အပိုင်း ၂၅
Viewers 8k


🐹 အခန်း ၂၅

 ဝူယိလေး ဖုန်းချန်ကို ရောက်ပါတော့မယ် -၃





အဖွဲ့ထဲမှ အခြားသူများသည်လည်း မီးဖိုကာ တစ်ခုခု ချက်ပြုတ်ရန်အတွက် စဉ်းစားခဲ့ကြဖူးသည်။ သို့သော်လည်း မည်သည့်အခါတွင်မျှ အတွန့်တက်ခြင်း ညည်းညူခြင်း မပြုသည့် သခင်ငယ်လေး ရှောင်ဝူယိအား မြင်သည့်အခါတွင် ထိုသို့သော ဇိမ်ခံပစ္စည်းများအား တောင်းဆိုဖို့ရန် အသိစိတ်ရှိရှိ ရပ်တံ့ခဲ့သည်။


သို့သော်လည်း ယခုအခါတွင် သခင်ငယ်လေးမှာ သည်းခံနိုင်စွမ်း မရှိတော့ဘဲ စတင်လှုပ်ရှားလာသဖြင့် အခြားသူများအတွက် သဘောမတူရန်မှာ မဖြစ်နိုင်ချေ။ ချက်ပြုတ်တတ်သူများသည် ရဲရင့်စွာဖြင့် စေတနာ့ဝန်ထမ်းကြသည်။


ထိုသို့ဖြင့် အသက်ဘေးအတွက် ထွက်ပြေးနေကြရပြီး ဆွေမျိုးမိတ်ဆွေများအား ရှာဖွေနေကြသည့် အဖွဲ့မှာ ရုတ်တရက်ဆိုသလို ကမ္ဘာပျက်ကပ်အတွင်း ပျော်ပွဲစားခရီးထွက်လာသည့် အဖွဲ့အဖြစ်သို့ ပြောင်းလဲသွားလေသည်။


သူတို့သည် ရှုပ်ထွေးသည့် အစားအစာများ ချက်ပြုတ်ခြင်း မပြုကြဘဲ ရေနွေးတည်ကာ အသင့်စား ခေါက်ဆွဲများ ထည့်လိုက်သည်။ စည်သွပ်ဗူး ဝက်ပေါင်ခြောက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ကြက်ဥများနှင့် အခြားအရာများအား ဟင်းရည်ထဲ ထည့်လိုက်သည်။


ကမ္ဘာပျက်ကပ် မတိုင်မီ လူတိုင်းနီးပါးအတွက် ရိုင်းရှင်းသည့် ဟင်းတစ်ခွက်မှာ ယခုအခါတွင် စားကောင်းသောက်ဖွယ်တစ်ခု ဖြစ်လာသည်။


ရှောင်ဝူယိသည် သူ၏ စတော်ဘယ်ရီ အိတ်ကလေးထဲမှ အစိမ်းရောင်အရွက်အနည်းငယ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။ ကောင်ကလေးသည် အလွန်လေးနက်စွာဖြင့် ပြောလေသည်။


“အော.. ငါ့အိတ်ထဲမှာ အရွက်တွေလည်း အများကြီး ပါတယ်လေ..” ( ̄ト ̄)


လူတိုင်း : “……”


ဟုတ်ပါပြီ.. ဒီအရေးကြီးပုဂ္ဂိုလ်လေးပြောသမျှ အားလုံးက မှန်တယ်နော်..


မကြာမီတွင် အိုးထဲမှ ခေါက်ဆွဲများ ရလာသည်နှင့် ရှဲ့ကျွင်းသည် ရှောင်ဝူယိအတွက် အထူးတလည် အဖြစ် ဟင်းရည်ကြည် တစ်ခွက်နှင့် ဝက်သားကတ္တလိပ် စီစဉ်ပေးသည်။ ကောင်ငယ်လေးသည် ပေါ့ပေါ့ပါးပါး စားစရာများအား ကြိုက်နှစ်သက်သည်ကို ပထမဆုံး တွေ့ဆုံစဉ်ကတည်းက သူတို့သိရှိထားသည်။


ရှောင်ဝူယိသည် ထိုသို့စီစဉ်ပေးမှုအား ငြင်းဆိုခြင်းမပြုဘဲ သူ၏ ခေါက်ဆွဲပန်းကန်အား ရိုကျိုးစွာ ကိုင်ထားသည်။ သို့သော်လည်း အခြားသူများ၏ ပန်းကန်ထဲရှိ အနီရောင် အလွှာချပ်အား ကြည့်ရင်း သိလိုစိတ်အား မထိန်းနိုင်တော့ချေ။


လေထုထဲတွင် တငွေ့ငွေ့ သင်းကြိုင်နေသည့် အစပ်အရသာမှာ လူများအား သွားရည်ယိုလာစေပြီး စားသောက်ချင်စိတ်အား တိုးပွားစေသည်။


“ရှောင်ယွီ မေ့မေ့.. ငါလည်း တစ်လုပ်လောက် စားချင်တယ်..”


ရှောင်ဝူယိသည် နှာခေါင်းကလေး ရှုံ့ပွပွဖြင့် ဝူဝမ်ယွီ၏ ပန်းကန်ထဲရှိ ခေါက်ဆွဲများအား စိုက်ကြည့်နေသည်။


ဝူဝမ်ယွီသည် ဖုန်းချန်ဒေသခံတစ်ဦး ဖြစ်သည့်အတွက် သူမ၏ ပန်းကန်ထဲတွင် ငရုတ်သီးမှုန့်များစွာ ထည့်ထားသည်ကြောင့် ခေါက်ဆွဲပန်းကန်မှာ အတော်လေး နီရဲကာ စပ်လေသည်။


ဝူဝမ်ယွီသည် ကောင်ငယ်လေး၏ အကြည့်များကို မြင်သည့်အခါ ငြင်းပယ်နိုင်စွမ်း မရှိတော့ချေ။ တစ်ဆက်တည်းမှာပင် သူမသည် အလွန်စပ်နေမည်ကို စိုးရိမ်သည့်အတွက် တူထိပ်ဖျားနှင့်သာ ကောင်ကလေးအား အရသာခံစေလိုက်သည်။


သို့သော်လည်း ဝူဝမ်ယွီသည် ရှောင်ဝူယိ၏ အစပ်စားနိုင်စွမ်းအား အထင်ကြီးမိခဲ့သည်။


ရှောင်ဝူယိ၏ ပါးစပ်ထဲသို့ အစပ်အရသာလေး ရောက်သွားသည်နှင့် မျက်ရည်များ ကျဆင်းလာပြီး ငရုတ်သီးအပူအား မခံနိုင်ချေ။ ပါးစပ်ထဲတွင် ပူစပ်နေသည့်အတွက် ကျယ်လောင်စွာ ငိုကြွေးလေသည်။


“ဝါးးးးး ရှောင်ယွီ မေ့မေ့က လူလိမ်မပဲ..” (╥﹏╥)


ဝူဝမ်ယွီမှာ စွပ်စွဲခံလိုက်ရသဖြင့် အကူအညီမဲ့နေလေသည်။


ရှဲ့ကျွင်းသည် အစပ်ဒဏ်ခံနေရသည့် ကောင်ငယ်လေးအားကြည့်ကာ တစ်ချိန်တည်းမှာပင် သနားသလို ရယ်ချင်မိသည်။ ထို့နောက် နို့တစ်ဘူးအား အလျင်စလိုထုတ်ကာ ကမ်းပေးလိုက်သည်။


ရှောင်ဝူယိသည် လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်နှယ် နို့ဘူးအား ကိုင်ကာဖြင့် တဂွတ်ဂွတ်မြည်အောင် သောက်လေသည်။ မျက်ရည်စက်စက်နှင့် နီရဲဖူးရောင်နေသည့် ပါးစပ်မှာ အလွန်သနားဖွယ် ကောင်းလှသည်။


ယနေ့တွင် ဒယ်ဒီ၏ လေ့ကျင့်သင်ကြားပေးမှုများမှာ မှန်ကန်ကြောင်း ရှောင်ဝူယိ လက်တွေ့သိရှိခဲ့ရသည်။ ဟမ်းစတားလေးများသည် ခြေနှစ်ချောင်းနှင့် လူဖြစ်လာသည့်တိုင် ငရုပ်သီးစပ်စပ် မစားနိုင်ချေ။


ရှောင်ဝူယိသည် နှပ်ညှစ်လိုက်ပြီးနောက် ခက်ခက်ခဲခဲ ပြန်လည်သက်သာလာလေသည်။ ငရုတ်သီးအား နောက်တစ်ကြိမ် ထပ်မစားရဲတော့ချေ။ နာနာခံခံနှင့် သူ၏ ခေါက်ဆွဲပန်းကန်နှင့် ဝက်သားကတ္တလိပ်ကိုသာ စားနေတော့သည်။


“ငရုတ်သီးက အရမ်းဆိုးတာပဲ..”


ထိုမြင်ကွင်းအား ကြည့်နေကြသူများသည် ထိုစကားကို ကြားမှသာ သက်ပြင်းချပြီး ရယ်နိုင်တော့သည်။ ရှောင်ဝူယိမှာ လွန်စွာ ချစ်ဖို့ကောင်းလှသည်။


ဟန်လင်းတို့သည်လည်း ဝူဝမ်ယွီ၏ ခေါက်ဆွဲအား စူးစမ်းလိုက်ကြသည်။ သို့သော်လည်း အလွန်အမင်း စပ်ခြင်းမရှိလှဘဲ ရှောင်ဝူယိသည် အစပ်ဒဏ်မခံနိုင်ခြင်း ဖြစ်သည်ကို သိလိုက်ကြရသည်။


ရှားရှားပါးပါး အရသာရှိလှသည့် တစ်နပ်စာအား ဝဝလင်လင် စားသောက်ပြီးသည့်နောက်တွင် ထိုအဖွဲ့သည် ချက်ချင်း ထုပ်ပိုးကာ ဖုန်းချန်သို့ ခရီးဆက်ကြသည်။


ထိုအချိန်မှာပင် ကောင်းကင်ထက်မှ အသံမြည်ဟီးလာသည်။ လူတိုင်း၏ အာရုံမှာ ဆွဲဆောင်ခံလိုက်ရပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။


သူတို့၏ ခေါင်းပေါ်မှ တိုက်လေယာဉ် ၃ စင်း ဖြတ်ပျံသွားသည်ကို မြင်လိုက်ရပြီး ဖုန်းချန်ရှိရာသို့ ဦးတည်နေပြီး အပြာရောင် ကောင်းကင်ထက်တွင် အဖြူရောင် အခိုးငွေ့တန်းသာ ကျန်ရစ်ခဲ့သည်။


“အဲဒါ စစ်တိုက်လေယာဉ်ကွ..”


“ဘုရားရေ.. ကယ်ဆယ်ရေးတွေ စနေပြီလား..”


“အရမ်းမိုက်တယ်ဟေ့..”


လူတိုင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေချိန်တွင် ရှောင်ဝူယိသည် အဝေးသို့မျှော်ကြည့်နေပြီး သူ၏ မျက်လုံးလေးများမှာ တလက်လက်တောက်ပလာပြီး နှလုံးသားထဲမှ တက်ကြွမှုတို့အား တားမရတော့ချေ။


ထိုတိုက်လေယာဉ်များထဲတွင် သူ၏ ဒယ်ဒီ ပါဝင်နေသည်ကို သူသိထားသည်။


ထိုလေယာဉ်များ မည်သည်ကြောင့် လာသည်ဖြစ်စေ လူတိုင်းသည် ဖုန်းချန်သို့ရောက်ကာ အဖြစ်အပျက်များအား မြင်ရရန် မစောင့်နိုင်တော့ချေ။ ထို့ကြောင့် သူတို့၏ အရှိန်အား တိုးမြှင့်လိုက်ကြသည်။


***


တိုက်လေယာဉ်များ၏ အမြန်နှုန်းမှာ ဩချလောက်ပေသည်။ နေ့တစ်ပိုင်း မကုန်ခင်မှာပင် နျဲ့ရှောင်တို့သည် မြို့တော်မှ ဖုန်းချန်ကောင်းကင်ယံသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။


သူတို့သည် ဝူဝမ်ချီ၏ အိမ်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားကြပြီး အနီးအနားရှိ အိမ်ခေါင်မိုးများပေါ်တွင် ဆင်းသက်ကြသည်။


ကံကောင်းစွာဖြင့် ဝူဝမ်ချီနှင့် ဝူဝမ်ယွီသည် မြို့လယ်နှင့်ဝေးသည့် ဆင်ခြေဖုံးတွင်ရှိသော အိမ်ရာဝင်းတွင် နေထိုင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြို့တော်သို့ ရောက်သကဲ့သို့ ဇွန်ဘီများ သိပ်သည်းစွာ မတွေ့ရချေ။ 


တိုက်လေယာဉ် ၃ စင်းသည် ဗီလာခေါင်မိုးများပေါ်တွင် ဘေးကင်းစွာ ဆိုက်ရောက်ပြီးနောက် ခုန်ဆင်းလိုက်ကြသည်။ ထို့နောက် အောက်ထပ်သို့ဆင်းကာ ဇွန်ဘီများအား သတ်ဖြတ်ပြီးနောက် ဝူဝမ်ချီ၏ အိမ်ရှိရာသို့ လမ်းလျှောက်သွားကြသည်။


ဝူဝမ်ချီသည် အိမ်နှင့်နီးလာသည်နှင့်အမျှ နှလုံးသားထဲတွင် ပိုမိုတင်းကြပ်လာသည်။ လမ်းတစ်လျှောက်ရှိ ဇွန်ဘီများအား သတ်ဖြတ်ပစ်ခဲ့သည်။


ပျက်စီးယိုယွင်းမှုမရှိသည့် အိမ်တံခါးအား မြင်သည့်အခါမှသာ ဝူဝမ်ချီ စိတ်ချနိုင်တော့သည်။ ဝူဝမ်ချီ အိမ်၏ လုံခြုံရေးမှာ နျဲ့ရှောင်ထက် မနိမ့်ကျချေ။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်သည့်အချိန်တွင် ဝူဝမ်ယွီသာ အိမ်ထဲတွင် ကောင်းမွန်စွာ အိပ်စက်နေမည် ဆိုပါက လုံခြုံဖို့ရန် အာမခံလေသည်။


သို့သော်လည်း အိမ်ထဲတွင် မည်သူမျှ ရှိမနေခြင်းအား သူတို့မျှော်လင့်မထားမိခဲ့ကြချေ။ အရာအားလုံးမှာ ကမ္ဘာပျက်ကပ် မတိုင်မီကဲ့သို့ ရှိနေလေသည်။


ပရိဘောဂများပေါ်ရှိ ဖုန်မှုန့်များသည် အိမ်ထဲတွင် မည်သူမျှ ရှိမနေကြောင်း တိုက်ရိုက်ညွှန်ပြနေသည်။


“တစ်ယောက်ယောက်နဲ့ ထွက်ပြေးလွတ်မြောက်သွားတာများလား..”


ရှောင်ယန်သည် အကောင်းမြင်စွာဖြင့် ခန့်မှန်းရုံသာ ရှိတော့သည်။ သူမသည် ဝူဝမ်ချီ၏ မျက်နှာအား စိုးရိမ်စွာဖြင့် ကြည့်လိုက်မိသည်။


ဝူဝမ်ချီ၏ မျက်နှာအရောင်မှာ မည်းမှောင်နေပြီဖြစ်သည်။ သူ၏ခြေလှမ်းများသည် အပေါ်ထပ် ဝူဝမ်ယွီ၏ အခန်းရှိရာသို့ တိုက်ရိုက်တက်ကာ ရှာဖွေလိုက်သည်။ ဝူဝမ်ယွီ၏အခန်းမှာ ကမ္ဘာပျက်ကပ် မတိုင်မီကအတိုင်း သပ်သပ်ရပ်ရပ် ရှိနေပြီး အိတ်တစ်လုံးသာ ပျောက်ဆုံးနေခြင်းဖြစ်သည်။


နျဲ့ရှောင်သည် အမြင်စူးရှစွာဖြင့် စားပွဲပေါ်ရှိ မှတ်စုအား ရှာတွေ့လိုက်သဖြင့် လျင်မြန်စွာ ကောက်ယူလိုက်သည်။


——“ အစ်ကိုရေ.. ပြန်လာလို့ ညီမလေးကို မတွေ့ဘူးဆိုရင် အပြင်ထွက်သွားတာလို့ မှတ်လိုက်နော်.. ဒါပေမဲ့ အစ်ကိုက ဒီစာကိုတွေ့ဖို့ စောစောပြန်ရောက်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်.. ဟားဟားဟား”


ဝူဝမ်ချီသည် အဆိုပါမှတ်စုအားကြည့်ကာ မျက်လုံးများ နီရဲလာသည်။


“ဒီပြဿနာမလေးကတော့..”


***


ထိုအချိန်တွင် ရှောင်ဝူယိ၊ ဝူဝမ်ယွီနှင့် အခြားသူများသည် အရှေ့တွင် ပျက်စီးနေသည့် အဝေးပြေး လိုဏ်ခေါင်းကြောင့် လမ်းပိတ်နေကြသည်။ ကမ္ဘာပျက်ကပ် ဖြစ်ပွားချိန်တွင် ဆီသယ်ယာဉ်များသည် အထိန်းအချုပ်မဲ့သွားပြီး လိုဏ်ခေါင်းနှင့် ဝင်တိုက်မိသဖြင့် လိုဏ်ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားပုံရသည်။


ဤကဲ့သို့သော အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ထံတွင် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်ရှိတော့သည်။ အရှေ့တွင်ရှိနေသည့် တောင်ပေါ်သို့ တိုက်ရိုက်တက်ရုံသာ ရှိလေသည်။


လူအုပ်သည် တောင်ပေါ်သို့ ခက်ခဲကြီးစွာ တက်ကြရသည်။ သို့သော်လည်း များမကြာမီတွင် လမ်းအား ကြိုတင်လေ့လာရန် တာဝန်ရှိသူ နာနာသည် သွားနေရာမှ ရပ်တံ့လိုက်ပြီး မျက်နှာတွင် ပူပန်မှုများ ရှိနေသည်။


“ကိုကို ဝူယိရေ.. နာနာက ရှေ့ကို သေချာမမြင်ရတော့ဘူးရယ်.. မြူတွေအရမ်းများနေတယ်..”


နာနာ၏ စွမ်းရည်မှာ အပင်စွမ်းရည် မျိုးကွဲတစ်ခုဖြစ်သည်။ သဘာဝရှိ ပန်းပွင့်နှင့် သစ်ပင်များ အားလုံးသည် နာနာ၏ မျက်လုံးနှင့် နားများ ဖြစ်ကြသည်။ ထို့ကြောင့် သူမ ပြောသည့်အရာမှာ မှားနိုင်စရာ လုံးဝမရှိပေ။


လူတိုင်းသည် ခေါင်ခိုက်နေသည့် တောင်ကြောအား ကြည့်လိုက်ကြပြီး အကျပ်ရိုက်လာမိသော်လည်း ကိုယ့်ကိုယ်ကိုယ် အားတင်းကာဖြင့် ရှေ့ဆက်ကြရလေသည်။


ရှောင်ဝူယိတို့အဖွဲ့ ရှေ့ဆက်ပြီး ဝေးဝေး မသွားနိုင်တော့ချေ။ သူတို့သည် နာနာပြောခဲ့သည့် မြူထူထူကြား ရောက်နေကြသည်။ သိပ်သည်းလှသော အဖြူရောင်အခိုးအငွေ့များသည် သူတို့ခြေထောက်အောက်ရှိ လမ်းကိုပင် မမြင်နိုင်အောင် ဖြစ်စေသည်။


တစ်ချိန်တည်းမှာပင် ကောင်းကင်သည်လည်း တဖြည်းဖြည်း မှောင်ရီပျိုးလာပြီ ဖြစ်သည်။ မြူထဲတွင် တကွဲတပြားနှင့် လူစုကွဲသွားမည့်ဘေးမှ ရှောင်ကြဉ်ရန်အတွက် သူတို့အားလုံးသည် နောက်တစ်နေ့ နေထွက်ချိန်တွင် မြူများ ပြယ်လွင့်သွားမည်ဟု မျှော်လင့်ကာ လက်ရှိနေရာတွင်သာ တစ်ညအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။


ထိုအရာသည် ရှောင်ဝူယိအား စိုးရိမ်စိတ် ဖြစ်ပေါ်စေသည်။ ဒယ်ဒီသည် သူနှင့် လက်တစ်ကမ်းအလိုတွင် ရောက်နေပြီဟူသော သေချာသည့် ခံစားချက်မျိုး ရှိနေသည့်တိုင် ကံမကောင်းစွာဖြင့် ရုတ်တရက် ထွက်ပေါ်လာသည့် မြူခိုးများကြောင့် သူ၏ခရီးစဉ်မှာ နှောင့်နှေးရပြန်သည်။


သူ၏ ပါးစပ်ထဲတွင် ဆီပုလင်းများ ချိတ်ဆွဲထားရသလို မပျော်မရွှင် ဖြစ်နေမိသည်။


ဝူဝမ်ယွီသည်လည်း စိုးရိမ်ပူပန်နေမိသည်။ သို့သော်လည်း ယခုအချိန်တွင် သူမ ပိုစိုးရိမ်သည်နှင့်အမျှ အမှားအယွင်း ဖြစ်လာရန် ပိုမိုလွယ်ကူမည် ဖြစ်သည့်အတွက်ကြောင့် ရှောင်ဝူယိအား စိတ်ရှည်ရှည်ဖြင့် ဖေးမနှစ်သိမ့်နေရသလို တစ်ချိန်တည်းမှာပင် သူမကိုယ်သူမလည်း ဖျောင်းဖျမှုပြုရသည်။


“လိမ္မာနော်.. မနက်ဖြန် မနက်ခင်းကျ မြူတွေ ရှင်းသွားတဲ့အထိ စောင့်ကြတာပေါ့.. အခုလို ခရီးဖင့်တာကို အခွင့်ကောင်းယူပြီး ကောင်းကောင်းလေး အနားယူလိုက်တာပေါ့.. မြူ‌တွေ ရှင်းသွားတာနဲ့ မြို့ထဲကို မြန်မြန်လေး ဝင်ကြမယ်လေ..”


ဝူဝမ်ယွီ၏ စကားအား ကြားသည့်အခါ ရှောင်ဝူယိသည် စိတ်မပါစွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။


မကြာမီမှာပင် ညအချိန်သို့ ရောက်ရှိလာသည်။ လူတိုင်း ဗိုက်ဖြည့်လိုက်ကြပြီးနောက် အလှည့်ကျ ကင်းစောင့်ကြသည်။ သူတို့စခန်းချရာ ဧရိယာတစ်ဝိုက်တွင် တောရိုင်းတိရစ္ဆာန်များနှင့် မြွေများအား ကာကွယ်ရန် ကန့်မှုန့်များ ဖြူးထားကြသည်။


ညအချိန် တောင်တန်း၏ တောအုပ်နက်နက်ထဲ ရောက်နေကြခြင်းကြောင့် တိတ်ဆိတ်နေသည့် အချိန်တွင် အခြားသူများ၏ အသက်ရှူသံကိုပါ ကြားနိုင်လေသည်။ ရံဖန်ရံခါ မြက်ပင်များ ပွတ်တိုက်သံများ ထွက်ပေါ်လာတတ်သဖြင့် ညအချိန်တွင် ပိုမိုခြောက်ခြားလာစေသည်။


လူအရေအတွက်ကြောင့် လုံခြုံသည့် စိတ်ခံစားချက်တို့ ရှိမနေလျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်သည် သူတို့၏ စိတ်ထဲမှနေ ခြောက်လှန့်နေပေလိမ့်မည်။


လူတိုင်းသည် နွေးနွေးထွေးထွေး တိုးဝှေ့ပူးကပ်နေကြသည်။ ညကင်းစောင့်ဖို့ တာဝန်ကျသူ မဟုတ်သည့်တိုင် အိပ်စက်ဖို့ မရဲပါချေ။ ဤတောင်တန်းများတွင် လူနေကျဲပါးသော်လည်း မည်သည်ကမှန်း မသိနိုင်သည့် ဇွန်ဘီများ ထွက်ပေါ်လာမည်ကို စိုးရိမ်နေမိကြဆဲပင်။


ကြောက်မက်ဖွယ်ရုပ်ရှင်များထဲမှ ဇာတ်ကွက်များအကြောင်း စဉ်းစားကြည့်ရုံမျှနှင့် လူတိုင်း မသက်မသာ ဖြစ်လာပြီး အနားမယူနိုင်ကြ‌တော့ချေ။ အခြေအနေမှာ အစောပိုင်း ဝူဝမ်ယွီ ထင်ခဲ့သလိုပင် ဖြစ်သည်။


ကိုယ့်လက်ကိုယ်ပင် မမြင်နိုင်လောက်သည်အထိ ပိန်းပိတ်အောင် နက်မှောင်နေသော အမှောင်ထုထဲတွင် လူတိုင်းသည် သူတို့၏ ပတ်ဝန်းကျင်ရှိ မြူခိုးများမှာ ပိုမိုကာ ထူထဲလာသည်ကို သတိမပြုမိကြချေ။ ထို့အပြင် အမှောင်ထဲတွင် မျက်လုံးတစ်စုံသည် သူတို့၏ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်နေသည်ကို လုံးလုံးလျားလျား မသိရှိကြချေ။


မြူခိုးများ ထူထပ်လာသည်နှင့်အမျှ လူတိုင်း၏ အသိစိတ်သည်လည်း တဖြည်းဖြည်းချင်း ရှုပ်ထွေးလာသည်။ ထိုအချိန်မှာပင် သိပ်သည်းထူထပ်လျက်ရှိသော မြူခိုးများသည် လိမ္မော်ရောင်နှင့် အနက် အစင်းကြားများ ပါရှိသည့် ကြီးမားကြောက်မက်ဖွယ် ကျားတစ်ကောင်၏ ဦးခေါင်းအဖြစ်‌ ပြောင်းလဲသွားသည်။


ကျားကြီးသည် လျင်မြန်စွာ အိပ်မောကျသွားသည့် လူများအားကြည့်ကာ တိတ်တဆိတ် ချဉ်းကပ်လာသည်။ အလွန်ဆာလောင်နေသည့်အတွက် အစိမ်းရောင်တောက်နေသည့် မျက်လုံးများဖြင့် လေထုထဲအား အနံ့ခံလျက်ရှိကာ လူတိုင်း၏ ကျောပိုးအိတ်များထဲရှိ အစာများအား ရှာဖွေနေလေသည်။ ကျားကြီးသည် အစာထုတ်များအားဖောက်ကာ အငမ်းမရ စားသောက်လေသည်။


ထိုဧရာမကျားကြီးမှာ အလွန်လူသားဆန်ပြီး စခန်းအတွင်းရှိ လူများအား ရန်ပြုလိုစိတ် မရှိချေ။ သူသည် စားစရာအချို့ကိုသာ ခိုးယူလိုခြင်း ဖြစ်လေသည်။


ကျားကြီး၏ ပတ်လည်ရှိ အဖြူရောင်မြူခိုးများသည် ကြီးမားလှသည့် လက်တစ်စုံအဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်ရှိသည့် စားစရာများအား တောင်ထဲရှိ တောနက်ထဲသို့ သယ်သွားလေသည်။


အစာများအား သယ်ဆောင်ပြီးသည့်အခါတွင် ကျားကြီးသည် မြူခိုးအဖြစ် ပြန်လည်ထွက်ခွာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ရှောင်ဝူယိနံဘေးမှ ဖြတ်သွားချိန်တွင် ရင်းနှီးကျွမ်းဝင်သည့် အနံ့အား ရုတ်တရက် ရှူရှိုက်မိလေသည်။


ကျားကြီးသည် စက္ကန့်ဝက်အတွင်းမှာပင် လှုပ်ရှားလိုက်သည်။ ကျားကြီးသည် ထပ်မံတွေးတောခြင်း မပြုဘဲကောင်ငယ်လေးအား ကျောပေါ်သို့တင်ကာ သူ၏အသိုက်ဟောင်းသို့ ခေါ်သွားလေသည်။


*၄*