အပိုင်း၃၃
Viewers 28k

Chapter 33

October 09, 2023


လင်းလော့ချင်းက အဝတ်လဲပြီးနောက် ထွက်လာသည်။ သူက ကလေးနှစ်ဦးကို ကြည့်ကာ ရေရွတ်လိုက်၏။


“ဝိုး … ဒီမင်းသားလေးတွေက ဘယ်ကလာတာပါလိမ့် … ”

လင်းဖေးက လင်းလော့ချင်း၏ အပြောအဆိုများနှင့်ကျင့်သားရနေပြီဖြစ်ရာ တည်တည်ငြိမ်ငြိမ်နှင့် ရှိနေသည်။ 


ကျိလဲ့ယွီကမူ ပျော်ရွှင်စွာ ရယ်လိုက်၏။ “ရှုရှုလည်း ကြည့်ကောင်းနေတယ် … မင်းသားကြီးနဲ့တူတယ် … ”

လင်းလော့ချင်းက သူ၏ ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်း ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ရှောင်ယွီက လိမ္မာလိုက်တာ ...”


ကျိလဲ့ယွီက ကျိယွီရှောင်ကို မတွေ့သဖြင့် မေးလိုက်သည်။ “ပါပါးရော … ”


“သူအဝတ်လဲခန်းမှာပဲ ရှိသေးတယ် … ”


လင်းလော့ချင်းက နောက်လှည့်ကြည့်လိုက်သည်။ ကျိယွီရှောင် ယခုထက်ထိ အဝတ်လဲခန်းမှ ထွက်မလာသေးချေ။ 


သူက အဝတ်လဲရာ၌ တစ်ဖက်လူအား ကူညီချင်ခဲ့သော်လည်း ကျိယွီရှောင်ကမူ ခွင့်မပြုခဲ့။

ယနေ့ထိတိုင် ကျိယွီရှောင်က လင်းလော့ချင်းအား ခန္ဓာကိုယ်အောက်ပိုင်းကို မြင်ခွင့်မပေးခဲ့ချေ။


သူက အလွန်အရှက်ကြီးလှ၏။


ကျိယွီရှောင် အဝတ်လဲခန်းမှ ထွက်လာသည်အထိ သူတို့သုံးဦး စောင့်နေခဲ့ကြသည်။ ကျိယွီရှောင်က အလွန်ဈေးကြီးပုံပေါ်သည့် နဂါးပုံဖော်ထားသော အနက်ရောင်ဝတ်စုံကို ဝတ်ထားသည်။ လင်းလော့ချင်းက သူတို့အားလုံး၏ ဝတ်စုံများကို ကြည့်ကာ ရယ်လိုက်သည်။ “အားလုံး အနက်ရောင်တွေချည်း ဝတ်ထားတာပဲ ...”


သူက ကျိယွီရှောင်ကို တွန်းလိုက်သည်။ ထိုစဉ် ကျိလဲ့ယွီက ရှေ့ထွက်လာ၏။ “ပါပါး … သား ကြည့်ကောင်းလား … ”


“အင်း … ကြည့်ကောင်းတယ် … ” ကျိယွီရှောင်က တွန့်ဆုတ်ခြင်းမရှိပဲ ဖြေလိုက်သည်။ “ရှောင်ယွီက ကြည့်လို့အကောင်းဆုံးပဲ … ”

ကျိလဲ့ယွီ အလွန်ပျော်ရွှင်သွား၏။ 


လင်းလော့ချင်းက လင်းဖေးကို ငုံ့ကြည့်လိုက်သည်။ “ဖေးဖေးလည်း အရမ်းကြည့်ကောင်းတယ် … ”


ကျိယွီရှောင်က အမြန်ထပ်ပြောလိုက်သည်။ “ဟုတ်တယ် … ဖေးဖေးလည်း အရမ်းကြည့်ကောင်းတယ်...”


လင်းဖေး “……”


သူတို့နှစ်ဦးက အလွန်ကြိုးစားနေကြောင်း လင်းဖေး အသိအမှတ်ပြုလိုက်၏။ သို့သော် ကျိလဲ့ယွီအား ချီးကျုးပြီး သူ့အား မချီးကျူးလျင်လဲ လင်းဖေး စိတ်ပျက်မိမည်မဟုတ်ပေ။ 


အားလုံးက ချစ်စဖွယ်ကောင်းပြီး လိမ္မာသော ကလေးများကို နှစ်သက်ကြသည်။ ကျိလဲ့ယွီက ထိုသို့သော ကလေးဖြစ်သော်လည်း သူကတော့ မဟုတ်ချေ။ 


သူ့မိခင် သက်ရှိထင်ရှားရှိစဉ်က အမြဲပြောလေ့ရှိသည်။ “ဘာလို့စကားမပြောတာလဲ … ဘာလို့ တခြားကလေးတွေနဲ့ မကစားတာလဲ … ဘာလို့တခြားလူတွေကို မနှုတ်ဆက်တာလဲ …”

“သားဒီလိုနေမယ်ဆိုရင် ဦးလေးနဲ့ အန်တီက သားကိုသဘောကျမှာ မဟုတ်ဘူး …” 


လင်းဖေးက သူ့မိခင်အား နားမလည်နိုင်ချေ။ သူက ထိုလူများကို မနှစ်သက်။ ထိုသို့ဆိုပါက သူတို့သူ့အား နှစ်သက်ရန် အဘယ့်ကြောင့် လိုအပ်မည်နည်း။ ထို့ကြောင့် သူက မိခင်ကိုပြန်ပြောလိုက်၏။ 


“သူတို့ သားကို သဘောကျစရာ မလိုပါဘူး … ”

သူ၏မိခင်က မျက်မှောင်ကြုတ်ကာ ပြန်ပြောလေ့ရှိ၏။ “မဟုတ်ဘူး … သားဒီလို လုပ်လို့မရဘူး … ယဉ်ယဉ်ကျေးကျေး စကားပြောရမယ် … နားလည်ရဲ့လား …”


လင်းဖေး နားမလည်ချေ။ 


သူက ရိုင်းစိုင်းနေသည်ဟု မခံစားရ။ သူ တစ်ယောက်ယောက်ကို တိုက်မိလျှင် တောင်းပန်လေ့ရှိပြီး ပစ္စည်းယူပေးသူများကိုလည်း ကျေးဇူးစကားပြောလေ့ရှိ၏။ သူက အခြားလူများနှင့် စကားမပြောချင်ရုံသာ။ သူက ဘာလို့မယဉ်ကျေးရမှာလဲ … 


သူက မိခင်အား အလေးအနက် ပြန်မေးလေ့ရှိသည်။

သို့သော် မိခင်ထံမှ အဖြေကောင်းကောင်း မရခဲ့ချေ။ သူမက သူ့အား အထီးကျန်စွာ မနေရန်နှင့် အခြားလူများနှင့် ကစားရန်ပြောလေ့ရှိသည်။ ထိုသို့ဆိုပါက သူက လိမ္မာသည့်ကလေးဖြစ်လာပြီး အခြားလူများ၏ နှစ်သက်ခြင်းကိုလည်း ခံရနိုင်သည်ဟု။ 


လင်းဖေးက သူ သူမအား ရှင်းမပြနိုင်သလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူထပ်မမေးတော့။ 


သူက သူငယ်တန်းမှ ပထမတန်းသို့ တက်လာချိန်တွင် အတန်းဖော်များ၊ ဆရာများနှင့် ဦးလေး၊ အန်တီများစွာအား ကြုံတွေ့ခဲ့ရသည်။ သူက လူကြီးများထံမှ နှစ်သက်ခြင်းမခံရကြောင်း ကောင်းစွာသိထားသည်။ သူတို့က ကျိလဲ့ယွီကဲ့သို့ ချစ်စဖွယ်ကလေးများကိုသာ ပိုမိုနှစ်သက်ကြ၏။ 


သူက ဂရုမစိုက်ပေ။ ထို့အပြင် ကျိလဲ့ယွီသည် သူတွေ့ဖူးသည့် ကလေးအားလုံးထက် ပို၍လိမ္မာသည်။


ကျိလဲ့ယွီအား လူကြီးများ သဘောကျသည်မှာ ပုံမှန်သာဖြစ်၏။ လင်းဖေး ထိုကိစ္စနှင့် ပတ်သတ်၍ ဘာမှမခံစားရချေ။ သို့သော် လင်းလော့ချင်းနှင့် ကျိယွီရှောင်က သူ၏ စိတ်အခြေအနေအား စိုးရိမ်သဖြင့် ထိုသို့ချီးကျူးလာခြင်းဖြစ်ရာ တစ်စုံတစ်ခုပြန်ပြောမှ သင့်တော်မည်ဟု လင်းဖေး နားလည်သည်။


“ရှုရှုကျိလည်း ကြည့်လို့ကောင်းပါတယ် … ”

လင်းလော့ချင်း “…”


“ဒါပဲလား … ရှုရှုကရော … ”


လင်းဖေး “……”


လင်းဖေး၏ မျက်ဝန်းများက ယပ်တောင်သဏ္ဍာန် ဇယားကဲ့သို့ ပြောင်းလဲသွား၏။ အကူအညီမဲ့မှု သုံးဆယ်ရာခိုင်နှုန်း၊ စိတ်ပျက်မှုနှင့် မေးခွန်းထုတ်ချင်မှု လေးဆယ်ရာခိုင်နှုန်း ပါဝင်နေသည့် ဇယားဖြစ်သည်။ 


ကောင်းတယ် … သူက ကျိလဲ့ယွီကိုချီးကျူးတဲ့အပေါ် ဘယ်လိုမှမနေပေမယ့် သူ့ရှုရှုကတော့ ကလေးတစ်ယောက်လို လုပ်နေပြန်ပြီ … 


“ရှုရှုလည်း ကြည့်လို့ကောင်းပါတယ် … ” လင်းဖေး၏အသံက အကူအညီမဲ့မှုနှင့် ပြည့်နှက်နေ၏။ 


ကလေး၏ မျက်ဝန်းတွင်းမှ ခံစားချက်များကို လင်းလော့ချင်းမြင်သော်လည်း သူက မရှက်ချေ။ ထိုအစား ဂုဏ်ပင်ယူမိ၏။


တွေ့လား … လင်းဖေး သူ့ကို အလိုလိုက်တဲ့နှုန်းက သုညကနေ နှစ်ဆယ်ရာခိုင်နှုန်း အခု လေးဆယ်ရာခိုင်နှုန်းအထိ တက်လာပြီ … မကြာခင် လင်းဖေး စိတ်ပါလက်ပါနဲ့ သူ့ကို ရှုရှုလို့ ခေါ်တော့မှာ… အောင်ပွဲက လက်တစ်ကမ်းမှာပဲ …. 


သူက ကိုယ်ကိုကိုင်းလိုက်ရင်း လင်းဖေးအား နမ်းလိုက်သည်။ လင်းဖေး၏ အမူအရာက ရှော့ခ်ရမှု၊ မနှစ်မြို့မှုများဖြင့် ပြည့်နှက်သွား၏။ 


ကျိလဲ့ယွီခေါင်းလေးစောင်းလိုက်သည်။ ထိုအမူအရာမဲ့သော ကလေးက သူ၏ရှုရှုနှင့်ဆိုလျှင် အမူအရာများစွာ ပြသလေ့ရှိ၏။


ဒါဆို လင်းဖေးက သူ့ကိုသဘောမကျလို့ သူနဲ့ကျ အေးစက်စက်နေတာလား … 


ဒါပေမယ့် သူ့ဦးလေးကိုလည်း ဒီလောက်သဘောကျပုံမပေါ်ပါဘူး … သူက လင်းလော့ချင်းကို ကပ်တောင်မကပ်ဘူးလေ … 


လင်းဖေးသည် ပို၍နားလည်ရခက်လာသလို ကျိလဲ့ယွီ ခံစားလိုက်ရသည်။ 


ကမ္ဘာပေါ်မှာ ဒီလောက်နားလည်ရခက်တဲ့ ကလေးရှိနေတယ်လား … ထူးဆန်းလိုက်တာ …(သူက တော်တော်ကြီးပြီဆိုတော့🤣)


သူတို့က ဝန်ထမ်းများခေါ်သွားသည့်အတိုင်း စတူဒီယိုအသစ်တစ်ခုတွင်းသို့ ဝင်လိုက်သည်။ အားလုံးထိုင်ပြီးသည်နှင့် ဓာတ်ပုံစတင်ရိုက်ကူးတော့၏။ 


ကင်မရာမန်းက မိသားစုဓာတ်ပုံ ရိုက်ကူးပြီးနောက် လင်းလော့ချင်းနှင့် ကျိယွီရှောင်အား သီးသန့်ရိုက်ကူး၏။ ထို့နောက် လင်းဖေးနှင့်ကျိလဲ့ယွီကို ထပ်မံရိုက်ကူးရန် အဆိုပြုလိုက်သည်။ 


လင်းဖေးက တည်ငြိမ်သော မျက်နှာနှင့်ရှိနေပြီး ကျိလဲ့ယွီကမူ ပြုံးလျှက်ရှိ၏။ ကင်မရာမန်းက စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးလိုက်မိသည်။ ကလေးနှစ်ဦး၏ အကျင့်စရိုက်က မိဘများထံမှ ဆင်းသက်လာခြင်းပင်။


 “အမူအကျင့်များ မျှဝေရန် လက်ထပ်ကြသည်” ဟူသော ဆိုရိုးအတိုင်းဖြစ်၏။ 


သူက ဓာတ်ပုံရိုက်ကူးပြီးနောက် လင်းလော့ချင်းနှင့် လင်းဖေးကို ကြည့်လိုက်သည်။ ကျိလဲ့ယွီက သူတို့နားသို့ ချဉ်းကပ်လာသည်။ လင်းလော့ချင်းက လင်းဖေးကို လှမ်းခေါ်လိုက်၏။ 


၎င်းက လင်းဖေး၏ ပထမဆုံး မိသားစုဓာတ်ပုံဖြစ်သည်။ သူနှင့်လင်းလော့ရှီးက မိသားစုဓာတ်ပုံ မရိုက်ခဲ့ရချေ။ သူ “အိမ်” ဟူသည့် ဝေါဟာရကို သင်ကြားရစဉ်က အခြားကလေးများနှင့်မတူပဲ သူ့တွင် အဖေမရှိသဖြင့် အံ့ဩခဲ့ရ၏။ ထို့ကြောင့် လင်းလော့ရှီးအား မေးခဲ့ဖူးသည်။


 “သားရဲ့ဖေဖေရော …” 

လင်းလော့ရှီးက ခဏတိတ်သွားပြီး ပြန်ဖြေ၏။ “သေသွားပြီ …” 


ထိုစဉ်က လင်းဖေးသည် သေခြင်းကို နားမလည်ချေ။ သူက သူမအား သံသယဖြင့် မေးလိုက်၏။ “သေပြီးသွားရင် သားတို့နဲ့တူတူရှိလို့မရဘူးလား …” 

လင်းလော့ရှီး ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် …” 


လင်းဖေး ဝမ်းနည်းမှုဖြင့် ခေါင်းငုံ့လိုက်၏။ လင်းလော့ရှီးက သူ့ကိုဖက်လိုက်သည်။ “ကိစ္စမရှိပါဘူး … သားမှာ မေမေရှိတယ်လေ …” 


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ လင်းလော့ရှီးက သူ့ကိုနမ်းလိုက်ပြီး သူမ အလုပ်ကိုသာ ဆက်လက် အာရုံစိုက်လိုက်၏။ သူတို့က မိသားစုနှစ်ဦးသာ ရှိသဖြင့် လင်းလော့ရှီးသည် မိသားစုဓာတ်ပုံရိုက်ရန် သတိမရခဲ့ချေ။ သူမအတွက် ဓာတ်ပုံတိုင်းသည် မိသားစုဓာတ်ပုံဖြစ်၏။ 

လင်းဖေးအတွက် မိသားစုဓာတ်ပုံ မရှိခဲ့ဖူးရာ ဤတစ်ကြိမ်၌ တရားဝင် မိသားစုဓာတ်ပုံ ရရှိခဲ့ခြင်းဖြစ်သည်။ 


လင်းလော့ချင်းက သူ့ကိုဖက်ရင်း ပြုံးလိုက်သည်။ “ကြည့်လို့ကောင်းတယ် မဟုတ်လား … မင်းနဲ့ရှောင်ယွီက အရမ်းခန့်ညားတာပဲ …”

ကျိလဲ့ယွီ လှပစွာပြုံးနေသည်ကို လင်းဖေး သတိပြုမိလိုက်သည်။ ကျိယွီရှောင်၏ နှုတ်ခမ်းထောင့်များသည်လည်း မြင့်တက်နေ၏။ လင်းလော့ချင်းသည်လည်း ထို့အတူပင်။ သူကမူ ပြုံးလေ့မရှိသဖြင့် မျက်ဝန်းထောင့်များသာ ကွေးညွှတ်နေသည်။ 


ကင်မရာမန်းက လက်ထပ်မှတ်ပုံတင် ဓာတ်ပုံအား ရိုက်ကူးပေးခဲ့သူဖြစ်ရာ ထပ်မံ၍ ပြုံးရန် မတိုက်တွန်းတော့။ သူက “ပြုံးလေ … အိုး … သဘာဝကျကျပဲနေတော့ …” ဟူ၍သာ ပြောခဲ့သည်။ 


လင်းဖေး၏ သဘာဝအကျဆုံး အမူအရာမှာ တည်ငြိမ်နေခြင်းဖြစ်သည်။ သူက ကင်မရာအား တည်တည်ငြိမ်ငြိမ်သာ စိုက်ကြည့်နေ၏။ 


လက်ရှိတွင် ဓာတ်ပုံထဲ၌ ပြုံးမနေသူမှာ သူသာရှိ၏။


လင်းဖေး ရုတ်တရက် သူ့ကိုယ်သူ မနှစ်မြို့သလို ခံစားလိုက်ရ၏။ သူက ပြုံးနေခဲ့သင့်သည်။ 


အားလုံးက အရောင်တူသည့် ဝတ်စုံအား ဝတ်ဆင်ထားသော်လည်း သူတစ်ယောက်ထဲသာ ပြုံးမနေခဲ့ခြင်းဖြစ်သည်။ ကျန်သုံးဦးက တူညီစွာပြုံးနေပြီး သူက ကွဲပြားနေ၏။


သူက ကင်မရာထဲရှိ သူ့ကိုယ်သူကြည့်ရင်း ဘာမှမပြောချေ။ 


လင်းလော့ချင်း သူ့ကိုမေးလိုက်၏။ “မင်းကြိုက်လား …” 


လင်းဖေးက ပြန်မဖြေချေ။ 


လင်းလော့ချင်း သံသယမကင်းစွာ မေးလိုက်သည်။ “မင်း မကြိုက်ဘူးလား …” 


လင်းဖေးက သူ့ကိုမော့ကြည့်၏။ “ရှုရှု ဒီပုံကိုကြိုက်လား …” 


လင်းဖေးက ကြည်လင်တောက်ပသော မျက်ဝန်းများဖြင့် သူ့ကိုမော့ကြည့်သည်။ သူ၏ ရှည်လျားသော မျက်တောင်များက ရေတံခွန်သဖွယ်ဖြစ်နေ၏။ ထိုမျက်ဝန်းများတွင် မသိသာသည့် စိတ်ဓာတ်ကျမှုအချို့ ပျော်ဝင်လျှက်ရှိသည်။ 


၎င်းက ဝမ်းနည်းနေခြင်း မဟုတ်ပေ။ မကျေမနပ်ဖြစ်နေခြင်းသာ ဖြစ်၏။ 

ထိုခံစားချက်က လင်းဖေး၏ မျက်ဝန်းများထဲတွင် သိမ်မွေ့စွာ ပုန်းအောင်းနေသည်။ 

သို့သော် လင်းလော့ချင်းက လင်းဖေးထိုပုံကို မကြိုက်ကြောင်း သိလိုက်၏။ 


လင်းဖေး အဘယ်ကြောင့် ထိုသို့ဖြစ်ရမှန်း လင်းလော့ချင်းနားမလည်ချေ။ သူက ဓာတ်ပုံကို ထပ်ကြည့်လိုက်သည်။ သို့သော် ပြစ်ချက်ရှာမရဖြစ်နေ၏။ လင်းဖေးသည် ဓာတ်ပုံစားသော ကလေးဖြစ်သည်။ ကင်မရာထဲတွင် သူ၏ အရိပ်က ပိုမိုထင်ရှားနေ၏။ သူက အလွန်ခန့်ညားနေပြီး ဓာတ်ပုံရိုက်ခံနေရခြင်းနှင့်ပင် မတူပဲ ပန်းချီဆွဲထားသကဲ့သို့ ရှိနေသည်။ .


သူ ဘာလို့မကြိုက်တာပါလိမ့် … 


“ရှုရှုလည်း သိပ်ကြည့်မကောင်းသလိုပဲ …နောက်ထပ် ဓာတ်ပုံနည်းနည်းလောက် ထပ်ရိုက်ကြမလား … ” လင်းလော့ချင်း ပြောလိုက်သည်။


သူက ဘာ့ကြောင့်မှန်း နားမလည်သော်လည်း ၎င်းမှာ မိသားစုဓာတ်ပုံ ဖြစ်သည့်အလျောက် လင်းဖေး စိတ်တိုင်းကျသည်အထိ ရိုက်ရန် ပြဿနာမရှိပေ။ 


လင်းဖေး၏ မျက်ဝန်းများ လင်းလက်သွားသည်။ တိတ်ဆိတ်နေသည့် ပင်လယ်က လှိုင်းထန်သွားသကဲ့သို့ပင်။ 


သူက ခေါင်းညှိတ်လိုက်သည်။ 


ကျိယွီရှောင်ကလည်း မကန့်ကွက်သလို ကျိလဲ့ယွီသည်လည်း ကျိယွီရှောင်နှင့် ဓာတ်ပုံထပ်ရိုက်ချင်နေ၏။ 


သူတို့က ပြန်ထိုင်လိုက်သည်။ ဤတစ်ကြိမ်၌ ဓာတ်ပုံဆရာက ပြုံးရန်ပြောချိန်တွင် လင်းဖေး ပြုံးလိုက်၏။


သူက ညှင်သာစွာ ပြုံးလိုက်ပြီး မျက်ခုံးများကို ဖြေလျော့လိုက်သည်။ ကြည်လင်သောရေက သူ့အား လွှမ်းခြုံသွားသကဲ့သို့ ရှိ၏။ 


လင်းလော့ချင်း ဓာတ်ပုံအသစ်ကို စစ်ဆေးကြည့်ချိန်တွင် လင်းဖေး၏ ပြောင်းလဲမှုအား တွေ့လိုက်ရသည်။ 


လင်းဖေးက မပြုံးမိသဖြင့် မကျေမနပ်ဖြစ်နေခြင်းဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဤတစ်ကြိမ်၌ သူက တကယ်ပြုံးခဲ့၏။ 


အဆုံးသတ်တွင် လင်းဖေးက ကလေးသာဖြစ်သည်။ သူက မည်မျှရင့်ကျက်ပုံပေါ်သည်ဖြစ်စေ အတွင်းစိတ်မှာ နူးညံ့နေဆဲပင်။ ထို့ကြောင့် ဤကဲ့သို့ကိစ္စအတွက် သူ့ကိုယ်သူ မကျေနပ်ခြင်းဖြစ်သည်။ 


လင်းလော့ချင်းက ထိုအချက်ကို ထောက်မပြပဲ လင်းဖေးအား ကြည့်ကာ မေးလိုက်၏။ 


“ရှောင်ယွီနဲ့ရော ဓာတ်ပုံထပ်ရိုက်ချင်သေးလား …” 


လင်းဖေး ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း …. ”


ပုံထဲတွင် သူနှင့်ကျိလဲ့ယွီသာ ရှိရာ သူပြုံးခြင်းမပြုံးခြင်းက မသိသာချေ။ 


“ကောင်းပြီလေ … ” လင်းလော့ချင်းပြန်ဖြေလိုက်၏။ 


သူက လင်းဖေး၏ မျက်နှာအား ညှစ်လိုက်သော်လည်း လင်းဖေး ဤတစ်ကြိမ်၌ စိတ်ပျက်သည့် အမူအရာမပြခဲ့။ သူ စိတ်ကောင်းဝင်နေပုံရ၏။ 


“သွားရအောင် …” လင်းလော့ချင်း သူ့ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ရှုရှုတို့ အဝတ်လဲပြီးရင် အိမ်ပြန်ကြမယ် …” 


သူတို့က အဝတ်လဲပြီးနောက် ဓာတ်ပုံစတူဒီယို အပြင်ဘက်တွင် သွားရည်စာအချို့ စားသောက်ကြသည်။ ထို့နောက် အိမ်သို့ ပြန်လာခဲ့၏။


ထိုစဉ် ကျိမူက အိမ်ပြန်ရောက်နေပြီဖြစ်သည်။ 


ကျိဟွေ့က သူမ၏ အစ်ကိုဖြစ်သူအား တွေ့လိုက်သည်နှင့် သူ့ထံလျှောက်သွားလိုက်သည်။ “ညီမလေး ဒီနေ့ ဝမ်းကွဲအစ်ကိုကို တွေ့ခဲ့တယ် …”


“အဲဒီ့တော့ …” ကျိမူက များစွာတွေးခြင်းမရှိချေ။ “ခြေထောက်က ဘာဖြစ်တာလဲ …” 


“မပြောပါနဲ့တော့ … ညီမလေး ချော်လဲသွားပြီး ခြေကျင်းဝတ်လည်သွားတာ ….” ကျိဟွေ့က အလိုမကျစွာ ပြောလိုက်၏။ 


“နောက်တစ်ခါ ပိုပြီးဂရုစိုက်သင့်တယ် …” 


“ဟုတ်ကဲ့ …ဒါနဲ့ ဝမ်းကွဲက တကယ်ကြီး လက်ထပ်တော့မှာ … ညီမလေး ဟိုနေ့ကပြောတဲ့ သရုပ်ဆောင်နဲ့လေ …” 


“ဘာပြောတယ် …” ကျိမူက စိတ်ဝင်စားသွား၏။ 


“အဲဒါအမှန်ပဲ …” ကျိဟွေ့ကပြန်ဖြေလိုက်သည်။ “ဒီနေ့ ညီမလေးသွားတော့ သူတို့က လက်ထပ်မှတ်ပုံတင် ဓာတ်ပုံတောင် ရိုက်နေကြပြီ … သူတို့ မနက်ဖြန် လက်ထပ်မှတ်ပုံတင်မှာတဲ့ …” 


ကျိမူ၏ မျက်ဝန်းများ မှောင်မိုက်သွား၏။ “သူက တကယ်ပဲ အဲဒီ့သရုပ်ဆောင်ကို လက်ထပ်မှာပေါ့ …” 


“ဟုတ်တယ် …” ကျိဟွေ့က အဆက်မပြတ် ခေါင်းညှိတ်လိုက်သည်။ 


“ကိုကို …. ညီမလေးအထင် သူက တကယ်ပဲ ပျက်စီးနေပြီပဲ … ကုမ္မဏီကို မသွားတဲ့အပြင် သရုပ်ဆောင်ကို လက်ထပ်ဖို့ပါ တွေးနေသေးတယ် … ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ့လူက သူ့ပိုက်ဆံကို မက်လို့ လက်ထပ်မှန်း အသိသာကြီးပဲလေ … သူက လက်မထပ်ခင် ရှင်းရီနဲ့တောင် လက်မှတ်ထိုးခဲ့သေးတယ် …” 

ကျိမူ ရယ်လိုက်သည်။ “သူတကယ်ပဲ ကုမ္မဏီကို စိတ်မဝင်စားဘူးဆိုရင် ရှင်းရီကို သူ့ပေးရလည်း ပြဿနာ မရှိပါဘူး …” 


“မဖြစ်နိုင်တာ …” ကျိဟွေ့က ကျိယွီရှောင် မျက်လုံးများထဲရှိ မောက်မာမှုနှင့် လင်းလော့ချင်း တောင်းဆိုသည့် ပိုက်ဆံအကြောင်း တွေးလိုက်မိသဖြင့် မကျေမနပ်ဖြစ်သွားရသည်။ 

သူမက ဒီလိုဖြစ်ခွင့်မပေးနိုင်ပါဘူး … ဒီအတိုင်းဆို လင်းလော့ချင်းက ရှင်းရီဆီ ဝင်လာတော့မှာပဲ … 


ထားပါတော့ … အခု အရေးကြီးတာက … 

ကျိဟွေ့ အစ်ကိုဖြစ်သူထံ ချဉ်းကပ်ကာ ညှင်သာစွာ ပြောလိုက်သည်။ 


“ကိုကို … အခု အကြီးဆုံးအစ်ကိုက ဆုံးသွားပြီး ကျိယွီရှောင်က ဒီလို အခြေအနေဖြစ်နေပြီ … အထွေထွေ မန်နေဂျာ ဖြစ်လာဖို့ ကိုကိုက အသင့်တော်ဆုံးမဟုတ်လား …” 


သူမက ထပ်ပြောလိုက်သည်။ “အထွေထွေမန်နေဂျာရဲ့ နေရာက နှစ်လတောင် လစ်လပ်နေတာ … ဒီအတိုင်းထားလို့ မရဘူးလေ … ကျိယွီရှောင် လက်ထပ်ပြီး နှစ်ရက်လောက်နေရင် ညီမလေးတို့ ဦးလေးဆီကို ဒီအကြောင်း သွားပြောရအောင် … သူ့သားနှစ်ယောက်မှာ တစ်ယောက်က ဆုံးသွားပြီး နောက်တစ်ယောက်က ကုမ္မဏီကို စိတ်မဝင်စားဖြစ်နေတာ … သူ တခြားတစ်ယောက်ကို အထွေထွေမန်နေဂျာ မခန့်လောက်ဘူးမလား …” 


ကျိမူက သူမစကားများကို သဘောတူ၏။ ထို့အပြင် ကျိအုပ်စုတွင် သူက နှစ်နှင့်ချီ၍ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူ၏ စွမ်းဆောင်ရည်က ကျိယွီရှောင်နှင့် ကျိယွီလင်တို့ထက် မနိမ့်ကျချေ။ သူက ကျိကျန်းဟုန်၏ သားဖြစ်မနေခြင်းသာ ရှိ၏။ ယခု ကျိယွီလင်က သေဆုံးသွားပြီး ကျိယွီရှောင်က ကုမ္မဏီအား စိတ်မဝင်စားသဖြင့် သူ့အလှည့်ရောက်လေပြီ။ 


“အဖေ ပြန်လာတာနဲ့ ကိုကို ဒီကိစ္စသူ့ဆီပြောလိုက်ပါ့မယ် …” 


“ကောင်းတယ် …” ကျိဟွေ့ခေါင်းညှိတ်လိုက်၏။ “ကိုကိုသာ အထွေထွေ မန်နေဂျာဖြစ်လာရင် အစ်ကိုကြီးရဲ့ အက်စီးဒန့်က ကောင်းတဲ့ကိစ္စပဲ …” 


‘ဒါပေါ့’ ကျိမူ ထိုသို့တွေးလိုက်သည်။ ထိုလူက မမျှော်လင့်ပဲ သေဆုံးသွားကာ ကျိယွီရှောင်က ဒဏ်ရာရသွား၏။ ၎င်းက သူ့အတွက် သတင်းကောင်းများပင်။ ကျိယွီလင် အဆိုပါရာထူးနေရာအား မောင်ပိုင်စီးထား၍ မဟုတ်ပါက ကျိမူ အင်အားကြီးလာသည်မှာ အချိန်အတော်ကြာကတည်းက ဖြစ်ပေလိမ့်မည်။ သူက ဘယ်လိုလုပ် ဒါရီုက်တာပဲ ဖြစ်နေမှာတုန်း … 


“သနားစရာပဲ …” ကျိဟွေ့ သက်ပြင်းချလိုက်သည်။




 “ထားပါတော့ … ဒါက ညီမလေးတို့နဲ့မှ မဆိုင်တာ … ကျိယွီရှောင် လွယ်လွယ်လက်လျှော့တာကို စောင့်ဖို့ပဲရှိတော့တယ် …”