🐹 အခန်း ၂၆
ဝူယိလေးက မြူထူထူထဲကို ဝင်လိုက်တယ်
ကျားကြီး ထွက်သွားသည်နှင့် ထိုနယ်မြေအား ဝန်းရံထားသည့် မြူခိုးများလည်း လွင့်ပြယ်သွားလေသည်။ ရှဲ့ကျွင်းတို့ အဖွဲ့နိုးထလာသည့်အခါတွင် ရှောင်ဝူယိ ပျောက်နေသည်ကို သိလိုက်ရသဖြင့် လူတိုင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
တောင်ပေါ်မှ ဂူတစ်လုံးထဲ၌။
ကျားကြီးသည် ကောင်ငယ်လေး၏ အနံ့အသက်အား သေသေချာချာ ရှူရှိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုတို့ ရှိနေပြီး ဤကောင်လေးအား မည်သည်ကြောင့် ခေါ်ဆောင်လာခဲ့သည်ကို မသိနိုင်အောင် ဖြစ်နေသည်။
ကျားကြီးသည် ‘သူ၏ ကျားဘဝအကြောင်း စဉ်းစားတွေးတောရင်း’ အတွေးထဲ နစ်မြောနေစဉ်တွင် မြေပြင်ပေါ်တွင် လဲကျနေသည့် ရှောင်ဝူယိ အသိစိတ်ပြန်လည်လာသည်။ သူ၏ မျက်လုံးများ ဖွင့်လိုက်သည်နှင့် ကြီးမားသည့် ကြောင်ကြီးအား မြင်လိုက်ရသဖြင့် ထိတ်လန့်တကြားဖြင့် အဝေးသို့ လှိမ့်လိုက်သည်။
ရှောင်ဝူယိသည် ဂူ၏ ထောင့်တစ်နေရာတွင် ခန္ဓာကိုယ်လေးအား ကျုံ့ကာဖြင့် မျက်ရည်များ ကျဆင်းနေသည်။
ကျားကြီးသည်လည်း ရုတ်တရက်နိုးလာသည့် ကောင်ငယ်လေးကြောင့် ကြောင်အလျက်ရှိသည်။ သို့သော်လည်း သူမတုံ့ပြန်နိုင်ခင်မှာပင် ခေါင်းပေါ်သို့ ကျောက်တုံးကြီးတစ်တုံး ရုတ်တရက် ကျဆင်းလာသည်။
ရှောင်ဝူယိသည် ထိုအရာအား မြင်လိုက်ပြီးနောက် ပိုမိုထိတ်လန့်လာသည်။ သူ၏ ရဲစွမ်းသတ္တိအား ဆင့်ခေါ်ပြီးနောက် ဧရာမကြောင်ကြီးအား ‘ပြင်းပြင်းထန်ထန် တိုက်ခိုက်’ လေသည်။
အဆုံးတွင် ကျားကြီးသည် ဟမ်းစတားလေး၏ တင်ပါးအောက်တွင် အောင်မြင်စွာ ဖိနှိပ်ထားခံလိုက်ရသည်။
ကျားကြီးသည် ခေါင်းပေါ်တွင် အလွန်သေးငယ်သည့် အလုံးလေးတစ်ခု ထိုင်နေသည်ကို ခံစားမိသဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းရင်း မလှုပ်ရှားရဲချေ။ ထိုအရာလေးအား မတော်တဆ ထိခိုက်မိမည်ကို ကြောက်ရွံ့နေလေသည်။
ကျားကြီးသည် အသိစိတ်ရှိရှိဖြင့် ရုန်းကန်ခြင်း၊ ခုခံခြင်း မပြုပေ။
ဟမ်းစတားလေးသည် ကျားကြီး၏ ဦးခေါင်းမွေးအား ဆုပ်ကိုင်ကာ အညံ့ခံလိုက်ပုံရသည့် ရန်သူအား ငုံ့ကြည့်လိုက်သည်။ ထိုအခါမှသာ ဟမ်းစတားလေးသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာလေးတွင် ဝမ်းသာအားရမှုနှင့် ဂုဏ်ယူမှုတို့ ရှိနေသည်။
——ဟမ်းစတားစစ်သည်တော်လေးက ဧရာမကြောင်ကြီးကို အောင်မြင်စွာ အနိုင်ယူလိုက်နိုင်ပါပြီခင်ဗျာ..
ကျားကြီး ရုန်းကန်ခြင်းမပြုတော့ဘဲ အရှုံးပေးလိုက်ခြင်းအား အတည်ပြုပြီးသည့်နောက်တွင် ဟမ်းစတားလေးသည် ၎င်း၏ ဦးခေါင်းပေါ်မှ လျောဆင်းလိုက်သည်။ ဟမ်းစတား တစ်ကောင်နှင့် ကျား တစ်ကောင်တို့သည် အချင်းချင်း မျက်နှာချင်းဆိုင်လိုက်ကြသည်။ ဟမ်းစတားလေး၏ ပုံရိပ်ပိစိလေးမှာ ကျားကြီး၏ ရွှေရောင်မျက်ဆံထဲတွင် ရောင်ပြန်ဟပ်လို့နေသည်။
ကောင်ကလေးသည် နူးညံ့သိမ်မွေ့စွာဖြင့် မြေပြင်တွင် လဲလျောင်းနေသည့် ကျားကြီးအားကြည့်ကာ ဒယ်ဒီပြောခဲ့ဖူးသည်မှာ မှားယွင်းနေသည်ဟု ခံစားမိသည်။ ဤ “ကြောင်ကြီး” သည် လုံးဝ ကြောက်စရာ မကောင်းချေ။
ဟမ်းစတားလေးသည် သူ၏ လက်ဖဝါးလေးအား ထုတ်ကာ ချစ်စဖွယ် ‘ချိ’ ဟူသည့် အသံလေးအား ပြုကာဖြင့် ကျားကြီး၏ နှာဘုသီးလေးအား အသာထိလိုက်သည်။
အခုကစပြီး မင်းက ငါ့ရဲ့ ညီငယ်လေးအသစ် ဖြစ်သွားပြီနော်..
ထိုစကားအား နားလည်သည်လား မသိရသော်လည်း ဟမ်းစတားလေးသည် ညင်သာစွာ ခေါင်းညိတ်ပြလာသည့် ကျားကြီးအား မြင်လိုက်သည့်အခါ ပျော်ရွှင်စွာဖြင့် မျက်လုံးလေးများ တလက်လက် တောက်လာသည်။
ညီငယ်လေးအသစ်အား လက်ခံပြီးသည့်နောက်တွင် ဟမ်းစတားလေးသည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး ဂူထဲသို့ ရွှေ့ပြောင်းခံထားရသည့် အစားအစာများအား မြင်လိုက်ရသည်။ ထိုအစာများအား သူ၏ နေရာလွတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျားကြီးအား နှစ်သိမ့်ဖို့ရန်လည်း မမေ့ချေ။
“စိတ်မပူနဲ့နော်.. မင်းက အခု ငါနဲ့အတူ ရှိနေပြီဆိုတော့ ဗိုက်ဆာတော့မှာ လုံးဝ မဟုတ်ဘူး..”
ကျားကြီးသည် ထိုစကားများအား ကြားသည့်အခါတွင် ကောင်ကလေး၏ ခါးအား သူ၏ခေါင်းဖြင့် ဖော်ရွေညင်သာစွာ ပွတ်သပ်လေသည်။
ရှောင်ဝူယိသည် ပျော်ရွှင်စွာဖြင့် ရယ်မောလိုက်ရင်း ကျားကြီး၏ ဦးခေါင်းမွေးများအား ပွတ်သပ်လိုက်သည်။ ထို့နောက်တွင် ယူဆောင်သွားနိုင်မည့်အရာ ရှိ၊ မရှိ သိရစေရန် ဂူအတွင်း စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ဂူ၏အနက်ဆုံး ထောင့်တစ်နေရာတွင် အရွယ်အစားမျိုးစုံနှင့် ပျိုးစေ့ပေါင်းများစွာ ပါဝင်သည့် အဝတ်အိတ်တစ်လုံးအား တွေ့လိုက်ရသည်။
ရှောင်ဝူယိသည် တွေးတောမနေဘဲနှင့် ထိုအရာများအား သူ၏ နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး ရက်အနည်းငယ်အတွင်း စိုက်ပျိုးမည်ဖြစ်ကာ ထိုအချိန်မှသာ မည်သည့်အပင်များ ဖြစ်သည်ကို သိနိုင်ပေမည်။
ကျားကြီးသည် ထိုအရာများကို ကြည့်နေရင်း အနည်းငယ်မျှပင် တားမြစ်လိုစိတ် မရှိချေ။ မိသားစုပိုင်ဆိုင်မှုများအား ထုပ်ပိုးသိမ်းဆည်းပြီးသည့်နောက်တွင် ရှောင်ဝူယိသည် ကျားကြီးအား ဦးဆောင်ကာ စခန်းသို့ ပြန်လေသည်။
ထိုအချိန်တွင် ဝူဝမ်ယွီ၊ ရှဲ့ကျွင်းနှင့် လူတိုင်းမှာ စိုးရိမ်ပူပန်မှုကြောင့် ရူးသွပ်လုနီးနီး ဖြစ်နေကြသည်။
အချိန်အတော်ကြာ ပျောက်ဆုံးနေသည့် ကောင်လေးမှာ သူတို့ရှေ့တွင် ပြန်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါတွင် လူတိုင်းမှာ နှလုံးသားများပင် ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး ငိုချင်လာမိသည်။
“နင် မကောင်းတဲ့ကောင်စုတ်လေး.. ဘယ်တွေ သွားနေတာလဲ.. ငါတို့ စိတ်ပူနေမယ်ဆိုတာ နင်မသိဘူးလား..”
ဝူဝမ်ယွီသည် အရှေ့သို့ပြေးလာပြီးနောက် သူမ၏ ပါးနှင့် ရှောင်ဝူယိ၏ ပါးလေးအား ပွတ်လိုက်ပြီး ငိုကြီးချက်မဖြင့် ပြောလေသည်။
“နောက်တစ်ခါ အခုလိုမျိုး လျှောက်လျှောက်မသွားရဘူး ကြားလား..”
ရှောင်ဝူယိသည် ပွေ့ဖက်ခံထားရသဖြင့် မှင်တက်နေမိပြီး မှားယွင်းစွပ်စွဲခံရသလို ခံစားမိလေသည်။ မိစ္ဆာလက်များအတွင်းမှ လွတ်မြောက်စေရန် ရုန်းကန်လိုက်သည်။ ထို့နောက်တွင် မနီးမဝေးတွင် ရှိနေသည့် ကျားကြီးအား အပြစ်လွှဲချလိုက်သည်။
“သူက ငါ့ကို ခေါ်သွားတာလို့.. ငါ့အမှား မဟုတ်ဘူးနော်..”
ထိုအချိန်မှသာ လူအုပ်သည် အဝေးရှိ အမှောင်ထုထဲတွင် တိတ်တဆိတ် ပုန်းခိုနေသည့် ကျားကြီးအား သတိပြုမိသွားကြသည်။ ကျားကြီး၏ ရွှေရောင်မျက်ဆံများမှာ ခြိမ်းခြောက်မှုအပြည့်နှင့် ဖြစ်သည်။
ကြောက်ရွံ့မှုကြောင့် လည်ချောင်းထဲမှ နှလုံးသားများ ခုန်ထွက်လုမတတ်ပင် ဖြစ်လာကြသည်။
ကျားကြီးအား ကြောင်တစ်ကောင်ကဲ့သို့ ခေါင်းပွတ်ပေးနေသည့် ရှောင်ဝူယိအား မြင်သည့်အခါတွင် သူတို့၏ စိတ်ထဲတွင် စကားတစ်ခွန်းသာ ကျန်ရှိတော့သည်။
——တာ့ကော အရမ်းရွှိုက်! d-(´▽`)-b
“တိရစ္ဆာန်ကမ္ဘာ” ရုပ်ရှင်ထဲမှ လွဲ၍ တောရိုင်းထဲတွင် ကြီးပြင်းလာသော ဤမျှလောက် ကြီးမားသည့် ကျားတစ်ကောင်အား မည်သူကမျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိကြချေ။
လူတိုင်းသည် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် မည်သည့်အရာများ ဖြစ်ခဲ့သိကို အလွန်အမင်း သိချင်နေမိသည်။ သို့သော်လည်း အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသည့် ရှောင်ဝူယိသည် လွန်စွာမောပန်းနေပြီ ဖြစ်သည့်အတွက် မျက်လုံးများ မှိတ်လိုက်တော့သည်။
ကျားကြီး၏ နူးညံ့သည့် အမွေးများပေါ်တွင် လှဲအိပ်လိုက်ပြီး သူ၏ ဝမ်းဗိုက်ကလေးအား ဖုံးအုပ်ရန် ကျားအမြီးအား ဆွဲယူဖို့ရန်လည်း မမေ့ပါချေ။
လူအုပ်သည် တစ်စုံတစ်ရာ ပြောချင်ပါသော်လည်း တုံ့ဆိုင်းနေမိကြသည်။ သူတို့သည် အလွန်မကျေမနပ် ဖြစ်ကာ ကောင်ငယ်လေးအား လှုပ်နှိုးချင်ပါသော်လည်း ကျားကြီး၏ ရွှေရောင်မျက်လုံးများအား မြင်သည့်အခါ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။
ကြက်ကလေးတွေလို တိတ်တိတ်ဆိတ်ဆိတ်နေကြ.. တာ့ကော အိပ်နေတယ်.. ကောင်းကောင်း ပြုမူကြ..
ဤဖြစ်ရပ်တိုလေး ပြီးနောက်တွင် ညတာမှာ လျှင်မြန်စွာ ကုန်ဆုံးခဲ့လေသည်။ နောက်တစ်နေ့ နံနက်စောစော နေထွက်ချိန်တွင် သစ်ပင်များကြားမှ နေပြောက်ထိုးနေပြီး ကမ္ဘာမြေကြီးမှာ တောက်ပစွာ လင်းကျင်းလျက်ရှိသည်။
လူတိုင်း နိုးထလာပြီးသည်နှင့် အံ့ဩဖို့ကောင်းလှစွာပင် မြူခိုးများ ဆန်းကြယ်စွာ လွင့်ပြယ်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လူတိုင်းသည် ရှောင်ဝူယိနှင့်အတူ ရပ်နေသည့် ကျားကြီးအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လိမ္မော်နှင့် အနက် အစင်းကြားများ ပါဝင်ပြီး ခံ့ထည်ကာ ကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိသည်။ ယင်း၏ ရွှေရောင်မျက်လုံးတစ်စုံမှာ လူသားများအား တည့်တည့်စိုက်ကြည့်ဖို့ မဝံ့မရဲ ဖြစ်စေသည်။ ခန္ဓာကိုယ် တစ်ခုလုံးသည် တိုက်ပွဲပြင်မှ အညံ့မခံသည့် စစ်သူကြီးတစ်ဦးကဲ့သို့ ရှိနေသည်။
ယင်း၏ အကြည့်သည် ကောင်ငယ်လေးထံသို့ ကျရောက်သွားသည့် အခါတွင်သာ သူ၏ အော်ရာမှာ အနည်းငယ် နူးညံ့လာခြင်းဖြစ်သည်။
ချဉ်းကပ်ဖို့ မရဲသည့်အတွက် ရှောင်ဝူယိအား အဝေးမှသာ လှမ်းနှိုးရဲလေသည်။
နိုးထလာပြီဖြစ်သော ရှောင်ဝူယိသည် တောအုပ်ထဲရှိ မြူခိုးများ လွင့်ပြယ်သွားသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်နှာတွင် စိတ်ကျေနပ်မှုတို့ ထင်ဟပ်လာပြီး ခရီးဆက်ရန် မစောင့်နိုင်ဘဲ ရှိနေသည်။
သူ၏နံဘေးရှိ ကျားကြီးအတွက်မူ လုံးဝ မကြောက်ပါချေ။ ယမန်နေ့ညတွင် ဖြစ်ပျက်ခဲ့သည်များမှာ အသေးအမွှား ကိစ္စတစ်ခုသာ ဖြစ်သည်။
ယမန်နေ့ညက သူတို့၏ သိလိုစိတ်အား ထိန်းချုပ်ထားခဲ့ရသည့် လူများမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် မေးမြန်းလာကြသည်။ ရှောင်ဝူယိသည်လည်း ဖုံးကွယ်ထားခြင်း မရှိဘဲ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အမှန်အတိုင်း ပြောပြလိုက်သည်။
လိုဏ်ဂူထဲသို့ ပါးစပ်ဖြင့် ကိုက်ချီသွားခံရသည့် ကြောက်မက်ဖွယ် အဖြစ်အပျက်အား သိရှိသွားပြီးနောက်တွင် ကောင်ငယ်လေးအား စပါးစေ့သဖွယ် ဆက်ဆံခံခဲ့ရခြင်း ရှိ၊ မရှိအား သိချင်သွားကြသည်။
“ကိစ္စမရှိပါဘူး.. သူက အခု ငါ့ရဲ့ ညီငယ်လေး ဖြစ်သွားပြီလေ.. ငါ့ကို နာကျင်စေမှာ လုံးဝ မဟုတ်ဘူး..”
ရှောင်ဝူယိသည် လေးလေးနက်နက် ကတိပြုလိုက်သည်။ စိတ်ပျံ့လွင့်သွားသကဲ့သို့ ပျော်ရွှင်စွာဖြင့် ခေါင်းကလေး တယမ်းယမ်း ရှိနေသည်။ ကျားကြီး၏ ဦးခေါင်းအား ကြင်နာစွာ ပွတ်သပ်နေရင်း သူ၏ စိတ်ထဲတွင် အမည်တစ်ခု ပေါ်ထွက်လာသဖြင့် သူ့ကိုယ်သူပင် မသိလိုက်ဘဲ ထုတ်ဖော်ပြောမိလိုက်သည်။
“ကျစ်ဟွေ့ကွမ်.. မင်းကို အခုကစပြီး ကျစ်ဟွေ့ကွမ် လို့ ခေါ်မယ်နော်..”
[မှတ်ချက်။ ။ ကျားကို General လို့ သုံးထားတာ.. စစ်သူကြီး/ဗိုလ်ချုပ်ကြီးပေါ့။ ဒါပေမဲ့ စကားပြောတိုင်း အဲဒီလို ရေးနေရမှာ မကြိုက်တာကြောင့် စစ်သူကြီးကို တရုတ်လို ရှာကြည့်တော့ ကျစ်ဟွေ့ကွမ် လို့ ခေါ်တယ်ဆိုတော့ ကျားအတွက် နာမည်တစ်ခုအနေနဲ့ ယူလိုက်တယ်]
ကျားကြီးသည် ဟမ်းစတားလေး ပြောသည့်စကားအား လူသားတစ်ဦးသဖွယ် နားလည်သယောင် ခေါင်းညိတ်ပြလေသည်။
ထိုမြင်ကွင်းသည် လူတိုင်းအား အံ့အားသင့်သွားစေသည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်နေသည့်အတွက် တိရစ္ဆာန်များပင်လျှင် အဆင့်မြင့်လာကြသည်။
ကျားကြီးသည် လူအများအား အမှန်တကယ် ထိခိုက်လိုစိတ် မရှိသည်ကို မြင်ပြီးသည့်နောက်တွင် ငြင်းပယ်ရန် အကြောင်း မရှိတော့ချေ။ စိတ်သက်သာစွာဖြင့် တောင်ပေါ်မှ ဆင်းဖို့ရန် အဆင်သင့် ဖြစ်နေကြလေပြီ။
ထိုအချိန်မှာပင် တောင်ပေါ်မှ မြူခိုးများ မြင့်တက်လာပြန်သဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။ မရှေးမနှောင်းမှာပင် သူတို့သည် ကောင်ငယ်လေးအား ကျောပေါ်တွင်တင်ကာ မြူခိုးများအား ဆွဲယူပြီး တိမ်တိုက်တစ်ခုဆီသို့ ပျံတက်သွားသည့် ဧရာမကျားကြီး ကျစ်ဟွေ့ကွမ်အား ကြောင်အစွာဖြင့် ကြည့်နေမိကြသည်။
လူတိုင်းသည် မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် မေးရိုးများအား ကောက်မတင်နိုင်ခင်မှာပင် သူတို့၏ ခန္ဓာကိုယ်များအား မြူခိုးများမှ သယ်ဆောင်သွားပြီး ကိုယ်ဟန်ပျက်ကာ တောင်အောက်သို့ ပို့ဆောင်ပေးခြင်း ခံလိုက်ရသည်။
သူတို့၏ ခြေဖဝါးများသည် အဝေးပြေးလမ်းမပေါ်သို့ ရုတ်တရက် ခြေချလိုက်ခြင်းနှင့်အတူ အဖြစ်အပျက်များမှာ အစစ်အမှန် မဟုတ်ဟု ခံစားမိကြသည်။ လေတိုက်မှုကြောင့် ဆံပင်များ ပုံပျက်နေပြီး သူတို့အနောက်တွင် ကျန်ခဲ့သည့် တောင်တန်းအား မိန်းမောကာဖြင့် လှည့်ကြည့်မိကြသည်။
သူတို့က.. တကယ်ကြီး တောင်ပေါ်ကနေ တိမ်တွေရဲ့ ပရမ်းပတာ လှိမ့်ချတာကို ခံလိုက်ရတာပေါ့..
ရှောင်ဝူယိ၏ အံ့အားသင့်နေသည့် အသံသည်လည်း နောက်မှ လိုက်ပါလာသည်။ ရှောင်ဝူယိသည် ထိုအရာနှင့် အသားကျနေပုံပေါ်ပြီး ကျားကြီး တိမ်စီးခြင်းနှင့် မြူခိုးများ ဆွဲခေါ်နိုင်သည့် စွမ်းရည်အားလည်း အံ့အားသင့်ပုံ မရချေ။
“ကျစ်ဟွေ့ကွမ်.. မင်းက အရမ်းမိုက်တာပဲ..”
“အားးးးး ဖုန်းချန်... ငါတို့လာပြီဟေ့.. ချုံးယား....”
လူတိုင်း : “……”
လူတွေက ကျားတွေလို မကောင်းပါဘူးလေ..
***
ထိုအချိန်မှာပင် နျဲ့ရှောင်တို့အဖွဲ့သည် တစ်ည အနားယူပြီးနောက် လင်းမုန့်ဖေး၏အိမ်သို့ ခရီးဆက်လေသည်။
ဝူဝမ်ယွီသည် သူမ၏ မှတ်စုထဲတွင် မည်သည့်လိပ်စာမှ ချန်မထားခဲ့သည့်အတွက် သူမ၏ အကောင်းဆုံး သူငယ်ချင်းဖြစ်သူ လင်းမုန့်ဖေး၏ အိမ်သို့သွားကာ လင်းမုန့်ဖေး၏ မိသားစုထဲတွင် အသက်ရှင်ကျန်သူ ရှိ၊ မရှိ သွားကြည့်ကာဖြင့် သူတို့၏ ကံအား စမ်းကြည့်ရန်သာ ရှိတော့သည်။
တစ်ချိန်တည်းမှာပင် အခြားအဖွဲ့တစ်ဖွဲ့သည်လည်း ဖုန်းချန်မြို့လယ်တွင် ထွက်ပေါ်လာပြီး မြို့တွင်းရှိ ဇွန်ဘီများအား လက်လွတ်စပယ် သတ်ဖြတ်ကာ အမြုတေနှင့် ရိက္ခာများအား စုဆောင်းလျက်ရှိကြသည်။
ထိုအဖွဲ့ထဲတွင် အာကာသစွမ်းရည်၏ စွမ်းရည်ပိုင်ရှင်ဟု ထင်မြင်ရသည့် ဖြူရော်ရော် အမျိုးသားတစ်ဦး ပါရှိလေသည်။
နျဲ့ရှောင်တို့သည် လင်းမုန့်ဖေး၏အိမ်သို့ သွားရာလမ်းတစ်လျှောက်မှ ဇွန်ဘီများကို သတ်ပစ်ခဲ့ကြသည်။
ဝူဝမ်ချီသည် မစ်ရှင်ပြုလုပ်ရန် အိမ်မှ မကြာခဏဆိုသလို ၁၀ ရက်တန်သည်၊ လဝက်တန်သည် ထွက်သွားတတ်သော်ငြား ညီမလေးဖြစ်သူ ဝူဝမ်ယွီ၏ နေ့စဉ်ဘဝနှင့် ပတ်သက်ပြီး အလွန် ဂရုတစိုက် ရှိသည့်အပြင် သူမ၏ သူငယ်ချင်းအသိုင်းအဝိုင်းအား သိရှိရန် ကြိုးစားတတ်သည်။
ဝူဝမ်ချီသည် သူမ၏ သူငယ်ချင်းကောင်းဖြစ်သူ လင်းမုန့်ဖေးနှင့် ပတ်သက်၍ သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။
လင်းမုန့်ဖေး၏ မိသားစုနောက်ခံမှာ အလွန်ရိုးရှင်းသည်။ သူမတို့ မိသားစုသည် ဖုန်းချန်၏ သာမန်ရပ်ကွက်တစ်ခုတွင် နေထိုင်ကြသည်။ သူမ၏ မိဘနှစ်ပါးစလုံးမှာ ကုမ္မဏီတစ်ခုတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ အလုပ်လုပ်ကြသည်။ သူမထံတွင် မူလတန်းတက်နေသည့် မောင်ငယ်လေးတစ်ယောက်လည်း ရှိသည်။
ဝူဝမ်ချီ၏ မှတ်ဉာဏ်အပေါ် မှီခိုရင်းဖြင့် နျဲ့ရှောင်တို့သည် လင်းမုန့်ဖေးအိမ်ရှိရာ ရပ်ကွက်သို့ အခက်အခဲ များစွာမရှိဘဲနှင့် ရှာတွေ့လေသည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ဇွန်ဘီများအား မြင်လိုက်သည့်အခါ ဝူဝမ်ချီတွင် မျှော်လင့်ချက်များစွာ မရှိတော့ပေ။
မျှော်လင့်ထားသလို အဆောက်အဦများထဲတွင် လူမရှိပေ။
ထိုသို့ဖြင့် သူတို့၏ လမ်းကြောင်းမှာ ဖြတ်တောက်ခံလိုက်ရပြီး ဝူဝမ်ယွီ မည်သည့်နေရာတွင် ရှိနေမည့် သဲလွန်စ မရှိတော့ချေ။
ဝူဝမ်ချီသည် နီရဲတက်လာသည့် မျက်လုံးများအား ချက်ချင်းဖိနှိပ်နိုင်ရန် ကြိုးစားလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝမ်းနည်းကြေကွဲနေပုံရပြီး နံရံပေါ်သို့ လက်သီးချက်များစွာ ကျဆင်းလာသည်။
စက္ကန့်ပိုင်းလေး အတွင်းမှပင် လေထုမှာ တိတ်ဆိတ်သွားလေသည်။ တံခါးအပြင်ဘက်မှ ဇွန်ဘီများ၏ ရွံရှာဖွယ်အသံများကိုသာ ကြားနေရပြီး သာယာနာပျော်ဖွယ် မရှိသည့်အပြင် မုန်းတီးဖွယ်လည်း ကောင်းလှသည်။
အန္တရာယ်များလှသည့် ကမ္ဘာပျက်ကပ် ကာလအတွင်း၌ လက်နက်မဲ့ပြီး အကာအကွယ်မရှိသည့် မိန်းကလေး တစ်ဦးအနေဖြင့် လုံခြုံဘေးကင်းစွာ ရှင်သန်နိုင်ရန်မှာ လူတိုင်းအတွက် စိတ်ကူးကြည့်ဖို့ရန်ပင် ခက်လှသည်။
ရှောင်ယန်သည် ဝူဝမ်ချီ၏ အသွင်သဏ္ဌာန်အား မြင်သည့်အခါတွင် မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိနိုင်ဘဲ ရှိနေသည်။ သူမ၏ မျက်လုံးများ ရုတ်တရက် နီရဲလာပြီး သူမကိုယ်သူမ အပြစ်တင်မိတော့သည်။
“အဲဒီ မစ်ရှင်ကို ငါယူပြီး နင်တို့ကို မပြခဲ့မိရင် ကောင်းမှာပဲ..”
“ကျဲ..!”
နင်ဖုန်းသည် ထိုအဓိပ္ပါယ်မရှိသည့် စကားများအား ကြားသည့်အခါ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရှောင်ယန်အား စကားဆက်မပြောစေရန် တားမြစ်လိုက်သည်။
“အဲဒါ ကျဲရဲ့ အမှား မဟုတ်ပါဘူး..”
နင်ဖုန်းသည် ရှောင်ယန်၏ လက်အား ဆွဲယူကာ ဝူဝမ်ချီကို လှည့်ကြည့်လိုက်သည်။ အလွန် စိုးရိမ်ထိတ်လန့်စွာဖြင့် ပြောလေသည်။
“ဝူဝမ်ချီ.. ခင်ဗျားမှာ ပြောစရာရှိနေတယ် မဟုတ်လား..”
အော်သံကြားလိုက်သည့်အတွက် ဝူဝမ်ချီသည် မျက်လုံးများအား ပွတ်လိုက်ပြီး စိတ်ဝိညာဉ် ပြန်ရလာသည်။ ရှောင်ယန်ဆီသို့ လျှောက်သွားပြီးနောက် သူမ၏ခေါင်းအား ပုတ်လိုက်သည်။ သူ၏ လေသံမှာလည်း နူးညံ့မှုနှင့် ခိုင်မာမှုတို့ ရောစွက်နေသည်။
“ဟုတ်တယ်.. မင်းရဲ့အမှား မဟုတ်ပါဘူး.. အများကြီး မတွေးနဲ့နော်..”
ရှောင်ယန်သည် ဝူဝမ်ချီ၏ ခိုင်မာပြတ်သားသည့် မျက်နှာအား မြင်လိုက်သည့်အခါ ရုတ်တရက်ဆိုသလို မျက်ရည်များ ကျဆင်းလာသည်။
နျဲ့ရှောင်သည် ဝမ်းနည်းနေသည့် အဖွဲ့သားများအား ကြည့်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ယခင်က တစ်ကြိမ်ထက်မက ပြောခဲ့ဖူးသည့် စကားများအား ထပ်ပြောလိုက်သည်။
“အဆင်ပြေသွားမှာပါ..”
ဖော်ပြ၍ မရနိုင်လောက်အောင် စွမ်းထက်သည့် ထိုစကားလုံး ၆ လုံးအား ကြားပြီးနောက်တွင် ဝူဝမ်ချီနှင့် ရှောင်ယန်တို့သည် တစ်ဦးကိုတစ်ဦး ခေတ္တမျှကြာအောင် ကြည့်လိုက်ကြပြီးနောက် မျက်လုံးထဲတွင် ကြံ့ခိုင်မှုနှင့် မျှော်လင့်ချက်တို့ တောက်ပလာသည်။
နင်ဖုန်းသည်လည်း အစာကောက်နေသည့် ကြက်ပေါက်လေးကဲ့သို့ ခေါင်းတဆတ်ဆတ်ညိတ်ကာ အလျင်အမြန် သံယောင်လိုက်လေသည်။
“ဟုတ်တယ်.. ဟုတ်တယ်.. ဘော့စ်က အဆင်ပြေသွားမယ်လို့ ပြောရင် သေချာပေါက် အဆင်ပြေသွားမှာ..”
ထိုအပြောနှင့်အတူ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည့် သွမ့်ဝမ်ယွီသည် ရုတ်တရက် တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိလိုက်သည်။ အလျင်အမြန် ရှေ့သို့လှမ်းပြီးနောက် လင်းမုန့်ဖေး၏ စားပွဲပေါ်ရှိ စားပွဲတင်ပြက္ခဒိန်အား ကောက်ယူကာ ယင်းပေါ်ရှိ မှတ်စုအား ညွှန်ပြလိုက်သည်။
“ရှောင်ယွီက ယွင်ချန်မှာ ဖြစ်လိမ့်မယ်..”
လူတိုင်း အနီးကပ်ကြည့်လိုက်ပြီးနောက် နေ့စွဲတစ်ခု၏ အောက်ဘက်ရှိ အနက်ရောင်အကွက်လေးထဲတွင် ရေးထားသည့် စာကြောင်းအား မြင်လိုက်ရသည်။
——“ဖေးဖေးက ရှောင်ယွီကို ကစားဖို့အတွက် ယွင်ချန်ကို ခေါ်သွားမယ်.. လေယာဉ်ချိန်က ၈ နာရီ တိတိ..”
ရုတ်တရက် သူတို့ခေါင်းပေါ်သို့ ပြုတ်ကျလာသည့် စိတ်ကျေနပ်ဖွယ် စပရိုက်သည် နျဲ့ရှောင်၏ ပါးစပ်မှာ ဖွင့်လိုက်သည့် အခါတိုင်း အလင်းရောင်များ ယူဆောင်လာတတ်ကြောင်း နောက်တစ်ကြိမ် သက်သေပြပြီး ဖြစ်လေသည်။ ဝူဝမ်ချီသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ နျဲ့ရှောင်အား ခပ်ကြမ်းကြမ်း ပွေ့ဖက်လိုက်သည်။
*၃*