Chapter 24
လင်းလော့ချင်းက မစ္စကျန်း၏ နံနက်စာများဖြစ်သော အသားဆန်ပြုတ်ကို အရသာခံကာ စားသောက်လျှက်ရှိ၏။ သူက ချီးကျူးလိုက်သည်။ “တကယ် အရသာရှိတယ် ...”
“သခင်လေးလင်း သဘောကျရင် ကျွန်မမနက်ဖြန် နောက်ထပ်အရသာတစ်မျိုး ထပ်လုပ်ပေးမယ်လေ … ” မစ္စကျန်းက အပြုံးဖြင့်ကြည့်ရင်း ပြောလိုက်၏။
“ကောင်းပါပြီ … ” လင်းလော့ချင်း ပြန်ဖြေသည်။
သူက ဇွန်းကိုချကာ မတ်တပ်ရပ်လိုက်၏။ “ကျွန်တော် အစာကျေလေ့ကျင့်ခန်းလေး လုပ်လိုက်ဦးမယ် …”
ကျိယွီရှောင်က သံယောင်လိုက်လိုက်သည်။ “မအန်မိစေနဲ့နော် ...”
လင်းလော့ချင်း “……”
လင်းလော့ချင်း သူ့ကို လှည့်ကြည့်လိုက်၏။ “မင်းဒီမှာပဲ မလှုပ်မယှက်ထိုင်နေတော့မှာလား … ”
ကျိယွီရှောင် ခဏတွေးလိုက်ပြီး မသင့်တော်သလို ခံစားလိုက်ရသည်။
ထို့ကြောင့် သူက လက်ခုပ်တီးပေးလိုက်၏။ “ကြိုးစားထား … ”
“ဒါပဲလား … ”
“အချစ်ရဲ့စွမ်းအားတွေ လိုချင်လို့လား … ”
“အချစ်ရဲ့စွမ်းအားက ဘာလဲ … ” လင်းလော့ချင်း သိချင်သွား၏။
ကျိယွီရှောင်က တုတ်တုတ်ပင်မလှုပ်ချေ။ လင်းလော့ချင်းက တစ်ဖက်လူထံသို့ အမြန်လျှောက်သွားရင်း ကိုယ်ကိုကိုင်းကာ ကြည့်လိုက်၏။
ကျိယွီရှောင်က တစ်ဖက်လူ၏ လည်တိုင်ကို ဖိချလျှက် ဦးခေါင်းကို နိမ့်လာစေ၏။ ထို့နောက် သူ့နှုတ်ခမ်းပါးများဖြင့် လင်းလော့ချင်း၏ ပါးပြင်ကို ဖိကပ်လိုက်သည်။
လင်းလော့ချင်း “...”
လင်းလော့ချင်း မယုံနိုင်စွာဖြင့် ကိုယ်ကို ပြန်မတ်လိုက်သည်။
ကျိယွီရှောင်က သူ၏ ထိတ်လန့်နေသော အမူအရာကိုကြည့်ရင်း ခံစားချက်ကောင်းလာ၏။ “အခု မင်းအဲဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်သင့်ပြီ ...”
လင်းလော့ချင်း “……”
“သွားတော့လေ … ” ကျိယွီရှောင်က တံခါးသို့ မေးငေါ့ပြလိုက်သည်။
လင်းလော့ချင်း သူ့ကိုတစ်ချက်စိုက်ကြည့်ပြီး တံခါးထံသို့ လျှောက်သွားလိုက်၏။
နူးညံ့သောနေရောင်ခြည်က လင်းလော့ချင်း၏ ပါးပြင်ကို ပူနွေးလာစေသည်။ အထူးသဖြင့် ကျိယွီရှောင် နမ်းခဲ့သည့်နေရာက လောင်ကျွမ်းတော့မလိုပင်။
သူက ကျိယွီရှောင် နမ်းခဲ့သည့် နေရာအား ထိကြည့်လိုက်မိသည်။ တစ်ဖက်လူ ရုတ်တရက်နမ်းရသည့် အကြောင်းရင်းကို လင်းလော့ချင်း မည်သို့မှ နားမလည်နိုင်ချေ။
ကျိယွီရှောင် သူ့ကို ကြိုက်လာတာလား …
ဘာလို့ သူ့ကိုမကြိုက်ပဲ ရုတ်တရက်နမ်းရတာလဲ …
လင်းလော့ချင်းက မျက်နှာကို လက်ဝါးဖြင့် ဖိကပ်လိုက်ပြီး သံတံခါးထံသို့ လျှောက်သွားလိုက်၏။
ချီစီဝမ် သူ့အား မြင်သည့်အခါ ဒေါသဖြင့် မျက်နှာတစ်ခုလုံး မှောင်မဲသွားရသည်။ “ဘာလို့မင်းက ဒီရောက်နေတာလဲ .. ”
လင်းလော့ချင်း ကြောင်အသွား၏။ “ငါက သူ့ရဲ့လက်တွဲဖော်လေ … ငါတို့က မကြာခင်လက်ထပ်တော့မှာ … အတူတူနေတာ ဘာဆန်းလို့လဲ … ”
“မင်းအခုချိန်အထိ စိတ်ကူးယဉ်နေတုန်းလား … ငါလျှောက်မေးကြည့်ပြီးပြီ … ဘယ်သူမှ ဒီလက်ထပ်ပွဲအကြောင်း မသိကြဘူး … မင်းငါ့ကို လိမ်နေတာပဲ … ”
“…မင်းကိုယ်မင်း ဟုတ်လှပြီလို့ ထင်နေတာပဲ ...”
သူက ထိုသို့ပြောရင်း ပါးပြင်ကို အမှတ်တမဲ့ အုပ်ကိုင်လိုက်မိသည်။
“ဘာဖြစ်တာလဲ … ယွီရှောင်က မင်းကို ရိုက်လိုက်လို့လား … သူများမြင်မှာစိုးပြီး လိုက်ကာနေတာပေါ့လေ .. ”
“ဒါက …” လင်းလော့ချင်း ခေါင်းငုံ့လိုက်သည်။ သူ့မျက်နှာက အနီရောင်သမ်းသွား၏။
“ငါဒီကိုထွက်မလာခင် သူကငါ့ကို နမ်းလိုက်တယ်လေ … အဲဒါ မင်းကို ဒေါသဖြစ်စေမှာစိုးလို့ ငါက ကြင်ကြင်နာနာနဲ့ ဖုံးပေးထားတာ … ”
ချီစီဝမ်: “… ”
“မင်းဘာပြောတယ် … ”
“မင်းက အချိန်မှားပြီး ရောက်လာခဲ့တာပဲ ...” လင်းလော့ချင်း စိတ်ပျက်သလို ပြောလိုက်၏။
“ငါတို့က ခုမှနိုးတာလေ … မင်းကို ဖျော်ဖြေဖို့ အချိန်ရှိမှာတဲ့လား … အဲဒါကြောင့် မင်းကို စောင့်ခိုင်းထားကြတာ ...”
ချီစီဝမ် “…”
“ခုမှနိုးလာတယ်ဆိုတာ ဘာကိုပြောတာလဲ … မင်းတို့က အတူတူ အိပ်နေကြတာလား … ”
“မဟုတ်ပဲနေမလား … ” လင်းလော့ချင်းက အပြစ်ကင်းသလို ကြည့်လိုက်သည်။
“ငါတို့က ပူပူနွေးနွေးစုံတွဲတွေလေ … ငါတို့ အတူတူအိပ်လို့ မရဘူးလား … ”
ချီစီဝမ် ဒေါသတကြီးဖြစ်သွားသည်။ “ငါ ကျိယွီရှောင်နဲ့ တွေ့ချင်တယ် ...”
“မင်းသူနဲ့ တွေ့လို့မရဘူး … သူက အရမ်းပင်ပန်းနေတယ် … ” လင်းလော့ချင်းက ‘မင်းနားလည်ပါတယ် .’ ဟူသော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်။
ချီစီဝမ် ထိုလူအား စိုက်ကြည့်လိုက်၏။ အဝါရောင်ကားတစ်စီးက သူ့ခေါင်းပေါ်တွင် အချက်ပေးသံများဖြင့် ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်။
လင်းလော့ချင်းက ရှက်ရွံ့နေသော အမူအရာဖြင့် ရှင်းပြလာ၏။ “ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေလေ … ငယ်ရွယ်ချိန်မှာတော့ အဆုံးမရှိတဲ့ မီးတောင်ကြီးလိုပဲ … ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ … သူက မထိန်းချုပ်ခဲ့ဘူး …”
“သူ့ခြေထောက်တွေက ထိခိုက်ထားတာ … ” ချီစီဝမ်ဒေါသဖြင့် အော်လိုက်သည်။
“မထိန်းချုပ်နိုင်တာ ငါမဟုတ်ပါဘူးနော် … ” လင်းလော့ချင်း ပြန်ပက်လိုက်သည်။
“ငါတို့နှစ်ယောက်လုံးက ပူးပေါင်းခဲ့ကြတာ … ပြီးတော့ ဒါက အဲဒီ့လောက်လည်း မပင်ပန်းပါဘူး ...”
ချီစီဝမ် “………”
ချီစီဝမ်က ထိုလူကိုစိုက်ကြည့်ရင်း အံကြိတ်လိုက်သည်။ သို့သော် သူဘာမှ ပြန်မပြောနိုင်ချေ။
“ဘာမှမပြောတော့ဘူးဆိုရင် ငါအိမ်ထဲဝင်တော့မယ် … ” လင်းလော့ချင်းက ကြည်လင်စွာ ပြောလိုက်၏။ “ငါခုထိ ခါးနာနေတုန်းပဲ … သူ့ကို ပြန်နှိပ်ခိုင်းမှဖြစ်မှာ …”
ချီစီဝမ် “...”
“ဒါဆို သွားပြီနော် .. .” လင်းလော့ချင်း စကားဆုံးသည်နှင့် အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။
သူက လမ်းလျှောက်နေရင်း ခါးကို ဂရုတစိုက်ပွတ်သပ်ကာ ညည်းတွားလိုက်သေး၏။
“သူငါ့ကို တကယ်ကြီး အနိုင်ကျင့်တာပဲ ...”
ချီစီဝမ် “………”
ချီစီဝမ် စိတ်ဆိုးခြင်း၊ မုန်းတီးခြင်းနှင့် မတရားခြင်းကို တပြိုင်နက်ခံစားနေရသည်။ ကျိယွီရှောင်က လင်လော့ချင်းကို တကယ်ကြီးအဲဒီ့လိုလုပ်တယ်ပေါ့လေ …
သူက သူကျိယွီရှောင်အပေါ် အကြွင်းမဲ့ချစ်ခဲ့သော်လည်း ကျိယွီရှောင်၏ ရက်စက်မှုကိုသာ ပြန်ရလိုက်သဖြင့် အလွန်မုန်းတီးလာမိသည်။
ထို့နောက် ကားထံပြန်လှည့်ရင်း စတီယာတိုင်ကို ဒေါသတကြီးရိုက်လိုက်၏။
လင်းလော့ချင်း တံခါးမှ ဝင်လာချိန်တွင် ကျိယွီရှောင် ဧည့်ခန်းမှ ဆိုဖာပေါ်၌ ထိုင်နေသည်အား တွေ့လိုက်ရသည်။
“ပြီးပြီလား … ” သူက လင်းလော့ချင်းကို ခေါင်းမော့ကြည့်လိုက်၏။
“ပြီးပြီ ...” လင်းလော့ချင်း လက်များကို ခါလိုက်သည်။ “အသေးအဖွဲလေးပါ ...”
ကျိယွီရှောင် လက်ခုပ်တီးလိုက်၏။. “မိုက်တယ် … ”
လင်းလော့ချင်း အကူအညီမဲ့ဟန်ဖြင့် သူ့ထံချဉ်းကပ်လာသည်။ “မင်းအပေါ်ထပ်တက်ချင်လား … ငါဖေးဖေးကို သွားရှာလိုက်မယ် ...”
“မင်းတက်ချင်တက်နှင့်လေ … ငါခဏစာဖတ်လိုက်ဦးမယ် ...”
“ဒါဆို ငါ့အကူအညီမလိုဘူးပေါ့ … ”
“အွန်း … စကားမစပ် မင်းညကျ လုပ်စရာရှိလား … ” ကျိယွီရှောင်မေးလိုက်သည်။
“မရှိပါဘူး … ဘာဖြစ်လို့လဲ … ”
“ငါ့သူငယ်ချင်းတွေကို ညစာဖိတ်ကျွေးမလို့လေ … အဲဒါမင်းကိုပါ ခေါ်သွားမလို့ … ”
လင်းလော့ချင်း အတွေးများကို စုစည်းလိုက်၏။ ချီစီဝမ်က သူတို့၏ လက်ထပ်ပွဲအကြောင်း ဘာမှမသိခဲ့ဟု ဆိုခဲ့သည်။ ယခု သူသိရတော့မှာပင်။
“ဘယ်နှစ်ယောက်လဲ … ”
“ရှစ်ယောက်ကျော်လောက်ပေါ့ … ”
“အိုခေ … ” သူက ပြန်ပြောလိုက်သည်။ “ဒါဆို ငါအပြင်သွားလိုက်ဦးမယ် … ရှစ်နာရီမတိုင်ခင် ပြန်ခဲ့မယ် ...”
“ဒါဖြင့် ငါမင်းကို ရှောင်လီရဲ့နံပါတ်ပေးထားမယ် … ”
“အိုး … မလိုပါဘူး ....” လင်းလော့ချင်း အမြန်ငြင်းလိုက်၏။ သူက ကျိလဲ့ယွီအတွက် လက်ဆောင်သွားဝယ်ချင်တာ ဖြစ်သည်။ ရှောင်လီအား မြင်ခွင့်ပေး၍မဖြစ်ချေ။ ရှောင်လီက တစ်ခုခုပြောလိုက်ရင် ဘယ့်နှယ့်လုပ်မလဲ …
“ငါ ဒီကထွက်ပြီး တက္ကစီငှားလိုက်မယ် ...”
ကျိယွီရှောင် တွေဝေသွား၏။ “ရှောင်လီ မင်းကို ကားမောင်းပို့လို့မရဘူးလား …”
“ရပါတယ် … ဒီတိုင်း ငါက ကြိုးစားကြည့်ချင်ရုံပါ … ” လင်းလော့ချင်းက ပြောသည်။
“ရှောင်လီ ခွင့်ယူရင် ဖေးဖေးကို တက္ကစီနဲ့ ကျောင်းလိုက်ပို့ရမှာမဟုတ်လား ...”
ကျိယွီရှောင်က ရှောင်လီ ခွင့်ယူလျှင်ပင် ကျိလဲ့ယွီ၏ ဒရိုင်ဘာရှိကြောင်းနှင့် တက္ကစီငှားရန် မလိုအပ်ကြောင်း ပြောလိုက်ချင်၏။ သို့သော် လင်းလော့ချင်း ကြိုးစားချင်သည့် ကိစ္စအား သူက မတားလိုချေ။ ကျိယွီရှောင် ခေါင်းသာညှိတ်လိုက်သည်။
“ကောင်းပြီလေ … မင်းအောင်မြင်ဖို့ ငါမျှော်လင့်တယ် … ”
“အေး … ”
လင်းလော့ချင်းက သူ့အရှေ့ရှိလူကို ကြည့်ကာ မေးလိုက်သည်။ “မင်း စာကြည့်ခန်းထဲသွားဖို့ ငါ့အကူအညီမလိုတာ သေချာလား … ”
“အင်း … မင်းဖေးဖေးကို ရှာလိုက် … ငါဒီမှာခဏနေဦးမယ် ...”
“ကောင်းပြီ ...” လင်းလော့ချင်း အကြောဆန့်လိုက်ပြီး လှေကားထံဦးတည်လိုက်သည်။
သူ၏ ပါးလွှာသော ကျောပြင်ပေါ်သို့ နေရောင်ခြည် အမြောက်အများ ကျဆင်းလျှက်ရှိ၏။ ကျိယွီရှောင် သူ့ကို စိုက်ကြည့်လိုက်သည်။ ထိုလူက အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး နူးညံ့ကာ စဉ်းစားပေးတတ်လွန်းသည်။
၎င်းက စုံစမ်းထားသည့် အချက်များနှင့် ကွာဟလွန်း၏။ ကွဲပြားသော လူနှစ်ဦးကဲ့သို့ပင်။
လင်းလော့ချင်းက နေ့လည်စာစားနေစဉ် အပြင်သွားရန် ပြောလာသဖြင့် လင်းဖေးအံ့အားသင့်သွားသည်။ “သားတို့ ဘယ်သွားမလို့လဲ …”
“ဈေးဝယ်ထွက်မလို့ … ” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။
လင်းဖေးက တစ်ခွန်းသာပြန်မေးလိုက်၏။ “သားလည်း လိုက်ရမှာလား … ”
“ဒါပေါ့ … ” လင်းလော့ချင်း သူ့မျက်နှာလေးကို ဖျစ်ညှစ်လိုက်၏။
“သားက ဦးဦးရဲ့ကလေးလေးလေ … သားလည်း ဦးဦးနဲ့ လိုက်ရမှာပေါ့ … ”
လင်းဖေးသက်ပြင်းချကာ ကံကြမ္မာကို လက်ခံလိုက်၏။. “ကောင်းပါပြီ … ”
လင်းလော့ချင်းက ယပ်တောင်ပုံ စာရင်းအင်းဆိုင်ရာ ဇယားကိုကြည့်လိုက်၏။ လင်းဖေးက လက်ရှိကိုယ်နှင့် ပတ်သတ်၍ မတူညီသည့် ခံစားချက်များ ရှိလာပြီဖြစ်သည်။
သူတို့၏ တူဝရီးအချစ်က စတင်အသက်ဝင်လာပြီ ဖြစ်၏။
“ဖေးဖေးက တော်လိုက်တာ … ဖေးဖေးကို အရမ်း သဘောကျတာပဲ ...” သူက လင်းဖေးထံချဉ်းကပ်၍ ပုခုံးကိုနဖူးနှင့်မီလိုက်သည်။
လင်းဖေး နောက်သို့ကိုယ်ကိုရို့ကာ သူ့အား ပြန်တွန်းလိုက်၏။
နေ့လည်စာစားပြီးနောက် ကျိယွီရှောင်က စာရွက်စာတမ်းများကို ကိုင်တွယ်ရန် ပြင်လိုက်သည်။ ကျိလဲ့ယွီက အခန်းထဲတွင် ပြန်အိပ်နေပြီး လင်းလော့ချင်းကမူ လင်းဖေးနှင့်အတူ အပြင်ထွက်သွား၏။
ရာသီဉတုက ကောင်းမွန်လျှက်ရှိသည်။ နေသာနေသော်လည်း ပူပြင်းခြင်းမရှိချေ။ သူတို့နှစ်ဦးက တက္ကစီငှားရမည့်နေရာသို့ မရောက်ခင် သစ်ပင်အရိပ်များကိုခို၍ လမ်းလျှောက်လာခဲ့ကြ၏။
လင်းလော့ချင်း သူ့နာရီကိုကြည့်ကာ ပြောလိုက်သည်။ “မိနစ်လေးဆယ်တောင်ရှိပြီ...”
‘ဒီမှာ အကြာကြီးစောင့်နေရသလိုပဲ … ’ လင်းဖေး တစ်ကိုယ်တည်းတွေးလိုက်သည်။
သူက လမ်းအကျယ်ကြီးကို ဘယ်ညာကြည့်လိုက်၏။ တစ်လမ်းလုံး ကိုယ်ပိုင်ကားများသာ ရှိနေသည်။
တက္ကစီငှားရန် လွယ်မည့်ပုံမရချေ။
ကလေးတစ်ဦးဖြစ်သော လင်းဖေးပင် မြင်နိုင်သည်ဖြစ်ရာ လင်းလော့ချင်းသည်လည်း ထိုအချက်ကို တွေးခဲ့ပြီးသားဖြစ်သည်။
သူက ထိုနေရာတွင် အကြာကြီးစောင့်နေရင်း ဖြတ်သွားဖြတ်လာတက္ကစီများကို အားထား၍မဖြစ်ကြောင်း ခံစားမိလာ၏။ ထို့ကြောင့် သူက အက်ပ်တစ်ခုနှင့် ချိတ်ဆက်လိုက်သည်။
မိနစ်သုံးဆယ်အကြာ၌ သူတို့ရှေ့သို့ တက္ကစီတစ်စီး ရပ်လာ၏။
“ဘယ်သွားမလို့လဲ … ” ဒရိုင်ဘာက မေးလိုက်သည်။
လင်းလော့ချင်းသည် ကားထဲသို့ ဝင်ထိုင်လိုက်ရင်း လင်းဖေးကို သူ့လက်မောင်းကြားထည့်ကာ ပြောလိုက်၏။
“မြို့လယ်ကို ...”
ဒရိုင်ဘာက ကားကို အရှိန်တင်ကာ မြို့လယ်သို့ ဦးတည်လိုက်သည်။
လင်းဖေးက လင်းလော့ချင်းနှင့်အတူ ကားတွင်းသို့ဝင်၍ ရှော့ပင်းမောလ်ထံ လိုက်ပါလာ၏။ ကျောက်မျက်ရတနာ အရောင်းဆိုင်ရှေ့တွင် ရပ်လိုက်သည့်အခါ လင်းလော့ချင်း ဝယ်ချင်သည့်အရာမှာ ကျောက်စိမ်းအဆောင်တစ်ခု ဖြစ်ကြောင်း လင်းဖေးသိလိုက်၏။
သူက လင်းလော့ချင်းကို ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်သည်။
လင်းလော့ချင်းက သူ့ကိုချီကာ အရောင်းကောင်တာရှေ့ ထိုင်ခုံပေါ်သို့ တင်ပေးလိုက်သည်။ “ဘယ်ဟာကြိုက်လဲ … ”
“သားမှာရှိတယ် … ” လင်းဖေးက ပြန်ဖြေ၏။ “ဦးဦးကျိ သားကိုတစ်ခုပေးထားတယ် ...”
“ဦးဦးကလည်း သားဖို့နောက်တစ်ခု ဝယ်ပေးမယ်လေ ....”
လင်းဖေးတကယ်ကြီး မလိုချင်ပေ။ “သားမှာရှိပြီးသား ...”
သူ့တွင် ကျောက်စိမ်းအဆောင် ရှိသဖြင့် နောက်တစ်ခုမလိုချင်။
လင်းဖေး၏ မျက်ဝန်းများတွင်းရှိ ပြတ်သားမှုကို လင်းလော့ချင်း မြင်လိုက်ရ၏။ သူက လင်းဖေးအား ရွှေအရောင်းကောင်တာထံ ချီသွားလိုက်သည်။
“ဒါဖြင့်ငါမင်းကို ကံကောင်းမှုလွှဲပေးတဲ့ ပုတီးလုံးလေး ဝယ်ပေးမယ် … ဒီလိုဆို လက်ပတ်လုပ်ဝတ်လို့ ရတယ်လေ … ”
“ကံကောင်းမှု လွှဲပြောင်းတယ်ဆိုတာ ဘာလဲ … ” လင်းဖေး သူ့ကိုမေးလိုက်သည်။
လင်းလော့ချင်းက ကောင်တာပေါ်ရှိ အရွယ်အစားအမျိုးမျိုးရှိသော ပုတီးလုံးလေးများကို ညွှန်ပြလိုက်၏။ “ဒါလေ … မင်းဒါကိုဝတ်လိုက်ရင် ပိုပြီးကံကောင်းလာလိမ့်မယ် …. ”
လင်းဖေးမယုံချေ။ သူ့မျက်လုံးများ၌ မယုံကြည်မှု ၃၀ ရာခိုင်နှုန်းနှင့် သံသယ ၃၀ ရာခိုင်နှုန်းတို့ ပြည့်နှက်နေ၏။
“ဝတ်ကြည့် … ” လင်းလော့ချင်းကပြောသည်။ “တစ်ခုရွေးလေ ...”
“သားမလိုချင်ဘူး … ” လင်းဖေး တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
“မင်းမကြိုက်ဘူးလား … ”
လင်းဖေး ခေါင်းယမ်းလိုက်သည်။
“ဒါဖြင့် ဘာလို့လဲ …”
လင်းဖေးက တီးတိုးပြောသည်။ “မလိုအပ်ဘူးလေ ...”
“ဘာလို့ မလိုအပ်တာလဲ … ဦးဦးကျိက မင်းအတွက် လက်ဆောင်ပေးတယ်လေ … ဦးဦးလည်း လက်ဆောင်ပေးချင်တာပေါ့ … ”
လင်းလော့ချင်း မတရားခံရသလို ဟန်ဆောင်လိုက်သည်။ “မင်းမတရားဘူး … ဦးဦးကျိပေးတဲ့ လက်ဆောင်ကျ ယူချင်တယ် … ဦးဦးပေးတာကျ မလိုချင်ဘူး … ဦးဦး အရမ်းဝမ်းနည်းတာပဲ ...”
လင်းဖေး “……”
လင်းဖေးက တစ်စုံတစ်ခု ပြန်ပြောချင်သော်လည်း ဘာမှမပြောနိုင်ခဲ့ချေ။ သူက ခေါင်းငုံ့ကာ ကံကောင်းမှုလွှဲပေးသည့် ပုတီးလုံးလေးများကို ကြည့်လိုက်သည်။
လင်းလော့ချင်းသည်လည်း ခေါင်းငုံ့ပြီး လိုက်ကြည့်လိုက်၏။ သူက ကျီလဲ့ယွီအတွက် တစ်ခုပေးချင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုပါက ကျီလဲ့ယွီနှင့်လင်းဖေးတို့၌ ဆင်တူလက်ဆောင်များ ရှိကြလိမ့်မည်။
လင်းဖေးက တစ်ခုချင်းစီ လိုက်ကြည့်ပြီးနောက် ပုတီးလုံးတစ်ခုကို ညွှန်ပြလိုက်၏။ “ငါးလေး ...” (ကျီလဲ့ယွီရဲ့ ယွီက ငါးလေးလို့ အဓိပ္ပာယ်ရပါတယ် )
လင်းလော့ချင်းသည်လည်း လိုက်ကြည့်လိုက်သည်။ ၎င်းက အမှန်တကယ် ငါးပုံစံလေးဖြစ်သည်။
သူက ကောင်တာနောက်ရှိ အမျိုးသမီးအား ငါးပုံသဏ္ဍာန် ပုတီးလုံးလေးကို ထုတ်ယူပေးရန် ပြောလိုက်၏။ ထို့နောက် လင်းဖေးနှင့်အတူ ဂရုတစိုက်ကြည့်လိုက်သည်။
“ချစ်စရာလေး … ဒါပေမယ့် ဒါက ရှောင်ယွီနဲ့ပိုပြီး မလိုက်ဘူးလား ... ဦးဦးကျိက မင်းအတွက် လက်ဆောင်ဝယ်ပေးထားတော့ ဦးဦးလည်း ရှောင်ယွီ့အတွက် လက်ဆောင်ဝယ်ပေးမှကောင်းမယ် ထင်တယ် ...”
လင်းဖေး ခေါင်းညှိတ်လိုက်သည်။
“ဒါဖြင့် တစ်ခုထပ်ရွေးလေ … ရှောင်ယွီနဲ့မင်းနဲ့ကို တစ်ယောက်တစ်ခုစီ ဝယ်ပေးမယ် ...”
လင်းလော့ချင်း သူ့ခေါင်းသူထိလိုက်၏။ “တွေ့လား … ဦးဦးက တရားတယ် ...”
လင်းဖေး “……”
လင်းဖေးက သူ့အရှေ့ရှိ ပုတီးလုံးများကို ကြည့်လိုက်သည်။ သို့သော် နောက်တစ်ခု မရွေးနိုင်ပဲ ဖြစ်နေ၏။
သူက ကံကောင်းမှုလွှဲပြောင်းပေးသည့် ပုတီးလုံးများ မလိုချင်ပေ။
သူ ပန်းအိုးကိုပဲလိုချင်သည်။ ဒန်ဒလီယန် များ စိုက်နိုင်မည့် ပန်းအိုးမျိုးဖြစ်၏။
“တခြားဟာပေးလို့မရဘူးလား … ” လင်းဖေး သူ့ကိုကြည့်လိုက်သည်။ “သား ဒါမလိုချင်ဘူး … တခြားဟာပြောင်းပေးပါလား … ”
“သားက ဘာလိုချင်လို့လဲ … ” လင်းလော့ချင်း သိချင်သွား၏။ လင်းဖေး တစ်စုံတစ်ခု လိုချင်သည်မှာ ရှားပေသည်။
“ပန်းအိုးလိုချင်တယ် … ” လင်းဖေးက အလေးအနက်ပြန်ဖြေ၏။ “အကြီးကြီး မဟုတ်ပါဘူး … ခပ်သေးသေးပါပဲ ...”
လင်းလော့ချင်း အံ့အားသင့်သွား၏။ “ပန်းစိုက်ချင်လို့လား … ”
လင်းဖေး ခေါင်းယမ်းလိုက်သည်။
သူက ပန်းမစိုက်ချင်ပေ။ ပန်းအချို့ရှိသည့် ပန်းအိုးကိုသာ အလိုရှိခြင်းဖြစ်၏။
လင်းဖေး ပန်းစိုက်ချင်လိမ့်မည်ဟု လင်းလော့ချင်းသည်လည်း မျှော်လင့်မထားခဲ့ချေ။
လင်းဖေးက သူ၏ နှစ်သက်မှုများကို ဖုန်းကွယ်ထားလေ့ရှိ၏။
“ကောင်းပြီလေ … ” သူက လင်းဖေးကို ပြန်ပြောလိုက်သည်။ “ဦးဦးမင်းအတွက် ပန်းဝယ်ပေးမယ် … ကြိုက်တဲ့ပန်းကိုသာဝယ် … ”
“ကျေးဇူးပါ ….”
“ကျေးဇူးတင်စရာမလိုပါဘူး … ” သူက လင်းဖေး၏ ဦးခေါင်းကို ထိလိုက်သည်။
“ဒါပေမယ့် ပန်းကသက်သက် ကံကောင်းမှု လွှဲပေးတဲ့ ပုတီးလုံးက သပ်သပ်ပဲ … လဲစရာမလိုပါဘူး ...”
သူက လင်းဖေးကိုကြည့်ရင်း နူးညံ့စွာပြောသည်။ “လက်ဆောင်ဆိုတာ ကန့်သတ်မထားဘူးလေ …ဦးဦးက သားကိုသဘောကျလို့ လက်ဆောင်အများကြီး ပေးချင်တယ် … ဒါ့ကြောင့် သားအားလုံးယူလို့ရတယ် ...”