အပိုင်း ၂၃
Viewers 9k


🐹 အခန်း ၂၃

 ဝူယိလေး ဖုန်းချန်ကို ရောက်ပါတော့မယ် 



ရှောင်ဝူယိသည် မျက်လုံးများဖွင့်လိုက်ပြီးနောက် ညအမှောင်ထဲရှိ အခြားသူများအား တစ်ချက်ကြည့်ကာ အိပ်ရာလေးထဲသို့ လျှောဝင်သွားပြီး အိပ်ရာအောက်တွင် ကြီးမားသည့် ကျောက်တုံးကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ 


အခြားသူများ အာရုံစိုက်မနေသည်ကို အခွင့်ကောင်းယူကာဖြင့် ရှောင်ဝူယိသည် အတွေးတစ်ချက်နှင့်ပင် နေရာလွတ်ထဲသို့ ဝင်ရောက်သွားလေသည်။


တောင်ကြားနေရာလွတ်ထဲတွင် အစိမ်းရောင်မြက်ပင်များနှင့် ပြာလဲ့လဲ့ကောင်းကင်ကြီး ရှိလေသည်။


ရှောင်ဝူယိသည် လယ်ကွက်ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက်နှင့် မြေပြင်ပေါ်ရှိ အစိမ်းရောင် အပင်ပေါက်လေးများအား တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ သူ၏ လက်ချောင်းများဖြင့် နူးညံ့သည့် အရွက်ပေါက်လေးများအား ထိကြည့်လိုက်သည်။ အရွက်များ တုန်ခါလာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် စင်တီမီတာ အနည်းငယ်မျှ ကြီးထွားလာသည်ကို မြင်လိုက်ရသည်။


အံ့ဩဖွယ်ရာ မြင်ကွင်းနှင့် ကြုံတွေ့ရသည့်အခါတွင် ရှောင်ဝူယိမှာ မျက်လုံးများ ပြူးကျယ်လာပြီး လုံး-ဝ-နား-မ-လည်-ပေ-မဲ့-အ-ရမ်း-ကြီး-မိုက်-နေ-ရော ဟူသည့် အမူအရာဖြင့် ရှိနေလေသည်။ ခေါင်းငုံ့ကို သူ့လက်ကလေးများအား ကြည့်လိုက်သည်။


ဟမ်းစတားစစ်သည်တော်လေးမှာ နောက်ထပ်အမိုက်စား မှော်စွမ်းအား ရှိနေတယ်ထင်ပါရော.. (ㅅ´ ˘ `)


ထိုအရာအား စမ်းသပ်ရန်အတွက် ကောင်ငယ်လေးသည် ဟမ်းစတားလေးအသွင်သို့ ပြောင်းလိုက်ပြီး သူ၏ ခြေထောက်ပိစိလေးများကို အသုံးပြုကာ အပင်ပေါက်လေးများကြား ပြေးလွှားတော့သည်။


သူဖြတ်သွားသည် နေရာတိုင်းတွင် ပျိုးပင်များအားလုံးသည် အလွန်လျှင်မြန်သည့်နှုန်းဖြင့် ပွင့်အာကာ အသီးများသီးလာကြသည်။


လယ်ကွင်းတစ်ပတ် အပတ်ပေါင်းများစွာ ပြေးလွှားပြီးသည့်နောက်တွင် ဟမ်းစတားလေး မောပန်းလို့နေပြီဖြစ်သည်။ မြေပြင်ပေါ်တွင် လဲလျောင်းကာဖြင့် အသက်ရှူရှိုက်နေပြီး တစ်လက်မလေးမျှပင် မလှုပ်ရှားလိုတော့ပေ။ သူ၏ပါးစပ်နားသို့ ကျလာခဲ့သည့် သစ်ရွက်လေးအား စဉ်းစားခြင်းမရှိဘဲ တမြုံ့မြုံ့ ကိုက်ဝါးလိုက်သည်။


ချိုမြိန်လတ်ဆတ်သော အရသာသည် ဟမ်းစတားလေးအား ပျော်ရွှင်မှုကြောင့် လူးလှိမ့်သွားစေသည်။ ဟမ်းစတားလေးမှာ ချက်ချင်းဆိုသလို အားအင် ပြည့်ဖြိုးလာသည်။


ဟမ်းစတားလေးသည် လယ်ကွင်းထဲတွင် မတ်တတ်ရပ်ကာ လယ်ကွင်းတစ်ခုလုံးအား စစ်ဆေးလိုက်သည်။ နေရာတိုင်းတွင် ပင်စည်များ၊ အကိုင်းအခက်များတွင် ပွင့်ဖူးသီးပွင့်နေသည့် သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံပင်များအား မြင်တွေ့ရလေသည်။ ဟမ်းစတာလေးသည် ခေါင်းကလေးအား မော့ကာဖြင့် အဝေးသို့ မျှော်ကြည့်လိုက်သည်။ နျဲ့ရှောင်၏ ပုံရိပ်အား မှန်းဆပုံဖော်ရင်းဖြင့် သူ၏ လက်ကလေးနှစ်ဖက်အား လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။


“ဒယ်ဒီရေ.. ပေါင်ပေါင်းက မိသားစုကြီးကို မထောက်ပံ့နိုင်မှာကို မစိုးရိမ်နဲ့တော့နော်..”


နောက်ဆုံးတွင် အလုပ်ကြိုးစားသော ဟမ်းစတားလေးသည် ရင့်မှည့်နေသည့် အပင်များအား သူ၏အသိစိတ်ဖြင့် ရိတ်သိမ်းလိုက်ပြီး အနက်ရောင်လေးထောင့်ကွက်များ ရှိရာ နေရာလွတ်ထဲသို့ ရွှေ့ပြောင်းသိမ်းဆည်းလိုက်သည်။


ထိုအရာအားလုံး ပြီးဆုံးသွားချိန်တွင် ဟမ်းစတားလေးသည် လူသားအသွင်သို့ ပြန်လည်ပြောင်းလဲကာ နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။ အိပ်ရာထဲတွင် ရှိနေခဲ့သည့် ကျောက်တုံးအဖြစ် ပြန်လည်ရောက်ရှိလာပြီးနောက် တဖြည်းဖြည်းချင်း ခေါင်းကလေး ပြူထွက်ကာ ပတ်ဝန်းကျင်အား စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ကောင်းမွန်စွာ အိပ်စက်လိုက်တော့သည်။


အခြားသူများအား ကျွေးမွေးဖို့ရန် ဟမ်းစတားလေးသည် အလွန်အမင်း ပင်ပန်းခဲ့ရသည်။


နံနက်စောစောတွင် ရှောင်ဝူယိမှာ အိပ်ရာနှိုးခံလိုက်ရသည်။ သူ၏ အိပ်ချင်မူးတူးပုံစံမှာ အခြားသူများအား စိတ်ရှုပ်ထွေးစေသည်။


ရှောင်ဝူယိ ကောင်းကောင်းနိုးထလာဖို့ရန် အချိန်အတော် ယူလိုက်ရသည်။ ယမန်နေ့ည သူ၏ နေရာလွတ်ထဲမှ အဖြစ်အပျက်များအား အမှတ်ရမိသည့်အခါ ချက်ချင်းပင် သူ၏ ပါးစုံနှစ်ဖက်အား လက်ကလေးဖြင့် အုပ်လိုက်ပြီးနောက် နေရာလွတ်နှစ်ခုအား ကြည့်လိုက်သည်။ သူ၏ ကြိုးစားအားထုတ်မှုများ ပျောက်ပျက်မသွားသည်ကို အတည်ပြုပြီးမှသာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်လေသည်။


ထိုအဖြစ်အပျက်များမှာ အိပ်မက်မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးနောက် ရှောင်ဝူယိမှာ ထပ်မံပျော်ရွှင်လာပြန်သည်။ စိတ်ပျံ့လွင့်စွာဖြင့် သူ၏ပါးဖောင်းဖောင်း နှစ်ဘက်အား လက်ကလေးများဖြင့် အုပ်ကိုင်ထားသည်မှာ အလွန်အမင်း နှစ်လိုဖွယ်ရာ ကောင်းနေလေသည်။


ဝူဝမ်ယွီသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက် ရုတ်တရက် လက်ဆန့်ကာ ရှောင်ဝူယိ၏ ပါးဖောင်းဖောင်းအား ဆွဲလိုက်သည်။


“အားးးး ငါ့ရဲ့ အမိုက်စားတူလေးက အရမ်းချစ်စရာကောင်းတာပဲ.. အူးဝူးဝူး..” (づ˶•༝•˶)づ♡


“ငါကမှ ကိုကိုဆိုတာ လုံးဝကို သိသိသာသာကြီးပါနော်..”


ရှောင်ဝူယိသည် သူ၏ ပါးဖောင်းဖောင်းများအား ကာကွယ်ကာ မိစ္ဆာလက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။


နံနက်စောစောတွင် လူတိုင်းသည် ထိုနှစ်ဦး၏ လှုပ်ရှားတက်ကြွနေမှုအား မြင်လိုက်ရသဖြင့် မျက်နှာတွင် အပြုံးရိပ်များ သန်းလာကြသည်။


ရှောင်ဝူယိတို့အဖွဲ့သည် စိတ်လက်အေးချမ်းစွာဖြင့် ပစ္စည်းများအား ထုပ်ပိုးသိမ်းဆည်းကာ ရိုးရှင်းသည် နံနက်စာ တစ်နပ်အား စားလိုက်ပြီးနောက် စတင်ထွက်ခွာကြလေသည်။


ဖုန်းချန်ဆီသို့ ခရီးစလေပြီ။


အဖွဲ့ထဲတွင် ခန်းခန်း၊ နာနာနှင့် အခြားကလေးများပါ ရောက်ရှိလာကြသည်။ ချစ်စဖွယ်ရာ ရှောင်ဝူယိနှင့် အတူပေါင်းလိုက်သည့်အခါတွင် အဖွဲ့တစ်ခုလုံးမှာ ခရီးထွက်လာကြသည့် မိသားစုကြီးတစ်ခုနှင့်ပင် တူနေပြီး ကလေး၊ လူကြီး အရွယ်စုံ ပါဝင်လျက်ရှိသည်။


ကလေးများထဲတွင် နာနာသည် ရှောင်ဝူယိနောက်သို့ လိုက်ပါရသည်ကို အနှစ်သက်ဆုံးဖြစ်သည်။ သူမ၏ အမြွှာအစ်ကိုဖြစ်သည့် ခန်းခန်းပင်လျှင် နှစ်သက်မှု ကျဆင်းသွားခြင်း ခံလိုက်ရသည်။


ထိုအခြင်းအရာကြောင့် ခန်းခန်းသည် ရှာလကာရည်ကိုသာ အဆက်မပြတ် သောက်နေရတော့သည်။


နာနာသည်လည်း မည်သည်ကြောင့် ရှောင်ဝူယိနှင့် နီးကပ်စွာ နေချင်လိုမှန်း မသိရှာချေ။ ထို့ကြောင့် ပန်းပွင့်တစ်ခိုင်ကို ကိုင်ကာ ရှာလကာရည်သောက်နေသည့် ခန်းခန်းအား နှစ်သိမ့်ပေးနေသည်။ အလိုလိုက်ခံထားရသည့် ကလေးတစ်ဦးသဖွယ် ပြုမူနေသည့် အစ်ကိုဖြစ်သူအား ကြည့်ရင်း အခိုင်အမာ ဆိုလေသည်။


“ကိုကို.. စိတ်ချပါလို့.. နာနာက ကိုကို့ကို သဘောအကျဆုံးပါ‌နော်.. ကိုကိုဝူယိရဲ့ အနားမှာဆိုရင် နာနာက အရမ်းကို သက်သောင့်သက်သာ ခံစားရလို့ပါ.. နာနာ့ရဲ့ ပန်းကလေးတွေ လှလှပပ ပွင့်နေတာကို ကြည့်လိုက်လေ..”


ခန်းခန်းသည် သူအား နှစ်သိမ့်ရန်အတွက် နာနာပေးလာသည့် ပန်းကလေးများအား ယူလိုက်သည်။ ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းစူကာဖြင့် ရိုးသားပွင့်လင်းစွာ ပြောလေသည်။


“ကိုကိုဝူယိက အရမ်းကြည့်ကောင်းတယ်လို့ ခံစားရရုံပဲလို့ ထင်နေခဲ့တာ.. ကိုကိုဝူယိက ပန်းနတ်သား‌လေးလို့ ပြောနေပေမဲ့ ညီမလေးက သိသိသာသာကို သူ့ကို သဘောကျနေတာလေ..”


နာနာသည် ရုတ်တရက် ချေပစကား မဆိုနိုင်တော့ချေ။ ရှောင်ဝူယိ၏ မျက်နှာလေးအား တိတ်တိတ်ကလေး ခိုးကြည့်ပြီးနောက် ရှက်သွေးဖြာလာပြီး အလွန်တိုးညှင်းစွာဖြင့် ပြောလေသည်။


“ကိုကိုဝူယိက အရမ်းကြည့်ကောင်းတယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး.. သူက နတ်ပြည်က တော်ဝင်မင်းသားလေးလိုပဲ..”


မောင်နှမနှစ်ဦး၏ ချစ်စဖွယ် စကားပြောခန်းအား နားထောင်နေသည့် လူများမှာ အော်ဟစ်ကာ ရယ်မောကြလေသည်။


ရှောင်ဝူယိလေးမှာလည်း အလွန်ထက်မြက်လှသည်။ သူ၏နားကလေးများစွင့်ကာ အဝေးမှ နာနာ၏ တီးတိုးဆိုသံအား ကြားလိုက်ပြီးနောက် သူ ပါးဖောင်းဖောင်းလေးများကို ထိကြည့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏ သွင်ပြင်သဏ္ဌာန်မှာ အခြားသူများအတွက် လွန်စွာကြည့်ကောင်းနေခြင်း ဖြစ်သည်ကို သတိပြုမိခြင်းပင်။


ရှောင်ဝူယိမှာ သူ၏ဒယ်ဒီကဲ့သို့ အရပ်မြင့်မြင့်နှင့် ယောကျ်ားပီသသည့် သူမျိုးကိုသာ ချောမောကြည့်ကောင်းသူအဖြစ် မှတ်ယူထားခဲ့ခြင်းဖြစ်သည်။


အဆုံးတွင် ဆွဲဆောင်မှုရှိခြင်း၏ မှန်ကန်သည့် အညွှန်းကိန်းအား နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည့်အတွက် ဟမ်းစတားလေးမှာ ရှက်ရွံ့မှုကြောင့် ပန်းရောင်သန်းလာသည့် မျက်နှာလေးအား လက်ဖြင့်အုပ်လိုက်သည်။


ထိုသို့ဖြစ်မည်သာဆိုလျှင် ဒယ်ဒီသည်လည်း သူ၏ ယခုပုံစံအား သဘောကျပေလိမ့်မည်။


ချိ.. ပေါင်‌ပေါင်းက ဒယ်ဒီနဲ့တွေ့ဖို့ကို မစောင့်နိုင်တော့ဘူးလို့..


***


ထိုအချိန် ဟာပင်းလေဆိပ်၌။


နျဲ့ရှောင်တို့အဖွဲ့သည် လေယာဉ်အား နောက်ဆုံးအဆင့်အဖြစ် စစ်ဆေးမှုပြုပြီးဖြစ်သည်။ ပြဿနာ တစ်စုံတစ်ရာ မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် အရာအားလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ လေယာဉ်ပေါ်တက်ပြီး ထွက်ခွာဖို့ရန်သာ ကျန်ရှိတော့သည်။


မြို့တော်သို့ စေလွှတ်ရမည့် တပ်သားများကိုလည်း ရွေးချယ်ပြီးဖြစ်သည်။ ထိုရွေးချယ်ခံ တပ်သားများထဲတွင် ဗိုလ်ချုပ်ကြီး ဝူချင်ဖုန်းနှင့် နယ်စပ်မြို့မှ လောယွင်ဟိုင်တို့ ပါဝင်သည်။ ထိုအခါမှသာ ထိုလူနှစ်ဦးသည်လည်း စွမ်းရည်ပိုင်ရှင်များ ဖြစ်သည့်အကြောင်းအား နျဲ့ရှောင်တို့ သတိပြုမိကြခြင်းပင်။


ဝူချင်ဖုန်း၏ စွမ်းရည်မှာ ‘ပွင့်လွှာပျံ’ ဖြစ်သည်။ ဝူချင်ဖုန်းသည် နီရဲရဲ နှင်းဆီပွင့်ဖက်များကို ဆင့်ခေါ်နိုင်ပြီး ပန်းပွင့်များအား ဓားအဖြစ် အသုံးပြုကာ ပါးလွှာသည့် ပွင့်ဖတ်များအား ဓားသွားအဖြစ် အသုံးပြုနိုင်သည်။ သူ၏ စစ်တပ်အထောက်အထားနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် စိတ်ကူးယဉ်ဆန်ဆန် ‘ပွင့်လွှာပျံ ဗိုလ်ချုပ်ကြီး’ ဟုပင် ခေါ်ဆိုနိုင်သည်။


လောယွင်ဟိုင်၏ စွမ်းရည်မှာ မြေစွမ်းရည် မျိုးကွဲတစ်ခုဟု သတ်မှတ်နိုင်သည့် ‘သဲ’ အမျိုးအစား ဖြစ်သည်။ သူထိလိုက်သည့် မည်သည့်မြေပြင်သဏ္ဌာန်မျိုးမဆို အနက်ရောင်သဲများ ဖြစ်လာကာ အလွန်အကျူး အန္တရာယ်များလေသည်။ ထိုစွမ်းရည်ကြောင့်သာ လောယွင်ဟိုင်သည် သူ၏တပ်သားများနှင့်အတူ နယ်စပ်မြို့မှ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။


ထိုသို့ဖြင့် နျဲ့ရှောင်တို့သည် ထိုနှစ်ဦး၏ ထူးဆန်းနေမှုအား ကနဦးတွင် လုံးလုံးလျားလျား သတိပြုမိခဲ့ခြင်း မရှိသည့်အတွက် “နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ပြီး၊ ဘယ်တော့မှ မဝံ့ကြွားနဲ့” ဟူသည့် စကားပုဒ်ကိုသာ ရွတ်ဆိုမိတော့သည်။


သေချာပေါက်ပင် ကမ္ဘာပျက်ကပ်အတွင်း၌ ရှင်သန်ကျန်ရစ်သူ အများစုမှာ သာမန်လူတစ်ဦး မဖြစ်နိုင်ချေ။


တကယ်တမ်းတွင် ဝူချင်ဖုန်းသည် သူ၏စွမ်းရည်အား ပြသရန် အတော်လေး ရှက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏လက်ပေါ်တွင် ကျဆင်းနေသည့် ပွင့်ဖတ်လေးများအား အကြည့်ရောက်မိသည့်အခါ မျက်လုံးထဲတွင် နူးညံ့မှုနှင့် အတိတ်ကို လွမ်းဆွေးမှုတို့ ထင်ဟပ်လာသည်။


“ကျုပ်ရဲ့စွမ်းရည်က ဆုံးသွားတဲ့ ဇနီးသည်က ဖန်တီးပေးလိုက်တာမျိုး ဖြစ်ရမယ်.. ကျုပ်လိုမျိုး ကြမ်းတမ်းတဲ့ လူတစ်ယောက်ကို နူးနူးညံ့ညံ့ ပန်းပွင့်လေးတွေ ဖန်တီးလာနိုင်စေတယ်လေ.. သူမ အသက်ရှိစဉ်က ပန်းပွင့်လေးတွေကို အကြိုက်ဆုံးပဲ.. သူမသာ ရှိနေဦးမယ်ဆိုရင် ပန်းမိုးရွာပေးလိုက်တာနဲ့ နေ့ရက်တိုင်းက ဆူညံနေမှာ အသေအချာပဲ..”


ထိုသို့ပြောနေရင်း ဝူချင်ဖုန်းမှာ ပြုံးလျက်ရှိကာ မျက်လုံးများမှာလည်း နီရဲလာသည်။


ထိုအချိန်တွင် လေထုထဲရှိ ပန်းပွင့်ပျံများတွင် မိန်းမဆန်မှု အနည်းငယ်မျှပင် မရှိတော့ဘဲ ရဲစွမ်းသတ္တရှိသည့် လူတစ်ဦး၏ အဆုံးမဲ့သော နူးညံ့မှုတို့သာ ကျန်ရှိလေသည်။


ထိုမြင်ကွင်းအား ကြည့်နေကြသည့် နျဲ့ရှောင်တို့မှာ တိတ်ဆိတ်သွားလေသည်။ ကမ္ဘာပျက်ကပ်အတွင်း၌ ဆက်ဆံရေးမည်မျှ ပြိုကွဲခဲ့ရသည်ကိုပင် မသိနိုင်ချေ။ အသက်ရှင်သန် ကျန်ရစ်နေခြင်းမှာ ကံကောင်းသည့် အရာတစ်ခု ဖြစ်နှင့်ပြီးသားပင်။


ထို့နောက်တွင် နျဲ့ရှောင်တို့အဖွဲ့သည် လေယာဉ်ပေါ်သို့ တက်လိုက်ကြသည်။ နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီသည် လေယာဉ်စက်ခန်းသို့ဝင်၌ လေယာဉ်အား မြို့တော်ဆီသို့ ပျံသန်းမောင်းနှင်လိုက်သည်။


ကျယ်လောင်သည့် လေယာဉ်သံကြောင့် လူတိုင်း ကောင်းကင်ပေါ်သို့ မော့ကြည့်မိကြသည်။


နျဲ့ရှောင်၏ အဖွဲ့အပြင် ဝူချင်ဖုန်းနှင့် အခြားသော အရပ်သားအချို့သည် မြို့တော်တွင် သူတို့၏ ချစ်ခင်ရသူများအား ရှာဖွေဖို့ရန် ကြီးမားလှသည့် ခရီးသယ်တင် လေယာဉ်ထဲတွင် လိုက်ပါလာကြသည်။ ရဲရဲဝံ့ဝံ့ဖြင့် မြို့တော်သို့သွားကာ လူရှာလိုကြသည့်အတွက် နျဲ့ရှောင်တို့သည် ထိုအရပ်သားများအား ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ တူညီသည့် လမ်းကြောင်းသို့ ဦးတည်နေကြခြင်း ဖြစ်သည်။ လူတစ်ဦးဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အရေအတွက်မှာ အရေးမပါလှချေ။


ဝူဝမ်ချီသည် လေယာဉ်၏ ပထမတန်းခုံတွင် ထိုင်နေပြီး သူ၏လက်ထဲတွင် ကိုင်ထားသည့် အရာအား သေသေချာချာ ငေးစိုက်ကြည့်နေသည်။


နံဘေးတွင်ရှိနေသည့် ရှောင်ယန်သည် သိလိုစိတ်ဖြင့် သူ့လက်ထဲတွင် ကိုင်ထားသည့် အရာအား စောင်းကြည့်လိုက်သည်။ ဝူဝမ်ချီသည် သဲအဖြစ်နှင့် ကျောက်တုံးအဖြစ်အား တစ်လှည့်စီ ပြောင်းလဲနေသည့် ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။


ထိုသည်မှာ ရာဘာရွံ့တုံးနှင့် ဆော့ကစားနေသကဲ့သို့ပင်။


ရှောင်ယန် အံ့ဩသွားမိသည်။


ဝူဝမ်ချီသည် ထူးထူးဆန်းဆန်း ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ပြီး အသံခပ်တိုးတိုးဖြင့် ဝန်ခံလာသည်။


“ငါက မတော်တဆ လောယွင်ဟိုင်ရဲ့ စွမ်းရည်ကို ကူးယူနိုင်ခဲ့တယ်လေ.. အခု ငါ့ရဲ့မြေစွမ်းရည်ကို သုံးပြီး တခြားလှည့်ကွက်လေးတွေ လုပ်နိုင်လိမ့်မယ်လို့ ထင်နေတယ်..”


“မိုက်တယ်ဟ..” d-(´▽`)-b


ရှောင်ယန် လက်မထောင်ပြလိုက်သည်။


သူတို့နှစ်ဦး စကားပြောဆိုလျက်ရှိပြီး သွမ့်ဝမ်ယွီသည် ဝူဝမ်ချီအား သူ့နေရာတွင် အစားထိုးရန်အတွက် ထွက်လာသည်။ ဝူဝမ်ချီသည် လေယာဉ်စက်ခန်းသို့သွားကာ တွဲဘက်ပိုင်းလော့နေရာတွင် ထိုင်လိုက်သည်။


နျဲ့ရှောင်သည် သူ၏အရှေ့တွင်ရှိသည့် တိမ်ပင်လယ်အား ကြည့်နေပြီး သွမ့်ဝမ်ယွီ စီစဉ်ပေးသည့် လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာ ပျံသန်းမောင်းနှင်လျက်ရှိသည်။ ထိုအချိန်မှာပင် ရုတ်တရက် ဝူဝမ်ချီ၏ စကားကို ကြားလိုက်ရသည်။


“ဘောစ့် ပြောပါဦး.. ကျွန်တော်က ပန်းမိုးတော့ ရွာမပေးနိုင်ဘူးဗျာ.. ဒါပေမဲ့လည်း သဲမုန်တိုင်းတော့ ဖန်တီးပေးနိုင်တယ်.. အဲဒါက အလုပ်ဖြစ်နိုင်လား..”


နျဲ့ရှောင် : “……”


လေယာဉ်စက်ခန်း၏ အပြင်ဘက်တွင် နင်ဖုန်းနှင့် စကားပြောနေသည့် ရှောင်ယန်မှာ ရုတ်တရက် နှာချေလိုက်သည်။


“ကျဲကျဲ.. အဲဒီ ဝူဝမ်ချီက ကျဲရဲ့ မကောင်းကြောင်းကို ဘော့စ်ဆီ ပြောနေလို့ သိလား..”


ရှောင်ယန် : “……”


သွမ့်ဝမ်ယွီမှာ နင်ဖုန်း၏ ခေါင်းအား ခပ်ဆတ်ဆတ် ရိုက်လိုက်ပြီး ဆူပူလိုက်သည်။


“ပြဿနာ မရှာစမ်းနဲ့..”


နာရီအနည်းငယ် ကြာပြီးသည့်နောက်တွင် လေယာည်သည် မြို့တော်အစွန်ရှိ လေဆိပ်သို့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့သည်။ ကံမကောင်းစွာဖြင့် ကျယ်လောင်သည့် လေယာဉ်စက်သံမှာ ဇွန်ဘီများကို ဆွဲဆောင်လိုက်မိခြင်းကြောင့် သူတို့အား လေယာဉ်ပေါ်မှ ဆင်းမလာနိုင်ရန် တားဆီးထားလေသည်။ ထိုအခြင်းအရာသည် မြို့တော်မှ လူများအား တစ်ဆက်တည်း အသိပေးလိုက်သလိုပင်။


လေဆိပ်ထဲရှိ ဇွန်ဘီများအား ရင်ဆိုင်ရင်းနှင့် နျဲ့ရှောင်နှင့် ဝူဝမ်ချီသည် မျက်နှာအပြောင်းအလဲ မရှိဘဲနှင့် စတီယာရင်အား ထိန်းချုပ်ထားကြသည်။ သူတို့သည် မြေပြင်ပေါ်သို့ ဆင်းသက်ရာတွင် ဇွန်ဘီများအား တည့်တည့်ဝင်တိုက်ကာ အကြွင်းအကျန်များအား ဖိကြိတ်လိုက်လေသည်။


နင်ရှောင်ဖုန်းသည် လေယာဉ်ဆင်းသက်ရာမှ ထွက်ပေါ်လာသည့် အသံများကြောင့် ထိုင်ခုံခါးပတ်အား ပတ်ထားရင်း အီနားရှား သဘောတရားကြောင့် ရှေ့နောက်ယိမ်းထိုးလျက်ရှိပြီး စိတ်ပျက်လက်ပျက်နှင့် နှလုံးသားပင် ကွဲကြေလုမတတ် ဖြစ်နေလေသည်။


“ဒီစောက်လေယာဉ်က ငါ့ရဲ့အသက်ကို မယူသွားခင် ပြင်ဖို့ စောက်စက်ရုံကို ပို့လိုက်ကြပါတော့..”


သွမ့်ဝမ်ယွီသည် နင်ရှောင်ဖုန်း၏ ဦးခေါင်းအား လက်ဖြင့်ထိကာ သနားကြင်နာစွာဖြင့် ပြောလေသည်။


“အစောကတည်းက ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ထားပြီးသား မဟုတ်ဘူးလား.. မြေပြင်ပေါ် လုံလုံခြုံခြုံနဲ့ ဆင်းသက်နိုင်တာကပဲ ကံကောင်းလှပြီလေ.. လေယာဉ်ကို ပြန်ပြင်လို့ မရဘူးဆိုရင် နောက်တစ်စီး ပြောင်းလိုက်မှာပေါ့ကွ..”


“လေဆိပ်မှာ လေယာဉ်တွေ အများကြီးရှိတယ်‌လေ..” (。•‌ᴗ-)✧


နင်ဖုန်းသည် အခက်အခဲ ကြုံတွေ့ခဲ့ဖူးခြင်းမရှိသည့် တစ်စုံတစ်ဦးထံမှ ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် မှတ်ချက်အား နားထောင်ရင်း မျက်လုံးများ နီရဲလာသည်။ အပြင်ဘက်ရှိ ဇွန်ဘီများအားကြည့်ကာ ဒေါသတကြီး အံကြိတ်လိုက်သည်။


“ပြေးလမ်းထဲ ဝင်လာတဲ့ အဲဒီသရဲတွေကိုပဲ အပြစ်တင်ရမယ်.. ဒီသခင်လေးက မင်းတို့အားလုံးကို သေချာပေါက် ဖောက်ခွဲပစ်မယ်ကွ..”


“လိမ္မာတဲ့ကောင်လေး.. အော်ဟစ်မနေနဲ့..”


“ဂါးးး အားးးးးးး လုံးဝမကျေနပ်ဘူးလို့..”


အခြားသူများအတွက်လည်း ပထမဆုံး အကြိမ်အဖြစ် မတည်မငြိမ်ဖြစ်လျက် မြေပြင်သို့ ဆင်းသက်ရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် လေယာဉ်ဆိုက်လိုက်နိုင်သည်။ ထိုအခါမှသာ စိတ်သက်သာရာ ရမိကြလေသည်။


လေယာဉ်ဆင်းသက်ရင်း သေဆုံးသွားမည်ဆိုပါက ယခုအထိ ပြုလုပ်ခဲ့သမျှ အရာအားလုံးမှာ အဓိပ္ပါယ် မရှိတော့ပေ။


လေယာဉ်ဆိုက်ပြီးနောက်တွင် လေယာဉ်စက်ခန်း၏ လေကာမှန်မှာ ပင့်ကူအိမ်ကဲ့သို့ ကွဲအက်လာသည်။ နျဲ့ရှောင်နှင့် ဝူဝမ်ချီသည် အချိန်ဖြုန်းမနေဘဲနှင့် လေကာမှန်အား ခွဲကာ ပြေးထွက်လိုက်ပြီး သူတို့၏ အဆင့်တိုးလာသည့် စွမ်းရည်များအား အသုံးပြုကာ ချဉ်းကပ်လာသည့် ဇွန်ဘီများအား တိုက်ခိုက်ကြသည်။


သွမ့်ဝမ်ယွီ၊ နင်ဖုန်းနှင့် ရှောင်ယန်တို့သည်လည်း နောက်ချန်ရစ်မနေကြဘဲ ဇွန်ဘီများအား တိုက်ခိုက်ရန် ပူးပေါင်းလာကြသည်။


ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့သည် ထိုကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိသည့် စွမ်းရည်များအား မြင်သည့်အခါ အလွန်အမင်း တုန်လှုပ်ထိတ်လန့်သွားကြသည်။ ထိုလူများသည် သူတို့နှစ်ဦးမှာ စွမ်းရည်များကို ဖုံးကွယ်ထားခဲ့သည့်အတွက် မရိုးသားဟု ဆိုခဲ့ကြသည်။ သို့သော်လည်း ထိုလူများမှာ လူလိမ် အစစ်အမှန်များ ဖြစ်ကြသည်။


လေဆိပ်အတွင်းရှိ ဇွန်ဘီများနှင့် တိုက်ခိုက်နေကြစဉ်တွင် လေဆိပ်အပြင်၌ စစ်စိမ်းရောင် ထရပ်ကားများ ရုတ်တရက် ရောက်ရှိလာကြသည်။


ကယ်ဆယ်ရေးပြုလုပ်ရန် လက်နက်ခဲယမ်း အပြည့်အစုံနှင့် စစ်သားများ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။


နျဲ့ရှောင်တို့သည် လေယာဉ်အား မြို့တော်၏ ကောင်းကင်ထက်မှ ပျံသန်းလာခဲ့ခြင်း ဖြစ်သည့်အတွက် ဤတိုက်ပွဲမှာ ကြီးမားသည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာပြီး လျစ်လျူရှုဖို့ရန် ခက်ခဲစေသည်။ ကမ္ဘာပျက်ကပ် အချိန်ကာလတွင် လေယာဉ်မောင်းနှင်နိုင်သည့် လူများမှာ ပစ်မှားသင့်သည့် လူစားမျိုး မဟုတ်ချေ။


မြို့တော်စစ်တပ်သည် အခြေအနေအား မြင်တွေ့ဖို့ရန် ချက်ချင်းဆိုသလို လေဆိပ်သို့ စေလွှတ်လိုက်သည်။


နျဲ့ရှောင်တို့ အဖွဲ့သည်လည်း လေဆိပ်အပြင်မှ တိုက်ခိုက်သံများအား ကြားလိုက်ရသည်။ အသံထွက်ပေါ်ရာ နေရာသို့ လှည့်ကြည့်လိုက်ကြပြီး မြင်လိုက်သည့် စစ်စိမ်းရောင်မှာ အဝေးမှပင်လျှင် လူများအား နွေးထွေးပြီး စိတ်သက်သာရာ ရစေသည်။


အဖွဲ့နှစ်ဖွဲ့၏ ချိတ်ဆက်တိုက်ခိုက်မှုကြောင့် လေဆိပ်ထဲရှိ ဇွန်ဘီများမှာ ယာယီရှင်းလင်းခံလိုက်ရသည်။ သို့သော်လည်း လေယာဉ်၏ ကျယ်လောင်သည် အသံကြောင့် အဝေးတွင်ရှိသည့် ဇွန်ဘီများသည် လေဆိပ်သို့ အဆက်မပြတ် ချီတက်လာနေကြသည်။


အခြားရွေးချယ်ရန် မရှိတော့သည်အတွက် လေဆိပ်ကို စွန့်ပစ်ရန်သာ ရှိတော့ပြီး စစ်တပ်၏ ထရပ်ကားပေါ်တက်ကာ မြို့တော်အခြေစိုက်စခန်းသို့ အလျင်စလို မောင်းနှင်လိုက်ကြသည်။


နင်ဖုန်းသည် ထရပ်ကားပေါ်တွင် ထိုင်နေရင်းနှင့် လေဆိပ်ရှိရာသို့ လှည့်ကြည့်လိုက်သည်။ ဤခရီးမှာ ဆုံးရှုံးမှု ကြီးမားလေသည်။ အသုံးပြုနိုင်သည့် လေယာဉ်နောက်တစ်စင်းအား ထပ်မံရှာတွေ့ခြင်း မရှိပါက သူတို့သည် တောင်ပိုင်းသို့ လမ်းလျှောက်သွားရပေတော့မည်။


ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့မှာ ရှက်ရွံ့စွာဖြင့် နှာခေါင်းအား ထိနေမိကြသည်။


အခြေအနေများမှာ ဤသို့ဖြစ်လာသည့်အတွက် နျဲ့ရှောင်တို့သည် စစ်သားများနှင့်အတူ မြို့တော်အခြေစိုက်စခန်းသို့ လိုက်ပါရန်သာ ရှိတော့သည်။


ဤစစ်ဆင်ရေး၏ အဖွဲ့ခေါင်းဆောင်ဖြစ်သော ယွဲ့ဖုန်းချန်သည် လက်ဦးမှုယူ၍ နျဲ့ရှောင်တို့အဖွဲ့အား မိတ်ဆက်လေသည်။ ထိုသို့ဖြင့် အဖွဲ့နှစ်ဖွဲ့မှာ ကောင်းစွာ ဆက်ဆံနိုင်ကြပေမည်။


နျဲ့ရှောင်တို့သည် ယွဲ့ဖုန်းချန် ပြောကြားချက်မှတဆင့် မြို့တော်၏ လက်ရှိအခြေအနေကို သိရှိခဲ့ရပြီး မြို့တော်မှာ တရုတ်ပြည်၏ အစိုးရဌာနချုပ် ဖြစ်ရန် အမှန်တကယ် ထိုက်တန်ကြောင်း အသိအမှတ် ပြုလိုက်ရသည်။ အခြေစိုက်စခန်း တည်ဆောက်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့တော်၏ လုပ်နိုင်စွမ်းမှာ ဟာပင်းထက် ပိုမိုမြန်ဆန်ပေသည်။


“ဒါတွေအားလုံးက ခေါင်းဆောင် ရှ ရဲ့ ကျေးဇူးတွေပဲ.. မဟုတ်ရင် အခုလက်ရှိ အနေအထားမျိုးရောက်ဖို့ အဝေးကြီး ရှိနေဦးမှာ.. ကျုပ်တို့တွေလည်း အစစ ပြန့်ကြဲနေဦးမှာ..”