အပိုင်း၂၂
Viewers 8k

Chapter 22


🐹 အခန်း ၂၂ 

ဝူယိလေးတို့ ခရီးဆက်ကြတယ်-၂


ထိုအချိန်မှာပင် နျဲ့ရှောင်တို့အဖွဲ့နှင့် အတူလိုက်ပါလာသည့် လောယွင်ဟိုင်တို့အဖွဲ့သည် ဝူချင်ဖုန်း၏ တပ်သားများနှင့် အောင်မြင်စွာ ပေါင်းစည်းသွားကြသည်။


ဗိုလ်ချုပ်ကြီး ဝူချင်ဖုန်းသည် နယ်စပ်မြို့မှ အခြေအနေများအား ကြားသိပြီးနောက် သူ၏မျက်လုံးများ နီရဲလာသည်။ အဆုံးတွင် သူပြောလိုသည့် စကားလုံးပေါင်းများစွာအား ရိုးရှင်းသည့် အပြုအမူတစ်ခုဖြင့်သာ ထုတ်ဖော်လိုက်လေသည်။ ဝူချင်ဖုန်းသည် လောယွင်ဟိုင်၏ ပုခုံးအား လက်ဖြင့်ပုတ်လိုက်သည်။


“မင်းတို့အားလုံး ကောင်းကောင်းရှင်သန်နိုင်ခဲ့ကြတာပဲ.. ဒါကကို အရမ်းကောင်းနေပါပြီ..”


လောယွင်ဟိုင်သည် မျက်ရည်သုတ်လိုက်ပြီးနောက် မာန်ပါပါနှင့် ထည်ဝါခံ့ညားစွာ အလေးပြုလိုက်သည်။


အချက်အလက်များအား အတိုချုံး ဖလှယ်ပြီးနောက်တွင် ဝူချင်ဖုန်းသည် နျဲ့ရှောင်တို့အဖွဲ့၏ အစွမ်းထက်မှုကို သိရှိသွားလေသည်။ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့အား အထိန်းအချုပ်မဲ့စွာ ကြည့်လိုက်ပြီး ထိုလူများ သယ်ဆောင်ထားသည့် ကံကြမ္မာမှာ စကားလုံးများဖြင့် ဖော်ပြဖို့ရန်ပင် အံ့ဩဖွယ် ကောင်းလွန်းလှကြောင်း ခံစားမိလေသည်။ ချက်ချင်းပင် လမ်းလျှောက်သွားပြီး လက်ဦးမှုရယူကာ သူ့ဘက်မှ မိတ်ဆက်စကားဆိုလိုက်သည်။


စကားပြောခန်း အဆုံးတွင် အကြောင်းအရာမှာ နျဲ့ရှောင်တို့၏ ဦးတည်ရာဆီသို့ မလွှဲရှောင်သာဘဲ ရောက်ရှိသွားလေသည်။ နျဲ့ရှောင်သည် ထိုအကြောင်းနှင့် ပတ်သက်၍ ဖုံးကွယ်ထားခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလေသည်။ 


“ကျွန်တော်တို့က ဖုန်းချန်ကို သွားကြမှာ.. ပြီးရင် ယွင်ချန်ကို ခရီးဆက်မယ်..”


ဝူချင်ဖုန်းသည် အဝေးတွင်ရှိသည့် နေရာများ၏ အမည်ကို ကြားသည့်အခါ အနည်းငယ် ကြောင်အသွားလေသည်။


“အဲလောက်တောင် ဝေးတာလဲ.. ခင်ဗျားတို့ တကယ်ပြန်သွားဖို့ စီစဉ်ထားကြတာလား..”


“ကျွန်တော်တို့အတွက် အရေးပါတဲ့သူတွေက အဲဒီမှာ ရှိနေတုန်းပဲ..”


နျဲ့ရှောင်သည် ဝူဝမ်ချီအား ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ယိမ်းယိုင်သွားမည် မဟုတ်သော ခိုက်မာမှုတို့ ထင်ဟပ်နေပြီး ရှေ့ဆက်ရမည့် လမ်းတစ်လျှောက်တွင် ကြုံတွေ့ရမည့် အခက်အခဲ အတားအဆီးများကိုလည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပုံပင်။


ဝူချင်ဖုန်းသည် နျဲ့ရှောင်နှင့် အတူပါလာသည့် လူများအား လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်ကို မြင်သည့်အခါ သူ၏ စကားများမှာ လည်ချောင်းဝတွင်သာ တစ်ဆို့သွားလေသည်။ သူ၏ရင်ဘတ်ကို သတိမမူစွာဖြင့် ထိလိုက်မိပြီး ပါးစပ်ထဲတွင် ခါးသီးမှုတို့ ပြည့်နေလေသည်။ ထိုနေရာတွင် ရှိနေသည်မှာ သူ၏ အရေးအပါဆုံးသော လူသာ ဖြစ်နေမည်ဆိုလျှင် သူသည်လည်း အန္တရာယ်များစွာကို ကျော်ဖြတ်ဖို့ရန် ကြောက်ရွံ့နေမည် မဟုတ်ပါကြောင်း ခံစားမိသည်။


“ဗိုလ်ချုပ်ကြီး ဝူ နဲ့ စကားပြောရင်း တစ်ခါတည်း ပစ္စည်းတစ်ခုလောက် ငှားလို့ရမလားဗျ..”


သွမ့်ဝမ်ယွီသည် ရုတ်တရက် အတွေးထဲ နစ်မျောနေသည့် ဝူချင်ဖုန်းအား နှောင့်ယှက်လိုက်သည်။ မျက်မှန်ပင့်တင်လိုက်ပြီးနောက် တစ်ဘက်လူအား ပြုံးကာ ကြည့်လိုက်သည်။ ယခုအခါတွင် လေဆိပ်မှာ စစ်တပ်မှ လက်လွှဲယူလိုက်ပြီ ဖြစ်သည့်အတွက် သူတို့အနေဖြင့် တစ်ခုခု အရေးကိစ္စ ရှိပါက ခွင့်တောင်းရမည် ဖြစ်သည်။ အပြုအမူကောင်းများ လိုအပ်နေဆဲဖြစ်သည်။


သူတို့အား အခြေစိုက်စခန်း တည်ဆောက်ရာတွင် ကူညီပေးခဲ့သော မဟာသူရဲကောင်းဖြစ်သည့် သွမ့်ဝမ်ယွီနှင့် ရင်ဆိုင်ရာတွင် ဝူချင်ဖုန်းအနေဖြင့် ငြင်းပယ်စကား ဆိုမည်မဟုတ်ပေ။ ဂရုတစိုက်နှင့် ပြောလေသည်။


“ဘာပဲဖြစ်ဖြစ် ပြောလိုက်ပါ.. ကျုပ်တို့မှာရှိတဲ့အရာဆို ချေးငှားပေးပါမယ်..”


“တကယ်တော့ ရှားပါးတဲ့အရာ မဟုတ်ပါဘူး.. လေဆိပ်တိုင်းမှာ ရှိတယ်လေ.. အဲဒါက လေယာဉ်လေး တစ်စင်းပါပဲ.. ဒါလေးပါဗျာ..”


သွမ့်ဝမ်ယွီမှာ လွန်စွာရိုကျိုးနှိမ့်ချသည့်ပုံဖြင့် ပြုံးလိုက်ပြီး သမားရိုကျ ကိစ္စတစ်ခုအား ပြောဆိုနေသကဲ့သို့ပင်။


ဝူချင်ဖုန်းမှာ သွမ့်ဝမ်ယွီ ပြောသည်အား အကြားမှားသလားဟုပင် တွေးနေမိသည်။


“ကျွန်တော်တို့က လမ်းလျှောက်ပြီး သွားကြမှာလို့တော့ ခင်ဗျားထင်နေတာ မဟုတ်ပါဘူးနော်..”


နင်ဖုန်းသည် ဝူချင်ဖုန်း၏ အမူအရာအား မြင်သည့်အခါ သူ၏ခန့်မှန်းချက် မှန်သည်ဟု ခံစားမိလေသည်။ ထို့နောက် နှုတ်ခမ်းစူကာဖြင့် တတွတ်တွတ် ပြောတော့သည်။


“ဒီလောက်ဝေးနေတာကို.. လမ်းလျှောက်ပြန်သွားရင် ဘယ်အချိန်မှ ရောက်မယ်ဆိုတာ မှန်းလို့တောင် မရဘူး..”


ဝူချင်ဖုန်း : “……”


ဗဟုသုတနည်းပါးပြီး အမြင်ကျဉ်းမြောင်းတဲ့ ငါ့ကိုပဲ အပြစ်တင်ကြပါတော့.. (ㅠ‸ㅠ)


သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့ လေဆိပ်အား ကာကွယ်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ လေယာဉ်များ ရှိနေခြင်းကြောင့် ဖြစ်သည်။ သို့တည်းမဟုတ်လျှင် ဝေးကွာလွန်းသည့် မြောက်မှ တောင် ခရီးစဉ်အား လပေါင်းများစွာကြာအောင် သို့တည်းမဟုတ် နှစ်ပေါက်အောင် သွားရပေမည်။


ထိုလူငါးဦး၏ အရည်အချင်းများကို စဉ်းစားမိသည့်အခါ ဝူချင်ဖုန်း မတုန်လှုပ်ဘဲ မနေနိုင်ချေ။ အခြေစိုက်စခန်းတွင် ရှိနေသည့် သူ၏ ရဲဘော်ရဲဘက်များနှင့် အလျင်စလို အကျဉ်းချုံး ဆွေးနွေးပြီးနောက် ရှက်ရွံ့စွာဖြင့် ပြန်ဖြေသည်။


“မင်းတို့အဖွဲ့က လေယာဉ်ကို အသုံးပြုနိုင်ပါတယ်.. ဒါပေမဲ့ ငါတို့တွေကို မင်းတို့နဲ့အတူခေါ်ပေးပြီး မြို့တော်မှာ ချန်ထားပေးခဲ့လို့ရမလား..”


ဝူချင်ဖုန်းသည် ထိုစကားအား ပြောနေရင်း ရှက်ရွံ့မှုကြောင့် မျက်နှာ အနည်းငယ် နီမြန်းနေသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် လေဆိပ်မှာ သွမ့်ဝမ်ယွီတို့ အဖွဲ့၏ အကာအကွယ်ပေးမှုအောက်တွင် ရှိနေဆဲဖြစ်သည့်အတွက် သူတို့အနေဖြင့် တောင်းဆိုမှုများ ပြုလုပ်ဖို့ရန် အဆင့်မမီပါချေ။


“မြို့တော်မှာရှိတဲ့ တစ်နိုင်ငံလုံးရဲ့ ပင်မဆက်သွယ်ရေးကွန်ယက်က ပြိုလဲသွားပြီးဆိုတော့ ငါတို့ မြို့တော်က အခြေအနေတွေကို သွားကြည့်ချင်တယ်.. မြို့တော်မှာရှိတဲ့ စစ်တပ်နဲ့ အဆက်အသွယ်ရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့..”


ဝူချင်ဖုန်း၏ ရိုးသားသည့် စကားကို နားထောင်ပြီးနောက် နျဲ့ရှောင်သည် သူ၏လူများအား တစ်ချက်ကြည့်လိုက်ပြီး ငြင်းပယ်မှုမရှိဘဲ သဘောတူလိုက်သည်။


“အဆင်ပြေတယ်.. အခုကစပြီး ပြင်ဆင်ကြတာပေါ့.. ထွက်သွားဖို့ အကောင်းဆုံးအချိန်ကို သတ်မှတ်ရမယ်.. ဒီရက်ပိုင်းအတွင်းပဲ ဖြစ်လိမ့်မယ်..”


ဝူချင်ဖုန်းသည် ထိုစကားအား ကြားသည့်အခါ ချက်ချင်း ပျော်ရွှင်သွားမိသည်။


ထို့နောက်တွင် လူတိုင်း အလုပ်များလာကြသည်။


***


တစ်ချိန်တည်းမှာပင် ရှန့်ချန်၌။


ရှောင်ဝူယိတို့သည် ရှန့်ချန်ဧရိယာသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ရှန့်ချန်မှ ကျောင်းသားအချို့၏ အိမ်များသို့ ရောက်ရှိခဲ့ကြပြီ ဖြစ်သည်။ သို့သော်လည်း ဝမ်းနည်းဖွယ်ရာမှာ သူတို့၏ မိသားစုများအားလုံး ဇွန်ဘီများ ဖြစ်လာကြခြင်း မဟုတ်လျှင် ဇွန်ဘီများ ဖျက်ဆီးခံထားရသည့် အိမ်များကိုသာ ကြုံတွေ့ရခြင်း ဖြစ်သည်။


ကျောင်းသားအများစုမှာ တစ်ချိန်တည်းမှာပင် မိသားစုဝင်များအား ဆုံးရှုံးခဲ့ရပြီး သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အတွက် ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြလေသည်။


နှလုံးသားထဲတွင် မျှော်လင့်ချက်အပြည့်နှင့် အိမ်သို့ပြန်ရန် ရည်ရွယ်ခဲ့ကြသော်လည်း အမှန်တရားမှာ ရက်စက်လွန်းလှသည်။


လူတိုင်းအား ဝမ်းနည်းမှုတို့ လွှမ်းခြုံလာလေသည်။


ဤသည်မှာ အစမျှသာ ရှိလေသည်။


အိမ်သို့ မရောက်သေးသည့် ကျောင်းသားအချို့သည်လည်း ဤကဲ့သို့သော တူညီသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရမည်ကို မတွေးမိဘဲ မနေနိုင်ကြချေ။ ထိုအခြင်းအရာအား စဉ်းစားမိသည့်အခါ လူတိုင်း ဝမ်းနည်းတကြီး ငိုကြွေးမိကြသည်။ အမြဲတမ်း အကောင်းမြင်ခဲ့သည် ရှောင်ဝူယိသည်ပင်လျှင် တိတ်ဆိတ်လို့နေသည်။


သူတို့ မည်သည့်အရာများအား မျှော်လင့်မိခဲ့ကြသည်ကို မည်သူကမျှ မသိနိုင်ပေ။ အသက်ရှင်သည့် ဆွေမျိုးတစ်ယောက် သို့မဟုတ် အလောင်းတစ်ခု မဟုတ်ပါက စိတ်ခံစားချက်မရှိဘဲ အသိမဲ့စွာ လျှောက်သွားနေသည့် ဖုတ်ကောင်တစ်ကောင်။


ရှောင်ဝူယိသည် တိတ်ဆိတ်နေသည့် လူများအားကြည့်ကာ မည်သို့နှစ်သိမ့်ရမည်ကို မသိတော့ချေ။ ကူကယ်ရာမဲ့စွာဖြင့် သူ၏လက်ချောင်းကလေးများအား ဆော့ကစားလို့နေပြီး ရုတ်တရက်ဆိုသလို မည်သည့်နေရာတွင် ရောက်နေမှန်း မသိရသည့် နျဲ့ရှောင်အား လွမ်းဆွတ်မိလာသည်။


အဆုံးတွင် ဤအနေအထားအား သည်းမခံနိုင်တော့သည့် ရှဲ့ကျွင်းသည် အသံကျယ်ကျယ်ဖြင့် လှုပ်နှိုးလိုက်လေသည်။ သူတို့မှာ ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့များ ဖြစ်လာကြပြီး သူတို့၏ မွေးစားဖခင်မှာလည်း ကမ္ဘာပျက်ကပ် အစမှာပင် သေဆုံးခဲ့ရသည်။ ယခုထိတိုင် နာကျင်ခံစားနေရဆဲ ဖြစ်သော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ကောင်းမွန်စွာ ရှင်သန်နေထိုင်ကြလေသည်ကြောင့် အခြားသူများလည်း မည်သည်ကြောင့် ထိုသို့မဖြစ်ရမည်နည်း။


ကျောင်းအုပ်ယွမ်သည်လည်း သားဖြစ်သူ၏ မိသားစုအကြောင်းအား  ခေတ္တဘေးသို့ချိတ်ကာ လူတိုင်း၏ စိတ်ခံစားမှုများ မြင့်တက်လာအောင် ပြုလုပ်ပေးလေသည်။


“သူတို့ကို ရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ.. အခုအချိန်မှာတော့ ငါတို့တွေက မိသားစုတွေပဲ..”


ထိုစကားကို ကြားသည့်အခါ ရှောင်ဝူယိသည် ပြင်းပြင်းထန်ထန် ခေါင်းမညိတ်ပဲ မနေနိုင်ချေ။ သူ၏ လက်ကလေးနှစ်ဘက်ဖြင့် ရွှဲ့ကျွင်းနှင့် ဝူဝမ်ယွီ၏လက်များအား ဆွဲလိုက်ပြီး ကျောင်းအုပ်ယွမ်အား သူ၏ သူရဲကောင်းသဖွယ် ကြည့်နေလေသည်။


“ဟုတ်တာပေါ့.. အမှန်ပဲ.. ငါတို့တွေက မိသားစုတစ်ခုပဲ..”


ထိုသို့ပြောပြီးနောက် ရှောင်ဝူယိသည် ရှဲ့ကျွင်းနှင့် ဝူဝမ်ယွီ၏လက်များအား ထပ်မံချိတ်ဆက်လိုက်ပြီး ခပ်မြင့်မြင့်မြှောက်လိုက်သည်။ ထိုအရာသည် ရှဲ့ကျွင်းနှင့် ဝူဝမ်ယွီအား ရှက်ရွံ့သွားစေသည်ကြောင့် ချက်ချင်းပင် သူတို့လက်များအား ပြန်ဆွဲယူလိုက်သည်။


ရှောင်ဝူယိမှာ သူတို့၏ တုံ့ပြန်မှုကြောင့် ကြောင်အသွားလေသည်။ ရှက်သွေးဖြာနေသည့် မျက်နှာနှစ်ခုအား အပြန်အလှန် ကြည့်ပြီးနောက် နားမလည်နိုင်စွာဖြင့် ခေါင်းကလေး ငဲ့လိုက်သည်။


ချိ..?


“ရှောင်ယွီ မေ့မေ့.. ရှောင်ကျွင်းကျွင်း.. ဘာဖြစ်တာလဲဟင်.. ငါတို့က အခု မိသားစုတွေလေ..”


“ငါတို့က မိသားစု မဟုတ်ဘူး..”


“ငါတို့က မိသားစု မဟုတ်ဘူး..”


ရှဲ့ကျွင်းနှင့် ဝူဝမ်ယွီတို့ ထိုစကားအား တစ်ချိန်တည်းမှာပင် ပြောလာကြခြင်းဖြစ်သည်။ ပါးပြင်မှာ ပို၍ပင် နီရဲလာပြီး မျက်လုံးခြင်း မဆုံမိစေရန် သိသိသာသာပင် အဝေးသို့ အကြည့်လွှဲနေကြလေသည်။


ဟမ်းစတားလေးမှာ ကြောင်အလို့နေပြီး သူ၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်မှုတို့ ထင်ဟပ်နေသည်။


ထိုသို့ဖြင့် အခြားသူများ၏ ဝမ်းနည်းမှုမှာ နှောင့်ယှက်ဖျက်ဆီးခံလိုက်ရပြီး လေးလံသည့် လေထုမှာ ရယ်မောသံများဖြင့် လွင့်ပြယ်သွားလေသည်။ ရှန့်ချန်ဒေသခံ ကျောင်းသားများသည်လည်း တက်ကြွလာကြသည်။ သူတို့၏ မိသားစုဝင်များအား ဆုံးရှုံးခဲ့ရသည့်တိုင် မိသားစုဝင်အသစ်များကို ရရှိလာခဲ့ပြီး သူတို့၏အရှေ့တွင် ရှိနေကြလေသည်။


ရှေ့ဆက်ရမည့် လမ်းတစ်လျှောက် အထီးကျန်တော့မည် မဟုတ်ပေ။


သူတို့၏ စိတ်အခြေအနေ ပြန်လည်တက်ကြွလာပြီးနောက် မြောက်ပိုင်းသို့ ကြည့်လိုက်ကြသည်။


နောက်ထပ်မြို့မှာ ဖုန်းချန်ဖြစ်သည်။


ထိုသို့တွေးမိသည့်အခါ ရှောင်ဝူယိနှင့် ဝူဝမ်ချီတို့ စိတ်လှုပ်ရှားလာကြသည်။ သူတို့၏ ဒယ်ဒီနှင့် အစ်ကိုအား ပြန်တွေ့နိုင်တော့မည် ဖြစ်သည်။


ဝူဝမ်ယွီနှင့် ဝူဝမ်ချီသည် ဖုန်းချန်တွင် နေထိုင်ကြသူများ ဖြစ်သည့်အတွက် နျဲ့ရှောင်တို့သည်လည်း ဖုန်းချန်သို့ လာကြမည်ဖြစ်သည်။


“လာလေရော့... ဖုန်းချန်..”


ရှောင်ဝူယိသည် မစောင့်နိုင်တော့သည့်အတွက် ဝူဝမ်ယွီအား လက်ဆွဲကာ တံခါးအပြင်သို့ထွက်ရန် ပြင်လေသည်။ ထို့နောက်တွင် တံခါးမအား မထိနိုင်ခင်မှာပင် ရှဲ့ကျွင်း၏ အလျင်စလို တားမြစ်ခြင်း ခံလိုက်ရသည်။


ရှဲ့ကျွင်းသည် အပြင်ဘက်ကောင်းကင်အား ညွှန်ပြလိုက်ပြီးနောက် ရက်စက်ပြီး အကြင်နာမဲ့စွာ ဆိုလေသ်ည။


“မှောင်နေပြီ.. မနက်ဖြန်မှ သွားရမယ်..”


ထိုသို့ပြောပြီးနောက် ရှဲ့ကျွင်းသည် ရှောင်ဝူယိအား စတော်ဘယ်ရီအိတ်ထဲမှ ရိက္ခာအချို့ ထုတ်ယူရန် မေးလိုက်သည်။ လူတိုင်း၏ အိတ်များအား ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပြီဖြစ်သည်။


ရှောင်ဝူယိသည် ရုတ်တရက် ကြီးထွားလာသည့် ‘မိသားစုကြီး’ အား ကြည့်လိုက်သည်။ သူ၏ ပါးဖောင်းဖောင်းအား ပွတ်ကာဖြင့် ပျော်ရွှင်သည့် ခံစားချက်မှ နာကျင်မှုသို့ ပြောင်းလဲသွားလေသည်။


ဟင်း.. ဒယ်ဒီရေ.. ပေါင်ပေါင်းမှာ ခက်ခဲတဲ့အချိန်တွေ ရှိနေပြီလို့.. (๑ᵕ⌓ᵕ‌)


ညအချိန်တွင် လူတိုင်း အလှည့်ကျ ကင်းစောင့်ကြသည်။


ရှောင်ဝူယိသည် မျက်လုံးများမှိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။ သူ၏ အသိစိတ်အား အသုံးပြုကာ တောင်ကြားနေရာလွတ်၏ တစ်ဘက်ခြမ်းတွင် မျိုးစေ့များအား စိုက်ပျိုးလိုက်သည်။ ရွာငယ်လေးအတွင်းမှ သိမ်းယူလာခဲ့ပြီး နေရာလွတ်ထဲတွင် ထိန်းသိမ်းထားခဲ့သည့် မျိုးစေ့များအား လယ်ကွယ်ထဲသို့ ကြဲပက်လိုက်သည်။


မိသားစုတစ်ခုအား ထောက်ပံ့မှုပြုရန်မှာ မလွယ်ကူလှကြောင်း စဉ်းစားမိသည်။ ရှောင်ဝူယိသည် ယခုမှစကာ မိမိကိုယ်သာ အားကိုးရန် ဆုံးဖြတ်လိုက်သည်။


သို့သော်လည်း မျိုးစေ့များအား ကြဲပက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် မြေကြီးထဲမှ လတ်ဆတ်နူးညံ့သည့် အစိမ်းရောင်အပင်ပေါများ ထွက်ပေါ်လာသည်။


ထိုမြင်ကွင်းကြောင့် ဟမ်းစတားလေးမှာ အံ့ဩတုန်လှုပ်သွားမိတော့သည်။


*၅* 


မှတ်ချက်။  ။ သူက လူတွေရဲ့ ဦးခေါင်းခွံထဲမှာ ရှိတဲ့အရာကို ability core လို့ သုံးထားပြီး ဇွန်ဘီတွေမှာ ရှိတာကိုတော့ crystal nucleus လို့ သုံးထာပါ။ ဒါပေမဲ့ အခြေခံသဘောတရားက အတူတူမို့ ability core ကို လောလောဆယ် အမြုတေလို့ပဲ သုံးထားပါဦးမယ်။ နောက်ပိုင်း ဒီအရာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေ ရှိလာဦးမယ်ဆိုရင်တော့ ပိုကောင်းတာတစ်ခုကို ပြောင်းသင့်ရင် ပြောင်းပါမယ်။