အပိုင်း၃၁
Viewers 41k

Chapter 31

October 09, 2023


ကျိလဲ့ယွီက စောင်ကိုမကာ အိပ်ရာထဲမှထလိုက်သည်။ ထို့နောက် လင်းဖေး မနေ့ညက ယူလာပေးသည့် ဖိနပ်ပါးများကိုစီးရင်း တံခါးထံလျှောက်သွားလိုက်၏။




“ဒါဆို သားသွားတော့မယ်နော် … .”




“အွန်း … ” လင်းဖေး သူ့ကိုထပ်ကြည့်လာ၏။




ကျိလဲ့ယွီ “……”




“သားကို ဘိုင့်ဘိုင်လို့ မနှုတ်ဆက်တော့ဘူးလား … ” ကျိလဲ့ယွီ မေးလိုက်သည်။ 




လင်းဖေးက အလွန်ကြင်နာတတ်၏။ “ဘိုင့်ဘိုင်… ”




…သူတကယ်ကြီး ဘိုင့်ဘိုင်လို့ပြောလိုက်တယ် …


ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်ပြီး တစ်ဖက်လူအား မကျေမချမ်းစိုက်ကြည့်လိုက်၏။




လင်းဖေးက ထိုအမူအရာကို နားမလည်ချေ။ “ဘာဖြစ်လို့လဲ … ”




“ကိုကိုပဲ ခုနက ဘိုင့်ဘိုင်ဆို … ”




လင်းဖေး ပို၍ပင် နားမလည်နိုင်ဖြစ်သွား၏။. “မင်းပဲ ဘိုင့်ဘိုင်လို့ပြောခိုင်းတာ မဟုတ်ဘူးလား … ”




ကျိလဲ့ယွီ နှုတ်ခမ်းဆူလိုက်သည်။ ထို့နောက် ဟွန့်ကနဲ့ အသံပြုလိုက်၏။ 




လင်းဖေး “……”




ဤကလေးမှာ အလွန်နားလည်ရခက်သည်ဟု လင်းဖေးခံစားမိလိုက်၏။ 




သူက ကျိလဲ့ယွီအား အကူအညီမဲ့မှု ၃၀ ရာခိုင်နှုန်း၊ နားမလည်မှု ၃၀ ရာခိုင်နှုန်းနှင့် ကျီစားမှု ၄၀ ရာခိုင်နှုန်းပါသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ သို့သော် ကျိလဲ့ယွီက လင်းလော့ချင်း မဟုတ်ရာ လင်းဖေးမျက်လုံးများကို အဓိပ္ပာယ်မကောက်တတ်ချေ။ သူက လင်းဖေးမျက်လုံးတွင်းရှိ ကျီစယ်ရိပ်ကိုသာကြည့်ရင်း နှုတ်ခမ်းဆူကာ တံခါးပိတ်၍ ထွက်သွား​လေသည်။




လင်းဖေး ခေါင်းယမ်းလိုက်ရင်း စာအုပ်ကို ဆက်ဖတ်နေမိ၏။ 




ကျိလဲ့ယွီ ဆေးကြောပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသည်။ 




မနေ့ညက လင်းလော့ချင်း သူ့အား ကံကောင်းမှုလွှဲပြောင်းသည့် လက်ပတ်ကလေး ပေးခဲ့သည်ကို မှတ်မိနေ၏။ သူက ပြုံးလိုက်ရင်း အလွန်ပျော်ရွှင်နေသကဲ့သို့ ဟန်ဆောင်လိုက်သည်။ ထို့နောက် လင်းလော့ချင်းနှင့် ကျိယွီရှောင်ထံလျှောက်သွားကာ သိသိနှင့်မေးလိုက်၏။




 “သားကိုဘယ်သူက ငါးကလေးပေးတာလဲ … ”




ကျိယွီရှောင်က လင်းလော့ချင်းအား ရှုပ်ထွေးနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။ 




လင်းလော့ချင်း ပြုံးလိုက်၏။ “ကြိုက်လား … ”




“ဟုတ်ကဲ့ … ” ကျိယွီရှောင် ပျော်ရွှင်စွာ ခေါင်းညှိတ်လိုက်သည်။ “ရှုရှု လင်းက သားကိုပေးခဲ့တာလား … ကျေးဇူးပါ .. ”




“ရပါတယ် … ” လင်းလော့ချင်း သူ့ခေါင်းကိုပွတ်သပ်ကာ ပြုံးလိုက်၏။ “အဲဒါက ကံကောင်းမှုလွှဲပြောင်းတဲ့ လက်ပတ်ကလေးလေ … သား အနာဂတ်မှာ ပိုပြီးကံကောင်းလာမှာ … ”




ကျိလဲ့ယွီ၏ အပြုံးက ပို၍ချိုမြိန်လာသည်။ 




ကျိယွီရှောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။ “မင်းသူ့ကို ဘယ်တုန်းက ပေးလိုက်တာလဲ … ”




လင်းလော့ချင်းက ပြန်ဖြေသည်။ “မနေ့ညက မင်းရေချိုးနေတုန်းက … ”




ကျိယွီရှောင် နားလည်သွားသည်။ “ငါဘာလို့မသိပါလိမ့်လို့ အံ့ဩနေတာ … ”




“ငါမင်းကို အားလုံးပြောမပြပါဘူးနော် … ”




“အိုး … ” ကျိယွီရှောင် မျက်ခုံးပင့်လိုက်သည်။ “မင်းက မင်းရဲ့နတ်ဘုရားကို တော်တော်များများ ဖုန်းကွယ်ထားပုံပဲ … ”




“မဟုတ်ပါဘူး …” လင်းလော့ချင်း ပြုံးလိုက်သည်။


ကျိယွီရှောင်၏ အပြုံးကိုကြည့်ရင်း ကျိလဲ့ယွီသည်လည်း မသိမသာ ပြုံးလိုက်မိ၏။ 




သူက ဘာမှမပြောပဲ လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့၏ ပြောစကားကိုသာ ပြုံးလျှက်နားထောင်နေသည်။ 




“မင်းကဘာလို့ ဒီမှာရှိနေတာလဲ … ”




ကျိယွီရှောင် စကားပြောနေရင်း သူတို့အနားတွင် ထိုင်နေဆဲဖြစ်သော ကျိလဲ့ယွီအား တွေ့လိုက်ရသည်။ သူက သတိပေးလိုက်၏။ “မနက်စာစားတော့လေ … မကြာခင် နေ့လည်စာစားချိန်တောင် ရောက်တော့မယ် ...”




“ရှုရှု လင်းနဲ့ ပါပါးတို့ပြောတာကို နားထောင်ချင်လို့ … ” ကျိလဲ့ယွီက နာခံစွာဆို၏။ 




“လိမ္မာနော် … မနက်စာစားပြီးမှ ရှုရှု တို့ပြောတာကို လာနားထောင်လည်းရတယ် … ”




ကျိလဲ့ယွီက တွန့်ဆုတ်စွာထွက်သွား၏။ ထို့နောက် ပန်းကန်လုံးသေးသေးလေးနှင့်အတူ ပြန်ရောက်လာသည်။ 




“သား ဒီမှာပဲမနက်စာစားတော့မယ် ...” သူက တူသေးသေးလေးကိုကိုင်လျှက် ဧည့်ခန်းတွင်းရှိ ကော်ဖီစားပွဲရှေ့တွင် ထိုင်လိုက်သည်။ 




ကျိယွီရှောင် ရယ်လိုက်သည်။ “ကောင်းပြီလေ … ”




ကျိလဲ့ယွီပြုံးလိုက်၏။ 




လင်းလော့ချင်းက လက်ထပ်မှတ်ပုံတင်ရာ၌ ဓာတ်ပုံကောင်းကောင်း မရမည်ကို စိုးရိမ်နေသည်။ သူက ဓာတ်ပုံရိုက်မည့် စတူဒီယိုများသို့ သွားသင့်မသွားသင့် ချိန်ဆနေ၏။ 




“လက်ထပ်မှတ်ပုံတင်တာက ဓာတ်ပုံကောင်းကောင်းမရရင် နှမြောစရာကြီးလေ … .”




“အဲဒီ့တုန်းက မင်းပြောတာက ဘယ်လိုပဲရိုက်ရိုက် ကြည့်ကောင်းနေမှာပဲဆို … ” ကျိယွီရှောင် သူ့ကိုစလိုက်သည်။




လင်းလော့ချင်းက သူ့ကိုယ်သူ ကာကွယ်၏။ “ကြည့်ကောင်းတဲ့နေရာမှာလည်း သာမန်ကာလျှံကာ ကြည့်ကောင်းတာနဲ့ တအားကြည့်ကောင်းတာ ရှိသေးတယ်လေ ….”




“ဒါဆို မင်းက ဓာတ်ပုံရိုက်ပြီး ယူသွားချင်တာလား … ”




လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ “အဲဒါအဆင်ပြေလား … ”




ကျိယွီရှောင်က ထိုသို့မစီစဉ်ထားခဲ့ချေ။ သို့သော် လင်းလော့ချင်း၏ မျှော်လင့်နေသော မျက်လုံးများကို မြင်ရချိန်၌ သူ မငြင်းရက်တော့။ 




“ကောင်းပြီလေ … မင်းရဲ့နတ်ဘုရားက မင်းကိုအရမ်းချစ်တာကြောင့် သူက မငြင်းနိုင်ပါဘူး ….”




“တကယ်လား … ” လင်းလော့ချင်း စိတ်လှုပ်ရှားသွား၏။ “ဒါဆို မနက်ဖြန်မှတ်ပုံတင်လုပ်မှာဆိုတော့ ဒီနေ့ကတည်းက ကြိုပြင်ထားတာ မကောင်းဘူးလား … ”




“ကောင်းသားပဲ ...”




“ဒါဆို စားပြီးရင်သွားရအောင် … ” လင်းလော့ချင်း အဆိုပြုလိုက်သည်။




သူက တစ်စုံတစ်ခုကို စဉ်းစားလိုက်ရင်း စားနေဆဲဖြစ်သည့် ကျိလဲ့ယွီအား ကြည့်လိုက်သည်။




ကျိလဲ့ယွီ ကြောင်အသွား၏။ သူက ပေါင်မုန့်ဖြူဖြူတစ်လုံးကို ကိုင်လျှက်ရှိနေပြီး လင်းလော့ချင်းထံ ထိုးပေးလိုက်သည်။ “ရှုရှု စားချင်လို့လား … ”




လင်းလော့ချင်းနှလုံးသားတစ်ခုလုံး ပေါက်ကွဲသွား၏။ ဖက်ခ် … ဒါကတကယ်ကြီး ကျိလဲ့ယွီလား … 




အဲဒီ့ နှလုံးသားမဲ့တဲ့ ကျိလဲ့ယွီလေ … 




သူက အရမ်းချစ်ဖို့ကောင်းတာပဲ … 




ထိုကဲ့သို့ ချစ်စဖွယ်ကလေးလေးအား ကြောက်စရာကောင်းသည့် လူယုတ်မာအဖြစ် ဖန်တီးလိုက်သည်ကို လင်းလော့ချင်း စာရေးသူအား လုံးဝမကျေနပ်ချေ။ 




“မစားတော့ပါဘူး … ” သူက ကျိလဲ့ယွီအား ညှင်သာစွာပြောလိုက်သည်။ “ရှောင်ယွီပဲစားနော် … ရှုရှုက စားပြီးပြီ … နေ့လည်စာစားပြီးရင် ဓာတ်ပုံသွားရိုက်ရအောင် … ”




“ဓာတ်ပုံရိုက်မှာလား … ” ကျိလဲ့ယွီ ရှုပ်ထွေးသွား၏။




ကျိယွီရှောင်ကသူ့အား တွေဝေစွာကြည့်လိုက်သည်။




လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။




 “ဟုတ်တယ် … သားရဲ့ပါပါးနဲ့ ရှုရှုက လက်ထပ်မှတ်ပုံတင်အတွက် ဓာတ်ပုံရိုက်မှာ … သားနဲ့ဖေးဖေးပါလာရင် မိသားစုဓာတ်ပုံရိုက်လို့ရတာပေါ့ ....”




သူက ကျိယွီရှောင်အား လှည့်ကြည့်လိုက်သည်။ “အဲဒါဆို အဆင်ပြေလား … ”




ကျိယွီရှောင် “……”




ကျိယွီရှောင် ထိုအကြံအား မျှော်လင့်မထားခဲ့ချေ။ 




သို့သော် ကျိလဲ့ယွီက ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။ “ဟုတ် … ”




ထို့နောက် ကျိယွီရှောင်အား မျှော်လင့်တကြီးကြည့်လိုက်သည်။ 




ကျိယွီရှောင်က စိတ်လှုပ်ရှားနေသော ကျိလဲ့ယွီနှင့် ပျော်ရွှင်နေသည့် လင်းလော့ဖေးအား တစ်လှည့်စီကြည့်လိုက်၏။ 




‘ရပါတယ် … ’ သူက တွေးလိုက်သည်။ ‘ဒါက မိသားစုဓာတ်ပုံလေးပဲလေ … သူတို့ပျော်နေသရွေ့ အဆင်ပြေတယ် … ’




ကျိလဲ့ယွီ ပျော်သွားကာ ခေါင်းငုံ့လျှက် ပေါင်မုန့်များကို ဆက်စားနေ၏။ 




လင်းလော့ချင်းနှင့် ကျိယွီရှောင်က ဓာတ်ပုံရိုက်ခြင်းနှင့်ပတ်သတ်၍ အခြားကိစ္စများကို ဆက်လက်ဆွေးနွေးနေကြသည်။ 




သူတို့နေ့လည်စာစားပြီးချိန်တွင် ဓာတ်ပုံသွားရိုက်မည်ဖြစ်ကြောင်း လင်းဖေးသိသောအခါ တည်ငြိမ်စွာသာ တုံ့ပြန်၏။ “အိုး ...”




“ဓာတ်ပုံရလာရင် သုံးပုံထုတ်မယ် … တစ်ပုံကိုမင်းအခန်းထဲမှာ ချိတ်ရမယ် ...”




လင်းဖေးက တည်ငြိမ်နေဆဲပင်။ “အိုး … ”




ထိုကလေးမှာ အလွန်တည်ငြိမ်လွန်းသည်ဟု လင်းလော့ချင်း တွေးလိုက်သည်။ အကြီးဆုံးဗီလိန်ကြီး ကျိလဲ့ယွီက အလွန်စိတ်လှုပ်ရှားနေချိန်၌ လင်းဖေးက အိုး ဟူ၍သာပြော၏။ မည်သူမှ မဖမ်းနိုင်ခဲ့သည့် ဇာတ်ကောင်ပီသလှသည်။ 




နေ့လည်စာစားပြီးနောက် လင်းလော့ချင်းက အင်္ကျီလဲလိုက်ပြီး လင်းဖေး၊ ကျိလဲ့ယွီတို့နှင့်အတူ အိမ်ထဲမှ ထွက်လာ၏။ 




ကျိယွီရှောင်က ကလေးများအရှေ့တွင် ကားထဲဝင်ထိုင်ရန် ပြင်ပအကူအညီအား ယူရမည်ကို ရှက်ရွံ့နေ၏။ လင်းလော့ချင်း သူ့အား ပွေ့ချီမည့်အပေါ် ပို၍ပင် ရှက်နေသေးသည်။ ထို့ကြောင့် သူက သူတို့ထက်အရင် ကားပေါ်သို့ ရောက်နေ၏။ 




လင်းလော့ချင်းက ကားထဲသို့ ကလေးနှစ်ဦးကို အရင်ဝင်စေပြီး သူပါဝင်ထိုင်လိုက်သည်။ 




ကျိလဲ့ယွီက ကျိယွီရှောင်နံဘေးတွင် ထိုင်နေ၏။ သူက ကျိယွီရှောင်၏ ခြေထောက်များထံ အကြည့်ရောက်သွားပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။ ထို့နောက် လင်းလော့ချင်းအား ပြန်ကြည့်လိုက်ရင်း အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု တွေးလိုက်၏။ 




သူ၏ ရှုရှုက လက်ထပ်ရမည်ကို အလွန်ပျော်ရွှင်နေသည်။ ရှုရှုက မကြာခင် ယခင်ကဲ့သို့ ပျော်ရွှင်လာတော့မှာပင်။.




ကျိလဲ့ယွီက လင်းလော့ချင်းအား ချိုမြိန်စွာပြုံးလျှက် ကြည့်လိုက်သည်။ လင်းလော့ချင်းက သူ၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး လင်းဖေး၏ ခေါင်းလေးကိုပါ ပွတ်ပေးလိုက်၏။ 




ကျိယွီရှောင်က ဆက်သွယ်ထားသဖြင့် သူတို့စတူဒီယိုသို့ ရောက်ချိန်၌ အားလုံးအသင့်ဖြစ်နေလေပြီ။ စတူဒီယိုက မူလချိန်းဆိုထားသည့် ဖောက်သည်များကို အချိန်ရွှေ့ကာ သူတို့အတွက် တစ်နေ့ခင်းလုံး သီးသန့်ဖယ်ထားပေး၏။ 




လင်းလော့ချင်းက ဓာတ်ပုံရိုက်ပေးမည့်လူနှင့် စကားစမြည်ပြောလိုက်ချိန်တွင် သူတို့နှစ်ဦးကို မင်္ဂလာဆောင်ဓာတ်ပုံအရင်ရိုက်ရန် အကြံပေးခံလိုက်ရသည်။ 




“ခင်ဗျားတို့က ကလေးနှစ်ယောက်နဲ့ မိသားစုဓာတ်ပုံ ရိုက်ကြမှာမဟုတ်လား … ကလေးတွေက ဓာတ်ပုံရိုက်ရင် လူကြီးတွေလိုမျိုး ပူးပေါင်းမပေးတတ်ကြဘူး … ခင်ဗျားတို့ မင်္ဂလာဆောင်ဓာတ်ပုံ အရင်ရိုက်တာကောင်းမယ် … ”




လင်းလော့ချင်း ကျိယွီရှောင်အား ကြည့်လိုက်ချိန်တွင် ကျိယွီရှောင်က မကန့်ကွက်ချေ။ “ဒါဖြင့် မင်္ဂလာဆောင်ဓာတ်ပုံ အရင်ရိုက်ရအောင် … ”




ဝန်ထမ်းများက သူတို့အား အဝတ်လဲခန်းသို့ ခေါ်သွားပြီး မိတ်ကပ်ပြင်ပေးကြ၏။ 




လင်းဖေးနှင့် ကျိလဲ့ယွီက ထိုင်ခုံတွင်ထိုင်ရင်း ဝန်ထမ်းများပေးထားသည့် တက်ဘလက်များဖြင့် ကစားနေကြသည်။ 




ကျိလဲ့ယွီ ဆယ်မိနစ်ကြာ ဂိမ်းကစားပြီးနောက် ပျင်းလာ၏။ ထို့ကြောင့် လင်းဖေး၏ တက်ဘလက်ကို ကြည့်လိုက်သည်။ 




လင်းဖေးက တိရစ္ဆာန်ကမ္ဘာအား ကြည့်နေခြင်းဖြစ်ပြီး ကျားများ၏အပိုင်းကို ပြသနေခြင်းဖြစ်၏။ လင်းဖေးက နားကြပ်တပ်ကာ စိတ်ဝင်တစား ကြည့်နေလေသည်။ ကျိလဲ့ယွီရောက်လာသဖြင့် လင်းဖေး မျက်တောင်ခတ်လိုက်မိသည်။ သူက နားကြပ်ကိုဖြုတ်ကာ မေးလိုက်၏။ “ကြည့်မလား … ”




ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။ 




လင်းဖေးက သူ၏ နားကြပ်ကို ကမ်းပေးလိုက်၏။




ကျိလဲ့ယွီ လင်းဖေးကို မှီလိုက်ရင်း အတူတူကြည့်နေကြသည်။ 




ထိုအချိန်မှာပင် ရင်းနှီးနေသည့် အသံအား ကြားလိုက်ရ၏။ “ကိုကို …တကယ်ကိုကိုပဲ ....”




ကျိလဲ့ယွီ မော့ကြည့်လိုက်သည်။ ထိုသူမှာ ကျိဟွေ့ပင်။




ကျိယွီရှောင်က ဟမ့် ကနဲ့ အသံပြုလိုက်ပြီး သူမအား အာရုံမစိုက်ချေ။ 




သူ့နံဘေးရှိ ဝန်ထမ်းက အမြန်ပြောလိုက်၏။ “အစ်မကျိကလည်း ဒီမှာ ဓာတ်ပုံရိုက်ထားတာပါ … ကျွန်တော်တို့ ချိန်းဆိုမှုအားလုံးကို ဖျက်ပစ်ခဲ့ပေမယ့် အစ်မကျိက လူကြီးမင်းရဲ့ညီမဖြစ်နေတော့ ...”




ကျိယွီရှောင်က သူနားလည်ကြောင်း အသံပြုလိုက်၏။ 




ကျိဟွေ့က အရင်ကတည်းက သူနှင့်မရင်းနှီးချေ။ သူမ၏ ဝမ်းကွဲဖြစ်သူ ကျိယွီရှောင်က ခြေထောက်များ မသန်စွမ်းဖြစ်သွားသည့်တိုင် ယခင်ကဲ့သို့ မာနကြီးနေဆဲဖြစ်ကြောင်း တွေ့လိုက်ရချိန်၌ မကျေမနပ်ဖြစ်သွား၏။




သူမ အကြည့်က လင်းလော့ချင်း အပေါ်သို့ ကျရောက်သွားသည်။ ထိုလူမှာ အလွန်ကံကောင်းသည်ဟု တွေးလိုက်မိ၏။ အဆင့် ၁၈ သရုပ်ဆောင်က ကျိမိသားစုသို့ လက်ထပ်ခြင်းဖြင့် ဝင်ရောက်ခွင့်ရခဲ့သည်။ ထို့နောက် သူမက ဤသို့တွေးလိုက်မိ၏။ ကျိယွီရှောင်က ဘဝတစ်လျှောက်လုံး မာနကြီးကြီးဖြင့် ဖြတ်သန်းခဲ့သည်။ ယခုအခါ ခြေထောက်များ မသန်စွမ်းဖြစ်သွားပြီး နောက်ခံမရှိသော လူတစ်ဦးနှင့် လက်ထပ်လိုက်ရ၏။ ၎င်းကို ဒဏ်ခတ်ခြင်းဟု ပြောနိုင်သည်။




သူတို့ကျိမိသားစုဝင်အားလုံး လင်းလော့ချင်းထက် သာလွန်သည့် လူတစ်ဦးကို လက်ထပ်နိုင်ကြမှာပင်။ 




“ကျွန်မ သူတို့ပြောတာကြားခဲ့တယ် … အစ်ကိုကြီးတို့ လက်ထပ်မှတ်ပုံတင်အတွက် ဓာတ်ပုံလာရိုက်ကြတာဆို … ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်နော် …”




ဒီနှစ်မှာ လက်ထပ်မှတ်ပုံတင်လုပ်ပြီး နောက်နှစ်ကျ ကွာရှင်းကြပေါ့ ….




လင်းလော့ချင်းက သူမ၏ အတွေးများကို ခန့်မှန်းနိုင်၏။ သူက ပြုံးကာပြောလိုက်သည်။ “စိတ်ချပါ … ညီမလေး … မင်းအစ်ကိုကြီးနဲ့ ငါက ပျော်ပျော်ရွှင်ရွှင် နေသွားကြမှာပါ … ညီမလေး ဆုတောင်းကို ဘယ်ဖြုန်းတီးပစ်ပါ့မလဲ … ”




ကျိဟွေ့ ထိုအရာကိုကြားချိန်၌ ထိုလူသည် ယခင်ကိစ္စအား အမှတ်ရနေဆဲဖြစ်ကြောင်း သဘောပေါက်သွားသည်။ 




သူမ မှားယွင်းသည်ဟု မခံစားရချေ။ တစ်ဦးက ကျော်ကြားလိုသည့် အနုပညာရှင်ဖြစ်ပြီး နောက်တစ်ဦးက ဒဏ်ရာရနေသော ဖီးနစ်ငှက်ဖြစ်သည်။ ဒီနှစ်ယောက်က ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ … 




လင်းလော့ချင်းကဲ့သို့ လူစားမျိုးနှင့် သူမ၏ မသန်စွမ်းအစ်ကိုတို့တွင် ကောင်းမွန်သော အနာဂတ်ရှိလိမ့်မည်ဟု သူမ မယုံချေ။ 




“ဒါက အကောင်းဆုံးပဲ ...” ကျိဟွေ့ ပြောလိုက်သည်။ “မဟုတ်ရင် အစ်ကိုကြီးနဲ့ အစ်ကိုတို့ရဲ့ ဆက်ဆံရေးက အလကားဖြစ်သွားမှာပေါ့ … ”




“ဒါပေါ့ ...” လင်းလော့ချင်း ပြုံးလိုက်၏။ “ညီမလေး … မင်းက အစ်ကိုကြီးကို အရမ်းလေးစားတယ်မဟုတ်လား … မင်းသူ့အတွက် သေချာပေါက် လက်ဖွဲ့ပြင်ထားမှာပဲ … အစ်ကိုတော့ သိချင်နေမိပြီ … ”




ကျိဟွေ့အမူအရာက ပြောင်းလဲသွား၏။ သူမက ဘာလို့ ကျိယွီရှောင်နဲ့ လင်းလော့ချင်းအတွက် လက်ဖွဲ့ပြင်ပေးရမှာလဲ … သူတို့လက်ထပ်ပွဲကို သူမ အဖေကတောင် အသိအမှတ်မပြုသေးဘူးလေ … သူ အသိအမှတ်ပြုရင်တောင် လင်းလော့ချင်းက အင်တာနက်ဆယ်လီလောက်တောင် မကျော်ကြားပဲနဲ့ … သူက ဘာကောင်းလို့ သူမကို လက်ဖွဲ့ပြင်ထားစေချင်ရတာလဲ … 




ကျိဟွေ့ ပြန်ပြောတော့မည့် အချိန်၌ ကျိယွီရှောင်၏ အမေးနှင့် ကြုံလိုက်ရသည်။ “မပြင်ထားဘူးလား … ”




ကျိဟွေ့က ညှင်သာစွာဆို၏။ “အစ်ကိုကြီး … ဒီလက်ထပ်ပွဲကို ဘယ်သူမှ အသိအမှတ်မပြုကြသေးဘူးလေ …”




“ဒါဖြင့် လက်ထပ်မှတ်ပုံတင် မြန်မြန်ရဖို့ မျှော်လင့်ပါတယ်တို့ … ပျော်ရွှင်ဖို့ ဆုတောင်းပေးပါတယ်တို့က ဒီတိုင်း စနောက်ရုံပဲပေါ့ … ”




“မဟုတ်တာ … ” ကျိဟွေ့ အမြန်ပြောလိုက်ရသည်။ “ညီမလေး ပြန်ရောက်တာနဲ့ ပြင်လိုက်ပါ့မယ် … ”




လင်းလော့ချင်းက ကျိယွီရှောင်အား ကြည့်ကာ ညှင်သာစွာ ပြောလိုက်၏။ “မင်းရဲ့ညီမလေးက သတိမမူဖြစ်သွားလို့ပါ … သူမကို အဲဒီ့လို မပြောပါနဲ့ … ပြောရရင် သူမက အရမ်းစဉ်းစားတတ်တယ်လို့ ငါထင်တယ် … သန်း ၃၀ နဲ့ သန်း ၅၀ ကြားရှိတဲ့ လက်ဆောင်မဟုတ်သရွေ့ သူမ ထုတ်ပေးချင်မှာမဟုတ်ဘူး …”




ကျိဟွေ့ “…” ဘယ်လောက် ... သန်း ၃၀ နဲ့ ၅၀ ကြား … သူက ရူးနေတာလား …. 




ကျိယွီရှောင်၏ အမူအရာက ရုတ်တရက် နူးညံ့သွားသည်။ 




“မင်းပြောတာမှန်တယ် … ” သူက ညှင်သာစွာ ပြောလိုက်၏။ 




ထို့နောက် ကျိဟွေ့အား ကြည့်ကာ အေးစက်စက် မျက်နှာဖြင့် ပြောလိုက်သည်။ 




“ငါ မနက်ဖြန် လက်ထပ်မှတ်ပုံတင်ရမှာ … လက်ဖွဲ့ကို မနက်ဖြန်ညမတိုင်ခင် ပို့လိုက်ပါ … မင်းရဲ့ ယောင်းမကို စိတ်မပျက်စေနဲ့ … ”




ကျိဟွေ့ “……”




ကျိဟွေ့က ဓာတ်ပုံရွေးရန်လာရင်း သန်း ၃၀ ကျော် ဆုံးရှုံးရမည်ဟု မထင်ထားခဲ့ချေ။ သူမ အမူအရာက ရှုံ့တွသွား၏။ “အစ်ကိုကြီး … ကျွန်မမှာ တကယ်အဲဒီ့လောက် ပိုက်ဆံမရှိဘူး ...”




ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်၏။ “မရှိဘူးလား … ”




သူက ကျိဟွေ့အား ကြည့်လိုက်သည်။




 “ကြည့်ရတာ ကျိမုက ကောင်းကောင်း မလုပ်နိုင်ဘူးပဲ … သူက ပရောဂျက်တွေအကြောင်းကို လျှောက်ပြောနေတာ … သူ့ညီမမှာ ပိုက်ဆံတောင်မရှိတော့ဘူး … ဒီလိုပုံစံနဲ့ ဆက်ပြီးအလုပ်လုပ်နိုင်ပါ့မလား … သူလည်း ငါနဲ့အတူ နှုတ်ထွက်သင့်တယ် … သူနှုတ်ထွက်စာရေးဖို့ မလိုပါဘူး … ငါပဲ သူ့အစား ရေးပေးလိုက်မယ် … နောက်ဆုံးကျ သူ့မှာ နှုတ်ထွက်စာ ရေးနိုင်စွမ်းတောင် မရှိဘူးလေ … ဟုတ်တယ်မလား "