ကြည့်ရင်း တွေးလိုက်သည်။ ‘သူငါ့ကို အင်အားကြီးကြီးနဲ့ ကြီးလာစေချင်တာများလား … ’


သူက ကျားတစ်ကောင်လို အင်အားကြီးလာမယ်လို့ ဦးဦးက ယုံတယ်ပေါ့ … 


တကယ်ကြီး …. 


လင်းလော့ချင်းစိတ်ထဲမှာ သူက ဒီလိုဖြစ်နေတာလား .. 


လင်းဖေး မသေချာချေ။ 


သူက လင်းလော့ချင်းကို ကောင်းစွာသိသည်ဟု ယုံကြည်ထားသော်လည်း တစ်ခါတစ်ရံ လင်းလော့ချင်းအား လုံးဝမသိတော့သလို ဖြစ်နေ၏။ 


‘ငါငယ်သေးလို့နေမှာပါ …’ လင်းဖေး တွေးလိုက်သည်။ ‘အသက်ကြီးလာရင် ပိုပြီးနားလည်လာမယ်ထင်တယ် …’


သူက ခေါင်းညှိတ်ရင်း ခပ်တိုးတိုး အသံပြုလိုက်၏။ 


လင်းလော့ချင်း သူ့အား ကျားတစ်ကောင်အဖြစ် ကြီးပြင်းလာမည်ဟု ယုံခြင်းမယုံခြင်းသည် အရေးမကြီးချေ။ သူ ကြီးပြင်းလာချိန်၌ မည်သူ့ကိုမှ မှီခိုစရာမလိုအပ်ရန်သာ မျှော်လင့်မိသည်။ 


လင်းဖေး သဘောတူကြောင်း မြင်လိုက်သည်နှင့် လင်းလော့ချင်းက ကောင်တာနောက်ရှိ အမျိုးသမီးအား ကျားပုံသဏ္ဍာန် ပုတီးလုံးအား ပြသပေးရန် ပြောလိုက်၏။ 


သူက ပုတီးလုံးနှစ်ခုလုံးကို အနာအဆာ ရှိမရှိ စစ်ဆေးလိုက်သည်။ ထို့နောက် အမျိုးသမီးထံ ကမ်းပေးလိုက်၏၊ “ကြိုးအနက်ရောင်နဲ့ ကျစ်ပေးပါ ...”


“ဟုတ်ကဲ့ … ”


အလုပ်သမားက ပိုက်ဆံတွက်ပေးသည့်အခါ လင်းလော့ချင်း လန်းဆန်းသော အမူအရာဖြင့် ကဒ်နှင့်ရှင်းလိုက်၏ ထို့နောက် လင်းဖေးနှင့်အတူ ပန်းသွားဝယ်ရန် အသင့်ပြင်လိုက်သည်။ 


သူတို့ ပန်းဝယ်ပြီး ပြန်လာချိန်၌ လက်ပတ်ကြိုးများသည်လည်း အသင့်ဖြစ်နေလောက်မှာပင်။ 


“သားက ဘာပန်းလိုချင်လဲ … ” လင်းလော့ချင်း လင်းဖေးကို မေးလိုက်သည်။ 


လင်းဖေးက တောက်ပစွာ ခင်းကျင်းထားသည့် ပန်းနှင့်ပန်းအိုးများကို ကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “သားလည်းမသိဘူး … ”


လင်းလော့ချင်း သူ့ကိုကူညီလိုက်သည်။ “ကောင်းပြီ … ကြက်သွေးရောင်လီလီရယ် … နှင်းဆီပန်းရယ် … နေကြာပန်းရယ် … ရွက်လှပန်းရယ် ရှိတယ် … ”


လင်းဖေးမျက်ဝန်းများက ပန်းအိုးများထံ ဝေ့ဝဲသွား၏။ ထို့နောက် ဆူးပင်ထံ လျှောက်သွားလိုက်သည်။ 


လင်းလော့ချင်း သူ့ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်၏။ “ဆူးပင်ကို ကြိုက်တာလား … ”


လင်းဖေး ဆူးပင်၏ ဆူးကို ထိကြည့်လိုက်သည်။ ၎င်းက အပ်တစ်ချောင်းကဲ့သို့ ချွန်မြနေ၏။ 


သူက ဆူးပင်ကိုတစ်လှည့် အပင်စိုက်ထားသည့် အနီရောင်ပန်းအိုးကို တစ်လှည့်ကြည့်လိုက်၏။ ထို့နောက် ခေါင်းမော့ကာ လင်းလော့ချင်းအား မေးလိုက်သည်။ “သား ယူလို့ရလား … ”


“ရတာပေါ့ … ” လင်းလော့ချင်းက ဘာမှမပြောချေ။ “ဒါက သားအတွက် လက်ဆောင်လေ … သားကြိုက်နေသရွေ့ အဆင်ပြေတယ် … နောက်ထပ်လိုချင်သေးလား … ”


လင်းဖေး ခေါင်းယမ်းလိုက်သည်။ “တစ်ခုဆိုရပြီ ...”


သူက ပန်းအိုးတစ်ခုသာ လိုအပ်တာဖြစ်သည်။ ဆူးပင်တစ်ပင်နှင့် ပန်းအိုးက သူ့အတွက် အဆင်ပြေ၏။ 


လင်းဖေးသည် ရောင့်ရဲတတ်ကြောင်း လင်းလော့ချင်း ခံစားလိုက်ရသည်။ 


သူက လင်းဖေးလက်တွင်းရှိ စိမ်းလန်းသော ဆူးပင်ကို ကြည့်လိုက်သည်။ ၎င်း၏ ဆူးများက ရှည်လျားပြီး မာကျောသော်လည်း လက်ကို အနာတရဖြစ်စေသည်အထိ ထက်မြခြင်းမရှိပေ။ 


၎င်းက အရွယ်မရောက်သေးသည့် လင်းဖေးနှင့်တူ၏၊ 


“ကောင်းပြီလေ … ယူလိုက်တာပေါ့ ...”


သူစကားပြောပြီးသည်နှင့် ခဏတွေးကာ လင်းဖေးကို အဆိုပြုလိုက်၏။ “ရှောင်ယွီ့အတွက်လည်း တစ်အိုးဝယ်ရအောင် … သားတို့နှစ်ယောက် အတူတူ ကြီးပြင်းလာသလိုမျိုး အပင်နှစ်ပင်ကိုလည်း အတူတူ ပျိုးထောင်ပေးပေါ့ ...”


လင်းဖေး ခဏတွေးပြီး ခေါင်းညှိတ်လိုက်သည်။ 


လင်းလော့ချင်းက ညှင်သာစွာ ပြောလိုက်သည်။ “ဒါဖြင့် သူ့ဖို့ပါ တစ်အိုးရွေးလိုက်နော် … အပြန်ကျ သားသူ့ကို ပေးလိုက်ပေါ့ … ”


လင်းဖေး မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူ၏ ဆူးပင်လေးအား အတန်ကြာ စိုက်ကြည့်နေမိ၏။ သူက လှပပြီးချစ်စရာကောင်းသည့် ဆူးပင်လေးကို ရွေးလိုက်သည်။ 


သူက ထိုဆူးပင်လေးကို သူမူလရွေးထားသည့် ဆူးပင်နံဘေးတွင် ထားလိုက်၏။ ထို့နောက် လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။ 


လင်းလော့ချင်းက ပြော၏။ “အရမ်းချစ်စရာကောင်းတာပဲ … ”


လင်းဖေးမျက်နှာထက်တွင် အလင်းတန်းများ ဖြတ်ပြေးသွား၏။ ဆူးပင်လေးနှစ်ပင်ကို ငေးကြည့်ရင်း သူ့နှလုံးသားသည်လည်း ပျော်ရွှင်ကာ စိတ်သက်သာရာ ရလာသည်။ 


သူက အထီးကျန်သလို မခံစားရတော့သလို အထီးကျန်စွာ ကြီးပြင်းလာမည်ကိုလည်း စိတ်ပူရန် မလိုအပ်တော့။ သူက သူ့ကမ္ဘာထဲတွင် အေးအေးချမ်းချမ်းနှင့် အရွယ်ရောက်လာမည်ကို အလိုရှိခဲ့ဖူး၏။ 


သို့သော် ကျီလဲ့ယွီအား သူ ငြင်းဆန်မည်မဟုတ်ချေ။


သူ့အတွက် ချစ်စရာကောင်းပြီး အပြုအမူကောင်းရှိသော ရွယ်တူကလေးတစ်ဦးနှင့် ခေါင်မိုးတစ်ခုအောက်တွင် အတူတကွနေထိုင်ရသည်မှာ ပထမဆုံးဖြစ်၏။ ကျီလဲ့ယွီက အလွန်ကောင်းမွန်ပြီး သူတို့နှစ်ဦး လိုက်ဖက်ညီသည်ဟု သူထင်မိသည်။


ကျီလဲ့ယွီ သူ့အား သဘောကျစရာမလိုအပ်ချေ။ သူ့အပေါ် မမုန်းတီးသရွေ့ အဆင်ပြေနေပြီဖြစ်သည်။ 


အကျဉ်းချုပ်ဆိုရပါက လင်းဖေး၏ လိုအပ်ချက်များသည် အလွန်တင်းတိမ်လွယ်လှ၏။ သူက တစ်ဖက်လူ၏ နှစ်သက်ခြင်းကို မလိုအပ်သလို တစ်ဖက်လူကိုလည်း လွယ်လွယ်နှင့် နှစ်သက်လေ့မရှိချေ။ 


လင်းလော့ချင်းက ဆူးပင်များအတွက် ငွေရှင်းလိုက်ပြီး အိတ်နှင့်ထုပ်ပိုးစေ၏။ လင်းဖေးက ထိုပန်းအိုးနှစ်ခုကို သယ်ဆောင်လာသည်။ လင်းလော့ချင်းက သူ၏ လက်သေးသေးလေးများကို ကြည့်ရင်း ကျီလဲ့ယွီ၏ ပန်းအိုးအား ကူသယ်ပေးလိုက်၏။ ထို့နောက် ရှောပင်းမောလ်အတွင်းသို့ လင်းဖေးနှင့်အတူ ပြန်လာလိုက်သည်။


အရောင်းကောင်တာရှိ အမျိုးသမီးက လက်ပတ်ကြိုးများကို ကျစ်ပြီးပြီဖြစ်သည်။ သူတို့ပြန်လာသည်ကို တွေ့သောအခါ လက်ပတ်ကြိုးများပါသည့် ဘူးများကို ကမ်းပေးလိုက်သည်။


 “ဒါကို အခု ဝတ်သွားချင်လား …”


လင်းလော့ချင်း လင်းဖေးကို ကြည့်လိုက်၏။ 


လင်းဖေးက ဘူးအတွင်းရှိ ကျားပုံလက်ပတ်ကြိုးလေးကို ငုံ့ကြည့်နေသည်။ 


သူက ထိုလက်ပတ်ကြိုးလေးကို အလွန်နှစ်သက်ပုံပေါ်၏။ ဘူးအတွင်းရှိ လက်ပတ်ကြိုးအား ထိရန်ပင် လက်လှမ်းလိုက်သည်။ သို့သော် သူက ခေါင်းယမ်းလိုက်ပြီး လင်းလော့ချင်းအား ထိုလက်ပတ်ကြိုးကို မဝတ်ဆင်ခိုင်းခဲ့ချေ။ 


“အိတ်ထဲပဲ ထည့်လိုက်ပါ … ” လင်းလော့ချင်း အလုပ်သမားကို ပြောလိုက်သည်။ 


“ဟုတ်ကဲ့ … ”


လင်းဖေးက ဘူးများအတွင်းရှိ ကံကောင်းမှု လွှဲပြောင်းပေးသော လက်ပတ်ကြိုးများကို ငုံ့ကြည့်နေဆဲပင်။ သူက သူ၏ သူ၏ ကျားပုံပုတီးလုံးလေးနှင့် ကျီလဲ့ယွီ၏ ငါးကလေးအား ငေးကြည့်နေ၏။ 


လင်းလော့ချင်း သူ့ဘေးတွင် ရပ်လိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားကာ ရုတ်တရက်ရယ်မောလိုက်၏။ 


“ငါ တကယ့်ကို ကြောင်ကြီးနဲ့ ငါးလေး အတွဲလိုက် ရွေးခဲ့မိတာပဲ … ကြောင်ကြီးက ငါးလေးကို စားတော့မယ် … ”


လင်းဖေးက သံသယအပြည့်ပါဝင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်သည်။ 


“ကျားတွေက ကြောင်ကြီးတွေလေ … ” လင်းလော့ချင်းက ရှင်းပြသည်။ 


“ကြောင်တွေက ငါးကိုစားတယ်ဆိုတော့ ကြောင်ကြီးတွေကလည်း ငါးကိုစားမှာပေါ့ … ”


လင်းဖေး ခေါင်းညှိတ်လိုက်၏။ “အိုး ...”


“ဒါပေမယ့် မင်းရှောင်ယွီ့ကို မစားရဘူးနော် … ” လင်းလော့ချင်း သူ့ဦးခေါင်းလေးအား ထိလိုက်ပြီး ကိုယ်ကိုကိုင်းလိုက်၏။ 


“ရှောင်ယွီနဲ့ ကောင်းကောင်းနေရမယ် ...”


လင်းဖေး “……”


လင်းဖေး အကူအညီမဲ့သလို ခံစားလိုက်ရ၏။ “သားကဘာလို့ သူ့ကိုစားရမှာလဲ … ”


သူက လင်းလော့ချင်းကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်။ 


“လူအချင်းချင်း စားလို့မှမရတာ ...”


လင်းလော့ချင်းက ထိုကဲ့သို့ကလေးဆန်သည့် စကားလုံးများကို အလေးအနက်ပြောနေပုံအား ကြည့်ရင်း ပြုံးလိုက်မိ၏။ 


“သားက အများကြီးသိတာပဲ ….”


လင်းဖေးက မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြသော်လည်း ကြိတ်၍ဂုဏ်ယူသွား၏။ ‘ဒါပေါ့ …’


ဝန်ထမ်းက ဘူးနှစ်ဘူးလုံးကို အိတ်ထဲထည့်ပေးလိုက်သည်။ လင်းလော့ချင်းသည်လည်း လင်းဖေးကို ခေါ်ကာ ရှောပင်းမောလ်အတွင်းမှ ထွက်လာခဲ့၏။ 


သူက တက္ကစီစောင့်နေရင်း အတွေးတစ်ခုပေါ်လာပြီး လင်းဖေးကိုမေးလိုက်သည်။


 “ငါက ရှောင်ယွီ့အပေါ် အရမ်းကောင်းလွန်းတယ်လို့ မင်းထင်လား … ”


လင်းဖေးက ဘာ့ကြောင့်မေးမှန်း မသိဟန်ဖြင့် ဦးလေးဖြစ်သူအား မော့ကြည့်လိုက်၏။ 


“နှစ်ရက်အတွင်း ငါက ဦးဦးကျိနဲ့လက်ထပ်တော့မှာ … ဒီတော့ ရှောင်ယွီ့အဖေ ဖြစ်လာတော့မယ်လို့ သတ်မှတ်လို့ရတယ် ...” 


လင်းလော့ချင်း၏ အသံက ကလေးများနှင့် စကားပြောချိန်တိုင်း နူးညံ့သွားလေ့ရှိ၏။ သူက သူ၏ခံစားချက်များကို စကားလုံးအချို့နှင့် ရှင်းရှင်းလင်းလင်း ပြောပြလိုက်သည်။ 


“ဦးဦးက ဘယ်သူ့အဖေပဲဖြစ်ဖြစ် ဦးဦး သဘောအကျဆုံးကလေးက မင်းပဲ … နားလည်လား …”


လင်းဖေး၏ မျက်ဝန်းများက ရှုပ်ထွေးသွားပုံရ၏။ သူ ဘယ်လိုမှနားမလည်နိုင်ချေ။ သူက မည်ကဲ့သို့ လင်းလော့ချင်း အနှစ်သက်ဆုံးကလေး ဖြစ်နိုင်မည်နည်း။ 


လင်းဖေး၏ နားမလည်ဟန် မျက်ဝန်းများကို ကြည့်ရင်း သူတွေးနေသည့် ကိစ္စအား လင်းလော့ချင်း ချက်ချင်း ခန့်မှန်းမိလိုက်၏။ လင်းလော့ချင်းက အနည်းငယ် ရှက်သွားသည်။ “ဦးဦး အရင်က မင်းအပေါ် ကောင်းကောင်း မဆက်ဆံခဲ့တာ ဝန်ခံပါတယ် … ဒါပေမယ့် အခုကစပြီး ဦးဦးတို့က အနီးစပ်ဆုံးလူတွေပဲ … ဦးဦးက မင်းကို သဘောအကျဆုံးဖြစ်တာမို့လို့ အကောင်းဆုံး ဆက်ဆံပေးမှာ ...”


လင်းဖေးက ဘာမှမပြောချေ။ 


သူက ဆူးပင်လေးကို ကြည့်လိုက်သည်။ ဆူးပင်လေးက မကြီးထွားလာသေးချေ။ 


သူက အချိန်အကြာကြီး မျက်လွှာချနေပြီးနောက် နားလည်သည့် အသံပြုလိုက်၏။ 


လင်းလော့ချင်း ဘာမှထပ်မပြောတော့ချေ။ သူက လင်းဖေး အတွေးမလွန်စေရန်နှင့် ကျိလဲ့ယွီအား သူဘက်လိုက်သည်ဟု မထင်ရန်သာ မျှော်လင့်မိသည်။ သူပစ္စည်းဝယ်တိုင်း လင်းဖေးအတွက် တွေးပေးမှာဖြစ်၏။ 


ယခုမူ ကြည့်ရသလောက် လင်းဖေးက ထိုကိစ္စအား ဂရုမစိုက်ပုံပေါ်၏။ လင်းလော့ချင်း သူ့အား နှစ်သက်သည်ဟုလည်း သူ မမျှော်လင့်ထားချေ။ 


အား … မူလကိုယ်ကိုပဲ အပြစ်တင်ရမှာပဲ … အမှိုက်ကောင် … 


ကားရောက်လာသည့်အခါ လင်းဖေးက လင်းလော့ချင်းနှင့်အတူ ကားတွင်းသို့ဝင်လိုက်သည်။ 


လင်းလော့ချင်းက ကားထဲရောက်သည်အထိ လင်းဖေးအား ဖက်ထားဆဲဖြစ်၏။ လူလူချင်း ထိတွေ့မှုသည် ယုံကြည်မှုတိုးလာရာ၌ အရေးပါ၏။ လင်းဖေး ထိုပွေ့ဖက်မှုနှင့် အသားတကျဖြစ်လာပြီး သူ့အား ပိုမိုယုံကြည်လာရန် လင်းလော့ချင်းသည် ထိုနည်းလမ်းအား အသုံးပြုလေ့ရှိသည်။ 


လင်းဖေး ထိုအပြုအမူနှင့် အသားကျနေသော်လည်း လင်းလော့ချင်းအပေါ် ယခုထိတိုင် မယုံကြည်သေးချေ။ 


သူက အလွန်ထက်မြက်သည့် ကလေးတစ်ဦးဖြစ်ပြီး လက်ဆောင်ပေးခြင်းနှင့် နှစ်နှစ်ကာကာ သဘောကျခြင်းသည် မတူညီကြောင်း ကောင်းစွာသိရှိထားသူဖြစ်သည်။


သူက လင်းလော့ချင်း သူ့အပေါ် မနှစ်မြို့ကြောင်း တစ်ဖက်လူ၏ ဆူပူခြင်း၊ အထင်သေးခြင်းတို့မှတဆင့် နှစ်ဝက်ကြာ နားလည်ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် လင်းလော့ချင်းက သူ့ကို အနှစ်သက်ဆုံးဟူ၍ ပြောလာသည့်အပေါ် မယုံကြည်သည်မှာ သဘာဝကျ၏။


‘ဒါက ပြဿနာမရှိပါဘူး .. ’ လင်းဖေး တွေးလိုက်သည်။ ‘သူက ငါ့ကိုသဘောကျတယ် ပြောပေမယ့် ငါမှမယုံတာ … ဒီတော့ ဒီကိစ္စအတွက် အချိန်ဖြုန်းစရာ အကြောင်းမရှိပါဘူး … ’


သူတို့နှစ်ဦးက အိမ်သို့ ကားဖြင့် ပြန်လာကြသည်။ 


လင်းလော့ချင်းက ကျိယွီရှောင်၏ အိပ်ခန်းသို့သွားကာ လက်ပတ်ကြိုးကို သိမ်းလိုက်၏။ သူက ကျိလဲ့ယွီအား နောက်မှပေးရန် စီစဉ်ထားခြင်းဖြစ်သည်။ 


လင်းဖေးက လင်းလော့ချင်း၏ တိုက်တွန်းမှုကြောင့် ကျိလဲ့ယွီအခန်းတံခါးကို ခေါက်လိုက်၏။ ထို့နောက် ဆူးပင်ကို ပေးလိုက်သည်။ “မင်းအတွက် ...”


ကျိလဲ့ယွီ မျက်တောင်ခတ်လိုက်သည်။ ပယင်းရောင်မျက်ဝန်းများက လှပပြီးအပြစ်ကင်းနေ၏။ “သားအတွက်လား … ”


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ “ဦးဦး ဝယ်ခဲ့တာ …”


“အိုး … ” ကျိလဲ့ယွီ ပန်းအိုးကို လှမ်းယူလိုက်၏။ “ကျေးဇူးပါ ...”


“ရပါတယ် ...” လင်းဖေးက ပြောပြီးပြီးချင်း လှည့်ထွက်လိုက်သည်။ ကျိလဲ့ယွီကမူ ဆူးပင်ပေါက်လေးကို ကိုင်လျှက် နားမလည်ဟန်ဖြင့် ကျန်ခဲ့၏။ 


ဘာလို့ ဆူးပင်ပေးတာလဲ … ကျိလဲ့ယွီ နားမလည်နိုင်ချေ။ 


သူက စိတ်တိုတိုဖြင့် ဆူးပင်လေးအား စားပွဲထောင့်တွင် တင်ထားလိုက်၏။ ဘယ်သူက ဒီလိုဆူးပင်မျိုး ကြိုက်လို့လဲ … 


ဒီအပင်က ဆူးတွေဒီလောက်များတာ … ဘယ်သူက သတိလက်လွတ်သွားထိမှာလဲ … 


တုံးလိုက်တာ … 


ကျိလဲ့ယွီ ခေါင်းယမ်းလိုက်သည်။ သူက နှင်းဆီပန်းများကို နှစ်သက်၏။ နှင်းဆီပန်းများက ၎င်းတို့၏ ဆူးများကို လှပသော ပွင့်ချပ်များအောက်တွင် သိုဝှက်ထားလေ့ရှိသည်။ အဝေးမှကြည့်လျှင် လှပမှုကိုသာ တွေ့ရမှာဖြစ်၏။ သို့သော် ထိလိုက်မိသည်နှင့် ပန်းများ၏ ဆူးများနှင့် ထိုးစိုက်ခံရမှာပင်။ 


နှင်းဆီပန်းများက ဆူးပင်များထက် ပို၍ထက်မြက်သည်။ 


ကျိလဲ့ယွီ တက်ဘလက်ကိုယူကာ ကာတွန်းကား ဆက်ကြည့်နေလိုက်၏။ 


ခြောက်နာရီထိုးသောအခါ မစ္စကျန်းက ညစာပြင်ပြီးလေပြီ။ ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့က လင်းဖေး၊ ကျိလဲ့ယွီနှင့်အတူ ညစာစားကြ၏။ ထို့နောက် အပြင်ထွက်ရန် အချိန်နီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စတင်ပြင်ဆင်ကြတော့သည်။ 


လင်းလော့ချင်း ကျိလဲ့ယွီအား စိတ်ပူသွား၏။ လူကြီးနှစ်ဦးမရှိချိန်တွင် ကျိလဲ့ယွီသာ သူ၏ နတ်ဆိုးဆန်ဆန် နည်းလမ်းများကို ထုတ်ပြလာပါက မည်သို့ဖြစ်မည်နည်း။ သူက လင်းဖေးကို တိတ်တဆိတ်မှာကြားလိုက်၏။ 


“တစ်ခုခုဆို ငါ့ကိုဖုန်းဆက်လိုက်နော် … ”


သူက တီးတိုး ပြောလိုက်သေးသည်။ “ကြောင်ကြီးက ငါးလေးစားတာ မခံရစေနဲ့ … ”


လင်းဖေး အကူအညီမဲ့သလို ခံစားလိုက်ရ၏။ ကျိလဲ့ယွီလိုမျိုး ရွှေငါးလေးက သူ့ကို စားနိုင်မှာတဲ့လား … 


“သားက သူ့ကိုစားလိုက်မှာရော မစိုးရိမ်ဘူးလား … ”


“သားက အဲဒီ့လိုလုပ်မှာမဟုတ်ဘူး ...” လင်းလော့ချင်းက လင်းဖေးကို ယုံ၏။


 “သားက အရမ်းလိမ္မာတာ … ”


“သူလည်း လိမ္မာတာပဲလေ … ”


‘မျှော်လင့်ရတာပဲ … ’ လင်းလော့ချင်း တွေးလိုက်၏။ 


“ဘာပဲဖြစ်ဖြစ် သည်းမခံနဲ့နော် ….”


ထိုသို့ပြောပြီးသည်နှင့် လင်းဖေးခေါင်းကို ပုတ်ပေးကာ တံခါးထံလျှောက်သွားလိုက်သည်။ 


လင်းဖေးက သူထွက်သွားသည်ကို ကြည့်ပြီးနောက် စာအုပ်အား ပြန်ကြည့်လိုက်၏။ 


လင်းလော့ချင်းက အခန်းကိုပြန်ကာ အဝတ်အစားလဲပြီးနောက် ကျိယွီရှောင်ထံသို့ သွားလိုက်သည်။ 


ရှောင်လီက ကားအဆင်သင့် ထုတ်ထားပြီးပြီဖြစ်၏။ ကျိယွီရှောင်လာသည်ကို တွေ့သောအခါ သူက တံခါးဖွင့်ပေးလိုက်သည်။ 


လင်းလော့ချင်း ထိုအရာကို တွေ့ချိန်၌ သူ့ကိုမေးလိုက်၏။ “မင်း …”


ကိုယ့်ဟာကိုယ် ကားထဲဝင်မလား … ဒါမှမဟုတ် ငါမင်းကိုသယ်သွားပေးရမလား … 


ကျိယွီရှောင်က ဘာမပြောညာမပြောနှင့် လက်များကို ဆန့်တန်းလိုက်၏။ 


ရှောင်လီက ဝှီးချဲလ်ကိုသယ်ပေးရန် သူ့ထံလျှောက်လာ၏။ 


ကျိယွီရှောင်က သူ့အား လာရောက်ချီမသည်အထင်နှင့် လက်များကို ရွံရှာစွာ ပြန်ရုတ်လိုက်သည်။


 “မင်း မဟုတ်ဘူး … ”


ရှောင်လီ တွေးလိုက်သည်။ ‘…ကျွန်တော် ဝှီးချဲလ်ကို လာသယ်တာပါ … ဟုတ်ပြီလား … အဲ့လောက်ဖြစ်ပျက်ပြမနေစမ်းပါနဲ့ …. ’


လင်းလော့ချင်း ပြုံးလိုက်၏။ ကျိယွီရှောင်၏ စကားသံကို ကြားသောအခါ သူ့နှုတ်ခမ်းထောင့်များ တောင့်တင်းသွားသည်။ 


“မင်း ဘာလို့အဲဒီ့မှာရပ်နေတာလဲ … ရှောင်လီက မင်းထက်ပိုပြီးတက်ကြွသေးတယ် …”


လင်းလော့ချင်း “……”


လင်းလော့ချင်းက ကိုယ်ကိုကိုင်းလျှက် ကျိယွီရှောင်ကို ပွေ့ချီလိုက်သည်။ 


ရှောင်လီက ထိုအခွင့်အရေးကိုယူ၍ ဝှီးချဲလ်ကို ခေါက်ကာ ကျိယွီရှောင်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ‘မြင်ပြီလား … ကျွန်တော်က ဒါကိုယူမလို့ … ’


သူက ဝှီးချဲလ်ကို လက်မောင်းကြားညှပ်ကာ ကားထံသို့ ခေါင်းမော့၍ လျှောက်သွားလိုက်၏။ 


ကျိယွီရှောင် တွေးလိုက်သည်။ ‘…မဟုတ်သေးပါဘူး … ဘာလို့ ဝှီးချဲလ်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သယ်နေရတာလဲ … အဲဒါ မင်းမိန်းမမဟုတ်ဘူးလေ … ’


ကျိယွီရှောင်သည် သူ၏ဇနီးအား ဂုဏ်ယူစွာ တွဲခိုလိုက်သည်။ 


ကားက လျင်မြန်စွာ မောင်းနှင်သွား၏။ သူတို့က ချိန်းဆိုထားသည့် နေရာသို့ ၇နာရီခွဲတွင် ရောက်သွားကြသည်။