🐹 အခန်း ၂၄
ဝူယိလေး ဖုန်းချန်ကို ရောက်ပါတော့မယ် -၂
ယွဲ့ဖုန်းချန်သည် ခါးသီးမှုနှင့် ဝမ်းမြောက်မှု နှစ်မျိုးစလုံး ပါဝင်စွာ ပြုံးလိုက်သည်။ မြို့တော်သည် တစ်နိုင်ငံလုံးတွင် လူဦးရေ အထူထပ်ဆုံးဖြစ်သည့်အတွက် ဇွန်ဘီများ သိပ်သည်းစွာ ရှိနေသည်ကြောင့် အခြားနေရာများထက် ပိုမိုကာ ပြင်းထန်လေသည်။
နျဲ့ရှောင်သည် “ခေါင်းဆောင် ရှ” ဟူသည်အား ကြားသည့်အခါတွင် ဟွားယန်ရုပ်သံလိုင်းတွင် မကြာခဏ ပေါ်လာတတ်သည့် မျက်နှာအား အမှတ်ရမိလိုက်သည်။ နိုင်ငံအတွင်းရှိ လူအနည်းစုသာလျှင် ထိုပုဂ္ဂိုလ်အား မသိဘဲရှိပေမည်။
ယွဲ့ဖုန်းချန် ဖုံးကွယ်မထားပေ။ ခေါင်းညိတ်ကာဖြင့် ဝန်ခံလိုက်ပြီး လေသံမှာ အနည်းငယ် လေးလံလို့နေသည်။
“ဟုတ်တယ်.. ခင်ဗျားတို့ ထင်နေတဲ့ တစ်ယောက်ပဲ.. လက်ရှိ နိုင်ငံထဲမှာ ခေါင်းဆောင်က တစ်ယောက်ပဲ ကျန်တော့တာ..”
ထိုအကြောင်းအား ကြားသည့်အခါ နျဲ့ရှောင်တို့၏ စိတ်ဓာတ်များ ရုတ်တရက် ကျဆင်းသွားကြသည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာခြင်းသည် နိုင်ငံ့ခေါင်းဆောင် အားလုံးနီးပါး ကျဆုံးခဲ့ရသည်။ ဆုံးရှုံးမှု ကြီးမားလှသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”
ဝူချင်ဖုန်းမှာ လက်မခံနိုင်ဘဲ မျက်ရည်များကျဆင်းလာသည်။ တရုတ်ပြည်၏ ခေါင်းစီးအောက်တွင် မွေးဖွားကြီးပြင်းလာသည့် မည်သူမဆို ဤအချက်အား လွယ်လင့်တကူ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“အခု အရာအားလုံးကို ခေါင်းဆောင် ရှ ထိန်းချုပ်ထားတယ်.. မြို့တော်က လုံးလုံးလျားလျား မတည်ငြိမ်သေးတာကြောင့် တခြားဒေသတွေကို ဆက်သွယ်ဖို့ အချိန်မရသေးဘူး.. ခေါင်းဆောင် ရှ က မင်းတို့ကို တွေ့ရရင် အရမ်းပျော်သွားမှာ သေချာတယ်..”
ယွဲ့ဖုန်းချန်သည် သူ၏ စိတ်ထဲမှ လာသည့်အတိုင်း ပြောလေသည်။
“ဒါက ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးကတည်းက ရလာတဲ့ အကောင်းဆုံးသတင်းပဲ”
ကားသည် မြို့တော်၏ ဗဟိုထိန်းချုပ်မှုဧရိယာသို့ ရောက်ရှိရန် သိပ်မကြာလိုက်ပေ။ ဤစစ်စခန်းအား ရှင်းလင်းထားပြီးဖြစ်ကာ မြို့တော်၏ လက်ရှိအခြေစိုက်စခန်း ဖြစ်လာသည်။
ကယ်ဆယ်ရေးထရပ်ကားများ အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်လာသည်ကို ချက်ချင်း သတိပြုမိခဲ့သည့် ရှင်သန်သူ အများအပြား ရှိလေသည်။
ထို့နောက်တွင် တရုတ်ပြည်သူများအတွက် ရင်းနှီးကျွမ်းဝင်နေသော မျက်နှာတစ်ခုသည် လူအုပ်နောက်မှ လမ်းလျှောက်ထွက်လာသည်။
ခေါင်ဆောင်အိုကြီး ရှ မှာ အလွန်အိုမင်းနေပြီ ဖြစ်သည်။ လျှောက်လာသည့် ခြေလှမ်းများမှာ ယိမ်းယိုင်လို့နေပြီး တစ်ယောက်ယောက်မှ ကူတွဲပေးထားရသည်။ ခေါင်းဆောင် ရှ သည် နျဲ့ရှောင်၏ အဖွဲ့အား ကြည့်လိုက်ပြီးနောက် ကျေးဇူးတင်စွာဖြင့် ပြုံးလိုက်သည်။ သူ၏ ကြင်နာဖော်ရွေသည့် မျက်နှာမှာ မြင့်မားလှသည့် နေရာတစ်ခုအား အချိန်ကြာမြင့်စွာ သိမ်းပိုက်ထားနိုင်သူ တစ်ဦး၏ အော်ရာများ ဖြာထွက်လျက်ရှိသည်။
လူတိုင်းသည် သူတို့ထံသို့ လျှောက်လာသည့် ခေါင်းဆောင် ရှ အား ကြည့်လိုက်ကြသည်။ သူတို့သည် ခေါင်းဆောင် ရှ ထံမှ ဤကဲ့သို့သော အပြုအမူမျိုးဖြင့် ကြိုဆိုခြင်း ခံရလိမ့်မည်ဟု မည်သည့်အခါတွင်မျှ စိတ်ကူးခဲ့ဖူးခြင်း မရှိကြပေ။
ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့သည် အနည်းငယ် စိတ်လှုပ်ရှားလျက်ရှိသည်။ သူတို့၏ ကိုယ်နေဟန်အား ဖြောင့်မတ်ကာ စံပုံစံ အနေအထားဖြင့် ရှိနေလိုက်သည်။ နျဲ့ရှောင်တို့မှာမူ စစ်တပ်မှ မဟုတ်ကြသဖြင့် သူတို့နှစ်ဦးကဲ့သို့ ပြုမူခြင်း မရှိကြသော်လည်း လေးစားမှုပြသည့်အနေဖြင့် မတ်မတ်ရပ်လိုက်ကြသည်။
နင်ဖုန်းသည် တစ်ခေါင်းလုံး ဆံပင်ဖြူများ ရှိနေသည့် ခေါင်းဆောင် ရှ အား ကြည့်နေသည်။ မျက်ခုံးများတွန့်ကာ တိုင်းပြည်နှင့် လူမျိုးအတွက် စိုးရိမ်ပူပန်နေသည်ကို မြင်သည့်အခါ နင်ဖုန်းသည် လူအိုကြီးအား တစ်နည်းနည်းဖြင့် ပျော်ရွှင်အောင် လုပ်ပေးချင်မိသည်။
အင်တာနက်မှ ဗန်းစကားတစ်ခု စိတ်ထဲတွင် ပေါ်လာသဖြင့် ချက်ချင်းပင် မစဉ်းစားဘဲ ပြောချလိုက်သည်။
“ဟာပင်းမှ အသက်ရှင်ကျန်ရစ်သူများက ခေါင်းဆောင် ရှ ကို ဂုဏ်ပြုစကား ပါးလိုက်ပါတယ်.. ခေါင်းဆောင် ကျန်းမာပါစေ..”
ချက်ချင်းဆိုသလိုပင် တည်ကြည်လေးနက်နေသည့် လေထု ပြိုကွဲသွားသည်။ ခေါင်းဆောင် ရှ သည် အဆိုပါ ဟာသကြောင့် အနည်းငယ် ကြောင်အသွားသည်။ ငယ်ရွယ်တက်ကြွသည့် နင်ဖုန်းအားကြည့်ကာ သူ၏ မျက်နှာထားမှာလည်း ရုတ်တရက်ပြောင်းလဲသွားကာ ပြုံးလိုက်သည်။ မျက်လုံးများထဲတွင် လူငယ်မျိုးဆက်အတွက် သဘောကျနှစ်လိုမှုများ ရှိနေလေသည်။
သူ၏ မျက်ခုံးများအကြားရှိ စိုးရိမ်ပူပန်နေသည့် အရေးအကြောင်းများသည်လည်း ပျောက်ကွယ်သွားသည်။
“ဂုဏ်ပြုစကားကို လက်ခံရှိရရှိပါတယ်..”
ဟာပင်းတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ထားပြီးဖြစ်သည်ဆိုသည့် အကြောင်းမှာ ခေါင်းဆောင် ရှ အတွက် ကမ္ဘာပျက်ကပ် ကာလအတွင်း ကြားရသော အကောင်းဆုံးနှင့် စိတ်လှုပ်ရှားဖွယ်ရာ အရှိဆုံး သတင်းစကားပင်။
နိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက်မှာ ရပ်တံ့နေဆဲ ဖြစ်သည့်အတွက် မြို့တော်မှာ အခြေမကျသေးသည့် အပြင် အခြားသော ပြဿနာရပ်များစွာကို ထမ်းပိုးထားရသည်။ ခေါင်းဆောင် ရှ အနေဖြင့် အခြားဒေသများမှ အခြေအနေများအပေါ် စိုးရိမ်နေသည့်တိုင် သူတို့နှင့် ဆက်သွယ်နိုင်စွမ်း မရှိချေ။
ယခုအခါတွင် ဒေသတစ်ခုမှ ဦးစွာ ဆက်သွယ်လာသည်ကြောင့် အခြေစိုက်စခန်းရှိ အရပ်သားများပင်လျှင် စိတ်လှုပ်ရှားကာ အားတက်လာသည်။
လူရှာရန် ဟာပင်းမှ မြို့တော်သို့ ရောက်ရှိလာကြသည့် အရပ်သားများသည် ကံကောင်းထောက်မစွာဖြင့် သူတို့၏ ချစ်ခင်ရသူများအား မြို့တော်အခြေစိုက်စခန်းတွင် ရှာတွေ့ကြလေသည်။ ထိုပြန်လည်ပေါင်းဆုံသည့် မြင်ကွင်းမှာ စိတ်လှုပ်ရှားကာ မျက်ရည်လည်စေပြီး မျှော်လင့်ချက်များ ရှင်သန်လာစေသည်။
နျဲ့ရှောင်တို့သည် ခေါင်းဆောင် ရှ နှင့် ဆက်သွယ်ပြီးနောက် နှစ်ဦးနှစ်ဘက် အချက်အလက်များ ဖလှယ်ကြသည်။
နျဲ့ရှောင်တို့သည် ခေါင်းဆောင် ရှ ၏ စွမ်းရည်ကိုလည်း သိလိုက်ရသည်။
ဤအခြေစိုက်စခန်းအား အနီးကပ်ကြည့်မည် ဆိုပါက အခြေစိုက်စခန်းမှာ စတင်ပုံပေါ်လာနေပြီး လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်တာဝန်များ ရှိကြပြီး အရာအားလုံးမှာ စီစဉ်တကျ ရှိနေသည်။ သူတို့အားလုံးသည် ထိုအခြင်းအရာများ၏ အကြောင်းအရင်းကို သိရှိထားပြီး ခေါင်းဆောင် ရှ ၏ ကြိုးစားအားထုတ်မှုကြောင့် သက်ပြင်းရှိုက်မိကြသည်။
“တကယ်တော့ ငါ့ရဲ့ ‘အသံလွှင့်’ စွမ်းရည်ကို သဘောကျမိတယ်.. ကမ္ဘာပျက်ကပ် မတိုင်ခင်ကဆို ငါ့ရဲ့အသံက အပေါ်ယံပဲ ရောက်နိုင်ပြီး အတွင်းပိုင်းကို မရောက်နိုင်မှာကို အမြဲတမ်း ကြောက်နေခဲ့ရတယ်.. အခုတော့ လုံးဝကြောက်စရာ မလိုတော့ဘူး.. လူတိုင်းက ဘယ်လောက်ဝေးဝေးကပဲဖြစ်ဖြစ် ငါ့အသံကို ကြားနိုင်ကြပြီ..”
ခေါင်းဆောင် ရှ သည် ထိုအကြောင်းအား ပြုံးလျက်နှင့် ပြောလာခြင်းဖြစ်သည်။ ထိုအချိန်မှာပင် အခန်းအတွင်းသို့ အရာရှိတစ်ဦး ရုတ်တရက် ဝင်ရောက်လာသည်။
ခေါင်းဆောင် ရှ သည် နျဲ့ရှောင်တို့နှင့် စကားပြောနေစဉ်မှာပင် သူ၏စွမ်းရည်အား အသုံးပြုကာ အခြေစိုက်စခန်း အတွင်းရှိ အမျိုးမျိုးသော ပြဿနာရပ်များကို စီမံခန့်ခွဲရန်လည်း မမေ့ပေ။
မြို့တော်၏ လက်ရှိအခြေအနေမှာ အကြောင်းပြချက်မရှိဘဲနှင့်တော့ ဤမျှအထိ ဖြစ်လာနိုင်ရန် မရှိပေ။
“ငါ့ရဲ့စွမ်းရည်က ဒီဧရိယာအသေးလေးမှာပဲ ထုတ်လွှင့်နိုင်သေးတာ ဆိုးတာပဲ.. အခြားဒေသတွေကို ထုတ်လွှင့်နိုင်စွမ်း မရှိသေးဘူး.. မဟုတ်ရင် ဒီစွမ်းရည်နဲ့ တော်တော်များများ လုပ်ဆောင်နိုင်လိမ့်မယ်..”
ခေါင်းဆောင် ရှ သည် စိတ်မကောင်းဝမ်းနည်းစွာဖြင့် ပြောလေသည်။
နျဲ့ရှောင်သည် ခေါင်းဆောင် ရှ အား သူ၏ နှလုံးသားထဲမှနေ လေးစားလာမိပြီး နှစ်သိမ့်စကား ဆိုလိုက်သည်။
“တကယ်တော့ ခေါင်းဆောင်က အရမ်းကောင်းမွန်တဲ့ အရာကို လုပ်ခဲ့ပြီးပါပြီ..”
ခေါင်းဆောင် ရှ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်ပြီး ထိုအကြောင်းအား ဆက်ပြောချင်စိတ် မရှိတော့ပေ။ ထို့အစား နျဲ့ရှောင်တို့အား ကြည့်လိုက်ပြီးနောက် ပြောလေသည်။
“ဒါဆိုလည်း ပြောကြပါဦး မင်းတို့က ဒီမှာပဲ နေသွားဖို့ ရည်ရွယ်ချက်ရှိလား.. ဒီမှာ မင်းတို့အတွက် ကိစ္စတွေ အများကြီး ငါစီစဉ်ပေးနိုင်တယ်..”
နျဲ့ရှောင်တို့အဖွဲ၏ ကြေးစားများဟူသည့် အထောက်အထားမှာ ဖော်ထုတ်ခြင်းခံရသော်လည်း ခေါင်းဆောင် ရှ သည် ထိုအကြောင်းအား အနည်းငယ်မျှပင် စိတ်ထဲရှိပုံ မပေါ်ပေ။ ဤခေတ်ကာလတွင် လုပ်ကိုင်နိုင်စွမ်းရှိပြီး သန်မာသည့် စွမ်းရည်ရှိသူများ တိုင်းပြည်တွင် လစ်ဟာနေသည်။
သူတို့သည် ခေါင်းဆောင် ရှ ၏ လေးလံသည့် ဝန်အချို့အား ကူညီဝေမျှပေးချင်သော်လည်း ဝူဝမ်ယွီနှင့် ရှောင်ဝူယိတို့အား ရှာမတွေ့သေးသည့်အတွက် ခေါင်းယမ်းကာ ငြင်းပယ်ရလေသည်။
“ဖိုးဖိုး ရှ.. ကျွန်တော်တို့က လူရှာဖို့အတွက် တောင်ပိုင်းကို သွားရမယ်.. သူတို့ကို ရှာတွေ့တာနဲ့ ချက်ချင်း ပြန်လာပြီး ဖိုးဖိုး ရှ ကို ကူမယ်နော်..”
နင်ဖုန်းသည် ခေါင်းဆောင် ရှ အား ကြင်နာစွာဖြင့် ဆိုပြီးနောက် သူ့မျက်နှာတွင် ခါးသီးမှုတို့ ပေါ်လာသည်။
“ဒါပေမဲ့ ကျွန်တော်တို့မှာ လေယာဉ်မရှိတော့ဘူးဆိုတော့ ဖိုးဖိုး ရှ က နည်းနည်းကြာကြာလေးတော့ စောင့်ရဦးမယ်နော်..”
ထိုလူများ၏ အကြည့်များသည် အစောပိုင်းကတည်းက တစ်နေရာသို့ ရောက်နေကြောင်း ခေါင်းဆောင် ရှ သတိပြုမိထားပြီး ဖြစ်သည့်အတွက် သူတို့အား တားမြစ်ရန် စိတ်ကူးမရှိပေ။
“တောင်ပိုင်းကို သွားတာကလည်း အဆင်ပြေတာပဲ.. အဲဒီနေရာက အခြေအနေတွေကို စူးစမ်းဖို့ စီစဉ်ထားခဲ့တာမို့လို့ အဆင်သင့်သွားတာပေါ့.. မင်းတို့ ရှာချင်တဲ့သူတွေကို အခက်အခဲမရှိဘဲ ရှာတွေ့ဖို့ ငါမျှော်လင့်ပါတယ်.. ပြီးတော့ လေယာဉ်ကိစ္စကိုလည်း စိတ်မပူကြနဲ့.. ဟာပင်းက သတင်းကောင်းကို ယူလာပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ မင်းတို့အတွက် လက်ဆောင်ပြင်ထားပြီးသား..”
ထိုစကားအား ကြားလိုက်သည့်အခါတွင် လူတိုင်း အနည်းအကျဉ်း ခန့်မှန်းမိကြသော်လည်း တိုက်လေယာဉ်တစ်စင်းအား မြင်လိုက်ရသည့်အခါ အံ့ဩမှင်တက်သွားမိကြသည်။
အားလုံးထဲတွင် စိတ်အလှုပ်ရှားဆုံးသောသူမှာ နင်ဖုန်းဖြစ်သည်။ မျက်နှာပေါ်တွင် ခံစားချက်အကုန် ထင်ဟပ်ပေါ်လွင်နေသည်။ တိုက်လေယာဉ်ပေါ်သို့တက်ကာ ဟိုဟိုဒီဒီ ထိကြည့်ရန် မစောင့်နိုင်တော့ချေ။ သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။
“ဖိုးဖိုး ရှ က အခုကစပြီး ကျွန်တော့်ရဲ့ တရားဝင် ဖိုးဖိုးပဲ..” ٩(^ᗜ^ )و ´-
“ဟားဟား အဲဒါဆိုလည်း ဒီအဖိုးကြီးနဲ့ နေခဲ့ပြီး အလုပ်ကူလေကွာ.. ဒါဆို ပစ္စည်းကောင်းတွေ မှန်သမျှ မင်းအတွက်ပဲ.. ကြိုက်သလို ယူဆော့လို့ရတယ်..”
ခေါင်းဆောင် ရှ သည် ဟာသတစ်ဝက်နှောကာ ပြောလေသည်။
မြို့တော်၏ စစ်စခန်းတွင် ထိုအရာများ ပြတ်လပ်မနေပေ။ သူတို့ လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ ထိုလေယာဉ်များအား ပျံသန်းမောင်းနှင်နိုင်မည့် သူများဖြစ်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာမှုနှင့်အတူ စစ်တပ်သည် စစ်သည်အင်အားများစွာ ဆုံးရှုံးခဲ့ရပြီး ပျိုးထောင်ရန် ခက်ခဲသည့် အရည်အချင်း မရှိသူ အများစုသာ ကျန်ရစ်လေသည်။ ထို့ကြောင့် ဤတိုက်လေယာဉ်များအား အမှန်တကယ် လိုအပ်နေသူများထံ ပေးလိုက်ခြင်းက ပိုမိုလက်တွေ့ကျပြီး သိုလှောင်သိမ်းဆည်းထားပြီး သံချေးလိုက်ရန် စောင့်နေခြင်းထက် အသုံးပြုခြင်းက ပိုမိုအသုံးဝင်သည်။
ခေါင်းဆောင် ရှ သည် နျဲ့ရှောင်တို့အား ကြည့်လိုက်ပြီးနောက် ပြုံးလျက်နှင့် ပြောလေသည်။
“မင်းတို့က သူတို့ကို ပြင်ဆင်ပြီး မောင်းနှင်နိုင်ကြတယ် မဟုတ်လား.. ဒါဆိုလည်း နည်းနည်းလောက် ယူသွားကြလေ.. မကြာခင် မင်းတို့ ပြန်လာတာကို မြင်ရဖို့ ငါမျှော်လင့်တယ်..”
နင်ဖုန်းသည် သူ့ဘဝတွင် ကိုင်တွယ်ကြည့်ရှုရန် မဖြစ်နိုင်ခဲ့ဖူးသော စစ်တိုက်လေယာဉ်များအားကြည့်ကာ လက်မြှောက်ကာဖြင့် ပြောလေသည်။
“ကျွန်တော် သေချာပေါက် ပြန်ယူလာခဲ့ပါ့မယ်.. သေသေချာချာလည်း ထိန်းသိမ်းပေးထားမယ်..”
သွမ့်ဝမ်ယွီသည် ပြုံးကာဖြင့် ဆယ်ကျော်သက်ကောင်လေး၏ ဆံပင်အား ဖွလိုက်မိသည်။
နျဲ့ရှောင်နျင့် ဝူဝမ်ချီသည်လည်း သူတို့၏ စမ်းသပ်မောင်းနှင်လိုစိတ်အား ခုခံနိုင်ခြင်း မရှိကြချေ။ အမျိုးသားများသည် ထိုကဲ့သို့သော ကြီးစိုးခြယ်လှယ်သည့် သတ္တုစက်ပစ္စည်းများ အလွန်နှစ်သက်ကြသည်။
ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် အခြားသူများသည် ထိုသူများနှင့် ဤမျှလောက် မြန်ဆန်စွာ ခွဲခွာရမည်ဟု မျှော်လင့်ထားခြင်း မရှိကြချေ။ သူတို့နှစ်ဦးမှာ တိုက်လေယာဉ် သို့မဟုတ် လေယာဉ် မောင်းနှင်တတ်ခြင်း မရှိသည်မှာ ဆိုးလှသည်။ သို့တည်းမဟုတ်ပါက တောင်ပိုင်းသို့ သွားနိုင်မည်ဖြစ်သည်။
“ငါတို့ တစ်ချိန်ကျ ပြန်ဆုံကြတာပေါ့..”
ဝူဝမ်ချီသည် ဝူချင်ဖုန်း၏ ပုခုံးအား ပုတ်လိုက်သည်။ သူတို့သည် ခရီးစဉ်အတွင်း တစ်ဦးနှင့်တစ်ဦး ကောင်းမွန်သည့် ဆက်ဆံရေးအား တည်ဆောက်နိုင်ခဲ့သည်။
“မင်းတို့ ဒီမှာနေပြီး ခေါင်းဆောင် ရှ ရဲ့ ဝန်ပိုတွေကို မျှပေးကြပေ့ါ.. ဟာပင်းနဲ့ ဆက်သွယ်ဖို့ နည်းလမ်းကိုလည်း ရှာကြည့်ကြဦး.. မဟုတ်ရင် သူတို့က ဟာပင်းကနေ မင်းတို့ကို စိုးရိမ်နေလိမ့်မယ်.. ဆက်သွယ်ရေးကွန်ရက် ချိတ်ဆက်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့..”
“သေချာပေါက် လုပ်မှာ..!”
ရှောင်ယန်သည် ရှောင်မော့ယဲ့အား ထိုသူနှစ်ဦးထံ အပ်နှံလိုက်သည်။
“မော့မော့ကို ဂရုစိုက်ပေးဖို့ ရှင်တို့ကို အကူအညီတောင်းရမှာပဲ..”
ရှောင်မော့ယဲ့အား ခရီးသယ်တင် လေယာဉ်ဖြင့် ခေါ်သွားရန်မှာ အဆင်ပြေသော်လည်း တိုက်လေယာဉ်ဖြင့် တင်ဆောင်ရန်မှာမူ အခက်အခဲ ရှိလေသည်။ ထို့အပြင် သူတို့နောက်သို့ လိုက်ပါနေခြင်းထက် မြို့တော်၏ အခြေစိုက်စခန်း၏ ပတ်ဝန်းကျင်မှာ ရှောင်မော့ယဲ့အတွက် ပိုမိုသင့်လျော်လေသည်။
ရှောင်မော့ယဲ့မှာ ဆန္ဒမရှိသော်လည်း အခြေအနေ ပြင်းထန်မှုအား နားလည်သည့်အတွက် ရှောင်ယန်၏ ခြေထောက်များအား ပွေ့ဖက်လိုက်သည်။
“ကျဲကျဲ.. သားရဲ့ ဓားမြှောင်လေးက ကျဲကျဲပြန်လာတဲ့အချိန်ကျ ပိုပြီး ထက်မြိနေလောက်ပြီ.. သားတို့ အတူတူ ပူးပေါင်းကြမယ်လို့ သဘောတူထားတယ်နော်..”
“အွန်း..!”
ရှောင်ယန်သည် ပြုံးကာဖြင့် သဘောတူလိုက်ပြီး ကောင်လေး၏ ဦးခေါင်းအား ပုတ်လိုက်သည်။ ဝူဝမ်ချီသည်လည်း ရှောင်မော့ယဲ့နှင့် ခွဲခွာဖို့ရန် အနည်းငယ် မလိုလားချေ။ ထို့ကြောင့် ရှောင်မော့ယဲ့အား စနောက်ကာ ခေတ္တမျှ ဆော့ကစားနေလေသည်။
နျဲ့ရှောင်တို့သည် မြို့တော်အခြေစိုက်စခန်းတွင် တစ်ည ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့ နံနက်စောစောတွင် သူတို့သည် တောင်ပိုင်းသို့ ပျံသန်းထွက်ခွာကြသည်။ နျဲ့ရှောင်သည် တစ်ဦးတည်း မောင်းနှင်ပြီး ဝူဝမ်ချီနှင့် သွမ့်ဝမ်ယွီတို့သည် ရှောင်ယန်နှင့် နင်ဖုန်းအား အသီးသီး တင်ဆောင်သွားကြသည်။
အပြာရောင်ကောင်းကင်ထက်တွင် အဖြူရောင် မီးခိုးငွေ့တန်း သုံးခုကိုသာ မြင်နေရသည်။
နင်ဖုန်းမှာ အလွန်စိတ်လှုပ်ရှားနေသည်ကြောင့် ထိုင်ခုံခါးပတ်အား ဆွဲကာ ဟစ်ကြွေးလေသည်။
“ဝါးးးးး ဖုန်းချန်ရေ.. ငါတို့လာပြီဟေ့..” ৻( • ᗜ • ৻)
***
ထိုအချိန်တွင် ရှောင်ဝူယိတို့သည်လည်း ရှန့်ချန်မှ ထွက်ခွာကာ ဖုန်းချန်သို့ လာနေကြပြီ ဖြစ်သည်။
ဖုန်းချန်သည် တောင်တန်းများ ပတ်လည်ဝန်းရံနေသည့် မြို့တစ်မြို့ဖြစ်သည်။ ဖုန်းချန်သည် သယံဇာတ ပေါများမှုနှင့် လူဦးရေ ထူထပ်မှုတို့ကြောင့် တရုတ်ပြည်တစ်ဝှမ်းတွင် နာမည်ကျော်လေသည်။
ဝူဝမ်ယွီနှင့် သူမ၏ အစ်ကိုဖြစ်သူ ဝူဝမ်ချီတို့မှာ ဖုန်းချန်ဒေသခံများ ဖြစ်ကြသဖြင့် သူမသည် ဖုန်းချန်မှ အစားအစာကောင်းများအကြောင်း မရပ်မနား ပြောဆိုလေသည်။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် နားထောင်နေရသူများမှာ ပါးစပ်သွားရည်ယိုလာကြသည်။
ရှောင်ဝူယိ၏ အိတ်ကပ်ထဲတွင် ဖရဲစေ့လေးများ ရှိလေသည်။ ရှောင်ဝူယိသည် လမ်းလျှောက်နေရင်းဖြင့် ထိုဖရဲစေ့များအား လက်တစ်ဖက်ဖြင့် ကိုက်ခွဲကာ စားသောက်လျက်နှင့် ဝူဝမ်ယွီ၏ ဖုန်းချန်မှ အစားအသောက်များအကြောင်း ဖော်ပြချက်ကို သေသေချာချာလေး နားစွင့်နေလေသည်။ ဝူဝမ်ယွီ မရပ်မနား ပြောဆိုနေသည့် ခပ်စပ်စပ် အနီရောင် အစားအသောက်များကို ဆာလောင်တောင့်တရင်းဖြင့် မွှေးပျံ့သည့် ဖရဲစေ့လေးများကိုသာ ပါးစပ်ထဲထည့်ကာ စားချင်စိတ်အား ဖြေဖျောက်နေရသည်။
ဟမ်းစတားလေးဖြစ်သော ရှောင်ဝူယိ၏ ဘဝတွင် စပ်သည့်စားသောက်ဖွယ်များအား စားသောက်ဖူးခြင်း မရှိသလို အစပ်အရသာကိုလည်း မသိရှာချေ။
ရှောင်ဝူယိသည် သူ၏ အိတ်ကပ်ထဲမှ ဖရဲစေ့လေးများအား ငုံ့ကြည့်ကာ နောက်ကျောတွင် လွယ်ထားသည့် စတော်ဘယ်ရီသီးပုံ အိတ်ကလေးအား လှည့်ကြည့်လိုက်သည်။ ခြေနှစ်ချောင်း လူသားများ၏ ကမ္ဘာမှာ စိတ်ကူးကြည့်ဖို့ရန်ပင် ခက်ခဲလွန်းပြီး ဖရဲစေ့များနှင့် စတော်ဘယ်ရီသီးများထက် ပိုမိုအရသာရှိသည့် အရာများလည်း ရှိလေသည်။
သေချာပေါက် ခြေနှစ်ချောင်းနဲ့ လူဖြစ်ရတာ ပိုကောင်းတာပေါ့လို့..
ယခုအခါတွင် သူသည်လည်း အရာအားလုံး စားသောက်နိုင်ပြီ ဖြစ်သည်။
ရှောင်ဝူယိ၏ နံဘေးရှိ ရှဲ့ကျွင်းသည်လည်း ဝူဝမ်ယွီပြောသည်အား နားထောင်ရင်း ဗိုက်ဆာလာသည်။ ထို့ကြောင့် ရှောင်ဝူယိ၏ ခေါင်းကလေးအား ပွတ်ကာ ဖရဲစေ့များအား တောင်းခံရင်း ဖရဲစေ့ဝါးသည့် အဖွဲ့ဝင်တစ်ဦး ဖြစ်လာသည်။
ရှဲ့ကျွင်းမှာ ဖရဲစေ့ဝါးနေရင်းဖြင့် သူ၏ ဆာလောင်မှုအား သည်းခံနိုင်စွမ်း မရှိတော့ချေ။
“မင်းပြောတာကို နားထောင်ရင်း ငါ့မှာ အတော်လေး ဗိုက်ဆာနေပြီ.. အချိန်လည်း သိပ်မစောတော့ဘူးဆိုတော့ စားသောက်ဖို့အတွက် လုံးဝကို သင့်တော်တဲ့အချိန်ပဲ.. ခရီးမဆက်ခင် အရင်စားကြတာပေါ့..”
အခြားသူများသည် အစာကောက်နေသည့် ကြက်ပေါက်ကလေးများကဲ့သို့ ငြင်းပယ်ခြင်းမရှိ ခေါင်းညိတ်ကြသည်။ ပုံမှန်စားသောက်ချိန်ထက် တစ်နာရီခန့် စောနေသော်ငြား သူတို့ ဆာလောင်နေကြပြီ ဖြစ်သည်။
ဝူဝမ်ယွီသည် “အဆာလွန်ပြီး သေဆုံးသွားသည့် သရဲတစ်ကောင်” ကဲ့သို့သော သွင်ပြင်နှင့် လူများအား ကြည့်ကာ အနည်းငယ် ရှက်ရွံ့လာမိသည်။ ဖုန်းချန်နှင့် နီးကပ်လာသည်နှင့်အမျှ သူမ စိတ်လှုပ်ရှားလာခြင်းအား ထိန်းချုပ်မရနိုင်သည့်အတွက် စကားအဆက်မပြတ် ပြောရင်းနှင့် အခြားသူများအား ဆာလောင်စေခဲ့မည်ဟု မတွေးမိခဲ့ချေ။
“ငါနင့်ကို အရမ်းစိတ်ဆိုးတယ်နော် ရှောင်ယွီ.. နင်က ငါ့ကို အစပ်တစ်ခုခု စားချင်လာအောင် လုပ်နေတာပဲ.. အခု ဟော့ပေါ့ စားချင်နေပြီ..”
ဟန်လင်းသည် ဒေါသထွက်နေသယောင် ဟန်မူပိုပိုဖြင့် ပြောလေသည်။
“အဲဒါဆိုလည်း မာစတာ X ရဲ့ အမဲသားအစပ်ခေါက်ဆွဲပြုတ် တစ်ထုပ်လောက် စားကြတာပေါ့.. အဲဒါက စပ်တယ်လေ..”
“...ရေနွေးမှ မရှိတာ.. အမှုန့်ထုပ်ကို လျှာနဲ့လျက်မှပဲ ရမယ်..”
ဖုန်းချန်သို့ သွားရသည့် ခရီးမှာ ခက်ခဲကြမ်းတမ်းကာ အန္တရာယ်များလေသည်။ ဇွန်ဘီများ အချိန်မရွေး ထွက်ပေါ်လာနိုင်ပြီး လုံခြုံမှုနှင့် အချိန်မကုန်စေရန်အတွက် ပေါင်မုန့်များနှင့် အသင့်စားခေါက်ဆွဲများကိုသာ စားကြရသည်။
ရှောင်ဝူယိသည် ရှဲ့ကျွင်းတို့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကသာ ခေါက်ဆွဲပြုတ် စားခဲ့ဖူးခြင်း ဖြစ်ပြီး အခြားသော ချက်ပြုတ်စားသောက်ရသည့် စားသောက်ဖွယ်များအား ယခင်က စားသောက်ဖူးခြင်း မရှိခဲ့ချေ။
ထို့ကြောင့် ရှောင်ဝူယိသည် ပေါင်မုန့်များ အသင့်စား ခေါက်ဆွဲများအား စားသောက်ရခြင်းနှင့် ပတ်သက်၍ အတွန့်တက်ခြင်း မရှိချေ။ ထိုအရာများသည်ပင်လျှင် ရှောင်ဝူယိအဖို့ အလွန်အရသာရှိနေပြီ ဖြစ်သည်။ ဟမ်းစတားလေးဖြစ်သည့် ရှောင်ဝူယိအတွက် ထိုသို့ ကိုက်ဝါးနေရခြင်းမှာ ခက်ခဲလှသည် မဟုတ်ပေ။
ယခုအခါတွင် ဝူဝမ်ယွီ၏ ပြောဆိုမှုကြောင့် ရှောင်ဝူယိသည် သူ၏လက်ထဲရှိ ပေါင်မုန့်အား ကြည့်ကာ အနည်းငယ် မာတောင့်နေသည်ဟု မြင်လေသည်။ ရုတ်တရက် ရှဲ့ကျွင်း ကျွေးခဲ့ဖူးသည့် ခေါက်ဆွဲပြုတ်အား လွမ်းဆွတ်လာမိသည်။
ရှောင်ဝူယိသည် ရှည်လျားလှသည့် တောင်ကြောနှင့် လူသူမဲ့နေသည့် လမ်းမကြီးအား ကြည့်လိုက်သည်။ ထို့နောက်တွင် လူတိုင်း၏ အကြည့်အောက်မှာပင် သူ၏ ကျောပိုးအိတ်ကလေးထဲမှ ကြီးမားလှသည့် သံဒယ်အိုးကြီးအား ထုတ်ယူလိုက်သည်။
“ရှောင်ကျွင်းကျွင်း တစ်ခုခု ချက်စားရအောင်ပါ.. အခု ဒီနေရာမှာ ဇွန်ဘီတွေ လုံးဝမရှိဘူး.. ငါ ခေါက်ဆွဲစားချင်လို့..”
“ဟင်းချက်အိုး ထုတ်ယူလိုက်သော” အလွန်ကြီးကျယ်သည့် မြင်ကွင်းအား မြင်သည့်အခါ လူတိုင်း နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားကြသည်။ ဂျပန်ကာတွန်းတစ်ခုမှ ထွက်လာသည့် ဇာတ်ကွက်တစ်ခုကဲ့သို့ ဖြစ်သည်။
*၄*