အခန်း၂၃
Viewers 25k

Chapter 23

Chapter 23


လင်းလော့ချင်းက သူ့မျက်နှာသူ အုပ်ထားလိုက်၏။ “မင်း … ပါးစပ်ပိတ်ထား ….”


“ဘာလို့လဲ … မင်းက ဘာလို့ရှက်နေတာ … ” ကျိယွီရှောင်က သူ့ကို အဆက်မပြတ် စနောက်နေသည်။ 


“မင်းပဲရှက်နေတာ … မင်းတို့ တစ်မိသားစုလုံးပဲ ရှက်နေတာ … ” လင်းလော့ချင်း ရှက်လည်းရှက် စိတ်လည်းဆိုး ဖြစ်သွားသည်။ 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။. “ဒါပေါ့ … မင်းက ငါ့ဇနီးဆိုတော့ ငါ့မိသားစုပဲလေ … ”


လင်းလော့ချင်း “...”


“ငါတို့က လက်မထပ်ရသေးဘူးလေ … ” လင်းလော့ချင်း မျက်နှာနီလာသည်။ 


“မကြာခင် လက်ထပ်မှာပဲကို ...” ကျိယွီရှောင် သူ့မျက်နှာသူ ကုတ်လိုက်၏။ 


“ပိတ်ရက်ပြီးတာနဲ့ တနင်္လာနေ့မှာ ဗျူရိုက ပြန်ဖွင့်မှာပဲလေ … ငါတို့ လက်ထပ်မှတ်ပုံတင်ကြတာပေါ့ ...”


လင်းလော့ချင်း “...”


“ချက်ချင်းကြီး … ”


“ဒါပေါ့ … မင်းမပျော်ဘူးလား … မင်းရဲ့နတ်ဘုရားနဲ့အတူ ဘုရားကျောင်းထဲကို ဝင်ရမှာနော် ...”


‘…ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါ … ငါဒီအိပ်ရာပေါ်ကနေ ထွက်ပြေးချင်လာပြီ …” 


လင်းလော့ချင်း ခြုံစောင်ကိုမကာ အိပ်ရာပေါ်မှ ထွက်ရန်ပြင်လိုက်သည်။ ရလဒ်အနေဖြင့် ကျိယွီရှောင်က လက်ကို ဆန့်တန်းလိုက်သည်ဖြစ်ရာ တစ်ဖက်လူ၏ လက်မောင်းများအတွင်း ကျရောက်သွားတော့၏။ 


“ဘာဖြစ်တာလဲ …” လင်းလော့ချင်း ဝေခွဲမရဖြစ်သွားသည်။ 


“မင်းဆံပင် …” ကျိယွီရှောင်သူ့ကို သတိပေးလိုက်၏။ 


လင်းလော့ချင်း သူ့ဆံပင်သူ ထိကြည့်လိုက်ချိန်တွင် ကျိယွီရှောင် ကပ်ခဲ့သော မှတ်စုကို တွေ့လိုက်ရသည်။ မှတ်စုပေါ်တွင် လက်ရေးခပ်သော့သော့များဖြင့် စာနှစ်လုံးရေးထားသည်။


 “ဝက်ပျင်း”


လင်းလော့ချင်း : “……”


လင်းလော့ချင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ခေါင်းလှည့်လိုက်ရင်း တစ်ဖက်လူ၏ မျက်နှာပေါ်တွင် ကပ်လိုက်သည်။


 “မင်းပဲ ဝက်ပျင်း … မင်း လူညာကောင် … ဘာလို့ ဒီလောက်ထိကလေးဆန်ရတာလဲ … ”


ကျိယွီရှောင်ရယ်လျှက် မှတ်စုအား ဆုတ်ဖြဲလိုက်သည်။ “အခု ဒါက ကလေးဆန်မှန်း မင်းသိပြီမဟုတ်လား … ဒါဖြင့် ငါမနေ့ညက အိပ်ပျော်နေတုန်း ဘာလို့ တိတ်တိတ်လေးလာကပ်သွားသေးလဲ …” 


“မင်း ဒါကိုဘယ်လိုတောင် ပြောထွက်တာလဲ …” လင်းလော့ချင်း အိပ်ချင်စိတ်ပြယ်သွား၏။


 “မင်းပြောတော့ ငါသရုပ်ဆောင်တာကို ကြည့်မယ်ဆို … ပြီးလည်းပြီးရော မင်းအိပ်ပျော်သွားတယ်လေ … ငါသရုပ်ဆောင်တာက အရမ်းပျင်းဖို့ကောင်းနေလို့လား … ဒါမှမဟုတ် မင်းက ငါ့ရဲ့ ပရိတ်သတ်အတုကြီးလား … ငါသရုပ်ဆောင်တိုင်း မင်းအိပ်ပျော်သွားတာပဲ …” 


“မဟုတ်ပါဘူး … မင်းရဲ့ သရုပ်ဆောင်စကေးက သေချာပေါက်တိုးတက်လာတာပေါ့ …. ဒီအတိုင်း ဆက်ကြိုးစားသွား …” 


လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်၏။ 


ကျိယွီရှောင် သူ့ထံချဉ်းကပ်လာပြီး ချော့ရန်ကြိုးစားသည်။ 


“တကယ်ပြောတာ … မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တိုးတက်လာပါတယ် … ငါက သရုပ်ဆောင်စွမ်းရည်နဲ့ ပတ်သက်ပြီး သေချာသိတယ်လေ …” 


လင်းလော့ချင်း မျက်ခုံးပင့်လိုက်သည်။ “ငါအဲဒါကို ယုံမယ်လို့ မင်းထင်နေတာလား … ”


“ယုံပါကွာ ...” ကျိယွီရှောင် သူ့အား သွေးဆောင်ရန် ကြိုးစားလိုက်သည်။


 “မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က လုံးဝမကောင်းဘူးလို့ တကယ်ပဲ ထင်နေတာလား … ”


လင်းလော့ချင်း “……”


“ဒါ့ကြောင့် ယုံစမ်းပါ … မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းတယ် … ငါက ပြဿနာဖြစ်နေတာ … ”


“တကယ်လား … ” လင်းလော့ချင်း သံသယဝင်နေဆဲပင်။ 


ကျိယွီရှောင် ခေါင်းညှိတ်လိုက်၏။ “တကယ် .”


“ငါဆက်ပြီး သရုပ်ဆောင်လို့ရလား … ”


“ရတာထက် ပိုတာပေါ့ … .” သူက အလွန်ရိုးစင်းလွန်းသည်ဟု ကျိယွီရှောင်ခံစားလိုက်ရသည်။


 “မင်းက အကောင်းဆုံး သရုပ်ဆောင်ဆုတောင် ရနိုင်တယ် …ရှင်းရီရဲ့ ပထမဆုံး ရုပ်ရှင်ဘုရင်တောင် ဖြစ်လာမှာ … ”


လင်းလော့ချင်း ထိုစကားကြောင့် ပျော်ရွှင်သွား၏။ “ငါအနားမယူခင်အတွင်း ဖြစ်လာမယ့်ကိစ္စပါပဲ …”


“မင်းက အရမ်းစွမ်းအားကြီးတယ် … ငါ့စိတ်ထင် မင်းဒီသံသရာထဲက မထွက်ခင် ဆုတစ်ချို့ ဆွတ်ခူးနိုင်မှာပါ … ”


လင်းလော့ချင်း ပြုံးကာ မတ်တပ်ရပ်လိုက်သည်။ “ငါမျက်နှာသွားသစ်တော့မယ် …”


“သွားလေ … ” ကျိယွီရှောင် အပြုံးနှင့်ဆို၏။ 


သူက လင်းလော့ချင်း ရေချိုးခန်းသို့ နှေးတုံ့တုံ့ဖြင့် ဦးတည်လိုက်သည်ကို ငေးကြည့်နေသည်။ ထို့နောက် မှတ်စုစာရွက်ကို ကြည့်ရင်း ပြုံးလိုက်မိ၏။ 


ကျိယွီရှောင် အံဆွဲကို ဖွင့်လိုက်သည်။ လင်းလော့ချင်း သူ့နဖူးပေါ်တွင် ကပ်ခဲ့သော မှတ်စုစာရွက်နှင့် သူ့ လက်ပေါ်ရှိ မှတ်စုစာရွက်ကို အတူတူကပ်လိုက်၏။ 


လင်းလော့ချင်း ကိုယ်လက်ဆေးကြောပြီး ရေချိုးခန်းတွင်းမှ ထွက်လာချိန်တွင် တစ်ဖက်လူက အိပ်ရာထကာ ဝှီးချဲလ်ပေါ်တွင် ထိုင်နေပြီဖြစ်သည်။ 


သူက ဝှီးချဲလ်အား ရေချိုးခန်းအတွင်းသို့ တွန်းပေးလိုက်၏။ ထို့နောက် သွားတိုက်တံပေါ်သို့ သွားတိုက်ဆေးညှစ်ပေးကာ ရေပိုက်ခေါင်းကို ဖွင့်၍ ခွက်နှင့်ရေထည့်ပေးလိုက်သည်။ 


ကျိယွီရှောင် “……”


“ဖေးဖေးကိုလည်း အခုလို လုပ်ပေးနေကျလား … ”


“အင်း ...” လင်းလော့ချင်း ခေါင်းညှိတ်လိုက်ပြီးနောက် သူ၏လက်များ တောင့်ခဲသွား၏။ 


ကျိယွီရှောင်သည် လင်းဖေးမဟုတ်ပေ။ သူ၏ အောက်ပိုင်းက မသန်စွမ်းဖြစ်နေသော်ငြား သူက တစ်စုံတစ်ဦးကို မှီခိုရန် မလိုအပ်။


ထို့ကြောင့် သူက ကိုယ်ကိုလှည့်လိုက်ပြီး ရေခွက်ကို ကျိယွီရှောင်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ “မင်းဟာမင်းယူ ...”


ကျိယွီရှောင် ရုတ်တရက် ရယ်မောတော့၏။


“မင်းဘာလို့ရယ်နေတာလဲ … ” လင်းလော့ချင်း နှုတ်ခမ်းစူကာ အပြင်သို့ထွက်လာပြီး တံခါးပြန်ပိတ်လိုက်သည်။ 


ကျိယွီရှောင် ကိုယ်လက်သန့်စင်ပြီးချိန်၌ သူတို့နှစ်ဦးက အခန်းတွင်းမှ ထွက်လာကြ၏။ 


လင်းလော့ချင်းက ကျိယွီရှောင်အား ကလေးနှစ်ဦးနေထိုင်သည့် အိမ်ဘက်သို့ တွန်းလိုက်သည်။ ကျိယွီရှောင်က တံခါးကိုဖွင့်ကာ ကျိလဲ့ယွီကိုမေးလိုက်၏။


 “မနက်စာ စားပြီးပြီလား … ”


ကျိလဲ့ယွီခေါင်းညှိတ်လိုက်သည်။ “ကိုကိုလင်းဖေးလည်း စားပြီးပြီ ...”


ကျိယွီရှောင် အံ့ဩသွား၏။ “မင်းနဲ့ ကိုကိုလင်းဖေးတို့ အတူတူစားကြတာလား … ”


ကျိလဲ့ယွီက ပျော်ရွှင်စွာပြန်ဖြေသည်။ 


သူက အရမ်းတော်တယ် မဟုတ်လား … လင်းဖေးသာ သူနဲ့အတူ မနက်စာမစားရင် သေချာပေါက် လင်းလော့ချင်းကို သွားရှာမှာလေ … ဒီလိုဆို သူ့အဒေါ်နဲ့ ဦးလေးတို့ အိပ်နေတာကို အနှောင့်အယှက်ပေးရာမကျဘူးလား … 


ကျိလဲ့ယွီ ထိုသို့ကိစ္စမျိုးကို ခွင့်မပြုနိုင်ပေ။ သူ၏ ဦးလေးက နောက်ကျမှ အိပ်ရာထနိုင်သည့် အခွင့်အရေး များများစားစားမရှိ။ ထို့ကြောင့် ဦးလေးဖြစ်သူ၏ အိပ်စက်ခြင်းအား မည်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုနိုင်ချေ။ 


ထို့ကြောင့် သူက လက်ဦးမှုရယူခဲ့သည်။ လင်းဖေး၏ တံခါးကို ညှင်သာစွာတွန်းဖွင့်ရင်း မေးခဲ့ခြင်းပင်။


 “ကိုကို … မနက်စာစားကြမလား … ”


လင်းဖေးက အခြားလူများကို အနှောင့်အယှက်ပေးလေ့ မရှိပေ။ အိပ်ရာနိုးလာသည့်နောက် ကိုယ်လက်သန့်စင်၍ မပြီးပြတ်သေးသော ဝတ္ထုတစ်ပုဒ်ကို စာကြည့်စားပွဲ၌ ထိုင်ဖတ်နေခဲ့သည်။ 


သူက တစ်ဖက်လူ၏ ပိုင်နက်ထဲတွင် ရှိနေခြင်းဖြစ်ရာ သတိကြီးကြီးထားလျှက် ရှိ၏။ ထိုသို့မဟုတ်ပဲ ရေခဲသေတ္တာထံပြေးသွားကာ သူ မစားသင့်၊ မထိသင့်သည့် တစ်စုံတစ်ခုကို စားခဲ့ထိခဲ့မိပါက မလိုလားအပ်သော ပြဿနာများ ယူဆောင်လာပြီးဖြစ်လိမ့်မည်။ 


သူစာအုပ်ဖတ်နေစဉ် တံခါးဖွင့်သံအား ကြားလိုက်ရ၏။ ထို့နောက် ခေါင်းသေးသေးလေးတစ်ခု ထွက်လာကာ ခပ်တိုးတိုးမေးလာသည်။ “ကိုကို … မနက်စာစားကြမလား …”


လင်းဖေးက ကျိလဲ့ယွီအား ကြည့်လိုက်၏။ မနေ့ညက လင်းလော့ချင်းထံမှ ကျိလဲ့ယွီ၏ မိဘများအကြောင်း ကြားခဲ့ရသဖြင့် လင်းဖေး သူ့အပေါ် အနည်းငယ် သနားနေမိသည်။ ထို့ကြောင့် သူက မငြင်းပဲ ခေါင်းညှိတ်လိုက်၏။ 


“ကျေးဇူးပဲ ...”


ကျိလဲ့ယွီ ပြုံးလိုက်သည်။ သူ့မျက်ဝန်းများက မိုးရွာပြီးထွက်ပေါ်လာသည့် သက်တန့်သဖွယ် ကွေးညွှတ်သွား၏။ “သားနောက်လိုက်ခဲ့နော် … အတူတူစားရအောင် ...”


လင်းဖေး မတ်တပ်ထကာ အခန်းတွင်းမှ ထွက်လာ၏။ 


ကျိလဲ့ယွီက ညှင်သာစွာပြောလိုက်သည်။ “ပါပါးနဲ့ ဦးဦးက အိပ်နေကြတုန်းဆိုတော့ သားတို့ သူတို့ကို မစောင့်တော့ဘူး ...”


“ကောင်းပြီလေ … ” လင်းဖေး ပုံမှန်အတိုင်းပြန်ဖြေလိုက်၏။ 


တစ်ဖက်လူ၏ တည်ငြိမ်သော အမူအရာကြောင့် ကျိလဲ့ယွီ အံ့အားသင့်သွားသည်။ သူက အမြဲလိုလို အေးစက်ပြီး ထူးမခြားနား နေတတ်သည့် လင်းဖေးကို ကြည့်လိုက်သည်။ 


ထူးဆန်းလိုက်တာ ... သူက ဦးဦးအနားမှာပဲ ကပ်နေတာ မဟုတ်ဘူးလား … ကျိလဲ့ယွီ တွေးလိုက်၏။ 


လင်းဖေး ဒီလိုမျိုးလုပ်နေတာက သူ့ကို သဘောမကျတာကြောင့်များလား … 


မဖြစ်နိုင်တာ … 


ကျိလဲ့ယွီက သူ၏ အသွင်အပြင်ကို အလွန်အလေးထားသည်။ သူက သန့်စင်ပြီး အပြစ်ကင်းသော ပုံရိပ်ရှိ၏။ သူ၏ မျက်နှာသွင်ပြင်များသည် နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ တောက်ပနေပြီး သူ့မျက်လုံးများက နွေဦးသဖွယ် ကြည်လင်နေလေ့ရှိသည်။ မည်သူမဆို သူက ရိုးရှင်း၊ ချစ်စရာကောင်း၍ အပြစ်ကင်းသည်ဟု တွေးကြမှာပင်။ 


သို့သော် လင်းဖေးက သူ့အား ချစ်စရာကောင်းသည်ဟု ထင်ပုံမရ။ 


သူ လင်းဖေးကို ကြည့်လိုက်သည့်အခါ လင်းဖေးက အတွေးနက်နေဟန်ဖြင့် သူ့အား ကြည့်လာခြင်း မရှိချေ။ 


ထိုစဉ် လင်းဖေးက သူ့လက်မောင်းကိုဆွဲ၍ သတိပေးလာ၏။ “ဂရုစိုက်လေ ....”


ထိုအခါမှသာ သူက လှေကားထိပ်သို့ ရောက်နေကြောင်း ကျိလဲ့ယွီ သတိပြုမိသွားသည်။ 


“အိုး ..” သူက ခြေထောက်ကို အမြန် ပြန်ရုတ်လိုက်၏။ 


လင်းဖေး မေးလိုက်မိသည်။ “မင်းဘာလို့ ငါ့ကိုကြည့်နေတာလဲ … ”


“ကိုကိုက ကြည့်ကောင်းလို့ … ” ကျိလဲ့ယွီ ပြုံးလိုက်သည်။ 


လင်းဖေးက လွန်ခဲ့သည့် ရက်များအတွင်း လင်းလော့ချင်းကြောင့် ခံနိုင်ရည်ရှိနေပြီဖြစ်၏။ 


ချီးမွမ်းမှုသာ အာဟာရဖြစ်စေပါက သူ အစာစားရန်ပင် လိုအပ်တော့မှာ မဟုတ်ပေ။ အဆုံးသတ်၌ လင်းလော့ချင်းက သူ့အား တစ်နေ့လျှင် သူ၏ ရုပ်ရည်နှင့် စိတ်ထားကိုလိုက်၍ အကြိမ်သုံးရာကျော် ချီးကျူးလေ့ရှိသည်။ 


‘ဖေးဖေး … အရမ်းချစ်ဖို့ကောင်းတာပဲ’ ‘ဖေးဖေး … တကယ့်ကိုခန့်ညားတာပဲ’


ထို့ကြောင့် လင်းဖေး ခေါင်းညှိတ်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။ “ကျေးဇူးပါ ...”


ကျိလဲ့ယွီ “……”


ထိုလူမှာ ထူးဆန်းလှသည်။ ချီးကျူးခံရချိန်တွင်ပင် မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ တကယ်ဆို သူလည်း သူ့ကို(ကျိလဲ့ယွီ) ပြန်ချီးမွမ်းသင့်တယ် မဟုတ်လား … 


ဘာလို့ ကျေးဇူးတင်တယ်လို့ပဲ ပြောရတာတုန်း …


သူက အောက်ထပ်သို့ ဆင်းလာပြီး မစ္စကျန်းလုပ်ပေးသည့် မနက်စာကို လင်းဖေးနှင့် အတူစားသောက်လျှက် တစ်ဖက်လူ၏ အမူအရာအား ဆက်လက်အကဲခတ်နေ၏။ 


ရလဒ်အနေဖြင့် လင်းဖေး၏ ရေကဲ့သို့ တည်ငြိမ်သော အမူအရာကိုသာ မြင်တွေ့လိုက်ရသည်။


ကျိလဲ့ယွီ ထူးဆန်းသလို ခံစားလိုက်ရသည်။ လင်းဖေးက စကားလည်းမပြော၊ ရယ်လည်းမရယ်သလို သူ၏ ဦးလေးကိုလည်း ဂရုမစိုက်ချေ။ သူက အလွန်ထူးဆန်းလှသည်။ 


အဆုံးသတ်တွင် ကျိလဲ့ယွီကိုလည်း ခင်မင်ခြင်းမရှိ။


မူကြိုတွင် ကျိလဲ့ယွီသည် ‘မူကြို၏ အတော်ဆုံးကျောင်းသား + အခန့်ညားဆုံးကောင်လေး + အလှဆုံးကောင်မလေး ’ စသည့်ဂုဏ်ပုဒ်များ ရရှိထားသူဖြစ်သည်။ သူ့အား တစ်စုံတစ်ဦးက အရေးမစိုက်ခြင်းမှာ ဤသည်က ပထမဆုံးဖြစ်၏။ တစ်ဖက်လူမှာ အလွန်ထူးဆန်းသည်ဟု ကျိလဲ့ယွီ ခံစားနေရသည်။ 


“ဒီတော့ မင်းနဲ့ ရှောင်ယွီတူတူမနက်စာစားခဲ့တာလား … ” လင်းလော့ချင်း လင်းဖေးကို မေးလိုက်သည်။ 


လင်းဖေးခေါင်းညှိတ်၏။ “ဟုတ်ကဲ့ … ”


“ကြည့်ရတာ မင်းတို့နှစ်ယောက် အဆင်ပြေနေတဲ့ပုံပဲ … ”


“အဆင်ပြေပါတယ် ….” 


လင်းလော့ချင်း လင်းဖေး၏ ဆံစများကို ပွတ်သပ်လိုက်သည်။ “တော်တယ် ...”


လင်းဖေးနှင့် ကျိလဲ့ယွီတို့ မနက်စာစားပြီးပြီ ဖြစ်ရာ လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ နှစ်ဦးသာ မနက်စားစားရတော့၏။ 


လင်းလော့ချင်း စားသောက်နေစဉ် တံခါးဘဲလ်သံကြားလိုက်ရသည်။ 


မစ္စကျန်းက ပြော၏။ “ကျွန်မသွားကြည့်လိုက်ပါ့မယ် ...”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ 


မစ္စကျန်း မကြာခင်ပြန်လာ၏။ “အဲဒါက မစ္စတာချီပါ ...”


လင်းလော့ချင်း ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ‘ဝိုး … ချီစီဝမ် မဟုတ်လား … သူက မင်းအိမ်အထိ လိုက်လာတာလား .. ’


တစ်ဖက်လူ၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်ရင်း ကျိယွီရှောင် ပြောစရာစကားမရှိ ဖြစ်သွား၏။ “သူဘယ်သူလဲ မင်းသိလား …”


“သူက မင်းကို ကြိုက်နေတာလေ … ”


“မင်းဘယ်သူလဲရော မင်းသိလား … ”


“မင်းနဲ့ တနင်္လာနေ့ကျရင် လက်ထပ်မှတ်ပုံတင်သွားလုပ်မယ့် သတို့သားလောင်း … ”


“ဒီတော့ ခုလိုအခြေအနေမျိုးမှာ မင်းမျက်လုံးတွေက ကြေးခေါင်းလောင်းတွေလို တောက်ပနေတာ ဖြစ်သင့်ရဲ့လား … ”


လင်းလော့ချင်း “……”


လင်းလော့ချင်းက မျက်လွှာချလျှက် မျက်လုံးများကို မကျေနပ်မှုများ ပြည့်နှက်နေသကဲ့သို့ ပြုလုပ်လိုက်သည်။ 


ကျိယွီရှောင် ကျေနပ်သွား၏။ “ဒီလိုမှပေါ့ ...”


သူက လင်းလော့ချင်းကို ကြည့်လိုက်သည်။.


 “အဲဒီ့တစ်ယောက်က ငါ့ကို သဘောကျနေပြီးတော့ အိမ်အထိလိုက်လာတာ … မင်းသူနဲ့ ဖြေရှင်းသင့်တယ် မထင်ဘူးလား … ”


“ငါစားနေတုန်းရှိသေးတယ် … ” လင်းလော့ချင်း သူ့ပန်းကန်ထဲမှ ဆန်ပြုတ်ကို ညွှန်ပြလိုက်သည်။ 


“ဒါဖြင့် စားပြီးမှသွားတွေ့ပေါ့ … ” ကျိယွီရှောင် တည်ငြိမ်စွာပြော၏။ “အရေးမှမကြီးတာ … အလျင်လိုစရာမရှိပါဘူး ...”


လင်းလော့ချင်း ခေါင်းညှိတ်လျှက် ပျော်ရွှင်စွာ စားသောက်တော့၏။ 


ချီစီဝမ်က တံခါးဝတွင် ရပ်စောင့်နေသည်။ အချိန်အတော်ကြာသည်အထိ မည်သူမှ ထွက်မလာသဖြင့် သူက တံခါးဘဲလ်ကို ဒေါသတကြီး ထပ်မံတီးလိုက်၏။ 


ခဏအကြာတွင် မစ္စကျန်းက ထပ်ပေါ်လာသည်။ “သခင်လေးက ရှင့်ကိုစောင့်ခိုင်းလိုက်ပါတယ် ...”


“ဘာလို့လဲ … ” ချီစီဝမ်က ဒေါသတကြီးပြန်ဖြေ၏။ 


“သခင်လေး မနက်စာစားလို့ မပြီးသေးလို့ပါ … ”


“ဒါဖြင့် သူစားလို့ပြီးမှ သူနဲ့တွေ့လို့ရမယ်ပေါ့ … ” ချီစီဝမ် ဆိုးညစ်စွာ ရယ်မောလိုက်၏။ 


“ဒါဖြင့် နောက်တစ်ခါ ငါကြိုချိန်းထားရမလား … ”


“မလိုပါဘူး … ”


ချီစီဝမ် ခံစားချက်ကောင်းလာသည်။ “သူနားလည်တာကောင်းတယ် … ဒါဖြင့် မင်း …”


“ဘာလို့ဆို သခင်လေးက ရှင့်ကိုတွေ့ဖို့ ရည်ရွယ်ချက်မရှိလို့ပါ … ” မစ္စကျန်းက ကြားဖြတ်ပြောလိုက်သည်။ 


ချီစီဝမ် “…”


“ဒါဖြင့် ငါ့ကိုဘယ်သူက စောင့်ခိုင်းတာလဲ … ”


“မစ္စတာလင်းကို သခင်လေးက ဖြေရှင်းခိုင်းထားလို့ပါ ...”


“မစ္စတာလင်းကို သိတယ် မဟုတ်လား … ” မစ္စကျန်းပြုံးလိုက်သည်။ 


“သခင်လေးရဲ့ လက်တွဲဖော်လောင်းလေ … ကြည့်ကောင်းတဲ့ တစ်ယောက် … ”


ချီစီဝမ် “………”


ချီစီဝမ် တံခါးကို ပြင်းထန်စွာ စတင်ထုရိုက်တော့၏။ 


________


ဒီစာရေးသူမှာ ပြောစရာရှိပါတယ် … 


ချီစီဝမ် : ကျိယွီရှောင် ... တံခါးဖွင့်စမ်း … မင်းအိမ်မှာရှိတာ ငါသိတယ် … မင်းရဲ့ သတို့သားကို ပြောနိုင်မှတော့ မတံခါးလည်းလာဖွင့်နိုင်မှာပဲ …


လင်းလော့ချင်း : သနားစရာပဲ … မင်းငါနဲ့ပဲ တွေ့ရမှာ … ဟီးဟီး …