Chapter 32
October 09, 2023
ကျိဟွေ့ ထိတ်လန့်သွား၏။ ကျိယွီလင်က သေဆုံးသွားပြီး ကျိယွီရှောင်သည်လည်း လုပ်ငန်းကို စိတ်မဝင်စားရာ အနာဂတ်တွင် သူမ၏ အစ်ကိုဖြစ်သူက ကုမ္မဏီအား ဆက်ခံရန် အခွင့်အလမ်းများ၏။ ဒီလိုကိစ္စမျိုးက ဒီအချိန်မှ ဖြစ်ရတယ်လို့ …
ကျိဟွေ့က သူမအစ်ကိုပေါ်သို့ ရေဆိုးများ လောင်းချမိလျှင် သန်း ၃၀ ထက် ပို၍ဆုံးရှုံးရမည်ကို ကြောက်သွားမိသည်။
“ညီမလေးမှာ ရှိတယ် ...” ကျိဟွေ့ အံသာကြိတ်လိုက်နိုင်၏။ “မနက်ဖြန်ညကျရင် ယောင်းမအတွက် လက်ဆောင် ပို့လိုက်ပါ့မယ် … ”
ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်သည်။ “မင်းကြည့်ရတာ ပေးချင်ပုံမရဘူး … ”
ကျိဟွေ့ “……”
ကျိဟွေ့ ငိုချင်လာမိသည်။
လင်းလော့ချင်းက သူမအား ငိုအောင်မလုပ်ချင်ပေ။ ကျိယွီရှောင်အပေါ် ကျိဟွေ့၏ အမြင်ကြောင့် သူ သူမအား မနှစ်မြို့ခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူမထံမှ အနည်းငယ် ပို၍ ညှစ်ထုတ်ရန် တွေးလိုက်သည်။
ထို့ကြောင့် သူက ငိုတော့မလိုဖြစ်နေသည့် ကျိဟွေ့အား နှစ်သိမ့်လိုက်၏။. “မင်း ဘာတွေလျှောက်တွေးနေတာလဲ … ညီမလေးက မပေးချင်ပဲနေပါ့မလား … ကြည့်ရတာ ငါပြောတဲ့ သန်း ၃၀ ဆိုတဲ့ ဂဏန်းကြောင့်ထင်တယ် … သူမက ကံကောင်းစေတဲ့ ဂဏန်း ၆၆ မီလီယံပေးချင်တာ … ဒီလိုဆို ငါတို့ ကောင်းကောင်းမွန်မွန် နေနိုင်တော့မှာ ...”
ကျိဟွေ့ “……”
ကျိဟွေ့ စိတ်ထဲတွင် ကျယ်လောင်စွာ ငိုလိုက်မိ၏။
ကျိယွီရှောင်က ကျိဟွေ့အား လှည့်ကြည့်လိုက်သည်။ “တကယ်လား … ”
ကျိဟွေ့ မငြင်းရဲချေ။ သူမ စိတ်တွင်းတွင် အော်ဟစ်နေမိသော်လည်း ထင်သလောက် မရိုးရှင်းသည့် ကိစ္စဖြစ်ကြောင်း သူမသေချာသိထား၏။ ကျိဟွေ့က နာခံစွာ ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် .. ”
“ကြည့်ရတာ မင်းရဲ့ယောင်းမက အရမ်းတွေးတတ်တာပဲ … မင်းသူ့ကို ဘာပြောသင့်လဲ … ”
ကျိဟွေ့ “……”
“ကျေးဇူးပါ ယောင်းမ …”
လင်းလော့ချင်း ရယ်လိုက်သည်။ “ငါတို့က မိသားစုတွေပဲလေ … ယဉ်ကျေးမနေပါနဲ့ … ”
ဒါဖြင့် ရှင်က တကယ့်ကို မယဉ်ကျေးတတ်တာပဲ … ရှင့် ပါးစပ်ကိုဖွင့်ပြီး ၆၆ သန်းကို ပြောထွက်ခဲ့တယ်လေ …
ကျိဟွေ့ စိတ်တိုပြီး ဒေါသတကြီးဖြစ်သွားသည်။ သို့သော် သူမက ဘာမှမပြောဝံ့ချေ။ “ဒါဆို ညီမလေး ဓာတ်ပုံသွားရွေးလိုက်ပါဦးမယ် … ”
“သွားလေ ….” ကျိယွီရှောင်က ထူးမခြားနားပင်။
ကျိဟွေ့က အဝတ်လဲခန်းအတွင်းမှ ထွက်လာ၏။ သူမ နှလုံးသားထဲတွင် မကျေမနပ်ဖြစ်နေဆဲပင်။
ကျိလဲ့ယွီက သူတို့ပြောသည့် စကားများကို တိတ်တဆိတ် နားထောင်နေသည်။ ကျိဟွေ့ထွက်လာသည်ကို မြင်လိုက်ချိန်၌ သူက လင်းဖေးအား သန့်စင်ခန်းဟု အကြောင်းပြကာ ထလာလိုက်သည်။
“အန်တီ … ” သူက ကျိဟွေ့အား ယဉ်ကျေးစွာ ခေါ်လိုက်၏။
ကျိဟွေ့ ထိုအခါမှသာ သတိပြန်ဝင်လာသည်။
သူမက ကျိယွီရှောင်အပေါ် ဒေါသပုံမချရဲချေ။ သို့သော် ကျိလဲ့ယွီအား တွေ့ချိန်၌ အခြားတစ်ခုကို တွေးမိသွား၏။ သူမက နူးညံ့ဟန်ဆောင်လိုက်ရင်း သူ့ထံလျှောက်သွားလိုက်သည်။
“ရှောင်ယွီ … သားက ဒီမှာပဲ … ”
“ဟုတ် … ” ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်၏။ “သား ကိုကိုနဲ့အတူ ဓာတ်ပုံရိုက်ဖို့ ဒီကိုလာတာ ...”
“ဘာပုံလဲ … ”
“မိသားစု ဓာတ်ပုံပါ … ” ကျိလဲ့ယွီ ပြုံးလိုက်သည်။
ကျိဟွေ့က သူမ၏ တူဖြစ်သူအား ငုံ့ကြည့်လိုက်ရင်း ကိုယ်ကို ကိုင်းလိုက်သည်။ “ဒါပေါ့ … သားရဲ့ပါပါးက လက်ထပ်တော့မှာကိုး … ”
“သားကတော့ သနားစရာပဲ … ” သူမက ကျိလဲ့ယွီ၏ ဦးခေါင်းကို ထိလိုက်၏။ “ငါ့ရဲ့သနားစရာ တူလေး … လင်းလော့ချင်းနဲ့ ပါပါးက သားကိုအနိုင်ကျင့်ရင် အန်တီ့ဆီလာရမယ်နော် … အန်တီက သားကို ကူညီပေးမယ်…”
ကျိလဲ့ယွီက ဇဝေဇဝါဖြင့် သူမကိုကြည့်လိုက်၏။ “ပါပါးနဲ့ ရှုရှုလင်းက သားကို အနိုင်မကျင့်ပါဘူး … ”
ကျိဟွေ့ရယ်လိုက်သည်။ “သားသိလား … ပထွေးရှိရင် မိထွေးလည်း ရှိလာမှာပဲတဲ့ … သားအဖေတွေက သားရဲ့ သွေးရင်းအဖေတွေမှ မဟုတ်ကြတာ … သူတို့သားကို အမှန်တကယ် သဘောကျလား သားက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ … အနာဂတ်မှာ သားကိုဂရုမစိုက်ပဲ သားရဲ့အစ်ကိုကိုပဲ ဂရုစိုက်တော့တာလည်း ဖြစ်နိုင်တယ် … ပြီးတော့ သူက သားနဲ့ရွယ်တူပဲဆို …”
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။
ကျိဟွေ့က ပြောသားပဲ ဟူသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ “ဒါဖြင့် သားကတော့ ကံဆိုးတာပဲ … သားရဲ့ပါပါးက ကလေးရှိတဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်တာလေ … အဲဒီ့လူက သေချာပေါက် သူ့ကလေးကိုပဲ ပိုပြီးသဘောကျမှာပေါ့ … သူသာ သားရဲ့ပါပါးကို တစ်ခုခုကပ်ပြောလိုက်ရင် သားရဲ့ပါပါးကလည်း အဲဒီ့ကလေးကိုပဲ သဘောကျသွားမှာပဲ … ဘာလို့ဆို သားက သူ့သားအရင်းမှမဟေုတ်တာ … ”
ကျိလဲ့ယွီက စိုးရိမ်စွာမေးလိုက်၏။ “ဒါဆို သားဘာလုပ်သင့်လဲ … ”
“သားက ဘာလုပ်နိုင်မှာတဲ့လဲ … ” ကျိဟွေ့ သက်ပြင်းချလိုက်သည်။ “ဒါက သားတို့မိသားစုရဲ့ ကိစ္စဆိုတော့ အန်တီလည်း ဘာမှမကူညီနိုင်ပါဘူး … အနာဂတ်မှာ သားကို သူတို့ရိုက်ကြရင် အန်တီ့အိမ်ကို အချိန်မရွေးလာခဲ့နော် … ”
“အန်တီက အရမ်း ကြင်နာတတ်တာပဲ … ” ကျိလဲ့ယွီက ချိုမြိန်စွာ ပြောလိုက်သည်။
ကျိဟွေ့ ပြုံးလိုက်၏။ “ရှောင်ယွီ သူနဲ့ဝေးဝေးနေနော် … သူက တစ်ချိန်ကျရင် သားကို သေချာပေါက်ရိုက်လိမ့်မယ် … ”
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။
ကျိဟွေ့ ကျေနပ်သွားပြီး သူ၏နှာခေါင်းလေးကို လိမ်ဆွဲလိုက်သည်။ “သားဒါကို အန်တီပြောတယ်လို့ သူများတွေကို လျှောက်မပြောရဘူးနော် … နားလည်လား ...”
“ဟုတ်ကဲ့ … ” ကျိလဲ့ယွီ နာခံစွာ ပြောလိုက်သည်။
“သားက အရမ်းတော်တာပဲ ...”
ကျိဟွေ့ စကားပြောပြီးနောက် ထရပ်ကာ သူမရွေးချယ်ထားသော အခန်းဆီသို့ လျှောက်သွား၏။
ကျိလဲ့ယွီက သူမပျောက်ကွယ်သွားသည့်နောက် နာခံလွယ်သည့် မျက်နှာထားကို ဖယ်ရှားလိုက်သည်။
သူက ကျိဟွေ့၏ နောက်ကျောကိုကြည့်ကာ အထင်သေးဟန်ဖြင့် ပြုံးလိုက်၏။
သူက ဒီလိုအလိမ်အညာတွေကို တခြားလူတွေကို လျှောက်ပြောစရာလား …
ကျိယွီရှောင်က သူ့ကိုသာ သဘောအကျဆုံးဖြစ်၏။ ကျိလဲ့ယွီက ထိုအချက်ကို ယုံကြည်ထားသည်။ ထို့ကြောင့် အခြားလူများက သူ၏ဦးလေးအား မကောင်းပြောသည်ကို ခွင့်မလွှတ်နိုင်ချေ။
ကျိယွီရှောင် မကောင်းကြောင်း ပြောသည်အား သူအမုန်းဆုံးဖြစ်သည်။
ကျိလဲ့ယွီ၏ မျက်ဝန်းများက ခဏတာ မှောင်မိုက်သွားပြီး ပုံမှန်ပြန်ဖြစ်သွား၏။
သူက ဘေးဘီဝေ့ဝဲကြည့်လိုက်ချိန်တွင် ဆယ်လိုတိပ်တစ်ခွေအား တွေ့လိုက်ရသည်။
ကျိလဲ့ယွီ ပြုံးကာ ခဏတွေးလိုက်၏။ ထို့နောက် တိပ်ကိုယူကာ လှည့်ထွက်လာခဲ့သည်။
ဓာတ်ပုံများရွေးပြီးနောက် ကျိဟွေ့ အောက်ထပ်သို့ ပြန်ဆင်းလာချိန်၌ အရှေ့စားပွဲပေါ်မှ ချိုချဉ်များကို ထုတ်နေသည့် ကျိလဲ့ယွီအား တွေ့လိုက်ရသည်။ “ရှောင်ယွီ … ” ကျိလဲ့ယွီက သူမကိုလှည့်ကြည့်ကာ ချိုချဉ်များကို ကမ်းပေးလိုက်၏။
“အန်တီ … ချိုချဉ် စားဦးမလား … ”
“မစားတော့ဘူး … ” ကျိဟွေ့ ပြုံးလိုက်သည်။ “အန်တီ သွားတော့မယ် ...”
“ဒါဆို သားလိုက်ပို့မယ် … ” ကျိလဲ့ယွီ ယဉ်ကျေးစွာ ပြောလိုက်၏။
ကျိဟွေ့က နှာမှုတ်လိုက်ပြီး သူနှင့်အတူ အပြင်သို့ထွက်လာသည်။
သူမက လင်းလော့ချင်းအား ပုတ်ခတ်ပြောဆိုရန်လည်း မမေ့ချေ။ “ရှောင်ယွီက အရမ်းသိတတ်တာပဲ … ဘယ်သူက မင်းကို သဘောမကျပဲနေမှာတဲ့လဲ … လင်းလော့ချင်းက လွဲလို့ပေါ့ …”
သူမ သက်ပြင်းချလိုက်သည်။“သားရဲ့ပထွေးက အန်တီ့ကိုတောင် အနိုင်ကျင့်လိုက်တယ် … ”
ကျိလဲ့ယွီ ထိတ်လန့်သွား၏။ “တကယ်လား … ”
ကျိဟွေ့က သူ၏ ဦးခေါင်းအား သနားသည့်ပုံဖြင့် ပုတ်ပေးလိုက်၏။ “သူအနိုင်ကျင့်တာ မခံရပဲနဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ အန်တီဆုတောင်းပါတယ်ကွယ် ...”
ကျိလဲ့ယွီ ခေါင်းငုံ့လိုက်ပြီး ဘာမှ မပြောတော့ချေ။
ကျိဟွေ့က ကျိလဲ့ယွီ ထိတ်လန့်စိုးရိမ်နေခြင်း ဖြစ်ရမည်ဟု တွေးလိုက်ကာ သူမ နှုတ်ခမ်းထောင့်များသည်လည်း ပျော်ရွှင်စွာ ကွေးတက်သွား၏။
ကြောက်တာကောင်းတယ် … သူဒီလိုကြောက်နေရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး အမြဲတမ်း မကျေမနပ်ဖြစ်နေလိမ့်မယ် … ကျိလဲ့ယွီက လင်းလော့ချင်းနဲ့ ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်တော့ဘူး …
ကျိလဲ့ယွီနဲ့ လင်းလော့ချင်း ရန်ဖြစ်ရင် ကျိယွီရှောင် ဘယ်လိုနေမလဲ မြင်ချင်မိသား ….
တစ်ယောက်က သူ၏ တူဖြစ်ပြီး ကျန်တစ်ယောက်မှာ သူပြောပုံအရ သူ၏ အချစ်စစ်လေးဖြစ်သည်။ ထိုလူနှစ်ဦး၏ ရန်ပွဲက ကျိယွီရှောင်အား ခေါင်းကိုက်စေမှာပင်။
ကျိယွီရှောင်သာ ကျိလဲ့ယွီအား ကာကွယ်ပေးပါက လင်းလော့ချင်း၏ မျက်နှာအမူအရာမှာ အလွန်ဆိုးဝါးနေမှာဖြစ်၏။
အကယ်၍ လင်းလော့ချင်းအား ကာကွယ်ပေးပါက ပို၍ပင် ကောင်းမွန်၏။ သူတို့က ကျိလဲ့ယွီအား သူတို့ဘက်ပါအောင် စည်းရုံးနိုင်မည်ဖြစ်ပြီး ကျိလဲ့ယွီ အမည်အောက်ရှိ ပိုင်ဆိုင်မှုများကို လွှဲပြောင်းရနိုင်ချေရှိ၏။
ကျိဟွေ့က ကျိလဲ့ယွီနှင့် လင်းလော့ချင်း၏ ရန်ပွဲကို အလွန်ကြည့်ချင်လာမိသည်။
ထိုစဉ် ကျိလဲ့ယွီ၏ တီးတိုးဆိုသံအား ကြားလိုက်ရ၏။ “နံလိုက်တာ ...”
သူက ထိုသို့ပြောရင်း နှာခေါင်းကို လက်ဖြင့်အုပ်လိုက်သည်။
ကျိဟွေ့ ဇဝေဇဝါဖြစ်သွား၏။ “ဘာက နံတာလဲ … ”
ကျိလဲ့ယွီ သူ့အရှေ့မှ ဓာတ်လှေကားကို ညွှန်ပြလိုက်သည်။ “ကလေးတစ်ယောက် အဲဒီ့အထဲမှာ ရှူးပေါက်ချသွားတယ် … ”
သူက ရွံရှာမှုဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ “ခုထိ မရှင်းရသေးဘူးထင်တယ် … ညစ်ပတ်လိုက်တာ … ”
ကျိဟွေ့သည်လည်း မျက်မှောင်ကြုတ်လိုက်၏။
“ရှင်းပြီးလောက်ပြီ မဟုတ်ဘူးလား … ” သူမက ပြောလိုက်သည်။
ကျိလဲ့ယွီ ခေါင်းယမ်းကာ ရွံရှာစွာ မျက်မှောင်ကြုတ်လိုက်၏။
ကျိဟွေ့ စိတ်ထဲပို၍ပင် တွန့်ဆုတ်လာသည်။
ဓာတ်လှေကား ပွင့်သွားချိန်၌ ကြီးမားသော ရေကွက်ကြီးတစ်ခု ရှိနေ၏။ ကျိလဲ့ယွီ ရွံရှာစွာဖြင့် နောက်ဆုတ်လိုက်သည်။
ကျိဟွေ့က သူမ၏ တန်ဖိုးကြီးဖိနပ်များကြောင့် ဓာတ်လှေကားတွင်းသို့ ခြေမချနိုင်ချေ။ ထို့ကြောင့် ဓာတ်လှေကားပိတ်သွားသည်ကိုသာ ကြည့်နေလိုက်သည်။
ဤနေရာရှိဓာတ်လှေကားများက ပထမထပ်နှင့် ဒုတိယထပ်အား သီးသန့်ခွဲထားခြင်းဖြစ်၏။ ကျိဟွေ့က အောက်ထပ်မှ ဓာတ်လှေကားကိုသာ စီးရန်ပြင်လိုက်သည်။
သူမက လှေကားထံလျှောက်သွားချိန်တွင် ကျိလဲ့ယွီ လက်ဝေ့ယမ်းပြလိုက်၏။. “ဂွတ်ဒ်ဘိုင် အန်တီ ...”
“ဂွတ်ဒ်ဘိုင် … ” ကျိဟွေ့ ပြုံးလိုက်၏။
ကျိလဲ့ယွီက သူမထွက်သွားသည်အထိ စောင့်ဆိုင်းနေသည်။
ကျိဟွေ့က လှေကားမှဆင်းနေရင်း သူ့အား လှည့်ကြည့်လိုက်၏။. “သားမြန်မြန်ပြန်တော့နော် … အား … ”
ကျိဟွေ့ သူမခြေထောက်များ မငြိမ်တော့သည်ကို ခံစားမိလိုက်၏။ သူမက လှေကားပေါ်မှ ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။
ကျိလဲ့ယွီက ချိုမြိန်စွာ ပြုံးလိုက်၏။
သူက နာကျင်စွာ ညည်းညူနေသည့် ကျိဟွေ့ကို ပျော်ပျော်ကြီး ကြည့်နေသည်။ သူ့အပြုံးက တစ်စတစ်စ ပိုမိုတောက်ပလာ၏။
သူ့ရဲ့ ရှုရှုကို မကောင်းဘူးလို့ ပြောဝံ့တယ်ပေါ့လေ …
သူ့ ရှုရှုက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ … ဘယ်သူကမှ သူ့ကို မကောင်းပြောခွင့် မရှိဘူး …
သူက အပြုံးကိုရုတ်သိမ်းကာ လှေကားမှစိုးရိမ်တကြီး ပြေးဆင်းလာရင်း တီးတိုးမေးလိုက်သည်။ “အန်တီ … အဆင်ပြေရဲ့လား … ”
ကျိဟွေ့က သူမ ပြင်းထန်စွာ ချော်လဲသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူမ၏ ခြေလှမ်းများက ပုံမှန်မဟုတ်စွာ ချောသွားခဲ့ခြင်းဖြစ်၏။ သူမ လှေကားထစ်ကို သေချာကြည့်လိုက်ချိန်တွင် ဆယ်လူတိပ် အကြည်ကပ်ထားသည်အား တွေ့လိုက်ရ၏။
ကျိဟွေ့ အလွန်ဒေါသထွက်သွားသည်။ “ဘယ်ကလေးက လှေကားထစ်ပေါ်မှာ တိပ်တွေလိုက်ကပ်ထားတာလဲ … ”
ကျိလဲ့ယွီက သူ မဟုတ်သကဲ့သို့ နားထောင်နေပြီး စိုးရိမ်စွာ မေးလိုက်သည်။ “အန်တီ … ချော်လဲတာ နာသွားလားဟင် … ”
ကျိဟွေ့ နာသွားရုံသာမက ခြေကျင်းဝတ်လည်း လည်သွားခဲ့သည်။
သူမက ခက်ခက်ခဲခဲ ထရပ်လိုက်ရ၏။ သူမ တစ်ခုခုလုပ်ချင်လျှင်ပင် ဘာမှမလုပ်နိုင်ချေ။
လှေကားထောင့်တွင် စောင့်ကြည့်ကင်မရာ မရှိသဖြင့် သူမ စစ်ဆေးကြည့်၍လည်း မရ။
ထို့အပြင် ကျိယွီရှောင်က စတူဒီယိုအတွင်း၌ ရှိနေသည်ဖြစ်ရာ သူမ ပြဿနာရှာချင်လျှင်ပင် ရှာ၍မရချေ။ အဆုံးသတ်၌ မျက်နှာ ဖြတ်ရိုက်ခံရသူမှာ သူမသာ ဖြစ်နေလိမ့်မည်။
ဒေါသဖောက်ခွဲ၍ပင် မရချေ။
ကျိဟွေ့က ဒေါသကြောင့် မျက်ရည်ကျလာသည်။ သို့သော် ကျိလဲ့ယွီရှေ့၌ အရှက်မကွဲချင်သဖြင့် မျက်ရည်များကို ပွတ်သုတ်ပစ်လိုက်၏။ “အဆင်ပြေပါတယ် … ”
သူမ ငိုနေသည်ကို ကြည့်ရင်း သူမ အမှန်တကယ်နာသွားကြောင်း ကျိလဲ့ယွီ သိလိုက်သည်။
သူက ကျေနပ်သွား၏။
“ဒါဆို အန်တီသွားတော့မယ် ….” ကျိဟွေ့က လှေကားလက်ရန်းကို အားပြု၍ ထလိုက်သည်။
ကျိလဲ့ယွီက သူမအား အပြုံးဖြင့် နှုတ်ဆက်လိုက်၏။ “ဂွတ်ဒ်ဘိုင် … အန်တီ …”
ကျိဟွေ့ သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ စောင့်ပြီးနောက် ကျိလဲ့ယွီက တိပ်ကိုဆွဲခွာလိုက်သည်။
အခြားလူများ ချော်လဲနေလျှင် အဆင်မပြေချေ။
ကျိလဲ့ယွီက တိပ်ကို တစ်လွှာပြီးတစ်လွှာ ဂရုတစိုက် ဆွဲခွာလိုက်၏။ ထို့နောက် လှေကားအနီးရှိ အမှိုက်ပုံးတွင်းသို့ ထည့်လိုက်သည်။
ထို့နောက် စတူဒီယိုတွင်းသို့ ပြန်ဝင်လာပြီး လက်များကို ဆေးကြောကာ လင်းဖေးထံ ပြန်လာ၏။
လင်းဖေးက ကြည့်လက်စ တိရစ္ဆာန်ကားကို ရပ်ကာ စောင့်နေခြင်းဖြစ်သည်။ ကျိလဲ့ယွီ ရောက်လာသည်ကို တွေ့ချိန်၌ သူက လက်တွင်းရှိ နားကြပ်ကို ကမ်းပေးလိုက်သည်။
“ပါပါးနဲ့ ရှုရှုလင်းရော … ” ကျိလဲ့ယွီက လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို မတွေ့သဖြင့် လင်းဖေးကို ကြည့်လိုက်၏။
“သူတို့ ဓာတ်ပုံသွားရိုက်ကြတယ် … ” လင်းဖေးက ပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်၏။ သူက အိတ်ထဲမှ ချိုချဉ်ကိုထုတ်ကာ လင်းဖေးထံ ကမ်းပေးလိုက်သည်။
“ဒါ သား ရှေ့စားပွဲက ရလာတာ … ”
လင်းဖေးက ချိုချဉ်ကိုယူကာ ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။ “ကျေးဇူး ...”“ရပါတယ် … ” ကျိလဲ့ယွီ ပြုံးလိုက်၏။ သူက ချိုချဉ်ကိုစားနေရင်း ချိုမြိန်စွာ ပြုံးလျှက်ရှိသည်။ မည်သူကမှ သူလုပ်ခဲ့သည့်အရာကို မတွေ့သွားကြချေ။ ကျိလဲ့ယွီ ခေါင်းငုံ့ကာ ‘တိရစ္ဆာန်ကမ္ဘာ’ အား လင်းဖေးနှင့်အတူ ဆက်ကြည့်နေလိုက်၏။
.....
အဖြူရောင် ရှပ်အင်္ကျီအား ဝတ်ဆင်ထားသည့် လင်းလော့ချင်းက အနီရောင် ကန့်လန့်ကာရှေ့တွင် ထိုင်နေသည်။ သူက အရှေ့ဘက်မှ ကင်မရာသို့ ပြုံးကြည့်နေ၏။
သူ၏ မျက်ဝန်းများတွင် ငြိမ်သက်အေးချမ်းမှုက ကိမ်းအောင်းလျှက် ရှိသည်။
ကင်မရာမန်းက ကျိယွီရှောင်အား သတိပေးလိုက်၏။ “သခင်လေးကျိ … နည်းနည်းပြုံးပါဦး … ”
ကျိယွီရှောင်က ထိုကဲ့သို့ ဓာတ်ပုံရိုက်ကူးရခြင်းကို မနှစ်သက်ချေ။ သူ၏ မျက်ခုံးများက တွန့်ချိုးနေပြီး သဘာဝကျအောင် မနည်းကြိုးစားနေရ၏။
လင်းလာ့ချင်းက ကျိယွီရှောင်အား လှည့်ကြည့်လိုက်၏။ ကျိယွီရှောင်က သူ့ကိုမေးလိုက်သည်။ “ဘာဖြစ်လို့လဲ …”
“မင်းက အရမ်းခန့်တာပဲ ...” လင်းလော့ချင်းက ပြုံးလျှက်ပြန်ဖြေ၏။
ကျိယွီရှောင် မပြုံးပဲ မနေနိုင်ခဲ့။
ကင်မရာမန်းက ချက်ချင်းပြောလိုက်သည်။ “အဆင်ပြေတယ် … မစ္စတာကျိ … အဲဒီ့အတိုင်းနေနော် ...”
ကျိယွီရှောင် “……”
ကျိယွီရှောင်၏ နှုတ်ခမ်းထောင့်များ တောင့်တင်းလာ၏။
လက်ထပ်မှတ်ပုံတင်အတွက် ဓာတ်ပုံရိုက်ကူးပြီးနောက် ကင်မရာမန်းက သူတို့ထံ လျှောက်လာကာ ရိုက်ကူးထားသည့် ပုံများကို ကင်မရာမှတဆင့် ကြည့်စေ၏။ သူက ကျိယွီရှောင်ကို မေးလိုက်သည်။ “အဆင်ပြေတယ် ထင်လား … ကျွန်တော် ထပ်ရိုက်ပေးရဦးမလား … ”
ကျိယွီရှောင်က ပုံအားလုံး အဆင်ပြေကြောင်း ပြောလိုက်၏။
သို့သော် သူတစ်ဦးထဲ သဘောထားနှင့် မပြီးစေပဲ လင်းလော့ချင်းအား မေးလိုက်သည်။ “အဆင်ပြေလား … မင်းထပ်ပြီး ရိုက်ချင်သေးလား … ”
လင်းလော့ချင်းက ဓာတ်ပုံကို သေချာကြည့်လိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် ဓာတ်ပုံက အလွန်ကောင်းမွန်သည်ဟု ပြောနိုင်၏။ သို့သော် ဂရုတစိုက်ကြည့်ပါက ကျိယွီရှောင်၏ နှုတ်ခမ်းများသည် အနည်းငယ် တောင့်တင်းနေကြောင်း တွေ့ရပေလိမ့်မည်။
သူက ခဏတွေးလိုက်ပြီး ကင်မရာမန်းကို ပြောလိုက်၏။ “နောက်တစ်ပုံ ထပ်ရိုက်ပေးပါ … ’
“ဒါဆို နည်းနည်းလောက် ထပ်ရိုက်ကြမယ် ….” ကျိယွီရှောင်က ပြော၏။
ကင်မရာမန်းက မူလနေရာသို့ ပြန်သွားလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်အား ကြည့်လိုက်သည်။. “ဒီတစ်ခါ မင်းပြုံးစရာမလိုဘူး … လက်ထပ်မှတ်ပုံတင်အတွက် မဟုတ်ပဲ ငါအိမ်မှာသိမ်းထားဖို့ ရိုက်မှာ …”
ထို့ကြောင့် ကင်မရာမန်းက ကျိယွီရှောင်အား ပြုံးရန် မပြောတော့ချေ။
ကျိယွီရှောင်သည်လည်း တောင့်တင်းနေခြင်း မရှိတော့။
သူတို့နှစ်ဦးက ကင်မရာကို ကြည့်လိုက်ကြသည်။ ကျိယွီရှောင်က ခေါင်းကိုတည့်မတ်လိုက်၏။ သူ့ပုံစံမှာ ကျက်သရေရှိပြီး တည်ငြိမ်နေသည်။ လင်းလော့ချင်းကမူ ပြုံးလျှက်ရှိနေဆဲပင်။
ကင်မရာမန်းက ပုံတစ်ချို့ရိုက်ကူးပြီး သူတို့ထံ ထပ်၍ပြသလိုက်၏။ လင်းလော့ချင်းက ကင်မရာကိုယူကာ ပုံများကို စစ်ဆေးလိုက်သည်။ ကျိယွီရှောင်၏ မျက်ဝန်းများက တောက်ပနေပြီး ဝင့်ထည်လျှက်ရှိ၏။ သူက အရယ်အပြုံးမရှိသဖြင့် မာနကြီးပုံပေါ်နေသော်လည်း သူ၏ မျက်လုံးများမှာ အလွန်နူးညံ့နေပြီး ပြုံးနေသကဲ့သို့ပင်။
“ဒီတစ်ပုံ ..” သူက ပြောသည်။ “ပြင်နေဖို့မလိုဘူး … ကျွန်တော်တို့ ဒီပုံကိုထုတ်မယ် … ”
ကျိယွီရှောင် “…”
“မင်းပြောတော့ ဒါကိုသိမ်းထားမလို့ဆို … ”
“ငါခု အဲဒါကို နောင်တရသွားပြီ … ” လင်းလော့ချင်းက ရှင်းပြလိုက်သည်။ “ငါဒီတစ်ခုကို ကြိုက်တယ် … မင်းဒီပုံထဲမှာ ပိုကြည့်ကောင်းနေတယ် … ”
“ဒါပေမယ့် ငါက ပြုံးမနေဘူးလေ …” ကျိယွီရှောင် ထောက်ပြလိုက်၏။
“ကြည့်လို့ကောင်းပါတယ် … ” လင်းလော့ချင်းက သူ၏ တောင့်တင်းနေသော အပြုံးတုကို မလိုချင်ပေ။ “မင်းက အမြဲဒီလိုပဲလေ … လက်ထပ်မှတ်ပုံတင် ဓာတ်ပုံရိုက်တိုင်း ပြုံးနေရတယ်လို့မှ မရှိတာ …မင်းဒီတိုင်း သဘာဝကျကျနေတာ ပိုကောင်းတယ် ...”
ထိုစကားများက ကျိယွီရှောင်၏ နှလုံးသားထဲတွင် လေညှင်းလေး တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူက ပြုံးလိုက်သည်။
“မင်းကြိုက်ရင်ပြီးရောလေ … ”
ဘေးမှ ကင်မရာမန်းက ထိုအပြုံးကို တွေ့ချိန်၌ ကြိတ်တွေးလိုက်မိ၏။ ‘ခုကျ သဘာဝကျကျ ပြုံးနေပြီးတော့ ခုနကတော့ ဘာလို့အပြုံးတုကြီးဖြစ်သွားရတာလဲ … ’
သို့သော် အပ်နှံသူစိတ်တိုင်းကျရန်က အရေးကြီးသည့် အလျောက် သူက ပြုံးကာပြောလိုက်၏။ “ဒါဆို ကျွန်တော် ဒီပုံကို ထုတ်ခိုင်းလိုက်ပါ့မယ် … ခင်ဗျားတို့ မိသားစုဓာတ်ပုံအတွက် အဝတ်လဲချင်လဲထားကြပါ … ”
လင်းလော့ချင်း မတ်တပ်ရပ်လိုက်သည်။ ကျိယွီရှောင် အလျင်မလိုသည့်အလျောက် သူက ကင်မရာမန်း ထွက်သွားသည်အထိ စောင့်နေ၏။
ထိုသူ ထွက်သွားသည့်အခါ လင်းလော့ချင်းက ကိုယ်ကိုကိုင်းလျှက် ကျိယွီရှောင်အား ပွေ့ချီကာ ဝှီးချဲပေါ်တင်လိုက်သည်။
ဝန်ထမ်းများက “တိရစ္ဆာန်ကမ္ဘာ” ကြည့်နေဆဲဖြစ်သော လင်းဖေးနှင့်ကျိလဲ့ယွီအား ဓာတ်ပုံရိုက်ရန်အတွက် အင်္ကျီလဲနိုင်ပြီဖြစ်ကြောင်း ပြောလိုက်၏။ သူတို့က နားကြပ်နှင့် တက်ဘလက်အားချကာ ဝန်ထမ်းများ၏ ဦးဆောင်မှုဖြင့် အဝတ်လဲခန်းသို့ ဝင်လိုက်ကြ၏။
လင်းဖေးက အနက်ရောင်ဝတ်စုံကို နှစ်သက်ပြီး ကျိလဲ့ယွီသည်လည်း အနက်ရောင်ဝတ်စုံအား နှစ်သက်သည်။ သူတို့နှစ်ဦးက အနက်ရောင်ဝတ်စုံနှင့် လည်သာဖိနပ်များကို ဝတ်ဆင်လိုက်ကြသည်။ နှစ်ဦးလုံး ခန့်ညားနေကြ၏။
လင်းလော့ချင်းက အဝတ်လဲပြီးနောက် ထွက်လာသည်။ သူက ကလေးနှစ်ဦးကို ကြည့်ကာ ရေရွတ်လိုက်၏။