အပိုင်း ၂၇
Viewers 8k



🐹 အခန်း ၂၇ ဝူယိလေး၏ ဖုန်းချန်မြို့ အဝင်




“ဘော့စ်ရဲ့ ပါးစပ်ကတော့ ဗုဒ္ဓရဲ့ ကောင်းချီးပေးခံထားရတာပဲ ဖြစ်ရမယ်..”



နျဲ့ရှောင် : “……” ဟမ်းစတားဘိုးဘေးလေးကလွဲလို့ ဘာဗုဒ္ဓမှ မရှိဘူး..


နောက်ဆုံးရရှိထားသည့် သဲလွန်စနှင့်အတူ လူတိုင်းသည် အချိန်ဆွဲမနေရဲတော့ချေ။ ချက်ချင်းပင် တိုက်လေယာဉ်များရှိရာ လမ်းသို့ ဦးတည်လိုက်ပြီး ချက်ချင်းပင် စက်နှိုးကာ ယွင်ချန်သို့ တိုက်ရိုက်ပျံသန်းသွားဖို့ရန် ဆန္ဒရှိနေမိကြသည်။


နျဲ့ရှောင်သည် ယွင်ချန်တွင် ရှိနေဆဲဖြစ်သည့် ဟမ်းစတားလေးအကြောင်း တွေးမိသည့်အခါ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။


သို့သော်လည်း လင်းမုန့်ဖေးတို့ ရပ်ကွက်မှ လမ်းလျှောက်ထွက်လာပြီး ဝေးဝေးမရောက်မီတွင် မြို့လယ်မှ လမ်းတစ်လျှောက် ဇွန်ဘီများအား သတ်ဖြတ်လာသည့် မိတ်ဆွေဟောင်းတစ်ဦးနှင့် ဆုံလိုက်ရသည်။


——ရန်သူနှင့် လမ်းကျဉ်းလေးထဲ ဆုံကြသည် ဟု ဖော်ပြရမည်ပင်။


နျဲ့ရှောင်သည် သူ့ထံသို့ လမ်းလျှောက်လာနေသည့် ကျန်းချိုးအား မြင်သည့်အခါ အနည်းငယ် စိုးရိမ်မှုကို ခံစားမိသည်။ နင်ဖုန်းတို့သည်လည်း ဖုန်းချန်တွင် ဤစိတ်ရောဂါသည်နှင့် ရင်ဆိုင်တွေ့ရမည်ဟု မျှော်လင့်မထားခဲ့ချေ။


ကျန်းချိုးသည် သပ်ရပ်ပြည့်စုံသည် “ယွင်ရှောင်ငါးဦးအဖွဲ့” အား ကြည့်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် ဆိုးယုတ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ ခံ့ညားသည့် ဂျုံရောင်မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်မှုတို့ ထင်ဟပ်နေသည်။


“ရို့.. ဟား.. သူတို့ တစ်ယောက်မှ မသေဘူးဘဲ..”


ဤနေရာတွင် ကြေးစားလောက၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ စုဝေးလျက်ရှိသည်။


ကျန်းချိုးမှာ ကြမ်းတမ်းသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ တစ်ဦးတည်း တိုက်ခိုက်မှုစွမ်းရည်မှာ နျဲ့ရှောင်နှင့် ယှဉ်နိုင်စွမ်းရှိသည်။ အမှောင်ကြေးစား ဇယားတွင် သူ၏ အဆင့်မှာ နျဲ့ရှောင်အောက် ဒုတိယဖြစ်သည်။


နင်ဖုန်းသည် ကျန်းချိုးအား မြင်သည့်အခါတိုင်းတွင် ကြောက်ရွံ့တတ်မြဲဖြစ်သည်။ ထိုလူ၏ စိတ္တဇဆန်ဆန် စရိုက်လက္ခဏာသည် လူအများအား သရဲမြင်ရသကဲ့သို့ ကြောက်ရွံ့ထိတ်လန့်စေသည်။


နင်ဖုန်းနှင့် အခြားသူများသည် ဤကဲ့သို့သော လူစားမျိုးအား ပစ်မှားလိုစိတ် မရှိကြသော်လည်း သူတို့၏ အဖွဲ့ထဲတွင် နျဲ့ရှောင် ရှိနေလေသည်။ နျဲ့ရှောင်သည် ကျန်းချိုးအား အမှောင်ဇယားတွင် ဖိနှိပ်လိုက်သည့် အချိန်မှစကာ သူတို့အဖွဲ့သည် ကျန်းချိုး၏ တစ်ဘက်သတ် ကြေငြာချက်အရ ရန်သူများ ဖြစ်လာကြလေသည်။


မစ်ရှင်များအား လုယူခြင်းမှ ဖျက်ဆီးခြင်းအထိ ကျန်းချိုးသည် သူတို့အား အဆက်မပြတ် အနှောင့်အယှက် ပေးခဲ့ပြီး ကြေးစားလောက၏ အစောပိုင်း အချိန်ကတည်းက သူတို့ကြားတွင် အချစ် အမုန်း ဒွန်တွဲလျက်ရှိလေသည်။


ဤစိတ်ပျက်ဖွယ်ကံတရားနှင့် ဆက်ဆံရေးမှာ ရှောင်လွှဲလို့မရနိုင်ပေ။


ဤတစ်ကြိမ်တွင် နင်ဖုန်းသည် ကျန်းချိုးနှင့် ပြဿနာမဖြစ်လိုပေ။ အံကြိတ်ကာဖြင့် ပြောလိုက်သည်။


“ငါတို့က အလျင်လိုနေလို့ ခင်ဗျားရဲ့ စောက်ရေးမပါတာတွေအတွက် အချိန်မရှိဘူး..”


ကျန်းချိုးသည် နင်ဖုန်းအား မျက်လုံးထဲတွင် ထည့်ထားခြင်းမရှိဘဲ ရန်လိုစွာဖြင့် ပြောလေသည်။


“လူကြီးတွေ စကားပြောနေတယ်.. မင်းလိုမျိုး ငကြောက်ကောင်လေးတွေ ဝင်မရှုပ်သင့်ဘူး..”


နင်ဖုန်း ဒေါသတကြီးဖြစ်လာသည်။ 


“ခင်ဗျားကို ဗုံးခွဲပစ် မပစ် စောင့်ကြည့်လိုက်..”


နျဲ့ရှောင်သည် ကျန်းချိုးအားကြည့်ကာ အတော်လေး ခေါင်းကိုက်နေမိသော်လည်း နင်ဖုန်းကဲ့သို့ ခါးခါးသီးသီး တုံ့ပြန်ခြင်း မပြုပေ။ သူ၏မျက်လုံးများသည် ကျန်းချိုး၏ အနောက်တွင်ရှိသည့် ဖြူဖပ်ဖြူရော် အမျိုးသားထံသို့ ကျရောက်သွားပြီးနောက် အံ့အားသင့်သွားလေသည်။


ကျန်းချိုးသည် အမြဲတမ်း တစ်ဦးတည်း လှုပ်ရှားလေ့ရှိပြီး မည်သည်ကြောင့် မျက်နှာသစ်တစ်ယောက်အား ရုတ်တရက် ခေါ်ဆောင်ထားသနည်း။


နင်ဖုန်းသည်လည်း ကျန်းချိုးနောက်တွင်ရှိသည့် ဖြူဖပ်ဖြူရော် အမျိုးသားအား မြင်ပြီးနောက် စပ်ဖြီးဖြီးဖြင့် မေးလိုက်သည်။


“ခင်ဗျားရဲ့ ဘဲလား..”


“ဒီငကြောက်ကောင်လေးက သူ့ပါးစပ်ကို ထပ်မလိုချင်တော့ပုံပဲ.. ဟုတ်လား..”


ကျန်းချိုး မျက်လုံးများ ကျဉ်းသွားသည်။ သူ၏ မျက်လုံးများမှာ ရုတ်တရက် အန္တရာယ်ရှိလာသဖြင့် နင်ဖုန်းသည် အလျင်အမြန် ပါးစပ်ပိတ်ကာ သွမ့်ဝမ်ယွီ၏ နောက်ကျောတွင် ပြေးပုန်းလိုက်သည်။


ထိုလူသည် ရိုင်းစိုင်းသည့် မှန်းဆချက်အား စိတ်ဆိုးပုံမရပေ။ ခပ်သာသာပြုံးလိုက်ပြီးနောက် နူးညံ့စွာဖြင့် ဦးဆုံးနှုတ်ဆက်လာသည်။


“အားလုံးပဲ နိဟောင်.. ငါက ပိုင်မေ့ ပါ..”


“ဘုရားရေ.. သူက တကယ်တော့ နှင်းဆီဖြူ ပဲ..”


နင်ဖုန်းသည် အတင်းမပြောဘဲ မနေနိုင်ချေ။ အလွန်စိတ်လှုပ်ရှားနေသဖြင့် သွမ့်ဝမ်ယွီ၏နောက်တွင် မတိုးညင်းသော လေသံဖြင့် ပြောဆိုနေသည်ကြောင့် သွမ့်ဝမ်ယွီမှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောမိလေသည်။


ကျန်းချိုး မျက်မှောင်ကြုတ်လိုက်သော်လည်း ပိုင်မေ့နှင့် နင်ဖုန်းထံသို့ မဟုတ်ချေ။ သူ၏ အကြည့်များသည် နျဲ့ရှောင်ထံတွင်သာ ရှိနေသည်။ ပိုင်မေ့သည် ဤကဲ့သို့ အေးစက်စက် အပြုအမူနှင့် ကျင့်သားရနေပုံရသည်။ သူ၏အမည်အား မိတ်ဆက်ပြီးနောက်တွင် ကျန်းချိုး၏ အနောက်တွင်သာ တိတ်တဆိတ် မတ်တတ်ရပ်နေပြီး မမြင်ရသည့် လူတစ်ယောက်ကဲ့သို့ ရှိနေလေသည်။


ကျန်းချိုးသည် ကမ္ဘာပျက်ကပ် ကာလအတွင်းမှာပင် အထိအခိုက်မရှိသည့် မိတ်ဆွေဟောင်း ၅ ဦးအား ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားခံရသည့် ရန်လိုစိတ်များမှာ ယခုအခါတွင် စတင်နိုးထလာကြပြီ ဖြစ်သည်။ သူ၏နှုတ်ခမ်းထောင့်များမှာ စဉ်းလဲစွာဖြင့် ကွေးတက်သွားသည်။


“မင်းတို့မှာလည်း စွမ်းရည်တွေ ရှိနေတယ် မဟုတ်လား.. ဘာလို့များ တစ်ပွဲလောက် စမ်းမကြည့်ရတာလဲ..”


ထိုသို့ပြောပြီးနောက် ကျန်းချိုး လက်မြှောက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအား သတ္တုလွှာ ဖုံးလွှမ်းသွားသည်။ ထို့နောက် အရှက်မဲ့ ယုတ်မာစွာ ရယ်မောလိုက်သည်။ “မင်းတို့” ဟု ဆိုခဲ့သော်လည်း သူ၏ အကြည့်လားရာမှာ နျဲ့ရှောင် တစ်ဦးတည်းထံ၌သာ ရှိနေခြင်းဖြစ်သည်။


နျဲ့ရှောင်သည် ထိုမြင်ကွင်းအား ကြည့်နေရင်း မျက်ခုံးတစ်ဘက် ပင့်လိုက်သည်။


နံဘေးရှိ နင်ဖုန်းသည် ထိုရင်းနှီးကျွမ်းဝင်သည့် စကားများအား ကြားသည့်အခါ လက်နောက်ပစ်ကာဖြင့် ညည်းညူလိုက်သည်။ ဤတိုက်ပွဲသာ စတင်မည်ဆိုလျှင် ခက်ခဲသည့်အချိန်များ ရောက်ရှိလာခြင်းပင် မဟုတ်ပါလား။ 


“လာပြီ.. လာပြီ.. မျိုးမစစ်ကောင်ကတော့ ဇာတ်လမ်းစလာပြီ..”


သေချာပေါက်ပင် ကမ္ဘာပျက်ကပ် အတွင်း၌ပင် စိတ္တဇကောင် ကျန်းချိုး၏ အတင်းအကြပ် ဖိအားပေးတတ်သည့် ပုံစံမှာ ပျောက်ကွယ်သွားခြင်း မရှိပါချေ။


ဝူဝမ်ချီသည် သူ၏ညီမလေးအား ရှာဖွေရမည့် မစ်ရှင်အား ထပ်မံနှောင့်နှေးလိုစိတ် မရှိသဖြင့် ချက်ချင်းပင် ဖျောင်းဖျပြောဆိုလိုက်သည်။


“ကျန်းချိုး.. အခု ငါတို့မှာ အရေးပေါ်ကိစ္စရှိနေတယ်.. ငါတို့ ကိစ္စတွေ ပြီးတဲ့အထိစောင့်.. အဲဒါဆို မင်းဆန္ဒရှိသလောက် အကြိမ်ပေါင်းများစွာ ရိုက်နှက်ပေးမယ်..”


အနှစ်ချုပ်ဆိုရလျှင် ‘ငါတို့မှာ အချိန်မရှိဘူး’ ဟူ၍ဖြစ်သည်။


ထိုသို့ပြောပြီးနောက် ဝူဝမ်ချီတို့ လှည့်ထွက်သွားကြသည်။ ကျန်းချိုး၏ စွမ်းရည်မှာ အတော်လေး စိတ်ဝင်စားဖွယ် ကောင်းသော်လည်း ဤသည်မှာ သူ့မိသားစု၏ ချုံပေါင်ပေါင်းထက် အရေးပါခြင်း မရှိသည့်အတွက် နျဲ့ရှောင်သည်လည်း နောက်မှလိုက်ပါသွားသည်။ 


အဖက်မတန်သကဲ့သို့ ဥပေက္ခာပြုကာ လျစ်လျူရှုခံလိုက်ရသည့် ကျန်းချိုး၏ စိတ်အခြေအနေ မကောင်းတော့ချေ။ လက်မြှောက်ကာဖြင့် အဝေးတွင်ရှိသည့် ဧရာမ သတ္တုလမ်းညွှန်သင်္ကေတအား ချုပ်ကိုင်လိုက်သည်။ ‘ဘန်း’ ခနဲ မြည်သံနှင့်အတူ ကျိုးကဲ့သွားသည့် လမ်းညွှန်သင်္ကေတမှာ ကွန်ကရစ် လမ်းမထက်သို့ ထိုးစိုက်ဝင်သွားပြီး နျဲ့ရှောင်တို့၏ ရှေ့ဆက်ရမည့်လမ်းအား တားဆီးလိုက်သည်။


ထိုအခြားအရာအား မြင်သည့်အခါ နျဲ့ရှောင်တို့သည် နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားကြပြီး အမူအရာ ကင်းမဲ့စွာဖြင့် လမ်ညွှန်သင်္ကေတအား ဖြတ်ကျော်ကာ ကျန်းချိုးအား စိတ်ထဲမထည့်ဘဲ လမ်းဆက်လျှောက်သွားကြသည်။


အရူးကောင်မှာ လုံးလုံးလျားလျား လျစ်လျူရှုခံလိုက်ရသည်။


ကျန်းချိုး : “.……”


ငါ့ကို မျက်နှာသာ မပေးဘူးပေါ့လေ..


ကျန်းချိုးမှာ ရန်စခံလိုက်ရပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ မငြိမ်သက်မှုတို့ ရုန်းကြွလာသည်။ ပတ်ဝန်းကျင်တွင် ရှိသမျှ သတ္တုအရာများအား ဆွဲယူခြေမွကာ နျဲ့ရှောင်တို့လမ်းသို့ တစ်ခုပြီးတစ်ခု ပစ်လွှတ်လေသည်။ ကျယ်လောင်သည့် ဆူညံသံကြောင့် ပိုမိုများပြားသည့် ဇွန်ဘီများအား ဆွဲဆောင်မိပြီး လမ်းလွှဲမှ သွားလိုခဲ့သည့် နျဲ့ရှောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။


ဝူဝမ်ချီသည် နေရာမှပင် ဆဲရေးသည့်စကားများ ပေါက်ကွဲထွက်လာသည်။ 


“ကျန်းချိုး.. ခွေးမသား.. စောက်ရူးကောင်..”


သူတို့ မသိလိုက်ခင်မှာပင် ဇွန်ဘီများ၏ ဝိုင်းထားခြင်း ခံလိုက်ရပြီဖြစ်သည်။ သိပ်သည်းထူထပ်သည့် ဇွန်ဘီများသည် တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာပြီး သူတို့အား ပတ်လည်ဝန်းရံထားသဖြင့် ရေတစ်စက်မျှပင် ဖောက်ထွက်သွားနိုင်မည် မဟုတ်ချေ။


ဤသို့ဖြစ်လာစေရန် ဖိအားပေးခံရသည့်အတွက် နျဲ့ရှောင်တို့သည် ရွေးချယ်ရန်မရှိတော့ဘဲ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များအား အသုံးပြုကာ ဇွန်ဘီများအား သတ်ဖြတ်ကြလေသည်။ စွမ်းရည်များမှ ထွက်ပေါ်လာသည့် အမျိုးမျိုးသော အထူးပြုလုပ်ချက်များသည် ကျန်းချိုး၏ မျက်လုံးများအား တောက်ပလာစေသည်။


“မင်းတို့ ထွက်သွားလို့ မရမှတော့ ဘာဖြစ်လို့ တစ်ပွဲလောက် မတိုက်ရမှာလဲ..”


ကျန်းချိုးသည် နျဲ့ရှောင်၏လက်ထဲရှိ လေဓားသွားအားကြည့်ကာ တစ်ကြိမ်မျှ စမ်းသပ်ကြည့်ဖို့ရန် အလွန်အမင်း စိတ်အားထက်သန်လျက်ရှိသည်။ နျဲ့ရှောင်တို့အဖွဲ့၏ စွမ်းရည်များအား မြင်သည့်အခါ ထို အထင်ကြီးဖွယ်စွမ်းရည်များနှင့် တစ်ကြိမ်ခန့် တိုက်ခိုက်ချင်လာမိသည်။


နင်ဖုန်းသည် သူ၏လက်ထဲတွင် မီးတောက်များအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနေရင်း ပတ်ပတ်လည်ရှိ ဇွန်ဘီများအား လောင်ကျွမ်းသွားသည်အထိ မီးရှို့ပစ်လေသည်။ ထိုအနံ့မှာ အတော်လေး သည်းမခံနိုင်စရာ ကောင်းလွန်းလှသည်။ နင်ဖုန်းမှာ သည်းခံနိုင်စွမ်း မရှိတော့ဘဲ အော်ဟစ်လိုက်သည်။


“ခင်ဗျားက အခုထိ တိုက်ခိုက်ချင်နေတုန်းပဲလား.. အဲဒီမှာ ဇွန်ဘီတွေအများကြီး ရှိနေတာ မမြင်ဘူးလား..”


“စောက်ရူးကောင်.. ခင်ဗျား ဒီမှာ ဆက်နေဦးမယ်ဆိုရင် ဇွန်ဘီတွေက အရိုးပါမကျန်အောင် ဝါးစားပစ်ကြလိမ့်မယ်..”


ကျန်းချိုးမှာ ကျိန်ဆဲခံနေရသော်လည်း သူ့အား နည်းနည်းလေးမျှပင် သက်ရောက်မှုမရှိပုံပင်။ သူ၏ သတ္တုအရေပြားနှင့်ဆိုလျှင် ဇွန်ဘီများ ကိုက်ခံရမည်ကို ကြောက်ရွံ့ဖို့ရန် မလိုအပ်ပေ။ ကျန်းချိုးသည် အကြောက်အရွံ့မဲ့စွာဖြင့် နျဲ့ရှောင်ထံသို့ ပြေးဝင်သွားလေသည်။


နျဲ့ရှောင်မှာ ရှောင်ထွက်ရန် လမ်းမရှိတော့သဖြင့် သူ၏လက်ကို လှုပ်ရှားကာ တိုက်ခိုက်မှုအား ရင်ဆိုင်လိုက်သည်။


ထိုမြင်ကွင်းအား မြင်သည့်အခါ ဦးနှောက်သမားဖြစ်သူ သွမ့်ဝမ်ယွီပင်လျှင် သူ၏ မျက်မှန်အား ပင့်တင်ကာ ‘ဖာ့’ ဟု ဆဲရေးမိ‌တော့သည်။


ဤအခိုက်အတံ့တွင် ပိုင်မေ့၏ အမူအရာအား မည်သူကမျှ သတိမပြုမိကြပေ။ ဖြူရော်ရော် အသားအရေနှင့် ခံ့ညားချောမောသည့်လူမှာ ဤနေရာတွင် ရှိနေသည့် စွမ်းရည်အသုံးပြုသူတိုင်းအား ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ ကြီးမားသည့် အဝန်းပိုင်းတစ်ခုသဖွယ် မြင့်တက်သွားလေသည်။


အနက်ရောင်မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လျက်ရှိသည်။


***


ထိုအချိန်မှာပင် ရှောင်ဝူယိနှင့် အခြားသူများသည် ကျစ်ဟွေ့ကွမ်၏ အကူအညီဖြင့် ဖုန်းချန်သို့ လျင်မြန်ချောမွေ့စွာ ရောက်ရှိလာကြပြီး ဝူဝမ်ယွီ၏ အိမ်ရှိရာသို့ တိုက်ရိုက်သွားလေသည်။


ဝူဝမ်ယွီသည် အိမ်တံခါးအား ဖွင့်ကာ အထဲသို့ ဝင်ပြီးသည်နှင့် စူးရှသည့် အသိစိတ်အရ အိမ်သို့ အခြားသူများ ရောက်ရှိလာခဲ့ကြောင်း သတိပြုမိလိုက်သည်။ ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် စုတ်ပြဲနေသည့် အစာအိတ်များ ရှိနေပြီး ထိုအိတ်များထဲမှ စားကြွင်းစားကျန်များမှာ အလွန်လတ်ဆတ်နေဆဲဖြစ်သည်။ လတ်တလောတွင် သူတို့အိမ်ထဲ၌ တစ်စုံတစ်ယောက် နေခဲ့ပုံရသည်။


ရှောင်ဝူယိသည်လည်း လေထုထဲတွင် သူ့ဒယ်ဒီ၏ ရင်းနှီးကျွမ်းဝင်သော ရနံ့အား ရရှိလိုက်သဖြင့် အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် ခုန်ပေါက်မိလိုက်သည်။


“ငါ့ဒယ်ဒီလည်း ဒီကိုရောက်ခဲ့တယ်..”


“အားလုံး ရောက်လာခဲ့ကြတယ်..”


ထိုစကားအား ကြားသည့်အခါ လူတိုင်းသည် ဝူဝမ်ယွီနှင့် ရှောင်ဝူယိတို့အတွက် ဝမ်းသာပျော်ရွှင်မိကြသည်။ ကမ္ဘာပျက်ကပ်အတွင်း မိသားစုများ လုံခြုံစွာဖြင့် အိမ်သို့ ပြန်ရောက်လာသည် ဟူသော အချက်မှာ အကြီးမားဆုံး ကံကောင်းမှုနှင့် သတင်းကောင်းပင် ဖြစ်သည်။


သို့သော်လည်း ယခုလက်ရှိ အဓိကပြဿနာမှာ နျဲ့ရှောင်တို့ မည်သည့်နေရာသို့ သွားသည်ကို မသိရခြင်းပင်။ သူတို့နှင့် လွဲချော်သွားမည်ဆိုလျှင် အလွန်ဆိုးဝါးပေမည်။


ရှဲ့ကျွင်းသည် ပြတ်သားစွာဖြင့် ပြောလာသည်။


“သူတို့နောက်ကို လိုက်ကြမယ်.. သူတို့ ခပ်ဝေးဝေး မရောက်လောက်သေးဘူးဆိုတာ သေချာတယ်..”


“ဒါပေမဲ့ ဖုန်းချန်က အကြီးကြီးပဲလေ.. ဘယ်ကနေ စရှာရမှာလဲ..”


အဖွဲ့ထဲမှ လူတစ်ယောက်သည် အဓိကပြဿနာအား မေးလာသည့်အတွက် ရှဲ့ကျွင်းမှာ ဆို့နင့်သွားရသည်။


ရှောင်ဝူယိသည် ထိုမေးခွန်းအား ကြားပြီးသည်နှင့် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ စားပွဲခုံပေါ်သို့တက်ကာ အစာအိတ်အား ကောက်ယူလိုက်ပြီးနောက် ကျစ်ဟွေ့ကွမ်၏ နှာခေါင်းရှေ့တွင် ထားလိုက်သည်။ 


“ကျစ်ဟွေ့ကွမ်ရေ.. မြန်မြန်လေး အနံ့ခံလိုက်.. ဒီအနံ့ကို မှတ်ထားလိုက်နော်.. ဟုတ်ပြီလား..”


“ငါ့ကိုသယ်ပြီး ဒယ်ဒီ့ကို သွားရှာကြမယ်..”


ကျစ်ဟွေ့ကွမ် : “……”


ကြီးကျယ်မြင့်မြတ်သည့် ကျားတစ်ကောင်မှာ ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသည်။


လူတိုင်း : “……”


တာ့ကော အမိုက်ဆုံး.. d-(´▽`)-b

 

.........


နင်ဖုန်းနှင့် ဝူဝမ်ချီတို့ ပတ်ပတ်လည်ရှိ ဇွန်ဘီများအား သတ်ဖြတ်နေစဉ်တွင် နျဲ့ရှောင်သည် သူ၏ လေစွမ်းအင်အား အသုံးပြုကာဖြင့် ကျန်းချိုးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လေသည်။


တိုက်ခိုက်ရန် ရူးသွပ်နေသည့် ကျန်းချိုးနှင့် တွေ့ရခြင်းကြောင့် သူတို့အားလုံး ကံဆိုးမိုးမှောင်ကျနေကြောင်း လက်ခံလိုက်ရသည်။


သူတို့အား အံ့အားသင့်စေသည်မှာ ကျန်းချိုး၏နံဘေးတွင် ရှိနေခဲ့သည့် ဖြူရော်ရော်နှင့် ချောမောသည့် အမျိုးသားမှာ စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီး သူ၏ စွမ်းရည်မှာ ရှားပါးသည့် နေရာလွတ်စွမ်းရည် ဖြစ်သည်။


ပိုင်မေ့သည် တစ်ဘက်ခြမ်းတွင်ရပ်ကာ သူ၏လက်အား မြှောက်လိုက်သည်။ ကျောက်တုံးတစ်တုံးအား ထုတ်လွှတ်လိုက်ပြီး လွယ်ကူစွာနှင့် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဇွန်ဘီများအား ဖိကြိတ်လိုက်သည်။ လူတိုင်း၏ အကြည့်မှာ သူ့ထံသို့ ကျရောက်နေသည်ကို ခံစားမိသဖြင့် ယဉ်ကျေးသည့် အမူအရာဖြင့် နူးညံ့စွာ ပြုံးပြလိုက်သည်။


“ငါ့အတွက် စိတ်မပူပါနဲ့.. ငါလုပ်နိုင်ပါတယ်..”


ထိုအရာအား မြင်သည့်အခါ ကျန်းချိုးသည် မည်သည်ကြောင့် လူတစ်ဦးအား ခေါ်ဆောင်ထားသည်ကို လူတိုင်းနားလည်သွားကြလေသည်။


ပိုင်မေ့သည် စိတ်ထားကောင်းသည့် လူသားသိုလှောင်ရုံတစ်ဦး ဖြစ်လေသည်။


ကျန်းချိုးသည် ဇွန်ဘီအပြည့်ရှိနေသည့် မြို့လယ်တွင် အိတ်တစ်အိတ်မျှပင် သယ်ဆောင်ခြင်းမရှိဘဲ သွားလာနိုင်ခြင်းမှာ ပိုင်မေ့ကြောင့်ပင်။ ကနဦး သူတို့တွေးမိခဲ့သည်မှာ ထိုအရူးကောင်၏ အထက်စီးဆန်မှုနှင့် ဇွတ်တရွတ်နိုင်မှုသာ ဖြစ်မည်ဟုသာ။


နင်ဖုန်းသည် ရုတ်တရက် ဆိုသလို ချဉ်စူးလာသည်။


“ဒီရူးနေတဲ့ ခွေးမသား ကျန်းချိုးက ဘာကိစ္စနဲ့ အရမ်းကံကောင်းနေရတာလဲ..”


သူတို့၏ အဖွဲ့တွင် တိုက်ခိုက်စွမ်းအားအပြည့်နှင့် အစွမ်းထက် စွမ်းရည်များ ရှိသော်လည်း ရိက္ခာနှင့် ပတ်သက်လာလျှင် အနည်းငယ်မျှပင် ရှိမနေကြပေ။ ကြီးမားသည့် ဈေးဝယ်စင်တာများသို့ ဖြတ်သန်းသွားရသည့် အချိန်တိုင်းတွင် သူတို့သည် မော့ကြည့်ပြီး သက်ပြင်းချရုံသာ တတ်နိုင်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အိတ်ထဲရှိ ရိက္ခာများ ကုန်ဆုံးသွားလျှင် ထပ်မံရှာဖွေရန် ရုန်းကန်ရပြန်သည်။


စားနပ်ရိက္ခာသည် သူရဲကောင်းများအား အခက်ကြုံစေသည်။


ကမ္ဘာပျက်ကပ်အတွင်း အထုပ်အပိုး သယ်ဆောင်ရန်ပင် မလိုအပ်ဘဲ သက်‌သောင့်သက်သာ နေထိုင်နေရသည့် ကျန်းချိုးနှင့် နှိုင်းစာလျှင် သူတို့မှာ အမှန်တကယ် ဆင်းရဲလှသည်။


ကမ္ဘာပျက်ကပ်အတွင်း၌ နေရာလွတ်စွမ်းရည်ပိုင်ရှင်များ၏ တည်ရှိမှုမှာ မြေရှင်များကဲ့သို့ပင် ဖြစ်လေသည်။


နျဲ့ရှောင်သည် ပိုင်မေ့၏ စွမ်းရည်အပေါ် များများစားစား အာရုံစိုက်နိုင်စွမ်း မရှိဘဲ ကျန်းချိုးနှင့် တိုက်ခိုက်ရင်း အလုပ်များနေလေသည်။ ပိုမိုများပြားလာသည့် ဇွန်ဘီများအား မြင်သည့်အခါ နျဲ့ရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။


ကျန်းချိုးသည် နျဲ့ရှောင် အာရုံထွေပြားနေသည်ကို မြင်သည့်အခါတွင် စိတ်သက်သာရာ ရမိသည်။ သူ၏ သတ္တုသံခြေထောက်ဖြင့် နျဲ့ရှောင်အား ကန်လိုက်သည်။


“မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ..”


နျဲ့ရှောင်၏ လက်မောင်းတွင် လေပွေတစ်ခု လျင်မြန်စွာ စုဆုံလာသည်။ ကျန်းချိုး၏ ခြေကန်ချက်အား အခြားလက်တစ်ဘက်ရှိ လေဓားသွားဖြင့် အတင်းအကျပ် ခုခံလိုက်သည်။ အေးစက်သည့်မျက်နှာနှင့် ကျန်းချိုး၏ ခန္ဓာကိုယ်အား လွှဲခုတ်လိုက်သည်။


ကျန်းချိုး၏ အဝတ်အစားမှာ ချက်ချင်းပင် ကြီးမားသည့် ပြဲရာတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း သတ္တုအရေပြားရောင် အဖြူရောင်အမှတ်တစ်ခုသာ ကျန်ရစ်လေသည်။


‘မင်းလာရင် ငါသွားမယ်’ ဟူသည့် အနေအထား ဖြစ်နေသည့်အတွက် အခြားသူများအား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။


နျဲ့ရှောင်သည် ဇွန်ဘီများ ပိုမိုများပြားလာသည့်ကို မြင်သည့်အတွက် အေးစက်စွာဖြင့် ပြောလေသည်။


“နေရာပြောင်းကြတာပေါ့..”


“မင်းကြောက်လို့လား..”


ကျန်းချိုးသည် ဆိုးယုတ်စွာဖြင့် မျက်ခုံးပင့်ကာ နှုတ်ခမ်းထောင့်များ မြင့်တက်လာပြီး လုံးလုံးလျားလျား သဘောမတူချေ။ သူ၏လက်များ ရွေ့လျားလိုက်သည့်အခါတွင် သံတုတ်တစ်ခုအား ဆွဲငင်ကာ သူ၏ ကိုယ်ပိုင်လက်နက်အဖြစ် အသုံးပြုပြီး နျဲ့ရှောင်အား ဆက်လက်တိုက်ခိုက်လေသည်။


အပြင်ဘက်တွင် ဝန်းရံထားသည့် ဇွန်ဘီများအား တိုက်ခိုက်နေကြသည့် လူများမှာ စတင်ရုန်းကန်လာရသည်။ ဇွန်ဘီများမှာ ဇာစ်မြစ်မရှိပုံရပြီး အတော်မသတ်နိုင်အောင် ရှိသည့်အတွက် သတ်ဖြတ်နေရသူတို့မှာ ခြေကုန်လက်ပန်းကျလာသည်။ သူတို့၏ အရှိန်အဟုန်မှာလည်း တိုးမြင့်လာသည်။


တစ်လှိုင်းပြီးတစ်လှိုင်း မစဲတမ်း ရောက်လာသည့် ဇွန်ဘီများကြောင့် လူတိုင်း ဆုတ်ခွာရန် ဖိအားပေးခံနေရသည်။ များမကြာမီမှာပင် သူတို့သည် နျဲ့ရှောင်နှင့် ကျန်းချိုး၏ တိုက်ပွဲပြင်သို့ ချိုးဖြတ်ဝင်ရောက်လုနီးနီး ဖြစ်လာသည်။


မည်သို့ပင် ကြည့်နေစေကာမူ ဤနေရာသည် အချိန်ကြာမြင့်စွာ ဆက်နေရန် မသင့်တော်ပေ။


သို့သော်လည်း ကျန်းချိုးသည် စိတ်လှုပ်ရှားသည့် အခြေအနေသို့ ဝင်ရောက်နေကြောင်း သိသာစွာဖြင့် မည်သို့မျှ ဖျောင်းဖျလို့ မရနိုင်အောင် ရှိနေလေသည်။ အခြားသူများ၏ သေခြင်းနှင့် ရှင်ခြင်းအား သိသိသာသာပင် အရေးမစိုက်တော့ချေ။


ကျန်းချိုး၏ အပြုအမူကြောင့် နျဲ့ရှောင်၏ အမူအရာမှာ အေးစက်လာသည်။


*၂*